← Chapters

ပင်လယ်နီမှာ နေရောင်ဖြာ

Vol. 35 Ch. 476

ပင်လယ်နီမှာ နေရောင်ဖြာ

Vol. 35 Ch. 476

သဲမုန်တိုင်းကြီး ငြိမ်သက်သွားသည့်အခါ ချင်မူက သဲတောင်ပို့ကြီးအောက်မှ တွားသွားထွက်လာပြီး ဘေးဘီဝဲယာကို ကြည့်လိုက်သည်။ သူ့မျက်လုံးထဲတွင် တိတ်ဆိတ်ခြောက်ကပ်နေသော သဲကန္တာရတစ်ခုသာ ရှိနေ၏။ သဲများက သဲနှာမောင်းကြီး တိုက်ခိုက်သွားသည့်အတိုင်း စုပုံနေကြသည်။

နေသင်္ဘောကြီးမှာ ရစရာမရှိအောင် ကြေမွပျက်စီးနေ၏။ အစစ်အမှန်‌ကောင်းကင်နန်းတော်ကြီး၏ နောက်ဆုံးရိုက်ချက်အားက မယုံနိုင်လောက်အောင် ပြင်းထန်ကြောင်း ထင်ရှားသည်။ ထိုသိုင်းကွက်ကို ထုတ်ဖော်သည့်အချိန်တွင် ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံကို သေရွာခေါ်သွားရန် စိတ်ပိုင်းဖြတ်ထားခြင်း ဖြစ်လိမ့်မည်။ ရလဒ်အနေဖြင့် နေသင်္ဘောလည်း အစိတ်စိတ်အမြွှာမြွှာ ကွဲကြေသွားခဲ့၏။

သဲကန္တာရထဲတွင် မီးတောက်များလည်း မရှိတော့ပေ။ သဲများက နီရဲနေသေးသော်လည်း မဟာမြို့ပျက်၏ အစွန့်ပစ်ခံလူသားများကို မီးလောင်တိုက်သွင်းခဲ့သော မီးတောက်များ ပျောက်ကွယ်သွားခဲ့ချေပြီ။

ချင်မူ အဝေးသို့ လှမ်းကြည့်သော်လည်း မီးတောက်မီးလျှံများ၏ အရိပ်အယောင်ကိုပင် မတွေ့ရပေ။

မီးကန္တာရသည် ငြိမ်းသေသွားပြီဖြစ်၏။

သူ့မှာ မှင်သက်သွားမိပြီး ကပျာကယာ လက်ကို ကြည့်လိုက်သည်။ သူ့အရေပြားပေါ်ရှိ မီးတောက်အမှတ်အသားများလည်း မရှိတော့ပေ။

မှန်များ ထုတ်၍ ကြည့်သော်လည်း မီးတောက်အမှတ်အသားတစ်ခုကိုမှ မမြင်ရသေးပေ။

‘အစစ်အမှန်ကောင်းကင်မယ်တော်ကြီး သေသွားပြီ’

ချင်မူ ရင်တဒိန်းဒိန်း ခုန်လာသည်။ အစစ်အမှန်ကောင်းကင်မယ်တော်ကြီးက မဟာမြို့ပျက်၏ အစွန့်ပစ်ခံလူများကို ပစ်မှတ်ထား၍ မီးတောက်မီးလျှံများ ဖြန့်ခင်းထားခဲ့ခြင်းဖြစ်သည်။ မီးကန္တာရထဲသို့ ဝင်လိုက်သော အစွန့်ပစ်ခံလူတိုင်း၏ မျက်နှာများအပေါ်တွင် မီးတောက်အမှတ်အသားများ ပေါ်လာမည်ဖြစ်ပြီး မျိုးသန့်သွေးဖြစ်သည်နှင့်အမျှ မီးတောက်အမှတ်အသားများ ပိုများတတ်သည်။

ဥပမာ ချင်မူ၏ မီးတောက်အမှတ်အသားများက သူ့တစ်ကိုယ်လုံးအား ဖုံးနေ၏။

သို့သော် အစစ်အမှန်ကောင်းကင်မယ်တော်ကြီး သေသွားသည့်အခါ ကန္တာရမီးတောက်မီးလျှံများလည်း ပျောက်ကွယ်သွားချေပြီ။ အစွန့်ပစ်ခံလူသားများ၏ ကိုယ်ပေါ်ရှိ မီးတောက်အမှတ်အသားများလည်း လွင့်ပျယ်သွားပြီဖြစ်သည်။

ဝေါ ဝေါ

အဝေးရှိ သဲတောင်ပို့တစ်ခု နှစ်ခြမ်းကွဲသွားပြီး နဂါးချီလင်က သဲများကို အန်ထုတ်ကာ လေးဖက်ထောက် ထွက်လာသည်။ ချင်မူ သူ့ကို လှမ်းနှုတ်ဆက်ပြီး ဒယိမ်းဒယိုင် လျှောက်သွားလိုက်သည်။

သူ၏ဒဏ်ရာများက အလွန်ပြင်းထန်သော်လည်း ပန်ကုန်းစုန်နှင့် တိုက်ပွဲမှ ဒဏ်ရာများမဟုတ်ပေ။ အစစ်အမှန်ကောင်းကင်မယ်တော်ကြီး၏ နောက်ဆုံးရိုက်ချက်မှ ဖြာထွက်လာခဲ့သော ကြောက်မက်ဖွယ်ရာ အားလှိုင်းက သူ့ကို ဒဏ်ရာအပြင်းအထန် ရစေခဲ့ခြင်းဖြစ်သည်။

နဂါးချီလင်က ချင်မူ့အရှေ့သို့ ကရောသောပါး ပြေးလာပြီး အမြီးနှိမ့်ပေးသည်။ ချင်မူ အမြီးထိပ်ဖျားပေါ် တက်လိုက်သည့်အခါ နဂါးချီလင်က အမြီးကို မြှောက်၍ သူ့အား ကျောပေါ်သို့ လျှောကျသွားစေလိုက်၏။

ချင်မူ ထိုင်ချပြီး ကျယ်လောင်စွာ အော်လိုက်သည်။ “ဧကရာဇ်အတိုင်ပင်ခံ၊ အသက်ရှိသေးလား”

“ငါ ဒီဖက်မှာ”

ဧကရာဇ်အတိုင်ပင်ခံ၏ အသံက အနီးမှ ထွက်လာ၍ အသံလာရာဆီသို့ ချင်မူ လှမ်းကြည့်လိုက်သည်။ ဧရာမကျောက်တုံးတစ်တုံး၏ အရိပ်အောက်တွင် ဧကရာဇ်အတိုင်ပင်ခံအား လှမ်းမြင်လိုက်ရသဖြင့် ချင်မူ နဂါးချီလင်၏ကျောပေါ်မှ လျှောဆင်းကာ ပြုံးလိုက်သည်။ “ဒဏ်ရာရပြန်ပြီလား”

“သိပ်မပြင်းထန်ပါဘူး။ ဒီတစ်ခေါက် ဒဏ်ရာက အရင်တစ်ခေါက်ကထက် အများကြီးသက်သာတယ်” ဧကရာဇ်အတိုင်ပင်ခံမှာ အိပ်ချင်နေသည့်အလား မျက်လုံးများပိတ်လိုက်သည်။ ထို့နောက် မျက်လုံးတစ်ဖက် ဖွင့်ကာ နောက်လှည့်ကြည့်ပြီး  အားနည်းဖျော့တော့စွာ ပြောလာ၏။ “အစစ်အမှန်ကောင်းကင်မယ်တော်ကြီးက တကယ် အင်အားကြီးတယ်။ နေသင်္ဘောရဲ့ စွမ်းအားကြောင့် အထက်ကောင်းကင်ဘုံက နတ်ဘုရားတွေထက်တောင် သန်မာအားကောင်းသွားသေးတယ်”

ချင်မူ သူ ကြည့်နေသောဘက်သို့ ကြည့်လိုက်သော်လည်း မည်သည်ကိုမျှ မမြင်ရပေ။ သူ့မှာ စိတ်ရှုပ်ထွေးစွာဖြင့် ဒဏ်ရာများကုသရန် အာရုံစိုက်လိုက်သည်။ ဧကရာဇ်အတိုင်ပင်ခံကို ရွှေ့ကြည့်သော်လည်း မ,မနိုင်ကြောင်း တွေ့လိုက်ရ၏။

“ဂိုဏ်းသခင်၊ နတ်ဘုရားတစ်ပါးကို မင်း မ,မနိုင်ဘူး” ဧကရာဇ်အတိုင်ပင်ခံက ပြုံးတုံ့မပြုံးတုံ့ဖြင့် ပြောလိုက်သည်။

သူဆိုလိုသည်ကို နားလည်၍ ချင်မူ ဆေးကုပေးရန် သူ့အနား ကပ်သွားလိုက်၏။ “ဧကရာဇ်အတိုင်ပင်ခံက အထက်ကောင်းကင်ဘုံကို သွားတိုက်ဦးမှာလား”

ဧကရာဇ်အတိုင်ပင်ခံက ခေါင်းယမ်း၏။ “စောစောက တိုက်ပွဲမှာ အစစ်အမှန်ကောင်းကင်မယ်တော်ကြီးက မြေပြင်အနေအထား အသာစီးယူထားနိုင်တော့ ငါ ရှုံးတော့မလိုတောင် ဖြစ်ခဲ့ရတယ်။ အခုသာ အထက်ကောင်းကင်ဘုံကို တက်သွားလိုက်ရင် အဲဒီမှာ နတ်ဘုရားတွေ ရှိဦးမှာပဲ။ ပြီးတော့ သူတို့ပိုင်နက်လေ။ အခုတိုက်ပွဲထက်တောင် အန္တရာယ်များတယ်။ ဒီတော့ ဧကရာဇ်နဲ့ ဂိုဏ်းသခင်အဆင့် သိုင်းပညာရှင်တွေ နတ်ဘုရားဖြစ်လာတဲ့အချိန်အထိ စောင့်ရမယ်”

ထာဝရငြိမ်းချမ်းရေးအင်ပါယာတွင် ကောင်းကင်တံတားအဆင့်၌သာ တစ်နေပြီး နှစ်ပေါင်းများစွာ အဆင့်မတက်နိုင်ခဲ့သော အဆင့်မြင့်သိုင်းပညာရှင်များစွာ ရှိသည်။ ချင်မူ ဖန်တီးခဲ့သည့် ကောင်းကင်တံတားပြန်ဆက်နည်းသင်္ချာကြောင့် သူတို့အနေဖြင့် နတ်ဘုရားဖြစ်ရန် မျှော်လင့်ချက် ရှိလာချေပြီ။

“မှော်ဆရာသခင်ကို လွှတ်ပေးလိုက်တာလား” ဧကရာဇ်အတိုင်ပင်ခံက မေးလိုက်သည်။

ချင်မူက ဧကရာဇ်အတိုင်ပင်ခံ၏ ဒဏ်ရာဒများကို အသေအချာ စစ်ဆေးပြီး အလေးအနက် ပြောလိုက်သည်။ “သူ့ကို မသတ်ဖို့ အပေးအယူ လုပ်ခဲ့တယ်။ မှော်ဆရာသခင်ရဲ့ ထွက်ပြေးနိုင်စွမ်းက ဒီလောကမှာ ပြိုင်ဘက်ကင်းပဲ။ သူ့လောက် ထွက်ပြေးနိုင်တဲ့လူမျိုး တစ်ခါမှ မမြင်ခဲ့ဖူးဘူး။ ဒါပေမဲ့ ကံကောင်းပြီး သူ့ခြေထောက်တစ်ဝက်ကို ခုတ်ဖြတ်နိုင်ခဲ့ပါတယ်”

“သူ လွတ်သွားတာက နောက်တစ်ချိန်မှာ ပြဿနာတွေ ဖြစ်လာနိုင်တယ်။ ငါတောင်မှ သူ့ရဲ့ ဝိညာဉ်ဂါဝရပြုအစီအရင်ကို မတွန်းလှန်နိုင်ဘူး။ ငါ့နာမည်အရင်းကို လူများများစားစား မသိကြပေမယ့် မြစ်သင်္ချိုင်းမှာ သွားရှာရင် တွေ့မှာပဲ။ ဧကရာဇ်ရဲ့ နာမည်ကိုလည်း ရှာလို့ရတယ်” ဧကရာဇ်အတိုင်ပင်ခံက လေးနက်တည်ကြည်စွာ ပြော၏။

ချင်မူ ငွေအပ်များ ထုတ်ကာ ဧကရာဇ်အတိုင်ပင်ခံကို ဖြူကောင်နှင့်တူသည်အထိ အပ်စိုက်လိုက်သည်။ နောက်ဆုံးအပ်အား မျက်ခုံးနှစ်ဖက်ကြားသို့ ထိုးစိုက်ရင်း သူက ပြုံးကာ ပြောလိုက်သည်။ “ကျွန်တော့်အတွက် မှော်ဆရာသခင်က စိတ်ပူစရာမဟုတ်တော့ဘူး။ သူ့ကျောနောက်က နတ်ဘုရားကို မှော်ဆရာနတ်ဘုရားခွေ့ လို့ ခေါ်တယ်။ သူလည်း မှော်ဆရာသခင် အကောက်ကြံလိုက်လို့ ဝိညာဉ်နဲ့ ခန္ဓာကိုယ် ကွဲထွက်သွားခဲ့တာ။ မှော်ဆရာသခင်က သူ့ရုပ်ခန္ဓာကို မဟာမြို့ပျက်ရဲ့ ရန်တောင်မှာ ဝှက်ထားပြီး သူ့ရဲ့မူလဝိညာဉ်ကိုတော့ ယင်တောင်မှာ ဖွက်ထားတယ်တဲ့။ ကျွန်တော်တို့ မှော်ဆရာနတ်ဘုရားခွေ့ရဲ့ မူလဝိညာဉ်ကို ရှင်းပစ်နိုင်တာနဲ့ မှော်ဆရာသခင်ရဲ့ ဝိညာဉ်ဂါဝရပြုအစီအရင်ကိုလည်း ဖျက်စီးနိုင်လိမ့်မယ်”

ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက သူ့ကို မှင်သေသေ ကြည့်သည်။ “မှော်ဆရာသခင်က မင်းထက် အရင်ရောက်သွားပြီး မှော်ဆရာနတ်ဘုရားခွေ့ရဲ့ မူလဝိညာဉ်ကို‌ နေရာရွှေ့လိုက်ရင်ရော ဘယ့်နှယ်လုပ်မလဲ”

ချင်မူ မှင်သက်သွားပြီးနောက် ဧကရာဇ်အတိုင်ပင်ခံ၏ ပေါင်ကို ဖြန်းခနဲ ချလိုက်သည်။ ဧကရာဇ်အတိုင်ပင်ခံမှာ နာကျင်မှုကြောင့် မျက်ရည်ဝဲသွား၏။ ချင်မူက ကပျာကယာ လက်ပြန်ရုတ်ပြီး အလျင်အမြန် ဆေးလုံးများဖော်လိုက်သည်။ “မှော်ဆရာသခင်က ဆေးပညာမှာလည်း ကျွမ်းကျင်တယ်။ ကျွန်တော့်အောက် အနည်းငယ်ပဲ နိမ့်ကျတာ။ ခြေတစ်ဝက် အခုတ်ခံလိုက်ရပေမယ့် သေမှာမဟုတ်ဘူး။ ဒီမှာနေခဲ့ ၊ ကျွန်တော် ယင်တောင်ကို သွားလိုက်ဦးမယ်။ ဆေးကို အချိန်မှန်စားဖို့ မမေ့နဲ့နော်”

ဧကရာဇ်အတိုင်ပင်ခံက လိပ်နက်ပုတီးစေ့ကို ထုတ်ကာ သူ့ဆီ ပစ်ပေးသည်။ “လိုရမယ်ရ ယူသွား”

ချင်မူက ရေအိုးများ၊ ထမင်းထုပ်များ ထားခဲ့ပြီးနောက် နဂါးချီလင်၏ ကျော‌ပေါ်တက်ကာ ကမန်းကတန်း ထွက်သွားတော့သည်။

ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံမှာ ကျောက်တုံးကြီးကို မှီ၍ ထကြည့်သော်လည်း ပြန်လဲကျသွားသည်။ သူက ဟောဟဲဟောဟဲ အသက်ရှူရင်း ခါးသက်သက် ပြုံးလိုက်၏။ “ဒီလိုဒဏ်ရာ ထပ်ရပြန်ပြီ... အဲဒီဂိုဏ်းသခင်စုတ်လေး အစစ်အမှန်ကောင်းကင်မယ်တော်ကြီးလက်ထဲ လိပ်နက်ပုတီးစေ့ထည့်ပေးလိုက်တုန်းက သူ မလှုပ်ရှားခဲ့တာ တော်သေးတယ်။ မဟုတ်လို့ကတော့ ဂိုဏ်းသခင်စုတ်လေး ကစားနေမှန်း မသိလိုက်ဘဲ ငါ တကယ် အသက်ထွက်သွားမှာ”

သူ တုန်လှုပ်ချောက်ချားမိသည်။ ချင်မူက လိပ်နက်ပုတီးစေ့နှင့် နဂါးစိမ်းပုတီးစေ့ကို အစစ်အမှန်ကောင်းကင်မယ်တော်ကြီး၏ လက်ထဲ တစ်ချက်တစ်ချက် ထိုးထည့်ကာ စမ်းသပ်ခဲ့သော်လည်း ဧကရာဇ်အတိုင်ပင်ခံက သူ ထင်ထားသကဲ့သို့ သန်မာအားကောင်းခြင်းမရှိသေးကြောင်း ထည့်မတွက်ခဲ့ပေ။

ထိုလူငယ်လေးသည် ဧကရာဇ်အတိုင်ပင်ခံ သူ့ကိုယ်သူ ယုံကြည်သည်ထက်ပင်ပို၍ ယုံကြည်ထား၏။ ချင်မူ ဘေးတွင် နေရတိုင်း အန္တရာယ်က အဆများစွာသာ တိုးလာတတ်သည်။

‘အဲဒီကောင်စုတ်လေး ထွက်သွားတာ ကံကောင်းတယ်။ ယင်တောင်က အန္တရာယ်များပေမယ့် သူ့ဘေးမှာ နေရတာက ပိုလို့တောင် အန္တရာယ်များသေးတယ်’

ဧကရာဇ်အတိုင်ပင်ခံ လှဲချလိုက်ရင်း အနားယူနေသည်။ ထိုအချိန်တွင် ဧရာမကျောက်တုံးကြီး၏အနောက်၌ သဲများ တိတ်ဆိတ်စွာ လည်လာပြီး သဲဘီလူးတစ်ကောင်အသွင် ဖွဲ့တည်သွား၏။

ဧကရာဇ်အတိုင်ပင်ခံက မည်သည်ကိုမျှ သတိပြုမိဟန်မရှိသည့်အပြင် သူ့လည်ချောင်းမှ ဟော်သံများ ထွက်လာသည်။ သို့သော် သူ့မျက်လုံးများက ဖြည်းဖြည်းချင်း ပွင့်လာသည်။

သူက တိတ်တဆိတ် လက်မြှောက်၍ ချင်မူ သူ့မျက်ခုံးနှစ်ဖက်ကြား၌ ထိုးစိုက်ခဲ့သော ငွေအပ်ကို ဆွဲနှုတ်လိုက်သည်။

ယင်းက ငွေအပ်မဟုတ်ဘဲ ဓားတစ်လက် ဖြစ်၏။

ရွှင်ပျော်ပျော်ဓား

ဧကရာဇ်အတိုင်ပင်ခံက မျက်လုံးများမှေးကျဉ်းလျက် ဓားကို ဆုပ်ကိုင်ထားပြီး အနောက်ရှိ ကျောက်တုံးကြီးထဲသို့ ထိုးထည့်လိုက်သည်။

သဲဘီလူးက ယုတ်မာကောက်ကျစ်စွာ ပြုံးလျက် ဧကရာဇ်အတိုင်ပင်ခံအား ခုန်အုပ်ရန် အသင့်ဖြစ်နေခဲ့၏။ နောက်တခဏတွင် ရွှင်ပျော်ပျော်ဓားက သဲဘီလူး၏နှလုံးသားအား ထုတ်ချင်းဖောက်ဝင်သွားသည်။

သဲဘီလူး၏ ခန္ဓာကိုယ်မှ ဓားရောင်များ လင်းလက်လာပြီး ဓားအလက်ရှစ်ထောင် အရပ်လေးမျက်နှာသို့ ဖြာထွက်သွားသည်။

ရွှင်ပျော်ပျော်ဓား တုန်ခါသွားသည့်အခါ ဓားအလက်ရှစ်ထောင်က သွေးစက်လက်ကျနေသော ဓားထိပ်များဖြင့် ပျံသန်းလာသည်။ ၎င်းတို့က လိမ္မော်သီးအရွယ် ဓားစက်လုံးတစ်လုံးအဖြစ် ပြန်လည်စုစည်းသွား၏။

ဧကရာဇ်အတိုင်ပင်ခံက ကျောက်တုံးကြီးကို မှီလိုက်ပြီး ဓားစက်လုံးသည် ကျောက်တုံးကို ကွေ့ပတ်ကာ သူ့ဆီ ပြန်ရောက်လာသည်။

“ကျေးဇူးပါပဲ”

ဧကရာဇ်အတိုင်ပင်ခံက ပြုံး၍ ဓားစက်လုံးအား တောက်ထုတ်လိုက်၏။ ဓားစက်လုံးမှာ ဝှမ်ခနဲ ပျောက်ကွယ်သွား၏။

ကျောက်တုံးကြီး၏အနောက်တွင် သဲဘီလူးကြီးမှာ တဖြည်းဖြည်း ပြိုကွဲသွားပြီး နတ်ဘုရားသွေးများ စီးကျလာရာ မြေပြင်တစ်ခုလုံး နီစွေးလာသည်။

နဂါးချီလင်က အရှေ့အရပ်သို့ တရှိန်ထိုး ပြေးနေသော်လည်း ချင်မူက လက်မြှောက်ကာ သူ့အား ရပ်ခိုင်းလိုက်သည်။ ဓားစက်လုံးသည် သူ့လက်ထဲသို့ ဝှစ်ခနဲ ရောက်ပြီး နဂါးချီလင်မှာ တမုဟုတ်ချင်း ခါးကွေးသွားကာ ရှေ့သို့ ယိုင်ထိုးသွား၏။

ချင်မူက ဓားစက်လုံးကို ထောင်ကျယ်အိတ်ထဲ ထည့်၍ ပြုံးလိုက်သည်။ “နောက်ဆုံးတော့ အစစ်အမှန်ကောင်းကင်မယ်တော်ကြီး သေသွားပြီ”

နဂါးချီလင် တအံ့တဩ အော်လိုက်မိသည်။ “အစစ်အမှန်ကောင်းကင်မယ်တော်ကြီး အသက်ရှင်သေးတယ်လား။ ဂိုဏ်းသခင်ရဲ့ ကိုယ်ပေါ်က မီးတောက်အမှတ်အသားတွေရော၊ မီးတောက်မီးလျှံတွေရော ငြိမ်းသွားတယ် မဟုတ်လား။ သူက ဘယ်လိုလုပ် အသက်ရှင်နေနိုင်သေးတာလဲ”

“အစစ်အမှန်ကောင်းကင်မယ်တော်ကြီးက ဉာဏ်များတယ်။ သူ သေသွားပြီထင်အောင် တမင် လုပ်ခဲ့တာ။ ဒါကြောင့် ဧကရာဇ်အတိုင်ပင်ခံကလည်း တမင်ဟန်ဆောင်နေခဲ့တာပဲ။ ဒါပေမဲ့ ငါ့ကို အကြည့်နဲ့ သတိပေးခဲ့လို့ သူ့ကို ကုပေးနေတုန်း ရွှင်ပျော်ပျော်ဓားကို အပ်အသွင်ပြောင်းပြီး သူ့ မျက်ခုံးနှစ်ဖက်ကြားထဲ စိုက်ခဲ့တာပဲ”

ချင်မူက ပြုံးလိုက်သည်။ “ဧကရာဇ်အတိုင်ပင်ခံ ငါ့ကို လိပ်နက်ပုတီးစေ့ ပေးခဲ့တဲ့ အကြောင်းရင်းကလည်း အစ်အမှန်ကောင်းကင်မယ်တော်ကြီးရဲ့ လက်ထဲ ရောက်သွားမှာစိုးလို့ပဲ။ အခု‌တော့ တကယ် သေသွားပါပြီ။ မယုံရင် နောက်လှည့်ကြည့်လိုက်”

နဂါးချီလင် ကပျာကယာ နောက်လှည့်ကြည့်လိုက်သည့်အခါ အလွန်လျင်မြန်စွာ ပြန့်ကားလာနေသော အနီရောင်ပင်လယ်ကြီးတစ်စင်းအား မြင်လိုက်ရသည်။ နတ်ဘုရားသွေးပင်လယ်ကြီးကား ကန္တာရကို လွှမ်းခြုံဝါးမြိုကာ သူတို့ဆီသို့ တရှိန်ထိုး လာနေသည်။ မြင်ကွင်းက အတိုင်းထက်အလွန် ကြောက်မက်ဖွယ်ရာကောင်း၏။

နဂါးချီလင် ဖနောင့်နှင့်တင်ပါး တစ်သားတည်းကျအောင် ပြေးတော့သည်။ မိုင်တစ်ရာကျော်သည့်အခါ ပင်လယ်အနီကြီးက ပြန့်ကားမလာတော့ပေ။

နဂါးချီလင် မေးလိုက်သည်။ “အစစ်အမှန်ကောင်းကင်မယ်တော်ကြီးက ဒီလောက်သွေးထွက်တယ်လား”

ချင်မူလည်း လှည့်ကြည့်လိုက်ပြီး ပင်လယ်နီကြီးအပေါ်တွင် ရောင်စုံဖြာကျနေသော နေရောင်ခြည်အား မြင်လိုက်ရသည်။ ပင်လယ်၏ အနားသပ်များမှစ၍ သစ်ပင်ပန်းမန်များ အစုလိုက်အပြုံလိုက် ပေါက်လာ၏။ ကန္တာရကဲ့သို့ ခေါင်ဖျား‌ခြောက်ကပ်သည့် နေရာတစ်နေရာတွင်ပင် ကြောက်မက်ဖွယ်ရာ သတ္တဝါများစွာရှိနိုင်သည် မဟုတ်ပါ၏လော။

“ငါတို့လူသားတွေလည်း အတူတူပဲ။ ပတ်ဝန်းကျင် ဘယ်လောက်ကြမ်းတမ်းပါစေ အသက်ဆက်ရှင်နိုင်မယ့် နည်းလမ်းကို အမြဲရှာတတ်ကြတယ်”

သူက အနီရောင်ကောင်းကင်မျက်လုံးကို ဖွင့်၍ အဝေးသို့ လှမ်းကြည့်လိုက်သည်။ အစိတ်စိတ်အမြွှာမြွှာ ကြေမွနေသော နေသင်္ဘောမှာ ပင်လယ်နီကြီး၏အလယ်တွင် ကျွန်းတစ်ကျွန်းပမာ ဖြစ်နေသည်။ ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက ကျွန်းပေါ် ရောက်နေပြီဖြစ်ပြီး သွေးတို့စိုနေခြင်းမရှိပေ။

“ဆေး အချိန်မှန် သောက်ဖို့ မမေ့နဲ့ဦး” ချင်မူ လက်ဝှေ့ယမ်းပြကာ နဂါးချီလင်ကို အလျင်အမြန် ထွက်သွားခိုင်းလိုက်သည်။

ပန်ကုန်းစုန်မှာ‌ ခြေထောက်ဒဏ်ရာမှ သွေးတိတ်အောင် လုပ်ပြီး ပိတ်စွယ်ရွက်များအပေါ်တွင် ထိုင်ကာ လေဟုန်စီးသွားနေသည်။ သူ မဟာမြို့ပျက်သို့ ရောက်သည့်အချိန်တွင် သုံးရက်ကြာပြီဖြစ်ပြီး ကောင်းကင်မှာ မည်းမှောင်နေသည်။

သုံးရက်အတွင်း သူ ဒဏ်ရာများကို ကုသခဲ့သော်လည်း ညာခြေထောက်၏ အောက်ပိုင်းကို ချင်မူက ခုတ်ထစ်ခဲ့သဖြင့် ကောင်းကောင်းမွန်မွန် မသွားလာနိုင်ပေ။

ပန်ကုန်းစုန် ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး မျက်လုံးများ တောက်ပသွား၏။ ဆန်းကြယ်သားရဲတစ်အုပ်နောက် သူ လိုက်သွားကာ အမှောင်ထုကျရောက်မလာခင် မြို့ပျက်တစ်ခုသို့ ဝင်လိုက်သည်။

ဒုတ်

ပန်ကုန်းစုန်က သမင်ဖိုတစ်ကောင်၏ ခြေထောက်ကို ဖြတ်လိုက်၍ သမင်ဖိုမှာ ငယ်သံပါအောင် အော်ဟစ်တော့သည်။

ပန်ကုန်းစုန် ထောင်ကျယ်အိတ် ဖွင့်လိုက်သည့်အခါ ဝိညာဉ်ပိုးကောင်များ ပျံထွက်လာသည်။ သူက သရော်တော်တော် ပြောလိုက်၏။ “မင်းတို့တွေလည်း ငါ့ကို အနိုင်ကျင့်ရဲတယ်ပေါ့လေ။ ဘာမှမဟုတ်တဲ့ သားရဲတွေကများ။ ခွေးသူတောင်းစားချင်ကို ငါ ဘာမှမလုပ်နိုင်ပေမယ့် မင်းတို့ကိုတော့ အလွယ်လေး သတ်ပစ်နိုင်တယ်”

ဆန်းကြယ်သားရဲများမှာ ဝိညာဉ်ပိုးကောင်များကို ကြည့်ကာ မဆင်မခြင် ရှေ့မတိုးရဲပေ။

“မှော်ဆရာသခင်က ကိုယ့်ကိုယ်ကို အဟုတ်ကြီးထင်နေတာပဲ” ရုတ်တရက် အေးအေးလူလူ ပြောလိုက်သော စကားသံ ထွက်လာသည်။ “လိုလန်ရွှေနန်းတော်ရဲ့ မှော်ဆရာသခင်ကြီးက ဆန်းကြယ်သားရဲတွေကို အနိုင်ကျင့်ရတဲ့အဆင့်အထိ ရောက်နေတာ ဘယ်လောက် ရယ်စရာကောင်းလိုက်လဲ”

“ဘယ်သူလဲ”

ပန်ကုန်းစုန်မှာ သေချာဂရုမစိုက်အား၍ သမင်ခြေထောက်ကို သူ့ခြေထောက်နှင့် ကပျာကယာ ဆက်လိုက်ရသည်။ သူ အလျင်အမြန် ထလိုက်သည့်အချိန်တွင် မြို့ပျက်၏အတွင်းထဲမှ သေတ္တာတစ်လုံး ပျံထွက်လာ၏။

ဂျုန်း

သေတ္တာပွင့်လာပြီး အထဲမှ ခြေထောက်နှစ်ချောင်း ထွက်လာသည်။ အ‌နောက်မှ လက်မောင်းနှစ်ဖက်၊ ရင်ဘတ်ပိုင်း လိုက်လာပြီး တဖြည်းဖြည်း ခေါင်းမပါသော ခန္ဓာကိုယ်အဖြစ် ဆက်သွား၏။

ခန္ဓာကိုယ်က သေတ္တာထဲမှ ခေါင်းတစ်ခေါင်း ထုတ်ကာ လည်ပင်းပေါ် တပ်လိုက်သည်။

“မှော်ဆရာကြီး မိတ်ဆွေဟောင်းကြီးကို မမှတ်မိဘူးလား” ထူးဆန်းသော ခန္ဓာကိုယ်က လှည့်လာသည်။ သူက နီရဲသောနှုတ်ခမ်းများနှင့် ဖြူဖွေးသောသွားများ ရှိသည့် လူငယ်တစ်ယောက် ဖြစ်၏။ သူ့အပြုံးက ကောက်ကျစ်စဉ်းလဲသည့်ဟန် ရှိနေသည်။

ပန်ကုန်းစုန်၏မျက်နှာ သွေးဆုပ်ဖြူလျော်သွားတော့သည်။

All Chapters