← Chapters

စိတ် ဝိညာဥ်နှင့် နှလုံးသား

Vol. 29 Ch. 403

စိတ် ဝိညာဥ်နှင့် နှလုံးသား

Vol. 29 Ch. 403

နတ်အဆင့်ကျင့်ကြံသူ ဆယ်ယောက်ကျော်က ကောင်းကင်ချီ၊ ဝိညာဥ် ၊လက်နက်စသော သေစေနိုင်သည့် တိုက်ကွက်ပေါင်းစုံနှင့် ယဲ့ချန်ကို တိုက်ခိုက်လိုက်ကြသည်။ ကောင်းကင်တုန်ခါဆေးအိုးက ရှေ့သို့ဆက်လက်တိုးဝင်နေပြီး ရန်သူများက ၎င်းကိုမတားမြစ်နိုင်သောအခါ ယဲ့ချန်သည် ပစ်မှတ်ဖြစ်လာခဲ့သည်။

"သမာဓိကောင်စီရဲ့အလုပ်ကို လာရှုပ်ရင် သေရမယ်"

နတ်အဆင့်ကျင့်ကြံသူများက အော်ဟစ်ကြုံးဝါးလိုက်သည်။

"သမာဓိကောင်စီရဲ့ ဘာမဟုတ်တဲ့ နောက်လိုက်ခွေးတွေက မောက်မာလှချည်လား"

ယဲ့ချန်က လှောင်ပြုံးပြုံးလိုက်ပြီး ခရမ်းရောင်နတ်ဆိုးချပ်ဝတ်ကို အတွေးတစ်ချက်နှင့် ထုတ်ဖော်လိုက်သည်။ ရန်သူများ၏တိုက်ကွက်များက သူ၏ကိုယ်ပေါ်သို့ မိုးသီးမိုးပေါက်များပမာ တဘန်းဘန်းကျဆင်းလာသော်လည်း အမွေးတစ်မျှင်ကိုပင် မထိခိုက်နိုင်ခဲ့ပေ။ နတ်ဆိုးချပ်ဝတ်က အနည်းငယ်သာတုန်ခါသွားပြီး မျက်စိကျိန်းစပ်လောက်အောင် တောက်ပနေသည်။ ရန်သူများက ခဏတာမင်သက်သွားပြီးနောက် ယဲ့ချန်ဝတ်ဆင်ထားသော ချပ်ဝတ်က အဖိုးတန်နတ်ဆိုးချပ်ဝတ်ဖြစ်ကြောင်း သဘောပေါက်သွားကြသည်။ ပိုလင်း၏နတ်ဆိုးချပ်ဝတ်အပြင် ပျောက်ကွယ်နေသော နတ်ဆိုးချပ်ဝတ်တစ်စုံရှိကြောင်းကို သူတို့က နားလည်ထားကြသည်။

ထိုအချိန်တွင် ယဲ့ချန်က ဓားသုံးလက်အစီအရင်နှင့် ချက်ချင်းတန်ပြန် တိုက်ခိုက်လိုက်သည်။

"သေစမ်း"

ယဲ့ချန်၏ လက်တစ်ချက်အဝှေ့တွင် လက်ပြတ်များက လေပေါ်သို့ လွင့်ပျံသွားကြသည်။ ရန်သူများက ဓားသုံးလက်အစီအရင်ကြောင့် နာကျင်စွာအော်ဟစ်၍ ဒဏ်ရာအသီးသီးရသွားကြသည်။ ပုံမှန်အခြေအနေတွင် ယဲ့ချန်သည် များပြားလှသော နတ်အဆင့်ရန်သူများကို အလွယ်တကူဒဏ်ရာရစေနိုင်မည် မဟုတ်ပေ။ သူ၏နတ်ဆိုးချပ်ဝတ်ကြောင့် ရန်သူများကြောင်အသွားသည်ကို အခွင့်ကောင်းယူကာ ဓားသုံးလက်အစီအရင်ဖြင့် လျှပ်တပြက်တိုက်ခိုက်လိုက်ခြင်းဖြစ်သည်။

"ဘန်း ဘန်း"

နတ်ဝိဇ္ဇာနှစ်ယောက်က ကောင်းကင်တုန်ခါဆေးအိုးကို ရပ်တန့်ရန် မျက်နှာချင်းဆိုင်မှ လက်ဝါးဖြင့် ရိုက်ချလိုက်ကြသည်။ သို့သော် ၎င်းက အနည်းငယ်သာတုန်ခါသွားပြီး ထိုလူနှစ်ယောက်ကသာ တန်ပြန်အားလှိုင်းကြောင့် သွေးပွက်ပွက်အန်လိုက်ရသည်။ နောက်ဆုံးတွင် ရန်သူများသည် ကောင်းကင်တုန်ခါဆေးအိုးက ကောလဟာလများအတိုင်း အစွမ်းထက်ကြောင်း နားလည်သွားကြသည်။ ယဲ့ချန်က ၎င်းကို နောက်မှလက်ဝါးဖြင့် အားကုန်ရိုက်ထုတ်လိုက်သောအခါ ထောင်ချောက်အစီအရင်ထံ တဟုန်ထိုးဝင်ရောက်သွားလေသည်။

"ပျက်စီးလိုက်စမ်း"

ယဲ့ချန်က အော်ဟစ်ကြုံးဝါးလိုက်သည်။ သူက အစီအရင်ကိုဖျက်ဆီးနိုင်လျှင် ထန်တိုက်လင်က အစွမ်းထက်သောကြောင့် ချက်ချင်းလွတ်မြောက်လာနိုင်သည်။ ဖုယွမ်ရှန်းသည် သူ၏နောက်လိုက် ဆယ်ယောက်ကျော်က ယဲ့ချန်ကိုမတားမြစ်နိုင်ကြောင်း သိလိုက်ရသောအခါ ဒေါသူပုန်ထသွားခဲ့သည်။

"နတ်ဆိုးချပ်ဝတ် ကောင်းကင်တုန်ခါဆေးအိုး မင်းမှာ ရတနာတွေအများကြီးရှိနေပါလား။ ဒါပေမယ့် သမာဓိကောင်စီကိုစော်ကားရင် သေကိုသေရမယ်"

ဖုယွမ်ရှန်းက လက်သီးတစ်ချက် ထုတ်ဖော်လိုက်သောအခါ ရွှေရောင်အလင်းတန်းများ ပြန့်ထွက်လာသည်။ လက်သီးချက်ကို သာမန်ထုတ်ဖော်လိုက်ခြင်းသာဖြစ်သော်လည်း လေထုကိုဖျက်ဆီးနိုင်သော လက်သီးစွမ်းအားအချို့ ပါဝင်နေသည်။ ၎င်းက ကောင်းကင်တုန်ခါဆေးအိုးကို ဘုန်းခနဲထိမှန်သွားခဲ့ပြီး လေထဲတွင်ရပ်တန့်သွားအောင် စွမ်းဆောင်နိုင်ခဲ့သည်။ ရှေးဟောင်းနတ်ရတနာတစ်ခုဖြစ်သော ဆေးအိုးကို ဖုယွမ်ရှန်း၏လက်သီးချက် မည်မျှအစွမ်းထက်ပါစေ ဖျက်ဆီးနိုင်မည်မဟုတ်ချေ။ သို့သော် ပိုင်ရှင်ဖြစ်သော ယဲ့ချန်က ၎င်း၏အစွမ်းအပြည့်ကို မထုတ်ဖော်နိုင်သောအခါ ဖုယွမ်ရှန်းက ၎င်းကိုတားမြစ်ရန် အမှန်တကယ်စွမ်းဆောင်နိုင်ခဲ့သည်။ ဆေးအိုးအဝတွင် ကြီးမားသောဝဲတစ်ခု ဖြစ်ပေါ်လာကာ လက်သီးစွမ်းအင်များကို တစ်စက်မကျန် စုပ်ယူပစ်လိုက်သည်။

"ရှေးဟောင်းနတ်ရတနာတစ်ခုက ဒီလောက်ပဲတတ်နိုင်တာလား"

ဖုယွမ်ရှန်းက လက်သီးချက်များ တရစပ်ထုတ်ဖော်လိုက်သောကြောင့် ကောင်းကင်တုန်ခါဆေးအိုးမှာ လေထဲတွင် နှေးကွေးလာပြီး ရှေ့မဆက်နိုင်တော့ပေ။ ယဲ့ချန်က ၎င်းကို ရှေ့ဆက်သွားနိုင်စေရန် လက်ဝါးချက်များ ထုတ်ဖော်လိုက်သော်လည်း ဖုယွမ်ရှန်းနှင့် ခွန်အားချင်း အလွန်ကွာခြားနေခဲ့သည်။ အကယ်၍ ကောင်းကင်တုန်ခါဆေးအိုးသာ အမှန်တကယ်ရပ်တန့်သွားလျှင် ဖုယွမ်ရှန်းက ယဲ့ချန်ကို သေချာပေါက်လာသတ်မည်ဖြစ်သည်။ ထူးကဲအဆင့်ကျင့်ကြံသူတစ်ယောက်က သူ့ကို လက်တစ်ချောင်းတည်းဖြင့် ချေမွပစ်လိုက်နိုင်သည်။

"နတ်ဆိုးဖိနှိပ်နာရီ"

ယဲ့ချန်သည် နောက်ထပ်ရတနာတစ်ခုကိုထုတ်ယူ၍ လက်မောင်းကာအတွင်းမှ ချီပြိုကွဲဆေးလုံးများစွာ ထည့်သွင်းလိုက်သည်။ သူ့ထံတွင် ဆေးလုံးများစွာမပါလာသော်လည်း သိန်းချီသော အရေအတွက်တစ်ခုရှိသောကြောင့် ၎င်းကို တစ်ကြိမ်အသက်သွင်းရန်အတွက် ပြဿနာမရှိချေ။ နာရီက ချက်ချင်းကြီးမားလာ၍ ထောင်ချောက်အစီအရင်ကို ထိန်းချုပ်နေသူများထံ ပျံသန်းသွားခဲ့သည်။ ထိန်းချုပ်နေသူများအနက် အချို့ကို ၎င်းက ဖမ်းချုပ်လိုက်နိုင်လျှင် အစီအရင်တွင် အပြစ်အနာဆာများဖြစ်ပေါ်လာ၍ ထန်တိုက်လင် လွတ်မြောက်လာနိုင်သည်။

"ဒီခွေးကောင်မှာ ရတနာတွေ အများကြီးရှိနေပါလား။ နောက်ထပ်အစွမ်းထက်ရတနာတစ်ခုတောင် ထပ်ထွက်လာပြန်ပြီ။ ဒီကောင်ကြောင့် ထောင်ချောက်အစီအရင် ပျက်စီးသွားလို့မဖြစ်ဘူး။ သေစမ်း"

ဖုယွမ်ရှန်းက ဤသို့တွေးတော၍ လက်ချောင်းဖြင့် နတ်ဆိုးဖိနှိပ်နာရီကိုချိန်ရွယ်ကာ ရွှေရောင်စွမ်းအင်အလင်းတစ်ခုနှင့် ပစ်ခတ်လိုက်သည်။

"ဘန်း"

၎င်းက နာရီကို ထိမှန်သွားသောအခါ နတ်ဆိုးဖိနှိပ်နာရီ၏အလင်းက မှိန်ဖျော့သွားကာ အဝေးသို့လွင့်ထွက်သွားသည်။ နာရီက လူသားအဆင့် ရတနာတစ်ခုသာဖြစ်သည်။ ဖုယွမ်ရှန်းသည် ရှေးဟောင်းရတနာတစ်ခုဖြစ်သော ကောင်းကင်တုန်ခါဆေးအိုးကို အနိုင်မယူနိုင်သော်လည်း ၎င်းကို အနိုင်ယူနိုင်စွမ်းရှိနေခဲ့သည်။ ထူးကဲအဆင့်ကျင့်ကြံသူတစ်ယောက်၏အစွမ်းက အမှန်တကယ် ကြောက်စရာကောင်းပေသည်။ နတ်ဆိုးဖိနှိပ်နာရီ လွင့်ထွက်သွားသော မြင်ကွင်းကြောင့် ယဲ့ချန်က မျက်နှာပျက်သွားခဲ့သည်။ သူက လွင့်ထွက်သွားသော ၎င်းကို ပြန်သိမ်းလိုက်သည်။ နတ်ဆိုးဖိနှိပ်နာရီက ကျုံ့ဝင်သွားကာ လက်မောင်းကာအတွင်း ဝင်ရောက်သွားခဲ့သည်။ လက်ရှိတွင် ဖုယွမ်ရှန်းကာကွယ်နေသော ထောင်ချောက်အစီအရင်ကို ယဲ့ချန်က အနီးပင်မကပ်နိုင်သောကြောင့် ဖျက်ဆီးရန်မဖြစ်နိုင်ချေ။

"ခွေးကောင် မင်းမှာ ဝှက်ဖဲတွေဘယ်လောက်ရှိရှိ အဆုံးမဲ့ခွန်အားရှေ့မှာ အမှိုက်တစ်ခုထက် မပိုဘူး။ သေစမ်း"

"ကောင်းကင်တောင်လက်ဝါးသိုင်း"

ဖုယွမ်ရှန်းက အေးစက်စက်ရေရွတ်၍ သတ္တုချီများကိုထုတ်ဖော်ကာ ယဲ့ချန်အား လက်ဝါးဖြင့် ရိုက်ချလိုက်သည်။ သူ၏လက်ဝါးချက်တွင် သတ္တုချီများက တောင်တန်းကြီးများကဲ့သို့ စုစည်းသွားကာ ယဲ့ချန်အပေါ် ကျရောက်လာသည်။ ခဏအတွင်း ကြောက်မက်ဖွယ်ဖိအားကြီးတစ်ရပ် ကျဆင်းလာသောကြောင့် ယဲ့ချန်မှာ ရွေ့ပင်မရွေ့နိုင်တော့ဘဲ သွေးကြောများ ဖျက်ဆီးခံလိုက်ရသကဲ့သို့ ခံစားနေရသည်။

"အစွမ်းထက်လိုက်တဲ့ လက်ဝါးသိုင်း"

သူ၏အရိုးများက အစွမ်းထက်ဖိအားအောက်တွင် ဂျိုးဂျိုးဂျွတ်ဂျွတ်မြည်သံများ ထွက်ပေါ်လာသည်။ ဝိညာဥ်စစ်သည်တော်ထွက်ပေါ်လာပြီး မြေပြင်တွင်မတ်တပ်ရပ်ကာ လက်နှစ်ဖက်ကိုမြှောက်ပြီး သတ္တုချီများကို ပင့်ထားလိုက်သည်။ သို့သော်လည်း တစ်ဖက်လူက အလွန်အစွမ်းထက်သောအခါ ၎င်း၏ခါးကကိုင်းညွှတ်၍ ကွေးစပြုလာသည်။

"ဒီလိုအစွမ်းထက်ဝိညာဥ်မျိုး ထုတ်ဖော်နိုင်မှတော့ သေချာပေါက် ပါရမီရှင်ဖြစ်ရမယ်။ နတ်ဘုရင်အဆင့်လေးနဲ့ သမာဓိကောင်စီကို လာစော်ကားရင်တော့ သေရမှာပဲ။ ငါ့ကောင်းကင်ချီအများစုကို ထန်တိုက်လင်ကိုဖိနှိပ်ဖို့ သုံးထားရလို့ ခွန်အားဆယ်ပုံတစ်ပုံကိုသာ ထုတ်ဖော်နိုင်တယ်။ ဒါပေမယ့် မင်းလိုပုရွက်ဆိတ်လေးကို ဒီအစွမ်းလောက်နဲ့တင် ချေမွပစ်လိုက်နိုင်တယ်"

ဖုယွမ်ရှန်းက နှာခေါင်းရှုံ့၍ လှောင်ပြောင်လိုက်သည်။ ယဲ့ချန်၏ရတနာများနှင့် တိုက်ကွက်များက သူ့ကိုအံ့သြစေခဲ့သော်လည်း ခြိမ်းခြောက်နိုင်စွမ်းတော့ မရှိပေ။ နတ်ဘုရင်တစ်ယောက်က ထူးကဲအဆင့်တစ်ယောက်ကို ရင်ဆိုင်တိုက်ခိုက်လိုခြင်းမှာ ဟာသတစ်ခုဖြစ်သည်။

"ဘန်း ဘန်း ဘန်း"

ဝိညာဥ်စစ်သည်တော်၏ကိုယ်ပေါ်တွင် အက်ကြောင်းများ ပြည့်နှက်လာသည်။ ဖုယွမ်ရှန်း၏လက်ဝါးမှ ဖိအားကြောင့် တစ်ကိုယ်လုံးတင်းကျပ်လာသည်ဟု ယဲ့ချန်က ခံစားလိုက်ရသည်။

"ထူးကဲအဆင့်တစ်ယောက်က ပြိုင်ဘက်ကင်း မဟုတ်ဘူးကွ။ မင်း ငါ့ကိုသတ်နိုင်တယ်ဆိုတာ မယုံဘူး"

ယဲ့ချန်က အော်ဟစ်ကြုံးဝါးနေသော်လည်း ခန္ဓာကိုယ်က တစ်လက်မပင်မရွေ့နိုင်ချေ။ သို့သော် အစွမ်းထက်ဖိအားအောက်တွင် ယဲ့ချန်၏စိတ်က အလွန်ရှင်းလင်းနေသည်။ ကောင်းကင်ချီများက သူ့ကို ဘက်ပေါင်းစုံမှဖိနှိပ်နေသော်လည်း သူက ဖုယွမ်ရှန်းကို မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေသည်။

"နှလုံးသားနှင့်စိတ် တစ်သားတည်းအဖြစ်သို့ စိတ်နှင့်ဝိညာဥ် တစ်သားတည်းအဖြစ်သို့ နှလုံးသားနှင့်ဝိညာဥ် တစ်သားတည်းဖြစ်သွားလျှင် တိုက်ပွဲတိုင်းတွင် ပြိုင်ဘက်ကင်းပေလိမ့်မည်"

ကြယ်တာရာဘုံးကိုးလွှာကျင့်စဥ်မှ သဘောတရားတစ်ခုက ယဲ့ချန်၏ခေါင်းအတွင်း ထွက်ပေါ်လာသည်။ မူလတွင် သူက ၎င်းကို အပြည့်အဝသဘောမပေါက်နိုင်ခဲ့ဘဲ ဆန်းကျယ်မှုကို ခပ်ရေးရေးသာ ဖမ်းဆုပ်နိုင်ခဲ့သည်။ နှလုံးသားက လူ့ခန္ဓာကိုယ်၊ စိတ်က ဆန္ဒနှင့် ဝိညာဥ်က နတ်ဝိညာဥ်ကို ကိုယ်စားပြုသည်။ နှလုံးသားနှင့်ဝိညာဥ်ကို ဆက်သွယ်ပေးနိုင်သည်မှာ စိတ်ဖြစ်သည်။ သူ၏ရုပ်ခန္ဓာရော ဝိညာဥ်အသိစိတ်ပါ ပျက်စီးလုနီးပါးအထိ ဖိနှိပ်ခံလိုက်ရသောအခါ နာကျင်မှုက သူ၏အလားအလာကို အမှန်တကယ်လှုံ့ဆော်ပေးနိုင်ခဲ့သည်။

ယဲ့ချန်က ထိုသဘောတရားကို ဉာဏ်အလင်းပွင့်သွားပြီး ကောင်းကင်ချီများက ခန္ဓာကိုယ်အတွင်း၌ ဆက်တိုက်တိုးတက်လာသည်။ ဝိညာဥ်စစ်သည်တော်က ဗုဒ္ဓရုပ်ပွားတော်တစ်ဆူသဖွယ် တင်ပျဥ်ခွေထိုင်ချလိုက်သည်။ ထို့နောက် ၎င်းက ယဲ့ချန်၏ခန္ဓာကိုယ်နှင့် တစ်သားတည်းဖြစ်သည်အထိ ကျုံ့ဝင်သွားခဲ့သည်။ နောက်ဆုံးတွင် ဝိညာဥ်နှင့်ရုပ်ခန္ဓာက တစ်သားတည်းပေါင်းစပ်၍ ထပ်တူကျသွားခဲ့သည်။ ထိုအချိန်တွင် ယဲ့ချန်၏ခန္ဓာက သန့်စင်ခံလိုက်ရသကဲ့သို့ အရေပြားပေါ်တွင် ရွှေရောင်တဖိတ်ဖိတ်တောက်ပလာသည်။ ထို့အပြင် ခရမ်းရောင်မီးတောက်များကလည်း သူ့ကို လွှမ်းခြုံတောက်လောင်နေသောကြောင့် မီးလူသားတစ်ယောက်ပမာ ထင်မှတ်ရသည်။ ခရမ်းရောင်နတ်ဆိုးချပ်ဝတ်၏ ဆန်းကျယ်သောရုန်းများ တောက်ပလာပြီး ပိုမိုအသက်ဝင်လာဟန်တူသည်။ ဝိညာဥ်က ရုပ်ခန္ဓာကို သန်မာစေခဲ့ပြီးနောက် ယဲ့ချန်၏ကျင့်ကြံဆင့်က လျင်မြန်စွာ တိုးတက်လာခဲ့သည်။

ကောင်းကင်ချီကျင့်ကြံဆင့်က နတ်ဝိဇ္ဇာအဆင့်သို့ တစ်ချက်တည်း ချိုးဖျက်ဝင်ရောက်သွားခဲ့သည်။ သို့သော် ဤမျှနှင့်ရပ်တန့်မသွားဘဲ ဆက်လက်တိုးတက်နေကာ နတ်ဝိဇ္ဇာထိပ်ဆုံးအဆင့် ရောက်သောအခါတွင်မှ ရပ်တန့်သွားသည်။ ဝိညာဥ်နှင့်ခန္ဓာ တစ်သားတည်းဖြစ်သွားသောအခါ ကောင်းကင်ချီကျင့်ကြံဆင့်နှင့် ဝိညာဥ်၏ကျင့်ကြံဆင့်က လည်း ထပ်တူကျသွားခဲ့သည်။ နတ်ဝိညာဥ်နှင့်ခန္ဓာကိုယ်က ပေါင်းစပ်သွားပေသည်။ ထို့အပြင် ယဲ့ချန်သည် သိုင်းတာအို၏အဓိပ္ပါယ်ကို ပိုမိုနက်ရှိုင်းစွာ နားလည်လာသောကြောင့် အဆင့်သစ်တစ်ခုသို့ ရောက်ရှိသွားခဲ့သည်။ နတ်အဆင့်ကျင့်ကြံသူတစ်ယောက်အတွက် အခက်အခဲဆုံးမှာ သိုင်းတာအိုကို နားလည်ဆင်ခြင်နိုင်ရန်ဖြစ်သည်။ ၎င်းကို အဆင့်မြင့်မြင့်နားလည်နိုင်လျှင် အဆုံးမဲ့အဆင့်သို့ တက်ရောက်နိုင်သောကြောင့် လက်ရှိတွင် ယဲ့ချန်သည် ထိုအတားအဆီးကို ကျော်ဖြတ်ရန် ခြေတစ်လှမ်းသာလိုသည်အထိ တိုးတက်လာခဲ့သည်။

ယဲ့ချန်၏မျက်လုံးများ ဖြတ်ခနဲပွင့်လာပြီး ဖုယွမ်ရှန်း၏ဖိအားအောက်မှ ဖြည်းညှင်းစွာ လွတ်မြောက်သွားခဲ့သည်။

"မဖြစ်နိုင်ဘူး။ နတ်ဘုရင်တစ်ယောက်က ငါ့ရဲ့ကောင်းကင်တောင်လက်ဝါးသိုင်းအောက်ကနေ ဘယ်လိုမှမလွတ်မြောက်နိုင်ဘူး"

ဖုယွမ်ရှန်းက အံ့သြတကြီးဖြစ်နေခဲ့သည်။

ယဲ့ချန်၏ကိုယ်တွင်းမှ ကောင်းကင်ချီများ ဝုန်းခနဲထိုးတက်လာသည်။ သူက လက်ဝါးကို ကောင်းကင်သို့ ပင့်ရိုက်လိုက်သောအခါ တဘုန်းဘုန်းပေါက်ကွဲသံများ ထွက်ပေါ်လာသည်။ ဖုယွမ်ရှန်း၏သတ္တုချီများမှာ နောက်ဆုံးတွင် ယဲ့ချန်၏ တွန်းလှန်ဖယ်ရှားခြင်းကို ခံလိုက်ရလေသည်။

All Chapters