ကြေးခွံနက်မြွေများကို ဆေးလုံးအဖြစ် သန့်စင်ခြင်း
Vol. 29 Ch. 399
နံပတ်ငါးမြွေသည် ကောင်းကင်တုန်ခါဆေးအိုး၏အလျင်နှင့် မယှဥ်နိုင်သောကြောင့် ဘုန်းခနဲမြည်သံနှင့်အတူ ၎င်းက မြွေကြီး၏ကျောပြင်ကို ပြင်းထန်စွာ ထိမှန်သွားခဲ့သည်။ သူ၏ကျောပေါ်တွင် မီးလောင်ဒဏ်ရာကြီးတစ်ခု ဖြစ်ပေါ်လာပြီး သွေးများ အန်ချလိုက်ရသည်။
"ကြယ်ခန်းမ ကြေးခွံနက်မြွေမျိုးနွယ်က မင်းကို လုံးဝခွင့်မလွှတ်ဘူး"
မြွေကြီးက ဒေါသတကြီးအော်ဟစ်ဆဲဆို၍ မြောက်ဘက်သို့ အလင်းတန်းတစ်ခုကဲ့သို့ ပျံသန်းထွက်ပြေးသွားခဲ့သည်။
"ကြယ်ခန်းမကို ခွင့်မလွှတ်ဘူး ဟုတ်လား။ မင်း အသက်ရှင်ရက်လွတ်မြောက်နိုင်မှ ဆက်ပြောကြတာပေါ့"
ယဲ့ချန်က အေးစက်စက်ရေရွတ်လိုက်ပြီး ဆေးအိုးကိုထိန်းချုပ်ကာ လိုက်ပါသွားစေခဲ့သည်။ ကြေးခွံနက်မြွေမျိုးနွယ်ဝင်ငါးယောက်ကို လွှတ်ပေးလိုက်လျှင် သူတို့၏ရက်စက်ရိုင်းစိုင်းသော စရိုက်အရ သေချာပေါက်လက်စားချေမည်ဖြစ်သည်။ သူတို့ကိုပြန်လွှတ်ခြင်းက မြွေကို သားရဲတွင်းသို့ပြန်လွှတ်ခြင်းနှင့် တူညီပေသည်။ ဆေးအိုးက မြွေကြီးကိုလိုက်မီသွားကာ ဆေးအိုးအဝတွင် စုပ်ဝဲကြီးတစ်ခုထွက်ပေါ်လာ၍ မြွေကြီးလည်းမလွတ်မြောက်နိုင်ဘဲ စုပ်ယူခံလိုက်ရသည်။ ဆေးအိုး၏ပတ်လည်တွင် မီးတောက်များထွက်ပေါ်လာကာ မြွေကြီး၏အော်သံ ထွက်ပေါ်လာခဲ့သည်။
"ငါ့ကိုထုတ်ပေးစမ်း။ မဟုတ်ရင် ကြေးခွံနက်မျိုးနွယ်က မင်းကို ခွင့်မလွှတ်ဘူး"
ဝိညာဥ်မီး၏လောင်ကျွမ်းမှုအောက်တွင် နံပတ်ငါးမြွေက နာကျင်လွန်းသဖြင့် ရူးသွပ်လုနီးပါးဖြစ်နေခဲ့သည်။ သို့သော်လည်း သူက အသက်အတွက် ယဲ့ချန်ကိုတောင်းပန်ရမည့်အစား အဓိပ္ပါယ်မရှိသော ခြိမ်းခြောက်စကားများကို တသွင်သွင်အော်ဟစ်နေခဲ့သည်။
"မောက်မာလှချည်လား။ ကြယ်ခန်းမကို ဖျက်ဆီးချင်နေရင် သေလိုက်စမ်း"
ကြေးခွံနက်မြွေမျိုးနွယ်ဝင်များက မောက်မာလွန်းသောကြောင့် ယဲ့ချန်ပင် ဒေါသထွက်လာခဲ့သည်။ သူ၏အတွေးတစ်ချက်တွင် ဝိညာဥ်မီးတောက်များက ပိုမိုလောင်ကျွမ်းလာကာ နံပတ်ငါးမြွေ၏အော်သံများ ပိုမိုကျယ်လောင်လာခဲ့သည်။ သူက ဆေးအိုးကို အတွင်းမှ တဘုန်းဘုန်းရိုက်နှက်နေသော်လည်း ရှေးဟောင်းနတ်ရတနာက ဤမျှလွယ်လွယ်နှင့် မပျက်စီးနိုင်ပေ။
ကျန်ရန်သူလေးယောက်သည် ကောင်းကင်တုန်ခါဆေးအိုးကို ကြောက်သောကြောင့် မျက်နှာများ ဖြူဖပ်ဖြူရော်ဖြစ်ကုန်သည်။ နံပတ်ငါးကို အလွယ်တကူစုပ်ယူသွားသော ဆေးအိုးကို သူတို့က မသိပေ။ ကြေးခွံနက်မြွေမျိုးနွယ်သည် နှစ်ပေါင်းများစွာ သီးသန့်နေထိုင်ခဲ့၍ ဝိညာဥ်သားရဲလှိုင်းကြောင့်သာမဟုတ်လျှင် အပြင်လောကသို့ ထွက်လာမည်မဟုတ်ပေ။ ထို့ကြောင့် သူတို့ထံတွင် လက်ရှိလောက၏ သတင်းအချက်အလက်များ ပြတ်လပ်နေကာ ကောင်းကင်တုန်ခါဆေးအိုးအကြောင်း လုံးဝမသိပေ။
မြွေသုံးကောင်က နံပတ်ငါး၏အော်သံကြောင့် စိတ်ရှုပ်သွားစဥ် တစ်ယောက်က နန်ရှင်းတစ်၏လက်ချက်ဖြင့် အပြင်းအထန်ဒဏ်ရာရသွားပြန်သည်။ ကျန်မြွေနှစ်ကောင်ကို ထွက်မပြေးနိုင်စေရန် ရှောင်ရိနှင့်နေလင်းယုန်က ကိုယ်စီပိတ်ဆို့ထားလိုက်ကြသည်။
"စုပ်ယူစမ်း"
ဝိညာဥ်သစ်ပင်အောက်တွင် ထိုင်နေသော ယဲ့ချန်သည် သူ၏ညာလက်ကိုယမ်းလိုက်သောအခါ ဆေးအိုးက အပြင်းအထန်ဒဏ်ရာရနေသော နံပတ်သုံးမြွေထံ တိုးဝင်သွားသည်။ သူသည် လေနတ်ဆိုးဆေဘာကြောင့် ဝိညာဥ်ထိခိုက်သွားသောကြောင့် ဆေးအိုးဝင်ရောက်လာသည်ကိုမြင်လျှင် ပြန်မတိုက်ခိုက်ရဲဘဲ ထွက်ပြေးရန် ကြိုးစားလိုက်သည်။
"ထွက်ပြေးချင်တာလား။ ဒီလောက်မလွယ်ဘူး"
ယဲ့ချန်၏အတွေးတစ်ချက်တွင် ဆေးအိုးအဝ၌ စုပ်ဝဲတစ်ခုဖြစ်ပေါ်လာကာ နံပတ်သုံးမြွေကို ဝါးမျိုသွားခဲ့သည်။ သူက အချိန်မီထွက်ပြေးနိုင်ခြင်းမရှိပေ။ လေထဲတွင် ဆန်းကျယ်သောရုန်းများခြံရံ၍ အနက်ရောင်မီးများ တောက်လောင်နေသော မီတာဒါဇင်မြင့်သည့် ကီလိုဂရမ်ငါးထောင်ကျော်လေးသော ဆေးအိုးကြီးက ဝံ့ကြွားစွာတည်ရှိနေသည်။
ကျန်မြွေသုံးကောင်သည် ဤမြင်ကွင်းကြောင့် တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီး မျက်စိမျက်နှာပျက်နေကြသည်။ ဆေးအိုးက အလွန်ကြောက်မက်ဖွယ်ကောင်းပြီး နံပတ်သုံးနှင့်နံပတ်ငါးကို အလွယ်တကူစုပ်ယူသွားခဲ့သည်။ ဆေးအိုးအတွင်းမှ အသည်းခိုက်မတတ် နာကျင်သောအော်သံကြီးများ ထွက်ပေါ်နေသဖြင့် ကြားရသူအပေါင်းကို လိပ်ပြာလွင့်မတတ် ကြောက်လန့်စေသည်။
ရှောင်ရိ၊ နန်ရှင်းတစ်နှင့် နေလင်းယုန်၏ပူးပေါင်းတိုက်ခိုက်မှုကြောင့် အပြင်းအထန်ဒဏ်ရာရနေပြီဖြစ်သော ကြေးခွံနက်မြွေသုံးကောင်မှာလည်း ထိတ်လန့်နေခဲ့သည်။ အတိတ်တွင် သူတို့ကို ခြင်္သေ့နန်းတော်နှင့် ဝံပုလွေတိုင်းပြည်မှပင် ကြောက်လန့်ရသော်လည်း ယနေ့၌ ကြယ်ခန်းမက အနိုင်ယူခဲ့သည်။
"ဘုန်း"
"မင်းတို့က ကြေးခွံနက်မြွေမျိုးနွယ်ကို စော်ကားခဲ့တယ်။ ဘိုးဘေးထွက်လာတဲ့နေ့ကျရင် မင်းတို့အားလုံး သေရမယ်"
ခေါင်းဆောင်ဖြစ်သူမှာ နန်ရှင်းတစ်၏ ဆေဘာဓားချက်ခံလိုက်ရသောကြောင့် တစ်ကိုယ်လုံး သွေးချင်းချင်းနီသွားခဲ့သည်။ သူ၏တြိဂံမျက်လုံးများတွင် ဒေါသမီး ဝင်းဝင်းတောက်နေခဲ့သည်။
"မင်းတို့ရဲ့ဘိုးဘေးကို ငါ ဂရုမစိုက်ဘူး။ မင်းကို အရင်ဆုံးသတ်မယ်"
နန်ရှင်းတစ်သည် ခွန်အားကုန်ထုတ်၍ ဆေဘာကိုမြှောက်ကာ ရန်သူထံ ခုန်ဝင်သွားခဲ့သည်။
"နန်ရှင်း ဒီကောင်တွေကို မသတ်နဲ့ဦး။ ဆေးအိုးထဲက မြွေနှစ်ကောင်ဆေးလုံးဖြစ်သွားရင် ဒီကောင်တွေအလှည့်ပေါ့ကွာ"
ယဲ့ချန်က တားမြစ်လိုက်ခြင်းဖြစ်သည်။ သူ၏စကားကိုကြားသောအခါ မြွေသုံးကောင်၏မျက်နှာက သွေးဆုတ်ဖြူရော်သွားကြသည်။ ကြေးခွံနက်မြွေမျိုးနွယ်သည် မရေမတွက်နိုင်သောလူသားများကို စားသောက်ခဲ့၍ သူတို့၏ပိုင်နက်တွင် လူအရိုးများ တောင်လိုပုံနေသည်။ ယနေ့တွင်မူ သူတို့ကို လူသားတစ်ယောက်က ဆေးလုံးအဖြစ်သန့်စင်နေခဲ့ပြီး ဝဋ်လည်ခြင်းဖြစ်သည်။
"မင်း....မင်း တော်တော်လွန်လာပါလား"
နံပတ်လေးနှင့် နံပတ်နှစ်မြွေများကလည်း ဒေါသမီးတောက်နေကြသည်။ သူတို့ကို တစ်ဖက်လူက ဆက်တိုက်အရှက်ခွဲနေသဖြင့် ပြေးထွက်ကာတိုက်ခိုက်ချင်သော်လည်း နန်ရှင်းတစ်ကို မယှဥ်နိုင်ပေ။ သူတို့က အပြင်းအထန်ဒဏ်ရာရထားသည့်အပြင် ကြယ်ခန်းမ၏ နတ်ဘုရင်နှစ်ယောက်နှင့် အဆုံးမဲ့ကျင့်ကြံသူက ဝိုင်းရံထားသောကြောင့် ထွက်ပြေးရန်လည်း မဖြစ်နိုင်ချေ။
တစ်နာရီအကြာတွင် ယဲ့ချန်၏ဝိညာဥ်အသိစိတ်သည် ဆေးအိုးအတွင်း၌ ကြေးခွံနက်မြွေနှစ်ကောင်က အညိုရောင်ဆေးလုံးနှစ်လုံးအဖြစ် ပြောင်းလဲသွားကြောင်း အာရုံခံလိုက်သည်။ မြွေသားကင်နံ့နှင့်အတူ ထူးဆန်းသောဆေးရနံ့တစ်ခုသည် ပတ်ဝန်းကျင်သို့ ပြန့်ထွက်လာ၏။ ယဲ့ချန်၏အတွေးတစ်ချက်နှင့် ဆေးလုံးနှစ်လုံးသည် ဆေးအိုးအတွင်းမှထွက်ကာ ယဲ့တောင်ကြားထံ ပျံသန်းသွားကြသည်။ ကျန်မြွေသုံးကောင်က ဤမြင်ကွင်းကြောင့် တုန်လှုပ်သွားကာ သူတို့၏ညီအစ်ကိုနှစ်ယောက်မှာ ဆေးလုံးအဖြစ် သန့်စင်ခံလိုက်ရကြောင်း နားလည်သွားကြသည်။
"စုပ်ယူစမ်း"
ထို့နောက် ကောင်းကင်တုန်ခါဆေးအိုးသည် ကျန်ကြေးခွံနက်မြွေသုံးကောင်ထံ ဆက်လက်တိုးဝင်လာခဲ့သည်။
"ခွေးကောင်တွေ။ ဘိုးဘေးက မင်းတို့ကို သေချာပေါက် အလွတ်ပေးမှာမဟုတ်ဘူး"
ကြေးခွံနက်မြွေသုံးကောင်က ကျိန်ဆဲလိုက်ကြပြီး အဆိပ်ငွေ့များထုတ်လွှတ်ကာ ထွက်ပြေးချင်သော်လည်း ရှောင်ရိနှင့်နေလင်းယုန်၏ လမ်းပိတ်ခြင်းကို ခံလိုက်ရသည်။
"ဝှစ် ဝှစ် ဝှစ်"
မြွေသုံးကောင်က ဆေးအိုးအတွင်း ချက်ချင်းစုပ်ယူခံလိုက်ရသည်။ ထို့နောက် ၎င်းက မီးတောက်များခြံရံ၍ ယဲ့တောင်ကြားထံ ပျံသန်းသွားသည်။
ကြယ်ခန်းမ၏တပည့်များနှင့် သာမန်ပြည်သူများက ဤမြင်ကွင်းကြောင့် ပါးစပ်အဟောင်းသားဖြစ်နေကြသည်။ ကောင်းကင်သားရဲ နတ်ဘုရင်ငါးယောက်က မောက်မာစွာဖြင့်ရောက်ရှိလာကာ မြို့ကြီးများကိုသတ်ဖြတ်ပစ်မည်ဟု ကြွေးကျော်ခဲ့ကြသည်။ သို့သော်လည်း သူတို့က ခန်းမသခင်၏ ကောင်းကင်တုန်ခါဆေးအိုးကြောင့် ခဏအတွင်း သတ်ဖြတ်ခံလိုက်ရသည်။ ထို့ကြောင့် ခန်းမသခင်၏စွမ်းအားက သူတို့၏စိတ်ကို အလွန်လှုပ်ရှားစေခဲ့ပြီး အချိန်အတန်ကြာသည်အထိ မတည်ငြိမ်နိုင်ခဲ့ကြပေ။
"ခန်းမသခင်က အလွန်အစွမ်းထက်တယ်"
ကြယ်ခန်းမတပည့်များသည် အဝေးရှိ ကောင်းကင်တုန်ခါဆေးအိုးကိုကြည့်ကာ အသံကုန်အော်ဟစ်လိုက်ကြသည်။ ယဲ့ချန်က လူကိုယ်တိုင်ထွက်ပေါ်လာခြင်းမရှိသော်လည်း ကောင်းကင်သားရဲနတ်ဘုရင်ငါးယောက်ကို အနိုင်ယူနိုင်ခဲ့သည်။
ကြယ်ခန်းမ၏ ပထမဆုံးအဖွဲ့ဝင်များဖြစ်သော နင်ချင်းယွင်တို့လူစုဖြစ်စေ နောက်မှဝင်ရောက်လာသော ဂိုဏ်းသားများဖြစ်စေ လူတိုင်းက ယဲ့ချန်ကို အတောမသတ်နိုင်အောင် လေးစားလာကြသည်။ ယဲ့ချန်နောက်သို့ အသက်ထက်ဆုံးလိုက်ပါမည့် ဆုံးဖြတ်ချက်များလည်း ပို၍ခိုင်မာလာခဲ့သည်။ တစ်နေ့တွင် ယဲ့ချန်၏ဦးဆောင်မှုဖြင့် ကြယ်ခန်းမသည် မဟာအရှေ့ပိုင်းတိုက်ကြီး၏ထိပ်ဆုံးသို့ ရောက်လာပြီး အစွမ်းထက်အင်အားတစ်ခု သေချာပေါက်ဖြစ်လာပေလိမ့်မည်။
ယဲ့မျိုးနွယ်ဝင်များသည်လည်း တိုက်ပွဲကို မြင်လိုက်ရသောကြောင့် ကြေးခွံနက်မြွေများ တစ်ကောင်ပြီးတစ်ကောင် ရှုံးနိမ့်သွားသောအခါ လက်သီးလက်မောင်းတန်း၍ ပျော်ရွှင်နေကြသည်။ ယဲ့ချန်သည် သွေးကြောများပျက်စီးနေသော အချိန်မှစတင်၍ လက်ရှိအဆင့်အထိ လျှောက်လှမ်းခဲ့သောခရီးကို သူတို့ကိုယ်တိုင် မျက်မြင်တွေ့ခဲ့ရသည်။ သူက လက်ရှိတွင် အစွမ်းထက်ကျင့်ကြံသူတစ်ယောက်ဖြစ်လာကာ ပို၍ပို၍သန်မာလာခဲ့သည်။
"ချန်အာရဲ့ကျင့်ကြံဆင့်က ငါတို့မတွေးနိုင်လောက်တဲ့ အမြင့်ကို ရောက်နေပြီ။ အနာဂတ်မှာ သူ ဘယ်လောက်အစွမ်းထက်မယ်ဆိုတာကို ငါ မတွေးနိုင်တော့ဘူး"
ယဲ့ချန်ရွှမ်းက အံ့သြစွာ ချီးကျူးလိုက်သည်။
"ယဲ့မျိုးနွယ်ရဲ့အောင်ပွဲတွေကို ငါ့သားက ယူဆောင်ပေးနိုင်တော့မယ်"
ယဲ့ကျန့်တန်းက ခပ်တိုးတိုးပြော၍ အော်ဟစ်ရယ်မောလိုက်သည်။ သူက အလွန်ပျော်ရွှင်နေသောကြောင့် ရှိရင်းစွဲအသက်ထက်ပင် ပို၍ငယ်ရွယ်သွားပုံပေါ်သည်။
တစ်နာရီအကြာတွင် ကောင်းကင်တုန်ခါဆေးအိုးသည် ကြေးခွံနက်မြွေသုံးကောင်လုံးကို ဆေးလုံးအဖြစ် သန့်စင်လိုက်သောကြောင့် ယဲ့ချန်၏လက်ထဲတွင် အညိုရောင်ဆေးငါးလုံး ရောက်ရှိနေသည်။ ၎င်းတို့ထံမှထွက်ပေါ်လာသော ဆေးနံ့က ပတ်ဝန်းကျင်မှလူတိုင်းကို မှိန်းမောသွားစေနိုင်သည်။
ရှောင်ရိ၊ နေလင်းယုန်နှင့် နန်ရှင်းတစ်တို့သည် ယဲ့ချန်၏လက်ထဲရှိ ဆေးလုံးများမှ အကြည့်မခွာနိုင်ပေ။ ဆေးရနံ့က သူတို့ကိုဆွဲဆောင်နေပြီး ခန္ဓာကိုယ်တစ်ခုလုံးရှိ မွေးညှင်းပေါက်များပင် ပွင့်ထွက်လုမတတ်ဖြစ်နေသည်။
"အနံ့က မွှေးလိုက်တာ"
ရှောင်ရိ၏ဝမ်းဗိုက်ထံမှ တဂွက်ဂွက်မြည်သံများ ထွက်ပေါ်လာသည်။
"ရှောင်ရိနဲ့အားဖန်ကိုးက တစ်လုံးစီယူလိုက်။ နန်ရှင်း မင်းနဲ့ငါ့အတွက် ဒီဆေးတွေက အများကြီးမကူညီနိုင်တော့ဘူး။ အခြားသားရဲတွေအတွက် သိမ်းထားလိုက်မယ်"
ယဲ့ချန်က ဆေးနှစ်လုံးကို ရှောင်ရိနှင့်နေလင်းယုန်အတွက် ခွဲပေးလိုက်သည်။ သူက ကျန်ဆေးလုံးသုံးလုံးကို လက်အောက်ခံသားရဲများကို ခွဲဝေပေးရန် ဆုံးဖြတ်ထားသည်။ ၎င်းတို့က နတ်ဘုရင်သုံးယောက်ကို ထွက်ပေါ်လာစေနိုင်သော အစွမ်းကို ပိုင်ဆိုင်ထားသည်။ ရှောင်ရိနှင့်နေလင်းယုန်က ဆေးလုံးကိုလက်ခံပြီး ချက်ချင်းမျိုချလိုက်သည်။ ၎င်းတို့ကို ကောင်းကင်တုန်ခါဆေးအိုးမှသန့်စင်ထားပြီး ကောင်းကင်သားရဲနတ်ဘုရင်တစ်ယောက်၏ အဆီအနှစ်စွမ်းအင်များ ပါဝင်သည်။ ဆေးစွမ်းအင်များက ခန္ဓာကိုယ်အတွင်း ရေလှိုင်းကြီးများကဲ့သို့ အရှိန်ပြင်းပြင်းထွက်ပေါ်လာသောကြောင့် ၎င်းတို့ကိုချေဖျက်ရန် နှစ်ယောက်လုံးက တံခါးပိတ်ကျင့်စဥ်ဝင်လိုက်ကြသည်။ ၎င်းတို့သည် ရှောင်ရိနှင့်နေလင်းယုန်ကို နတ်ဘုရင်ထိပ်ဆုံးအဆင့်သို့ ချိုးဖျက်နိုင်ရန် ကူညီပေးနိုင်သည်။
ယဲ့ချန်သည် လက်အောက်ခံသားရဲများအနက်မှ ကောင်းကင်နီကျား၊ မုန်တိုင်းသစ်နက်နှင့် တောကြောင်ကိုရွေးချယ်ကာ ဆေးလုံးများ ချီးမြှင့်လိုက်သည်။ ၎င်းတို့က အာကာသကျောက်များနှင့် ဝိညာဥ်အခြေတည်ဆေးလုံးများ၏ အစွမ်းကြောင့် ဆန်းကျယ်အဆင့်သို့ ရောက်နေပြီးသားဖြစ်သည်။ ဤဝိညာဥ်ဆေးသုံးလုံးသည် ၎င်းတို့ကို နတ်ဘုရင်အဆင့်သို့ တစ်ချက်တည်းရောက်ရှိသွားစေလိမ့်မည်။ ကောင်းကင်နီကျား၊ မုန်တိုင်းသစ်နက်နှင့် တောကြောင်တို့သည် ဆေးစွမ်းအင်များကိုချေဖျက်ရန် ရက်အနည်းငယ် အချိန်ယူခဲ့ရသည်။
မိုင်ပေါင်းရာချီဝေးသော သစ်တောအတွင်း မိစ္ဆာဝံပုလွေခြောက်ကောင်ရှိနေသည်။ ယဲ့ချန်က ကြေးခွံနက်မြွေငါးကောင်ကို ကောင်းကင်တုန်ခါဆေးအိုးဖြင့် ဖိနှိပ်လိုက်သောမြင်ကွင်းကြောင့် သူတို့အားလုံး တုန်ယင်နေကြသည်။ ကြယ်ခန်းမသခင်က အလွန်ကြောက်စရာကောင်းကြောင်း ဘုရင်သုံးပါးထံ သတင်းပြန်ပို့ရန် ထွက်ခွာလိုက်စဥ် ခြောက်ကောင်လုံး၏ဝိညာဥ်များ ပေါက်ကွဲသွားကာ မြေပြင်ပေါ်သို့ တအိအိလဲပြိုသွားကြသည်။
"မင်းတို့က ဝံပုလွေတိုင်းပြည်ကို ပြန်နိုင်မယ်ထင်ရင် ငါ့ကိုအထင်သေးရာ ကျသွားပြီ"
ယဲ့ချန်က အေးစက်စက်ရေရွတ်လိုက်သည်။ ကြယ်ခန်းမကို စောင့်ကြည့်နေသည့် ဝံပုလွေတိုင်းပြည်၏ ကင်းထောက်အရေအတွက်က လတ်တလောတွင် တိုးပွားလာသည်။ ဝံပုလွေတိုင်းပြည်က ကြယ်ခန်းမကိုစစ်ပွဲစရန် ဆက်လက်စောင့်ဆိုင်းနိုင်ပုံမရချေ။ ဤကား ဝံပုလွေတိုင်းပြည်နှင့် ရန်ကြွေးများ ဖြေရှင်းရမည့် အချိန်အခါဖြစ်သည်။
ကြေးခွံနက်မြွေမျိုးနွယ်၏ နတ်ဘုရင်ငါးယောက်က ဝံပုလွေတိုင်းပြည်၏သွေးဘုရင်အောက် နိမ့်ကျပေသည်။ သွေးဘုရင်ထံတွင် မိစ္ဆာဝံပုလွေဆေဘာဟူသော လိပ်ပြာလက်နက်ပိုင်ဆိုင်ထားသောကြောင့် ယဲ့ချန်က သတိကြီးကြီးထားရပေလိမ့်မည်။ သူက ခြင်္သေ့နန်းတော်ထံ စစ်ကူတောင်းခံရန် ဆက်သားတစ်ယောက် စေလွှတ်ခဲ့သည်။ ခြင်္သေ့နန်းတော်မှ ဤသတင်းကို ရရှိချိန်တန်ပြီဖြစ်သော်လည်း ဝိညာဥ်သားရဲလှိုင်းကြောင့် နောက်ကျနေခြင်းဖြစ်နိုင်သည်။ ကြယ်ခန်းမနှင့် ခြင်္သေ့နန်းတော်သာ ပူးပေါင်းလိုက်လျှင် ဝံပုလွေတိုင်းပြည်ကို အနိုင်ရနိုင်သော အခွင့်အလမ်းက ပို၍တိုးလာပေလိမ့်မည်။