← Chapters

အားလုံးကို ဖိနှိပ်ခြင်း ( တတိယပိုင်း )

Vol. 29 Ch. 394

အားလုံးကို ဖိနှိပ်ခြင်း ( တတိယပိုင်း )

Vol. 29 Ch. 394

" သဲဝါမြေ နတ်ဘုရားဓား "

တိုက်ပွဲကို ပထမဦးဆုံး စတင်လိုက်သူကတော့ သဲဝါမြေ သိုင်းတက္ကသိုလ်ရဲ့ နံပါတ်၁ ထိပ်တန်းကျောင်းသူ ယန်မြောင်မြောင် ပါပဲ။

သဲဝါမြေ သိုင်းတက္ကသိုလ်က  လက်ရှိ သည်ကို ရောက်နေတဲ့ သိုင်းတက္ကသိုလ် ၇ခုထဲမှာ အဆင့် သတ်မှတ်ချက် အနိမ့်ဆုံး ဖြစ်ရင်ဖြစ်နေပါမယ်။ ဒါပေမဲ့   ယန်မြောင်မြောင်ရဲ့ အစွမ်းကတော့ နိမ့်ကျနေခြင်း မရှိပါဘူး။ သူ့ရဲ့ ဓားသိုင်းအရ ပြောရမယ် ဆိုရင်  ယန်မြောင်မြောင်က ကျန်းပထက်တောင် သာနေပါသေးတယ်။

ယန်မြောင်မြောင်က ခန္ဓာကိုယ်ကို တစ်ပတ် လှည့်လိုက်ပြီး သူ့ရဲ့ အနီရောင် ရှေးဟောင်းဓားကို အဆက်မပြတ် ဝှေ့ယမ်း လိုက်ပါတယ်။

ဝေါ ... ဝေါ ... ဝေါ ...

အဝါရောင် သဲမုန်တိုင်းကြီး တစ်ခုက လီဖူချန်းကို လွှမ်းခြုံ သွားခဲ့ပါပြီ။ ဒါက သူ့ရဲ့ ဓားစက်ကွင်းပါပဲ။ တစ်ချိန်တည်း လိုလိုမှာပဲ အနီရောင် ရှေးဟောင်း ဓားကလည်း ကန္တာရ နဂါးကြီးတစ်ကောင် အသွင် ပြောင်းသွားပြီး လီဖူချန်းကို တိုက်ခိုက်လိုက်ပါတယ်။

" ပျောက်ကွယ်စမ်း "

လီဖူချန်းက အခြားသော သိုင်းကွက်တွေကို ထုတ်သုံးခြင်း မရှိပါဘူး။ သူက နေမင်းဆန္ဒ လက်ဝါးနဲ့ပဲ ယန်မြောင်မြောင်ရဲ့ ဓားကွက်ကို ခုခံလိုက်ပါတယ်။

ဟူး ... ဟူး ...

ဘန်း ...

ဓားစက်ကွင်းကို ဖောက်ထွက်လာတဲ့ လီဖူချန်းရဲ့ လက်ဝါးရိပ်ဟာ ကန္တာရ နဂါးပုံရိပ်ကို ဖျက်ဆီး ပစ်လိုက်ရုံသာမက ယန်မြောင်မြောင်ဆီကိုပါ  တိုးဝင်သွားခဲ့ပါပြီ။

ယန်မြောင်မြောင်က မျက်စိပျက်၊ မျက်နှာပျက်နဲ့ မြေကြီးပေါ်မှာ လိမ့်ပြီး ရှောင်လိုက် ရပါတယ်။ သူက သည်နည်းလမ်းကို အသုံးမပြုချင်ပေမယ့်လည်း လီဖူချန်းရဲ့ လက်ဝါးရိပ်က သူ့ကို ရွေးချယ်ခွင့် အများကြီး မပေးထားပါဘူး။ ယန်မြောင်မြောင်အနေနဲ့ လက်ဝါးရိပ်ရဲ့ တိုက်ခိုက်မှုကို ရှောင်ချင်တယ် ဆိုရင်တော့ မြေကြီးပေါ်မှာ လိမ့်ပြီး ရှောင်မှ ရမှာပါ။

အဲသည်အချိန်မှာပဲ အပြုံးလှိုင်း သိုင်းတက္ကသိုလ်ရဲ့ နံပါတ်၁ ထိပ်တန်းကျောင်းသား လုပင်းက သူ့ရဲ့ တိုက်ကွက်ကို စတင်လိုက်ပါတယ်။

လုပင်းရဲ့ လက်နက်ကတော့ မြစိမ်းရောင် ဆေဘာတစ်လက်ပါပဲ။

သူ့ရဲ့ဆေဘာက လေနဲ့ လုပ်ထားသလားလို့ ထင်ရလောက်တဲ့ အထိ ကွေးလွယ်၊ ညွှတ်လွယ် ပါတယ်။ ပြီးတော့ လျင်မြန်မှု အပိုင်းမှာလည်း  အားနည်းနေခြင်း မရှိပါဘူး။ သူ့ရဲ့ ဓားချက် တစ်ချက်ကတင် ပတ်ဝန်းကျင် တစ်ခုလုံးကို ဆေဘာ အလင်းတန်းတွေ၊ ဓားရိပ်တွေ ဖုံးလွှမ်း သွားစေခဲ့ပါပြီ။ အဲဒါက လုပင်းကို  သည်ပတ်ဝန်းကျင် တစ်ခုလုံးကို ပိုင်စိုးထားတဲ့ ဘုရင်တစ်ပါး အဖြစ် ထင်မှတ်စေပါတယ်။

အဲသည်ဘုရင်က လီဖူချန်းနဲ့မှလာပြီး တည့်တည့် တိုးနေတာကတော့ တကယ်ကို စိတ်မကောင်း စရာပါပဲ။

ပူပြင်းပြီး တောက်ပလှတဲ့ လက်ဝါးရိပ်တစ်ခုက အရပ်မျက်နှာ အကုန်လုံးကို ဖြာထွက်သွားပြီး  ပတ်ဝန်းကျင် တစ်ခုလုံးမှာရှိတဲ့ ဆေဘာ ဓားအလင်းတန်းတွေနဲ့ ဓားရိပ်တွေကို ဖျက်ဆီး ပစ်လိုက်ပါတယ်။

ဘန်း ... ဘန်း ... ဘန်း ...

လုပင်းဟာ အနောက်ကို မဆုတ်ချင်ဘဲ ဆုတ်လိုက်ရပါပြီ။

"  ဗာဂျရာ လက်ဝါး "

ဝမ်ကျန်းကလည်း ရပ်ကြည့် မနေနိုင်တော့ပုံပါပဲ။

သူ့ရဲ့ လက်ဝါးနှစ်ဖက်ကနေ   ရွှေရောင် လက်ဝါးရိပ်တွေ ဖြာထွက်လာပြီး  လီဖူချန်းကို ဖမ်းချုပ် လိုက်ပါတယ်။

( note - ဗာဂျရာ ဆိုတာ အိန္ဒိယ သံသကရိုက်ကနေ ဆင်းသက်လာတဲ့ စကားလုံးတစ်ခုပါ။ အဓိပ္ပာယ်ကတော့ မိုးကြိုးဖြစ်ပေမယ့်   မသေချာတဲ့ အတွက် ဗာဂျရာလို့ပဲ သုံးလိုက်ပါတယ်။ မိုးကြိုးနတ်ဘုရား ကိုင်ဆောင်တဲ့ လက်နက်လို့လည်း ပြောပါတယ်။)

ဆန်းကြယ် အထွတ်အထိပ်အဆင့် ခန္ဓာကိုယ်အပြင်အား ပညာရပ်ဖြစ်တဲ့ ဗာဂျရာလက်ဝါး။

ဝမ်ကျန်းက ရှားမှရှားလှတဲ့ ခန္ဓာကိုယ်အပြင်အား ပါရမီရှင် တစ်ယောက် ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ လအနည်းငယ်တုန်းက ဆိုရင် သူက သည်လက်ဝါးသိုင်းနဲ့ပဲ ကြက်သွေးရောင်ကျား အပြင်စည်း သိုင်းတက္ကသိုလ်ရဲ့ ထိပ်တန်း ကျောင်းသားတွေ အားလုံးကို အနိုင်ယူခဲ့တာပါ။

ဝမ်ကျန်းက သည်ရာစုနှစ်အတွင်းမှာ  ကြက်သွေးရောင် သိုင်းတက္ကသိုလ်ရဲ့ ပါရမီ အကောင်းဆုံး ကျောင်းသားဆိုတဲ့ ဘွဲ့ကိုလည်း ရထားပါသေးတယ်။

ဗာဂျရာ လက်ဝါးကို ထုတ်သုံးလိုက်ပြီဆိုရင် သာမန် ပြန်လည်ဝင်စားခြင်း နယ်ပယ် အဆင့်၂ ပညာရှင်တောင်မှ ဝမ်ကျန်းရဲ့ ပြိုင်ဘက် မဖြစ်နိုင်တော့ပါဘူး။

ဝမ်ကျန်းက သည်လက်ဝါးသိုင်းနဲ့ဆိုရင် လီဖူချန်းရဲ့ သိုင်းကွက် အနည်းငယ်ကို ခုခံနိုင်လိမ့်မယ်လို့ ယုံကြည် ထားပါတယ်။

" အိုး ...  သူ့ရဲ့ ခန္ဓာကိုယ် အပြင်အားက မဆိုးဘူးပဲ "

လီဖူချန်းရဲ့ မျက်လုံးကတော့ အရောင် တောက်သွားခဲ့ပါပြီ။

ရောင်စဉ်ခုနစ်ဖြာ တိုက်ကြီးကို ရောက်လာကတည်းက  သူ ပထမဦးဆုံး အကြိမ်အဖြစ် တွေ့ရတဲ့ ခန္ဓာကိုယ်အပြင်အား ပညာရှင်ဟာ ဝမ်ကျန်းပါပဲ။ ပြီးတော့ ဝမ်ကျန်းရဲ့ ဗာဂျရာ လက်ဝါးသိုင်းက သူ့ရဲ့ သတ္တုရိုး လက်သီးထက်ကို အစွမ်းထက်ပုံလည်း ရပါတယ်။

" ကောင်းတယ်ဟေ့ "

လီဖူချန်းက ဝမ်ကျန်းကို ချီးကျူးလိုက်ပြီး  လက်ဝါး ရိုက်ချက်တစ်ချက် ထုတ်လိုက်ပါတယ်။

ဘန်း ...

နေမင်းဇောအဟုန် လက်ဝါးအားက တစ်ဟုန်ထိုး တိုးထွက်သွားပြီး ဝမ်ကျန်းရဲ့  ရွှေရောင် လက်ဝါးရိပ်တွေကို ချေဖျက် ပစ်လိုက်ပါပြီ။ ရွှေရောင် လက်ဝါးရိပ်တွေက လီဖူချန်းရဲ့ နေမင်းဇော အဟုန် လက်ဝါးကို ဘယ်လိုမှ တောင့်ခံနိုင်ခြင်း မရှိခဲ့ပါဘူး။ ကြွင်းကျန်နေတဲ့ နေမင်းဇောအဟုန် လက်ဝါးအားတွေကလည်း ဝမ်ကျန်းကို ရိုက်မိသွားပြီး လွင့်ထွက် သွားစေပါသေးတယ်။

ဒါပေမဲ့လည်း လီဖူချန်းက ဝမ်ကျန်းတစ်ယောက် ဒဏ်ရာ ပြောပလောက်အောင် မရသွားတာကို သိလိုက်ပါတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ ဝမ်ကျန်းရဲ့ ခန္ဓာကိုယ်ထဲနေ ထွက်လာတဲ့ ရွှေရောင် အလင်းတန်းတွေကို သူမြင်လိုက်လို့ပါပဲ။

" အထူး ကြံ့ခိုင်မှု "

လီဖူချန်းက အဲသည်အရာကို သိလိုက်ပါပြီ။

" ကြောက်ဖို့ ကောင်းလိုက်တဲ့ လက်ဝါးအား "

ဝမ်ကျန်းက အခုထက်ထိ တစ်ကိုယ်လုံး ပူလောင်နေသလို ခံစားနေရ ပါသေးတယ်။

ကြက်သွေးရောင်ကျား သိုင်းတက္ကသိုလ်ရဲ့ အဖွဲ့ဝင်တွေ အားလုံးကတော့ ဝမ်ကျန်းဟာ ဗာဂျရာ အရိုးတည်ဆောက်ပုံကို ပိုင်ဆိုင်ထားတယ် ဆိုတာ သိထားပြီးသားပါပဲ။

ဗာဂျရာ အရိုးတည်ဆောက်ပုံ   ...  ...

ဒါက ခန္ဓာကိုယ်အပြင်အား အရိုးတည်ဆောက်ပုံ တစ်ခုပါ။ အမှောင်ထု အရိုး တည်ဆောက်ပုံက အမှောင်ထုစွမ်းအား၊ ဓားတာအို အရိုးတည်ဆောက်ပုံက ဓားတာအိုအစွမ်း  စသည်တို့ကို ပေးစွမ်းသလို   ဗာဂျရာ အရိုးတည်ဆောက်ပုံ ကလည်း ခန္ဓာကိုယ်ကို အထူးကြံ့ခိုင်မှု ပေးစွမ်းပါတယ်။ ဒါက ဝမ်းကျန်း မွေးလာကတည်းက ပါလာတဲ့ စွမ်းရည် တစ်ခုပါပဲ။ ဒါကြောင့်လည်း သူက ခန္ဓာကိုယ်သန့်စင်ခြင်း လမ်းစဉ်ကို လျှောက်လမ်းနိုင်ခဲ့တာပါ။

လက်ရှိ ဝမ်ကျန်းရဲ့ ခန္ဓာကိုယ် အပြင်အား ကျင့်ကြံမှုက အဆင့်၁ ပြန်လည် ဝင်စားခြင်း နယ်ပယ်မှာ ရှိနေပေမယ့်လည်း  အထူးကြံ့ခိုင်မှုကို ထုတ်သုံး လိုက်ရင်တော့ အဆင့်၁  ပြန်လည် ဝင်စားခြင်း နယ်ပယ် မကတော့ပါဘူး။

ဒါပေမဲ့လည်း သူ့ရဲ့ အထူးကြံ့ခိုင်မှုကို ထုတ်သုံးခဲ့တာတောင်မှ လီဖူချန်းက သူ့ကို ဒဏ်ရာ အနည်းငယ်ရအောင် လုပ်နိုင်ခဲ့ပါသေးတယ်။ အဲသည် အချက်နဲ့တင် လီဖူချန်းရဲ့ လက်ဝါးဟာ ဘယ်လောက် ကြောက်စရာ ကောင်းသလည်း ဆိုတာကို သိနိုင်နေပါပြီ။

" သဲဝါမြေ မိုးပျံနဂါး "

" တောင်ထိပ်တစ်ထောင်မှာ တိုက်ခတ်တဲ့လေ "

ဝမ်ကျန်း အရေးနိမ့်သွားတာကို မြင်လိုက်ရတဲ့ နောက်မှာတော့ လုပင်းနဲ့ ယန်မြောင်မြောင် တို့ဟာ သူတို့ရဲ့ အကောင်းဆုံး တိုက်ကွက်တွေကို ထုတ်သုံးလိုက်ပါတယ်။ သူတို့က ဝမ်ကျန်းဟာ လီဖူချန်းကို သိုင်းကွက် အနည်းငယ် ယှဉ်တိုက်နိုင်မယ်လို့ ထင်ထားခဲ့ပေမယ့်လည်း လက်တွေ့မှာတော့ ဖြစ်မလာခဲ့ပါဘူး။ အဲသည် အတွက် သူတို့ဟာ မဖြစ်မနေ အားကုန်ထုတ်ပြီး  တိုက်ခိုက်မှကို ရတော့မှာပါ။ ဒါမှပဲ သူတို့ရဲ့ ဂုဏ်သိက္ခာကို ပြန်အဖက် ဆယ်နိုင်ပါလိမ့်မယ်။

ယန်မြောင်ရဲ့ ဓားကတော့  သဲဝါဓားချီတွေ ယှက်သိုင်းနေတဲ့ အနီရောင် နဂါး တစ်ကောင်လိုပါပဲ။ လုပင်းရဲ့ ဆေဘာကတော့ မိုးကြိုးအစင်း တစ်ထောင် ပစ်ချလိုက်သလို လျင်မြန်ပြီး အားကောင်း လွန်းလှပါတယ်။

သူတို့နှစ်ယောက်ထက်  ကျင့်ကြံမှုအဆင့် ၂ဆင့်မြင့်တဲ့ ပညာရှင်တောင်မှ သည်တိုက်ခိုက်မှုကို ရှောင်နိုင်ဖို့ရာ အကြောင်းမရှိပါဘူး။

ဒါပေမဲ့ လီဖူချန်းကတော့ လီဖူချန်းပါပဲ။ သူက လက်ဝါးရိုက်ချက် နှစ်ချက်ကို ဆင့်ပြီး ရိုက်ထုတ် ပစ်လိုက်ပါတယ်။

ဖုန်း ... ဖုန်း ...

လေထဲမှာ ရှိနေတဲ့ လုပင်းကော ယန်မြောင်မြောင်ပါ  လွင့်ထွက် သွားခဲ့ပါပြီ။ လီဖူချန်းရဲ့ အရာရာကို လောင်ကျွမ်းစေနိုင်တဲ့ နေမင်းဇောအဟုန် လက်ဝါးက သူတို့ နှစ်ယောက်ကိုလည်း သက်ညှာမှု မပေးခဲ့ပါဘူး။

" ဗာဂျရာ ပိုင်ဆိုင်မှု "

ဝမ်ကျန်းက သူ့ရဲ့  အထူးကြံ့ခိုင်မှုကို အဆုံးစွန်ဆုံး ကန့်သတ်ချက်အထိ  ထုတ်လိုက်ပါပြီ။ သူ့ရဲ့ ခန္ဓာကိုယ် တစ်ခုလုံးဟာလည်း နတ်ဘုရား တစ်ပါးအလား  ဝင်းလက် တောင်ပြောင် နေပါတယ်။

" ငါ့ရဲ့ လက်ဝါးရိုက်ချက်ကို ခံနိုင်ရင် ခံစမ်း "

ဝမ်ကျန်းက လီဖူချန်းဆီကို ခုန်ဝင်သွားပြီး  လက်ဝါးဖြင့် ရိုက်ချ လိုက်ပါတယ်။ သူ့ရဲ့ ရွှေရောင် လက်ဝါးရိပ်တွေက ဧရာမ ရွှေလက်ဝါးကြီး တစ်ခုအဖြစ် ပြောင်းလဲသွားပြီး လီဖူချန်းကို ဖိနှိပ်ပစ်လိုက်ပါတယ် ။ ဒါက လီဖူချန်းအပေါ်ကို တောင်ကြီးတစ်လုံး ပိကျလာတဲ့ အတိုင်းပါပဲ။

" လာစမ်းပါ "

လီဖူချန်း ညာခြေကို အရှေ့တစ်လှမ်း တက်လိုက်ပြီး ဘယ်ဘက်လက်ကို ဆန့်ထုတ်ကာ ဧရာမ ရွှေလက်ဝါးကြီးကို   ရိုက်ထုတ် ပစ်လိုက်ပါတယ်၊

လီဖူချန်းရဲ့ နေမင်းဇောအဟုန် လက်ဝါးနဲ့ ဧရာမ ရွှေလက်ဝါးကြီးရဲ့ ထိပ်တိုက်တွေ့ဆုံမှုက အချိန်တွေကိုတောင်  ရပ်တန့် သွားစေသလို ပါပဲ။

အချိနိအနည်းငယ် အကြာမှာတော့  ...  ...

ဘန်း ...

ဧရာမ ရွှေလက်ဝါးကြီးဟာ ပေါက်ကွဲ ထွက်သွားပြီး စွမ်းအင်တွေက ပတ်ဝန်းကျင် တစ်ခုလုံးကို ပြန့်ကျဲ သွားပါတယ်။

ဝေါ့ ...

ဝမ်ကျန်းကလည်း သွေးစိမ်းရှင်ရှင် တစ်လုတ်ကို အန်ထုတ်လိုက်ရပါပြီ။

ဖတ် ...  ဖတ် ...  ဖတ် ...

လီဖူချန်းကတော့ အနောက်ကို ခြေလှမ်းသုံးလှမ်း ဆုတ်ရုံကလွဲပြီး ဘာမှ ထွေထွေထူးထူး မဖြစ်ခဲ့ပါဘူး။

" သည်ကောင့်ရဲ့ အထူးကြံ့ခိုင်မှုက ထင်ထားသလောက် မရိုးရှင်းပါလား "

လီဖူချန်းက မျက်မှောင် ကြုတ်လိုက်မိပါတယ်။

သူ့ရဲ့ ခန္ဓာကိုယ်အပြင်အား ကျင်ကြံခြင်း အဆင့်၁ ပြန်လည်ဝင်စားခြင်း နယ်ပယ်မှာ ရှိနေတုန်းကတောင်  ဝမ်ကျန်းရဲ့ ခန္ဓာကိုယ်လောက် အားမကောင်း သလိုပဲလို့ လီဖူချန်း ထင်နေမိပါတယ်။

" သည်ကောင်ရဲ့  အရိုးတည်ဆောက်ပုံက အရမ်းကောင်းနေတာလား  ဒါမှမဟုတ်  သူ့ရဲ့ ပင်ကိုပါရမီကပဲ ခန္ဓာကိုယ်သန့်စင်ခြင်း လမ်းစဉ်ဘက်မှာ အရမ်းထက်သန်နေတာလား "

ဝမ်ကျန်းအနေနဲ့ မြေကမ္ဘာ အဆင်မြင့် ခန္ဓာကိုယ်အပြင်အား ပညာရပ်ကိုတော့ လေ့ကျင့် ထားနိုင်စရာ အကြောင်းမရှိပါဘူး။

အရှေ့ယူနီကွန်းတိုက်ရဲ့ မှတ်တမ်း မှတ်ရာတွေမှာတော့  များပြားလှတဲ့ အပြင်အားခန္ဓာကိုယ် အရိုး တည်ဆောက်ပုံတွေကို မှတ်တမ်း တင်ထားပါတယ်။ ဥပမာအားဖြင့် အာဟတ် အရိုး တည်ဆောက်ပုံ၊ ဗာဂျရာ အရိုးတည်ဆောက်ပုံနဲ့  သံကျောက်တုံး အရိုး တည်ဆောက်ပုံတို့ပေါ့။ သူတို့ထက် ပိုကြောက်စရာ ကောင်းတဲ့ ခန္ဓာကိုယ်အပြင်အား အရိုး တည်ဆောက်ပုံတွေလည်း ရှိနေဆဲပါပဲ။

( note - arhat = အာဟတ် ဆိုတာက မဟာယန အယူဝါဒနဲ့ ဂျိမ်းအယူဝါဒမှာ ပါတဲ့  တန်ခိုး အစွမ်းထက် ဘုန်းတော်ကြီး သူတော်စင်တစ်ပါး ဖြစ်ပါတယ်။  အဓိပ္ပာယ်ကောက်ရ ခက်တဲ့အတွက် အာဟတ်လို့ပဲ ဘာသာ ပြန်လိုက်ပါတယ်။ )

" မဟုတ်သေးဘူး။ သည်ကောင်က ဗာဂျရာ အရိုးတည်ဆောက်ပုံ ပိုင်ရှင်ပဲ ဖြစ်ရမယ် "

လီဖူချန်းက ကောက်ချက် ချလိုက်ပါတယ်။

"သုံးယောက်နဲ့ တစ်ယောက် တိုက်ခိုက်နေတာတောင်မှ သူက အထက်စီးကနေ တိုက်နေတယ်။ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ "

အမြဲစိမ်းတောအုပ် သိုင်းတက္ကသိုလ် ကျောင်းသား တစ်ယောက်ဖြစ်တဲ့ အသားညိုညို လူငယ်က သူ့မျက်လုံးကိုတောင် သူ မယုံတော့သလိုပါပဲ။  ချစ်စဖွယ်  မိန်းမပျိုလေးကလည်း ပါးစပ် အဟောင်းသား ဖြစ်နေခဲ့ပါပြီ။

ဒါက သူတို့ဘဝမှာ သည်လောက် အစွမ်းထက်တဲ့ ကောင်းကင်နယ်ပယ် ပညာရှင်ကို ပထမဦးဆုံး အကြိမ် မြင်ဖူးချင်းပါပဲ။  လန်ဖန်းတောင်မှ  သည်လောက် အစွမ်းထက်မလားဆိုတာ သူတို့အနေနဲ့  မသေချာပါဘူး။

" အစ်ကိုဖူချန်းက တကယ် အစွမ်းထက်တာပဲ။ သည်ပုံစံအတိုင်း ဆိုရင်တော့ ဘာမှ စိုးရိမ်နေစရာ မလိုတော့ဘူး "

ရန်ယွီက အခုမှ သက်ပြင်း ချနိုင်ပါတော့တယ်။

ကျန်းယုဖေးကလည်း မချိပြုံး ပြုံးလိုက်ပြီး

" သည်ကောင်က တကယ့် နတ်မိစ္ဆာ တစ်ကောင်ပဲ။ သူသာ အတွင်းစည်း တက္ကသိုလ် ကျောင်းသား ဖြစ်သွားလို့ကတော့  အတွင်းစည်း တက္ကသိုလ် တစ်ခုလုံးက ကျောင်းသားတွေ ခေါင်းကိုက်ကုန်မှာကို ငါ မြင်ယောင်နေပြီ "

သိုင်းတက္ကသိုလ်တိုင်းရဲ့ အတွင်းစည်း ကျောင်းသားတွေ အကုန်လုံးဟာ သူ့ထက်သူ လူစွမ်းကောင်းတွေပါပဲ။ လီဖူချန်းလို ဆောင့်ကြွားကြွား ကောင်သာ အတွင်းစည်း ကျောင်းသား ဖြစ်သွားလို့ကတော့ အတွင်းစည်း တက္ကသိုလ်ထဲမှာ နေ့တိုင်း တိုက်ပွဲတွေ ဖြစ်နေမယ်ဆိုတာ ဗေဒင် မေးစရာ မလိုပါဘူး။ အတွင်းစည်း ကျောင်းသားတွေက  သူတို့ အချင်းချင်းတောင်  နေ့တိုင်း စိန်ခေါ်ပြီး ဗိုလ်လုနေကြတာပါ။ ကောလဟာလတွေအရ ဆိုရင်တော့  သီကျွင်းတောင်မှ အတွင်းစည်း တက္ကသိုလ်ထဲမှာ အနိုင်ကျင့် ခံနေရပါတယ်တဲ့။

အတွင်းစည်း ကျောင်းသားတွေ အကုန်လုံးဟာ ပြန်လည် ဝင်စားခြင်းနယ်ပယ် ပညာရှင်တွေပါ။ ပြန်လည် ဝင်စားခြင်း နယ်ပယ်မှာ အဆင့်တစ်ဆင့်နဲ့ တစ်ဆင့်ကြားက ကွာဟချက်ဟာ အင်မတန် ကြီးမားပါတယ်။ အဲသည်အတွက် အသစ်ဝင်လာတဲ့ အတွင်းစည်းကျောင်းသားဟာ ဘယ်လောက်ပဲ ပါရမီရှိရှိ အတွင်းစည်းကျောင်းသားဟောင်းတွေရဲ့ အနိုင်ကျင့်မှုကို ခံရမှာပါပဲ။

"ဝါစဉ်ကြီး အစ်ကို ဖူချန်းက  သည်ရာစုနှစ်ရဲ့ အတော်ဆုံး အပြင်စည်း ထိပ်တန်း ကျောင်းသားဆိုတဲ့ ဘွဲ့နဲ့ တကယ် ထိုက်တန်တယ် "

ဝူကျိ၊ လင်းချောင်နဲ့ အခြား တပည့်တွေကလည်း လီဖူချန်းကို လေးစား အားကျစွာ ကြည့်နေကြပါတယ်။

ကျင့်ကြံခြင်း လောကမှာတော့ အသက်တွေဘာတွေက အရေး မကြီးပါဘူး။ အစွမ်းကသာ အရေးကြီးတာပါ။

" သည်ကောင်က  နံပါတ်၁ အထက်ကောင်းကင်ဘုံ သိုင်းတက္ကသိုလ်မှာ တောင်မှ  ပထမတန်းစား ကျောင်းသား ဖြစ်နေဦးမှာပဲ "

ခြင်္သေ့ရိုင်း သိုင်းတက္ကသိုလ်ရဲ့  နံပါတ်၁ ထိပ်တန်းကျောင်းသားဖြစ်တဲ့ လင်းရင် မှတ်ချက် ချလိုက်ပါတယ်။ လင်းရင်က အခုချိန်မှာတော့ သူ့ရဲ့  ရှုံးနိမ့်မှုကို လက်ခံသွားခဲ့ပါပြီ။ လီဖူချန်းက သုံးယောက်နဲ့ တစ်ယောက် တိုက်နေတာတောင်မှ အထက်စည်းကနေ အသာစီး ရယူပြီး တိုက်ခိုက်နေတာ မဟုတ်ပါလား။

သည်လိုကြောက်စရာကောင်းတဲ့ နတ်မိစ္ဆာကောင်က သူ့ရဲ့ အဆင့်အတန်းနဲ့ အများကြီး ကွာခြား လွန်းလှပါတယ်။ အဲသည်အတွက် လင်းရင်က  တစ်ကွက်တည်းနဲ့ သူရှုံးသွားတဲ့ အပေါ်မှာ သိပ်ပြီး မခံစားရတော့ပါဘူး။  လီဖူချန်းနဲ့ ပညာချင်း ဖလှယ်ခဲ့ရတဲ့ အတွက် သူက ဂုဏ်တောင် ယူနေရဦးမှာပါ။

" ဒုတိယအစ်ကို ငယ်တုန်းကတောင်မှ သည်ကောင့်လို အစွမ်းထက်ဦးမှာ မဟုတ်ဘူး "

ကျန်းပကလည်း စိတ်ပျက်လက်ပျက်နဲ့ မှတ်ချက် ပေးလိုက်ပါတယ်။

ကျန်းပက ဆရာသခင် ပုဆိန်ရဲ့ တစ်ဦးတည်းသောသား မဟုတ်ပါဘူး။ သူ့ရဲ့ အထက်မှာ အစ်ကိုနှစ်ယောက် ရှိနေပါသေးတယ်။

ကျန်းပရဲ့ ပထမ အစ်ကိုကြီးကတော့ ပြန်လည် ဝင်စားခြင်း နယ်ပယ် အထွတ်အထိပ် ပညာရှင်တစ်ယောက် ဖြစ်ပြီး အတွေ့အကြုံနဲ့ ဗဟုသုတ ရှာမှီးဖို့အတွက် ခရီးရှည်ကြီး တစ်ခု ထွက်သွားခဲ့ပါပြီ။

ဒုတိယအစ်ကိုကတော့ အတွင်းစည်း ကျောက်တုံးစိမ်း သိုင်းတက္ကသိုလ်ထဲမှာ မင်းမူ နေပါတယ်။ သူ့ကို ဆရာသခင်ငယ် ပုဆိန်လို့လည်း လူသိများကြပါတယ်။

ဝုန်း ... .

စင်မြင့်ပေါ်မှာတော့ လုပင်း၊ ယန်မြောင်မြောင်နဲ့  ဝမ်ကျန်းတို့ဟာ လီဖူချန်းရဲ့ လက်ချက်ကြောင့် လွင့်ထွက် သွားခဲ့ပါပြီ။  အပူလောင်မှုကြောင့်ဖြစ်တဲ့ အရည်ကြည်ဖုတွေ ကတော့ သူတို့ သုံးယောက်ရဲ့ ခန္ဓာကိုယ်တစ်ခုလုံး အနှံ့ပါပဲ။

လီဖူချန်းက သူတို့ကို သက်ညှာ ပေးလိုက်လို့တာ  သည်လောက်အထိ ခံသာတာပါ။ မဟုတ်လို့ကတော့ သူတို့သုံးယောက်ဟာ သေတောင် သေနေလောက်ပါပြီ။

" တော်တော့ ... ။ မင်းကငါနဲ့ တိုက်ချင်တာမလား ... ။ ငါမင်းရဲ့ စိန်ခေါ်မှုကို လက်ခံတယ် "

လန်ဖန်းက သိုင်းစင်မြင့်ပေါ်ကို ခုန်ဆင်းလာပြီး အေးစက်စက် ဆိုလိုက်ပါတယ်။

နောက်ဆုံးမှာတော့ လန်ဖန်းလည်း မနေနိုင်တော့ပုံပါပဲ။

သူက လီဖူချန်းကို တစ်ယောက်ချင်း ယှဉ်တိုက်နိုင်မယ်လို့ ယုံကြည်မှု အပြည့် ရှိနေပါတယ်။ သူက လီဖူချန်းကို အနိုင်ယူနိုင်မလား ဆိုတာကိုပဲ မသေချာတာပါ။

လီဖူချန်းက ဝမ်ကျန်း၊ယန်မြောင်မြောင်နဲ့ လုပင်းကို အသာစီးရယူပြီး တိုက်ခိုက်တာကို မြင်နေရတာတောင်မှာ သူ့ရဲ့ ယုံကြည်မှုက ယုတ်လျော့သွားခြင်း မရှိပါဘူး။

စကားဆုံးသွားတာနဲ့ တစ်ပြိုင်နက် လန်ဖန်းရဲ့ ခန္ဓာကိုယ်ကနေပြီး အတိုင်းအဆမရှိ  အားကောင်းလွန်းတဲ့လ ဆေဘာ အရှိန်အဝါတွေ ထွက်ပေါ် လာခဲ့ပါတယ်။ အဲသည်ဆေဘာ အရှိန်အဝါတွေဟာ ကြားထဲက ဟင်းလင်ပြင်ကိုတောင် ကျော်ဖြတ်ပြီး  လီဖူချန်းဆီကို တိုးဝင် နေသလိုပါပဲ။

သည်ဆေဘာ အရှိန်အဝါက အရမ်းထူးဆန်း လွန်းလှပါတယ်။ ဒါက သိုင်းပညာရပ် တစ်ခုကနေ ထွက်လာတဲ့  အရှိန်အဝါ မဟုတ်ပါဘူး။ ဒါက   လန်ဖန်းရဲ့ ခန္ဓာကိုယ်ထဲကနေ သီးသန့် ဖြစ်တည်ပြီး ထွက်ပေါ်လာတာပါ။

" ဒါက ဆေဘာတာအို အရိုးတည်တောက်ပုံပဲ "

ဝမ်ကျန်းက အံ့သြတကြီးနဲ့ ရေရွတ်လိုက်ပါတယ်။

ဓားတာအို အရိုးတည်ဆောက်ပုံ နဲ့ ဆေဘာတာအို အရိုးတည်ဆောက်ပုံ။ သည်နှစ်ခုစလုံးက အလွန်အမင်း ကြောက်စရာ ကောင်းတဲ့ အရိုးတည်ဆောက်ပုံ တွေပါပဲ။ သည်လို အရိုးတည်ဆောက်ပုံ တွေက ပထမတန်းစား  အထူးအရိုး တည်ဆောက်ပုံတွေ ထဲမှာတောင်မှ  ထိပ်ဆုံးမှာ ရပ်တည်နေတာပါ။ ပထမတန်းစား အထူးအရိုး တည်ဆောက်ပုံ အနည်းငယ်ကသာ သည်အရိုး တည်ဆောက်ပုံတွေကို ယှဉ်နိုင်ပါတယ်။

" ဆေဘာတာအို အရိုးတည်ဆောက်ပုံလား  ... ။ ဒါကြောင့်ကိုး ... "

လီဖူချန်းက လန်ဖန်းရဲ့ အရိုးတည်ဆောက်ပုံကို သိပြီးတဲ့နောက်မှာတော့ သိပ်ပြီး မအံ့သြတော့ပါဘူး။ ဒါကြောင့် လန်ဖန်းက သူနဲ့ တစ်ယောက်ချင်း တိုက်ခိုက်ဖို့ ယုံကြည်မှု အပြည့် ရှိနေတာပါ။

လန်ဖန်းရဲ့ ဆေဘာ အရှိန်အဝါ အောက်မှာတော့ လီဖူချန်းရဲ့ ချီအရှိန်အဝါတွေဟာ တဖြည်းဖြည်း ကွဲပြိုသွားခဲ့ပါပြီ။ လီဖူချန်းရဲ့ လက်ရှိ ချီအရှိန်အဝါက လန်ဖန်းကို မယှဉ်နိုင်ဘူးဆိုတာ အသိသာကြီးပါပဲ။

" စိတ်ဝင်စားဖို့ ကောင်းတာပဲ

လီဖူချန်းက သူ့ရဲ့ နေမင်းဆန္ဒဇောအဟုန် အတွင်းအားကို အဆင့်၂၂အထိ မြှင့်တင်လိုက်ပြီး ဆေဘာ အရှိန်အဝါကို ပြန်လည် ဖိနှိပ်လိုက်ပါတယ်။

ဝမ်ကျန်းတို့ တစ်တွေကတော့ အခြေအနေကို သဘောပေါက်တဲ့အတွက် သက်ဆိုင်ရာ ပွဲကြည့်စင်တွေ ပေါ်ကို အသီးသီး ပြန်လည်ခုန်တက် သွားကြပါပြီ။

.

***

All Chapters