← Chapters

ထန်တိုက်လင်နှင့်ပြန်ဆုံခြင်း

Vol. 29 Ch. 401

ထန်တိုက်လင်နှင့်ပြန်ဆုံခြင်း

Vol. 29 Ch. 401

မိုင်ပေါင်းတစ်ထောင်ခန့် ပျံသန်းလာပြီးနောက် ယဲ့ချန်သည် တိုက်ပွဲဖြစ်ပွားရာအနီးသို့ ရောက်ရှိလာခဲ့သည်။

"ထန်တိုက်လင်က ဘာလို့ ဒီကိုရောက်နေရတာလဲ"

ယဲ့ချန်သည် သူမကို နောက်တစ်ကြိမ်ပြန်ဆုံရမည်ဟု မျှော်လင့်မထားခဲ့ပေ။ လေထဲတွင် ကျင့်ကြံသူပေါင်း သုံးဆယ်ကျော်ရှိနေပြီး ငါးယောက်က အဆုံးမဲ့အဆင့်ကျင့်ကြံသူများဖြစ်ကာ ကျန်လူများသည် နတ်အဆင့်ကျင့်ကြံသူများဖြစ်ကြသည်။ သူ အာရုံမခံနိုင်သော လူတစ်ယောက်ရှိနေသဖြင့် ထိုအုပ်စုခေါင်းဆောင်မှာ ထူးကဲအဆင့်ကျင့်ကြံသူတစ်ယောက် ဖြစ်နိုင်နေသည်။ ထိုလူများက နေရာအသီးသီးခွဲဝေမတ်တပ်ရပ်နေကာ အစီအရင်တစ်ခု ခင်းကျင်းထားကြသည်။ ၎င်းက အလွန်အဆင်မြင့်သောကြောင့် လောကရှိစွမ်းအင်များကိုစုပ်ယူကာ ပြင်းထန်သောချုပ်နှောင်မှုတစ်ခုကို ဖန်တီးထားသည်။ ထိုလူများတွင် ဘုံတူညီသော အချက်တစ်ချက်ရှိနေပြီး အင်္ကျီလက်များတွင် ရွှေရောင်ဓားတစ်လက်၏ရုပ်ပုံ ရှိနေခြင်းဖြစ်သည်။ ထိုကျင့်ကြံသူများမှာ သမာဓိကောင်စီမှ ဖြစ်လေသည်။

ထန်တိုက်လင်သည် ကျင့်ကြံသူအယောက်သုံးဆယ်ကျော် ဝိုင်းရံတိုက်ခိုက်ခံနေရသည့်တိုင်အောင် မာနကြီးစွာ ပြန်လည်တိုက်ခိုက်နေသည်။ သူမ၏အဖြူရောင်ဝတ်စုံက လှပသောကောက်ကြောင်းများကို ပေါ်လွင်စေကာ လည်ပင်းတွင်ဝတ်ဆင်ထားသော အပြာရောင်ကျောက်မျက်နှင့် ရင်ညွှန့်ရိုးလေးများက ပနံရနေသည်။ ခါးတွင်ပတ်ထားသော အဖြူရောင်ကျောက်စိမ်းခါးပတ်ကလည်း နို့နှစ်ရောင်အသားအရေနှင့် လိုက်ဖက်နေသည်။ သူမ၏လက်တစ်ဖက်တွင် အဖြူရောင်ပိုးချည်ကို ဆုပ်ကိုင်ထားပြီး ကျန်တစ်ဖက်တွင် ပင်လယ်နတ်ဘုရားလှံကို ကိုင်ဆောင်ထားသည်။ သူမ၏ဆံပင်များကိုစည်းနှောင်ထားပြီး အလွန်လှပကာကျက်သရေရှိသောကြောင့် သက်တန့်ရောင်အလင်းများနှင့် တွဲဖက်လိုက်သောအခါ နတ်မိမယ်တစ်ပါးပမာ ထင်မှတ်ရသည်။ သူမ၏မျက်နှာထက်တွင် အေးစက်စက်အရှိန်အဝါတစ်ခုရှိနေသဖြင့် သာမန်ယောကျ်ားသားများ ချဥ်းကပ်မရနိုင်သော ခံစားချက်မျိုး ပေးစွမ်းနေသည်။

သူမသည် အဆင့်မြင့်ကျင့်ကြံသူများနှင့် တိုက်ခိုက်နေရသော်လည်း ထိုလူများကို အထင်သေးစက်ဆုပ်ဟန်ဖြင့် ပြိုင်ဘက်ကင်းအရှိန်အဝါကို ထုတ်ဖော်ထားသည်။

"ထန်တိုက်လင်က ဘာလို့ သမာဓိကောင်စီနဲ့ တိုက်ခိုက်နေရတာလဲ။ ဖုယုကြောင့်များလား။ မဖြစ်နိုင်ပါဘူး။ ဖုယုက သာမန်ကောင်စီခွဲခေါင်းဆောင်တစ်ယောက်ဖြစ်ပြီး နတ်ဝိဇ္ဇာတစ်ယောက်သာဖြစ်တယ်။ ထန်တိုက်လင်ကလည်း သူ့ကို မသတ်ခဲ့ပါဘူး။ သမာဓိကောင်စီက ထူးကဲအဆင့်ကျင့်ကြံသူတစ်ယောက်ကို ကောင်စီခွဲခေါင်းဆောင်လေးတစ်ယောက်ကြောင့် မတိုက်ခိုက်လောက်ပါဘူး"

ယဲ့ချန်က အတွေးနက်နေသည်။ လေထဲတွင်ရပ်နေသော ကျင့်ကြံသူများအပြင် မြေပြင်၌ တင်ပျဥ်ခွေထိုင်နေကြသော နတ်အဆင့်ကျင့်ကြံသူ ဆယ်ယောက်ကျော်ရှိသည်။ သူတို့က ထန်တိုက်လင်ကြောင့် ဒဏ်ရာရထားသဖြင့် ပြန်လည်ကုသနေပုံပေါ်သည်။ တိုက်ပွဲက အချိန်ကြာမြင့်စွာ ဖြစ်ပွားနေခဲ့ပုံပေါ်သည်။ သမာဓိကောင်စီ၏လူဆယ်ယောက်ကျော် ဒဏ်ရာရထားသော်လည်း ထန်တိုက်လင်၏မျက်နှာ အနည်းဖြူရော်နေသည်မှတစ်ပါး ဒဏ်ရာလုံးဝမရှိချေ။

"ထန်တိုက်လင် မင်းမှာ ဘာအစွမ်းမှမကျန်ဘူး။ မြန်မြန်အရှုံးပေးစမ်း။ ငါသာ တိုက်ခိုက်လိုက်ရင် မင်း တစ်ချက်တည်းနဲ့သေလိမ့်မယ်"

ခေါင်းဆောင်ဖြစ်သူက အေးစက်စက်ခြိမ်းခြောက်လိုက်သည်။ သူတို့က ထန်တိုက်လင်ကိုမျှားခေါ်ခဲ့ပြီး ထောင်ချောက်အစီအရင်အတွင်း ပိတ်လှောင်ရန် များစွာအားထုတ်ခဲ့ရသည်။ လက်ရှိတွင် အစီအရင်ကြောင့် သူမ၏စွမ်းအား ခြောက်ဆယ်ရာခိုင်နှုန်းကျော် ကုန်ခမ်းသွားသည်ဖြစ်ရာ ခေါင်းဆောင်အနေဖြင့် ဘေးထွက်ရပ်၍ မဖြစ်နိုင်တော့ပေ။ သို့သော်လည်း သူက ထန်တိုက်လင်၏လျှို့ဝှက်ကျင့်စဥ်များကို ကြောက်လန့်နေဆဲပင်ဖြစ်သည်။ သူမ၏လက်ထဲရှိ အဖြူရောင်ပိုးစနှင့် ပင်လယ်နတ်ဘုရားလှံ နှစ်ခုလုံးကလည်း အစွမ်းထက်ရတနာများဖြစ်နေခဲ့သည်။

"သမာဓိကောင်စီရဲ့ မဟာအကြီးအကဲ ဖုယွမ်ရှန်း မင်းက တော်တော်ကြောက်တတ်ပါလား။ ငါ့မှာ ခွန်အားလေးဆယ်ရာခိုင်နှုန်းပဲ ကျန်တော့တာတောင် အစီအရင်အပြင်ဘက်မှာ ပုန်းနေတယ်။ မင်းက ငါ့ကိုတိုက်ခိုက်ဖို့ သတ္တိရှိလား"

ထန်တိုက်လင်က မျက်မှောင်ကြုတ်၍ အေးစက်စက်ပြောလိုက်သည်။ သူမ၏ခန္ဓာကိုယ်ကို သက်တန့်ရောင်အလင်းများ ကာကွယ်ထားပေးပြီး ပြင်းထန်သောတိုက်ခိုက်လိုစိတ်က ဖုယွမ်ရှန်းထံ တိုးဝင်သွားခဲ့သည်။

"ထန်တိုက်လင် နင်က ငါ့ကိုရန်စဖို့ ကြိုးစားနေတာလား။ ကံမကောင်းတာက ငါက လွယ်လွယ်နဲ့ နားမယောင်တတ်ဘူး"

သို့သော် ဖုယွမ်ရှန်းက မျက်နှာပြောင်တိုက်စွာဖြင့် ခေါင်းယမ်းလိုက်သည်။ ထန်တိုက်လင်၏ခွန်အားကို သူက အလွန်ကြောက်လန့်နေသည်။ ထောင်ချောက်အစီအရင်သည် အစွမ်းထက်ကျင့်ကြံသူများကို ရင်ဆိုင်ရန်အတွက် သမာဓိကောင်စီအသုံးပြုလေ့ရှိသော အစီအရင်ဖြစ်သည်။ သူကိုယ်တိုင်ပင်လျှင် အစီအရင်အတွင်း၌ ခြောက်နာရီအထိသာ တိုက်ခိုက်နိုင်သော်လည်း ထန်တိုက်လင်ကမူ နာရီပေါင်းသုံးဆယ်ကြာသည်အထိ တိုက်ခိုက်နိုင်နေဆဲပင်ဖြစ်သည်။

"စောက်ကြောက်"

ထန်တိုက်လင်က နှာခေါင်းရှုံ့လိုက်ပြီး သူမ၏အဖြူရောင်ပိုးစမှာ အစီအရင်မှတိုက်ခိုက်လာသည့် ကောင်းကင်ချီများကို ခုခံပေးနေခဲ့သည်။

"ထန်တိုက်လင် နင်ကအရမ်းမောက်မာတယ်လို့ ငါကြားဖူးတာ မှန်နေပြီပေါ့။ နင်က ဘယ်လောက်မောက်မာပြီးသန်မာပါစေ ထောင်ချောက်အစီအရင်ကို ချိုးဖျက်နိုင်မှာလား။ ဒီနေရာက နင့်ရဲ့သင်္ချိုင်းဖြစ်လာတော့မယ်။ ပင်လယ်မိစ္ဆာတွေရဲ့နှလုံးသားက ကျင့်ကြံခြင်းကို အများကြီးအကျိုးပြုနိုင်တယ်တဲ့။ ဒီအမြုတေက ငါ့အတွက် ဖြစ်လာတော့မယ်ထင်တယ် ဟား ဟား"

ဖုယွမ်ရှန်း၏ရယ်သံက နားမခံသာနိုင်လောက်အောင် ထွက်ပေါ်လာသည်။

"မင်းက ငါ့ကို သတ်နိုင်မယ်ထင်နေတာလား။ ငါမသေခင် မင်းလည်း သေရလိမ့်မယ်"

ထန်တိုက်လင်၏မျက်နှာက ရေခဲကဲ့သို့ အေးစက်နေပြီး သူမ၏စကားသံက နှင်းကဲ့သို့ အေးစက်နေသည်။ ကောင်းကင်ချီများက သူမကိုတိုက်ခိုက်ရန် အချိန်တိုင်းကြိုးစားနေသော်လည်း ပိုးချည်စက ကာကွယ်ပေးထားနိုင်နေသည်။

"ထန်တိုက်လင် နင်က ပါရမီရှင်တစ်ယောက်ဆိုတာကို ငါ လက်ခံပါတယ်။ ဒါပေမယ့် နင်က ကံကြမ္မာအလိုအရ သေရတော့မယ်"

ဖုယွမ်ရှန်းက ဆိုးယုတ်စွာပြုံး၍ အနီရောင်ဓားတစ်လက်ကို ထုတ်ယူလိုက်သည်။ သူ၏နောက်လိုက်များကလည်း လက်နက်ကိုယ်စီထုတ်ယူပြီး အစီအရင်အတွင်း ပစ်ခတ်လိုက်ကြသည်။ လက်နက်များက ထန်တိုက်လင်ထံ ဘက်ပေါင်းစုံမှ ဝင်ရောက်သွားလေသည်။

ထန်တိုက်လင်သည် ပင်လယ်နတ်ဘုရားလှံဖြင့် ဝင်ရောက်လာသမျှလက်နက်များကို ရိုက်ထုတ်နေသည်။ လှံရိုက်ချက်အောက်တွင် ဓားရှည်သုံးလက်က အပိုင်းပိုင်းအစစဖြစ်သွားခဲ့သည်။ ထူးကဲအဆင့်ကျင့်ကြံသူတစ်ယောက်က အစွမ်းထက်ပိုင်နက်ကိုထုတ်ဖော်နိုင်ပြီး သာမန်အခြေအနေတွင် နတ်အဆင့်ကျင့်ကြံသူတစ်ယောက်မှာ သူမအတွက် ပုရွက်ဆိတ်တစ်ကောင်သာဖြစ်သည်။ သို့သော်လည်း ဆန်းကျယ်လှသော ထောင်ချောက်အစီအရင်အတွင်း သူမက မည်သည်ကိုမှမမြင်ရပေ။ လက်နက်များထွက်ပေါ်လာသည့် နေရာနှင့်အချိန်ကို ခန့်မှန်းမရသောအခါ ခွန်အားလေးဆယ်ရာခိုင်နှုန်းသာ ကျန်ရစ်သော ထန်တိုက်လင်အတွက် ကာကွယ်ရန် ခက်ခဲနေခဲ့သည်။ ထောင်ချောက်အစီအရင်သည် သမာဓိကောင်စီ၏ မဟာသတ်ဖြတ်ရေး အစီအရင်သုံးခုတွင် တစ်ခုအပါအဝင်ဖြစ်သည်။

သမာဓိကောင်စီသည် ဝိညာဥ်သားရဲများ၏ဇစ်မြစ်ကို ရှာဖွေနိုင်ခဲ့ပြီး အစွမ်းထက်ကျင့်ကြံသူများ၏ အကူအညီလိုအပ်သည်ဟုဆိုကာ ထန်တိုက်လင်ကို ဖိတ်ကြားခဲ့သည်။ မိုးကြိုးမျိုးနွယ်၊ စစ်နတ်ဘုရားကျောင်းတော်နှင့် အခြားအင်အားစုများကလည်း ကျင့်ကြံသူများ စေလွှတ်ပေးခဲ့ကြသည်။ ပင်လယ်အတွင်း၌လည်း ရေအမျိုးအစား ဝိညာဥ်သားရဲများ၏ဘေးရန်ရှိနေသောကြောင့် ထန်တိုက်လင်သည် သမာဓိကောင်စီကိုယုံကြည်၍ ကုန်းပေါ်သို့ လိုက်ပါလာခဲ့သည်။ သို့သော် သမာဓိကောင်စီသည် အရှက်မဲ့စွာဖြင့် သူမကိုဖမ်းဆီးသတ်ဖြတ်ရန် အကြံအစည်ရှိနေခဲ့သည်။

ဝိညာဥ်သားရဲများကြောင့် ဘီလီယံနှင့်ချီသော အသက်များ အန္တရာယ်ရှိနေချိန်တွင် မဟာအရှေ့ပိုင်းတိုက်ကြီး၏ နံပတ်တစ်အင်အားစုဖြစ်သော သမာဓိကောင်စီက ၎င်းတို့ကိုဖြေရှင်းရမည့်အစား အာဏာအတွက် ဆိုးယုတ်စွာကြံစည်နေခဲ့သည်။ လက်ရှိတွင် ထန်တိုက်လင်သည် မဟာအရှေ့ပိုင်းတိုက်ကြီး၏ ထိပ်တန်းကျင့်ကြံသူငါးယောက်တွင် ပါဝင်သည်။ ပင်လယ်မျိုးနွယ်နှင့် မိုးကြိုးမျိုးနွယ် မဟာမိတ်ဖြစ်သွားမည်ကို စိုးရိမ်နေသော သမာဓိကောင်စီက လက်ဦးအောင်လှုပ်ရှားလာခြင်းဖြစ်သည်။ ၎င်းသည် ကိုယ်ကျိုးအတွက် အလွန်ရှက်မဲ့စွာဖြင့် အောက်တန်းကျသောနည်းလမ်းကို အသုံးပြုလာမည်ဟု ထန်တိုက်လင်က မျှော်လင့်မထားခဲ့ပေ။ အဆုံးမရှိကျယ်ပြန့်လှသော ပင်လယ်အတွင်း အသက်ပေါင်းသန်းချီ နေထိုင်သောကြောင့် ပင်လယ်မိစ္ဆာမျိုးနွယ်၏ ထောက်တိုင်တစ်ခုဖြစ်သော သူမက ဤနေရာတွင် သေဆုံး၍မဖြစ်ပေ။

ထန်တိုက်လင်သည် ဆက်တိုက်ခုခံနေရသော်လည်း သူမ၏ခွန်အားကို တတ်နိုင်သမျှထိမ်ချန်ထားပြီး ပိုင်နက်ကိုလည်း ထုတ်ဖော်ထားခြင်းမရှိပေ။ သူမက ထောင်ချောက်အစီအရင်၏ အပြစ်အနာဆာများကိုရှာဖွေရန် တည်တည်ငြိမ်ငြိမ် စောင့်ဆိုင်းနေခဲ့သည်။ သို့သော် ရုတ်တရက်ထွက်ပေါ်လာသော လက်နက်များကြား၌ပင် အပြစ်တစ်ခုတလေ မပေါ်လာခဲ့ပေ။

ဖုယွမ်ရှန်းသည် ထန်တိုက်လင်ကို ထောင်ချောက်မိနေသော သားရဲတစ်ကောင်ပမာ စိုက်ကြည့်နေခဲ့သည်။ သူ၏အတွေးထဲတွင် သူမကို ဤမျှအစွမ်းထက်မည်ဟု ထင်မထားသောကြောင့် သက်ပြင်းတစ်ချက်ချလိုက်သည်။ ထန်တိုက်လင်သည် မဟာအရှေ့ပိုင်းတိုက်ကြီးတွင် အလှဆုံးအမျိုးသမီးသုံးယောက်အနက် တစ်ယောက်ဖြစ်သောကြောင့် သူမ၏အလှအပက ပြည်ပျက်လောက်သော အလှမျိုးဖြစ်သည်။ သာမန်လူတစ်ယောက်နှင့်မတူညီဘဲ နတ်မိမယ်တစ်ပါးပမာလှပသော သူမအပေါ် လူတိုင်းက မကောင်းသောအတွေးများ ဖြစ်ပေါ်လာတတ်သည်။ ထန်တိုက်လင်ကဲ့သို့ အေးစက်စက်အမျိုးသမီးကို ကြည့်နေသော ဖုယွမ်ရှန်း၏စိတ်ထဲတွင် တဏှာမီးများ တောက်လောင်လာသည်။ သူက ရေခဲနတ်မိမယ်လေးနှင့် ချစ်ပွဲဝင်ရမည့်မြင်ကွင်းကို ကြိုတင်စိတ်ကူးယဥ်နေခဲ့သည်။

"ငါ နင့်ကိုဖမ်းမိရင် သေချာပေါက်ကစားပြမယ်"

ဖုယွမ်ရှန်း၏မျက်နှာထက်တွင် ရာဂမီများ တောက်လောင်နေသော အပြုံးတစ်ခုဖြစ်တည်လာသည်။ သူက ရတနာများထက် ထန်တိုက်လင်ကို သိမ်းပိုက်နိုင်ရန်သာ တွေးတောကြံစည်နေခဲ့သည်။

"သမာဓိကောင်စီရဲ့အလုပ်ကို လာချောင်းကြည့်နေတာ ဘယ်သူလဲကွ"

ထိုအချိန်တွင် သူက ရုတ်တရက်အော်ဟစ်လိုက်သည်။ တစ်ဖက်လူက သူတို့ကို အချိန်ကြာမြင့်စွာ ချောင်းမြောင်းကြည့်ရှုနေခဲ့သော်လည်း သူက ယခုမှ သတိထားမိသောကြောင့် ဝိညာဥ်က အလွန်အစွမ်းထက်ရပေလိမ့်မည်။ အနည်းဆုံး နတ်အဆင့်အထက်ဖြစ်နိုင်ပြီး အဆုံးမဲ့ကျင့်ကြံသူဖြစ်နိုင်နေသောကြောင့် ရန်သူမိတ်ဆွေမခွဲခြားနိုင်သော အခြေအနေတွင် သူက သတိကြီးသွားခဲ့သည်။ အကယ်၍ မိုးကြိုးမျိုးနွယ်နှင့် ပင်လယ်မိစ္ဆာမျိုးနွယ်မှ တစ်ယောက်ယောက်ဖြစ်နေလျှင် ပြဿနာတက်သွားနိုင်သည်။ သမာဓိကောင်စီ၏ ဤစစ်ဆင်ရေးက လျှို့ဝှက်ချက်ဖြစ်ပြီး ထိုအင်အားစုများသာ ရိပ်မိသွားပါလျှင် ဖြစ်ပေါ်လာမည့်အကျိုးဆက်က မတွေးဝံ့စရာပင်ဖြစ်သည်။

"ချင်းမင် ဖန်ယု ဒီကောင့်ကို မြန်မြန်သွားဖမ်းစမ်း။ မလွတ်စေနဲ့"

ဖုယွမ်ရှန်းက ဒေါသတကြီး အမိန့်ပေးလိုက်သည်။ သူက ထန်တိုက်လင်ကို တတ်နိုင်သမျှ အမြန်ဆုံးအနိုင်ယူရန် ဆုံးဖြတ်လိုက်သည်။

"ဟုတ်ကဲ့"

အဆုံးမဲ့ကျင့်ကြံသူနှစ်ယောက်က ခေါင်းညိတ်၍ ယဲ့ချန်ရှိနေသောအရပ်သို့ ချက်ချင်းထွက်ခွာလာကြသည်။ အဆုံးမဲ့ကျင့်ကြံသူနှစ်ယောက် ထွက်ခွာသွားသောကြောင့် ထောင်ချောက်အစီအရင်က အားနည်းသွားသော်လည်း ထန်တိုက်လင်ကို ဆက်လက်ဖမ်းချုပ်ရေးအတွက် ပြဿနာမရှိပေ။

မိုင်ထောင်ချီဝေးသော အရပ်တွင်ရှိနေသည့် ယဲ့ချန်က အဆုံးမဲ့ကျင့်ကြံသူနှစ်ယောက်ကြောင့် ထိတ်လန့်သွားခဲ့သည်။ သူက အရှိန်အဝါကိုဖုံးအုပ်၍ အဝေးတစ်နေရာမှ ချောင်းကြည့်ခဲ့သော်လည်း ထူးကဲအဆင့်ကျင့်ကြံသူ၏ အာရုံအောက်မှ မလွတ်မြောက်နိုင်ခဲ့ပေ။

"ယဲ့ချန် သတိထား။ လာနေတဲ့နှစ်ယောက်မှာ တစ်ယောက်က အဆုံးမဲ့အဆင့်သုံးနဲ့ နောက်တစ်ယောက်က အဆင့်ငါးဖြစ်တယ်။ မင်း သူတို့ကို မယှဥ်နိုင်ဘူး။ နတ်ဆိုးဖိနှိပ်နာရီအတွက်လည်း ချီပြိုကွဲဆေးလုံးတွေ လုံလုံလောက်လောက် မပါဘူးမလား"

ခြင်္သေ့ကြီး၏အသံက ကောင်းကင်ကြယ်တာရာ လက်ထောက်တံဆိပ်အတွင်းမှ ထွက်ပေါ်လာသည်။

"ဆရာ ကျုပ် ထန်တိုက်လင်ကို ကယ်ချင်တယ်"

"မင်းရဲ့ခွန်အားနဲ့ သူတို့ကိုမယှဥ်နိုင်မှတော့ အသေသွားခံသလိုဖြစ်နေမှာပေါ့"

"ဒါပေမယ့် သူမက ကျုပ်အသက်ကို ကယ်ဖူးတယ်။ အခုလိုအချိန်မှာ ထွက်သွားရင် ယောက်ျားတစ်ယောက် ဖြစ်ပါဦးမလား"

"ဟား ဟား နောက်ဆုံးတော့ မင်းက ယောကျ်ားတစ်ယောက်ဖြစ်ချင်လာပြီပေါ့။ ဆရာက မင်းကိုထောက်ပံ့ပေးမယ်"

ခြင်္သေ့ကြီးက ယဲ့ချန်ကို စနောက်လိုက်သည်။ လက်ရှိအချိန်၌ပင် စနောက်နေနိုင်သော ခြင်္သေ့ကြီးကြောင့် ယဲ့ချန်က ဆွံ့အသွားခဲ့ရသည်။

အဝေးတွင် တဟုန်ထိုးပျံသန်းလာနေသော ရန်သူနှစ်ယောက်ကို စိုက်ကြည့်နေသည့် ယဲ့ချန်၏စိတ်ထဲတွင် အတွေးတစ်ခု ထွက်ပေါ်လာသည်။ သူ၏ခန္ဓာကိုယ်ပတ်လည်တွင် လျှပ်စီးများထွက်ပေါ်လာ၍ မိုးချုန်းသံတစ်ခုလည်း ထွက်ပေါ်လာလေသည်။

All Chapters