← Chapters

ထန်တိုက်လင် လွတ်မြောက်ခြင်း

Vol. 29 Ch. 404

ထန်တိုက်လင် လွတ်မြောက်ခြင်း

Vol. 29 Ch. 404

"ဒီကောင့်ကို အခုမသတ်နိုင်ရင် သမာဓိကောင်စီအတွက် ထန်တိုက်လင်လိုမျိုး ပြဿနာတစ်ခု ဖြစ်လာနိုင်တယ်"

ဖုယွမ်ရှန်း၏မျက်နှာက ဒေါသကြောင့် အလွန်မည်းနက်နေသည်။ သူက စွမ်းအားတစ်ပိုင်းတစကိုသာ ထုတ်သုံးခဲ့သော်လည်း နတ်ဘုရင်တစ်ယောက်ကို အလွယ်တကူဖိနှိပ်နိုင်သည်။ သို့သော် ယဲ့ချန်က တွန်းလှန်နိုင်နေမည်ဟု မျှော်လင့်ထားခြင်းမရှိပေ။ ခရမ်းရောင်မီးများ လွှမ်းခြုံနေကာ နတ်ဆိုးချပ်ဝတ်ကြောင့် ခရမ်းရောင်တောက်ပနေသော ယဲ့ချန်က လက်ဝါးချက်ကို တွန်းလှန်လိုက်သောအခါ ဒေါသမီးများ လောင်ကျွမ်းလာခဲ့သည်။

"နတ်ဘုရင်လေးတစ်ယောက်ကများ မောက်မာနေတယ်။ မင်းကို သေချာပေါက်ချေမွပစ်မယ်"

ဖုယွမ်ရှန်းက ပိုမိုပြင်းထန်သောစွမ်းအင်များကို ထုတ်ဖော်လိုက်သည်။ ယဲ့ချန်မှာ မူလထက် လေးငါးဆမကပိုများသော ဖိအားကို ခံစားလိုက်ရသည်။ သို့သော် မူလကဲ့သို့ မလှုပ်ရှားနိုင်ခြင်းမျိုး ဖြစ်ပျက်မလာခဲ့ပေ။ ရန်သူ၏ဧရာမလက်ဝါးကြီးက ယဲ့ချန်ထံ နောက်တစ်ဖန် ကျဆင်းလာပြန်သည်။ သူက ၎င်းကို ထပ်ကာထပ်ကာတိုက်ခိုက်လိုက်သော်လည်း အနည်းငယ်ပင် မဖျက်ဆီးနိုင်ခဲ့ချေ။

"ကြည့်ရတာ တစ်နည်းပဲရှိတော့တယ်"

ယဲ့ချန်က မျက်မှောင်ကြုတ်၍ ရေရွတ်လိုက်သည်။ သူက ဖိအားအောက်တွင် တည်ငြိမ်စွာရပ်နေပြီး ညာလက်တွင် ကောင်းကင်ကြယ်တာရာ ပင်မတံဆိပ် ထွက်ပေါ်လာခဲ့သည်။ ထို့နောက် သူ၏ဝိညာဥ်အသိစိတ်ကိုစုစည်း၍ တံဆိပ်အတွင်းမှ အစီအရင်ကို တိုက်ခိုက်လိုက်သည်။

"မင်းမှာ ရတနာတွေဘယ်လောက်ရှိရှိ ငါ ဖျက်ဆီးပြမယ်"

ယဲ့ချန်၏လက်ထဲရှိ ပင်မတံဆိပ်ကိုမြင်သော်လည်း ဖုယွမ်ရှန်းသည် မည်သည့်အရာဖြစ်ကြောင်း မခွဲခြားတတ်သောကြောင့် အလေးမထားခဲ့ပေ။ သူက လက်ဝါးချက်တွင် ကောင်းကင်ချီများထပ်မံပေါင်းစပ်၍ ယဲ့ချန်ကို အားကုန်ရိုက်ချလိုက်သည်။ ဧရာမလက်ဝါးအလင်းသည် ယဲ့ချန်ကို ထိမှန်ခါနီးတွင် ရုတ်တရက်ပျောက်ကွယ်သွားသောကြောင့် ဖုယွမ်ရှန်းက ကြောင်အသွားခဲ့သည်။ သူ မတုံ့ပြန်နိုင်ခင်မှာပင် ထူးဆန်းသောအသံတစ်ခု ကြားလိုက်ရပြီး ပင်မတံဆိပ်ကိုဗဟိုပြု၍ ထွက်ပေါ်လာသော စွမ်းအားလှိုင်းကြီးကြောင့် ကောင်းကင်မှာ ကွဲဟသွားခဲ့သည်။

"ဘုန်း"

နတ်မိုးကြိုးပေါက်ကွဲသကဲ့သို့ ကြောက်မက်ဖွယ်ပေါက်ကွဲမှုကြီးက အရာအားလုံးကို ဝါးမျိုသွားခဲ့သည်။ ဖုယွမ်ရှန်း၏သတ္တုချီများမှ ဖြစ်ပေါ်လာသော လက်ဝါးအလင်းမှာလည်း တစ်ချက်ပင်မခုခံနိုင်ဘဲ သစ်ရွက်ခြောက်ကဲ့သို့ အလွယ်တကူပျက်စီးသွားခဲ့သည်။ မိုင်ရာချီအကွာတွင်ရှိနေသော ဖုယွမ်ရှန်းမှာ ဝင်ရောက်လာသော စွမ်းအင်လှိုင်းကြီးကို ခုခံရန်အတွက် လျှို့ဝှက်ကျင့်စဥ်တစ်ခုကို အလန့်တကြား လည်ပတ်လိုက်ရသည်။

"ဘုန်း"

ဖုယွမ်ရှန်းက နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားခဲ့သည်။ သူက ပင်မတံဆိပ်၏အဝေးတွင် ရှိနေသောကြောင့် အနည်းငယ်သာ ဒဏ်ရာရသွားခြင်းဖြစ်သည်။ သို့သော်လည်း ထောင်ချောက်အစီအရင်ကို ထိန်းချုပ်နေသော သူ၏လက်အောက်ငယ်သားများမှာ ဖုယွမ်ရှန်းလောက် အစွမ်းမထက်သောကြောင့် သွေးများအန်ထွက်၍ လွင့်ထွက်သွားကြလေသည်။

ဖုယွမ်ရှန်းသည် အံ့သြစိတ်နှင့်ဒေါသကို တပြိုင်နက်ခံစားလိုက်ရပြီး ကျောက်တုံးတံဆိပ်က မည်သည့်အရာဖြစ်ကြောင်း မတွေးတတ်ခဲ့ပေ။ ၎င်းက သူစိတ်ကူးနိုင်သည်ထက်ပင် ပို၍သာလွန်သောစွမ်းအားမျိုးကို ထုတ်ဖော်နိုင်နေသည်။ ပျောက်ကွယ်သွားသော ယဲ့ချန်အပေါ် သူက အာရုံမစိုက်နိုင်ဘဲ ပင်မတံဆိပ်ကို သိုလှောင်အိတ်အတွင်း သိမ်းယူရန် ကြံစည်လိုက်သည်။ ထိုအချိန်တွင် ရေချီမုန်တိုင်းတစ်ခု ပြင်းထန်စွာ ဖြစ်ပေါ်လာသောကြောင့် ဖုယွမ်ရှန်းမှလွဲ၍ သမာဓိကောင်စီအဖွဲ့ဝင်အားလုံး အဝေးသို့ လွင့်ပျံသွားကြသည်။

ထန်တိုက်လင်က သုံးခွလှံကိုကိုင်၍ မုန်တိုင်းအတွင်းမှ လှမ်းထွက်လာကာ ပတ်ဝန်းကျင်တွင် သူမ၏သတ်ဖြတ်လိုစိတ်က ကြီးစိုးနေသည်။ ဒဏ်ရာရထားသောကြောင့် မျက်နှာက ဖြူဖပ်ဖြူရော်ဖြစ်နေပြီး အဖြူရောင်ဝတ်ရုံတွင် သွေးများစွန်းထင်းနေသော်လည်း ထန်တိုက်လင်က အလွန်အမင်းတည်ငြိမ်နေကာ ဒေါသထွက်နေခြင်းပင်မရှိချေ။ ရေချီများဝန်းရံထားသော သူမ၏ခန္ဓာကိုယ်က အလွန်လှပသောကြောင့် သေမျိုးဘုံသို့ အင်မော်တယ်တစ်ပါး ဆင်းသက်လာသည်နှင့်ပင် တူညီနေသည်။ နောက်ဆုံးတွင် သူမက ထောင်ချောက်အစီအရင်အတွင်းမှ လွတ်မြောက်လာခဲ့လေသည်။

"ဝှစ်"

ပင်လယ်နတ်ဘုရားလှံက ဖုယွမ်ရှန်းထံ ပြိုင်ဘက်ကင်းအရှိန်အဝါနှင့် ဝင်ရောက်လာသည်။ သက်တန့်ရောင်အလင်းများ ပြန့်ထွက်လာသော ဤအခိုက်တွင် လောကကြီးတစ်ခုလုံး တိတ်ဆိတ်သွားခဲ့သည်။ ငရဲတံခါးများပွင့်လာသကဲ့သို့ ထင်မှတ်ရသည်။

"မကောင်းတော့ဘူး။ ထန်တိုက်လင် လွတ်သွားပြီ"

ဖုယွမ်ရှန်းက အလွန်ထိတ်လန့်သွားခဲ့ပြီး ပင်မတံဆိပ်ကို အလစ်သုတ်ရန်အကြံကို စွန့်လွှတ်ကာ သတ္တုချီများဖြင့် ဒိုင်းကြီးတစ်ခု ဖန်တီးလိုက်သည်။ သုံးခွံလှံက ၎င်းအပေါ်သို့ ကျရောက်သွားသောအခါ ချက်ချင်း အပိုင်းပိုင်းအစစဖြစ်သွားခဲ့သည်။ သူက အလွန်တရာကြောက်လန့်သွားလေသည်။ ထူးကဲအဆင့်တွင် နှစ်ပေါင်းများစွာနေထိုင်လာခဲ့ပြီး အဆင့်နှစ်သို့ပင် သူက တက်ရောက်နိုင်ရန် နီးကပ်နေသူဖြစ်သည်။ ကျန်တစ်ဖက်တွင် ထန်တိုက်လင်သည် ထူးကဲအဆင့်တစ်သို့တက်ရောက်ကာစ ကျင့်ကြံသူဖြစ်သည်။ ဖုယွမ်ရှန်းက ထောင်ချောက်အစီအရင်အတွက် ကောင်းကင်ချီရှစ်ဆယ်ရာခိုင်နှုန်း အသုံးပြုထားသကဲ့သို့ ထန်တိုက်လင်မှာလည်း မူလခွန်အား၏ ဆယ်ပုံတစ်ပုံကိုသာ ထုတ်ဖော်နိုင်စွမ်းရှိသည်။ ထို့ကြောင့် ဖုယွမ်ရှန်းမှာ ထန်တိုက်လင်အောက် အားနည်းကြောင်း သိသာနေသည်။

"ကြောက်စရာကောင်းလိုက်တဲ့ မိန်းမ"

"သတ်ဖြတ်ရေးပိုင်နက်"

ဖုယွမ်ရှန်းသည် လှံကို လျှို့ဝှက်ကျင့်စဥ်နှင့် လှစ်ခနဲရှောင်တိမ်းလိုက်သည်။ အကယ်၍ သူက ထန်တိုက်လင်ကို လွတ်မြောက်ခွင့်ပြုလိုက်လျှင် အနာဂတ်၌ နောက်တစ်ကြိမ် အခွင့်အရေးရတော့မည်မဟုတ်ပေ။ သူ၏ပိုင်နက်ထွက်ပေါ်လာကာ သတ္တုချီများက မရေမတွက်နိုင်အောင်များပြားသော ရွှေရောင်ဓားများအဖြစ် ထန်တိုက်လင်ကို ပိုင်းချလိုက်သည်။ ထန်တိုက်လင်သည်လည်း သူမ၏ပိုင်နက်ကို ထုတ်ဖော်လိုက်သောကြောင့် ပိုင်နက်နှစ်ခုက ပြင်းထန်စွာအား ပြိုင်လိုက်ကြသည်။ သို့သော် သူမက ထောင်ချောက်အစီအရင်အတွင်း အချိန်ကြာမြင့်စွာ ပိတ်မိနေခဲ့သောကြောင့် ဖုယွမ်ရှန်းထက် စွမ်းရည်သာလွန်သော်လည်း လက်ရှိတွင် ခွန်အားက နိမ့်ကျနေခဲ့သည်။ ထို့အပြင် သူမက အနီရောင်ဓားကြောင့် ဒဏ်ရာရထားခဲ့သည်။

"ဘုန်း ဘုန်း ဘုန်း"

ပိုင်နက်နှစ်ခု၏တိုက်ပွဲကြောင့် မြေပြင်တစ်ခုလုံးက ငလျင်လှုပ်သကဲ့သို့ ပြင်းထန်စွာတုန်ခါနေသည်။ အချိန်မီထွက်မပြေးနိုင်ခဲ့သော နတ်အဆင့်ကျင့်ကြံသူများမှာ စက်ကွင်းအတွင်း ရောက်ရှိသွားသောအခါ အသံတစ်ချက်ပင်မထွက်နိုင်ဘဲ အပိုင်းပိုင်းအစစ ဖိချေခံလိုက်ရသည်။

ယဲ့ချန်သည် လက်ထောက်တံဆိပ်အတွင်းမှ ပြန်ထွက်လာပြီး မြေပြင်တွင်ပြုတ်ကျနေသော ပင်မတံဆိပ်ကို ပြန်လည်သိမ်းယူလိုက်သည်။ သူက အဝေးသို့ ကြည့်လိုက်သောအခါ ထန်တိုက်လင်နှင့်ဖုယွမ်ရှန်း ပြင်းထန်စွာတိုက်ခိုက်နေသည်ကို မြင်လိုက်ရ၏။

"ထန်တိုက်လင် အဲ့ကောင်နဲ့ တိုက်ခိုက်မနေနဲ့တော့။ သမာဓိကောင်စီရဲ့စစ်ကူတွေ ရောက်လာရင် ငါတို့ ထွက်ပြေးနိုင်မှာမဟုတ်ဘူး"

သူ၏အသံကို ပြင်းထန်သောတိုက်ပွဲအတွင်း ထန်တိုက်လင်ကြားမကြား မသေချာသော်လည်း ယဲ့ချန်က အော်ဟစ်သတိပေးလိုက်သည်။ တိုက်ပွဲက ဆက်လက်ဖြစ်ပွားနေပြီး ပိုင်နက်နှစ်ခု၏စွမ်းအား ထွက်ပေါ်လာသောအခါ သူက ဘေးလွတ်ရာသို့ ချက်ချင်းရှောင်တိမ်းလိုက်ရသည်။ ထန်တိုက်လင်နှင့်ဖုယွမ်ရှန်းက ကြမ်းတမ်းစွာတိုက်ခိုက်နေဆဲဖြစ်ပြီး မည်သူမှ အသာစီးမရယူနိုင်ကြပေ။ ဖုယွမ်ရှန်းသာ တားမြစ်ပိတ်ဆို့နေလျှင် သူတို့အတွက် ထွက်ပြေးရန် အလွန်ခက်ခဲပေသည်။ သမာဓိကောင်စီ၏စစ်ကူများ ရောက်လာလျှင် ယဲ့ချန်ရောထန်တိုက်လင်ပါ အသတ်ခံရမည်ဖြစ်သည်။ ထူးကဲအဆင့်ကျင့်ကြံသူနှစ်ယောက်၏တိုက်ပွဲက အလွန်ပြင်းထန်ပြီး အရာအားလုံးကို ပျက်စီးစေနိုင်သောကြောင့် သူမကိုသတိပေးရန် ယဲ့ချန်က အနီးအနားသို့ ချဥ်းကပ်နိုင်စွမ်း လုံးဝမရှိပေ။

"အဆိုးဆုံးမှသေရုံအပြင် ဘာမှမရှိပါဘူး။ တိုက်ခိုက်ကြတာပေါ့"

ဤမျှကြီးမားပြင်းထန်သော တိုက်ပွဲကို သတိမထားမိလျှင် သမာဓိကောင်စီက ကန်းနေခြင်းသာဖြစ်ရပေလိမ့်မည်။ ထို့ကြောင့် ယဲ့ချန်က အံကြိတ်ကြုံးဝါးပြီး အဝေးရှိ သမာဓိကောင်စီ၏ နတ်အဆင့်ကျင့်ကြံသူများထံ အာရုံစိုက်လိုက်သည်။

"မင်းတို့တော့ ဒီနေ့ ကံမကောင်းနိုင်တော့ဘူး"

ယဲ့ချန်၏မျက်နှာထက်တွင် အေးစက်စက်အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။ သမာဓိကောင်စီအဖွဲ့ဝင်များက ဆိုးယုတ်လွန်းသောကြောင့် သေဒဏ်နှင့် ထိုက်တန်သည်။ ထို့အပြင် ဤအချိန်က သမာဓိကောင်စီ၏အင်အား လျော့နည်းသွားရန်အတွက် တိုက်ခိုက်ရန် အသင့်တော်ဆုံးဖြစ်သောကြောင့် ယဲ့ချန်သည် တဟုန်ထိုးလျှပ်စီးကျင့်စဥ်ဖြင့် ပြေးထွက်သွားခဲ့သည်။ သူ၏ခန္ဓာကိုယ်ပတ်လည်တွင် ဓားသုံးလက်အစီအရင်က ချက်ချင်းထွက်ပေါ်လာခဲ့သည့်အပြင် ကောင်းကင်တုန်ခါဆေးအိုးကလည်း တပြိုင်နက် ထွက်ပေါ်လာသည်။

"ဘန်း"

ယဲ့ချန်က ရန်သူများထက် အလွန်အမင်းလျင်မြန်နေသောကြောင့် နတ်ဝိဇ္ဇာတစ်ယောက်က ချက်ချင်းသတ်ဖြတ်ခံလိုက်ရသည်။ ထိုကျင့်ကြံသူများက မည်သို့ဖြစ်ပျက်သွားသည်ကိုပင် မမြင်လိုက်ရချေ။ ယဲ့ချန်၏ကိုယ်ပေါ်သို့ တိုက်ကွက်များ ထိမှန်နေသော်လည်း နတ်ဆိုးချပ်ဝတ်က အားလုံးကို ခုခံကာကွယ်ပေးနိုင်နေသည်။ ရန်သူများက ၎င်းကို လုံးဝမထိုးဖောက်နိုင်ကြပေ။ သူက သတ်ဖြတ်ရန်တစ်ခုတည်းကိုသာ အာရုံစိုက်ထားပြီး ကောင်းကင်သားရဲနတ်ဘုရင်တစ်ယောက်သည် ကောင်းကင်တုန်ခါဆေးအိုး၏ စုပ်ယူခြင်းခံလိုက်ရသည်။ ဆေးအိုးအတွင်းမှ နာကျင်စွာအော်သံနက်ကြီးများ ချက်ချင်းထွက်ပေါ်လာသည်။ ကျန်နတ်အဆင့်ကျင့်ကြံသူများက သူ့ကို လိပ်ပြာလွင့်မတတ် ကြောက်လန့်သွားကာ ချက်ချင်းနောက်ဆုတ်သွားကြလေသည်။

အဝေးရှိကောင်းကင်ပေါ်တွင် အဆုံးမဲ့ကျင့်ကြံသူငါးယောက်က တစ်ယောက်နှင့်တစ်ယောက် စိုက်ကြည့်နေကြသည်။ သူတို့က နတ်ဆိုးချပ်ဝတ်ကို မထိုးဖောက်နိုင်သောကြောင့် ယဲ့ချန်ကို မသတ်နိုင်ကြပေ။ ကျင့်ကြံဆင့်ကွာခြားမှုကြောင့် ယဲ့ချန်ကလည်း သူတို့ကိုသတ်ဖြတ်ရန် မလွယ်ပေ။ အတိတ်တွင် သူက ကုန်းယွမ်ကို နတ်ဆိုးဖိနှိပ်နာရီအားကိုးဖြင့် သတ်ဖြတ်နိုင်ခဲ့သော်လည်း ရန်သူများအရေအတွက်က ငါးယောက်ဖြစ်နေသောကြောင့် အားလုံးကို ဖိနှိပ်နိုင်မည်မဟုတ်ပေ။

ပိုင်နက်နှစ်ခုထံမှ ပေါက်ကွဲသံကြီးတစ်ခု ထွက်ပေါ်လာသောကြောင့် လူတိုင်း ကျောရိုးအတွင်းမှပင် ကြောက်စိတ်များ စိမ့်တက်လာကြသည်။ ဖုယွမ်ရှန်းသည် သွေးများအန်ချ၍ အဝေးသို့လွင့်ပျံသွားချိန်တွင် ထန်တိုက်လင်က ယဲ့ချန်ထံ ပျံသန်းလာခဲ့သည်။

"သွားချိန်တန်ပြီ"

ယဲ့ချန်သည် သူ၏ရတနာများကို ပြန်လည်သိမ်းယူလိုက်သည်။

"ဒီမိန်းမက အပြင်းအထန် ဒဏ်ရာရထားတယ်။ မြန်မြန်တားကြစမ်း"

ဖုယွမ်ရှန်းက အော်ဟစ်အမိန့်ပေးလိုက်သောအခါ ဖန်းယုတို့လူစုသည် ထန်တိုက်လင်ထံ ချီတက်သွားကြသည်။

"အဆုံးမဲ့ကျင့်ကြံသူလေးတွေက ငါ့ကိုတားနိုင်မယ် ထင်နေတာလား"

ထန်တိုက်လင်သည် နှာခေါင်းရှုံ့လိုက်ပြီး သက်တန့်ရောင်အလင်းများက ဘက်ပေါင်းစုံသို့ ပြန့်ထွက်လာခဲ့သည်။ ၎င်းတို့နှင့်ထိမှန်ခံလိုက်ရသောအခါ ဖန်းယုတို့က ချက်ချင်းလွင့်ထွက်သွားကြသည်။ သူမက အပြင်းအထန်ဒဏ်ရာရထားသော်လည်း အဆုံးမဲ့ကျင့်ကြံသူများ အနိုင်ယူနိုင်သော ကျင့်ကြံသူမျိုး မဟုတ်ချေ။

"သွားကြစို့"

ထန်တိုက်လင်သည် ယဲ့ချန်ကိုကျော်ဖြတ်သွားချိန်တွင် သက်တန့်ရောင်အလင်းတစ်ခုနှင့် သယ်ဆောင်သွားခဲ့သည်။ ထို့နောက် မျက်တောင်တစ်ခတ်အတွင်း နှစ်ယောက်လုံးက မိုးကုပ်စက်ဝိုင်းတွင် ပျောက်ကွယ်သွားကြသည်။

ဖန်းယုတို့လူစုက သွေးဆုတ်သောမျက်နှာများနှင့် နာကျင်နေသော ရင်ဘတ်ကို ဆုပ်ကိုင်ထားကြသည်။

"ဒီမိန်းမက အစွမ်းထက်လွန်းတယ်။ ထောင်ချောက်အစီအရင်ထဲမှာ အချိန်အကြာကြီးပိတ်မိနေခဲ့ပြီး အပြင်းအထန်ဒဏ်ရာရထားတာတောင် မဟာအကြီးအကဲကို အနိုင်ယူနိုင်သေးတယ်။ သူမရဲ့ အထွတ်အထိပ်အခြေအနေမှာဆိုရင် ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်မလဲ"

သူတို့အားလုံးက ကြောက်လန့်တကြား တွေးနေခဲ့ကြသည်။ သမာဓိကောင်စီ၏မဟာအကြီးအကဲများတွင် ဖုယွမ်ရှန်းသည် အစွမ်းအထက်ဆုံးဖြစ်ပြီး ခေါင်းဆောင်သုံးယောက်သာ သူ့အထက်တွင် ရှိသည်။ ထို့ကြောင့် ထန်တိုက်လင်ကို ထိပ်တိုက်ရင်ဆိုင်ရန် ခေါင်းဆောင်သုံးယောက်ကိုယ်တိုင် လှုပ်ရှားရမည့်ကိန်း ဖြစ်နေခဲ့သည်။

"မဟာအကြီးအကဲ ကျုပ်တို့ ဘာဆက်လုပ်ကြမလဲ"

တစ်ကိုယ်လုံး သွေးချင်းချင်းနီနေသော ဖုယွမ်ရှန်းကို ဖန်းယုက မေးလိုက်ခြင်းဖြစ်သည်။

"ထန်တိုက်လင်ကို လိုက်သတ်ရမယ်။ မဟုတ်ရင် သမာဓိကောင်စီရဲ့လမ်းမှာ ဆူးငြောင့်ခလုတ်တစ်ခု ဖြစ်လာနိုင်တယ်။ သူမမှာ သွေးနီရောင်မြွေအဆိပ်မိထားလို့ ဝေးဝေးပြေးနိုင်မှာမဟုတ်ဘူး။ အဆိပ်က အာနိသင်ပြဖို့ အချိန်သိပ်မလိုတော့ဘူး"

ဖုယွမ်ရှန်းက အေးစက်စက်ဖြေလိုက်သည်။

"လိုက်သတ်ရမှာလား"

အဆုံးမဲ့ကျင့်ကြံသူများက ထိတ်လန့်သွားကြသည်။ ထန်တိုက်လင်က အလွန်အစွမ်းထက်ပြီး သူတို့ဆန့်ကျင်နိုင်သော ကျင့်ကြံသူမျိုး မဟုတ်ပေ။ တစ်ချက်ပေါ့ဆမိရုံဖြင့် သူတို့အားလုံး အသတ်ခံလိုက်ရနိုင်သော်လည်း ဖုယွမ်ရှန်း၏အမိန့်ကို မလွန်ဆန်ရဲကြပေ။

"ဟိုနတ်ဘုရင်ကောင်ရဲ့နောက်ခံကိုလည်း စုံစမ်းကြ။ ဘယ်သူဖြစ်ဖြစ် သတ်လိုက်ကြ"

ဖုယွမ်ရှန်းက အဖိုးတန်ရတနာများပိုင်ဆိုင်ထားသော ယဲ့ချန်ကို အလွန်သတ်ချင်နေခဲ့သည်။ တစ်ဖက်လူက နတ်ဘုရင်တစ်ယောက်ဖြစ်သော်လည်း အဆုံးမဲ့ကျင့်ကြံသူများနှင့် တိုက်ခိုက်နိုင်သည့်အပြင် သူ၏အရှိန်အဝါကိုလည်း တည်ငြိမ်စွာ တွန်းလှန်နိုင်နေသည်။ ထိုလူ၏အလားအလာနှင့် ပါရမီကို လုံးဝလျှော့တွက်၍ မဖြစ်ချေ။

ဖုယွမ်ရှန်းက ခဏတာအနားယူပြီးနောက် ရှေ့ဆုံးမှ ပျံသန်းထွက်ခွာလိုက်သည်။ သမာဓိကောင်စီ၏ အဆုံးမဲ့ကျင့်ကြံသူများနှင့် နတ်အဆင့်ကျင့်ကြံသူများသည်လည်း သူ၏နောက်မှ အနီးကပ်လိုက်ပါသွားကြလေသည်။

All Chapters