← Chapters

အားလုံးဟာ တန်းတူပဲ

Vol. 35 Ch. 477

အားလုံးဟာ တန်းတူပဲ

Vol. 35 Ch. 477

“ရှင်းအန်း” ပန်ကန်းစုန် ကြက်သီးမွေးညင်း ထသွားပြီး ဖြစ်ညစ်ပြုံးပြလိုက်သည်။ “နောင်ကြီးရှင်းအန်း၊ မိတ်ဆွေကြီး မတွေ့ရတာ ကြာပြီနော်။.. နောင်ကြီး ချင်မူ ဘယ်မှာရှိလဲ မေးတုန်းက ကျွန်တော် ပုံတူတောင် ဆွဲပေးခဲ့တယ်နော်။ ပုံတူက အဆင်ပြေတယ်မလား။ ကျွန်တော်အပေါ် နောင်ကြီး စိတ်ဆိုးမနေတာတော့ သေချာတယ်မလား”

ရှင်းအန်းက သေတ္တာအပေါ်တွင် ထိုင်ချကာ သရော်တော်တော် ပြောလိုက်သည်။ “ချင်မူ ထပ်ပြီးချင်မူပဲ”

သူက လက်သီးတင်းတင်းဆုပ်လိုက်သည့်အခါ သတ်ဖြတ်လိုသော စိတ်ဆန္ဒက မြို့ပျက်တစ်လျှောက် ပျံ့နှံ့သွားသဖြင့် ဆန်းကြယ်သားရဲများ ကြောက်လန့်သွားကြပြီး မြေပေါ်တွင် ဝပ်သွားကြသည်။

ပန်ကုန်းစုန် ရင်တလှပ်လှပ် ခုန်လာပြီး တုန်ရီစွာ မေးလိုက်၏။ “နောင်ကြီးရှင်းအန်းလည်း သူ့ကြောင့် ဒုက္ခရောက်ခဲ့တာလား”

“ဒုက္ခရောက်တယ်ဟုတ်လား” ရှင်းအန်းက တဟားဟား ရယ်သည်။ “ငါက ဘယ်လိုလုပ် သူ့ကြောင့် ဒုက္ခရောက်ရမှာလဲ။ သူ့မိသားစုမှာ အဘိုးအဘွားတွေ အများကြီး ရှိတယ်။ ငါ အတွက်မှားသွားလို့ ဝိုင်းအတိုက်ခံခဲ့ရတာနဲ့ ပြန်ဆုတ်လာရတာ”

ပန်ကုန်းစုန်က စိတ်ပျက်သည့်ဟန်ဖြင့် မျက်လုံးလှန်လိုက်မိသည်။ ရှင်းအန် အကြီးအကျယ် ဒုက္ခရောက်သည်မှာ ထင်ရှား၏။ ချင်မူ့အဘိုးအဘွားများ လိုက်ဖမ်းခဲ့သောကြောင့် ထွက်ပြေးရုံအပြင် ရွေးစရာမရှိဘဲ အနောက်ကမ္ဘာမြေအနားရှိ နေရာတစ်နေရာတွင် ပုန်းနေရပြီး လူယောင်ထွက်မပြရဲခြင်း ဖြစ်သည်။

ရှင်းအန်းသည် ပြိုင်ဘက်ကင်းလောက်အောင် သန်မာ၍ မျက်ကန်း၊ နားကန်း၊ ထော့ကျိုး၊ အဘွားစစ်၊ ဧကရာဇ်ယန်ဖုန်းနှင့် ကျန်သိုင်းပညာရှင်များကို ဒဏ်ရာအပြင်းအထန် ရစေခဲ့၏။ ဂိုဏ်းသခင်အဆင့် သိုင်းပညာရှင်ဆယ်ယောက်ကျော်မှာ သူ၏သိုင်းကွက်လေးတစ်ကွက်ကြောင့် မထနိုင်ခဲ့ကြပေ။ ချင်မူ သူ့ကို အဆိပ်ခတ်၍သာ မဟုတ်လျှင် သူတို့အားလုံး ရှင်းပစ်ခံလိုက်ရပြီဖြစ်သည်။

ရှင်းအန်းမှာ အဆိပ်သင့်ပြီး ဒဏ်ရာအပြင်းအထန် ရထားသည့်တိုင် သားသတ်သမားလက်ထဲမှ လွတ်အောင် ပြေးလာနိုင်ခဲ့သေးသည်။ သူ၏မာကြောမှုက အထက်ကောင်းကင်ဘုံ၏ နတ်ဘုရားများထက်ပင် သာလွန်၏။

“မှော်ဆရာသခင်ကိုတော့ ငါ စိတ်မဝင်စားပါဘူး” ရှင်းအန်းက သူ့ကို ကြည့်ကာ ခေါင်းယမ်းလိုက်သည်။ “မင်းသာ မင်းရဲ့ ရုပ်ခန္ဓာ ဒါမှမဟုတ် မူလဝိညာဉ်ကို နတ်ဘုရားအဆင့်အထိ ကျင့်ကြံထားရင် ငါ နည်းနည်းပါးပါး စိတ်ဝင်စားမိရင် စိတ်ဝင်စားမိမှာ။ မင်းနဲ့ငါက မိတ်ဆွေတွေပဲ မဟုတ်လား။ ပြီးတော့ မင်းရဲ့လက်နှစ်ဖက်ကိုလည်း ငါ့ဆီ လက်ဆောင်ပေးခဲ့သေးတယ်။ ငါ မင်းကို မထိပါဘူး။ ဟ မင့်ခြေထောက်က ဘာဖြစ်တာလဲ။ ဒီဓားဒဏ်ရာက...”

သူက ပန်ကုန်းစုန်၏ ခြေထောက်ကို ဆတ်ခနဲ လှမ်းဆွဲပြီး လိမ်ပစ်လိုက်သည်။ ယခုလေးတင် ဆက်ထားသည့် သမင်ခြေထောက်မှာ တမုဟုတ်ချင်း ပြုတ်ထွက်သွား‌တော့၏။

ပန်ကုန်းစုန်မှာ မည်သည်ကိုမျှ မပြောရဲသဖြင့် နာကျင်မှုအား တောင့်ခံထားရသည်။

ရှင်းအန်းက ဒဏ်ရာကို သေသေချာချာ ကြည့်သည်။ “ခွေးကောင်ချင်ရဲ့ ဓားသိုင်းပဲ။ မင်း နတ်ဆေးသမားတော်ချင်မူနဲ့ တွေ့ပြီး သူ့ကြောင့် ခြေထောက်ပြတ်သွားတာမဟုတ်လား”

ပန်ကုန်းစုန်၏ နဖူးမှ ချွေးများ တဒီးဒီး စီးကျလာပြီး သူက အားတင်းပြုံးလိုက်သည်။ “ချင်မူက ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံနဲ့အတူ ကျွန်တော်ကို လိုက်ဖမ်းခဲ့တယ်။ ကျွန်တော် သတိလက်လွတ်သွားတဲ့အချိန် အဲဒီခွေးသူတောင်းစားချင်က ခြေထောက်တစ်ဝက် ဖြတ်ပစ်ခဲ့တာပဲ။ နောင်ကြီးရှင်းအန်း၊ ခွေးသူတောင်းစားချင်ကို လက်စားချေချင်ရင် ကျွန်တော့်မှာ အကြံကောင်းရှိတယ်”

“သူ့ကို လက်စားချေဖို့ ငါက မင်းအကူအညီကို လိုပါ့မလား” ရှင်းအန်းက ‌ခေါင်းယမ်းလိုက်သည်။ “ငါ သူ့ကို သတ်ချင်ရင် ကမ္ဘာပေါ်က ဘယ်သူမှ သူ့ကို မကာကွယ်နိုင်ဘူး။ သူ အခု ဘယ်မှာလဲ။ ဧကရာဇ်အတိုင်ပင်ခံက ပါရမီရှင်တစ်ယောက်လို့ ကြားတယ်။ ခွေးသူတောင်းစားချင်ဆီ သွားရင် သူ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေပါ သိမ်းရမယ်”

ပန်ကုန်းစုန်က ပြုံးလိုက်၏။ “အခု ခွေးသူတောင်းချင် ဘယ်မှာလဲ ကျွန်တော် မသိဘူး။ သူ ဘယ်သွားနေလဲတော့ သိတယ်။ သူက ယင်တောင်မှာ ကျွန်တော့်ဆရာရဲ့ မူလဝိညာဉ်ကို သွားရှာနေတယ်။ ဧကရာဇ်အတိုင်ပင်ခံကလည်း သူ့နောက်က လိုက်လာတာဆိုတော့ သေချာပေါက် သူနဲ့အတူ ရှိနေလိမ့်မယ်”

ရှင်းအန်း တမုဟုတ်ချင်း စိတ်ဝင်စားသွားသည်။ “မင်းဆရာရဲ့ မူလဝိညာဉ်ဟုတ်လား။ ငါ့ကို ဂါဝရပြုပြီး ငါ့အသက်တောင် ယူခါနီးနီး ဖြစ်သွားခဲ့တုန်းက ပုံရိပ်က မင့်ဆရာရဲ့ မူလဝိညာဉ်လား”

ပန်ကုန်းစုန် ရင်ထဲတွင် တင်းကြပ်သွားပြီး ကပျာကယာ ပြောလိုက်သည်။ “ကျွန်တော် မတတ်သာလို့ လုပ်ခဲ့ရတာပါ။ မတိုက်ခိုက်ဘဲနဲ့ ရန်သူမဖြစ်နိုင်ဘူး ဆိုသလိုပေါ့။ ကျွန်တော်သာ နောင်ကြီးရှင်းအန်းနဲ့ မတိုက်ခိုက်ခဲ့ရင် နောင်ကြီးကို ဘယ်လိုသိနိုင်မှာလဲ”

ရှင်းအန်းက ပြုံးသည်။ “မင့်ဆရာရဲ့ မူလဝိညာဉ် ငါ တော်တော် သဘောကျမိတယ်”

ပန်ကုန်းစုန်က သူ့ကို မျှားခေါ်ပြီး ဧကရာဇ်အတိုင်ပင်ခံနှင့် တေ့ပေးရန် တွေးနေသည်။ သို့ဆိုလျှင် သူတို့နှစ်ယောက်လုံး အထိနာလိမ့်မည်။ “နောင်ကြီး သဘောကျရင်လည်း ယူပါဗျာ။ ဟိုဟာ.... ‌နောင်ကြီး၊ ကျွန်တော့်ခြေထောက်ကိုလေ... “

ရှင်းအန်းက သေတ္တာထဲ ခုန်ဝင်သွား၏။ “နတ်ဆေးသမားတော်ချင်က ငါ့ပစ္စည်းအတော်များများ ခိုးသွားတယ်။ အခုတော့ ဒီသမင်ခြေထောက်ကိုပဲ သုံးထားဦး။ နတ်ဆေးသမားတော်ချင်နဲ့ ဧကရာဇ်အတိုင်ပင်ခံကို တွေ့ရင် မင်းအတွက် နတ်ခြေထောက်ပေးဖို့ မခက်ဘူး”

ပန်ကုန်းစုန်မှာ သမင်ခြေထောက်ကိုသာ ကောက်၍ ပြန်ဆက်လိုက်ရသည်။ ဤတစ်ကြိမ်တွင် သူက နေရာမလွဲအောင် ဂရုတစိုက် ဆက်နေ၏။ “ရှင်းအန်းက ငါ့ကို နတ်ခြေထောက်ပေးချင်မှာ မဟုတ်ဘူး။ ဒါပေမဲ့ သူနဲ့ ဧကရာဇ်အတိုင်ပင်ခံ တိုက်ခိုက်ရင် သူ့ပစ္စည်းတွေက ငါ့အပိုင် ဖြစ်လာလိမ့်မယ်’

နဂါးချီလင်က ချင်မူ့ကို သယ်၍ မဟာမြို့ပျက်ထဲတွင် လျှပ်စီးသဖွယ် ပြေးနေသည်။ နှစ်ရက်ကြာသော် ပတ်ဝန်းကျင်၌ ဆန်းကြယ်သားရဲများ ကျဲပါးလာပြီး ရွာများ၊ ဘုန်းကြီးများ များပြားလာကြောင်း မြင်လာရသည်။

ရွာသားများ၊ ဘုန်းကြီးများက ချင်မူ နဂါးချီလင်၏ ခေါင်းပေါ်မှ စီးလိုက်လာသည်ကို မြင်လျှင် ရပ်၍ ထူးဆန်းစွာ ကြည့်ကြသည်။

“ဂိုဏ်းသခင် သူတို့ ဘာလို့ကျွန်တော်တို့ကို ကြည့်နေကြတာလဲ” နဂါးချီလင် ဇဝေဇဝါ ဖြစ်သွား၏။

ချင်မူ့မျက်ဝန်းထဲတွင် ဝင်္ကပါအမှတ်အသားများ ဖွဲ့တည်လာပြီး သူက ဘုန်းကြီးများကို ငုံ့ကြည့်လိုက်သည်။ ဤဘုန်းကြီးများက ဘုန်းကြီးများမဟုတ်ဘဲ ကြမ်းကြုတ်သော မိစ္ဆာများဖြစ်နေကြောင်း တွေ့လိုက်ရလေသည်။

လမ်းပေါ်ရှိ ရွာသားများကိုလည်း သူ ကြည့်လိုက်သည်။ ဤနေရာတွင် လူနေထူထပ်သလို၊ မျက်နှာအမျိုးမျိုးရှိသော မိစ္ဆာများလည်း နေထိုင်နေ၏။

ရုတ်တရက် အဝေးမှ ခေါင်းလောင်းထိုးသံ ကြားလိုက်ရသည်။ အသံက သာယာနာပျော်ဖွယ် ကောင်း၏။

ချင်မူ ရင်ထဲတွင် လှုပ်ခါသွားမိသည်။ “ငါတို့ မိုးခြိမ်းသံကျောင်းတော်ငယ်အနား ရောက်နေတာပဲ”

သူ နဂါးချီလင်၏ ကျောပေါ်မှ ခုန်ဆင်းပြီး ခြေလျင်လျှောက်သည့်အခါ သူတို့ကို စိုက်ကြည့်နေသော ဘုန်းကြီးအားလုံး အကြည့်လွှဲသွားကြသည်။

နဂါးချီလင် စိတ်ရှုပ်ထွေးသွား၏။ “ဂိုဏ်းသခင်၊ သူတို့ ကျွန်တော်တို့ကို ဘာလို့စိုက်မကြည့်ကြတော့တာလဲ”

“သက်ရှိအားလုံးက တန်းတူညီတူပဲလေ” ချင်မူက ခပ်တိုးတိုး ပြောလိုက်သည်။

နဂါးချီလင်မှာ နားမလည်နိုင်သေးပေ။ “ကျွန်တော်က အစာစားရဖို့ အလုပ်လုပ်ပေးတဲ့အနေနဲ့ကို ဂိုဏ်းသခင်ကို သယ်ပေးတာလေ။ သက်ရှိအားလုံးက တန်းတူညီတူဆိုရင် ကျွန်တော် စားဖို့ ဘယ်သူက ဆေးလုံးဖော်ပေးတော့မှာလဲ”

ချင်မူ တဟားဟား အော်ရယ်လိုက်မိသည်။ တခဏကြာသော် သူတို့ မိုးခြိမ်းသံကျောင်းတော်ငယ်၏အရှေ့ ရောက်သွားပြီး ချင်မူမှာ စုပ်သပ်၍မဆုံး ဖြစ်နေတော့သည်။

မိုးခြိမ်းသံကျောင်းတောင်ငယ်ကို တထာဂတ၏ တပည့်၊ မဟာမိုးခြိမ်းသံကျောင်းတော်မှ မိစ္ဆာဘုန်းတော်ကြီး တထာဂတငယ်မှ တည်‌ထောင်ခဲ့ခြင်းဖြစ်သည်။ တထာဂတငယ်၏ ဗုဒ္ဓကျမ်းစာများအပေါ် သိနားလည်မှုက လွန်စွာ မြင့်မားလှသည့်အပြင် သိုင်းစွမ်းရည်ကလည်း နည်နည်ရရ မဟုတ်ပေ။ သို့သော် သူက မဟာမိုးခြိမ်းသံကျောင်းတော်၏ တထာဂတ မဖြစ်လာခဲ့၍ စိတ်ဆိုးပြီး မဟာမြို့ပျက်ထဲတွင် မိုးခြိမ်းသံကျောင်းတော်ငယ်ကို တည်ထောင်ခဲ့၏။

မိုးခြိမ်းသံကျောင်းတော်ငယ်၏ ခမ်းနားမှုက မဟာမိုးခြိမ်းသံကျောင်းတော်အောက် မလျော့ကျပေ။ အမှန်တွင် သာပင် သာနေသေးသည်။ ထူးဆန်းသော တောင်ထိပ်များ၊ ကြီးမားမြင့်မားသော တောင်တန်းကြီးများ သွယ်တန်းနေ၏။ တောင်ထိပ်များအပေါ်တွင် ရွှေရောင်ရုပ်တုကြီးများ မတ်မတ် ရပ်တည်တော်မူနေကြသည်။ အရွယ်အစားစုံလင်သော ဘုရားကျောင်းများနှင့် ဘုန်းကြီးကျောင်းများ၌ အမွှေးတိုင်များ ပြည့်နှက်နေကြပြီး ဗုဒ္ဓလမ်းစဉ်သိုင်းသမားများက ဗုဒ္ဓရှင်တော်မြတ်ကို ဖူးမြော်ရန် အနယ်နယ်အရပ်ရပ်မှ လာနေကြသည်။

အမွှေးတိုင်များမှ အခိုးအငွေ့တို့က တောင်တန်းများ ရစ်သိုင်းဝေ့လည်၍ ကောင်းကင်ယံတွင် တိမ်တိုက်များသဖွယ် စုဝေးနေကြသည်။

မိုးခြိမ်းသံကျောင်းတော်ငယ်သို့ ချင်မူ ပထမဆုံးရောက်ဖူးခြင်းဖြစ်သည်။ တစ်ခါတုန်းက တထာဂတငယ်၏ ဗုဒ္ဓရုဆင်းတုတော်ကြီးကို မြစ်ထဲ တွန်းချခဲ့ဖူးသဖြင့် မဝင်တော့ဘဲ ပတ်သွားရန် ပြင်လိုက်သော်လည်း တအံ့တဩ အော်ခေါ်လိုက်သော ရင်းရင်းနှီးနှီးအသံတစ်သံကို ကြားလိုက်ရ၏။ “ဂိုဏ်းသခင်ချင် ဘယ်လိုလုပ် ဒီရောက်နေတာလဲ”

အသံလာရာသို့ လှမ်းကြည့်သည့်အခါ ချင်မူလည်း မှင်သက်သွားမိသည်။ သူက ပြုံးပြလိုက်သည်။ “နောင်တော်ရှုလည်း ဒီနေရာမှာ ရောက်နေတာကိုး။ တိုက်တိုက်ဆိုင်ဆိုင်ဗျာ”

ရှုရှန်းဟွာနှင့် ကျင်းယန်က ကျောပိုးအိတ်များ ကိုယ်စီလွယ်၍ ဝဝဖိုင့်ဖိုင့်ကိုယ်တော်အနောက်မှ လိုက်လာကြသည်။ ချင်မူ အံ့အားသင့်သွားသည်။ ဝဝဖိုင့်ဖိုင့်ကိုယ်တော်မှာ ထူးထူးခြားခြား ထွားကြိုင်းသန်မာနေ၏။ သူက မိုးခြိမ်းသံကျောင်းတော်ငယ်၏ တထာဂတငယ်အပြင် တခြားမဟုတ်ပေ။

တစ်ခါတုန်းက မဟာမြို့ပျက်၏ ရွာတစ်ရွာတွင် တထာဂတငယ်ကို သူ တွေ့ခဲ့ဖူးသည်။ ညအမှောင်ထဲ၌ တထာဂတငယ်က တာအိုရသေ့ကြီးလင်းကျင့်နှင့် အပြင်းအထန် တိုက်ခိုက်ခဲ့ပြီး ချင်မူက သူတို့ဘေးတွင် ရှိနေခဲ့၏။

မျက်နှာဖောင်းဖောင်း၊ နားရွက်ကြီးကြီး တထာဂတငယ်က အမှန်တကယ်ပင် ဗုဒ္ဓမြတ်စွာတစ်ပါးနှင့် တူလှသည်။ သက်တော်ထင်ရှား ဗုဒ္ဓမြတ်စွာတစ်ပါးကဲ့သို့ ကြည်ညိုဖွယ်ရာ အဆင်းသဏ္ဌာန် ရှိ၏။ သူက ရှုရှန်းဟွာကို အလွန်‌လေးလေးစားစား ဆက်ဆံနေပြီး သူတို့နှစ်ယောက်လုံးအား ဧည်သည့်အဖြစ် ဖိတ်ခေါ်လာ၏။ တထာဂတငယ် ချင်မူ့ကို လှမ်းကြည့်သည့်အခါ ချင်မူမှာ တထာဂငယ်၏ အကြည့်ဖြစ်သော နှင်းဖြူရောင်အလင်းကိုသာ ခံစားလိုက်ရသည်။

“ဂိုဏ်းသခင်ချင်ကိုး” တထာဂတငယ်၏အသံက မိုးခြိမ်းသံသဖွယ် ဟိန်းထွက်လာသည်။ “ရပ်ဝေးက ဧည်သည့်ဆိုတော့ ဂိုဏ်းသခင်နှင့် ကိုယ်တော့်ကြားမှာ ရန်ကြွေးတွေ ရှိပေမယ့် အိမ်ရှင်တာဝန်တော့ ကျေပွန်ရပါလိမ့်မယ်။ ဂိုဏ်းသခင် ကျေးဇူးပြုပြီး တောင်ပေါ်ကြွပါ။ စကားဘာညာ ပြောကြတာပေါ့”

ချင်မူ အတန်ငယ် တွန့်ဆုတ်သွားသည်။ “နောင်တော်က ယဉ်ကျေးလွန်းနေပါပြီ။ ကျွန်‌တော့်မှာ အရေးကြီးကိစ္စလေးရှိလို့ ယင်တောင်ကို သွားစရာရှိလို့ပါ...”

ကျင်းယန်က ပြုံးလိုက်သည်။ “သခင်လေးချင်က ယင်တောင်ကို သွားမလို့လား။ ကျွန်မတို့တောင် အခုပဲ ပြန်လာတာ။ သခင်လေးနဲ့ ဆရာတော်က ယင်တောင်မှာ ဆုံခဲ့တာလေ။ နှစ်ယောက်လုံး အကျိုးအမြတ်တွေ အများကြီး ရခဲ့တယ်”

ချင်မူ အံ့အားသင့်သွားပြီး ရှုရှန်းဟွာအား ကြည့်လိုက်မိသည်။ လူငယ်လေးက ခေါင်းညိတ်ကာ ပြောလိုက်၏။ “ယန်လေးနဲ့ ငါ လျှောက်သွားရင်း ယင်တောင်အထိ ရောက်သွားတယ်။ အဲဒီမှာ မိစ္ဆာနတ်ဘုရားတစ်ကောင်ရဲ့ မူလဝိညာဉ်ကို နှိမ်နင်းနေတဲ့ ကိုယ်တော်နဲ့ တွေ့ခဲ့တာပဲ။ ကိုယ်တော်က ရှေ့မတိုး၊ နောက်မဆုတ်သာ ဖြစ်နေလို့ ငါတို့နှစ်ယောက် ကူပြီး နှိမ်နင်းပေးခဲ့တာပါ။ ဂိုဏ်းသခင်ချင်က ဘာလို့ ယင်တောင်ကို သွားနေတာလဲ”

ချင်မူ စိတ်ထဲတွင် ပြင်းပြင်းထန်ထန် တုန်လှုပ်သွားကာ အော်လိုက်မိသည်။ “မင်းတို့တွေ ယင်တောင်က မိစ္ဆာနတ်ဘုရားရဲ့ မူလဝိညာဉ်ကို နှိမ်နင်းခဲ့ပြီးပြီပေါ့။ အဲဒီမူလဝိညာဉ်က သူ့ကိုယ်သူ မှော်ဆရာနတ်ဘုရားခွေ့လို့ ပြောလား”

တထာဂတငယ် အံ့အားသင့်သွားသည်။ “ဂိုဏ်းသခင်ရဲ့ ဗျူဟာခင်းစိတ်ဉာဉ်က အဲဒီအထိတောင် ရောက်သွားပြီလား။ ဒီဘုန်းကြီးအိုကြီးက ယင်တောင်မှာ ပိတ်မိနေတဲ့ အဲဒီမိစ္ဆာနဲ့ တွေ့ခဲ့တာပါ။ သူ့ပတ်ဝန်းကျင်မှာ ဝိညာဉ်တွေ အုံဖွဲ့နေတာတွေ့တာနဲ့ မကောင်းမှုကို ချေချွတ်ပေးရမှာက ကိုယ်တော့်တာဝန်ဆိုတော့ တိုက်ခိုက်ခဲ့တယ်။ ဒါပေမဲ့ ကိုယ်တော်မသိခဲ့တာက အဲဒီမိစ္ဆာဟာ ဖမ်းချုပ်ခံထားရပေမယ့် ကြောက်စရာကောင်းလောက်အောင် အစွမ်းထက်နေသေးတာကိုပဲ။ သူက ကိုယ်တော့်ကိုတောင် စုပ်ယူနိုင်လုဆဲဆဲ ဖြစ်ခဲ့တာ။ ကံကောင်းလို့ သခင်လေးရှု ရောက်လာပြီး အထက်ကောင်းကင်ဘုံရဲ့ အစီအရင်နဲ့ ကူညီပေးခဲ့လို့သာ သေကံမရောက် သက်မပျောက်တာပါ”

ချင်မူ ဝမ်းသာအားရ ရယ်လိုက်မိသည်။ “အဲ့ဒါဆို ကျွန်တော် ယင်တောင်ကို သွားစရာမလိုတော့ပါဘူး။ အမှန်အတိုင်းပြောရရင် အဲဒီမိစ္ဆာနတ်ဘုရားရဲ့ မူလဝိညာဉ်ကို ကျွန်တော်လည်း နှိမ်နင်းဖို့ လုပ်နေတာ။ တထာဂတ ဖိတ်ခေါ်မှတော့ ကျွန်တော် မငြင်းတော့ပါဘူး။ နှောင့်ယှက်မိတာ တောင်းပန်ပါတယ်”

တထာဂတငယ်က သူ့ကို ကြည့်ကာ မေးသည်။ “အားလုံးက ကိုယ်တော့်ကို တထာဂတငယ်လို့ ခေါ်ကြတယ်။ ဂိုဏ်းသခင်က ဘာလို့ ‘ငယ်’ ထည့်မခေါ်တာလဲ”

ချင်မူ ပြုံးလိုက်၏။ “တထာဂတဆိုတာ နယ်ပယ်အဆင့်တစ်ခုပါ။ အဲဒီနယ်ပယ်ကို ရောက်တာနဲ့ ကြီးသည်၊ ငယ်သည်မရှိပါဘူး ကိုယ်တော်”

ဘုန်းတော်ကြီး ကျေနပ်သွားသည်။ “ဂိုဏ်းသခင်မှာ ဗုဒ္ဓနှလုံးသားရှိတာပဲ။ ဗုဒ္ဓလမ်းစဉ်ကိုသာ လိုက်ရင် သေချာပေါက် တထာဂတ ဖြစ်လာလိမ့်မယ်။ ကြွပါ”

ချင်မူ တောင်ပေါ်လိုက်သွားသည်။ သူက ရှုရှန်းဟွာနှင့် ကျင်းယန်ကို ကြည့်ကာ ပြုံးလိုက်၏။ “လင်မယားနှစ်ယောက်ကတော့ ပျားရည်ဆမ်းခရီးတွေ ထွက်ပြီး သာယာနေလိုက်တာ။ ငါ့မှာတော့ အလုပ်တစ်ဖက်၊ တာဝန်ကတစ်မျိုး ဟိုပြေးရ၊ သည်ပြေးရနဲ့။ မင်းတို့နှစ်ယောက် မူလဝိညာဉ်လမ်းညွှန်ကျင့်ပြီးပြီလား”

ကျင်းယန်၏ မျက်နှာက အတန်ငယ် နီရဲသွားပြီး အသာအယာ ခေါင်းညိတ်ပြသည်။

ချင်မူ ကျယ်လောင်စွာ ရယ်လိုက်မိ၏။

“မူလဝိညာဉ်လမ်းညွှန်ကို ဂိုဏ်းသခင် ဖန်တီးခဲ့တာမလား။ မူလဝိညာဉ်လမ်းညွှန်ကြောင့် ငါ တကယ်ကိုပဲ ကြောက်ခမန်းလိလိ တိုးတက်သွားခဲ့တယ်။ ပြီးပြည့်စုံတဲ့ အရပ်ခြောက်မျက်နှာအဆင့်ကျင့်စဉ်ကိုလည်း ဖန်တီးနိုင်ခဲ့ပြီး‌ နောက်အဆင့်တစ်ဆင့် တက်သွားတယ်။ အခု ငါက အရပ်ခြောက်မျက်နှာနဲ့ ခုနစ်စဉ်ကြယ်ကြားမှာ လမ်းတစ်လမ်းဖောက်ထားပြီး ကောင်းကင်ရတနာနှစ်ခုကို တစ်ခုတည်းဖြစ်အောင် ပေါင်းစည်းထားပြီပြီ” ရှုရှန်းဟွာက အေးအေးလူလူ ပြောလာသည်။

ချင်မူ ရင်ထဲတွင် ပြင်းပြင်းထန်ထန် တုန်လှုပ်သွားပြီး ရှုရှန်းဟွာကို ကြည့်လိုက်မိ၏။ တခဏကြာသော် သူ ယိုင်ယိုင်ယွဲ့ယွဲ့ သက်ပြင်းချကာ ချီးကျူးလိုက်မိသည်။ “လောကသခင်ခန္ဓာအတုဆိုတဲ့အတိုင်းပဲ ငါ့အောက် နည်းနည်းလေးပဲ နိမ့်ကျတယ်”

ရှုရှန်းဟွာက ပြုံးသည်။ “ခုနစ်စင်ကြယ်နဲ့ အရပ်ခြောက်မျက်နှာပေါင်းစည်းမှုကြောင့် ဖြစ်လာတဲ့ ကောင်းကင်နဲ့မြေကြီးရဲ့ မဟာတာအိုအပြောင်းအလဲက မူလဝိညာဉ်လမ်းညွှန်အောက် မနိမ့်ပါဘူး ဟုတ်တယ်မလား။ ဂိုဏ်းသခင်၊ မင်းရဲ့ လောကသခင်ခန္ဓာက အတုဖြစ်လိမ့်မယ်”

ချင်မူ ပြုံးကာ အေးအေးဆေးဆေး ပြောလိုက်၏။ “ကောင်းကင်ရတနာနှစ်ခု ပေါင်းစည်းအောင် မလုပ်နိုင်ခဲ့ပေမယ့် ဒီတစ်ခေါက် ဆယ့်ရှစ်ချက်မြောက်ဓားကွက်ကို ဖန်တီးနိုင်ခဲ့တယ်”

ရှုရှန်းဟွာ၏ သူငယ်အိမ်များ ကျဉ်းမြောင်းသွားသည်။

တထာဂတငယ်မှာ လူငယ်နှစ်ယောက်ကို ကြည့်ကာ အကြီးအကျယ် အံ့ဩသွား၏။ “သိပ်မကြာခင်တုန်းက မဟာတာအိုအပြောင်းအလဲတွေကို ဒီဘုန်းကြီးအိုကြီး ခံစားခဲ့ရတယ်။ အဲဒါက ဒကာလေးတို့နှစ်ယောက်ကြောင့်လား”

...

ယင်တောင်တွင် ဓားရောင်တစ်ချက် လက်သွားပြီး ပန်ကုန်းစုန် မြေပေါ် လဲကျသွားသည်။ သူက ဘယ်ခြေကို ဆုပ်ကိုင်ကာ နာကျင်စွာ လူးလိမ့်နေ၏။ သူ့မျက်ခုံးမှ ချွေးများ တပြိုက်ပြိုက် ကျနေသည်။

“ဒါက ငါ့ကို လိမ်တဲ့အတွက် အဖိုးအခ” ရှင်းအန်းက မှင်သေသေ ပြောလိုက်သည်။ “မင်းဆရာရဲ့ မူလဝိညာဉ်က ဒီမှာမဟုတ်ဘူး မှော်ဆရာသခင်။ နောက်တစ်ဖက်အတွက် သမင်ခြေထောက်နောက်တစ်ချောင်း ဖြတ်ပြီး အဲဒီတိုင်းသာ လမ်းလျှောက်ပေတော့”

ပန်ကန်းစုန်မှာ နာကျင်မှုကို အံကြိတ်၍ တောင့်ခံကာ ပြောလိုက်သည်။ “ငါ့ဆရာရဲ့ မူလဝိညာဉ်ကို တခြားသူတွေ ယူသွားတာ၊ ဒါပေမဲ့ အနားမှာ ရှိနေသေးတယ်။ မှော်ဆရာအစီအရင် ထုတ်‌ဖော်လိုက်တာနဲ့ ရှာတွေ့လိမ့်မယ်”

All Chapters