← Chapters

အကုန်လုံးကို ဖိနှိပ်ခြင်း ( ပထမပိုင်း )

Vol. 29 Ch. 392

အကုန်လုံးကို ဖိနှိပ်ခြင်း ( ပထမပိုင်း )

Vol. 29 Ch. 392

" ပြန်လမ်းမဲ့ ရွှေရောင်ဆေဘာ ခုတ်ချက် "

လေထုထဲမှာတော့ ရွှေရောင် ဆေဘာ ဓားအရိပ်တွေ ပေါ်လာခဲ့ပါပြီ။ ရှတတ ချီအရှိန်အဝါတွေ ခိုဝင် ကိန်းအောင်းနေတဲ့ ဆေဘာဓားအရိပ်တွေ အကုန်လုံးက  ကျောင်းမင်းကို အရှိန်အဟုန် ပြင်းစွာဖြသ့် ခုတ်ပိုင်း ပစ်လိုက်ပါတယ်။

" တိမ်ကောင်းကင် နတ်ဘုရားလက်ဝါး "

ကျောင်းမင်ကလည်း မခေပါဘူး။ သူကလည်း ဧရာမ လက်ဝါးရိပ်ကြီး တစ်ခုကို ဖြစ်တည် စေလိုက်ပြီး သူ့ထဲ တိုးဝင်လာတဲ့ ဆေဘာဓားရိပ်တွေကို ရိုက်ထုတ် ပစ်လိုက်ပါတယ်။

ဝုန်း ...  ဝုန်း ...  ဝုန်း ...

ဘန်း ...  ...

လေထုထဲမှာတော့ အဆက်မပြတ် ပေါက်ကွဲမှုတွေ ဖြစ်ပေါ်လာပြီး စွမ်းအင် စီးကြောင်းတွေဟာ ပတ်ဝန်းကျင် အရပ် ၁၈မျက်နှာ စလုံးကို လွင့်ပျံ  ကုန်ပါတယ်။ သည်တစ်ခါ ထိပ်တိုက် ရင်ဆိုင်မှုမှာတော့ ဘယ်သူမှ အသာ မရခဲ့ပါဘူး။

" နောင်တမဲ့ ဆေဘာ "

ကျန်းယုဖေးက လေထဲသို့  ခုန်တက်လိုက်ပြီး ဆေဘာကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ကာ  အားရပါးရ ခုတ်ပိုင်း ပစ်လိုက် ပြန်ပါတယ်။

သည်ဆေဘာ ခုတ်ချက်က ရိုးရှင်းတယ် ထင်ရပေမယ့်လည်း တကယ့် တကယ်မှာတော့ အမျိုးအမည်မသိတဲ့ စွမ်းအင်တွေ ခိုဝင်ကိန်းအောင်း နေပါတယ်။ ဒါက အန္တရာယ် များလှတဲ့ ခုတ်ချက် တစ်ခု ဆိုတာကိုတော့ ဘယ်လိုမှ ငြင်းမရပါဘူး။

" တိမ်ပင်လယ်မှာ ကခုန်ခြင်း "

အားမာန်အပြည့် နဲ့ ခုတ်ပိုင်းလာတဲ့ ကျန်းယုဖေးရဲ့ ဆေဘာဓားချက်ကို ခုခံဖို့အတွက် ကျောင်းမင်းဟာ တိမ်ပင်လယ်မှာ ကခုန်ခြင်းဆိုတဲ့ သိုင်းကွက်ကို ရွေးချယ် လိုက်ပါတယ်။ ဒါကတော့ လျင်မြန်မှုကို အသားပေးတဲ့ သိုင်းကွက်တစ်ခုပါ။

" အရှုံးပေးစမ်း "

ဟူး ... ဟူး ... ဟူး ...

မှုန်ဝါးဝါး လက်ဝါးရိပ်တွေက  မရေမတွက် နိုင်အောင် ဖြစ်ပေါ်လာခဲ့ပါပြီ။ ရုတ်တရက် ကြည့်လိုက်မယ် ဆိုရင်တော့ သည်လက်ဝါးရိပ်တွေက နှေးကွေးဟန် ပေါ်ပေမယ့် တကယ့် တကယ်တမ်းမှာတော့ လျှပ်ပြက်တဲ့အလား လျင်မြန်လွန်း လှပါတယ်။

လက်ဝါးရိပ်တွေက နူးညံ့ပုံ ရပေမယ့်လည်း  တကယ့်တကယ်တမ်းမှာတော့ မထင်မှတ်ထား ရလောက်အောင်ကို ကြမ်းတမ်း လွန်းပါတယ်။

ဒါက ကောင်းကင်ပေါ်မှာ ရှိနေတဲ့ တိမ်တွေလိုပါပဲ။ လေ ဘယ်လောက်ပဲ ပြင်းပြင်း တိမ်တွေကတော့ ပျောက်ကွယ်သွားမှာ မဟုတ်ဘဲ ပုံသဏ္ဌာန်သာ ပြောင်းလဲသွားပြီး ထုထည် ပိုကြီး လာဦးမှာပါ။

ဝုန်း ...

ကျယ်လောင်သော ပေါက်ကွဲသံကြီး တစ်ခုနဲ့အတူ လူငယ် နှစ်ယောက်စလုံးဟာ လွင့်ထွက် သွားခဲ့ပါတယ်။

" အဟွတ် ... အဟွတ်  ...  ဝေါ့  ...  "

ကျန်းယုဖေးကတော့ တဟွတ်ဟွတ် ချောင်းဆိုးနေပြီး သွေးခဲလေးတွေကို အန်ထုတ် နေရပါပြီ။ ကျောင်းမင်က သူထင်ထားတာထက်ကို ပိုစွမ်း နေပါတယ်။

အစောပိုင်းတုန်းက သူဟာ ကျောင်းမင်ရဲ့ လက်ဝါးရိပ်တွေကို ဖျက်ဆီး ပစ်လိုက်ပေမယ့် လက်ဝါးရိပ်တွေက မပျက်စီး သွားတဲ့အပြင် ပိုအားကောင်းလာပြီး  ပုံသဏ္ဌာန်တစ်မျိုး ပြောင်းသွားကာ သူ့ကို ရိုက်ထုတ် ပစ်လိုက်တာပါ။

တော်သေးတာက တစ်ခုကတော့ ကျောင်းမင်ဟာ  သည်လက်ဝါးသိုင်းရဲ့ ပြီးပြည့်စုံခြင်း အဆင့်ကို ရောက်မနေသေးတာပါပဲ။ မဟုတ်လို့ကတော့ ကျန်းယုဖေးဟာ သည်ရိုက်ချက်နဲ့တင် သေနေလောက်ပါပြီ။

" သည်လက်ဝါးသိုင်းက တကယ် အစွမ်းထက်တာပဲ "

လီဖူချန်းက တိမ်ကောင်းကင် နတ်ဘုရားလက်ဝါးရဲ့ ကြောက်စရာ ကောင်းပုံကို သိမြင်နိုင်ပါတယ်။

သည်လက်ဝါးရိုက်ချက်က ကောင်းကင်ပေါ်က တိမ်တွေလိုပါပဲ။ ဘယ်အချိန်မှာ ဘယ်လို ပုံသဏ္ဌာန် ပြောင်းသွားမယ် ဆိုတာကို လုံးဝ ခန့်မှန်းလို့ မရပါဘူး။  ဒါက နူးညံ့တဲ့ လက်ဝါး ရိုက်ချက်လို့ ထင်နေစဉ်မှာပဲ ရုတ်တရက် ကြမ်းတမ်း ရက်စက်တဲ့ လက်ဝါးရိုက်ချက် တစ်ခု အဖြစ်ကို ကူးပြောင်းသွားနိုင်ပါတယ်။

ကျန်းယုဖေး ဒဏ်ရာ ရသွားသလို  ကျောင်းမင်လည်း ဒဏ်ရာ ရသွားတာပါပဲ။ ကျောင်းမင်ဆိုရင် ညာဘက်ပုခုံးကနေ ဘယ်ဘက်ခါးအထိ ရှည်လျားတဲ့ ဓားဒဏ်ရာကြီး တစ်ခု ရထားပါတယ်။ ကြည့်ရတာတော့ သူရဲ့ ဒဏ်ရာက ကျန်းယုဖေး ထက်တောင်မှ ပိုပြီး ပြင်းထန်နေတဲ့ ပုံပါပဲ။

သည်တိုက်ပွဲမှာ ကျန်းယုဖေးက အသာ ရသွားခဲ့ပါပြီ။

" ငါ့အလှည့်ပဲဟေ့ "

သဲဝါမြေ သိုင်းတက္ကသိုလ်ရဲ့ အပြင်စည်းကျောင်းသားတွေ ရှိနေတဲ့ ပွဲကြည့်စင်က နေပြီး လူရိပ်တစ်ရိပ်ဟာ သိုင်းစင်မြင့်ပေါ်ကို ခုန်ဆင်း လာပြန်ပါတယ်။

" ယိုခွန်း ... ။ သဲဝါမြေ သိုင်းတက္ကသိုလ်ရဲ့  နံပါတ်၂ ထိပ်တန်းကျောင်းသား။  တောင်ပိုင်းတောအုပ် သိုင်းတက္ကသိုလ်ကို ငါစိမ်ခေါ်တယ်။ ငါ့ရဲ့ စိမ်ခေါ်မှုကို လက်ခံမယ့် တောင်ပိုင်း တောအုပ် သိုင်းတက္ကသိုလ်ကျောင်းသား ရှိလား ...  ... "

ယိုခွန်းဟု အမည်ရတဲ့ လူငယ်က လီဖူချန်းကို စေ့စေ့ကြည့်ပြီး စိမ်ခေါ်လိုက်ပါတယ်။ သူက နာမည်မတပ်ထား ပေမယ့်လည်း လီဖူချန်းကို စိမ်ခေါ်နေတယ်ဆိုတာ အသိသာကြီးပါပဲ။

" ဟူး ...  သည်ပုရွက်ဆိတ်တွေကို ငါကိုယ်တိုင် နင်းချေမှ ရတော့မှာလား  ... "

လီဖူချန်းက ရွေးစရာ မရှိတော့ပါဘူး။ ကျန်းယုဖေးက ဒဏ်ရာ အကြီးအကျယ် ရသွားပြီ  ဖြစ်တဲ့အတွက်  တောင်ပိုင်းတက္ကသိုလ် ကိုယ်စားပြုဆိုလို့ သူတစ်ယောက်ပဲ ကျန်ပါတော့တယ်။  သူက သည် အားနည်းတဲ့ သူတွေကို အနိုင်မကျင့်ချင်လည်း  မရွေးသာတော့တဲ့ အတွက် ရှေ့မျက်နှာ နောက်ထားပြီး အနိုင် ကျင့်ရပါတော့မယ်။

ဟူး ...

ထို့နောက်မှာတော့ လီဖူချန်းဟာ စင်မြင့်ပေါ်ကို ခုန်ဆင်း သွားခဲ့ပါပြီ။

" သည် ... သည် အမြန်နှုန်း "

ယိုခွန်းက လီဖူချန်းရဲ့ အမြန်နှုန်းကို မြင်ပြီးတဲ့ အခါမှာတော့  စိမ်ခေါ်မိတာ မှားပြီဟု တွေးလိုက် မိပါတယ်။

" အစွမ်းကုန် ငါ့ကိုတိုက် "

လီဖူချန်းက ဓားကိုတောင် ဆွဲမထုတ်ပါဘူး။ သူက လက်နှစ်ဖက်ကို အနောက်ပစ်ထားပြီး တကယ့် သိုင်းဂုရုကြီး ပုံစံဖြင့် ရပ်နေပါတယ်။

" သဲဝါ နတ်ဘုရားလက်ဝါး "

ယိုခွန်းက အခြေအနေ မဟန်ဘူးဆိုတာကို ရိပ်မိတဲ့ အတွက် သူ့ရဲ့ ပွဲသိမ်းတိုက်ကွက် ဖြစ်တဲ့  သဲဝါ နတ်ဘုရား လက်ဝါးကို အလျင်အမြန် ထုတ်သုံး လိုက်ပါတယ်။

သူ့ခန္ဓာကိုယ်က လေးကိုင်း သဏ္ဌာန် ကွေးသွားပြီး ပြန်အဆန့်မှာတော့ လက်ဝါးရိပ်ကြီး နှစ်ခုကို  ထွက်ပေါ် လာစေခဲ့ပါပြီ။ သည်လက်ဝါးရိပ် နှစ်ခုကြောင့် ပတ်ဝန်းကျင် တစ်ခုလုံးဟာလည်း မှုန်ဝါး သွားခဲ့ပါတယ်။

" သွားစမ်း "

ထို့နောက်မှာတော့ ထိုလက်ဝါးရိပ်ကြီး နှစ်ခုဟာ နဂါးနှစ်ကောင်  ပုံသဏ္ဌာန် ပြောင်းလဲ သွားကာ လီဖူချန်းဆီကို တိုးဝင်သွားခဲ့ပါပြီ။

" ပြီးပြည့်စုံခြင်းအဆင့် လက်ဝါးသိုင်းပါလား "

လီဖူချန်းက မျက်ခုံးပင့်လိုက် မိပါတယ်။

ပြိုင်ဘက်ရဲ့  မြေကမ္ဘာအဆင့် လက်ဝါးသိုင်းက တကယ်ကြီး ပြီးပြည့်စုံတဲ့ အဆင့်ကို ရောက်နေတာပါ။ ဒါက လွန်ခဲ့တဲ့ လအနည်းငယ်လောက်က သိကျွင်းရဲ့ စွမ်းရည်နဲ့ သိပ်မကွာလှပါဘူး။

စိတ်မကောင်းစရာကတော့ သည်အဆင့်လောက်က လီဖူချန်းအတွက် ဘာမှ မပြောပ လောက်တော့တာ ပါပဲ။ လီဖူချန်းကလည်း လွန်ခဲ့တဲ့ လအနည်းငယ် လောက်က လီဖူချန်း မဟုတ်တော့ပါဘူး။

"နေမင်းဇောအဟုန် နတ်ဘုရား လက်ဝါး "

အခြားသော မြေကမ္ဘာ အလယ်အဆင့် အတွင်းအား ကျင့်စဉ် အချို့လိုပါပဲ။ နေမင်းဇော အဟုန် နတ်ဘုရားကျင့်စဉ်မှာလည်း လက်ဝါးသိုင်း တစ်ခု ပါရှိနေပါတယ်။ လီဖူချန်းက  ဘာမှ လုပ်စရာ မရှိတော့တဲ့ အချိန်တွေမှာ သည်လက်ဝါးသိုင်းကို လေ့ကျင့်ခဲ့ပါသေးတယ်။

အင်မတန်မှ ပူပြင်းပြီး တောက်ပလှတဲ့ အလင်းရောင်တွေဟာ လီဖူချန်းရဲ့ လက်ဖဝါးကနေ ထွက်ပေါ် လာခဲ့ပါပြီ။ ဒါက နေဝန်းငယ်လေး တစ်ခု ဖြစ်တည် လာသလိုပါပဲ။

ယိုခွန်းရဲ့ လက်ဝါးရိပ်တွေကတော့"  နေလာနှင်းပျောက် " ဆိုတဲ့အတိုင်း  ပျောက်ကွယ် သွားခဲ့ပါပြီ။

ဘန်း  ...

ထိုမျှနဲ့တင် မကသေးပါဘူး။ လီဖူချန်းရဲ့ နေမင်းဇောအဟုန် လက်ဝါးအားက  ယိုခွန်းရဲ့ ရင်ဘတ်ပေါ်ကိုပါ ကျရောက် သွားပါသေးတယ်။

ဝေါ့ ...

ယိုခွန်းကတော့  တပွက်ပွက် ဆူပွက်နေတဲ့ သွေးစိမ်းရှင်ရှင် တစ်လုတ်ကို အန်ထုတ် လိုက်ရပါပြီ။

" မြေကမ္ဘာ အလယ်အလတ် အဆင့် လက်ဝါးသိုင်းလား "

ယိုခွန်းက သူ့ရဲ့ ပြိုင်ဘက်ဟာ မြေကမ္ဘာအလယ်အလတ်အဆင့် လက်ဝါးသိုင်းကို လေ့ကျင့် ထားမယ်လို့ လုံးဝ တွေးမထင်ထား ခဲ့ပါဘူး။ အဲသည်ထက် ပိုဆိုးတာက သူ့ရဲ့ ပြိုင်ဘက်ဟာ  မြေကမ္ဘာ အလယ်အလတ်အဆင့် လက်ဝါးသိုင်းကို တောင်မှ ပြီးပြည့်စုံခြင်း အဆင့်နီးပါးအထိ လေ့ကျင့် ထားတာပါပဲ။

" အိုး ...  ကောင်းလိုက်တဲ့ ရိုက်ချက်။ ဒါက အစ်ကိုဖူချန်းရဲ့ တကယ့်အစွမ်း အစစ်အမှန်လား"

ရန်ယွီကတော့ မျက်လုံး အပြူးသား ဖြစ်နေပါပြီ။ သူက လီဖူချန်းဟာ အရင်ကထက် ပိုပြီး  အစွမ်းလာမယ် ဆိုတာကို  တွက်ထား မိပေမယ့်လည်း  သည်လောက်ကြီး အထိ အစွမ်းထက် လာလိမ့်မယ်လို့တော့ တွက်မထားခဲ့ မိပါဘူး။

ယိုခွန်းဟာ ကျန်းယုဖေးထက် အများကြီး အစွမ်းထက်မယ် ဆိုတာ  အသိသာကြီးပါပဲ။ ဒါပေမဲ့လည်း သူက လီဖူချန်းရဲ့ လက်ဝါးရိုက်ချက် တစ်ချက်ကိုတောင်မှ မခံနိုင်ခဲ့ပါဘူး။  ပြီးတော့ လီဖူချန်းရဲ့ အကောင်းဆုံး ပညာရပ်က ဓားသိုင်း ဆိုတာကို တောင်ပိုင်း တောအုပ် အပြင်စည်း တက္ကသိုလ် တစ်ခုလုံး အသိပါပဲ။

ယိုခွန်းကို အနိုင် ယူပြီးတဲ့ နောက်မှာတော့ လီဖူချန်းရဲ့ ခပ်ရွတ်ရွတ် ညာဉ်တွေက ပြန်ပေါ်လာခဲ့ပါပြီ။ သူက သဲဝါမြေ သိုင်းတက္ကသိုလ်၊ ခြင်္သေ့ရိုင်း သိုင်းတက္ကသိုလ်နဲ့ ကျောက်တုံးစိမ်း သိုင်းတက္ကသိုလ်တို့ရဲ့ ပွဲကြည့်စင်တွေ ဘက်ကို လှည့်ကြည့်လိုက်ပြီး စိမ်ခေါ်လိုက်ပါတယ်။

" သတ္တိရှိရင် ဆင်းခဲ့ "

လီဖူချန်းက သိုင်းစင်မြင့်ပေါ်ကို ရောက်လာပြီးမှတော့  ပြန်မဆင်းချင် တော့ပါဘူး။ သူက  သိုင်းစင်မြင့် ပေါ်ကနေ ဆင်းမယ်ဆိုရင်တောင်မှ ကျောင်းသား ၁၀ယောက်လောက်ကို ရိုက်ပြီးမှသာ ဆင်းတော့မှာပါ။

" ခြင်္သေ့ရိုင်း သိုင်းတက္ကသိုလ်ရဲ့ နံပါတ်၂ ထိပ်တန်းကျောင်းသား ချန်ဖန်း "

ဘန်း ...  ...

လက်ဝါးရိုက်ချက် တစ်ချက် ။

တကယ်ကို လက်ဝါးရိုက်ချက် တစ်ချက်ပါပဲ။  ခြင်္သေ့ရိုင်း သိုင်းတက္ကသိုလ်ရဲ့ နံပါတ်၂ ထိပ်တန်း ကျောင်းသား ချန်ဖန်း ဆိုသူကတော့ လီဖူချန်းရဲ့ လက်ဝါးရိုက်ချက် တစ်ချက်ကိုတောင်  တောင့်ခံနိုင်ခြင်း  မရှိခဲ့ပါဘူး။

" သတ္တိရှိတဲ့ကောင် ဆင်းခဲ့ "

လီဖူချန်းက သိုင်းစင်မြင့်ပေါ်ကနေ ဆက်ပြီး စိမ်ခေါ်နေပါတယ်။

" ကျောက်တုံးစိမ်း သိုင်းတက္ကသိုလ်ရဲ့ နံပါတ်၃ ထိပ်တန်းကျောင်းသား လျူချန်း "

ဘန်း ...

" နောက်တစ်ယောက် "

" ကျောက်တုံစိမ်း သိုင်းတက္ကသိုလ်ရဲ့ နံပါတ်၂ ထိပ်တန်း ကျောင်းသား ဝမ်ဟီ "

ဘန်း ...  ...

မိတ်ဆက်သံနဲ့ လက်ဝါးရိုက်ချက်က လုံးဝကို ပနံ ရလွန်းနေပါတယ်။ မိတ်ဆက်သံ ထွက်ပေါ်လာပြီး ဆက်တိုက်ဆိုသလို လက်ဝါးရိုက်ချက်က  ထွက်ပေါ် လာတော့တာပါပဲ။

သဲဝါမြေ သိုင်းတက္ကသိုလ်၊ ခြင်္သေ့ရိုင်း သိုင်းတက္ကသိုလ်နဲ့ ကျောက်တုံးစိမ်း သိုင်းတက္ကသိုလ် တို့ရဲ့ နံပါတ်၁ ထိပ်တန်းကျောင်းသားတွေ ထွက်မလာဘူး ဆိုတာကို သိလိုက်တဲ့ နောက်မှာတော့ လီဖူချန်းဟာ သူ့ရဲ့ပစ်မှတ်ကို ပြောင်းလိုက် ပါတော့တယ်။

" ငါနဲ့ လက်ရည် စမ်းချင်တဲ့သူတွေ ရှိသေးလား "

သူက အပြုံးလှိုင်း သိုင်းတက္ကသိုလ်၊ ကြက်သွေးရောင်ကျား သိုင်းတက္ကသိုလ်နဲ့  အမြဲစိမ်း တောအုပ် သိုင်းတက္ကသိုလ်တို့ရဲ့  ပွဲကြည့်စင်တွေ ဘက်ကို လှည့်ကြည့်လိုက်ပြီး စိန်ခေါ် လိုက်ပြန်ပါတယ်။ အဲသည် သိုင်းတက္ကသိုလ်တွေမှာက သိုင်းစင်မြင့်ပေါ်ကို မဆင်းလာသေးတဲ့ ကျောင်းသား တော်တော်များများ ကျန်နေသေးတာ မဟုတ်ပါလား။

" ကြက်သွေးရောင်ကျား သိုင်းတက္ကသိုလ်ရဲ့ နံပါတ်၂ ထိပိတန်းကျောင်းသား ဖန်ကျုံး "

ကြက်သွေးရောင်ကျား သိုင်းတက္ကသိုလ်ရဲ့ ပွဲကြည့်စင်ပေါ်က နေပြီး လူငယ်တစ်ယောက် ခုန်ဆင်း လာခဲ့ပါပြီ။

" တိုက်ပွဲဝင် ကျားဖြူ ဆေဘာခုတ်ချက် "

ကြီးကျယ် ခမ်းနားလှတဲ့ အရှိန်အဝါတွေ ခိုဝင်ကိန်းအောင်းနေတဲ့ ကျားဖြူကြီး တစ်ကောင်ဟာ ဖန်ကျုံးရဲ့ ဆေဘာကနေ ထွက်ပေါ်လာပြီး လီဖူချန်းကို  တိုက်ခိုက် လိုက်ပါတယ်။

ဖန်ကျုံးက သူကတော့ လီဖူချန်းကို တစ်ကွက်တည်းနဲ့ မရှုံးနိုင်လောက်ဘူး ဆိုပြီး ယုံကြည် ထားပါတယ်။  ဘာဖြစ်လို့လည်းဆိုတော့ သူ့ရဲ့ ကျားဖြူ ဆေဘာဓားသိုင်းက ပြီးပြည့်စုံခြင်း အဆင့်ကို ရောက်နေတာ အတော်လေး ကြာနေလို့ပါပဲ။  ပြီးတော့ သူ့ရဲ့ ခန္ဓာကိုယ်အပြင်အား ကျင့်ကြံမှု အဆင့်ကလည်း ကောင်းကင်နယ်ပယ်  အဆင့်မြင့်ပိုင်းကို ရောက်နေပါပြီ။  သည်ကျင့်ကြံမှု လမ်းစဉ် နှစ်မျိုးရဲ့ အစွမ်းတွေကို ပေါင်းထားတဲ့ သူရဲ့ ဆေဘာဓားချက်ဟာ  တောင်ပူစာလေး တစ်လုံးကိုတောင်မှာ နှစ်ပိုင်း ဖြတ်ပစ်နိုင်စွမ်း ရှိပါတယ်။

" သည်လောက်ပဲလားဟ။ အားနည်းလိုက်တာကွာ "

လီဖူချန်းကတော့ စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းတစ်ခါခါ ဖြစ်နေခဲ့ပါပြီ။ ဒါကြောင့်ပဲ သူက သိုင်းစင့်မြင့်ပေါ်ကို ဆင်းမလာချင်တာပါ။ သည်လူငယ်တွေက သူ့ရဲ့ ပြိုင်ဘက်ဖြစ်ဖို့ အတွက် ဆယ်နှစ်လောက် မအိပ်မနေ ကြိုးစားဖို့ လိုပါသေးတယ်။  ဒါတောင်မှ သူက သည်ဆယ်နှစ် စလုံးမှာ ဘာမှ ကျင့်ကြံခြင်း မရှိဘဲ ဂလေရိုက်ပြီး သောက်စား ပျော်ပါးနေမှ  ဖြစ်နိုင်မှာပါ။

လီဖူချန်းက ပျင်းရိပျင်းတွဲ အမူအရာဖြင့် လက်ဝါး ရိုက်ချက် တစ်ချက်ကို ထုတ်လိုက် ပါတယ်။

ဘန်း ...

ဖန်ကျုံးက ဓားရောလူပါ လေထဲကို မြှောက်တက် သွားခဲ့ပါပြီ။

မြေကမ္ဘာ အလယ်အလတ်အဆင့် အတွင်းအားကျင့်စဉ်ဖြစ်တဲ့ နေမင်းဇောအဟုန် နတ်ဘုရား ကျင့်စဉ်ရဲ့ အဆင့် ၂၂။ မြေကမ္ဘာ အလယ်အလတ်အဆင့် လက်ဝါးသိုင်းဖြစ်တဲ့ နေမင်းဇော အဟုန် လက်ဝါးသိုင်းရဲ့ ပြီးပြည့်စုံလုနီးပါး အဆင့်။ သည်ပညာရပ် နှစ်ခုကြောင့်  လီဖူချန်းဟာ ဓားကိုတောင် ထုတ်သုံးစရာ မလိုခဲ့ပါဘူး။

သည်နေရာမှာ တစ်ခု နားလည်ထားရမှာက နေမင်းဇောအဟုန် နတ်ဘုရား ကျင့်စဉ်ရဲ့ အဆင့်၂၂ဟာ မြေကမ္ဘာ အဆင့်နိမ့် အတွင်းအား ကျင့်စဉ်တစ်ခုရဲ့ အဆင့် ၂၃နဲ့ ညီမျှတယ် ဆိုတာပါပဲ။ ပြီးတော့ မြေကမ္ဘာအဆင့်နိမ့် အတွင်းအားကျင့်စဉ်တွေက အဆင့်၂၄ဆင့်ပဲ ရှိပါတယ်။

ပြီးတော့  ပြီးပြည့်စုံခြင်း အဆင့်နီးပါးကို ရောက်နေတဲ့ လီဖူချန်းရဲ့ နေမင်းဇောအဟုန် လက်ဝါးသိုင်းဟာ  မြေကမ္ဘာအဆင့်နိမ့် သိုင်းပညာရပ် တစ်ခုရဲ့  ပြီးပြည့်စုံခြင်း အဆင့်ထက်ကို ပိုအစွမ်းထက် ပါသေးတယ်။

အမှန်အတိုင်း ပြောရမယ်ဆိုရင်တော့ သည်လက်ဖက်ရည် ပွဲတော်ဟာ လီဖူချန်းအတွက်  အပျင်းပြေ ဆော့ကစား နေရသလိုပါပဲ။ သည်နေရာမှာ ရှိနေတဲ့ လူငယ်တွေဟာ လီဖူချန်းကို စိတ်လှုပ်ရှားမှု မပေးစွမ်းနိုင်ပါဘူး။

ဝိညာဉ်သန့်စင် သစ်သီးကြောင့် မို့သာပေါ့။ မဟုတ်လို့ကတော့  လီဖူချန်းဟာ သည်နေရာကို ခြေဦးတောင် လှည့်မှာ မဟုတ်ပါဘူး။

" ငါမင်းနဲ့ သိုင်းပညာ ဖလှယ်ပါရစေ "

နောက်ဆုံးမှာတော့ နံပါတ်၁ ထိပ်တန်းကျောင်းသား တစ်ယောက်ဟာ သိုင်းစင်မြင့်ပေါ်ကို ခုန်ဆင်းလာခဲ့ပါပြီ။ သူက သိုင်းစင်မြင့်ပေါ်မှာ ဘုရင်တစ်ပါးလို မင်းမူနေတဲ့ လီဖူချန်းကို ကြည့်မရတော့ပုံပါပဲ။

" ခြင်္သေ့ရိုင်း သိုင်းတက္ကသိုလ်ရဲ့ နံပါတ်၁ ထိပ်တန်းကျောင်းသား လင်းရင် "

လင်းရင်က ခြင်္သေ့ရိုင်း သိုင်းတက္ကသိုလ်ရဲ့ နံပါတ်၁ ထိပ်တန်းကျောင်းသား ဖြစ်ပြီး မနှစ်ကတည်းက လက်ထောက် ကျောင်းအုပ်ကြီးရဲ့ သီးသန့် ကျောင်းသားအဖြစ် သတ်မှတ်ခြင်း ခံထားရသူ တစ်ယောက် ဖြစ်ပါတယ်။

သူက အသက်၂၉နှစ် ရှိနေပြီ ဖြစ်ပြီး မြေကမ္ဘာအဆင့်နိမ့် အတွင်းအား ကျင့်စဉ်ဖြစ်တဲ့ ခြင်္သေ့ရိုင်း နတ်ဘုရား ကျင့်စဉ်ကိုလည်း အဆင့်၂၂အထိ လေ့ကျင့်ထားပြီးပါပြီ။ အဲသည်အတွက် သူ့ကို နံပါတ်၂ ထိပ်တန်းကျောင်းသားဖြစ်တဲ့ ချန်ဖန်းနဲ့ ယှဉ်လို့ မရပါဘူး။

လင်းရင်က ချန်ဖန်းထက်ကို အဆပေါင်းများစွာ ပိုအစွမ်း ထက်ပါတယ်။

***

All Chapters