← Chapters

ယဲ့ချန်၏ဗျူဟာ

Vol. 29 Ch. 402

ယဲ့ချန်၏ဗျူဟာ

Vol. 29 Ch. 402

ယဲ့ချန်သည် ထွက်ပြေးရမည့်အစား အဆုံးမဲ့အဆင့် ရန်သူနှစ်ယောက်ထံ တည့်တည့်မတ်မတ်ပြေးဝင်သွားခဲ့သည်။ သူက ကောင်းကင်တုန်ခါဆေးအိုးကို ညာလက်ဖြင့် ပစ်ထုတ်လိုက်သောအခါ ၎င်းက အနက်ရောင်မီးများတောင်လောင်၍ တဝှီဝှီလည်ပတ်ကာ ဧရာမကြီးထွားလာသည်။ ၎င်း၏နောက်တွင် မီးတန်းတစ်ခုပင် ဖြစ်ပေါ်နေသောကြောင့် ဥက္ကာပျံတစ်ခုနှင့် တူညီနေသည်။ သူက တဟုန်ထိုးလျှပ်စီးကျင့်စဥ်ဖြင့် ဆေးအိုးကိုအမီလိုက်ကာ နောက်မှ လက်ဝါးဖြင့် ဆက်တိုက်ရိုက်ထုတ်နေသည်။ သူ၏လက်ဝါးချက်များကြောင့် ဆေးအိုး၏အရှိန်က ဖြည်းဖြည်းချင်းပို၍ မြန်ဆန်လာခဲ့သည်။

"ဒါက ဘာကြီးလဲ"

ချင်းမင်က အလွန်အမင်းမြန်ဆန်သော အရှိန်ဖြင့် ပြေးဝင်လာသည့် ဆေးအိုးကြီးကို ကြောင်ငေးနေမိသည်။

"မြန်မြန်တားလိုက်စမ်း"

တစ်ခုခုကိုတွေးမိသွားသော ဖန်းယုက ချက်ချင်းမျက်နှာပျက်သွားကာ အော်ဟစ်လိုက်သည်။ ဤမျှအရှိန်ပြင်းပြင်းဖြင့် လွင့်ပျံလာသော အရာတစ်ခုက ထောင်ချောက်အစီအရင်ကို တစ်ချက်တည်းဖြင့် ဖျက်ဆီးပစ်လိုက်နိုင်သည်။ အစီအရင်က အတွင်းမှချိုးဖျက်ရန် အလွန်တရာခက်ခဲသော်လည်း ပြင်ပအားနှင့်နှောင့်ယှက်ခြင်းခံရလျှင် ထန်တိုက်လင် လွတ်မြောက်လာနိုင်သည်။ သူတို့နှစ်ယောက်တွင် ချင်းမင်ကလူသားဖြစ်ပြီး ဖန်းယုက ကောင်းကင်သားရဲဖြစ်သည်။ ဖန်းယု၏ဝိညာဥ်က ဧရာမပုတ်သင်ကြီးတစ်ကောင်အဖြစ် အသွင်ပြောင်းသွားကာ ဆေးအိုးကိုတားမြစ်ရန် ထွက်ပေါ်လာသည်။

ယဲ့ချန်သည် ပုတ်သင်ကြီးကြောင့် ဖိအားများခံစားလိုက်ရပြီး အသက်ရှူရပင်ခက်ခဲနေသည်။ အဆုံးမဲ့အဆင့်ငါး ကျင့်ကြံသူတစ်ယောက်က အလွန်အစွမ်းထက်ပြီး အဆင့်သုံး၏ခွန်အားထက် လေးငါးဆမကသာလွန်သည်။ သာမန်အခြေအနေတွင် သူသည် ခွန်အားချင်းကွာလွန်း၍ ဖန်းယုကို ထိပ်တိုက်ရင်ဆိုင်မည်မဟုတ်သော်လည်း လက်ရှိတွင်စွန့်စားရန် အံကြိတ်ပြီး ဆုံးဖြတ်လိုက်ရသည်။ သူ၏ဝိညာဥ်အသိစိတ်က ဝိညာဥ်စစ်သည်တော်အဖြစ် ပြောင်းလဲသွားကာ လှံပုဆိန်ကြီးကိုဝင့်၍ ပုတ်သင်ကြီးထံ တိုးဝင်လိုက်သည်။

"ဆေးအိုးနောက်မှာ တစ်ယောက်ယောက်ရှိနေတယ်။ ချင်းမင် မြန်မြန်သတ်စမ်း"

ဖန်းယုသည် ဆေးအိုးနောက်မှ ပုန်းကွယ်လိုက်ပါလာသော ယဲ့ချန်ကို သတိထားမိသွားခဲ့သည်။

"ဘုန်း ဘုန်း ဘုန်း"

ဝိညာဥ်စစ်သည်တော်နှင့် ပုတ်သင်ကြီးက ပြင်းပြင်းထန်ထန်တိုက်ခိုက်လိုက်ကြပြီး ကောင်းကင်ပင် အရောင်ပြောင်းလာခဲ့သည်။ တိုက်ပွဲမှထွက်ပေါ်လာသော စွမ်းအင်လှိုင်းများကြောင့် မြေပြင်မှ တောင်ကုန်းများပြိုကျသွား၍ နေရောင်ပင် မှိန်ဖျော့သွားသည်။ ယဲ့ချန်သည် ဆေးအိုး၏အရှိန်ကို မြှင့်ရန်အတွက် လက်ဝါးဖြင့် ဆက်တိုက်ရိုက်ထုတ်နေသည်။ တစ်ချိန်တည်းမှာပင် ဝိညာဥ်စစ်သည်တော်ကို ထောက်ပံ့ရန်အတွက် ကောင်းကင်ချီများ အဆက်မပြတ်ထုတ်လွှတ်နေရသည်။ သူ၏စိတ်အတွင်းမှ ဓားပျံက တုန်ခါလာပြီး ဝိညာဥ်စွမ်းအင်ပမာဏများစွာကို ထုတ်ဖော်ပေးနေသော်လည်း စွမ်းအင်ကုန်ဆုံးနှုန်းကို အမီမလိုက်နိုင်ခဲ့ပေ။

ပုတ်သင်ကြီး၏ လက်သည်းများကြောင့် ဝိညာဥ်စစ်သည်တော်၏ရင်ဘတ်က ဟက်တက်ကွဲသွားခဲ့သည်။ ယဲ့ချန်မှာ တန်ပြန်ဒဏ်ကြောင့် ရင်ဘတ်ကို ရိုက်နှက်ခံလိုက်ရသကဲ့သို့ နာကျင်သွားပြီး သွေးများ အန်ထွက်မတတ်ဖြစ်လာသည်။ ချင်းမင်က သူ့ကိုတိုက်ခိုက်ရန် ဘေးဘက်မှဝင်ရောက်လာပြီဖြစ်သည်။ ရန်သူများက ကောင်းကင်တုန်ခါဆေးအိုးကို ထိပ်တိုက်ရင်ဆိုင်ခြင်းမရှိဘဲ ထိန်းချုပ်သူကိုသာသတ်ဖြတ်ရန် ကြံစည်ထားခြင်းဖြစ်သည်။

"နတ်ဘုရင်အဆင့်လေးကများ ငါ့ကို တိုက်ခိုက်ရဲတယ်။ သေချင်နေတာလား"

ဖန်းယုက လှောင်ပြောင်လိုက်စဥ်တွင် ပျောက်ကွယ်စပြုနေသော ဝိညာဥ်စစ်သည်တော်က ပြန်လည်ဖြစ်ပေါ်လာသည်။ ထို့နောက် ၎င်း၏လက်ထဲတွင် ငွေသံကြိုးတစ်ချောင်းထွက်ပေါ်လာကာ ပုတ်သင်ကြီးကို ရစ်ပတ်လိုက်သည်။

"မနောလက်နက် ငါ့ကိုပေးစမ်း ခွေးကောင်။ မဟုတ်ရင် မင်းကို သတ်ပစ်မယ်"

ဖန်းယုကဲ့သို့ အဆုံးမဲ့ကျင့်ကြံသူတစ်ယောက်ပင် အလွန်ရှားပါးကာ အဖိုးတန်သော မနောလက်နက်တစ်ခုကို ပိုင်ဆိုင်ထားခြင်းမရှိပေ။ နိမ့်ကျသော နတ်ဘုရင်တစ်ယောက်က ပိုင်ဆိုင်နေသောအခါ သူ၏မျက်လုံးများတွင် လောဘမီးတောက်လောင်လာသည်။

"သေချင်နေတာလား"

ယဲ့ချန်က မောက်မာသော ဖန်းယုကို အေးစက်စက်တုံ့ပြန်လိုက်သည်။

"သေစမ်း"

ဖန်းယု၏ ဒေါသတကြီးအော်သံအဆုံးတွင် ပုတ်သင်ကြီးက ဝိညာဥ်စစ်သည်တော်ထံ ခုန်အုပ်လိုက်သည်။ ဧရာမသတ္တဝါကြီးနှစ်ကောင်၏တိုက်ပွဲက ကောင်းကင်တွင် ပြင်းထန်စွာဖြစ်ပေါ်လာသည်။

ထိုအချိန်တွင် ချင်းမင်သည် ကောင်းကင်ချီများဖြင့် ယဲ့ချန်ထံ လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်သည်။ ဧကရာဇ်မင်၏ခါးပတ်က လင်းလက်လာပြီး ဖီးနစ်အော်သံတစ်ခုနှင့်အတူ အနက်ရောင်မီးငှက်ကြီးတစ်ကောင် ထွက်ပေါ်လာခဲ့သည်။ တစ်ချိန်တည်းမှာပင် ကမ္ဘာတုန်လောက်သော ဟိန်းသံနှင့်အတူ အဖြူရောင်ကြံ့ကြီးတစ်ကောင်လည်း ထွက်ပေါ်လာခဲ့သည်။ အင်မော်တယ်အမှောင်ဖီးနစ်နှင့် ကောင်းကင်ချီလင်ကြံ့သည် ချင်းမင်ထံ ပြိုင်တူဝင်ရောက်သွားကြသည်။ ချင်းမင်မှာ ရုတ်တရက်ထွက်ပေါ်လာသော နတ်သားရဲကြီးနှစ်ကောင်ကြောင့် ထိတ်လန့်သွားခဲ့သည်။ သူက နတ်သားရဲနှစ်ကောင်ကို ပြိုင်တူတိုက်ခိုက်နိုင်စွမ်းမရှိပေ။

"နေဦး တစ်ခုခုမှားနေတယ်။ နတ်သားရဲတွေက နတ်ဘုရင်အဆင့်တွေပါလား။ ဟား ဟား မင်းသေရတော့မယ်"

ချင်းမင်သည် ဟာကွက်ကို ချက်ချင်းရှာတွေ့သွားခဲ့ပြီး ရယ်မောလှောင်ပြောင်ကာ ကောင်းကင်ချီလက်ဝါးနှင့် နတ်သားရဲနှစ်ကောင်ကို တွေ့ဆုံပေးလိုက်သည်။ ဘုန်းခနဲမြည်သံနှင့်အတူ ချင်းမင်၏လက်ဝါးချက်က သားရဲကြီးနှစ်ကောင်ကိုထိမှန်သွားကာ ၎င်းတို့၏အလင်းက အနည်းငယ်မှိန်ဖျော့သွားခဲ့သည်။ အဆုံးမဲ့အဆင့်သုံး ကျင့်ကြံသူတစ်ယောက်၏တိုက်ကွက်က အလွန်အစွမ်းထက်သောကြောင့် နတ်သားရဲနှစ်ကောင်က အနိုင်ယူနိုင်စွမ်းမရှိသော်လည်း ခဏတာတားမြစ်နိုင်စွမ်းရှိနေသည်။ ထိုအချိန်တွင် ယဲ့ချန်နှင့် ကောင်းကင်တုန်ခါဆေးအိုးက လျင်မြန်စွာ ဖြတ်ကျော်သွားခဲ့သည်။

ဖန်းယုကို ဝိညာဥ်စစ်သည်တော်က တားမြစ်ထားပြီး ချင်းမင်ကို နတ်သားရဲနှစ်ကောင်က အလုပ်ရှုပ်စေခဲ့သောအခါ ယဲ့ချန်ဖြတ်ကျော်သွားသည်ကို ကြည့်နေရုံသာတတ်နိုင်ခဲ့သည်။ သူတို့က ချက်ချင်းပြေးလိုက်ချင်သော်လည်း ယဲ့ချန်က မျက်တောင်တစ်ခတ်အတွင်း မိုင်တစ်ရာအဝေးသို့ ရောက်သွားခဲ့သည်။ တဟုန်ထိုးလျှပ်စီးကျင့်စဥ်ကို သူက အစွမ်းကုန်ထုတ်ဖော်ထားသောအခါ သူ၏အရှိန်က အဆုံးမဲ့ကျင့်ကြံသူများအောက် မနိမ့်ပေ။ ချင်းမင်နှင့်ဖန်းယုသည် ပြိုင်ဘက်များကိုတွန်းလှန်၍ လိုက်ပါသွားခဲ့သော်လည်း အမီမလိုက်နိုင်ကြပေ။ ဖန်းယုက ဖုယွမ်ရှန်းထံ အခြေအနေကို ဝိညာဥ်အသိစိတ်နှင့်တင်ပြ၍ သတိပေးလိုက်သည်။

"အမှိုက်ကောင်တွေ လူတစ်ယောက်တည်းကို မတားမြစ်နိုင်ဘူး"

ဖုယွမ်ရှန်းက အဝေးသို့ကြည့်လိုက်သောအခါ မီးဥက္ကာခဲတစ်လုံးပမာ ဝင်ရောက်လာနေသော ဆေးအိုးကြီးကိုမြင်လိုက်ရသဖြင့် မျက်နှာတစ်ခုလုံး မည်းနက်သွားခဲ့သည်။ အကယ်၍ ၎င်းသာ ထောင်ချောက်အစီအရင်ကိုထိမှန်သွားလျှင် ချက်ချင်းပျက်စီးသွားနိုင်သည်။ ထောင်ချောက်အစီအရင် ပျက်စီးသွားလျှင် သူကိုယ်တိုင်ပင်မယှဥ်နိုင်သော ထန်တိုက်လင် လွတ်မြောက်လာမည်ဖြစ်သည်။

"ဒီကောင့်ကို အစွမ်းကုန်တားကြစမ်း"

ဖုယွမ်ရှန်းသည် မြေပြင်တွင် ဒဏ်ရာကုသနေကြသော ငယ်သားများကို အမိန့်ပေးလိုက်သည်။

"ဟုတ်ကဲ့"

နတ်အဆင့်ကျင့်ကြံသူဒါဇင်ချီက ပြိုင်တူအော်ဟစ်၍ ယဲ့ချန်ထံ ချက်ချင်းပြေးဝင်သွားကြသည်။

ထောင်ချောက်အစီအရင်အတွင်းရှိနေသော ထန်တိုက်လင်သည် ပတ်ဝန်းကျင်ကိုမမြင်ရသော်လည်း ကျယ်လောင်သောပေါက်ကွဲသံများကို ကြားနိုင်ခဲ့သည်။ ဤအသံများကိုအခြေခံ၍ အနည်းဆုံး အဆုံးမဲ့အဆင့်ကျင့်ကြံသူများ တိုက်ခိုက်နေခြင်းဖြစ်ကြောင်းကို သူမက ကောက်ချက်ချလိုက်သည်။ ထို့ကြောင့် စစ်ကူများ ရောက်လာခြင်းဖြစ်နိုင်သည်ဟု ခန့်မှန်းလိုက်သည်။

"အသက်မရဏပိုင်နက်"

ထန်တိုက်လင်၏လက်ထဲရှိ ပင်လယ်နတ်ဘုရားလှံက ရုတ်တရက်တောက်ပလာသည်။ ပတ်ဝန်းကျင်တွင် ငွေရောင်ချပ်ကာဝတ်ဆင်ထားသော ပင်လယ်မိစ္ဆာများစွာ၏ပုံရိပ်များ ထွက်ပေါ်လာသည်။ အစွမ်းထက်ရေချီများက ပြင်းထန်သော မုန်တိုင်းတစ်ခုအသွင်နှင့်ထွက်ပေါ်လာ၍ ထောင်ချောက်အစီအရင်ကို တဘန်းဘန်းနှင့် ဝင်ဆောင့်သွားခဲ့သည်။ ကောင်းကင်က အနက်ရောင်ပြောင်းသွားပြီး ငရဲပြည်၏တံခါးပွင့်လာသကဲ့သို့ အဖျက်အဆီးစွမ်းအင်များ ထွက်ပေါ်လာခဲ့သည်။

အစီအရင်ကိုထိန်းချုပ်နေသူများမှာ ဖိအားကြီးတစ်ရပ်ကို ခံစားလိုက်ရသဖြင့် မျက်နှာထားများ ပြောင်းလဲသွားကြသည်။ ထန်တိုက်လင်က တစ်ချိန်လုံးသည်းခံနေခဲ့ပြီး အခွင့်အရေးရသောအခါ စွမ်းအားကို ရာနှုန်းပြည့်ထုတ်ဖော်လိုက်ခြင်းဖြစ်သည်။

"ဒီမိန်းမက ကြောက်စရာကောင်းလွန်းတယ်"

ဖုယွမ်ရှန်းက မျက်မှောင်ကြုတ်လိုက်သည်။ ထောင်ချောက်အစီအရင်သည် ရေချီမုန်တိုင်းကြောင့် ပြိုကွဲမတတ်ဖြစ်နေသဖြင့် သူနှင့်ငယ်သားများ က၎င်းကိုတည်ငြိမ်စေရန် ကောင်းကင်ချီများ ပိုမိုထောက်ပံ့ပေးနေရသည်။

"ထန်တိုက်လင်ရဲ့ပိုင်နက်ကလည်း အစွမ်းထက်လွန်းတယ်။ သူမက ထိပ်တန်းကျင့်ကြံသူငါးယောက်ထဲမှာပါနေတာ မထူးဆန်းတော့ဘူး"

ဖုယွမ်ရှန်းသည် အစီအရင်ကိုတလှည့် လျှပ်ပြက်သကဲ့သို့ဝင်ရောက်လာနေသော ကောင်းကင်တုန်ခါဆေးအိုးကိုတလှည့် ကြည့်လိုက်မိသည်။ သူက ဤပြဿနာကိုအဆုံးသတ်ရန် ထန်တိုက်လင်ကို အမြန်ဆုံးသတ်ရပေလိမ့်မည်။

"သတ်ဖြတ်ရေးပိုင်နက်"

ဖုယွမ်ရှန်းသည် ပိုင်နက်၏စွမ်းအားနှင့် လက်ထဲရှိအနီရောင်ဓားကို ပေါင်းစပ်ကာ ပစ်ခတ်လိုက်သည်။ ထိုဓား၏အစွမ်းကြောင့် ပတ်ဝန်းကျင်လေထုပင် တွန့်လိမ်သွားခဲ့သည်။ အနီရောင်ဓားက အစီအရင်အတွင်းဝင်ရောက်သွားပြီး ရှေးမနှောင်းခင် ထန်တိုက်လင်၏ကြုံးဝါးသံ ထွက်ပေါ်လာသည်။

"မိန်းမလှလေးတစ်ယောက်ကို ဒီလိုသတ်လိုက်ရတာ နှမြောစရာကောင်းတယ်။ နင့်ကိုယ်နင်ပဲ အပြစ်တင်လိုက်"

ဖုယွမ်ရှန်းက ဆိုးယုတ်စွာ ရယ်မောလိုက်သည်။ သူသည် ထန်တိုက်လင်နှင့်မပျော်ပါးရသောကြောင့် နောင်တရနေသော်လည်း လက်ရှိတွင် သူမကိုသတ်ဖြတ်ရန်က ပို၍အရေးကြီးနေသည်။ သို့သော် သူက ဓားကိုပြန်လည်ဆွဲယူရန် ညာလက်ကိုယမ်းလိုက်သောအခါ မျက်နှာပျက်သွားခဲ့သည်။ သူက ထောင်ချောက်အစီအရင်အတွင်း ကြည့်လိုက်သောအခါ ထန်တိုက်လင်၏ပိုင်နက်ကို ထိုးဖောက်မမြင်နိုင်သောကြောင့် ရေချီမုန်တိုင်းကြီးကိုသာ မြင်နေရသည်။ သူ၏တိုက်ကွက်တွင် ထန်တိုက်လင်က မသေခဲ့ပေ။

"ဘန်း"

ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာသောကြောင့် အနီရောင်ဓားပျက်စီးသွားသည်ကို ခံစားလိုက်ရသော ဖုယွမ်ရှန်းက မျက်လုံးပြူးသွားခဲ့သည်။ ၎င်းကို အကောင်းဆုံးကုန်ကြမ်းများနှင့်ပြုလုပ်ထားပြီး ထိခိုက်နေသော လက်နက်ဝိညာဥ်ကြောင့် မြေအဆင့်ကိုမမီနိုင်သော်လည်း လူသားအဆင့်လက်နက်များတွင် အလွန်အစွမ်းထက်သည်။ သို့သော် လက်ရှိတွင် ၎င်းက ကျိုးပဲ့သွားပြီဖြစ်သည်။

"ထန်တိုက်လင် ငါ နင့်ကို အပိုင်းပိုင်းအစစလုပ်ပစ်မယ်"

အနီရောင်ဓားက သူ၏အဖိုးတန်ရတနာဖြစ်သောကြောင့် ဖုယွမ်ရှန်းက ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။

၎င်းက အစွမ်းထက်သော်လည်း ပင်လယ်နတ်ဘုရားလှံနှင့်ယှဥ်လျှင် နိမ့်ကျနေခဲ့သည်။ ထောင်ချောက်အစီအရင်အတွင်းရှိနေသော ထန်တိုက်လင်၏ရင်ဘတ်တွင် ဓားဒဏ်ရာတစ်ခုရှိနေပြီး အဖြူရောင်ဝတ်စုံတွင် သွေးများစွန်းထင်းနေသည်။ သူမက ဒဏ်ရာရထားသော်လည်း တည်ငြိမ်အေးစက်နေဆဲပင်ဖြစ်ပြီး လူကောင်းပကတိပမာ မားမားမတ်မတ်ရပ်နေခဲ့သည်။ သူမသည် ရေချီများကိုဆက်တိုက်ထုတ်ဖော်၍ ထောင်ချောက်အစီအရင်ကို အဆက်မပြတ်တိုက်ခိုက်လိုက်သောကြောင့် အကြိမ်အနည်းငယ်ခန့် ကျိုးပျက်လုနီးပါးဖြစ်လာသည်။

အစီအရင်ကို ထိန်းချုပ်နေသူများမှာ ထန်တိုက်လင် လွတ်မြောက်လာမည်ကို အလွန်ထိတ်လန့်နေုကြသည်။ သမာဓိကောင်စီ၏ ခေါင်းဆောင်သုံးယောက်တွင်သာ ဤစွမ်းအားမျိုး ပိုင်ဆိုင်ထားကြသည်။

ဖုယွမ်ရှန်းသည် ပစ်မှတ်ကိုမသတ်နိုင်ရုံသာမက အဖိုးတန်လက်နက်တစ်ခုပင် ဆုံးရှုံးခဲ့ရသည်။ သူက ဒေါသတကြီးဖြင့် ကောင်းကင်ချီများကို ဆက်တိုက်ထုတ်ဖော်နေရင်း ကောင်းကင်တုန်ခါဆေးအိုးကို တစ်ချက်စိုက်ကြည့်လိုက်သည်။ အကယ်၍ သူ၏ငယ်သားများသာ ၎င်းကိုမတားမြစ်နိုင်ခဲ့လျှင် ဆေးအိုးအနီးရောက်လာပါက သူကိုယ်တိုင် တိုက်ခိုက်ရပေလိမ့်မည်။

ကောင်းကင်တုန်ခါဆေးအိုးသည် ထောင်ချောက်အစီအရင်အနီး မိုင်တစ်ရာအကွာသို့ ရောက်လာခဲ့သည်။ ၎င်း၏ အလွန်လျင်မြန်သော အရှိန်ကြောင့် အစီအရင်ကို အသက်ရှူချိန် ဒါဇင်အနည်းငယ်အတွင်း ဝင်ဆောင့်သွားမည်ဖြစ်လေသည်။

All Chapters