ဝိညာဥ်သားရဲလှိုင်းကို ထိန်းချုပ်ခြင်း
Vol. 29 Ch. 408
ဟေးရီသည် သေရေးရှင်ရေးတိုက်ပွဲများစွာ ကြုံဖူးသော်လည်း ကြောက်လန့်နေခဲ့သည်။ သူက ကောင်းကင်သို့ မော့ကြည့်လိုက်သောအခါ ဘုရင်သုံးယောက်၏ လက်သည်းများအောက်တွင် ဝိညာဥ်စစ်သည်တော်က ဘုန်းခနဲပေါက်ကွဲသွားသည်ကို မြင်လိုက်ရ၏။ ဝိညာဥ်စစ်သည်တော်မှာ သူ၏အရှင်သုံးပါးကြောင့် သတ်ဖြတ်ခံခဲ့ရသည်။ သူက သက်ပြင်းတစ်ချက်ချလိုက်ပြီး အနည်းဆုံး သူ၏အဖော်ကဲ့သို့ စတေးမခံခဲ့ရပေ။ တစ်ဖက်လူ၏ဝိညာဥ်က အပြင်းအထန်ထိခိုက်သွားပြီး လအနည်းငယ်အတွင်း ပြန်ကောင်းမွန်မည်မဟုတ်ချေ။ ကြယ်ခန်းမက ၎င်း၏အဓိကတိုက်ခိုက်သူကို ဆုံးရှုံးလိုက်ရပြီဖြစ်သည်။
သွေးဘုရင်သည် လက်အောက်ခံနတ်ဘုရင်၏ အလောင်းကြောင့် ဒေါသထွက်နေခဲ့သည်။ ယဲ့ချန်က ဒဏ်ရာအရခံပြီး သူ၏လက်အောက်ခံနတ်ဘုရင်ကို သတ်ဖြတ်သွားမည်ဟု မျှော်လင့်မထားပေ။ သူတို့သုံးယောက်မျက်မှောက်၌ပင် ယဲ့ချန်က နတ်ဘုရင်တစ်ယောက်ကို သတ်ဖြတ်သွားခဲ့သည်။
"ဒါပေမယ့် ယဲ့ချန်ကိုဒဏ်ရာရအောင် လုပ်နိုင်လိုက်တယ်ဆိုတော့ တန်ပါတယ်"
သွေးဘုရင်က ဤသို့တွေးလိုက်သည်။ သူ၏အမြင်တွင် နှစ်ဖက်လုံးက ဒဏ်ရာရရှိသွားပြီး နှိုင်းယှဥ်ကြည့်လျှင် ကြယ်ခန်းမ၏ဆုံးရှုံးမှုက ပို၍ကြီးမားသည်။
ယဲ့တောင်ကြားအတွင်း ယဲ့ချန်၏မျက်နှာက အနည်းငယ်ဖြူဖပ်ဖြူရော်ဖြစ်နေကာ ဒဏ်ရာကို ကုသနေခဲ့သည်။ သူက တစ်ကြိမ်သာဒဏ်ရာရခဲ့ပြီး ဝံပုလွေတိုင်းပြည်၏ နတ်ဘုရင်တစ်ယောက်ကို ရှင်းလင်းနိုင်ခဲ့သည်။ သူ့အတွက် ဤကိစ္စက သေချာပေါက်အမြတ်ထွက်ပေသည်။ ဝံပုလွေတိုင်းပြည်သည် အမှန်တရားတွင် သူတို့က အလွန်ဆုံးရှုံးမှုကြီးမားသည်ကို သဘောမပေါက်ခဲ့ပေ။
ယဲ့ချန်သည် တင်ပျဥ်ခွေထိုင်၍ ဒဏ်ရာကုသနေသည်။ အချိန်ခဏအတွင်း သူက အထွတ်အထိပ်အခြေအနေသို့ ပြန်လည်ကောင်းမွန်နိုင်သောကြောင့် ခွန်အားထိခိုက်မည်ကို စိုးရိမ်စရာမလိုချေ။ သူက ခြင်္သေ့ကြီးနှင့် ကောင်းကင်ကြယ်တာရာ လက်ထောက်တံဆိပ်အတွင်း မရေမတွက်နိုင်အောင် တိုက်ခိုက်ခဲ့သည်။ သူ၏ဝိညာဥ်စစ်သည်တော်က အကြိမ်ပေါင်းများစွာ လေ့ကျင့်ထားသောကြောင့် တစ်ကြိမ်လောက် ဖျက်ဆီးခံလိုက်ရခြင်းက ပြဿနာမရှိပေ။ ထို့အပြင် သူ၏ဝိညာဥ် ပြန်လည်ကောင်းမွန်လာလျှင် နောက်တစ်ကြိမ်တိုက်ခိုက်ရန် အခွင့်အရေးပင်ရှိသည်။
သစ်တောအတွင်း ဝံပုလွေတိုင်းပြည်၏ ဘုရင်သုံးပါးက စုဝေးနေကြသည်။
"ဒီကောင့်ဝိညာဥ်က အမှန်တကယ် အစွမ်းထက်နေတယ်"
သွေးဘုရင်က သက်ပြင်းချလိုက်သည်။ သူက ယဲ့ချန်၏ဝိညာဥ်စစ်သည်တော် မည်မျှအစွမ်းထက်သည်ကို နားလည်လိုက်သည်။ ၎င်းက နတ်ဘုရင်ထိပ်ဆုံးအဆင့် ငွေဘုရင်နှင့်မီးဘုရင်ထက် ပို၍သန်မာသည်။ အကယ်၍ သူကိုယ်တိုင်လည်း မိစ္ဆာဝံပုလွေဆေဘာ၏ အကူအညီသာမရလျှင် ၎င်းအောက် နိမ့်ကျပေလိမ့်မည်။
"ဒါပေမယ့် သူ့ဝိညာဥ်က အရှင်တို့ကြောင့် ဖျက်ဆီးခံလိုက်ရပါပြီ"
ဟေးရီက မြှောက်ပင့်ပြောဆိုလိုက်သည်။ သူက ယဲ့ချန် တိုက်ခိုက်ခဲ့သောမြင်ကွင်းကို ပြန်တွေးမိလျှင် ကြောက်စိတ်ကို ခံစားနေရဆဲပင်ဖြစ်သည်။ သူက အဖော်ဖြစ်သူနတ်ဘုရင်ကဲ့သို့ အသက်ဆုံးရှုံးရလုနီးပါးပင်။
"မှန်တယ်။ ဒီကောင့်ဝိညာဥ်က ဒဏ်ရာရသွားပြီဆိုတော့ ငါတို့ပြိုင်ဘက် မဖြစ်နိုင်တော့ဘူး။ မနက်ဖြန် မုန်တိုင်းမျိုးနွယ်ရောက်လာရင် ကြယ်ခန်းမကို ချက်ချင်းတိုက်ခိုက်မယ်။ ငါတို့အောင်မြင်သွားရင် ဆေးအိုးနဲ့နာရီကို မုန်တိုင်းမျိုးနွယ် ရသွားလို့မဖြစ်ဘူး"
သွေးဘုရင်၏မျက်လုံးများတွင် လောဘမီး တောက်လောင်နေသည်။ ဆေးအိုးနှင့်နာရီနှစ်ခုလုံးက အံ့လောက်စရာ ရတနာများဖြစ်သည်။ အကယ်၍ သူသာ ၎င်းတို့ကိုရယူနိုင်လျှင် ဝံပုလွေတိုင်းပြည်၏အင်အားကို အဆင့်သစ်တစ်ခုသို့ မြှင့်တင်ပေးနိုင်စွမ်းရှိလေသည်။
"အစ်ကိုကြီး ဒီခွေးကောင်ရဲ့ဝိညာဥ်က ဒဏ်ရာရသွားပြီ။ ကျုပ်တို့ ဘာလို့ အခုမတိုက်ခိုက်ကြတာလဲ။ ကြယ်ခန်းမက ပျက်စီးမှာ သေချာနေပြီဆိုတော့ မုန်တိုင်းမျိုးနွယ်ကို ဘာကြောင့်စောင့်နေဦးမှာလဲ"
ငွေဘုရင်က စောဒကတက်လိုက်သည်။
သွေးဘုရင်က ခဏတာစဥ်းစားပြီးနောက် ခေါင်းယမ်းလိုက်သည်။
"ငါတို့က ကြယ်ခန်းမကိုတိုက်ခိုက်ဖို့ တော်တော်စွန့်စားထားရတယ်။ ကြယ်ခန်းမ အစွမ်းထက်လာတဲ့နောက်ကွယ်မှာ လှည့်ကွက်တွေရှိနေတယ်။ ငါတို့ အလျင်စလို လုပ်လို့မဖြစ်ဘူး။ မုန်တိုင်းမျိုးနွယ်ရောက်လာမှာကို အရင်ဆုံး စောင့်ကြတာပေါ့"
မီးဘုရင်က ပြောလိုက်သည်။ ဝံပုလွေတိုင်းပြည်၏ သန်းချီသောစစ်တပ်က မြို့ငါးမြို့အနီးသို့ ဖြည်းဖြည်းချင်း စုဝေးလာကြသည်။ ၎င်းတို့၏အစိတ်အပိုင်းအချို့က မြို့ရိုးနှင့် မီတာတစ်ထောင်အဝေးအထိ ရောက်ရှိလာကြသည်။ ကြယ်ခန်းမတပည့်များက စိုးရိမ်လာကြပြီး အချိန်မရွေးတိုက်ခိုက်နိုင်ရန် ပြင်ဆင်လိုက်ကြသည်။
ကြယ်ခန်းမသည် ဧရာမသားရဲစစ်တပ်ကြီးကို တိုက်ခိုက်ရန် အင်အားမလုံလောက်ပေ။ ကျန်တစ်ဖက်တွင် ယဲ့ချန်သည်လည်း သားရဲများစွာကို တစ်ကိုယ်တော်မတိုက်ခိုက်နိုင်ချေ။ ထို့အပြင် ဘုရင်သုံးယောက်က စောင့်ကြည့်နေသောကြောင့် ယဲ့ချန်အနေဖြင့် ဝိညာဥ်စစ်သည်တော်ကိုထုတ်ဖော်ပြီး သားရဲစစ်တပ်ကိုတိုက်ခိုက်ရန် မလွယ်ကူပေ။ ကြယ်ခန်းမ၏ကာကွယ်ရေးအစီအရင်နှင့် ဓားထောင်ချီအစီအရင်ကို အချိန်မရွေး အသက်သွင်းနိုင်ရန် အသင့်ပြင်ထားခဲ့သည်။ ထို့နောက် ယဲ့ချန်သည် ကောင်းကင်ကြယ်တာရာ လက်ထောက်တံဆိပ်ကို ထုတ်ဖော်လိုက်သည်။
ထိုအချိန်တွင် သားရဲစစ်တပ်က တစ်စုံတစ်ခုကို စောင့်ဆိုင်းနေပုံပေါ်သည်။ ဝံပုလွေတိုင်းပြည်၏ စစ်ကူများအကြောင်း တွေးလိုက်သော ယဲ့ချန်၏ခေါင်းထဲတွင် မုန်တိုင်းမျိုးနွယ်က ချက်ချင်းထွက်ပေါ်လာသည်။ ကြယ်ခန်းမနှင့် မုန်တိုင်းမျိုးနွယ်က ရန်သူများဖြစ်ကြောင်းကို ဝံပုလွေတိုင်းပြည်မှ သိထားသောကြောင့် စစ်ကူခေါ်ထားခြင်းဖြစ်နိုင်သည်။ အကယ်၍ မုန်တိုင်းမျိုးနွယ်မှ အဆုံးမဲ့အဆင့် ကျင့်ကြံသူတစ်ယောက်သာ ရောက်ရှိလာလျှင် ပြဿနာကြီးတစ်ခုဖြစ်သောကြောင့် ယဲ့ချန်၏စိတ်ထဲတွင် ဖိအားများလာသည်။ မုန်တိုင်းမျိုးနွယ် ရောက်မလာခင် သားရဲစစ်တပ်ကို သူကလက်ဦးမှုယူ၍ တိုက်ခိုက်မည်ဟု ဆုံးဖြတ်လိုက်သည်။
ယဲ့ချန်သည် နင်ချင်းယွင်၊ ရှဲ့တောက်၊ ရှဲ့ကျန်း၊ နေမီးတောက်ငှက်နှင့် ယဲ့မျိုးနွယ်ကို တိုက်ပွဲအတွက် အသင့်ပြင်ရန် အမိန့်ပေးလိုက်သည်။ ထို့နောက် ကြယ်ခန်းမတစ်ခုလုံး အင်အားအပြည့်နှင့် စတင်လှုပ်ရှားလာကြသည်။
"ဆရာ ကျုပ်ကိုကူညီဖို့ ဒုက္ခပေးရဦးမယ်"
ယဲ့ချန်က ခြင်္သေ့ကြီး၏အကူအညီကို ထပ်မံလိုအပ်နေခဲ့သည်။
"ကောင်းပြီ"
ခြင်္သေ့ကြီးက မကျေမနပ်ရေရွတ်လိုက်သည်။ ယဲ့ချန်က သူ့အတွက် လက်ရှိအချိန်အထိ ကိုယ်လုပ်တော်များ မရှာပေးနိုင်သေးပေ။
ယဲ့ချန်က ခါးသက်သက်ရယ်မောလိုက်သည်။ အကယ်၍ ထုံတန်သာရောက်ရှိလာလျှင် သူက ခြင်္သေ့ကြီး၏ဆန္ဒကို ဖြည့်ဆည်းပေးနိုင်ရန် ခြင်္သေ့မများ ပါလာပေလိမ့်မည်။ သို့သော် ခြင်္သေ့နန်းတော်၏စစ်ကူများက ရောက်ရှိမလာသေးဘဲ နောက်ကျနေခဲ့ကြသည်။
ယဲ့ချန်က တဟုန်ထိုးလျှပ်စီးကျင့်စဥ်ဖြင့် ယဲ့တောင်ကြားမှထွက်ခွာ၍ ကောင်းကင်တွင် ပျံသန်းလိုက်သည်။ မြို့များကိုဝန်းရံထားသော စစ်တပ်က တစ်ခုခုပျံသန်းသွားကြောင်း သတိပြုမိလိုက်သော်လည်း ကြည်လင်ထင်ရှားစွာ မမြင်နိုင်ကြပေ။ ထိုအချိန်တွင် သူက အဝေးတွင် ပျောက်ကွယ်သွားပြီဖြစ်သည်။
ယဲ့ချန်က ဝိညာဥ်အသိစိတ်ဖြင့် လက်ထောက်တံဆိပ်တွင် အက်ကြောင်းတစ်ခု ဖန်တီးလိုက်သည်။ ထို့နောက် ခြင်္သေ့ကြီး၏ အစွမ်းထက်အရှိန်အဝါက အတွင်းမှပြန့်ထွက်လာခဲ့သည်။ သူ၏အရှိန်အဝါအောက်တွင် တောတောင်ရေမြေများတွင် သိပ်သည်းစွာရှိနေသော ဝိညာဥ်သားရဲအော်သံများ ထွက်ပေါ်လာခဲ့၏။ အချိန်ကြာလာသည်နှင့်အမျှ ဟိန်းသံများက ခပ်စိတ်စိတ်ဖြစ်လာသည်။
သူက ကီလိုမီတာထောင်ချီအဝေးမှ ဝိညာဥ်သားရဲများကို ခြင်္သေ့ကြီးအရှိန်အဝါအားကိုးဖြင့် မောင်းထုတ်လိုက်သည်။ ၎င်းတို့က ခဏအတွင်း မရေမတွက်နိုင်လောက်အောင် များပြားလာ၍ လှိုင်းတစ်ခုပင် ဖြစ်ပေါ်လာခဲ့၏။ ထိုအချိန်တွင် ကောင်းကင်ကမည်းနက်သွား၍ ညအချိန် ရောက်လာခဲ့သည်။ ညအမှောင်အောက်တွင် ဝိညာဥ်သားရဲများက အရေအတွက် ဆယ်သန်းကျော်သည်အထိ စုဝေးလာကြသည်။ ဝိညာဥ်သားရဲလှိုင်းက စတင်ဖြစ်ပေါ်လာသည်နှင့်တပြိုင်နက် ပတ်ဝန်းကျင်မှ ဝိညာဥ်သားရဲများလည်း လိုက်ပါလာခဲ့သည်။ အရေအတွက်က အချိန်နှင့်အမျှ များပြားလာ၍ ကြောက်စရာအကောင်းဆုံး ဖြစ်နေခဲ့သည်။
မြို့ငါးမြို့၏အပြင်ဘက်ရှိ သစ်တောအတွင်း သားရဲမျက်လုံးများက ဝင်းဝင်းတောက်နေကြသည်။ သန်းချီသောသားရဲများက ညအမှောင်တွင် ပုန်းအောင်းစောင့်ဆိုင်းနေကြ၏။ ဘုရင်သုံးယောက်သည် ကြယ်ခန်းမက ဤအခြေအနေမှဖောက်ထွက်သွားမည်ကို စိုးရိမ်နေသောကြောင့် ပတ်ဝန်းကျင်၌ ကင်းလှည့်နေကြသည်။ မြေပြင်က ရုတ်တရက်တုန်ခါလာပြီး ဧရာမမြေငလျင်ကြီးတစ်ခု ဖြစ်တည်လာခဲ့သည်။
"ဘာတွေဖြစ်နေတာလဲ"
သွေးဘုရင်က ချက်ချင်း မျက်နှာပျက်သွားခဲ့သည်။ ဘုရင်သုံးယောက်က ငလျင်၏ဇစ်မြစ်ကို ဝိညာဥ်အသိစိတ်များဖြင့် ထောက်လှမ်းလိုက်သောအခါ ဝိညာဥ်သားရဲလှိုင်းကြီး ချီတက်လာသည်ကို သိလိုက်ရသည်။ ၎င်းက သူတို့ကြုံဖူးသမျှတွင် အကြီးဆုံး ဝိညာဥ်သားရဲလှိုင်းကြီးဖြစ်သည်။ ၎င်းက မြင်မြင်သမျှကို ကျိုင်းကောင်အုပ်ကြီးသဖွယ် ဝါးမျိုဖျက်ဆီး၍ သူတို့ထံ ဦးတည်ရွေ့လျားနေသည်။
"ငါတို့က ဝိညာဥ်သားရဲလှိုင်းကြီးနဲ့ ဘာလို့လာဆုံနေရတာလဲ"
သွေးဘုရင်က ကျိန်ဆဲလိုက်မိသည်။ ဝိညာဥ်သားရဲလှိုင်းကြီးတွင် ကောင်းကင်အဆင့်နှင့်မြေအဆင့်များ အလွန်နည်းပါးသော်လည်း သူတို့၏လက်အောက်စစ်တပ်က ၎င်းနှင့်ထိပ်တိုက်ဆုံမိလျှင် ဆုံးရှုံးမှုကြီးမားသွားနိုင်သည်။ သို့သော်လည်း ပတ်ဝန်းကျင်တွင် ဝိညာဥ်သားရဲများ ပြည့်နှက်နေသဖြင့် နောက်ဆုတ်ရန် မဖြစ်နိုင်ချေ။
ဝိညာဥ်သားရဲလှိုင်းသည် သားရဲစစ်တပ်၏အစွန်အဖျားကို ဝင်ရောက်တိုက်ခိုက်နေပြီဖြစ်သည်။ သားရဲများနှင့် ဝိညာဥ်သားရဲများ ထိပ်တိုက်ရင်ဆိုင်နေသောကြောင့် နေရာတိုင်းတွင် အသားကြိတ်စက်ကြီးတစ်ခု ဖြတ်သန်းသွားသကဲ့သို့ ခန္ဓာကိုယ်အစိတ်အပိုင်းပြတ်များ လွင့်ပျံနေသည်။ သွေးနံ့ရသွားသော ဝိညာဥ်သားရဲများက ပိုမိုကြမ်းကြုတ်လာကြသည်။ သွေးများက ဆူနာမီလှိုင်းလုံးကြီးတစ်ခုပမာ စီးဆင်းနေသောကြောင့် လောကတစ်ခွင် သွေးချင်းချင်းနီနေသည်။
အကယ်၍ ဤဝိညာဥ်သားရဲများကို ခုခံနိုင်လျှင်ပင် ဝံပုလွေတိုင်းပြည်က ဆုံးရှုံးမှုကြီးသောကြောင့် ဘုရင်သုံးယောက်မှာ မျက်နှာထားများ ပြောင်းလဲနေကြသည်။ ၎င်းက သူတို့ကြုံဖူးသမျှတွင် ကြောက်စရာအကောင်းဆုံးဖြစ်သည်။ အဝေးရှိ ဝိညာဥ်သားရဲများနှင့် ဝံပုလွေတိုင်းပြည်၏စစ်တပ် တိုက်ခိုက်နေသည်ကို ယဲ့ချန်က တစ်ချက်ပြုံး၍ စိုက်ကြည့်နေသည်။
"ယဲ့ချန် ဒီဝိညာဥ်သားရဲလှိုင်းက လုံလောက်ပြီလား။ ဒီဝံပုလွေစစ်တပ် ထိခိုက်နေတာကိုမြင်ရတာ ငါတော့ သဘောကျတယ်"
ခြင်္သေ့ကြီးက ယဲ့ချန်၏အကြံကို ချီးကျူးလိုက်သည်။
"မလုံလောက်သေးဘူး ဆရာ။ ကျုပ်က မြေအဆင့်နဲ့အထက် ဝိညာဥ်သားရဲတွေကို အကုန်သတ်ပစ်ထားတယ်။ ဒါကြောင့် နည်းနည်းပိုဝေးတဲ့ နေရာကိုသွားပြီး ဝိညာဥ်သားရဲတွေ ထပ်ခေါ်လာကြမယ်။ သူတို့အတွက် ရန်သူတွေကို အစာကျွေးလိုက်တာပေါ့"
ယဲ့ချန်က တစ်လုံးချင်းပြောလိုက်သည်။
"ကိစ္စမရှိဘူး။ ငါ ကူညီမယ်"
ခြင်္သေ့ကြီးက ဝံပုလွေတိုင်းပြည် ထိခိုက်အောင်လုပ်ရသည်ကို သဘောကျနှစ်ခြိုက်နေခဲ့သည်။
ဘုရင်သုံးယောက်မှာ တိုးဝင်လာနေသော ဝိညာဥ်သားရဲများကြောင့် ဒေါသထွက်လွန်းသဖြင့် မျက်လုံးများနီရဲနေသည်။ သူတို့၏လက်အောက်ငယ်သားများက ဆက်တိုက်သေဆုံးနေကြသဖြင့် ခေါင်းကိုက်နေကြသည်။ အကယ်၍ ထိုကျင့်ကြံသူများက ရန်သူနှင့်တိုက်ခိုက်ရင်း သေဆုံးလျှင် ထိုက်တန်သည်ဟု ဆိုနိုင်သည်။ သို့သော် မည်သည့်နေရာမှ ထွက်ပေါ်လာမှန်းမသိရသော ဝိညာဥ်သားရဲများကြောင့် သေဆုံးနေသောအခါ အလွန်နှမြောစရာကောင်းပေသည်။ ဝိညာဥ်သားရဲများက ကျိုင်းကောင်များကဲ့သို့ အဆမတန်များပြားနေပြီး သေဆုံးသွားလျှင်လည်း ဆက်တိုက်မျိုးပွားနိုင်နေသည်။ ကျန်တစ်ဖက်တွင် ဝံပုလွေတိုင်းပြည်သည် ဤအခြေအနေထိရောက်လာအောင် နှစ်ပေါင်းထောင်ချီ ကြိုးစားလာခဲ့ရသည်။ နောက်ဆုံးတွင် ဘုရင်သုံးယောက်က ဘေးထွက်မနေနိုင်တော့ဘဲ တိုက်ပွဲအတွင်း ဝင်ရောက်လိုက်ကြသည်။ သူတို့၏ဝိညာဥ်များက ဝိညာဥ်သားရဲများအတွင်း ဝင်ရောက်သွား၍ လမ်းတလျှောက် သတ်ဖြတ်သွားကြသည်။ သို့သော်လည်း ဝိညာဥ်သားရဲများက အဆုံးမရှိပေ။
သွေးဘုရင်သည် အဝေးရှိကောင်းကင်တွင် ပုံရိပ်တစ်ခုကို မြင်လိုက်ရသည်။ လျှပ်ပြက်သကဲ့သို့ လှုပ်ရှားနေသော ယဲ့ချန်က အဝေးတွင် ပျောက်ကွယ်သွားခဲ့သည်။ ခဏအကြာတွင် သူက အလုပ်ရှုပ်ဟန်ဖြင့် ပြန်လည်ထွက်ပေါ်လာသည်။
"ယဲ့ချန်က ဘာလို့ ဝိညာဥ်သားရဲလှိုင်းနောက်မှာ ပေါ်လာရတာလဲ။ ဘာတွေဖြစ်နေတာလဲ"
သွေးဘုရင်က ဒေါသူပုန်ထနေခဲ့သည်။ ဝိညာဥ်သားရဲလှိုင်း ဖြစ်ပေါ်လာသော နောက်ကွယ်မှတရားခံက ယဲ့ချန်ဖြစ်နိုင်သည်ဟု တွေးမိလိုက်သည်။ သို့သော် ယဲ့ချန်က ဝိညာဥ်သားရဲများကို ထိန်းချုပ်နိုင်နေသော အကြောင်းအရင်းကို သူ မတွေးတတ်ပေ။ အကယ်၍ တိုက်ပွဲက ဆက်လက်ဖြစ်ပွားနေလျှင် ဝံပုလွေတိုင်းပြည်၏ သားရဲစစ်တပ်က ဤနေရာတွင် သေသည်အထိ ပျက်စီးသွားမည်ဖြစ်လေသည်။