← Chapters

နင့်ကို ငါ သတ်မှာ

Vol. 29 Ch. 406

နင့်ကို ငါ သတ်မှာ

Vol. 29 Ch. 406

ထန်တိုက်လင်သည် မျက်လုံးများမှိတ်ထားသော်လည်း ယဲ့ချန်၏စိုးရိမ်စိတ်ကို အာရုံခံမိသည်။ သူမ၏မျိုးနွယ်တွင် အဖွဲ့ဝင်များစွာရှိသော်လည်း သူမက တစ်ယောက်တလေနှင့်မျှ ရင်းနှီးခြင်းမရှိဘဲ မိသားစုဝင်များနှင့်ပင် ခပ်ကင်းကင်းနေထိုင်ခဲ့သည်။ မိုင်ပေါင်းရာချီကျယ်ဝန်းသော မြောက်ပင်လယ်နန်းတော်အတွင်း၌ တစ်ယောက်တည်းသာနေထိုင်ပြီး မျိုးနွယ်ဝင်များ၏တည်ရှိမှုကို အာရုံခံကြည့်ရှုတတ်သော်လည်း ပြောဆိုဆက်ဆံခြင်းမရှိချေ။ အမြဲတစေတည်ငြိမ်သော ရေကန်မျက်နှာပြင်ကဲ့သို့ သူမ၏စိတ်အတွင်း ယဲ့ချန်ဆိုသော ခဲတစ်လုံး ရုတ်တရက်ကျဆင်းလာကာ လှိုင်းထန်သွားခဲ့သည်။ သို့သော်လည်း ကန်ရေပြင်က အချိန်ခဏအတွင်း ပြန်လည်တည်ငြိမ်သွားခဲ့သည်။

မိနစ်အနည်းငယ်အတွင်း အဆိပ်များအားလုံး ကုန်စင်သွားအောင် ချေဖျက်ခံရတော့မည်ဖြစ်သည်။ သူမ၏ကျင့်ကြံဆင့်အရ ပုံမှန်အခြေအနေသို့ ပြန်ရောက်ရန် အချိန်များစွာယူရန် မလိုအပ်ပေ။

ယဲ့ချန်သည် ကန်ရေပြင်ကဲ့သို့တည်ငြိမ်နေသော ထန်တိုက်လင်၏မျက်နှာကို တစ်ချက်ကြည့်လိုက်သည်။ မူလတွင် သူက ရှက်ရွံ့နေခဲ့သော်လည်း သူမကတည်ငြိမ်လွန်းနေသဖြင့် အတွေးလွန်နေခြင်းသာဖြစ်ကြောင်း သဘောပေါက်သွားခဲ့သည်။

"ဒီမိန်းမက တကယ်ကြီး ဘာခံစားချက်မှမရှိတာလား"

ယဲ့ချန်၏စိတ်ထဲတွင် ထန်တိုက်လင်ကို စနောက်လိုသောအတွေးတစ်ခု ဖြစ်ပေါ်လာသည်။ အကယ်၍ သူကသာ သူမ၏မထိအပ်သောနေရာကို ထိလိုက်မိလျှင် သူမက ဆက်လက်တည်ငြိမ်နေမည်မဟုတ်ဟု ခန့်မှန်းလိုက်သည်။ သို့သော်လည်း အတွေးသက်သက်သာဖြစ်ပြီး သေချာပေါက်မလုပ်ရဲပေ။ ဤလုပ်ရပ်ကြောင့် ထန်တိုက်လင်က သူ့ကိုထသတ်လျှင်ပင် သူမအပြစ်ဟု မဆိုနိုင်ပေ။ သူ၏စိတ်ထဲတွင် ဤရေခဲနတ်မိမယ်လေးက အထိအတွေ့ကို ဂရုမှစိုက်ပါလေစဟု တွေးနေခဲ့သည်။

"နင်သာ တကယ်လုပ်ရင် ငါ ချက်ချင်းသတ်ပစ်မယ်"

ထိုအချိန်တွင် ထန်တိုက်လင်၏ ကြည်လင်သောမျက်လုံးများ ပွင့်လာပြီး စကားလုံးအချို့ တစ်လုံးချင်းထွက်ပေါ်လာသည်။

"မဟုတ် ....မဟုတ်ပါဘူး။ နင်ရဲ့အဆိပ်တွေက မကြာခင် လုံးဝပျောက်ကွယ်သွားတော့မယ်"

ယဲ့ချန်မှာ သူခိုးလူမိသွားဟန်ဖြင့် ကြောက်လန့်သွားပြီး အရှက်ပြေရယ်မောလိုက်သည်။ ထန်တိုက်လင်က သူ၏အတွေးကို အမှန်တကယ်ရိပ်မိနေသောကြောင့် ချက်ချင်း စကားလမ်းကြောင်းပြောင်းလိုက်သည်။ ထို့နောက် သူက တုံ့ဆိုင်းမနေဘဲ ဓားကျိုးကို လုံးဝဆွဲထုတ်လိုက်ပြီး သတိကြီးကြီးထားနေခဲ့သည်။ အကယ်၍ သူသာ မတော်တဆထိမိသွားလျှင် ငရဲပြည်သို့ အလည်တစ်ခေါက် ရောက်နေပေလိမ့်မည်။

"ဒီဓားကို သိမ်းထားလိုက်ဦး။ နောက်ကျရင် သမာဓိကောင်စီကို လက်ဆောင်ပြန်ပေးလိုက်ပေါ့"

ယဲ့ချန်သည် ဓားကျိုးကိုဆွဲထုတ်ပြီးနောက် ဒဏ်ရာကို ကောင်းကင်ချီများနှင့် ပိတ်ဆို့လိုက်သောကြောင့် သွေးထွက်လာခြင်းမရှိပေ။ သူ၏လက်ထဲရှိ အနီရောင်ဓားကျိုးတွင် အလွန်သေးငယ်သော မြွေတစ်ကောင်ရစ်ခွေနေသည်။ သူကတစ်ချက်ပြုံး၍ ဓားကျိုးကို အနီးရှိကျောက်တုံးတစ်ခုအပေါ် ပစ်တင်လိုက်သည်။

ဓားကျိုးကိုဆွဲထုတ်ပြီးနောက် ဒဏ်ရာက သာမန်မျက်စိဖြင့် မြင်နိုင်သောနှုန်းနှင့် ပြန်လည်ကောင်းမွန်လာခဲ့သည်။ သူမ၏ဘယ်ဘက်ရင်ဘတ်တွင် အမာရွတ်မရှိဘဲ လုံးဝပျောက်ကင်းသွားကာ ချောမွတ်နေသောကြောင့် ရေစက်ပင်မတင်နိုင်ပေ။ ဓားဒဏ်ရာတစ်ခုရှိခဲ့ဖူးသည်ဟု ယုံနိုင်စရာပင် မရှိချေ။

"ကောင်းလိုက်တဲ့ ကုသနိုင်စွမ်း"

ယဲ့ချန်က တစ်ချက်ကြည့်၍ ချီးကျူးလိုက်သည်။ ထန်တိုက်လင်၏အသားအရေက ခဏအတွင်းပင် အကောင်းဆုံးအနေအထားသို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။ ထိုအချိန်တွင် သူမက ဆံပင်ရှည်များဖြန့်ချထားပြီး ကပိုကရိုဖြစ်နေသောကြောင့် တစ်မျိုးတစ်ဖုံ ဆွဲဆောင်မှုပြင်းထန်နေသည်။ သူမက ပြန်ကြည့်နေသောအခါ ယဲ့ချန်က ကောင်းကင်သို့ အကြည့်လွှဲလိုက်သော်လည်း မျက်လုံးထောင့်ကပ်၍ ခိုးကြည့်နေမိသည်။ အကယ်၍ ထန်တိုက်လင်သာ ရေခဲကဲ့သို့ အေးစက်နေခြင်းမရှိဘဲ မိန်းမဆန်ဆန်နူးညံ့နေလျှင် အလွန်တရာချစ်စရာကောင်းပေလိမ့်မည်။

ယဲ့ချန်ခိုးကြည့်နေသည်ကို သိသော်လည်း ထန်တိုက်လင်က ဂရုမစိုက်ခဲ့ပေ။ သူမ၏ဆံပင်များကို ခပ်မြင့်မြင့်စည်းနှောင်လိုက်ပြီး အပြာရောင်ဝတ်ရုံတစ်ထည်ကို ဝတ်ဆင်လိုက်သည်။ ထို့နောက် ကျက်သရေရှိကာအေးစက်သော ရေခဲနတ်မိမယ်အသွင် ပြန်လည်ထွက်ပေါ်လာခဲ့သည်။ ယဲ့ချန်သည် ထန်တိုက်လင်၏အလှတွင် တစ်ခုခုလိုအပ်နေသည်ဟု ခံစားလိုက်ရသည်။ ၎င်းက မိန်းမဆန်မှုဖြစ်နိုင်သော်လည်း မိန်းမတိုင်းတွင် ကိုယ်ပိုင်ဝိသေသအလှတရား ကိုယ်စီရှိကြသည်။ အကယ်၍ အေးစက်ခြင်းသာမရှိဘဲ အလွန်မိန်းမဆန်နေလျှင် သူမက ထန်တိုက်လင် မဟုတ်နိုင်တော့ပေ။

"ဒီနေ့ဖြစ်ခဲ့သမျှကို ငါ နှုတ်လုံပါမယ်"

ယဲ့ချန်က ကတိပေးလိုက်သည်။ ထန်တိုက်လင်၏ဒဏ်ရာများ ပျောက်ကင်းသွားသောအခါ ကပိုကရိုအလှတရားက ပျောက်ကွယ်သွားပြီဖြစ်သည်။ ယဲ့ချန်၏စကားကြောင့် ထန်တိုက်လင်က မျက်မှောင်ကြုတ်လိုက်သည်။ သူမ၏နှလုံးသားတွင် အမျိုးအမည်မခွဲခြားတတ်သော ခံစားချက်တစ်ခု ဖြစ်တည်လာနေသည်။

ဝိညာဥ်အသိစိတ်အချို့က ဂူအပေါ်မှ ဖြတ်သန်းသွားကြသည်။

"ဒီကောင်တွေက ဘာလို့ရှာမတွေ့တာလဲ"

သမာဓိကောင်စီဝင်များက ဤနေရာတွင် အကြိမ်ပေါင်းများစွာ ရှာဖွေနေသော်လည်း ယဲ့ချန်နှင့်ထန်တိုက်လင်ကို ရှာမတွေ့ခဲ့ပေ။

"ထူးကဲအဆင့် ကောင်းကင်သားရဲမဟုတ်ရင် ငါ့အစီအရင်ကို ရှာမတွေ့နိုင်ဘူး။ ဖုယွမ်ရှမ်းက ထူးကဲအဆင့်ဖြစ်နေပေမယ့် လူသားတစ်ယောက်မို့ ဝိညာဥ်အသိစိတ် မရှိဘူး"

ထန်တိုက်လင်က ရှင်းပြလိုက်သည်။

"နားလည်ပြီ။ နင်က ဘယ်လိုလုပ် သူတို့ရဲ့အစီအရင်ထဲမှာ ပိတ်မိသွားရတာလဲ"

ယဲ့ချန်ကခေါင်းညိတ်၍ ထပ်မေးသည်။ ယေဘူယျသဘောပြောရလျှင် ထန်တိုက်လင်ကို သမာဓိကောင်စီက အလွယ်တကူ ဖမ်းချုပ်နိုင်မည်မဟုတ်ပေ။ ထောင်ချောင်အစီအရင်က အစွမ်းထက်သော်လည်း သူမက ထူးကဲအဆင့်ဖြစ်နေသောကြောင့် အာရုံခံနိုင်သင့်သည်။

"သူတို့က ဝိညာဥ်သားရဲလှိုင်းရဲ့ ဇစ်မြစ်ကိုရှာတွေ့ပြီး အကူအညီလိုအပ်နေတယ်လို့ လိမ်ခဲ့တယ်။ ငါ့ကို ခိုးကြောင်ခိုးဝှက် တိုက်ခိုက်လာမယ်လို့ မထင်ထားဘူး"

ခံစားချက်များကို အမြဲတစေဖုံးကွယ်ထားတတ်သော ထန်တိုက်လင်က ဒေါသထွက်နေခဲ့သည်။ သမာဓိကောင်စီ၏ အောက်တန်းကျသောလုပ်ရပ်က သူမကို အမှန်တကယ် ဒေါသထွက်စေခဲ့သည်။

"ဝိညာဥ်သားရဲတွေကြောင့် အကုန်လုံး ဒုက္ခရောက်နေကြတယ်။ မဟာအရှေ့ပိုင်းတိုက်ကြီးရဲ့ နံပတ်တစ်အင်အားစုက ရန်သူတွေကို တိုက်ခိုက်ရမယ့်အစား အကျိုးအမြတ်ယူဖို့ တွေးနေတယ်။ ဒီကောင်တွေ အကုန်သေသင့်တယ်"

ယဲ့ချန်က အံကြိတ်၍ ကျိန်ဆဲလိုက်သည်။

"သမာဓိကောင်စီက သေသင့်ပေမယ့် လောလောဆယ် သူတို့ကိုလွှတ်ထားလိုက်မယ်။ ဝိညာဥ်သားရဲတွေအကြောင်း အရင်ဆုံး ရှာကြတာပေါ့"

"ငါကအားနည်းပေမယ့် အကူအညီလိုအပ်လာရင် အချိန်မရွေးပြောပါ"

ယဲ့ချန်က ထန်တိုက်လင်၏ စိတ်နေစိတ်ထားအပေါ် အလွန်လေးစားသွားခဲ့သည်။ ထန်တိုက်လင်က ယဲ့ချန်ကိုတစ်ချက်ကြည့်၍ ခေါင်းညိတ်သည်။ အတိတ်မှ ထန်တိုက်လင်သာဆိုလျှင် သမာဓိကောင်စီကို သွေးချောင်းစီးအောင် တိုက်ခိုက်ပေလိမ့်မည်။ သို့သော် ထူးကဲအဆင့်သို့ တက်ရောက်ပြီးနောက် ကန့်သတ်ဒေသမှ ယဲ့ချန်၏စကားများကြောင့် သူမ၏စိတ်ထားက ပြောင်းလဲသွားခဲ့လေသည်။

"သတင်းတစ်ခုခုရရင် နင့်ကို အသိပေးမယ်"

ထန်တိုက်လင်၏ခွန်အားက လျင်မြန်စွာ ပြည့်ဝလာနေသည်။ သူမက ပင်လယ်မိစ္ဆာမျိုးနွယ်ဝင်များကို စိုးရိမ်သောကြောင့် မြောက်ပင်လယ်သို့ပြန်ရန် အလျင်လိုနေခဲ့သည်။ သူမက မြောက်ပင်လယ်ဘုရင်မဖြစ်နေသော်လည်း ယဲ့ချန်ကို ဖြတ်သွားဖြတ်လာတစ်ယောက်ဟု သဘောမထားတော့ပေ။

ယဲ့ချန်သည် သမာဓိကောင်စီ၏နတ်ဘုရင်ကို ဆေးလုံးအဖြစ် ပြောင်းလိုက်သော ကောင်းကင်တုန်ခါဆေးအိုးကို တစ်ချက်ကြည့်လိုက်သည်။ ဆေးနံ့တစ်ခုထွက်ပေါ်နေပြီး ၎င်းဆေးလုံးဖြင့် နတ်ဘုရင်တစ်ယောက်ကို မွေးဖွားပေးနိုင်သည်။ အကယ်၍ သူသာ အဆုံးမဲ့ကျင့်ကြံသူကို ဆေးလုံးအဖြစ်ပြောင်းလဲနိုင်လျှင် သူ၏အဆင့်တက်ရန်အတွက် အသုံးချနိုင်ပေသည်။ လက်ရှိခွန်အားဖြင့် အဆုံးမဲ့အဆင့် ကောင်းကင်သားရဲတစ်ကောင်ကို သတ်ဖြတ်ခြင်းက ယဲ့ချန်အတွက် ပြဿနာမဟုတ်တော့ပေ။

"ငါ့ခွန်အားသုံးဆယ်ရာခိုင်နှုန်းကို ပြန်ရပြီဖြစ်လို့ နှုတ်ဆက်ပါတယ်။ ရန်သူတွေကို ငါ မျှားခေါ်သွားပြီးရင် နင် ထွက်သွားလို့ရပြီ"

ထန်တိုက်လင်က ကောင်းကင်သို့မော့ကြည့်ကာ တစ်လုံးချင်းပြောလိုက်သည်။

"နင့်ခွန်အား ရာနှုန်းပြည့်ရတဲ့အထိ မစောင့်တော့ဘူးလား"

ယဲ့ချန်က စိုးရိမ်တကြီးမေးသည်။ သူမ၏ခွန်အား သုံးဆယ်ရာခိုင်နှုန်းဖြင့်ဆိုလျှင် အန္တရာယ်ရှိနိုင်သည်။

"သူတို့မှာ ထောင်ချောက်အစီအရင် မရှိတော့ဘူး။ လက်ရှိခွန်အားက သူတို့ကိုကိုင်တွယ်ဖို့ လုံလောက်တယ်။ လမ်းမှာပျံသန်းနေရင်း ငါ့ခွန်အားက ခြောက်ဆယ်ရာခိုင်နှုန်းအထိ တိုးလာလိမ့်မယ်။ မြောက်ပင်လယ်ကို ငါ အမြန်ဆုံးပြန်ဖို့ လိုအပ်နေတယ်"

ထန်တိုက်လင်က ပင်လယ်မိစ္ဆာမျိုးနွယ်၏လုံခြုံရေးကို အလွန်စိတ်ပူနေသည်။ သူမက ယဲ့ချန်ကိုတစ်ချက်ကြည့်ကာ အလင်းတစ်ခုအဖြစ် ဂူအမိုးကိုဖောက်၍ ကောင်းကင်သို့ ပျံတက်သွားခဲ့သည်။ ဤအကြည့်တွင် သူမ၏အေးစက်မှုများ ပျောက်ကွယ်နေကာ နှစ်လိုဖွယ်ကောင်းသောကြောင့် ယဲ့ချန်မှာ ပုံရိပ်ယောင်ပမာ ထင်မှတ်နေခဲ့သည်။

"ထန်တိုက်လင်ကို တွေ့ပြီဟေ့။ လိုက်ဖမ်းကြ"

သမာဓိကောင်စီဝင်များသည် ထန်တိုက်လင်ကိုတွေ့သောအခါ ချက်ချင်းလိုက်ဖမ်းခဲ့ကြသည်။ ခဏအတွင်း သူတို့အားလုံးက အဝေးတွင် ပျောက်ကွယ်သွားခဲ့ကြသည်။

ထန်တိုက်လင်က ရန်သူအားလုံးကို သတ်နိုင်မသတ်နိုင်အား ယဲ့ချန်လည်း မပြောတတ်ပေ။ အကယ်၍ သူမ၏ခွန်အားသာ အထွတ်အထိပ်၌ရှိနေလျှင် ဖုယွမ်ရှန်းတို့လူစုက ပြိုင်ဘက်မဟုတ်ပေ။ ထို့နောက် သူက ဂူအတွင်းမှထွက်၍ ကြယ်ခန်းမရှိရာအရပ်သို့ ဦးတည်ပျံသန်းလာခဲ့သည်။

ကြယ်ခန်းမတွင် ယဲ့ချန် အချိန်ကြာမြင့်စွာ ပျောက်ကွယ်နေသောကြောင့် လူတိုင်း စိုးရိမ်နေကြသည်။ သူက ဘေးကင်းလုံခြုံစွာ ပြန်ရောက်လာသောအခါမှ အားလုံး စိတ်အေးသွားကြလေသည်။ ယဲ့ချန်က လက်မောင်းကာနေရာလပ်အတွင်းမှ ဝိညာဥ်သားရဲအလောင်းများစွာကို ထုတ်လိုက်သည်။

တောင်ကဲ့သို့စုပုံနေသော ဝိညာဥ်သားရဲများကြောင့် လူတိုင်းက စိတ်လှုပ်ရှားနေကြသည်။ အရေအတွက်က အလွန်များသည့်အပြင် အဆင့်မြင့်သားရဲများဖြစ်သောကြောင့် ကြယ်ခန်းမ၏တပည့်များ စားသောက်လိုက်လျှင် ကျင့်ကြံဆင့်များ တိုးတက်လာပေလိမ့်မည်။

"အဖေ ဒီအလောင်းတွေကို ခွဲပေးလိုက်ပါ"

"ပြဿနာမရှိဘူး။ ဒီကိစ္စကို ငါ လုပ်လိုက်မယ်"

ယဲ့ကျန့်တန်းက တစ်ချက်ပြုံး၍ ခေါင်းညိတ်သည်။

ယဲ့ချန်သည် သူ၏လက်အောက်ရှိ မှော်သားရဲဆယ်ကောင်အနက်မှ လင်းယုန်နက်ကို ဝိညာဥ်အသိစိတ်ဖြင့် ဆက်သွယ်လိုက်သည်။ ထို့နောက် ၎င်းကို ကောင်းကင်တုန်ခါဆေးအိုးအတွင်းမှ ဝိညာဥ်ဆေးလုံးကို သောက်စေသည်။ အားဖန်တစ်၊နှစ်၊သုံးနှင့်လေးတို့က ဆေးကိုယ်စီသောက်ထားသောကြောင့် နတ်ဘုရင်အဆင့်သို့ရောက်ရန် သေချာနေသည်။ အားဖန်ကိုး နေလင်းယုန်ကလည်း နတ်ဘုရင်အဆင့်သို့ ရောက်ရှိပြီးဖြစ်သည်။ ထို့ကြောင့် အားဖန်ငါး၊ခြောက်၊ခုနစ်နှင့်ရှစ်တို့အတွက် ဆေးလုံးများရှာဖွေပေးပြီးလျှင် နန်ရှင်းတစ်နှင့်ပူးပေါင်း၍ တစ်ဆယ်တိုက်ပွဲအစီအရင်ကို လေ့ကျင့်စေမည်ဟု ယဲ့ချန်က ဆုံးဖြတ်ထားသည်။

အဆုံးမဲ့အဆင့်တစ် ကျင့်ကြံသူတစ်ယောက်နှင့် နတ်ဘုရင်ကိုးယောက်ပါဝင်သော အစီအရင်က အဆုံးမဲ့အဆင့်ခုနစ် တစ်ယောက်ကို တိုက်ခိုက်နိုင်စွမ်းရှိသည်။ ထို့ကြောင့် သမာဓိကောင်စီ၊ မိုးကြိုးမျိုးနွယ်၊ စစ်နတ်ဘုရားကျောင်းတော်စသည့် အစွမ်းထက်အင်အားစုကြီးများအောက် တစ်ဆင့်နိမ့်သော အင်အားစုများကို ကြယ်ခန်းမက ရှင်းလင်းနိုင်စွမ်း ရှိလာတော့မည်ဖြစ်သည်။

All Chapters