← Chapters

ဝံပုလွေတိုင်းပြည်နှင့် စစ်ပွဲ

Vol. 29 Ch. 407

ဝံပုလွေတိုင်းပြည်နှင့် စစ်ပွဲ

Vol. 29 Ch. 407

မျက်တောင်တစ်ခတ်အတွင်း အချိန်တစ်ပတ်ခန့် ကုန်ဆုံးသွားကာ ယဲ့ချန်သည် ကျင့်ကြံဆင့်ကို အခြေတည်စေရန် ပြုလုပ်နိုင်ခဲ့သည်။ ထို့အပြင် ဝိညာဥ်အသိစိတ်အပေါ် သူ၏နားလည်နိုင်စွမ်းကလည်း တစ်ဆင့်မြင့်တက်သွားခဲ့သည်။ သူက ဝိညာဥ်သစ်ပင်အောက်တွင်ထိုင်၍ ကျင့်ကြံနေရင်း ကြယ်ခန်းမတစ်ခုလုံးကို ဝိညာဥ်အသိစိတ်ဖြင့်လွှမ်းခြုံကာ လူတိုင်း၏ဝိညာဥ်ပြောင်းလဲမှုများကို အာရုံခံလိုက်သည်။ သူ၏ဝိညာဥ်စွမ်းအင်များကိုလည်း ၎င်းတို့စုပ်ယူနိုင်ရန် ထုတ်လွှတ်ပေးခဲ့သည်။ အချိန်ကြာလာသောအခါ ကြယ်ခန်းမတပည့်များနှင့် ယဲ့မျိုးနွယ်ဝင်များတွင် ယဲ့ချန်၏ ဝိညာဥ်အသိစိတ်နှင့်တူသော စွမ်းအင်မျိုး ပိုင်ဆိုင်လာကြသည်။ အကယ်၍ သူတို့သာ ဆက်လက်ကျင့်ကြံနိုင်မည်ဆိုလျှင် ယဲ့ချန်ကဲ့သို့ ဝိညာဥ်အသိစိတ်ကို ထုတ်ဖော်နိုင်စွမ်း ရှိလာပေလိမ့်မည်။

"တကယ်လို့ တိုက်ပွဲဖြစ်မယ်ဆိုရင် သူတို့ရဲ့ဝိညာဥ်က ငါ့ကို ကူညီပေးနိုင်လောက်မလား"

ယဲ့ချန်က အတွေးနက်နေသည်။ အကယ်၍ ဤသို့အမှန်တကယ်လုပ်ဆောင်နိုင်လျှင် ဤအချက်က အံ့လောက်စရာ တွေ့ရှိမှုကြီးဖြစ်သည်။ သို့သော် လက်ရှိတွင် သူတို့၏ဝိညာဥ်များက အလွန်အားနည်းသောကြောင့် ယဲ့ချန်အတွက် များစွာအကူအညီမဖြစ်နိုင်ပေ။ သို့သော် သူတို့ထုတ်ဖော်ထားသော အရှိန်အဝါများကြောင့် ယဲ့ချန်သည် ဝိညာဥ်ကိုကျင့်ကြံရာတွင် များစွာတိုးတက်လာခဲ့သည်။

ကြယ်ခန်းမက ခုန်ပေါက်တိုးတက်လာပြီး သာမန်အဖွဲ့ဝင်အရေအတွက်က ကြောက်ခမန်းလိလိ များပြားလာသည်။ ဆန်းကျယ်အဆင့် ကျင့်ကြံသူများအရေအတွက်သည်ပင် ဝိညာဥ်အခြေတည်ဆေးလုံးများ၊ အာကာသကျောက်များနှင့် ဝိညာဥ်သားရဲအလောင်းများကျေးဇူးကြောင့် ရာချီလာပြီဖြစ်သည်။ သူတို့က ဝိညာဥ်သားရဲများကို နေ့စဥ် အမဲလိုက်ကြသော်လည်း ၎င်းတို့၏အရေအတွက်က လျော့နည်းသွားရမည့်အစား တိုးပွားလာခဲ့သည်။ ဤအချက်က ယဲ့ချန်ကို စိတ်များလေးလံစေသည်။ ထန်တိုက်လင်က လက်ရှိတွင် မြောက်ပင်လယ်သို့ ပြန်သွားသည်လား ဝိညာဥ်သားရဲလှိုင်း၏ဇစ်မြစ်ကို လိုက်လံရှာဖွေနေသည်လားကို ယဲ့ချန်က မတွေးတတ်ပေ။

ဝိညာဥ်သားရဲများကြားတွင် များပြားလှသော ဝံပုလွေများနှင့် မှော်သားရဲအမျိုးမျိုး ချီတက်လာကြသည်ကို ယဲ့ချန်က တွေ့ရှိခဲ့သည်။ ၎င်းတို့က မြို့ငါးမြို့၏အပြင်ပတ်ဝန်းကျင်မှ မြို့များကိုဝန်းရံ၍ ရှေ့သို့ တိုးလာနေကြသည်။ ဝံပုလွေတိုင်းပြည်က ကြယ်ခန်းမကိုကျူးကျော်ရန် စတင်လိုက်ပြီဖြစ်သည်။ ကြယ်ခန်းမ၏ ကျင့်ကြံသူအင်အားက ဝံပုလွေတိုင်းပြည်နှင့်မယှဥ်နိုင်သော်လည်း မြို့ငါးမြို့ကို ခံစစ်အဖြစ်အသုံးချကာ ပြန်လည်တိုက်ခိုက်နိုင်သည်။ အကယ်၍ ယဲ့ချန်၊ နန်ရှင်းတစ်နှင့် နတ်ဘုရင်များက ရန်သူဘုရင်သုံးယောက်ကို တစ်ချက်တည်းသတ်ဖြတ်နိုင်ခဲ့လျှင် တိုက်ပွဲ၏အခြေအနေကို ပြောင်းပြန်လှန်နိုင်ပေလိမ့်မည်။ သို့သော် ဝံပုလွေတိုင်းပြည်၌လည်း ဝှက်ဖဲများစွာ ရှိနေနိုင်သည်။

ဝံပုလွေတိုင်းပြည်၏စစ်တပ် ချီတက်လာသောအခါ မြို့ငါးမြို့၏လေထုက တင်းမာလာသည်။ ဝိညာဥ်သားရဲ အမဲလိုက်သော အဖွဲ့ငယ်များကလည်း မြို့များအတွင်းသို့ ပြန်လည်ဆုတ်ခွာလာကြသည်။ မြို့ရိုးများပေါ်တွင် လက်နက်ကိုယ်စီကိုင်ဆောင်ထားသော ကြယ်ခန်းမအဖွဲ့ဝင်များက တိုက်ပွဲအတွက် အသင့်ပြင်ထားကြသည်။ ဤတစ်ခေါက်တွင် ကြယ်ခန်းမက ကျင့်ကြံသူအနည်းငယ်နှင့်မဟုတ်ဘဲ ဆယ်သန်းကျော်သော သားရဲများနှင့် တိုက်ခိုက်ရမည်ဖြစ်သည်။

အဝေးရှိသစ်တောများတွင် ဝံပုလွေတိုင်းပြည်၏ နတ်ဘုရင်များက များပြားလှသောဝိညာဥ်သားရဲများကို သတ်ဖြတ်ကာ သူတို့၏စစ်တပ်ကို အထိအခိုက်မများစေရန် ကာကွယ်ပေးနေကြသည်။

"ဟေးရီ မြို့ထဲမှာ ဘာလှုပ်ရှားမှုတွေရှိလဲ"

သွေးဘုရင်က မေးလိုက်ခြင်းဖြစ်သည်။

"နတ်ဘုရင်တစ်ယောက်မှ မပေါ်လာပါဘူး အရှင်။ မြို့တွေကို တင်းတင်းကြပ်ကြပ် အစောင့်ချထားပေမယ့် အစွမ်းထက်ကျင့်ကြံသူတွေ မရှိပါဘူး"

ဟေးရီက အခြေအနေကို တင်ပြလိုက်သည်။ ဝံပုလွေတိုင်းပြည်၏ နတ်ဘုရင်တစ်ယောက်အနေဖြင့် တိုက်ပွဲများစွာ ရင်ဆိုင်ဖူးသော်လည်း ကြယ်ခန်းမက ရင်ဆိုင်ဖူးသမျှတွင် အထူးဆန်းဆုံး အင်အားစုဖြစ်နေခဲ့သည်။

"ငါတို့တိုင်းပြည်ရဲ့ သေရေးရှင်ရေးကို ဒီတိုက်ပွဲက ဆုံးဖြတ်ပေးလိမ့်မယ်။ ငါတို့က နောက်မဆုတ်တမ်း တိုက်ခိုက်ရလိမ့်မယ်။ ကြယ်ခန်းမှာ ဘယ်လိုဝှက်ဖဲတွေရှိရှိ မနက်ဖြန်ညကျရင် တိုက်ခိုက်မယ်"

သွေးဘုရင်က အမိန့်ပေးလိုက်သည်။ ဝိညာဥ်သားရဲလှိုင်းများ ဆက်တိုက်ထွက်ပေါ်လာသောကြောင့် ဝံပုလွေတိုင်းပြည်က အကြီးအကျယ်ပြဿနာတက်နေသည်။ သူတို့က ကိုယ်ပိုင်မြို့တစ်ခု တည်ဆောက်ချင်သော်လည်း သံမဏိနက်များရှာဖွေ၍ မလုံလောက်ချေ။ သာမန်မြို့ရိုးများကမူ ဝိညာဥ်သားရဲများကို မခုခံနိုင်သောကြောင့် ကြယ်ခန်းမ၏မြို့များကို သိမ်းယူရန် နည်းလမ်းတစ်ခုသာ ကျန်ရစ်ပေသည်။ ယဲ့ချန်၏နောက်တွင် ရှေးဟောင်းကျင့်ကြံသူတစ်ယောက် ရှိနေနိုင်သော်လည်း ဘိုးဘေး၏သုံးသပ်ချက်အရ နှစ်ဆယ်ရာခိုင်နှုန်းသာရှိနိုင်ကြောင်း သွေးဘုရင်က သိထားသည်။ လိပ်ပြာလက်နက်တစ်ခု ဖြစ်နိုင်ချေက ရှစ်ဆယ်ရာခိုင်နှုန်းရှိသောကြောင့် မြို့ငါးမြို့နှင့်ရတနာအတွက် သူက စွန့်စားရန် ဆုံးဖြတ်ခဲ့သည်။ ထို့အပြင် သူ့အတွက် ရွေးစရာလမ်းလည်း မရှိချေ။

မုန်တိုင်းမျိုးနွယ်နှင့် ဝံပုလွေတိုင်းပြည်သည် နောက်တစ်ရက်တွင် ကြယ်ခန်းမကိုတိုက်ခိုက်မည်ဟု သဘောတူထားကြသည်။ ဝံပုလွေတိုင်းပြည်၏ နတ်ဘုရင်ငါးယောက်နှင့် မုန်တိုင်းမျိုးနွယ်၏စစ်ကူများ ပူးပေါင်းလိုက်လျှင် ကြယ်ခန်းမကို သုတ်သင်ရန်အတွက် ပြဿနာမရှိနိုင်ချေ။ သွေးဘုရင်နှင့်နောက်လိုက်များက ယုံကြည်ချက်အပြည့်ရှိနေပြီး သူတို့၏စစ်တပ်ကြီးက မြို့များထံ တရွေ့ရွေ့ချဥ်းကပ်နေသည်။ တောင်တန်းများနှင့် လွင်ပြင်များပေါ်တွင် သားရဲများ မည်းနက်နေအောင် ပြည့်နှက်နေကြသည်။

ဝိညာဥ်သစ်ပင်အောက်တွင် ထိုင်နေသော ယဲ့ချန်သည် ဝံပုလွေတိုင်းပြည်က ဤမျှမြန်မြန်လှုပ်ရှားလာမည်ဟု ထင်မထားခဲ့ပေ။ သူက ၎င်းကိုမဖျက်ဆီးခင် ခွန်အားတိုးတက်အောင် ကျင့်ကြံလိုခဲ့သည်။ ဝိညာဥ်အသိစိတ်ဖြင့် နေရာတိုင်းကို စစ်ဆေးလိုက်သော်လည်း ဘုရင်သုံးယောက်ကိုရှာမတွေ့ခဲ့ဘဲ သစ်တောတစ်ခုလုံး အနီရောင်မြူခိုးများ ပြည့်နှက်နေသည်ကိုသာ အာရုံခံနိုင်ခဲ့၏။ ဟေးရီနှင့် ကျန်နတ်ဘုရင်တစ်ယောက်က သစ်တောအတွင်း စစ်တပ်ကို ဦးဆောင်နေကြသည်။ ထိုဘုရင်သုံးယောက်က သူ့ကို ချုံခိုတိုက်ခိုက်ရန်အတွက် ထောင်ချောက်တစ်ခု စီစဥ်ထားခြင်းဖြစ်နိုင်သည်။

ယဲ့ချန်က ဟေးရီတို့ကို သတ်ရန်သင့်မသင့် ချင့်ချိန်လ်ုက်သည်။ ဤကား ထောင်ချောက်တစ်ခုဖြစ်ကြောင်း သိသာနေသောကြောင့် အသက်ကယ်ဝှက်ဖဲများစွာ ရှိသည့်တိုင်အောင် ရန်သူကို လျှော့မတွက်ရဲပေ။ ရန်သူများက ကြယ်ခန်းမကိုတိုက်ခိုက်ရဲခြင်းမှာ ဝှက်ဖဲတစ်ခုခု အားကိုးရှိသောကြောင့် သူက သေချာပေါက်သတိထားရပေလိမ့်မည်။ သို့သော် သူ၏ရုပ်ခန္ဓာက ထောင်ချောက်အတွင်း မဝင်တိုးနိုင်သော်လည်း ဝိညာဥ်စစ်သည်တော်က ကွဲပြားပေသည်။ သူက ဟေးရီနှင့် အဖော်ဖြစ်သူကိုသတ်ရန် အခွင့်အရေးတစ်ခု ရှာဖွေနေခဲ့သည်။

မြို့ငါးမြို့အတွင်း နင်ချင်းယွင်ဦးဆောင်သော အကြီးအကဲများက အလုပ်ရှုပ်နေကြသော်လည်း စိုးရိမ်နေကြသည်။ သူတို့က ယဲ့ချန်ကို လုံးဝဥဿုံယုံကြည်ထားသော်လည်း စိုးရိမ်စိတ်မရှိဟုဆိုလျှင် မုသားဖြစ်ပေသည်။ ဤတစ်ကြိမ်တွင် ကြယ်ခန်းမက ဝံပုလွေတိုင်းပြည်တစ်ခုလုံးနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။ မဟာအရှေ့ပိုင်းတိုက်ကြီးတွင် ၎င်းက ခြင်္သေ့နန်းတော်ကို ယှဥ်ပြိုင်နိုင်သော အင်အားစုတစ်ခုဖြစ်သည်။ ဝံပုလွေတိုင်းပြည်က နှစ်ရာချီအတွင်း အင်အားကြီးမားလာကာ ခြင်္သေ့နန်းတော်ကို ဖိနှိပ်နိုင်ခဲ့သည်။ သူတို့က ဝံပုလွေတိုင်းပြည်၏ နတ်ဘုရင်အရေအတွက်ကို မသိသောကြောင့် ပို၍စိုးရိမ်ကြောင့်ကြနေသည်။

မြို့ရိုးပေါ်တွင် မတ်တပ်ရပ်၍ကြည့်လိုက်လျှင် မည်းနက်နေသည့် စစ်တပ်ကြီးတစ်ခုကို မြင်နေရသည်။ စစ်တပ်ကို ဝံပုလွေများနှင့် အဓိကဖွဲ့စည်းထားပြီး အခြားသားရဲများလည်း ပါဝင်သည်။ ကောင်းကင်တွင်ရှိနေသော မိုးပျံသားရဲအရေအတွက်ကပင် သန်းချီနေသည်။ အကယ်၍ တိုက်ပွဲဖြစ်ပွားလျှင် ကောင်းကင်ရောမြေပြင်ပါ အကြီးအကျယ် ဖြစ်ပွားပေလိမ့်မည်။

"ကြယ်ခန်းမက ဒီတစ်ခေါက် ခုခံနိုင်ပါ့မလား"

"ဂိုဏ်းကာကွယ်ရေးအစီအရင်က အစွမ်းထက်ပေမယ့် ဒီလောက်သားရဲတွေအများကြီးကို ခုခံနိုင်ပါ့မလား"

နင်ချင်းယွင်တို့လူစုက စိုးရိမ်နေသော်လည်း ယဲ့တောင်ကြားအတွင်း ရှိနေသည့် ယဲ့ချန်က အမိန့်များ ပေးထားပြီးဖြစ်သည်။ နန်ရှင်းတစ်က မြို့ရိုးများပေါ်တွင် အေးဆေးတည်ငြိမ်စွာ ကင်းလှည့်နေသော မြင်ကွင်းသည်လည်း သူတို့ကို စိတ်သက်သာရာရစေသည်။ ခန်းမသခင်က ဤတိုက်ပွဲအတွက် ကြိုတင်စီစဥ်ထားပုံပေါ်သည်။

ယဲ့ချန်သည် ရန်သူနတ်ဘုရင်များကို မကြောက်သော်လည်း သားရဲများ၏အရေအတွက်က အလွန်များပြားနေသည်။ စစ်ပွဲစတင်လျှင် ဘက်ပေါင်းစုံမှဝင်ရောက်လာမည့် ရန်သူများကြောင့် ကြယ်ခန်းမက အကြီးအကျယ်ထိခိုက်သွားနိုင်သည်။ သူက ဝိညာဥ်အသိစိတ်ဖြင့် ကောင်းကင်သားရဲများကို အလွယ်တကူသတ်ဖြတ်နိုင်သော်လည်း တစ်ချက်တည်းဖြင့် ဤစစ်တပ်ကို အပြောင်မရှင်းနိုင်ချေ။ မြို့ငါးမြို့တွင် ထောင်ချီဓားအစီအရင်များ တပ်ဆင်ထားလျှင် ခုခံနိုင်မည်ဖြစ်သော်လည်း သူက အစီအရင်အတွက် လိုအပ်သောဓားများကို ရှာဖွေရန် အချိန်မမီတော့ပေ။

တစ်ဖက်တွင် ယဲ့ချန်က သားရဲစစ်တပ်ကို တိုက်ခိုက်ရမည့် နည်းလမ်းကိုစဥ်းစားနေစဥ် ဟေးရီနှင့်နတ်ဘုရင်တစ်ယောက်က သူ လှုပ်ရှားလာမည်ကို စောင့်ဆိုင်းနေကြသည်။

နတ်ဘုရင်တစ်ယောက်ကို သတ်နိုင်လျှင် တိုက်ပွဲတွင် အသာစီးရနိုင်သောကြောင့် ယဲ့ချန်၏ဝိညာဥ်စစ်သည်တော်က ဟေးရီ၏ဘေးတွင် ရုတ်တရက်ထွက်ပေါ်လာခဲ့သည်။

"နဂါးငွေ့တန်းလက်ဝါးသိုင်း"

ကြယ်စွမ်းအားများပါဝင်နေသော ခရမ်းရောင်အလင်းတန်းများက ဟေးရီနှင့်နတ်ဘုရင်ထံ ကျဆင်းလာခဲ့သည်။ လက်ဝါးမှထွက်ပေါ်လာသော လေလှိုင်းကပင် ထိမှန်သမျှ သစ်ပင်များကို အမှုန့်ဖြစ်သွားစေသည်။

"နောက်ဆုံးတော့ ဒီခွေးကောင် ထွက်လာပြီပေါ့"

သွေးနီရောင်မြူခိုးများအတွင်း စိတ်ရှည်စွာ ပုန်းအောင်းစောင့်ဆိုင်းနေသော ဘုရင်သုံးယောက်က ရွှေရောင်စစ်သည်တော်ကို မြင်သောအခါ အပျော်လွန်သွားကြသည်။

"ဒီကောင့်ရဲ့ဝိညာဥ်ကို ဒဏ်ရာရအောင် တိုက်ခိုက်လိုက်ရင် ခွန်အားက သေချာပေါက် နိမ့်ကျသွားလိမ့်မယ်။ တိုက်ပွဲဖြစ်လာရင် ငါတို့ခွန်အားကို ချွေတာနိုင်လိမ့်မယ်"

ဝိညာဥ်သုံးခုက ဧရာမဝံပုလွေကြီးများအဖြစ် ထွက်ပေါ်လာကာ ဝိညာဥ်စစ်သည်တော်ကို ခုန်အုပ်လိုက်ကြသည်။ သွေးဘုရင်၏ဝိညာဥ်က သွေးနီရောင်တောက်ပနေပြီး ကျန်ဝိညာဥ်များထက် အရွယ်အစား နှစ်ဆကြီးမားနေသည်။ သွေးဘုရင်က မိစ္ဆာဝံပုလွေဆေဘာ၏အစွမ်းကိုပါ ဝိညာဥ်နှင့် ပေါင်းစပ်ထားခြင်းဖြစ်သည်။ သူတို့သုံးယောက်က ယဲ့ချန်၏ဝိညာဥ်ကို တစ်ချက်တည်းဖျက်ဆီးရန် ကြံစည်ထားကြသည်။

"မင်းတို့အကြံ ဒါအကုန်ပဲလား"

ယဲ့ချန်က အေးစက်စက်ပြုံးလိုက်သည်။ ထောင်ချောက်မှန်းသိသိဖြင့် တိုးဝင်လာသော အကြောင်းအရင်းမှာ သူ၏ဝိညာဥ်က ကောင်းကင်သားရဲများနှင့် ကွာခြားခြင်းဖြစ်သည်။ ၎င်းကပျက်စီးသွားလျှင်ပင် ဒဏ်ရာအနည်းငယ်သာ ရပေလိမ့်မည်။ သူက ဝိညာဥ်စစ်သည်တော်ကို ပြန်လည်ဖွဲ့စည်းရန် အချိန်အနည်းငယ်သာ လိုအပ်သော်လည်း ကောင်းကင်သားရဲများကမူ လအနည်းငယ်အထိ အချိန်ယူရပေလိမ့်မည်။ ဝံပုလွေဘုရင်သုံးယောက်က ဤအချက်ကို မသိထားကြပေ။

ဝိညာဥ်စစ်သည်တော်က ဘုရင်သုံးယောက်၏တိုက်ကွက်များကို လျစ်လျူရှုလိုက်သည်။ လက်ဝါးချက်က ရန်သူနတ်ဘုရင်နှစ်ယောက်ထံ မူလအရှိန်အတိုင်း ကျဆင်းနေသည်။ ဝုံပုလွေကြီးသုံးကောင်က ဧရာမလက်သည်းကြီးများဖြင့် ဝိညာဥ်စစ်သည်တော်ကို ကုတ်ချလိုက်သော်လည်း ၎င်းက မရပ်ခဲ့ပေ။ ကိုယ့်ကိုကိုယ်ကာကွယ်ရမည့်အစား ရန်သူနတ်ဘုရင်နှစ်ယောက်ကိုသာ ခေါင်းမာစွာ တိုက်ခိုက်နေသည်။

ဟေးရီနှင့် အဖော်နတ်ဘုရင်သည် သူတို့ကိုသတ်ရန် တစ်ဖက်လူက ဤမျှဆုံးဖြတ်ချက်ပြတ်သားနေမည်ဟု မျှော်လင့်မထားကြပေ။ သူတို့က ထွက်ပြေးချင်သော်လည်း ဆန်းကျယ်သောစွမ်းအင်တစ်ရပ်က သူတို့၏လှုပ်ရှားမှုမှန်သမျှကို ကန့်သတ်ထားခဲ့သည်။ လက်ဝါးချက်၏ အရှိန်အဝါကြောင့် နှစ်ယောက်လုံးက နှလုံးများကြေကွဲမတတ် နာကျင်မှုကို ခံစားလိုက်ရသည်။

"ကြောက်စရာကောင်းလွန်းတယ်"

"ဒီဝိညာဥ်သိုင်းကွက်က ထူးဆန်းလွန်းတယ်"

နဂါးငွေ့တန်းလက်ဝါးနှင့် ထိမှန်ခါနီးတွင် ဟေးရီသည် အနက်ရောင်မြူခိုးများအဖြစ် ပြောင်းလဲသွားခဲ့သည်။

"ဘုန်း"

သူ၏အဖော်ဖြစ်သော နတ်ဘုရင်ကမူ နဂါးငွေ့တန်းလက်ဝါးသိုင်းကြောင့် သွေးကြောဆုံချက်များ ကျယ်လောင်စွာပေါက်ကွဲသွားကာ ချက်ချင်းသေဆုံးသွားခဲ့သည်။ လက်ဝါးချက်က အနက်ရောင်မြူခိုးများကို ထိမှန်သွားသော်လည်း ဟေးရီက မသေခဲ့ပေ။

လက်ဝါးချက် ပျောက်ကွယ်သွားချိန်တွင် ဟေးရီသည် အသက်ကို ခဲယဥ်းစွာရှူ၍ ပြန်လည်ထွက်ပေါ်လာခဲ့သည်။ သူ၏ဘေးတွင် အသက်ကုန်ဆုံး၍လဲကျနေသော အဖော်နတ်ဘုရင်ကို ကြောက်လန့်စွာ ကြည့်လိုက်မိသည်။ အကယ်၍ သူက လျှို့ဝှက်ကျင့်စဥ်ကိုသာ တတ်မြောက်ထားခြင်းမရှိလျှင် ဤနတ်ဘုရင်ကဲ့သို့ အသက်ဆုံးသွားနိုင်လေသည်။

All Chapters