အဆိပ်ကိုကုသပေးခြင်း
Vol. 29 Ch. 405
ထန်တိုက်လင်သည် ယဲ့ချန်ကိုသယ်ဆောင်ကာ ပျံသန်းနေရသော်လည်း အလွန်မြန်သောကြောင့် သူက ပတ်ဝန်းကျင်ကိုပင် မမြင်နိုင်ခဲ့ပေ။ ဤအလျင်မျိုးက အချိန်နှင့်နေရာကိုပင် ဖြတ်သန်းသွားနိုင်သည်ဟု ယဲ့ချန်မှာ ခံစားနေရသည်။ နှစ်နာရီအကြာတွင် သူတို့က လွင်ပြင်များနှင့်သဲကန္တာရများကို ကျော်ဖြတ်၍ ရှီဝူအင်ပါယာမှ မည်မျှဝေးကွာလာကြောင်းပင် မမှတ်မိနိုင်တော့ပေ။ အဆုံးမရှိတောင်တန်းများ ပြည့်နှက်နေသော ရှေးဟောင်းသစ်တောတစ်ခုအတွင်း ဝင်ရောက်လိုက်ကြသည်။ ထန်တိုက်လင်က အရှိန်ကိုလျှော့ချ၍ မြေပြင်သို့ ဆင်းသက်လိုက်သည်။ ယဲ့ချန်သည် နဖူးပေါ်မှ စေးကပ်သောအရည်များကို ပွတ်သပ်လိုက်သောအခါ ထန်တိုက်လင်၏သွေးများဖြစ်ကြောင်း သိလိုက်ရသည်။ သူမက တိုက်ပွဲတွင် အပြင်းအထန်ဒဏ်ရာရခဲ့ကြောင်း သိသာနေသည်။
"ငါတို့လွတ်လောက်ပါပြီ။ ရန်သူတွေက ဒီလောက်မြန်မြန် လိုက်မလာနိုင်ပါဘူး။ ပုန်းဖို့ နေရာတစ်ခုလောက်ရှာရအောင်"
ယဲ့ချန်က တိုက်တွန်းလိုက်ခြင်းဖြစ်သည်။ သူ၏စကားအဆုံးတွင် ထန်တိုက်လင်သည် ဂူတစ်လုံးအတွင်း ဝင်ရောက်သွားကာ ဝင်ပေါက်ကို ကာကွယ်ရေးအစီအရင်တစ်ခု ခင်းကျင်း၍ ပိတ်ဆို့ထားလိုက်သည်။
"နင် အဆင်ပြေရဲ့လား"
ထန်တိုက်လင်၏မျက်နှာတွင် သွေးရောင်မရှိဘဲ နှုတ်ခမ်းများက ခရမ်းရောင်သန်းနေသောကြောင့် အဆိပ်မိနေခြင်းဖြစ်နိုင်သည်။
"ငါအဆိပ်မိနေလို့ အချိန်ယူပြီး ကုသရဦးမယ်။ ကူညီပေးလို့ ကျေးဇူးတင်ပါတယ်"
ထန်တိုက်လင်က အားနည်းနေသော်လည်း ခေါင်းကိုမော့၍ ယဲ့ချန်ကိုစိုက်ကြည့်ကာ ဖြေလိုက်သည်။ သူမက အခြားသူများ၏အကူအညီများကို ရယူခဲသောကြောင့် ကျေးဇူးတင်စကားပြောရန် ဝန်လေးနေခဲ့သည်။
"အဆိပ်ကို မြန်မြန်ကုသလိုက်ပါ။ ကျန်တာတွေ နင် စိတ်ပူစရာမလိုဘူး။ နင် ငါ့အသက်ကို တစ်ခါကယ်ခဲ့တယ်။ နင့်ကိုလည်း ငါ တစ်ခါကယ်ပြီးပြီဆိုတော့ ကြေပြီ"
ယဲ့ချန်က သူ၏မူလအသွင်သို့ ပြန်လည်ပြောင်းလဲလိုက်သည်။
"နင်လား"
ထန်တိုက်လင်သည် သူမ၏ကယ်တင်ရှင်မှာ ယဲ့ချန်ဖြစ်နေမည်ဟု ထင်မထားသောကြောင့် အံ့သြသွားခဲ့သည်။ သူမ၏ရင်ထဲတွင် ခံစားချက်များရှိနေသော်လည်း မျက်နှာကမူ အေးစက်နေဆဲပင်ဖြစ်သည်။ သူမသည် အဆိပ်များကိုကုသရန် အပြာရောင်ကျောက်တုံးတစ်ခုပေါ်တွင် တင်ပျဥ်ခွေထိုင်ချလိုက်သည်။ အေးစက်ကာတည်ငြိမ်သော အကျင့်စရိုက်အရ အပြင်းအထန်ဒဏ်ရာရနေသော်လည်း အခြားလူတစ်ယောက်ရှေ့တွင် သူမ၏အားနည်းမှုကို မဖော်ပြနိုင်ချေ။
ယဲ့ချန်သည် ဂူအဝရှိ အစီအရင်ကိုကြည့်ကာ သမာဓိကောင်စီမှရန်သူများ လိုက်လာနိုင်သည်ဟု အတွေးနက်နေခဲ့သည်။ ရန်သူများရောက်ရှိလာပြီး ရှာတွေ့သွားလျှင် အသတ်ခံရမည်ဖြစ်သောကြောင့် အနည်းငယ်စိုးရိမ်နေခဲ့သည်။ ထန်တိုက်လင်က အဆိပ်ကိုကုသရန် အချိန်မည်မျှလိုအပ်မည်ကိုလည်း သူ မသိပေ။
တိုက်ပွဲကြောင့် အမြဲတစေစည်းနှောင်ထားတတ်သော ထန်တိုက်လင်၏ဆံပင်များက ပခုံးပေါ်သို့ ရေတံခွန်ပမာ ဖြာကျနေသည်။ သူမသည် အမြဲတစေ အေးစက်မောက်မာသောဟန်ပန်နှင့် ကွာခြားနေပြီး နူးညံ့ကာလှပနေသည်။ သူမ၏မျက်နှာလေးက မြင်ရသူအပေါင်းကို သနားစိတ်များ ယိုဖိတ်လာစေနိုင်သည်။ သူမ၏ရင်ဘတ်တွင် ဓားကျိုးတစ်ခုစိုက်ဝင်နေကာ သွေးများ ယိုစီးကျနေခဲ့သည်။ ရေချီများဝန်းရံနေသော်လည်း ဒဏ်ရာက အလွန်ပြင်းထန်နေသည်။ ဤမြင်ကွင်းကြောင့် ယဲ့ချန်က တုန်လှုပ်သွားခဲ့သည်။ ထန်တိုက်လင်မှာ ရင်ဝတွင် ဓားတန်းလန်းနှင့် သူ့ကိုသယ်ဆောင်ကာ ဤနေရာအထိ ပျံသန်းလာနိုင်ခဲ့သည်။ ဓားစိုက်ဝင်နေသော နေရာမှာ နှလုံးနှင့်အလွန်နီးကပ်နေသောကြောင့် ပေါ့ဆစွာဆွဲထုတ်မိလျှင် ဖြစ်ပေါ်လာမည့်အကျိုးဆက်က မတွေးဝံ့စရာပင်။
ယဲ့ချန်သည် မျက်လုံးမှိတ်ကာ အဆိပ်ကိုကုသနေသော ထန်တိုက်လင်အပေါ် ခံစားချက်အချို့ ရှိလာခဲ့သည်။ သူမက အလွန်လှပသူဖြစ်သော်လည်း လူတိုင်း၏အမြင်တွင် အေးစက်ကာမောက်မာသူတစ်ယောက်ဖြစ်ပြီး မဟာအရှေ့ပိုင်းတိုက်ကြီး၏ ထိပ်တန်းကျင့်ကြံသူတစ်ယောက်ဖြစ်သည်။ သို့သော်လည်း သူမက ပခုံးပေါ်တွင် တာဝန်များစွာထမ်းထားရသော မိန်းမပျိုတစ်ယောက်လည်း ဖြစ်နေခဲ့သည်။ ယဲ့ချန်ကိုယ်တိုင်ပင် ထန်တိုက်လင်နှင့်ပတ်သက်၍ အတွေးများနေရသော အကြောင်းအရင်းကို မသိချေ။
ထိုအချိန်တွင် ထန်တိုက်လင်၏ခန္ဓာကိုယ်လေးက ယိမ်းထိုးသွားပြီး လဲပြိုကျလုမတတ် ဖြစ်သွားခဲ့သည်။
"မကောင်းတော့ဘူး"
ယဲ့ချန်က ရင်ထိတ်သွား၍ ချက်ချင်းပြေးထွက်သွားကာ သူမကို တွဲထူပေးလိုက်သည်။ သူမက အဆိပ်ကိုကုသနိုင်စွမ်းရှိမည်ဟု ယဲ့ချန်က ထင်ထားသော်လည်း အဆိပ်ကြောင့် ထန်တိုက်လင်မှာ ခုခံနိုင်စွမ်းကင်းမဲ့လာခဲ့သည်။ အကယ်၍ သူမ၏အထွတ်အထိပ်အခြေအနေတွင် အဆိပ်ကိုကုသခြင်းက ပြဿနာကြီးမဟုတ်ပေ။ သို့သော် ထောင်ချောက်အစီအရင်ကြောင့် သူမ၏ခွန်အားများကုန်ခမ်းနေပြီး ဆယ်ရာခိုင်နှုန်းအောက် နိမ့်ကျနေသောအခါ ၎င်းကိုကုသရန် အလွန်ခက်ခဲနေခဲ့သည်။
ယဲ့ချန်သည် ထန်တိုက်လင်၏ အေးစက်နေသော လက်ကလေးကို သူ၏လက်ဖြင့် ဆုပ်ကိုင်လိုက်သည်။ အထိအတွေ့က နူးညံ့ညင်သာသော်လည်း သူက ဤခံစားချက်ကို ဂရုစိုက်မနေနိုင်ခဲ့ပေ။ သူ၏လက်မှ ကောင်းကင်ချီများစီးထွက်လာ၍ ထန်တိုက်လင်၏ခန္ဓာကိုယ်အတွင်း ဝင်ရောက်သွားသည်။ ကောင်းကင်ချီများက သူမ၏သွေးကြောများကို ထိခိုက်စေသော အဆိပ်များကို စတင်ဝါးမျိုလိုက်သည်။ ဤအဆိပ်များက ကန့်သတ်ဒေသရှိ အဆိပ်များထက် ပို၍ကြောက်မက်ဖွယ်ကောင်းနေသည်။ သို့သော်လည်း ယဲ့ချန်၏ကောင်းကင်ချီအောက်တွင် ၎င်းတို့က ဖြည်းဖြည်းချင်း ချေဖျက်ခံနေရသည်။
ထန်တိုက်လင်၏မျက်နှာလေး သွေးရောင်လွှမ်းလာချိန်တွင် ဂူအပြင်ဘက်တွင် အရှိန်အဝါများစွာ ဖြတ်ကျော်သွားကြသည်။ ဖုယွမ်ရှန်းနှင့် နောက်လိုက်များက တောင်ထိပ်တစ်ခုတွင် စုဝေးနေကြသည်။
"မဟာအကြီးအကဲ ဒီနေရာတစ်ခုလုံးကို ရှာဖွေပြီးပါပြီ။ ဒါပေမယ့် ထန်တိုက်လင်ကို မတွေ့ဘူး"
"ဒီမိန်းမက အရှိန်အဝါကိုဖျောက်ပြီး ထွက်ပြေးသွားလို့ သဲလွန်စမကျန်ခဲ့ဘူး"
လက်အောက်ငယ်သားများ၏စကားကြောင့် ဖုယွမ်ရှန်း၏မျက်နှာက မည်းနက်သွားခဲ့သည်။ သွေးနီရောင်မြွေ၏အဆိပ်က ထန်တိုက်လင်ကို သတ်နိုင်မသတ်နိုင် မသေချာပေ။ ထို့ကြောင့် သူက ထန်တိုက်လင်၏အလောင်းကို မတွေ့မချင်း စိတ်မအေးနိုင်ပေ။
"ဆက်ပြီးစုံစမ်းကြ။ ထန်တိုက်လင်ကို မတွေ့မချင်းရှာရမယ်"
ထန်တိုက်လင်မှာ ပြင်းထန်သောဒဏ်ရာများကြောင့် ခပ်ဝေးဝေးပြေးနိုင်မည်မဟုတ်ဟု ဖုယွမ်ရှန်းက ယုံကြည်ထားသည်။
"ဟုတ်ကဲ့"
ကျင့်ကြံသူနှစ်ဆယ်ကျော်က ခေါင်းညိတ်၍ အရပ်မျက်နှာတိုင်းသို့ ထွက်ခွာသွားကြသည်။
ဝိညာဥ်အသိစိတ်တစ်ခုသည် ဂူအဝသို့ ရောက်ရှိလာသောကြောင့် ယဲ့ချန်က အလွန်စိုးရိမ်သွားခဲ့သည်။ ကံကောင်းစွာဖြင့် ထန်တိုက်လင်၏အစီအရင်က သူတို့ဖုံးကွယ်ပေးထားသောကြောင့် ၎င်းကို အောင်မြင်စွာ လှည့်စားနိုင်ခဲ့သည်။
"ငါတို့ကို ရှာမတွေ့လောက်ပါဘူး"
ယဲ့ချန်သည် ထန်တိုက်လင်၏အဆိပ်ကို ကုသပေးနေရင်း ပတ်ဝန်းကျင်ကို အမြဲမပြတ်သတိထားနေရသည်။ ကောင်းကင်ချီများက သူမ၏ကိုယ်တွင်းသွေးကြောများအတွင်းရှိ အဆိပ်များကိုဝါးမျိုနေကြရင်း ဝမ်းဗိုက်အောက်ပိုင်းသို့ ရောက်လာခဲ့သည်။ ယဲ့ချန်က အနည်းငယ်ရှက်ရွံ့သွား၍ မျက်နှာပူသွားခဲ့သည်။ သူက ကောင်းကင်ချီများကိုသာ ထိန်းချုပ်နေခြင်းဖြစ်သော်လည်း ၎င်းတို့ရောက်သမျှ ထန်တိုက်လင်၏ ခန္ဓာကိုယ်အစိတ်အပိုင်းများနှင့် ထိတွေ့နေရသကဲ့သို့ ခံစားနေရသည်။
ထန်တိုက်လင်က ကောင်းကင်ချီများကြောင့် အနည်းငယ်အားပြည့်လာသောကြောင့် မျက်လုံးများ ဖြတ်ခနဲပွင့်လာခဲ့သည်။ အညစ်အကြေးကင်းစင်၍ ကျောက်မျက်တစ်ခုပမာကြည်လင်သော အကြည့်က ယဲ့ချန်ထံ ကျရောက်လာသည်။ သူမ၏အကြည့်ကြောင့် ယဲ့ချန်က စိုးရိမ်စိတ်အနည်းငယ်ကို ခံစားလိုက်ရသည်။ ထန်တိုက်လင်၏မျက်လုံးများတွင် သူ၏အမူအရာက ထွက်ပေါ်နေသောကြောင့် ယဲ့ချန်မှာ ရှက်ကိုးရှက်ကန်းဖြစ်နေခဲ့သည်။ သို့သော်လည်း ယဲ့ချန်ကိုကြည့်နေသော ထန်တိုက်လင်သည် အလွန်တည်ငြိမ်သောကြောင့် သူမ၏အတွေးများကို လုံးဝခန့်မှန်းနိုင်ခြင်း မရှိပေ။
"ငါ့ကောင်းကင်ချီတွေက နင့်ကိုယ်ထဲက အဆိပ်ကို ချေဖျက်ပေးနိုင်တယ်"
ယဲ့ချန်က ရှင်းပြလိုက်သည်။ ထန်တိုက်လင်က နားလည်ကြောင်း ခေါင်းအနည်းငယ်ညိတ်ပြသည်။ သူမ၏ကိုယ်ကျင့်စရိုက်နှင့် ခွန်အားကြောင့် ကုသပေးနေသော ယဲ့ချန်က ဖိအားအချို့ ခံစားနေရသည်။
"နင့်ရင်ဘတ်က ဓားကျိုးကြောင့် အဆိပ်တွေ ဖြစ်ပေါ်လာတာပဲ။ ငါ ဒါကို ဖြည်းဖြည်းလေး ဆွဲထုတ်ပေးမယ်"
ယဲ့ချန်သည် ထန်တိုက်လင်၏ရင်ဘတ်တွင် နက်ရှိုင်းစွာစိုက်ဝင်နေသော ဓားကျိုးကို စိုက်ကြည့်လိုက်သည်။ ဒဏ်ရာကိုကုသရန်အတွက် ၎င်းကို ဆွဲနုတ်ရပေလိမ့်မည်။ သို့သော်လည်း ယောကျ်ားပျိုတစ်ယောက်နှင့် မိန်းမပျိုတစ်ယောက်ကြားတွင် ဤအလုပ်က ခဲယဥ်းနေသည်။
"ငါ နင့်ကို စော်ကားသလိုဖြစ်သွားရင် တောင်းပန်ပါတယ်"
ဓားကျိုးကို မဖြစ်မနေဆွဲထုတ်ရမည်ဖြစ်သောကြောင့် ယဲ့ချန်က ထန်တိုက်လင်ကို ခွင့်တောင်းလိုက်သည်။ သူမက ယဲ့ချန်၏စကားကို သဘောတူဟန်ဖြင့် မျက်လုံးများမှိတ်လိုက်သည်။ ပင်လယ်မိစ္ဆာမျိုးနွယ်ဝင်တစ်ယောက်ဖြစ်သော သူမက သေရေးရှင်ရေးအခြေအနေတွင် အသေးစိတ်အချက်အလက်များကို ဂရုစိုက်နေ၍ မသင့်တော်ချေ။ သူမက နှုတ်မှထုတ်ပြောခြင်းမပြုဘဲ မျက်လုံးများသာ မှိတ်သွားသောကြောင့် ယဲ့ချန်က အကြံအိုက်သွားသည်။ နောက်ဆုံးတွင် ပင်လယ်မိစ္ဆာများက သားရဲများနှင့်တူညီသော သဘောသဘာဝရှိနိုင်သည်ဟု ကောက်ချက်ချလိုက်သည်။ ထို့အပြင် ထန်တိုက်လင်၏ဒဏ်ရာကို ကုသခြင်းမရှိလျှင် သမာဓိကောင်စီဝင်များရောက်လာပါက ပြဿနာ အကြီးအကျယ်တက်နိုင်သည်။
ယဲ့ချန်သည် ကောင်းကင်ချီဓားပျံတစ်လက်ဖန်တီး၍ သူမ၏ဘယ်ဘက်ရင်ဘတ်မှ အဝတ်အစားကို ပိုင်းဖြတ်လိုက်သည်။ သူမ၏ကိုယ်ကိုလွှမ်းခြုံနေသော ရေချီများ ပျောက်ကွယ်နေသောကြောင့် ပိုမိုလှပနေသည်။ ယောကျ်ားတိုင်းက ပြိုင်ဘက်ကင်းအလှပဂေးတစ်ယောက်ကို ဤအခြေအနေဖြင့် မြင်တွေ့ရလျှင် စိတ်ထိန်းနိုင်ရန် မလွယ်ချေ။
ယဲ့ချန်၏မြင်ကွင်းအတွင်း ထန်တိုက်လင်၏ အပေါ်ပိုင်းခန္ဓာကိုယ်က ဝင်ရောက်လာသည်။ ဤမြင်ကွင်းနှင့် အမွေးပွလေး လူအသွင်ပြောင်းခဲ့သော မြင်ကွင်းကို သူက စိတ်ထဲမှ နှိုင်းယှဥ်ကြည့်လိုက်သည်။
"ငါ ဘာတွေလျှောက်တွေးနေမိတာလဲ"
ယဲ့ချန်သည် သူ၏အတွေးများကို ထိန်းချုပ်လိုက်သော်လည်း နဖူးတွင် ချွေးစို့နေခဲ့သည်။ ရန်သူများနှင့် သေရေးရှင်ရေးတိုက်ပွဲများစွာ တိုက်ခိုက်ခဲ့ဖူးသော်လည်း ယခုလောက် စိုးရိမ်ကြောင့်ကြခြင်းမရှိခဲ့ပေ။ ဓားဒဏ်ရာအနီးတွင် သွေးများက နက်မှောင်နေသည်။ သူက စိတ်ကို ရှင်းရှင်းထားကာ ဓားကျိုးကို ညာလက်ဖြင့်ထိန်းချုပ်၍ ဆွဲနုတ်လိုက်သည်။ သူ၏ဘယ်လက်မှ ကောင်းကင်ချီများကို ဒဏ်ရာထံ အဆက်မပြတ်ပို့ဆောင်ပေးနေကာ အဆိပ်ကို ချေဖျက်လိုက်သည်။ ဓားဒဏ်ရာက ပို၍ကွဲထွက်သွားနိုင်ချေရှိသောကြောင့် ယဲ့ချန်က အလွန်တရာဂရုစိုက်၍ ပြုမူလုပ်ကိုင်နေရသည်။
ထန်တိုက်လင်၏မျက်ခွံလေးများ အနည်းငယ် တုန်ခါသွားခဲ့သည်။ ဤကား ခံစားချက်ကြောင့်လား နာကျင်မှုကြောင့်လား မည်သူမှမပြောနိုင်ပေ။ မြောက်ပင်လယ်၏ဘုရင်မက ယောကျ်ားတစ်ယောက်ရှေ့တွင် အဝတ်အစားများမပါဘဲ ထိုင်နေရသော အဖြစ်မျိုး လုံးဝမကြုံဖူးချေ။
ယဲ့ချန်မသိသောအချက်မှာ ပင်လယ်မိစ္ဆာမျိုးနွယ်သည် အခြားသားရဲမျိုးနွယ်များနှင့် အလွန်ကွာခြားခြင်းဖြစ်သည်။ ၎င်းနှင့်လူသားမျိုးနွယ်ကြားတွင် လက်ထပ်သူများစွာရှိပြီး ဥပမာပြောရလျှင် ထန်တိုက်လင်၏မိခင်က လူသားတစ်ယောက်ဖြစ်သည်။ ထို့ကြောင့် သွေးနှောဖြစ်သော သူမက မူလအသွင်ပြောင်းလိုက်လျှင်ပင် ပင်လယ်မိစ္ဆာပုံသဏ္ဍာန်မျိုး မပြောင်းလဲနိုင်ချေ။ ပင်လယ်မိစ္ဆာမျိုးနွယ်၏မိန်းမများသည် အချစ်နှင့်ပတ်သက်၍ အလွန်သစ္စာရှိပြီး တစ်ဘဝလုံးတွင် လက်တွဲဖော်တစ်ယောက်သာ ထားရှိတတ်ကြလေသည်။