ဆေဘာတာအို အရိုးတည်ဆောက်ပုံရဲ့ အစွမ်း
Vol. 29 Ch. 395
" ငါထင်ထားတဲ့ အတိုင်းပဲ။ သည်ကောင်က ပညာလျှိုထားသေးတာကိုး "
အမှန်အတိုင်း ပြောရမယ် ဆိုရင်တော့ လန်ဖန်းက လီဖူချန်း ပြသခဲ့တဲ စွမ်းရည်တွေကို မကြောက်ပါဘူး။ တကယ်လို့သာ လီဖူချန်း ပြသခဲ့တဲ့ စွမ်းရည်တွေဟာ သူ့ရဲ့ အစွမ်းအကုန်လုံးဆိုရင် လန်ဖန်းက လီဖူချန်းကို အနိုင်ယူနိုင်ဖို့ ယုံကြည်မှုအပြည့် ရှိပါတယ်။ သူက လီဖူချန်း အစွမ်း လျှိုထားမှာကိုသာ စိုးရိမ်နေတာပါ။ အခုတော့ သူစိုးရိမ်ခဲ့တဲ့အတိုင်း ဖြစ်လာခဲ့ပါပြီ။
" လခွီးပဲ ... .။ သည်ကောင်က ငါတို့သုံးယောက်နဲ့ တိုက်တုန်းက အစွမ်းကုန် မတိုက်ဘူးပေါ့ "
ဝမ်ကျန်းက မအီမသာ ခံစားနေရပါတယ်။ သူက ဗာဂျရာ အရိုးတည်ဆောက်ပုံကို ပိုင်ဆိုင်ထားတဲ့ လူတစ်ယောက်ပါ။ ဒါပေမဲ့လည်း တစ်ဖက်လူက သူ့ကို အစွမ်းကုန် မတိုက်ဘဲ အေးအေးသက်သာ အနိုင်ယူသွားခဲ့ပါတယ်။ သူ့ဘဝမှာ တစ်ခါမှ အခုလို မခံစားခဲ့ဖူးပါဘူး။
တစ်ဖက်လူက သူ့ကို အစွမ်းကုန် မတိုက်ဘဲ အပျော်သဘောနဲ့ တိုက်ခိုက်နေခဲ့တာ ... ။
ဒါက တကယ်ကို နေရခက်တဲ့ ခံစားချက် တစ်ခုပါပဲ။
သိုင်းစင်မြင့် ပေါ်မှာတော့ ချီအရှိန်အဝါ နှစ်ခုဟာ တစ်ခုနဲ့တစ်ခု အားပြိုင်နေကြပါပြီ။ အဲဒါက လူတွေ အကုန်လုံးကို အံ့သြတုန်လှုပ် စေပါတယ်။
လီဖူချန်း နဲ့ လန်ဖန်း။ သူတို့နှစ်ယောက်စလုံး တကယ်ကို အံ့သြစရာပါပဲ။
အစောပိုင်းတုန်းကတော့ လန်ဖန်းဟာ လီဖူချန်းကို ယှဉ်နိုင်မှာ မဟုတ်ဘူးလို့ လူတွေအားလုံး တွေးထင်ခဲ့ကျ ပေမယ့်လည်း တကယ့်တကယ်တမ်းမှာတော့ သူတို့ ထင်သလို ဖြစ်မလာခဲ့ပါဘူး။ လန်ဖန်းက လီဖူချန်းကို အစွမ်းရှိသလောက် ထုတ်သုံးလာအောင်တောင် ဖိအား ပေးနိုင်ခဲ့ပါသေးတယ်။
" သူတို့ထဲက တစ်ယောက်က ဆေဘဘာတာအို အရိုး တည်ဆောက်ပုံကို ပိုင်ဆိုင်ထားပြီး နောက်တစ်ယောက်က ကောင်းကင်ဘုံကိုတောင် ဆန့်ကျင်နိုင်တဲ့ ပင်ကိုပါရမီကို ပိုင်ဆိုင်ထားတယ်။ သူတို့နှစ်ယောက်ထဲက ဘယ်သူက အနိုင်ရသူ ဖြစ်လာမှာလဲ "
ဘယ်သူမှ မမြင်နိုင်တဲ့ ဝင်္ကပါ အစီအရင် တစ်ခုရဲ့ အတွင်းပိုင်းမှာတော့ အစိမ်းရောင် ဝတ်စုံကို ဝတ်ဆင်ထားတဲ့ သက်လတ်ပိုင်းအရွယ် လူကြီးတစ်ယောက် ရှိနေပါတယ်။ သူက အဆောင် တစ်ခုရဲ့ ခေါင်မိုးပေါ်မှာ ရှိနေတာဖြစ်ပြီး လက်ဖက်ရည်ခရား တစ်အိုးကိုလည်း လက်မှာ ကိုင်ထားပါသေးတယ်။ သူ့ရဲ့ ခန္ဓာကိုယ်က ထွက်နေတဲ့ ချီအရှိန်အဝါတွေရဲ့ အားကောင်းမှုကတော့ တိုင်းတာလို့တောင် မရနိုင်တဲ့ အထိပါပဲ။ သူ့ကိုမြင်လိုက်ရတဲ့ လူတိုင်းဟာ မလေးစားဘဲ နေနိုင်မှာ မဟုတ်ပါဘူး။
တကယ်လို့သာ ဆရာသခင် မအိုသော ကလေးငယ်ကို ကောင်းကောင်းသိတဲ့ လူတစ်ယောက် ဆိုရင်တော့ သည်လူကို မြင်လိုက်တာနဲ့ ဘယ်သူလည်းဆိုတာ တန်းသိသွားမှာ ဖြစ်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ သည်အစိမ်းရောင်ဝတ်စုံဝတ် လူကြီးက ထာဝရနုပျိုခြင်း ဥယျာဉ်ရဲ့ ပိုင်ရှင် ဆရာသခင် မအိုသော ကလေးငယ်ဆိုတဲ့ ဘွဲ့ထူးကို ရထားတဲ့ လုယွန်ရှန်း ဖြစ်နေလို့ပါပဲ။
လုယွန်ရှန်းက ဝိညာဉ်သန့်စင် သစ်သီးလေးလုံးကို ဆုအဖြစ် ပေးပြီး လက်ဖက်ရည်ပွဲတော် ကျင်းပနေတာဟာ အပျော်သက်သက် ဖြစ်ပေမယ့်လည်း အရမ်း အစွမ်းထက်တဲ့ လူငယ် မျိုးဆက်တွေကို တွေ့ရင်တော့ သည်အတိုင်း ပစ်ထားမှာ မဟုတ်ပါဘူး။ သူက အဲသည်လူငယ် မျိုးဆက်တွေကို မိတ်ဆွေ ဖွဲ့ဖြစ်အောင် ဖွ့ဲဦးမှာပါ။ ဆရာသခင် အလောင်းအလျာ တစ်ယောက်နဲ့ မိတ်ဆွေ ဖြစ်ထားတာက အနာဂတ်မှာ သူ့အတွက် အကျိုးအများကြီး ရစေနိုင်တယ် မဟုတ်ပါလား။
သူ့ရဲ့ အမြင်မှာတော့ လန်ဖန်းနဲ့ လီဖူချန်းတို့ နှစ်ယောက်စလုံးဟာ မိတ်ဆွေဖွဲ့ဖို့ ထိုက်ထန်နေပါပြီ။ ဒါပေမဲ့လည်းသူက နောက်ဆုံး အနိုင်ရမယ့်သူကို ကြည့်ချင် နေပါသေးတယ်။
" မင်းရဲ့အစွမ်းတွေ အကုန်ထုတ်လိုက်လို့ ငါ့ကို အနိုင်ယူနိုင်မယ် ထင်နေတာလား ... ။ ငါက မင်းရဲ့ အထင်တွေ မှားနေပြီဆိုတာကို သက်သေပြပေးမယ် "
လန်ဖန်းရဲ့ လက်ထဲမှာတော့ ဆေဘာတစ်လက် ရောက်လာခဲ့ပါပြီ။
" ငါမင်းကို အနိုင်ယူနိုင်၊ မယူနိုင်ကတော့ လက်တွေ့ တိုက်ကြည့်မှ သိမှာပဲ "
လီဖူချန်းရဲ့ တိုက်ခိုက်ချင်စိတ်တွေက ထိန်းမရတော့ပါဘူး။
သည်ရောင်စဉ်ခုနစ်ဖြာ တိုက်ကြီးက သူ့အတွက်တော့ တကယ်ကို ကျေနပ်စရာပါပဲ။ သည်တိုက်ကြီးမှာက ဆန်းပြားလှတဲ့ အရိုးတည်ဆောက်ပုံတွေ အများကြီး ရှိနေပါတယ်။
အမှောင်ထု အရိုးတည်ဆောက်ပုံ၊ ဗာဂျရာ အရိုးတည်ဆောက်ပုံနဲ့ ဆေဘာတာအို အရိုးတည်ဆောက်ပုံ။
အခုဆိုရင်သူက သည်ရောင်စဉ် ခုနစ်ဖြာ တိုက်ကြီးမှာ ပထမတန်းစား အထူး အရိုးတည်ဆောက်ပုံ ၃မျိုးကို တွေ့ခဲ့ရပါပြီ။ နောက်ထပ် ဘယ်လို အမျိုးအစား အရိုးတည်ဆောက်ပုံ တွေနဲ့ တွေ့ရဦးမလဲတော့ သူလည်း မသိသေးပါဘူး။
" ကြိုက်တဲ့အရိုးတည်ဆောက်ပုံ လာစမ်း ... ။ အကုန်လုံးကို အနိုင်ယူပစ်မယ် "
လီဖူချန်းက စိတ်ထဲကနေ ကြုံးဝါးလိုက်ပါတယ်။
" အမြစ်ပြတ် သုတ်သင်ခြင်း ဆေဘာ ။ ဓားတစ်ချက် "
လန်ဖန်းကတော့ သူ့ရဲ့ တိုက်ခိုက်မှုကို စတင်လိုက်ပါပြီ။
သူ့ရဲ့ ဆေဘာ ဓားအလင်းတန်းက မီတာ၂၀နီးပါး ရှည်ထွက်လာပြီး လီဖူချန်းကို ပိုင်းချ လိုက်ပါတယ်။
အမြစ်ပြတ် သုတ်သင်ခြင်း ဆေဘာ။
ဒါကတော့ မြေကမ္ဘာအလယ်အလတ်အဆင့် ဆေဘာဓားသိုင်း တစ်ခုပါပဲ။ သူ့ရဲ့ ဆေဘာတာအို အရိုးတည်ဆောက်ပုံကြောင့် လန်ဖန်းဟာ သည်ဓားသိုင်းကို ပြီးပြည့်စုံခြင်း အဆင့်အထိ လေ့ကျင့်ထားပြီး ခဲ့ပါပြီ။
မြေကမ္ဘာအလယ်အလတ်အဆင့် ဆေဘာဓားသိုင်းရဲ့ ပြီးပြည့်စုံခြင်း အဆင့်ဆိုတာက စစရာ၊ နောက်စရာ မဟုတ်ပါဘူး။ ထက်မြက်မှုနဲ့ စွမ်းအား ပြင်းထန်မှုအရ ဆိုရင် လီဖူချန်းရဲ့ နေမင်းဇောအဟုန် လက်ဝါးထက်ကို အပြတ်အသတ် သာပါတယ်။
" ကောင်းလိုက်တဲ့ ဓားသိုင်း "
လီဖူချန်းက လန်ဖန်းရဲ့ ဆေဘာဓားသိုင်းကို မချီးကျူးဘဲ မနေနိုင်တော့ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ သူက သည်ဆေဘာထဲမှာ ခိုဝင်ကိန်းအောင်းနေတဲ့ စွမ်းပကားကို ကောင်းကောင်းကြီး ခံစားနေမိလို့ပါပဲ။
သည်ဆေဘာ ဓားကွက်က ကြယ်ပျံဓားသိုင်းရဲ့ ကြယ်ကြွေနဲ့တောင် ဆင်တူနေတယ်လို့ ဆိုနိုင်ပါတယ်။ သည်ဓားကွက် နှစ်ကွက်စလုံးက လျင်မြန်မှုနဲ့ စွမ်းအားကို အမြင့်ဆုံး ကန့်သတ်ချက် တစ်ခုအထိ ရောက်စေတာပါ။
ဒါပေမဲ့ အမြစ်ပြတ်သုတ်သင်ခြင်း ဆေဘာရဲ့ စွမ်းအားက ဓားသွားတစ်လျှောက်မှာ စီးဆင်းနေပြီး ကြယ်ပျံရဲ့ အစွမ်းကတော့ ဓားထိပ်ဖျားမှာပဲ ရှိပါတယ်။ သည်အချက်ကတော့ ဓားကွက်နှစ်ခုကို အနည်းငယ် ကွဲပြားသွားစေတာပါပဲ။
" ပျက်စီးစမ်း "
လီဖူချန်းက သူ့ရဲ့ နေမင်းဇောအဟုန် အဆင့်၂၂ ချီအတွင်းအားကို အမြင့်ဆုံး ကန့်သတ်ချက်အထိ ထုတ်လိုက်ပြီး ဆေဘာ အလင်းတန်းကြီးကို ဆီးကြိုလိုက်ပါတယ်။
ဝုန်း ...
ကျယ်လောင်တဲ့ ပေါက်ကွဲသံ တစ်ခုနဲ့အတူ နှစ်ယောက်စလုံးဟာ အနောက်ကို လွင့်ထွက် သွားခဲ့ပါပြီ။
လန်ဖန်းရဲ့ ဆေဘာဓားသိုင်းက လီဖူချန်းရဲ့ လက်ဝါးသိုင်းထက် သာနေပေမယ့်လည်း ချီအတွင်းအား အဆင့် ကွာဟမှုက လီဖူချန်းရဲ့ အားနည်းချက်ကို ဖာထေး ပေးသွားခဲ့ပါတယ်။
လန်ဖန်းရဲ့ မြေကမ္ဘာ အလယ်အလတ်အဆင့် အတွင်းအားကျင့်စဉ်က အဆင့်၂၁သာ ရှိနေသေးတဲ့ အတွက် အဆင့်၂၂ ရှိနေပြီဖြစ်တဲ့ လီဖူချန်းရဲ့ နေမင်းဇောအဟုန် နတ်ဘုရားကျင့်စဉ်ကို မယှဉ်နိုင် သေးပါဘူး။
" အမြစ်ပြတ် သုတ်သင်ခြင်းဆေဘာ ... ။ နှစ်ချက်ဆင့် ခုတ်ချက် "
လန်ဖန်းက မြေကြီးကို ဖနောင်ဖြင့်ဆောင့်ပြီး ကောင်းကင်ပေါ်ကို ခုန်တက်ကာ ဓားချက်နှစ်ချက် ဆင့်ထုတ် လိုက်ပါတယ်။ သူ့ရဲ့ ဆေဘာကနေတော့ ဆေဘာ အလင်းတန်းကြီး နှစ်ခု ထွက်လာခဲ့ပါပြီ။ ဆက်တိုက်ဆိုသလို အဲသည် ဆေဘာအလင်းတန်းကြီး နှစ်ခုက ပေါင်းစည်းသွားပြီး မီတာ၁၀၀ကျော် ရှည်တဲ့ ဆေဘာအလင်းတန်းကြီး တစ်ခုအဖြစ် ပြောင်းသွားပြန်ပါတယ်။
သည်ဆေဘာခုတ်ချက်က ပထမတစ်ကြိမ် သူထုတ်သုံးလိုက်တဲ့ ဆေဘာထက်ကို နှစ်ဆနီးပါး ပိုအားကောင်းတဲ့အပြင် လျင်မြန်မှုကလည်း လုံးဝ မယုံကြည်နိုင်စရာပါပဲ။
သာမန် ပြန်လည်ဝင်စားခြင်း နယ်ပယ် အဆင့်၃ ပညာရှင်တောင်မှ သည်ဓားချက်ကို ခုခံဖို့အတွက် စဉ်းစားမှာ မဟုတ်ပါဘူး။ သေချာပေါက်ကို ရှောင်တိမ်းသွားမှာ ဖြစ်ပါတယ်။
"နေသုံးစင်းနဲ့ အပြိုင် "
လန်ဖန်းက ပွဲသိမ်းတိုက်ကွက်ကို ထုတ်သုံးမှတော့ လီဖူချန်းကလည်း သည်အတိုင်း မနေတော့ပါဘူး။ သူကလည်း နေမင်းဇောအဟုန် လက်ဝါးသိုင်းရဲ့ ပွဲသိမ်း သိုင်းကွက်ကို ထုတ်လိုက် ပါတော့တယ်။
သူက သည်သိုင်းကွက်ကို တစ်ခါမှ ထုတ်မသုံးဖူး သေးပါဘူး။
ဟူး ... ဟူး ... ဟူး ...
လီဖူချန်းရဲ့ ရိုက်ချက်ကနေ ထွက်လာတဲ့ လက်ဝါးရိပ်ဟာ လမ်းတစ်ဝက်မှာတင် လက်ဝါးရိပ် သုံးရိပ်အဖြစ် ခွဲဖြာသွားပြီး ဆေဘာ ဓားအလင်းတန်းကြီးကို ခုခံလိုက်ပါတယ်။
လက်ဝါးရိပ်က သုံးရိပ် ဖြာထွက် သွားပေမယ့်လည်း အရှိန်အဟုန်ကတော့ လုံးဝ ယုတ်လျော့ သွားခြင်း မရှိပါဘူး။ ပြီးတော့ သည်လက်ဝါးရိပ်တွေက ဆေဘာဓား အလင်းတန်းကြီးကို ကောင်းကောင်း ကိုင်တွယ်နိုင်စွမ်း ရှိပါတယ်။
ဖောင်း ... ဖောင်း ... ဖောင်း ...
သည်တစ်ကြိမ်မှာလည်း အနိုင်အရှုံး မပြတ်သားခဲ့ ပြန်ပါဘူး။
မြေပြင်ပေါ်ကို ပြန်ကျလာတဲ့ လန်ဖန်းကတော့ ဆက်မတိုက်တော့ဘဲ လီဖူချန်းကို အေးစက်စက် လေသံဖြင့် သတိပေးလိုက်ပါတယ်။
" င့ါရဲ့ တိုက်ခိုက်မှုကို ခုခံနိုင်တယ်ဆိုပြီး အရမ်းပျော်မနေနဲ့။ အစောပိုင်းတုန်းက ငါက မင်းကို သွေးတိုး စမ်းနေတာ။ အခု ငါတကယ် တိုက်တော့မယ်။ သည်တစ်ခါ ငါရဲ့ ဓားချက်ကို ခုခံနိုင်ရင် ခုခံစမ်း "
အမှန်အတိုင်း ပြောရမယ်ဆိုရင်တော့ သည်တစ်ခါ တိုက်မယ့် သူ့ရဲ့ ဓားချက်ကို လီဖူချန်း ခုခံနိုင်မယ်လို့ လန်ဖန်း မယုံပါဘူူး။ ဘာဖြစ်လို့လည်း ဆိုတော့ သူက အစောပိုင်း ဓားကွက် နှစ်ကွက်မှာ သူ့ရဲ့ ဆေဘာတာအို အစွမ်းကို မထုတ်သုံးရသေးလို့ပါပဲ။
ဆေဘာတာအို အစွမ်းကို ထုတ်မသုံးသေးတာတောင်မှ လီဖူချန်းဟာ သူနဲ့ လက်ရည်တူပဲ ရှိပါတယ်။ ဆေဘာတာအို အစွမ်းကို ထုတ်သုံးလိုက်တာနဲ့ တစ်ပြိုင်နက် သူ့ရဲ့ အစွမ်းဟာ နောက်ထပ် ၅၀ ရာခိုင်နှုန်း တိုးမြှင့်လာမှာပါ။ အဲသည်စွမ်းရည်နဲ့ ဆိုရင်တော့ လန်ဖန်းဟာ လီဖူချန်းကို မပြောနဲ့။ သာမန် ပြန်လည်ဝင်စားခြင်းနယ်ပယ် အဆင့်၃ ပညာရှင်ကိုတောင် သတ်ပစ်နိုင်ပါတယ်။
ဆေဘာတာအို အစွမ်းက အရမ်း ကြောက်စရာ ကောင်းလွန်းတဲ့အတွက် အမြဲစိမ်းတောအုပ် သိုင်းတက္ကသိုလ်ရဲ့ ထိပ်တန်းကျောင်းသားစာရင်း ပြိုင်ပွဲမှာတောင်မှ လန်ဖန်းဟာ ထုတ်သုံးခဲ့ခြင်း မရှိပါဘူး။
ဒါက သူ ထုတ်မသုံးချင်လို့တော့ မဟုတ်ပါဘူး။ ဆေဘာတာအိုစွမ်းမင် ထုတ်သုံးဖို့အတွက် ထိုက်တန်တဲ့လူ မရှိလို့ ဖြစ်ပါတယ်။
" အပိုတွေ မပြောဘဲ ငါ့ကို နိုင်အောင် တိုက်စမ်းပါကွာ "
လီဖူချန်းကတော့ တည်တည်ငြိမ်ငြိမ် ရှိနေဆဲပါပဲ။
" အမြစ်ပြတ်သုတ်သင်ခြင်းဆေဘာ။ ဓားတစ်ချက် "
ဒါက ပထမဦးဆုံး လန်ဖန်း ထုတ်သုံးလိုက်တဲ့ ဓားကွက်ဖြစ်တဲ့ ဓားတစ်ချက် ဖြစ်ပေမယ့်လည်း သည်တစ်ကြိမ်မှာတော့ မတူတော့ပါဘူူး။ သည်တစ်ကြိမ်မှာက ဆေဘာ အရှိန်အဝါပါ ပါဝင်လာခဲ့ပါပြီ။ လန်ဖန်းရဲ့ ဆေဘာဓား အလင်းတန်းက ဟင်းလင်းပြင်ကို ကွဲထွက် သွားစေပြီး လီဖူချန်းဆီကို အရှိန်အဟုန် အပြည့်နဲ့ ထိုးဆင်း လာခဲ့ပါတယ်။ ဒါက ကောင်းကင်ပေါ် ကနေ နေရောင်ခြည်တွေ ဖြာကျလာသလိုပါပဲ။
" ဆေဘာတာအို အရိုးတည်ဆောက်ပုံက တကယ် အစွမ်းထက်တယ်"
လီဖူချန်းက ဓားကို ထုတ်သုံးရမလားဆိုပြီး အနည်းငယ် တွေဝေ သွားပေမယ့်လည်း နောက်ဆုံးမှာတော့ နေမင်းဇောအဟုန် လက်ဝါးသိုင်းကိုပဲ ဆက်သုံးဖို့ ဆုံးဖြတ် လိုက်ပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ်ပါလေ။ ဒါက ဆေဘာခုတ်ချက်လေး တစ်ခုပင် မဟုတ်ပါလား။
" နေခုနစင်း သက်ဆင်းခြင်း "
လီဖူချန်းက သည်တစ်ခါမှာတော့ လက်နှစ်ဖက်စလုံးကို အသုံးပြုလိုက်ပြီး လက်ဝါး ရိုက်ချက်တွေ ထုတ်ဖော်လိုက်ပါပြီ။
သူ့ရဲ့ လက်ဝါးရိုက်ချက်တွေကနေ မျက်စိကျိန်း လောက်အောက် တောက်ပလွန်းတဲ့ ရောင်စဉ်ခုနစ်ခု ဖြစ်တည်လာပြီး ဆေဘာ အလင်းတန်းကို ခုခံလိုက်ပါတယ်။
ဝုန်း ...
သည်တစ်ကြိမ်မှာတော့ လီဖူချန်းရဲ့ နေမင်းဇောအဟုန် လက်ဝါးဟာ လန်ဖန်းရဲ့ ဆေဘာကို မယှဉ်နိုင်ခဲ့ပါဘူး။ သည်ဆေဘာ ဓားချက်က သာမန် အဆင့်၃ ပြန်လည် ဝင်စားခြင်းနယ်ပယ် ပညာရှင်ကို မဆိုထားနဲ့။ သာမန် အဆင့်၄ ပြန်လည်ဝင်စားခြင်းနယ်ပယ် ပညာရှင်ကိုတောင် ဒဏ်ရာ ရသွားစေနိုင်ပါတယ်။
ဖတ် ... ဖတ် ... ဖတ် ...
လန်ဖန်းရဲ့ ဆေဘာအလင်းတန်းကို ခုခံဖို့အတွက် လီဖူချန်း တစ်ယောက် အလုပ်များရပါပြီ။ သူက အနောက်ကို ခုန်ဆုတ်လိုက်ပြီး လက်ဝါးရိုက်ချက်တွေ အဆက်မပြတ် ရိုက်ထုတ် နေရပါတယ်။
လက်ဝါးရိုက်ချက် ၁၀၀လောက် ထုတ်အပြီးမှာတော့ ဆေဘာ အလင်းတန်းကြီးဟာ ပျက်ပြယ် သွားပါတော့တယ်။
ဒါတောင်မှ လီဖူချန်းရဲ့ အားကောင်းလွန်းလှတဲ့ တိုက်ပွဲအသိစိတ်က ဆေဘာဓား အလင်းတန်းရဲ့ အားနည်းချက်တွေကို ရှာပေးနိုင်လို့သာ သက်သာရာ ရသွားခဲ့တာပါ။ မဟုတ်လို့ကတော့ သည်ဆေဘာဓားချက်က သူ့ကို ထိပြီးနေလောက်ပါပြီ။
" သူက ခုခံလိုက်နိုင်တာလား "
လန်ဖန်းက မျက်မှောင်ကြုတ်လိုက်ပါတယ်။
ယုတ္တိရှိရှိ ပြောရမယ် ဆိုရင်တော့ဖြင့် လီဖူချန်းဟာ သူ့ရဲ့ သည်ဆေဘာ ဓားချက်ကို ဘယ်လိုမှ ခုခံနိုင်စရာ အကြောင်း မရှိပါဘူး။ ဒါက သာမန် ပြန်လည် ဝင်စားခြင်းနယ်ပယ် အဆင့်၃ ပညာရှင်ကိုတောင်မှ သေစေနိုင်တဲ့ ဓားချက်ပါ။ ဒါပေမဲ့လည်း လီဖူချန်းက သည်ဓားချက်ကို ရအောင် ခုခံပြသွားခဲ့ပါတယ်။ အဲသည်ကိစ္စက လန်ဖန်းအတွက်တော့ တကယ့်ကို စိတ်ရှုပ်စရာပါပဲ။
"ထင်ထားတဲ့ အတိုင်းပဲ။ ဆေဘာတာအို အရိုးတည်ဆောက်ပုံက အလကား နာမည်ကျော်တာ မဟုတ်ဘူး။ ငါတို့တော့ လန်ဖန်းကို အထင်သေးမိပြီ "
ယန်မြောင်မြောင်က စိတ်ထဲကနေ ပြောနေမိပါတယ်။
လက်ရှိ အခြေအနေအတိုင်း ဆိုရင်တော့ လီဖူချန်းက လန်ဖန်းရဲ့ နောက်ထပ် ဆေဘာဓားချက်ကို ဘယ်လိုမှ ခုခံနိုင်မှာ မဟုတ်ပါဘူး။
" ဒါက ပထမတန်းစား အထူးအရိုး တည်ဆောက်ပုံထဲက ဆေဘာတာအို အရိုးတည်ဆောက် ပုံလား။ တကယ့်ကို မနာလိုချင်စရာပဲ "
လုပင်းက ခပ်တိုးတိုး ရေရွတ်လိုက်ပါတယ်။
" ဆေဘာတာအို အရိုးတည်ဆောက်ပုံက အစွမ်းထက်တာတော့ အမှန်ပဲ။ ဒါပေမဲ့ ငါ့ရဲ့ ဗာဂျရာ အရိုးတည်ဆောက်ပုံကလည်း အားမနည်းပါဘူး။ ငါက ဗဂျာရာ အရိုးတည်ဆောက်ပုံရဲ့ စွမ်းရည်တွေကို နိုးထနိုင်ဖို့ လိုနေသေးတာပဲ ရှိတာ။ ငါ့ရဲ့ ဗဂျာရာ အရိုးတည်ဆောက်ပုံ အပြည့်အဝ နိုးထလာတဲ့ တစ်နေ့ကျရင် မင်းရဲ့ ဆေဘာတာအို အရိုးတည်ဆောက်ပုံနဲ့ ယှဉ်ကြည့်ကြတာပေါ့ လန်ဖန်းရာ "
ဝမ်ကျန်းရဲ့ မျက်လုံးတွေထဲမှာတော့ တိုက်ပွဲကို ဆာလောင် မွတ်သိပ်မှုတွေ ပြည့်နှက်နေပါပြီ။
" ဒါက လန်ဖန်းရဲ့ တကယ့် အစစ်အမှန် စွမ်းရည်လား "
အမြဲစိမ်းတောအုပ် သိုင်းတက္ကသိုလ်ရဲ့ ကျောင်းသားတွေကတော့ ပါးစပ်အဟောင်းသားနဲ့ လန်ဖန်းကို ကြည့်နေကြပါတယ်။ အသားညိုညို လူငယ်နဲ့ ချစ်စဖွယ် မိန်းမချောလေးတို့ကလည်း ကြောင်အမ်းအမ်းနဲ့ပါပဲ။
သူတို့က လန်ဖန်းဟာ ထိပ်တန်း ကျောင်းသားစာရင်း ပြိုင်ပွဲမှာ အစွမ်းကုန် တိုက်ခိုက်ခဲ့တယ်လို့ ထင်ထားခဲ့ကြတာပါ။ လန်ဖန်းဟာ အခုလို ဆေဘာတာအို အစွမ်းကို လျှိုထားလိမ့်မယ်လို့ ဘယ်သူမှ ထင်မထားခဲ့ကြပါဘူး။ ဒါမှမဟုတ် လန်ဖန်းက ဆေဘာတာအို အစွမ်းကို လျှိုထားချင်တာ မဟုတ်ဘဲ အမြဲစိမ်းသိုင်းတက္ကသိုလ်ရဲ့ ထိပ်တန်း ကျောင်းသားတွေက လန်ဖန်းကို ဆေဘာတာအို အစွမ်း ထုတ်သုံးလာအောင် ဖိအားမပေးနိုင်တာလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။
" အမြဲစိမ်းတောအုပ် သိုင်းတက္ကသိုလ်ရဲ့ နံပါတ်၁ ကျောင်းသားက သည်လောက် အစွမ်းထက် လိမ့်မယ်လို့ ငါ မထင်ခဲ့မိဘူး။ တော်သေးလို့ အစ်ကိုဖူချန်းရဲ့ အကောင်းဆုံး ပညာရပ်က ဓားသိုင်း ဖြစ်နေတာပဲ။ အစ်ကိုဖူချန်းသာ သူ့ရဲ့ ဓားကို ထုတ်သုံးရင်တော့ အခြေအနေက တစ်မျိုး ပြောင်းသွား နိုင်သေးတယ်။ ကျန်းယုဖေး ... နင်ကော ဘယ်လိုမြင်လဲ "
ရန်ယွီကတော့ လီဖူချန်းရဲ့ ဓားသိုင်းကို အရမ်း မြင်ချင်နေပါပြီ။
ကျန်းယုဖေးက ခေါင်းညိတ်ပြီး ထောက်ခံလိုက်ပါတယ်။ ဒါပေမဲ့လည်း သူက မရေရာတဲ့ လေသံဖြင့်
" လန်ဖန်းရဲ့ ဆေဘာဓားသိုင်းက မြေကမ္ဘာ အလယ်အလတ်အဆင့် ဆေဘာဓားသိုင်း။ ပြီးတော့ သူက ပြီးပြည့်စုံခြင်း အဆင့်ကိုတောင် ရောက်နေပြီ။ လီဖူချန်းရဲ့ ဓားသိုင်းက ဘယ်အဆင့်မှာလည်း ဆိုတာ သိပြီးမှ လန်ဖန်းကို နိုင်၊မနိုင်ဆိုတာ ပြောလို့ရမယ် "
တကယ်လို့သာ လီဖူချန်းရဲ့ နေဝန်းစိမ်းဓားဆန္ဒက လွန်ခဲ့တဲ့ လေးလတုန်းမှာ ရှိခဲ့တဲ့ အဆင့်အတိုင်း ဆိုရင်တော့ သူ့အနေနဲ့ လန်ဖန်းကို ယှဉ်နိုင်စရာ အကြောင်း မရှိပါဘူး။
" ငါ နောက်ထပ် ဓားချက် ထုတ်ရဦးမှာလား ... ။ ကိုယ့်အခြေအနေ ကိုယ်သိပြီး မြန်မြန် အရှုံးပေးစမ်း "
လန်ဖန်းက အေးစက်စက် ပြောလိုက်ပါတယ်။
" ဟား ... ဟား ... ဟား ... ဟား ... "
လီဖူချန်းကတော့ ဘာမှ ပြန်မပြောခဲ့ပါဘူး။ သူက ကောင်းကင်ပေါ်ကို မော့ကြည့်ပြီး အားရပါးရ ရယ်မော နေခဲ့ပါတယ်။
" ကောင်းတယ် ... ကောင်းတယ်။ မင်းရဲ့ စကားကိုတော့ ငါတကယ် ကြိုက်သွားပြီကွ။ ဒါနဲ့ ငါ မင်းကို တစ်ခု ပြောရဦးမယ်။ အဲဒါကတော့ ငါလည်း ဓားသမား ဆိုတာပဲ "
စကားဆုံးသွားတာနဲ့ တစ်ပြိုင်နက် လီဖူချန်းရဲ့ လက်ထဲကို ဘုံခုနစ်ဆင့် ကောင်းကင်ဓား ရောက်လာခဲ့ပါပြီ။
ရွှမ်း ...
ဓားကို ဆွဲထုတ်လိုက်တဲ့အခါမှာတော့ လီဖူချန်းရဲ့ ချီအရှိန်အဝါတွေဟာ ဓားဆန္ဒတစ်ခု အဖြစ် ပြောင်းလဲသွားပြီး ကောင်းကင်ယံသို့တိုင် ထိုးတက်သွားခဲ့ပါတယ်။
" ဓားသမား ... မင်းက ဓားသမားလား "
လန်ဖန်းက ဒေါသ အကြီးအကျယ် ထွက်သွားခဲ့ပါပြီ။
လီဖူချန်းက ဓားသမားဖြစ်ပေမယ့်လည်း အခုချိန်အထိ သူ့ကို လက်ဝါးသိုင်းနဲ့ ရင်ဆိုင်နေတယ်။ ဒါက လန်ဖန်းအတွက် တကယ်ကို မခံချိ၊မခံသာ ဖြစ်စရာပါပဲ။
သည်လီဖူချန်းဆိုတဲ့ ကောင်က သူ့ကို တကယ်ကြီး အထင်သေး နေတာလား။
" အမြစ်ပြတ် သုတ်သင်ခြင်း။ နှစ်ချက်ဆင့် ခုတ်ချက် "
လန်ဖန်းက ဒေါသတကြီးနဲ့ သူ့ရဲ့ ဆေဘာဓားချက်ကို ထုတ်ဖော်လိုက်ပါပြီ။ ချီအတွင်းအားနဲ့ ဆေဘာတာအို အစွမ်း ရောနှောနေတဲ့ ဆေဘာ အလင်းတန်းကြီးက လီဖူချန်းအပေါ်ကို ကျရောက် လာခဲ့ပါတယ်။ ဒါက ဖျက်ဆီးခြင်းဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပာယ်ကို သရုပ်ပြနေသလိုပါပဲ။
" ငါ့အတွက် ပြိုင်ဘက်ကောင်း ရှာတွေ့ဖို့ဆိုတာ အရမ်းရှားတယ်။ သည်တစ်ခါတော့ ငါ့စိတ်နှလုံးက ကျေနပ်လောက်ပါရဲ့ "
လီဖူချန်းက သူ့ရဲ့ ဘုံခုနစ်ဆင့် ကောင်းကင်ဓားကို ဝှေ့ယမ်း လိုက်ပါတော့တယ်။ တည်ရှိနေမှုကို မဖော်ပြ၊အသံ တစိုးတစိမှ မထွက်ဘဲ အစိမ်းရောင် ဓားအလင်းတန်းတွေဟာ သိုင်းစင်မြင့် တစ်ခုလုံးကို လွှမ်းခြုံသွားခဲ့ပါပြီ။
" သွားတော့ "
လီဖူချန်းရဲ့ အမိန့်သံ အဆုံးမှာတော့ အစိမ်းရောင် ဓားအလင်းတန်းတွေဟာ အရှိန်အဟုန် ပြင်းစွာဖြင့် လန်ဖန်းဆီကို တိုးဝင်သွားပါတော့တယ်။
ဒါက နေဝန်းစိမ်းဓားဆန္ဒ ဓားသိုင်းရဲ့ ပြီးပြည့်စုံခြင်း အဆင့်ပင် မဟုတ်ပါလား။
***