← Chapters

အကုန်လုံးကို ဖိနှိပ်ခြင်း ( ဒုတိယပိုင်း )

Vol. 29 Ch. 393

အကုန်လုံးကို ဖိနှိပ်ခြင်း ( ဒုတိယပိုင်း )

Vol. 29 Ch. 393

" မင်း အရင်စလိုက် "

လီဖူချန်းက အရင်စပြီး မတိုက်ချင်ပါဘူး။

" ရွှေခြင်္သေ့လက်သီး "

လင်းရင်ကတော့ ဘာမှပြန်မပြောဘဲ လီဖူချန်းကို လှမ်းထိုး လိုက်ပါတယ်။

" ဝေါင်း "

လက်သီးချက်နဲ့အတူ ရွှေရောင်ခြင်္သေ့ကြီးတစ်ကောင် ထွက်ပေါ်လာပြီး  လီဖူချန်းဆီကို တိုးဝင် သွားခဲ့ပါပြီ။

လင်းရင်ရဲ့ ရွှေခြင်္သေ့ လက်သီးသိုင်းက အလုံးစုံ တတ်သိနားလည်ခြင်း အဆင့်နီးပါးကို ရောက်နေတဲ့ အပြင် သာမန် မြေကမ္ဘာအဆင့်နိမ့် သိုင်းပညာတွေထက်ကို ပိုအစွမ်းထက်ပါတယ်။ သူ့ရဲ့ အဆင့်၂၂  ခြင်္သေ့ရိုင်း  နတ်ဘုရားကျင့်စဉ်ကိုပါ ပေါင်းထည့် လိုက်တဲ့အခါမှာတော့ လက်သီးရဲ့ စွမ်းအားဟာ  ပိုပြီးတောင် ကြောက်ဖို့  ကောင်းလာ ပါသေးတယ်။ သည်လက်သီးချက်ကို ဆိုရင် ခြင်္သေ့ရိုင်း သိုင်းတက္ကသိုလ်ရဲ့ နံပါတ်၂ ထိပ်တန်းကျောင်းသား ဖန်ကျုံးတောင်မှ ခုခံနိုင်မှာ မဟုတ်ပါဘူး။ အရှင်းဆုံး ပြောရရင်တော့ သည်လက်သီးချက်က ဖန်ကျုံးရဲ့ အသက်ကိုတောင် နုတ်ယူ သွားနိုင်ပါတယ်။

" မင်းရဲ့ အစွမ်းက မဆိုးဘူး ။ ဒါပေမဲ့ ငါ့အတွက်တော့ အရမ်း လွယ်နေသေးတယ် "

ဘန်း ...  ...

နေဝန်းငယ် တစ်ခုကဲ့သို့ ပူပြင်းတဲ့ လီဖူချန်းရဲ့ လက်ဝါးက ရွှေရောင်ခြင်္သေ့ကို ဖျက်ဆီး ပစ်လိုက်ပြီး လင်းရင်ကိုပါ လွင့်ထွက်သွားစေခဲ့ ပြန်ပါပြီ။

အတွင်းအားကျင့်စဉ်မှာ ဖြစ်ဖြစ်၊ သိုင်းပညာမှာ ဖြစ်ဖြစ်ပါလေ။ လီဖူချန်းက လင်းရင်ထက် အသာကြီးပါပဲ။ အဲသည်အတွက် လီဖူချန်းရဲ့ လက်ချက်ကြောင့် လင်းရင် လွင့်ထွက်သွားတာ ကလည်း သိပ်ပြီးတော့ မထူးဆန်းလှပါဘူး။

" အိုး ...  သူက ဘယ်လိုဖြစ်ပြီး သည်လောက်အထိ အစွမ်း ထက်နေရတာလဲ "

လူတွေ အားလုံးကတော့ လီဖူချန်းကို မျက်လုံးအပြူးသားဖြင့် စိုက်ကြည့် နေကြပါပြီ။ လင်းရင်လို ခြင်္သေ့ရိုင်း သိုင်းတက္ကသိုလ်ရဲ့ နံပါတ်၁ ထိပ်တန်း ကျောင်းသားကိုတောင်မှ လီဖူချန်းက လက်ဝါးရိုက်ချက် တစ်ချက်တည်းနဲ့ အနိုင်ယူ သွားတယ်။ ဒါက တကယ့်ကို မယုံကြည်နိုင်စရာ ပါပဲ။

လီဖူချန်းရဲ့ လက်ဝါးရိုက်ချက်ကို အဆင့်၂ ပြန်လည်ဝင်စားခြင်း နယ်ပယ် ပညာရှင်တောင်မှ တောင့်ခံနိုင်မှာ မဟုတ်ပါဘူး။

" အဟွတ်  ... အဟွတ်  ... "

" လခွီးပဲ  ... ။ တောင်ပိုင်းတောအုပ် သိုင်းတက္ကသိုလ်မှာ ဘယ်တုန်းက သည်လောက် အစွမ်းထက်တဲ့ ကျောင်းသား ပေါ်လာတာလဲ "

လင်းရင်က သွေးစ အနည်းငယ်ပါတဲ့ ချောင်းခြောက်တွေကို ဆိုးနေရင်းနဲ့  တွေးနေမိပါတယ်။

" မင်းသည်လောက် အစွမ်းထက်တယ် ဆိုတာကို ငါမယုံဘူးဟေ့။ ငါ့နာမည်က ကျန်းပ။ ကျောက်တုံးစိမ်း သိုင်းတက္ကသိုလ်ကပဲ "

ကျောက်တုံးစိမ်း သိုင်းတက္ကသိုလ်ရဲ့ ပွဲကြည့်စင် ဘက်ကနေပြီး အရပ်ပုပု လူငယ် တစ်ယောက်ဟာ  သိုင်းစင်မြင့်ပေါ်ကို ခုန်ဆင်းလာခဲ့ပါပြီ။

ထိုအရပ်ပုပု လူငယ်က သူနဲ့ ဆန့်ကျင့်စွာ ဧရာမ ပုဆိန်ကြီး တစ်လက်ကို ကိုင်ဆောင် ထားပါတယ်။ သူ့ရဲ့ ချီအရှိန်အဝါတွေကတော့ ပေါက်ကွဲဖို့ ပြင်နေတဲ့ မီးတောင်ကြီး တစ်ခုလိုပါပဲ။

ကျန်းပ ... ။

သူကတော့ ကျောက်တုံးစိမ်း သိုင်းတက္ကသိုလ်ရဲ့ နံပါတ်၁ ကျောင်းသား ဖြစ်တဲ့အပြင်  ဆရာသခင် ပုဆိန်ရဲ့ သားလည်း ဖြစ်ပါတယ်။သူက ကျောက်တုံးစိမ်း သိုင်းတက္ကသိုလ်ကို သိုင်းပညာရပ်တွေ လိုချင်လို့ တက်ရောက်ခဲ့တာ မဟုတ်ပါဘူး။

ကျန်းဖရဲ့ ဖခင်ဖြစ်သူဟာ  မြေကမ္ဘာ အလယ်အလတ်အဆင့် အတွင်းအား ကျင့်စဉ်ဖြစ်တဲ့ တောင်ကို ဖြိုခွဲခြင်း နတ်ဘုရားကျင့်စဉ်ကို ဆရာတစ်ဆူ ဖြစ်တဲ့အထိ လေ့ကျင့် ပြီးထားပါပြီ။ ပြီးတော့ ဆရာသခင် ပုဆိန်ဟာ မြေကမ္ဘာ အဆင့်မြင့် သိုင်းပညာရပ် တစ်ခုဖြစ်တဲ့  ၃၆ချက် ဖြတ်တောက်ခြင်း ပုဆိန်သိုင်းပညာကိုလည်း တတ်မြောက် ထားပါသေးတယ်။ သည်ပညာရပ် နှစ်ခုကပဲ ဆရာသခင် ပုဆိန်ကို  ခရမ်းရောင်ပန်း နိုင်ငံတော် ဆရာသခင် စာရင်းရဲ့ အဆင့်၇မှာ ရပ်တည် နိုင်စေခဲ့တာပါ။

ရှင်းရှင်း ပြောရမယ် ဆိုရင်တော့ ကျန်းပအတွက် အဆင့်မြင့် ပညာရပ်တွေ မလိုအပ်ပါဘူး။ သူ့အတွက်ကတော့ ဖခင်ဖြစ်တဲ့ ဆရာသခင် ပုဆိန်ရဲ့ ပညာရပ်တွေနဲ့တင် လုံလောက်နေပါပြီ။ ကျန်းပတစ်ယောက် အခုလို ကျောက်တုံစိမ်း သိုင်းတက္ကသိုလ်ကို ဝင်ရောက်ခဲ့တာကတော့ သူ့အရည်အချင်းနဲ့ ပါရမီကို မှတ်ကျောက် တင်ချင်လို့ပါပဲ။

ခက်ခဲကြမ်းတမ်းတဲ့ ပြိုင်ဆိုင်မှုတွေက သာလျှင် သူ့ကို  ဖခင်ဖြစ်သူရဲ့ လမ်းစဉ်ကို အလျင်အမြန် လျှောက်လှမ်း စေနိုင်မှာပါ။

တစ်ဖက်မှာ ရှိနေတဲ့ လီဖူချန်းကတော့ အေးအေးဆေးပဲ ရှိနေပါတယ်။ သူက သူ့ရဲ့ လက်နှစ်ဖက်ကို အနောက်ပစ်ထားပြီး သိုင်းဂုရုကြီးသဖွယ် ရပ်နေဆဲပါပဲ။

လူတွေအားလုံးကလည်း လီဖူချန်းထံကနေ ပြိုင်ဘက်ကင်းတဲ့ အငွေ့အသက်တစ်ခု ထွက်နေတာကို ခံစားမိနေကြပါပြီ။ ဒါက အဆုံးမဲ့တဲ့ အာဏာရှင်  ဧကရာဇ်တစ်ပါးရဲ့  အရှိန်အဝါတွေနဲ့တောင် ဆင်တူနေပါသေးတယ်။

အစောပိုင်းတုန်းက လီဖူချန်း စဉ်းစားထားတာကတော့ လက်ဖက်ရည်ပွဲတော် သိမ်းခါနီး အချိန်လောက်မှ သိုင်းစင်မြင့်ကို ဆင်းဖို့ပါပဲ။ ဒါပေမယ့် သည်အဆင့်မရှိတဲ့ သိုင်းတက္ကသိုလ် သုံးခုက ပူးပေါင်းပြီး ရည်ရွယ်ချက်ရှိရှိနဲ့  တောင်ပိုင်းတောအုပ် တက္ကသိုလ်ကို ပစ်မှတ်ထား တိုက်ခိုက် လိမ့်မယ်လို့ သူ မထင်ထားခဲ့ပါဘူး။ အဲသည်ပစ်မှတ်ထား တိုက်ခိုက်ခံရတဲ့ ရလဒ်အဖြစ် လီဖူချန်းဟာ သိုင်းစင်မြင့် ပေါ်ကို မဆင်းချင်ဘဲ ဆင်းလာခဲ့ရပါပြီ။

သူက သိုင်းစင်မြင့်ပေါ်ကို ဆင်းလာပြီးမှတော့ သူကလွဲပြီး  ဘယ်သူ့ကိုမှ သိုင်းစင်မြင့်ပေါ်မှာ ရပ်ခွင့် မပေးနိုင်တော့ပါဘူး။ သူက အားလုံးကို သိုင်းစင်မြင့်ပေါ်က ရိုက်ချပြီး သူ့ရဲ့ အစွမ်းကို ထုတ်ပြဦးမှာပါ။

ဒါက သူ့ကိုယ်သူ အထင်ကြီးနေတာ မဟုတ်ပါဘူး။ သူက သည်လို လုပ်နိုင်ဖို့ အတွက် ယုံကြည်မှု အပြည့် ရှိနေတာ ဖြစ်ပါတယ်။

အရှေ့ယူနီကွန်း တိုက်မှာတော့ လီဖူချန်းဟာ လူငယ်မျိုးဆက်ရဲ့ ထိပ်သီး တစ်ယောက်အဖြစ် ရပ်တည် ခဲ့ပြီးပါပြီ။

အဲသည်အတွက် ရောင်စဉ်ခုနစ်ဖြာ တိုက်ကြီးမှာကော သူဟာ လူငယ်မျိုးဆက်ရဲ့ ထိပ်ဆုံးမှာ ရပ်တည် နိုင်ဦးမလား ဆိုတာကို သိချင်နေပါသေးတယ်။ သည်တိုက်ကြီးမှာက ကောင်းကင်ဘုံက ကောင်းချီး ပေးထားတဲ့ ထွဋ်ခေါင် ပါရမီရှင်တွေ ပိုများပေမယ့်လည်း လီဖူချန်း ဂရုမစိုက်ပါဘူး။ သူက အားလုံးကို နင်းကျော်ပြီး ထိပ်ဆုံးမှာ ရပ်တည်ဖို့ အတွက် ကြိုးစားဦးမှာပါ။

လီဖူချန်းရဲ့ လက်နှစ်ဖက် နောက်ပစ်ပြီး သိုင်းဂုရုကြီးသဖွယ် ပြုမူနေတာက ကျန်းပကို ဒေါသ အကြီးအကျယ် ထွက်သွား စေခဲ့ပါတယ်။

"  ယား ...  ။ အရှုံးပေးစမ်း  "

ကျန်းပက ဒေါသတကြီး ကြုံးဝါးလိုက်ပြီး သူ့ရဲ့ ချီအတွင်းအားတွေကို လည်ပတ်လိုက်ပါပြီ။  သူ့ရဲ့ ချီအရှိန်အဝါတွေက ခန္ဓာကိုယ်ထဲကနေ အတော မသတ်အောင် တိုးထွက်လာတဲ့ အတွက် ကျန်းပကို  အရပ်အနည်းငယ် ရှည်ထွက် လာတယ်လို့တောင် ထင်မြင်စေမိပါတယ်။

တောင်ကိုဖြိုခွဲခြင်း နတ်ဘုရားကျင့်စဉ်ရဲ့  အဆင့်၂၁။ ဒါက တကယ်ကော နာမည်ကျော် သလောက် အစွမ်းထက်ပါ့မလားဆိုတာ စောင့်ကြည့်ရမှာပါပဲ  ...  ... ။

" ငါ့ရဲ့  ပုဆိန်တိုက်ကွက် တစ်ကွက်ကို မြည်းကြည့်စမ်း "

ကျန်းပက လီဖူချန်းကို ပုဆိန်နဲ့  အဝေးကနေပဲ ခုတ်ပိုင်း ပစ်လိုက်ပါတယ်။ သူ့ရဲ့ ပုဆိန်ချက် ထွက်ပေါ်လာပြီး နောက်မှာတော့ လေထုဟာ အဆက်မပြတ် တုန်ခါလာပြီး ကျန်းပရဲ့ ပုဆိန်အလင်းတန်းဟာ  ရွှေရောင်  ပုဆိန်ကြီး တစ်လက်အဖြစ်ကို ပြောင်းသွားကာ လီဖူချန်းဆီသို့ တိုးဝင်သွားခဲ့ပါပြီ။ သည်ပုဆိန်ချက်က ပွဲကြည့်စင်ပေါ်မှာ ရှိနေတဲ့ လူတွေကိုတောင် အသက်ရှူရ ခက်ခဲ သွားစေပါတယ်။

ဒါပေမဲ့ လီဖူချန်းကတော့ အေးအေးဆေးဆေး ရှိနေဆဲပါပဲ။ သူက မထီတရီ ပြုံးလိုက်ပြီး သူ့ရဲ့ ညာလက်ကို မြှောက်ကာ ပုဆိန်အလင်းတန်းကို ဖမ်းဆုပ်လိုက်ပါတယ်။

ဒါက ဘယ်လို လက်မျိုးပါလိမ့်။ ဒါက လူသား တစ်ယောက်ရဲ့ လက်ကော ဟုတ်ပါသေးရဲ့လား။

တိုက်ပွဲကို ကြည့်နေတဲ့ လူတိုင်းရဲ့ အတွေးထဲမှာတော့ မေးခွန်းတွေ ဖြစ်ပေါ်လာခဲ့ပါပြီ။

ဒါက သွေးနဲ့သားနဲ တည်ဆောက်ထားတဲ့ လက်တစ်ခုပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ သာမန်လက်တွေနဲ့ မတူတာက လီဖူချန်းရဲ့ လက်ဟာ အဆုံးအစမဲ့တဲ့ အပူရှိန်တွေကို ထုတ်လွှတ် နေတာပါပဲ။  ကြောက်စရာကောင်းလှပါတယ်ဆိုတဲ့ ပုဆိန် အလင်းတန်းတွေဟာ လီဖူချန်းရဲ့ လက်နဲ့ အတွေ့မှာတော့ ဘာမှ မတတ်နိုင်ခဲ့ပါဘူး။

ဖောင်း ...  ဖောင်း ...  ဖောင်း ...

လီဖူချန်းက ရွှေရောင်ပုဆိန်အလင်းတန်းကြီးကို ညာဘက်လက်နဲ့ ညှစ်ခြေ ပစ်လိုက်ပါတယ်။

" ၃၆ချက်  ဖြတ်တောက်ခြင်း ပုဆိန်သိုင်း ။ ပထမ ပုဆိန် တိုက်ကွက်  ...   ပင်လယ်ကို ဖြတ်တောက်ခြင်း "

ကျန်းပက ကောင်းကင်ပေါ်ကို ခုန်တက်လိုက်ပြီး ပုဆိန်ကို လက်နှစ်ဖက်ဖြင့် ကိုင်ကာ အားရပါးရ ခုတ်ပိုင်း ပစ်လိုက်ပါတယ်။

ဝုန်း ...

ပုဆိန် အလင်းတန်းတွေက ပစ်မှတ်ဆီကို မရောက်ခင်မှာပဲ သိုင်းစက်ကွင်း တစ်ခုက လီဖူချန်းကို လွှမ်းခြုံထားနှင့် နေပါပြီ။

သည်သိုင်းစက်ကွင်းက အရမ်းကို အရှိန်အဝါ ကောင်းလွန်းပြီး ဖိအားကလည်း ကြောက်စရာပါပဲ။ လီဖူချန်းက တစ်လက်မ ရွေ့လျားဖို့ကိုတောင် မလွယ်တော့ပါဘူး။

တကယ်လို့သာ တခြားလူတွေသာ ဆိုရင်တော့ သည်သိုင်းစက်ကွင်းကြောင့် အစွမ်း၅၀ ရာခိုင်နှုန်း ယုတ်လျော့သွားမှာ ဖြစ်ပါတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ ဒါက ၃၆ချက် ဖြတ်တောက်ခြင်း ပုဆိန်သိုင်းကွက် ဖြစ်နေလို့ပါပဲ။

ကောင်းကင်ပေါ်ကနေ အရှိန်အဟုန် အပြည့်နဲ့ ကျလာတဲ့ ပုဆိန် အဘင်းတန်းကြီးဟာ  ဟင်းလင်းပြင် လေထုကိုတောင်မှ  အနက်ရောင် အစက်အပြောက်တွေ ဖြစ်ပေါ်လာစေခဲ့ပါတယ်။

ည်ပုဆိန်ခုတ်ချက်ကိုတော့ လီဖူချန်း ခုခံနိုင်လိမ့်မယ်လို့တော့ ကျန်းပ  မယုံကြည်ပါဘူး။

ဒါပေမဲ့လည်း တစ်ခါတစ်ရံမှာ အရာရာဟာ ကိုယ်ယုံကြည်ထားသလို ဖြစ်မလာတတ်ဘူး ဆိုတာကိုတော့ ကျန်းပ မေ့သွားပုံပါပဲ။

ဘန်း ...

လီဖူချန်းက ပထမ အကြိမ်ကလိုပဲ သူ့ရဲ့ ညာလက်ကို မြှောက်ပြီး ပုဆိန် အလင်းတန်းကို ဖျက်ဆီး ပစ်လိုက် ပြန်ပါတယ်။

" မျိုးမစစ်ကောင် ... ။ သည်ပုဆိန်ခုတ်ချက်ကို ရှောင်နိုင်ရင်ရှောင်စမ်း  ... ။ မြေကို ခွဲမယ့် ပုဆိန်ခုတ်ချက် "

ကျန်းပကတော့ သွေးရူးသွေးတန်း  ဖြစ်နေပါပြီ။ သူ့ဖခင်ဖြစ်သူရဲ့ ပုဆိန် သိုင်းကွက်ကို လီဖူချန်းက လက်နဲ့ပဲ ဖျက်ဆီး ပစ်လိုက်တယ် ဆိုတာကြီးက တကယ့်ကို လက်မခံချင် စရာပါပဲ။

သည်တစ်ခေါက် ပုဆိန်ချက်ကတော့ မိုးကြိုးတစ်စင်း အလား လီဖူချန်းဆီကို တိုးဝင် သွားခဲ့ပါတယ်။ ဒါက ကောင်းကင်ဘုံက ကျဆင်းလာတဲ့ ပြစ်ဒဏ်ပေး မိုးကြိုးတစ်စင်းလိုပါပဲ။  သည်ပုဆိန်ရဲ့ အမြန်နှုန်းဟာ အသံရဲ့ အမြန်နှုန်းကိုတောင် ကျော်လွန်နေပါပြီ။

ဘန်း ...

ရလဒ်ကတော့ ထူးမခြားနားပါပဲ။

ပုဆိန်အလင်းတန်းကို လီဖူချန်းက လက်နဲ့ပဲ ဖျက်ဆီးပစ်လိုက် ပြန်ပါတယ်။ ကျန်းပရဲ့ ၃၆ချက် ဖြတ်တောက်ခြင်း ပုဆိန်သိုင်းကွက်က လီဖူချန်းနဲ့ အတွေ့မှာတော့ ဟာသကြီးကို ဖြစ်လို့ နေပါပြီ။  ကျန်းပက သည်သိုင်းပညာရဲ့ အနှစ်သာရကို ဖမ်းဆုပ်နိုင်ခြင်း မရှိသေးတာနဲ့လည်း ဆိုင်ကောင်း ဆိုင်ပါလိမ့်မယ်။

" နင့်မေကလွှား ... ။ သည်လီဖူချန်းက လွန်ခဲ့တဲ့ လအနည်းငယ်တုန်းကထက်  ပိုပြီး ကြောက်စရာ ကောင်းနေပြီဟ။  သီကျွင်း၊ ငါနဲ့ တခြားထိပ်တန်း ကျောင်းသားတွေ အားလုံးပေါင်းပြီး တိုက်ရင်တောင်မှ လီဖူချန်းကို နိုင်မယ် မထင်ဘူး။ သည်ကောင်နဲ့ ရန်သူ မဖြစ်တာ  ကံကောင်းတယ်"

ဒဏ်ရာရနေတဲ့ ကျန်းယုဖေးက လီဖူချန်းကို လေးစားအားကျစွာ ကြည့်နေရင်းနဲ့ စိတ်ထဲကနေ ပြောနေမိပါတယ်။

" ကြည့်ရတာ တောင်ပိုင်းတောအုပ် သိုင်းတက္ကသိုလ်ကို ရွေးလိုက်တဲ့ ငါ့ရဲ့ ရွေးချယ်မှုက မှန်နေတာပဲ။  နံပါတ်၁ အကိုနဲ့ နံပါတ်၂ အစ်မက တောင်ပိုင်းတောအုပ် သိုင်းတက္ကသိုလ်မှာ အမှိုက်တွေပဲ ရှိတယ်လို့  ထင်ထားတာ မှားတယ်ဆိုတာကို ငါသက်သေ ပြလို့ရပြီ။  ငါ့အမြင်မှာတော့ ခရမ်းရောင်ပန်း သိုင်းတက္ကသိုလ်မှာတောင်မှ  အစ်ကိုဖူချန်းကို ယှဉ်နိုင်မယ့် အပြင်စည်း ကျောင်းစား အနည်းအကျဉ်းပဲ ရှိလိမ့်မယ် "

( note - အစတုန်းက ရန်ယွီမှာ အစ်မနှစ်ယောက်ရှိတယ် ဆိုပြီး ဘာသာပြန်ခဲ့မိပါတယ်။ ကျွန်တော် နားလည်မှု လွဲသွားပုံပါပဲ။  ခွင့်လွှတ်ပါဗျ။ )

ရန်ယွီရဲ့ အဆင့်အတန်းနဲ့ ဆိုရင်တော့ တော်ဝင်မျိုးနွယ်တွေရဲ့ သိုင်းတက္ကသိုလ် ဖြစ်တဲ့ ခရမ်းပန်း သိုင်းတက္ကသိုလ်ကို  တက်ရောက်ခွင့် မရစရာ အကြောင်းမရှိပါဘူး။ ဒါပေမဲ့ ရန်ယွီက သူရဲ့  အဆင့်အတန်းကို အားမကိုးချင်တဲ့ အတွက် တောင်ပိုင်းတောအုပ် သိုင်းတက္ကသိုလ်ကိုသာ တက်ရောက် ခဲ့တာပါ။

" အိုး ...   ကျန်းပကိုတောင် အထက်စီးကနေ တိုက်ခိုက်နေတဲ့သူ။ သူက ဘယ်သူလဲ။ ငါလည်း တစ်ခါမှ မမြင်ဘူးပါလား "

သဲဝါမြေ သိုင်းတက္ကသိုလ်ရဲ့ နံပါတ်၁ ထိပ်တန်း ကျောင်းသူဖြစ်တဲ့ အဝါရောင် ဝတ်စုံဝတ် မိန်းမပျိုလေးက ခပ်တိုးတိုး ရေရွတ် လိုက်ပါတယ်။

သည်တိုက်ပွဲကနေပြီး သူက ကျန်းပရဲ့ အရည်အချင်းကို ကောင်းကောင်းကြီး ခန့်မှန်း နေနိုင်ပါပြီ။ ကျန်းပနဲ့ သူက လက်ရည် သိပ်မကွာလှပါဘူး။ဒါပေမဲ့ လီဖူချန်းရဲ့ အရည်အချင်းကတော့ သူနဲ့ကျန်းပထက် အသာကြီးပါပဲ။

" မင်းက ငါ့ကို အရမ်း ဖိအားပေးနေတာပဲ။ တတိယ ပုဆိန်ခုတ်ချက်  ...  တောင်ကို ဖြတ်တောက်ခြင်း "

ကျန်းပက နောက်ထပ် ပုဆိန်သိုင်းကွက် တစ်ကွက်ကို ထုတ်လိုက်ပြန်ပါပြီ။  ၃၆ချက် ဖြတ်တောက်ခြင်း ပုဆိန်သိုင်းကွက်ဟာ တစ်ကွက်ထက် တစ်ကွက် ပိုပိုပြီး ပြင်းထန်ပါတယ်။ တကယ်လို့ သူ့ရဲ့ ဖခင်ဖြစ်သူ ဆရာသခင် ပုဆိန်သာ အနီးကပ် သင်ကြားပေးခဲ့ခြင်း မရှိရင်တော့  ကျန်းပဟာ ဒုတိယ ပုဆိန်သိုင်းကွက်ကိုသာ နားလည် တတ်ကျွမ်းနိုင်မှာပါ။

သည်တတိယမြောက် ပုဆိန်သိုင်းကွက်ဟာ  အရှိန်အဟုန် အားဖြင့် ဆိုရင်တော့ ဒုတိယ  ပုဆိန် သိုင်းကွက်ထက် အနည်းငယ်သာ အားကောင်းပါတယ်။ ဒါပေမဲ့ သည်သိုင်းကွက်ထဲမှာ ခိုဝင်ကိန်းအောင်း နေတဲ့ သိုင်းဆန္ဒကတော့ မတူပါဘူး။ သည်တတိယမြောက် ပုဆိန်သိုင်းကွက်ထဲမှာ ခိုဝင်ကိန်းအောင်း နေတဲ့ သိုင်းဆန္ဒက  ဒုတိယ ပုဆိန်သိုင်းကွက်ထဲမှာ ပါဝင်နေတဲ့ သိုင်းဆန္ဒထက် အများကြီး ပိုအားကောင်းပါတယ်။ အဲသည်အတွက် သည်တတိယမြောက် ပုဆိန်သိုင်းကွက်ကို လျော့တွက်လို့တော့ မရပါဘူး။

ရန်သူရဲ့ ခန္ဓာကိုယ်က သံမဏိနဲ့ ဖွဲ့စည်းထားတာ မဟုတ်သေး သရွေ့ကတော့ သည်ပုဆိန်ချက် ရန်သူကို ထိခိုက်ဒဏ်ရာ ရစေမှာ အသေအချာပါပဲ။

သည်တစ်ကြိမ်မှာတော့ ပုဆိန် အလင်းတန်းဟာ အနက်ရောင် ကန့်လန့်ကာကြီး အဖြစ် ပြောင်းသွားပြီး  ရေတံခွန်တစ်စင်းပမာ လီဖူချန်းဆီကို ထိုးဆင်း လာခဲ့ပါတယ်။

" ကောင်းလိုက်တဲ့ သိုင်းကွက် "

ကျန်းပက အားကုန်ထုတ်ပြီး တိုက်ခိုက်လာပြီ ဆိုတာကို သိလိုက်တဲ့ အတွက် လီဖူချန်းဟာလည်း ပညာ လျှိုမထားတော့ပါဘူး။ သူကလည်း လေထဲကို ခုန်တက်လိုက်ပြီး လက်ဝါး ရိုက်ချက် တစ်ချက် ထုတ်လိုက်ပါပြီ။

ဟူး ... ဟူး ... ဟူး ...

နေဝန်းငယ် တစ်ခုက  လေထုထဲမှာ ဖြစ်ပေါ်လာပြီး ကျန်းပရဲ့ အနက်ရောင် ကန့်လန့်ကာ ပုဆိန် အလင်းတန်းကို ဖိနှိပ် ပစ်လိုက်ပါတယ်။ အလျှံတညီးညီးနဲ့ တောက်လောင်နေတဲ့ နေဝန်းငယ်က ပုဆိန် အလင်းတန်းကို အညှာအတာ ကင်းမဲ့စွာ ဖိနှိပ်ပစ်လိုက်တာပါ။

ဘန်း ...

ချွမ် ... ကလန်လန် ...

ကျန်းပရဲ့ လက်ထဲက ပုဆိန်ဟာ မြေပြင်ပေါ်ကို ပြုတ်ကျ သွားခဲ့ပါပြီ။

ဝေါ့ ...

ဒါတင် မကသေးပါဘူး။ သူက သွေးတစ်လုတ်ကိုပါ အန်ထုတ်လိုက်ရ ပါသေးတယ်။

" ငါ ... ငါ  ရှုံးသွားတာလား။ ဘယ် ... ဘယ်လို လုပ်ပြီး ...   "

ကျန်းပက  မသဲမကွဲ ရေရွတ်နေပါတယ်။  သူက သူရှုံးသွားတာကို ဘယ်လိုမှ လက်မခံနိုင်ပုံ ပါပဲ။

ပတ်ဝန်းကျင် တစ်ခုလုံးဟာလည်း တိတ်ဆိတ်နေခဲ့ပါပြီ။

သည်ရလဒ်မျိုး ထွက်ပေါ် လာလိမ့်မယ်လို့ ဘယ်သူမှ မမျှော်လင့်ထား ခဲ့ပါဘူး။

လီဖူချန်းက ကျန်းပနဲ့ကြားမှာ အဆင့်အများကြီး ကွာခြားနေပါတယ်။  လီဖူချန်းနဲ့ ကျန်းပက မတူညီတဲ့ အဆင့်အတန်းတစ်ခုက လူနှစ်ယောက်ပါပဲ။ဒါက ဘယ်သူမှ ငြင်းလို့မရတဲ့ အရာပါပဲ။

အခုချိန်မှာတော့ အမြဲစိမ်းတောအုပ် သိုင်းတက္ကသိုလ်ရဲ့ နံပါတ်၁ ထိပ်တန်းကျောင်းသား ဖြစ်တဲ့  လန်ဖန်းတောင်မှ လီဖူချန်းကို အနိုင်ယူဖို့အတွက် ယုံကြည်မှု မရှိတော့ပါဘူး။

" မင်းတို့အားလုံး တစ်ခါတည်း  သည်ကို ဆင်းလာလိုက်ပါလား "

လီဖူချန်းက ကျန်နေသေးတဲ့ နံပါတ်၁ ထိပ်တန်း ကျောင်းသားတွေကို ကြည့်လိုက်ပြီး စိန်ခေါ်လိုက်ပါတယ်။

အမှန်အတိုင်း ပြောရမယ်ဆိုရင်တော့ တစ်ယောက်ချင်း တိုက်ရတာက လီဖူချန်းအတွက် တကယ်ကို ပျင်းစရာပါပဲ။  ရောင်စဉ်ခုနစ်ဖြာ တိုက်ကြီးမှာတော့ လီဖူချန်းဟာ သိုသိုသိပ်သိပ် နေဖို့ မစဉ်းစား ထားပါဘူး။ သူက ထိပ်သီးအင်အားစုကြီးတွေ သူ့ကို သတိထား လာမိတဲ့အထိ အစွမ်း ပြနေဦးမှာပါ။

အမြဲစိမ်းတောအုပ် သိုင်းတက္ကသိုလ်ရဲ့ လန်းဖန်နဲ့ ကြက်သွေးရောင်ကျား သိုင်းတက္ကသိုလ်ရဲ့ ဝမ်ကျန်း တို့ကတော့ မျက်နှာမသာမယာနဲ့  တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြပါတယ်။

ဝမ်ကျန်းရဲ့ မျက်နှာကတော့ အတော်လေး ပျက်နေခဲ့ပါပြီ။ သူ့ရဲ့ ခန္ဓာကိုယ်က ပြန်လည် ဝင်စားခြင်း နယ်ပယ် အဆင့်၁ ပညာရှင်တစ်ယောက်ရဲ့ တိုက်ခိုက်မှုကို ခံနိုင်ပေမယ့်လည်း လီဖူချန်းရဲ့ လက်ဝါး ရိုက်ချက်ကိုတော့ ခံနိုင်မှာ မဟုတ်ဘူးလို့ သူ ထင်နေမိပါတယ်။ သူ့အမြင်အရ ဆိုရင်တော့ လီဖူချန်း အစောတုန်းက ထုတ်သွားတဲ့ လက်ဝါးရိုက်ချက်ဟာ ပြန်လည်ဝင်စားခြင်း နယ်ပယ် အဆင့်၂ ပညာရှင်ကိုတောင်မှ အသာလေး သတ်ပစ်နိုင်မယ့် ပုံပါပဲ။

" ငါ ...  ယန်မြောင်မြောင်က နင်နဲ့ ပညာချင်း ဖလှယ်မယ် "

သဲဝါမြေ သိုင်းတက္ကသိုလ်ရဲ့ နံပါတ်၁ ထိပ်တန်းကျောင်းသူဖြစ်တဲ့ အဝါရာင် ဝတ်စုံဝတ် မိန်းမပျိုလေးကတော့ သိုင်းစင်မြင့်ပေါ်ကို ခုန်ဆင်းလာခဲ့ပါပြီ။

" ငါ့နာမည်က  လုပင်း "

အပြုံးလှိုင်း သိုင်းတက္ကသိုလ်ရဲ့ နံပါတ်၁ ထိပ်တန်း ကျောင်းသားဖြစ်တဲ့ ဆံရှည် လူငယ်ကလည်း သိုင်းစင်မြင့်ပေါ်ကို ခုန်ဆင်း လာခဲ့ပါတယ်။ သူကလည်း  သိုင်းစင်မြင့်ပေါ်မှာ  သိုင်းဂုရုကြီးသဖွယ်  လုပ်နေတဲ့ လီဖူချန်းကို သည်းမခံနိုင်တော့တဲ့ ပုံပါပဲ။

ဒါက သိုင်းပညာ ဖလှယ်ပွဲ မဟုတ်တော့ပါဘူး။ တကယ်လို့ သူတို့အနေဲ့ လီဖူချန်းကို အနိုင်မယူ နိုင်လို့ကတော့ လက်ဖက်ရည်ပွဲတော်ကို ဆက်လက်ကျင်းပဖို့ ခက်နေပါလိမ့်မယ်။

နှစ်ယောက် နဲ့ တစ်ယောက်။ မမျှတဘူး ဆိုပေမယ့်လည်း လီဖူချန်းကို အနိုင်ယူဖို့အတွက် တိုက်ရတော့မှာပါပဲ။

တကယ်လို့သာ သူတို့အနေနဲ့ လီဖူချန်းကို အနိုင်ယူလိုက်နိုင်လို့ ကတော့  သည်ဆောင့်ကြွားကြွား ဖြစ်နေတဲ့ သကောင့်သားဟာ စင်မြင့်ပေါ်ကနေ ဆင်းသွားလိမ့်မယ်လို့ သူတို့ ယုံကြည် နေပါတယ်။

" မင်းတို့ နှစ်ယောက်ပဲလား  ... .။ ကျန်တဲ့သူတွေကော "

လီဖူချန်းရဲ့  ဘဝင်မြင့်နေမှုကတော့ အတိုင်းထက်အလွန်လို့တောင် ပြောလို့ ရနေပါပြီ။ သူက ကျန်နေတဲ့ ပွဲကြည့်စင်တွေဘက်ကို တစ်ချက်ကြည့်ပြီး မထိတရိ လှမ်းပြောလိုက်ပါသေးတယ်။

" မောက်မာလိုက်တဲ့ကောင် "

ဆံရှည်လူငယ် လုပင်းရဲ့ မျက်လုံးတွေကတော့ လီဖူချန်းရဲ့ အပြုအမူကြောင့် မီးဝင်းဝင်း တောက်နေပါပြီ။ သူက အပြုံးလှိုင်း သိုင်းတက္ကသိုလ်ရဲ့  နံပါတ်၁ ထိပ်တန်းကျောင်းသားပါ။ သူ့ရဲ့ အစွမ်းက ကျန်းပထက်ကို အများကြီး သာတယ်ဆိုတာကို လူတိုင်း အသိပါပဲ။ ဒါပေမဲ့ လီဖူချန်းကတော့ သူနဲ့  ယန်မြောင်မြောင် နှစ်ယောက်နဲ့  မလုံလောက်သေးဘူးဆိုတဲ့ အချိုးမျိုးကို ချိုးနေပါတယ်။

" ရတယ်လေ။ ငါပါ ဆင်းခဲ့မယ် "

ကြက်သွေးရောင် သိုင်းတက္ကသိုလ်ရဲ့ နံပါတ်၁ ထိပ်တန်းကျောင်းသား ဖြစ်တဲ့ ဝမ်ကျန်းကလည်း သိုင်းစင်မြင့်ပေါ်ကို ခုန်ဆင်း လာခဲ့ပါပြီ။

အစတုန်းကတော့ သူဟာ လီဖူချန်းကို ပူးပေါင်း တိုက်ခိုက်ဖို့ ရည်ရွယ်ချက် မရှိပါဘူး။ ဒါပေမဲ့ လီဖူချန်းက အရမ်းကို ဆောင့်ကြွားကြွား ဖြစ်နေလွန်းပါတယ်။ သည်လို ဆောင့်ကြွားကြွား ဖြစ်နေတဲ့ကောင်ကို တစ်ချက်လောက် ထိုးလိုက်ရမှ ဝမ်ကျန်းတစ်ယောက် စိတ်ကျေနပ် နိုင်တော့မှာပါ။

" ဒါ ...  ဒါက "

ရန်ယွီက ဘာပြောလို့ ပြောရမှန်း မသိတော့ပါဘူး။

တစ်ယောက်ချင်း တိုက်ပွဲမှာ ဆိုရင်တော့ သူက လီဖူချန်းကို အကြွင်းမဲ့ ယုံကြည်ပါတယ်။ ဒါပေမဲ့ အခုကတော့ သုံးယောက်နဲ့တစ်ယောက် ဖြစ်နေပါပြီ ။

ဝမ်ကျန်း နဲ့ လုပင်းတို့က နှယ်နှယ်ရရ လူတွေ မဟုတ်ပါဘူး။ သူတို့ တစ်ယောက်ချင်းစီကကို ကျန်းပထက် အတော်လေး အစွမ်းထက်ပါတယ်။ ပြီးတော့ ယန်မြောင်မြောင်ကလည်း ရှိနေ ပါသေးတယ်။

" မင်းကော မလာတော့ဘူးလား "

လီဖူချန်းက  သုံးယောက်နဲ့တစ်ယောက် တိုက်ရမှာကို စိတ်ကျေနပ်ခြင်း မရှိသေးပုံပါပဲ။ သူက လန်ဖန်းကို ကြည့်ပြီး စိန်ခေါ်လိုက်ပါသေးတယ်။

လန်ဖန်းက နှာခေါင်း တစ်ချက် ရှုံ့လိုက်ပြီး

" မင်းက အရမ်း ဘဝင်မြင့်လွန်းတယ်။ သူတို့ သုံးယောက်ကိုသာ နိုင်အောင် အရင် တိုက်စမ်းပါဦး။ ပြီးရင် ငါဆင်းလာခဲ့မယ် "

လန်ဖန်းက ဒေါသ ထွက်နေပြီ ဖြစ်ပေမယ့်လည်း သူ့ရဲ့ဒေါသကို ချုပ်ထိန်းထားခဲ့ပါတယ်။  သူက အမြဲစိမ်းတောအုပ် သိုင်းတက္ကသိုလ်ရဲ့ သိက္ခာကို မချချင်ပါဘူး။ အဲသည်အတွက် သူက လီဖူချန်းကို တစ်ယောက်ချင်း တိုက်ဖို့သာ စဉ်းစား ထားပါတယ်။

လန်ဖန်းရဲ့ ဘေးနားမှာ ရှိနေတဲ့ အသားညိုညို လူငယ်နဲ့  ချစ်စဖွယ် မိန်းမချောလေးကတော့ အသံကို မထွက်ရဲတော့ပါဘူး။ သူတို့ သည်ကို ရောက်မလာခင်တုန်းက ရှိနေတဲ့ ယုံကြည်မှုတွေ ကတော့ လီဖူချန်းကြောင့်  ပျက်စီး သွားခဲ့ပါပြီ။

***

All Chapters