ကြေးခွံနက်မြွေမျိုးနွယ်ကို ဖျက်ဆီးခြင်း
Vol. 29 Ch. 400
"အရှင်တို့"
ဝံပုလွေတိုင်းပြည်၏ ခန်းမကြီးတစ်ခုတွင် ဟေးရီက ဘုရင်သုံးပါးထံ အခစားဝင်ရောက်နေသည်။
"ကြယ်ခန်းမနဲ့ပတ်သက်လို့ ဘာသတင်းတွေရပြီလဲ"
သွေးဘုရင်က မေးလိုက်ခြင်းဖြစ်သည်။ ဝိညာဥ်သားရဲလှိုင်းက တစ်နေ့ထက်တစ်နေ့ ပိုမိုပြင်းထန်လာသောကြောင့် သူက စိတ်မရှည်ဖြစ်နေခဲ့သည်။
"အရှင် ကြယ်ခန်းမသခင်က သတိကြီးကြီးထားပြီး ကျွန်တော်တို့စေလွှတ်သမျှ ကင်းထောက်တွေကို သတ်ပစ်နေပါတယ်။ တစ်ယောက်မှ ပြန်မလာနိုင်ပါဘူး"
ဟေးရီသည် သွေးဘုရင်ဒေါသထွက်မည်ကို ကြောက်လန့်နေသောကြောင့် တွန့်ဆုတ်စွာလျှော က်တင်လိုက်သည်။
သွေးဘုရင်က မျက်မှောင်ကြုတ်၍ စဥ်းစားလိုက်သည်။ သာမန်မှော်သားရဲများကို ကင်းထောက်အဖြစ်စေလွှတ်ခြင်းက အကျိုးမရှိခဲ့ပေ။ ကောင်းကင်သားရဲနတ်ဘုရင်တစ်ယောက်က သူတို့၏တည်နေရာကို အလွယ်တကူရှာတွေ့နိုင်သည်။ သို့သော် နတ်ဘုရင်များကိုစေလွှတ်ရန်လည်း မသင့်တော်ချေ။ အကယ်၍ တစ်ဖက်လူမှသိရှိသွားပြီး နတ်ဘုရင်ကိုသတ်ဖြတ်လိုက်လျှင် ဝံပုလွေတိုင်းပြည်၏အင်အားကို ကြီးမားစွာထိခိုက်စေမည်ဖြစ်သည်။ ကြယ်ခန်းမ၏သတင်းများကို မသိရသော်လည်း ဝံပုလွေတိုင်းပြည် ကဝိညာဥ်သားရဲဝိုင်းရံခြင်းကို ခံနေရသည်။
လျင်မြန်စွာမြင့်တက်လာသော ကြယ်ခန်းမက ဖိအားပေးနေသောကြောင့် သွေးဘုရင်က တိတ်ဆိတ်နေသည်။ ထို့အပြင် ဝိညာဥ်သားရဲလှိုင်းကို အားသာချက်အဖြစ်အသုံးချနေသော ကြယ်ခန်းမကို အချိန်ပေးလိုက်လျှင် နှစ်အနည်းငယ်အတွင်း ခြိမ်းခြောက်မှုကြီးတစ်ခု ဖြစ်လာနိုင်သည်။
"ဟေးရီ မုန်တိုင်းမျိုးနွယ်ကို သတင်းပို့လိုက်။ ဝံပုလွေတိုင်းပြည်က ကြယ်ခန်းမကို တိုက်ခိုက်တော့မယ်။ သူတို့ စစ်ကူပေးနိုင်မလားဆိုတာကို မေးလိုက်။ ကြယ်ခန်းမသခင်လက်ချက်နဲ့ မုန်တိုင်းမျိုးနွယ်ကလူတွေ အများကြီးသေထားတယ်။ သူတို့က သေချာပေါက် ဘေးထွက်ရပ်နေမှာမဟုတ်ဘူး။ တကယ်လို့ အဆုံးမဲ့အဆင့်ကျင့်ကြံသူတစ်ယောက် စေလွှတ်ပေးမယ်ဆိုရင် ငါတို့အတွက် အောင်မြင်နိုင်ချေ အလွန်များတယ်"
သွေးဘုရင်က တိတ်ဆိတ်နေရာမှ အမိန့်ပေးလိုက်သည်။ သို့သော် သူမသိသည်မှာ ကြယ်ခန်းမ၌ အဆုံးမဲ့ကျင့်ကြံသူကိုယှဥ်တိုက်နိုင်သည်မှာ ယဲ့ချန်တစ်ယောက်တည်း မဟုတ်ကြောင်းပင်ဖြစ်သည်။ ထို့အပြင် နတ်ဘုရင်အလယ်အဆင့်များဖြစ်ကြသော ရှောင်ရိနှင့်နေလင်းယုန်သည်လည်း ထိပ်ဆုံးအဆင့်သို့ရောက်ရန် ခြေတစ်လှမ်းသာလိုတော့သည်။ ဧကရာဇ်မင်၏ခါးပတ်မှ ဆင့်ခေါ်နိုင်သော အင်မော်တယ်အမှောင်ဖီးနစ်နှင့် ကောင်းကင်ချီလင်ကြံ့မှာလည်း နတ်ဘုရင်ထိပ်ဆုံးအဆင့်များ ဖြစ်ကြသည်။
ကြေးခွံနက်မြွေမျိုးနွယ်၏ သီးသန့်နယ်မြေအပြင်ဘက်တွင် လူနှစ်ယောက် ရောက်ရှိလာကြသည်။ ယဲ့ချန်သည် ကာကွယ်ရေးအစီအရင်တစ်ခုဖြင့် ကာကွယ်ထားသော ဧရိယာကို စစ်ဆေးလိုက်သည်။ အပြင်ဘက်တွင် ဝိညာဥ်သားရဲများ ပြည့်နှက်နေသကဲ့သို့ အစီအရင်အတွင်း၌ ကြေးခွံနက်မြွေများစွာ ရှိနေကြသည်။ နတ်ဘုရင်ငါးယောက်က သူတို့၏မျိုးနွယ်ကိုကာကွယ်ရန်အတွက် အစီအရင်တစ်ခု ခင်းကျင်းခဲ့ကြသည်။ သို့သော် သူတို့က ကြယ်ခန်းမ၏မြို့ငါးမြို့ကို မသိမ်းပိုက်နိုင်ခဲ့ဘဲ ဝိညာဥ်ဆေးလုံးများအဖြစ် အဆုံးသတ်ခဲ့ရသည်။
"သခင် ဟိုမှာကြည့်လိုက်ဦး။ အရိုးတွေ အများကြီးရှိနေတယ်"
သားရဲတစ်ကောင်ဖြစ်သော နန်ရှင်းတစ်ပင် အထိတ်တလန့်ဖြစ်သွားခဲ့သည်။ အစီအရင်အတွင်း၌ အမျိုးမျိုးသော သားရဲအရိုးစုများအပြင် လူသားအရိုးများက တောင်ကုန်းလေးတစ်ခုကဲ့သို့ စုပုံနေကြသည်။ ယဲ့ချန်က ဝိညာဥ်အသိစိတ်ကိုထုတ်ဖော်၍ ပတ်ဝန်းကျင်တစ်ခုလုံးကို စစ်ဆေးလိုက်သော်လည်း ပျက်စီးနေသော ကျောက်တိုင်များနှင့် အရိုးတောင်ကြီးများမှလွဲ၍ ရတနာများကို ရှာမတွေ့ခဲ့ပေ။ ကြေးခွံနက်မြွေမျိုးနွယ် စောင့်ရှောက်နေသော ရတနာကို သူက အာရုံမခံနိုင်ခဲ့ချေ။
"ဆရာ တစ်ခုခုရှာတွေ့လား"
ယဲ့ချန်သည် ကောင်းကင်ကြယ်တာရာတံဆိပ်အတွင်းရှိနေသော ခြင်္သေ့ကြီးကို မေးလိုက်ခြင်းဖြစ်သည်။
"မတွေ့ဘူး။ ဒီကောင်တွေ ရတနာကို နေရာရွှေ့လိုက်ပြီထင်တယ်"
ခြင်္သေ့ကြီးက ခေါင်းယမ်းလိုက်သည်။
"ကြေးခွံနက်မြွေတွေက သူတို့စောင့်ရှောက်ရတဲ့ ရတနာကို ရွှေ့ပစ်လိုက်တာလား"
ယဲ့ချန်က မျက်မှောင်ကြုတ်၍ ကာကွယ်ရေးအစီအရင်အတွင်း စိုက်ကြည့်လိုက်သည်။ နေရာတိုင်းတွင် အရွယ်အစားမျိုးစုံနှင့် မြွေများရှိနေပြီး လျှာတလှစ်လှစ်ထုတ်ကာ ပါးပျဥ်းထောင်နေကြသည်။ သိန်းချီသော ကြေးခွံနက်မြွေများကြားတွင် ဆန်းကျယ်အဆင့် သားရဲအရေအတွက်ကလည်း များပြားလှသည်။ ကြယ်ခန်းမနှင့်ကြေးခွံနက်မြွေမျိုးနွယ်က ရန်သူများဖြစ်လာသောကြောင့် ၎င်းတို့ကို အသက်ရှင်ခွင့်ပေး၍မဖြစ်ချေ။ ဤမြွေများသာ အစွမ်းထက်လာလျှင် ကြယ်ခန်းမအတွက် ဆူးငြောင့်ခလုတ်ဖြစ်လာနိုင်သည်။ ထို့အပြင် ၎င်းတို့က လူသားစားကြောင်းကို တောင်လိုပုံနေသောအရိုးများက သက်သေခံနေသည်။ ရက်စက်ကြမ်းကြုတ်လှသော မြွေများက လူသားများကိုဖမ်းဆီး၍ နေ့စဥ် စားသောက်နေပုံပေါ်သည်။ ထို့ကြောင့် သူက လူသားများ၏လုံခြုံရေးအတွက် ကြေးခွံနက်မြွေမျိုးနွယ်ကိုရှင်းပစ်ရန် ဆုံးဖြတ်လိုက်သည်။
ယဲ့ချန်၏ဝိညာဥ်အသိစိတ် ထွက်ပေါ်လာကာ ရွှေရောင်သံချပ်ကာဝတ် ဝိညာဥ်စစ်သည်တော်အဖြစ် ပြောင်းလဲသွားသည်။ ၎င်းက ဧရာမလက်ဝါးကြီးဖြင့် ကာကွယ်ရေးအစီအရင်ကို ရိုက်ချလိုက်သည်။
"ပျက်စီးစမ်း"
ယဲ့ချန်၏ကြုံးဝါးသံအဆုံးတွင် ဝိညာဥ်စစ်သည်တော်၏ လက်ဝါးချက်ကြောင့် ကာကွယ်ရေးအစီအရင်က အပိုင်းပိုင်းအစစအဖြစ် ပေါက်ကွဲပျက်စီးသွားလေသည်။
"ကျူးကျော်သူတွေရောက်ပြီ။ သတ်ကြ"
ဆန်းကျယ်အဆင့်ဝိညာဥ်များက ယဲ့ချန်ကိုတိုက်ခိုက်ရန် ဓားအသွင်ဖြင့် ဝင်ရောက်လာကြသည်။ နတ်ဘုရင်တစ်ယောက်နှင့် ရင်ဆိုင်နေရသော်လည်း ၎င်းတို့က ကြောက်စိတ်လုံးဝမရှိသည့်အပြင် သတ်ဖြတ်လိုစိတ်များကို မိုးထိုးမတတ်ထုတ်ဖော်ထားကြသည်။ သို့သော် ဝိညာဥ်စစ်သည်တော်၏ လက်ဝါးတစ်ချက်တွင် ထိုဝိညာဥ်များက တဘန်းဘန်းပေါက်ကွဲကုန်သည်။ ဒါဇင်ချီသော ဆန်းကျယ်အဆင့်ကြေးခွံနက်မြွေများက သွေးပွက်ပွက်အန်ပြီး မြေပြင်တွင် အရုပ်ကြိုးပြတ်လဲကျကုန်သည်။
"နန်ရှင်း တစ်ယောက်မှ လွတ်မသွားစေနဲ့"
ယဲ့ချန်က အမိန့်ပေးလိုက်ခြင်းဖြစ်သည်။
"ကောင်းပါပြီ"
နန်ရှင်းတစ်သည် လေနတ်ဆိုးကိုဝင့်ကာ ကြေးခွံနက်မြွေများထံ ပြေးဝင်သွားခဲ့သည်။ ယဲ့ချန်ကလည်း ကောင်းကင်တုန်ခါဆေးအိုးကို ထုတ်ဖော်၍ တဝှီဝှီလည်ပတ်နေသော ဆေးအိုးကြီးကို မြွေများထံ ပစ်ထုတ်လိုက်သည်။ ဆေးအိုးအဝတွင် စုပ်ဝဲတစ်ခုဖြစ်တည်လာပြီး ကြေးခွံနက်မြွေများကို တစ်ကောင်ပြီးတစ်ကောင် စုပ်ယူလိုက်သည်။ ၎င်းတို့က နာကျင်စွာအော်ဟစ်၍ ရုန်းကန်နေသော်လည်း ကူကယ်ရာမဲ့စွာဖြင့် ဆေးလုံးအဖြစ် သန့်စင်ခံလိုက်ရသည်။ ဆေးအိုးသည် နတ်ဘုရင်တစ်ယောက်ကိုသန့်စင်ရန် အချိန်တစ်နာရီကျော်လိုအပ်သော်လည်း သာမန်ကြေးခွံနက်မြွေများကို သန့်စင်ရန်အတွက်မူ ခဏတာသာ လိုအပ်သည်။ ၎င်း၏စုပ်အားအောက်တွင် မြွေများက ဆေးအိုးအဝသို့ အုပ်စုလိုက်လွင့်ပျံသွားကာ အတွင်းသို့ ကျရောက်သွားကြသည်။ အချိန်ခဏအတွင်း ဆေးအိုး၏အောက်ခြေ၌ ဝိညာဥ်ဆေးလုံးများ ပြည့်နှက်သွားခဲ့သည်။ ကြေးခွံနက်မြွေများက မကျေမနပ်ဖြင့် ပြန်လည်ခုခံခဲ့ကြသော်လည်း ယဲ့ချန်နှင့်နန်ရှင်းတစ်၏အစွမ်းကို မတွန်းလှန်နိုင်ကြပေ။ နန်ရှင်းတစ်သည်ပင် မြွေများကို ဆက်တိုက်စုပ်ယူနေသော ကောင်းကင်တုန်ခါဆေးအိုးကို ငေးကြောင်ကြည့်နေမိသည်။ ၎င်းက အစွမ်းထက်လွန်းသောကြောင့် သူ၏သခင်ကို စိတ်ထဲမှ လက်မထောင်ပြလိုက်သည်။
မိုင်ပေါင်းထောင်ချီဝေးကွာသော သစ်တောအတွင်း ကြေးခွံနက်မြွေသုံးကောင်က လျင်မြန်စွာ ထွက်ပြေးနေကြသည်။ သုံးကောင်လုံးက ဆန်းကျယ်အဆင့်များဖြစ်ကြသော်လည်း တစ်ကောင်က အခြားမြွေများနှင့် အသွင်သဏ္ဍာန်ချင်း ကွာခြားနေခဲ့သည်။ ၎င်း၏တစ်ကိုယ်လုံးက သွေးနီရောင်တောက်ပနေပြီး ထူးဆန်းသောရုန်းများ ပြည့်နှက်နေသည်။ ၎င်း၏အသားအရေက မွေးဖွားစကလေးငယ်တစ်ယောက်ကဲ့သို့ နူးညံ့နေကာ အရွယ်အစားကလည်း သိသိသာသာသေးကယ်နေသည်။
"ဘိုးဘေး ကျွန်တော်တို့မျိုးနွယ်တွေရဲ့အော်သံကို အာရုံခံမိလိုက်တယ်။ ကြေးခွံနက်မြွေမျိုးနွယ်ရဲ့ပိုင်နက် တိုက်ခိုက်ခံနေရပြီထင်တယ်။ မြန်မြန်ထွက်ပြေးရပါမယ်"
ကြေးခွံနက်မြွေတစ်ကောင်က အနီရောင်အဆင်းရှိသော မြွေကို ဘိုးဘေးအဖြစ် ခေါ်ဝေါ်ကာ လျှောက်တင်လိုက်သည်။
"မှန်ပါတယ် ဘိုးဘေး"
နောက်ထပ်မြွေတစ်ကောင်ကလည်း ထောက်ခံလိုက်သည်။ အနီရောင်မြွေက အခြားမြွေများနှင့်ကွာခြားသော်လည်း ကျင့်ကြံဆင့်ချင်းက အတူတူပင်ဖြစ်သည်။ သို့သော် ကျန်မြွေနှစ်ကောင်က ဘိုးဘေးဟု ရိုသေလေးစားနေခြင်းက အလွန်ထူးဆန်းနေသည်။ အနီရောင်မြွေသည် သူ၏မျိုးနွယ်ဝင်များနှင့် ဝိညာဥ်ချင်းဆက်နွယ်နေသောကြောင့် ရန်သူများက အလွန်အစွမ်းထက်သည်ကို သိထားသည်။ သူ၏လက်ရှိခွန်အားဖြင့် ရန်သူများကို မတွန်းလှန်နိုင်သောကြောင့် လက်လျှော့လိုက်ရုံမှတစ်ပါး ရွေးချယ်စရာမရှိပေ။ သူ၏အကြည့်က နောက်လိုက်မြွေနှစ်ကောင်ထံ ဖြည်းညှင်းစွာ ကျရောက်လာသည်။ ထို့နောက် သူ၏ပါးစပ်ကိုဟကာ အဆိပ်ငွေ့များကို ရုတ်တရက်မှုတ်ထုတ်၍ သတိလက်လွတ်ဖြစ်နေသော မြွေနှစ်ကောင်ကို လွှမ်းခြုံသွားစေသည်။ ထို့နောက် အနီရောင်မြွေသည် အဆိပ်မိ၍သတိလစ်သွားသော နောက်လိုက်များကို သနားညှာတာစိတ်ကင်းမဲ့စွာ မျိုချလိုက်သည်။
"မင်းတို့က ကြေးခွံနက်မြွေမျိုးနွယ်ကို ဖျက်ဆီးတယ်ပေါ့။ အနှေးနဲ့အမြန် ငါ ခွန်းလွန်က ဒီရန်ကြွေးကို ပြန်ဆပ်မယ်"
အနီရောင်မြွေသည် အဝေးရှိ ကြေးခွံနက်မြွေမျိုးနွယ်၏ပိုင်နက်ကို တစ်ချက်လှမ်းကြည့်လိုက်သည်။ သူ၏မျက်လုံးတွင် အေးစက်စက်အလင်းတစ်ခု ဖြတ်သန်းသွားပြီးနောက် အဝေးသို့ လှစ်ခနဲ ထွက်ပြေးသွားလေသည်။
ကြေးခွံနက်မြွေမျိုးနွယ်၏ပိုင်နက်ကို ရှင်းလင်းနေသော ယဲ့ချန်က ရန်သူများ၏ဘိုးဘေး လွတ်မြောက်သွားသည်ကို သတိမပြုမိခဲ့ပေ။ ဆန်းကျယ်အဆင့်၊ ကောင်းကင်အဆင့်နှင့် မြေအဆင့် မြွေများအားလုံးကို ကောင်းကင်တုန်ခါဆေးအိုးဖြင့်ဖမ်းဆီး၍ ကောင်းကင်သားရဲများကို ဆေးလုံးအဖြစ် အသွင်ပြောင်းလိုက်သည်။ မြေအဆင့်အောက်ကြေးခွံနက်မြွေများကမူ သစ်တောအတွင်း ခြေဦးတည့်ရာထွက်ပြေးသွားကြသည်။ သို့သော်လည်း နေရာတိုင်းတွင် ဝိညာဥ်သားရဲများ ပြည့်နှက်နေသောကြောင့် ဤအဆင့်နိမ့်ကြေးခွံနက်မြွေများအတွက် အသက်ရှင်နိုင်စရာလမ်း လုံးဝမရှိချေ။
ကြေးခွံနက်မြွေများက အလွန်ရက်စက်ကြမ်းကြုတ်ပြီး လူသားစားတတ်ကြသည်။ သားရဲတစ်ကောင်ပင်လျှင် ၎င်းတို့ကို ရွံရှာစက်ဆုပ်သည်။ ထို့ကြောင့် ယဲ့ချန်သည် ဤမျိုးနွယ်ကို မျိုးတုံးသတ်ဖြတ်ရခြင်းအပေါ် အပြစ်ရှိစိတ်ကို မခံစားမိသည့်အပြင် စားသောက်ခံလိုက်ရသော လူသားများအတွက် လက်စားချေပေးနိုင်ခဲ့သောကြောင့် ခံစားချက်ကောင်းမွန်နေသည်။
"ပြန်ကြစို့"
ယဲ့ချန်က နန်ရှင်းတစ်ကိုခေါ်ဆောင်၍ ကြယ်ခန်းမထံ ပြန်လာခဲ့သည်။ ကြေးခွံနက်မြွေမျိုးနွယ်က နှစ်ပေါင်းများစွာ သီးသန့်နေထိုင်လာသော်လည်း ရတနာများကို ပိုင်ဆိုင်ထားခြင်းမရှိပေ။ သို့သော် သူ၏သိုလှောင်အိတ်အတွင်း ထိုမြွေများကိုသန့်စင်ရာမှ ဖြစ်တည်လာသော ဝိညာဥ်ဆေးလုံးသုံးရာကျော် ရှိနေသည်။ ၎င်းတို့သည် ကြယ်ခန်းမတပည့်များ၏ကျင့်ကြံခြင်းအတွက် အလွန်အထောက်အကူပြုနိုင်သောကြောင့် ဤခရီးက လာရကျိုးနပ်သည်ဟု ဆိုနိုင်သည်။
"နန်ရှင်း ဒီဆေးလုံးတွေကို ကြယ်ခန်းမတပည့်တွေကို ခွဲဝေပေးလိုက်။ ငါ ကြယ်ခန်းမရဲ့ပတ်ဝန်းကျင်ကို တစ်ချက်လောက် စစ်ဆေးလိုက်ဦးမယ်"
ယဲ့ချန်သည် သိုလှောင်အိတ်ကို နန်ရှင်းတစ်ထံပစ်ပေး၍ မှာကြားလိုက်သည်။
"ဟုတ်ကဲ့"
နန်ရှင်းတစ်က ခေါင်းညိတ်၍ သိုလှောင်အိတ်ကိုသိမ်းယူကာ ကြယ်ခန်းမထံ ချက်ချင်းပြန်သွားခဲ့သည်။
ယဲ့ချန်သည် တဟုန်ထိုးလျှပ်စီးကျင့်စဥ်ဖြင့် ပျံသန်းနေရင်း ပတ်ဝန်းကျင်ကို ဝိညာဥ်အသိစိတ်နှင့် ဆက်တိုက်ထောက်လှမ်းနေသည်။ သူက နေရာတိုင်းတွင် ဝိညာဥ်သားရဲများကိုမြင်နေရပြီး အရေအတွက်က ထိတ်လန့်စရာပင်ဖြစ်သည်။ ဤမျှများပြားသော ဝိညာဥ်သားရဲများကြားတွင် နတ်ဘုရင်အဆင့်များရှိနေလျှင် မြို့ငါးမြို့မှ ကျင့်ကြံသူများနှင့် သာမန်ပြည်သူများအတွက် အန္တရာယ်ဖြစ်လာနိုင်သည်။ သူက အတွေးလွန်နေခြင်းသာဖြစ်ပါစေဟု မျှော်လင့်လိုက်မိသည်။
လမ်းတလျှောက်တွင် ယဲ့ချန်သည် မြေအဆင့်နှင့်ကောင်းကင်အဆင့် ဝိညာဥ်သားရဲများကို လက်မနှေးဘဲ သတ်ဖြတ်ခဲ့ပြီး အလောင်းများကို သိမ်းယူလာခဲ့သည်။ ထိုအဆင့်များက မြို့ငါးမြို့အပေါ် ဖိအားပေးနိုင်သောကြောင့် သူက ကြိုတင်ရှင်းလင်းနေခြင်းဖြစ်သည်။ ထို့အပြင် အဆင့်မြင့်ဝိညာဥ်သားရဲအလောင်းများက ကြယ်ခန်းမတပည့်များ၏ ကျင့်ကြံဆင့်ကို မြှင့်ပေးနိုင်စွမ်းရှိသည်။
လမ်းတလျှောက်တွင် ဝိညာဥ်သားရဲများကြောင့် ကျေးရွာများနှင့်မြို့များ ဖျက်ဆီးခံလိုက်ရသည်။ နေရာတိုင်းတွင် လူသားများနှင့်သားရဲများ ပျောက်ကွယ်နေပြီး ဝိညာဥ်သားရဲများ ခြေချင်းလိမ်နေကြသည်။ အစာရေစာကြွယ်ဝသော တောင်ကြားများတွင် ဝိညာဥ်သားရဲများက မည်းနက်နေအောင် သိပ်သည်းနေကြသည်။ ယဲ့ချန်သည် မိုင်ပေါင်းထောင်ချီအောင် ခရီးနှင်ခဲ့သော်လည်း ဝိညာဥ်သားရဲများ၏ဇစ်မြစ်ကို မရှာတွေ့နိုင်ခဲ့ပေ။ ထိုအချိန်တွင် အဝေးမှ တိုက်ပွဲတစ်ခု ပြင်းထန်စွာဖြစ်ပေါ်နေသည်ကို သူက ကြားလိုက်ရသည်။
"အသံထွက်လာတာ မိုင်ထောင်ချီအဝေးက ဖြစ်နိုင်တယ်။ ငါ တစ်ချက်လောက် သွားကြည့်ရမလား"
ယဲ့ချန်က မျက်မှောင်ကြုတ်၍ ရေရွတ်လိုက်သည်။ သူ၏ဝိညာဥ်အသိစိတ်က တိုးတက်လာသောကြောင့် မိုင်ပေါင်းများစွာမှ အသံများကို ကြားနိုင်သည်။ တိုက်ပွဲမှထွက်ပေါ်လာသော အသံများကိုအခြေခံ၍ သုံးသပ်လိုက်လျှင် အနိမ့်ဆုံး အဆုံးမဲ့အဆင့်ကျင့်ကြံသူများ ဖြစ်နိုင်သည်။ အဆုံးမဲ့ကျင့်ကြံသူများက ကြောက်စရာမဟုတ်သော်လည်း ထူးကဲအဆင့်များဖြစ်နေလျှင် သူ ပြဿနာတက်ပေလိမ့်မည်။
"ငါ့ဝိညာဥ်အသိစိတ်က မိုင်နှစ်ထောင်လောက်အထိ ဖြန့်ကျက်နိုင်မှတော့ တစ်ချက်လောက် ခိုးကြည့်တာ ပြဿနာမရှိနိုင်ပါဘူး"
ယဲ့ချန်က ခဏတာတုံ့ဆိုင်းနေပြီးနောက် ဆုံးဖြတ်ချက်ချလိုက်သည်။ ပိုမိုလုံခြုံစေရန်အတွက် နေရောင်အောက်မှသူခိုးကျင့်စဥ်ဖြင့် ရုပ်သွင်ကို သက်လတ်ပိုင်းလူတစ်ယောက်အဖြစ် ပြောင်းလဲလိုက်သည်။ ထို့နောက် ယဲ့ချန်သည် တိုက်ပွဲဖြစ်ပွားနေသော ဦးတည်ရာသို့ ပျံသန်းသွားလေသည်။