← Chapters

မှော်ဆရာနတ်ဘုရားခွေ့၏ ဝိညာဉ်ဂါဝရပြုမှု

Vol. 35 Ch. 478

မှော်ဆရာနတ်ဘုရားခွေ့၏ ဝိညာဉ်ဂါဝရပြုမှု

Vol. 35 Ch. 478

ချင်မူမှာ မိုးခြိမ်းသံကျောင်းတော်ငယ်ကို ကြည့်ရင်း အပြင်အဆင်အများစုက မဟာမိုးခြိမ်းသံကျောင်းတော်နှင့် ဆင်နေကြောင်း သတိထားမိလိုက်သည်။ မိုးခြိမ်းသံကျောင်းတော်ငယ်၏ သက်တမ်းမှာ နှစ်တစ်ရာသာ ရှိသေးသည်မဟုတ်ပါလော။ ထို့ကြောင့် မဟာမိုးခြိမ်းသံကျောင်းတော်၏ အပြင်အဆင်များကိုသာ တုပထားနိုင်ပေသည်။

သို့သော် ရဟန်းအရေအတွက်က များပြားသည့်အပြင် မဟာမိုးခြိမ်းသံကျောင်းတော်အောက် မနိမ့်ကျကြပေ။ မိုးခြိမ်းသံကျောင်းတော်ငယ်သည် မဟာမြို့ပျက်တွင် တစ်ခုတည်းသော အထွတ်အမြတ်မြေဖြစ်၏။ အပြိုင်အဆိုင်မရှိသည့်အပြင် ဆန်းကြယ်သားရဲအရေအတွက်လည်း ပေါများသဖြင့် အလွန်ပင် စည်ကားတိုးတက်နေသည်။

ဟိုနားသည်နားတွင် စင်္ကြန်လျှောက်နေကြသော မိစ္ဆာဘုန်းကြီးများစွာ ရှိသည်။ အားလုံးက သန့်ရှင်းသပ်ရပ်စွာ ဝတ်စားထားကြပြီး ယဉ်ကျေးပျူငှာကြ၏။ ရေနဂါးကြီးတစ်ကောင်ဆိုလျှင် ကျောင်းဆောင်တစ်ခုကို ရစ်ခွေလျက် အသွင်မပြောင်းနိုင်သေးသော မိစ္ဆာသားရဲများအား ကျမ်းစာပို့ချနေသည်။ တခြားကျောင်းဆောင်များတွင်လည်း သိက္ခာတော်ရ ရဟန်းများက မိစ္ဆာသားရဲများကို တရားဟောကာ ကောင်းကင်နတ်သိုင်းများ သင်ပေးနေကြသည့်အပြင် လက်နက်သွန်းလုပ်နည်းများလည်း ပြသနေကြသည်။

“ဒီနေရာက မိစ္ဆာတိုင်းပြည်အတိုင်းပဲ”

ချင်မူ အလွန်ပင်လေးစားမိ၏။ တထာဂတငယ်၏ အကျင့်စရိုက်ကို ထည့်မတွက်လျှင် မိုးခြိမ်းသံကျောင်းတော်ငယ်အား ဤအတိုင်းအထာအထိ ရောက်အောင် တစ်ယောက်တည်း တည်ထောင်နိုင်ခဲ့သည့် အရည်အချင်းမှာ လေးစားစရာ ဖြစ်သည်။

တထာဂတငယ်နှင့် တထာဂတဟောင်းတို့သည့် ဆရာတူညီအစ်ကိုများ ဖြစ်ကြ၏။ အသက်အရွယ်က မတိမ်းမယိမ်းဖြစ်သော်လည်း တထာဂတဟောင်းမှာ သက်တမ်းမကျန်တော့၍ နတ်သက်ကြွေတောင်ကြောတွင် တိုက်ပွဲကျသွားခဲ့သည်။ သို့သော် တထာဂတငယ်မှာမူ ထွက်ရပ်ပေါက်သွားသည့် အဆင့်မြင့်မိစ္ဆာတစ်ကောင် ဖြစ်၍ သက်တမ်းပိုရှည်လေသည်။

သူ ရှိနေသေးသည့်အတွက် မိုးခြိမ်းသံကျောင်းတော်ငယ်မှာ ပိုပို၍စည်ကားတိုးတက်လာခဲ့ခြင်း ဖြစ်သည်။

ရုတ်တရက် သူတို့ခေါင်းပေါ်မှ မိစ္ဆာနှစ်ကောင် ဖြတ်ကျော်သွားပြီး တစ်ကောင်နှင့်တစ်ကောင် တိုက်ခိုက်နေဟန်ရှိသည်။ တစ်ချက်တစ်ချက်တွင် တိမ်တိုက်များအပေါ် ပျံတက်သွားပြီး တစ်ချက်တစ်ချက်တွင် ချောက်ထဲ ထိုးဆင်းသွားကြ၏။ သူတို့၏တိုက်ကွက်များက အလွန်မြန်ဆန်ပြီး ပြင်းထန်ကြမ်းတမ်းသည်။ နှစ်ကောင်လုံးက အင်မတန် သန်မာအားကောင်းကြသည်။

“ဒီနောင်တော်နှစ်ယောက်ရဲ့ သိုင်းစွမ်းရည်က မနိမ့်ကျဘူးပဲ” ရှုရှန်းဟွာက ခေါင်းမော့ကြည့်ရင်း တအံ့တဩ ပြောလိုက်သည်။

“ဟေ့ အကောင်ကြီး” ချင်မူ ဝမ်းသာအားရ အော်ခေါ်လိုက်မိ၏။

မိစ္ဆာတစ်‌ကောင်မှာ မျက်နှာနှင့် လက်နှစ်ဖက်အပေါ်တွင်သာ အနက်ရောင်အမွှေးများ ရှိသော တောင့်တောင့်တင်းတင်း မိစ္ဆာဘုန်းကြီးတစ်ပါးဖြစ်၏။ သူက လက်ထဲတွင် တောင်ဝှေးတစ်လက် ကိုင်ထားပြီး ချင်မူ့အသံကြားလျှင် ရန်သူကို တမုဟုတ်ချင်း အလဲထိုးကာ ခုန်ဆင်းလာသည်။ မြေပေါ်သို့ ဘုန်းခနဲ ဆင်းချပြီး တအံ့တဩ ပြောလိုက်သည်။ “ကောင်လေး၊ ကတုံး ဘယ်မှာ”

တထာဂငယ်မှာ ဒေါပွသွားပြီး သူ့ခေါင်းကို ဖြန်းခနဲ ရိုက်ချလိုက်သည်။ “ဘယ်သူက ကိုယ့်ဆရာကို ကတုံးမြည်းအိုကြီးလို့ ခေါ်လို့တုန်းကွ။ ငါက ထွက်ရပ်ပေါက်သွားတဲ့ မြည်းမဟုတ်ဘူး”

မိစ္ဆာမျောက်ဝံကျန်းခုံးက သူ့ခေါင်းကို ကပျာကယာ ကာလိုက်သည်။ “ကောင်လေး၊ ဘယ်မှာ”

တထာဂတငယ်မှာ ရယ်ရမလား၊ ငိုရမလား မသိတော့ပေ။ “သူ့ကို တောင်ခြေမှာ တွေ့တာနဲ့ အထဲ‌ခေါ်လာခဲ့တာ”

မိစ္ဆာမျောက်ဝံက သွားဖြဲ၍ ရယ်လိုက်ပြီး ချင်မူ့ကို ဖက်ချင်သော်လည်း ကောင်လေးမှာ ပုလွန်းနေကြောင်း တွေ့လိုက်ရသည်။ ချင်မူက အတော်လေး ထွားလာသဖြင့် သားသတ်သမားနှင့် အရပ်တူတူရှိပြီး ဆေးဆရာထက် အနည်းငယ်သာ ပုသော်လည်း မိစ္ဆာမျောက်ဝံ၏ ကိုယ်လုံးကြီးက ကြီးလှသည်။ မိစ္ဆာမျောက်ဝံမှာ ငယ်ရွယ်စဉ်ကတည်းက ထန်းတစ်ရပ်မျှ ထွားလှသူ ဖြစ်၏။

ယခုတွင် အရွယ်ရောက်လာပြီဖြစ်ရာ မိစ္ဆာမျောက်ဝံသာ ကိုယ်အစစ်ကို ပြသလိုက်လျှင် နဂါးချီလင်အောက် သေးကွေးမည်မဟုတ်ပေ။

လူအသွင်ဖန်ဆင်းထားသည့်အချိန်မှာပင် သူ့အရပ်သည် ပေနှစ်ဆယ်နီးနီး ရှိနေ၏။

သူနှင့်တိုက်ခိုက်နေသော မိစ္ဆာဘုန်းကြီးက ဘုန်းခနဲ ဆင်းလာပြီး ဆက်လက်တိုက်ခိုက်ချင်နေသည်။ “နောင်တော်ကျန်းခုံး လာလေ”

မိစ္ဆာမျောက်ဝံက ဒေါသထွက်သွားပြီး ထိုမိစ္ဆာဘုန်းကြီး၏ လည်ပင်းကို လှမ်းဖြစ်လိုက်သည်။ မိစ္ဆာဘုန်းကြီးမှာ ရုတ်ခြည်း ငြိမ်သွား၏။ ခြေလက်လေးချောင်းလုံး ပျော့ခွေသွားပြီး သူ့တင်ပါးနောက်ရှိ အမြီးလည်း ကျလာကာ အသနားခံနေသည့်အလား ယမ်းပြသည်။

မိစ္ဆာမျောက်ဝံက သူ့ကို ချင်မူ့အရှေ့တွင် ချပေးကာ ကျယ်လောင်စွာ ပြောလိုက်၏။ “အသား၊ စား”

မြေကြီးပေါ်တွင် တုန်ယင်နေသော မိစ္ဆာဘုန်းကြီးကို ကြည့်ရင်း ချင်မူ ကပျာကယာ ခေါင်းယမ်းလိုက်၏။ “သူက မင်းရဲ့ ညီတော်လေ၊ မင်း ငါ့ကို ပေးရင်တောင် ငါ စားလို့မရဘူး”

မိစ္ဆာမျောက်ဝံက ခေါင်းတဗြင်းဗြင်းကုန်ကာ ဘေးရှိ တထာဂတငယ်အား လှမ်းကြည့်သည်။ တထာဂတငယ်မှာ ဒေါသကို မြိုသိပ်ထားရသဖြင့် ပါးအဆီများ တဆတ်ဆတ် တုန်နေသည်။ “မင်းက အပေါင်းအသင်းရောက်လာတာနဲ့ ကိုယ့်ဆရာကိုတောင် ညစာအဖြစ် စားခိုင်းတော့မှာလား”

မိစ္ဆာမျောက်ဝံ ကမန်းကတန်း ခေါင်းယမ်းလိုက်သည်။

ချင်မူက ပြုံးကာ ဝင်ပြောလိုက်၏။ “ငါတို့ မတွေ့တာကြာပြီဆိုပေမယ့် ငါ့ကို အသားကျွေးစရာမလိုပါဘူး။ ရွာကို ရောက်ရင် ရွာဓလေ့အတိုင်း ကျင့်ရတယ်ဆိုတော့ ငါ သားသတ်လွတ်ပဲ စားပါ့မယ်။ တထာဂတလို သန်မာအားကောင်းတဲ့သူကိုလည်း ဘယ်စားလို့ဖြစ်မလဲ”

မိစ္ဆာမျောက်ဝံ အလွန်ပျော်သွားသည်။ “သားသတ်လွတ်၊ သန်မာ”

“အစ်ကိုတော်ကျန်းခုန်းက ဘာလို့လိုရင်းတိုရှင်းပဲ ပြောတာလဲ” ကျင်းယန်က စပ်စုသည်။

“ကျန်းခုံးမှာ ဗုဒ္ဓရှင်တော်မြတ်ရဲ့ အမူအကျင့်ရှိတော့ သူ့စကားလုံးတွေကို ရွှေလို တန်ဖိုးထားနေတာပါ။ သူ့စကားလုံးတစ်လုံးစီမှာ လေးနက်တဲ့ အဓိပ္ပါယ်တွေ ကိန်းဝပ်နေတယ်။ အဲဒီအမူအကျင့်ကို မြင်လိုက်လို့ သူ့ကို ငါ့တပည့်အဖြစ် ‌ခေါ်လာခဲ့တာပဲ” တထာဂတငယ်က ရှင်းပြလိုက်၏။

ကျင်းယန် ဇဝေဇဝါ ဖြစ်သွားသည်။ စကားလုံးကို ရွှေလို တန်ဖိုးထားမှန်း မြင်ရသော်လည်း ဗုဒ္ဓရှင်‌တော်မြတ်၏ အမူအကျင့်က အဘယ်မှာနည်း။

ဗုဒ္ဓရှင်တော်မြတ်၏ အမူအကျင့် ရှိသူက ညီတော်ကို ဆွဲ၍ ဧည်သည့်အတွက် အသားအဖြစ် ဧည့်ခံမည်လော။

မိစ္ဆာ‌မျောက်ဝံက သူတို့နှင့်အတူ တောင်ပေါ် တက်လာသည်။ ချင်မူ တောင်ထိပ်ရောက်၍ အောက်ငုံ့ကြည့်သည့်အခါ ဤနေရာသည် မဟာမိုးခြိမ်းသံကျောင်း‌တော်၏ ‌ရွှေတောင်ထွတ်နှင့် ဆင်တူကြောင်း မြင်လိုက်ရ၏။ သို့သော် အမှောင်ထုရန်မှ ‌ကာကွယ်ပေးသော ကျောက်ရုပ်များစွာ ရှိနေသည်။

တောင်ထိပ်ပေါ်တွင် ဗုဒ္ဓရုပ်ပွားတော်များနှင့် တရားအားထုတ်နေသော ရဟန်းများအား တွေ့မြင်ရသည်။ ရဟန်းအများစုတွင် သားရဲခေါင်းများ ရှိကြသော်လည်း အဝါရောင်သင်္ကန်းများကို ခြုံထားကြ၏။ သူတို့၏အမူအရာများက လေးနက်တည်ကြည်နေကြသည်။

ဤရဟန်းများသည် ထွက်ရပ်ပေါက်သွားသော မဟာမြို့ပျက်၏ ဆန်းကြယ်သားရဲကြီးများ ဖြစ်လိမ့်မည်။ ဤအထိ ကျင့်ကြံအားထုတ်နိုင်မှတော့ သူတို့၏အဆင့်အတန်းက သာမန်မဟုတ်နိုင်ပေ။

ချင်မူ၏ မျက်လုံးထောင့်စွန်းများ တွန့်သွားသည်။ မိစ္ဆာဘုန်းကြီးများ၏ ကျင့်စဉ်စွမ်းအင်က အလွန်သန်မာအားကောင်းသည့်အပြင် သူတို့၏ခန္ဓာကိုယ်များ၌ အလွန်သိပ်သည်းသော မိစ္ဆာအငွေ့အသက်များ ရစ်သိုင်းလွှမ်းခြုံနေသည်။ အငွေ့အသက်များက ဂိုဏ်းသခင်အဆင့် သိုင်းပညာရှင်များနည်းတူ ကြောက်မက်ဖွယ်ရာကောင်း၏။

မိစ္ဆာအငွေ့အသက်များမှ သွေးရောင်ဝါများပင် ဖြာထွက်နေရာ ဤဘုန်းကြီးများသည်  အတိတ်တုန်းက အသက်များစွာ သတ်ခဲ့ဖူးကြောင်း ထင်ရှား၏။

“ငါ သည်းမခံနိုင်တော့ဘူး။ အသားမစားဘဲ ဗုဒ္ဓကို နေ့တိုင်း ကန်တော့နေရတာက သောက်အဓိပ္ပါယ်ကို မရှိဘူး။ ဒါ ဘယ်တော့မှ အဆုံးသတ်မှာလဲ”

ရုတ်တရက် ငှက်ခေါင်းဘုန်းကြီးတစ်ပါးက ထပြီး သင်္ကန်းကို ဆွဲဖြဲလိုက်သည်။ သူ ခေါင်းကို ခါလိုက်သည့်အခါ သူ့လည်ပင်း၌ ရွှေရောင်အမွှေးများ လျင်မြန်စွာ ပေါက်လာ၏။ သူ၏ခန္ဓာကိုယ်က ကြီးထွားလာပြီး ငှက်ကိုးခေါင်း ထပ်ထွက်လာသည်။ သူ၏တောင်ပံနှစ်ဖက်က ဖြန့်လိုက်သည့်အချိန်တွင် ဧကပေါင်းများစွာ ရှည်လျားနေသည်။

“မဟာမြို့ပျက်မှာ ငါ လုပ်ချင်တာ လုပ်လို့ရတယ်။ လူတွေ၊ သားရဲတွေ ကြိုက်သလောက် စားလို့ရတယ်။ ငါ့အပြစ်တွေက ဆပ်မကုန်အောင် ညစ်ထေးနေပြီးသား ဒီမှာ အသားမစားဘဲ ဗုဒ္ဓကို ကန်တော့နေလို့ရော လီးဖြစ်လာမှာလား” ခေါင်းကိုးလုံးငှက်က ဒေါင်းတစ်ကောင်နှင့် တူပြီး‌ တောင်ပံဖြန့်ကာ ပျံထွက်သွားရန် ပြင်သည်။ “ဒီအပြစ်တွေကို ဆေးကြောလို့မရမှတော့ ငါ့စိတ်တိုင်းကျပဲ စားပါရစေ”

ကျန်ဘုန်းကြီးများက သူတို့နောက်လိုက်လာပြီး တစ်ယောက်က လူသားဖြစ်နေကြောင်း ချင်မူ မြင်လိုက်ရ၏။ သူတို့က ခေါင်းကိုးလုံးဒေါင်းကို ဖမ်းချုပ်ကာ ပြောကြသည်။ “နောင်တော်မင်၊ စိတ်နှလုံးမိစ္ဆာရဲ့ ထိန်းချုပ်တာ ခံရပြန်ပြီ။ မြန်မြန် နိုးပါတော့”

“နှစ်တစ်ထောင် အားထုတ်ခဲ့ရတာကို အမှားလေးတစ်ခုနဲ့ မဖျက်စီးပစ်ပါနဲ့”

နောက်ဆုံးတွင် ဘုန်းကြီးအားလုံး ပေါင်း၍ ခေါင်းကိုးလုံးဒေါင်းအား ချုပ်ထားနိုင်လိုက်သည်။ သို့သော် ဒေါင်းကြီးက ခေါင်းမာစွာဖြင့် သတ်ဖြတ်စားသောက်ချင်ကြောင်း အော်ဟစ်နေသေး၏။

တထာဂတငယ်က ရှေ့သို့ လျှောက်သွားပြီး သင်္ကန်းရုံကို ဖွင့်လိုက်သည်။ ထို့‌နောက် ဓားမတစ်လက်ထုတ်၍ ဗိုက်သားကို လှီးဖြတ်ကာ ခေါင်းကိုးလုံးဒေါင်းဆီသို့ ပစ်ပေးလိုက်၏။ “အသားစားချင်တယ်မလား စား”

ခက်ထန်ကြမ်းတမ်းသော အငွေ့အသက်များကို ထုတ်လွှတ်နေသည့် ခေါင်းကိုးလုံးဒေါင်းက ပါးစပ်ဟ၍ တထာဂတ၏ အသားကို ကိုက်ဖမ်းကာ မြိုချလိုက်၏။ ကျန်ခေါင်းရှစ်လုံးကလည်း အသည်းအသန် အော်ဟစ်ကြသည်။ “တထာဂတ ငါတို့ကိုလည်း ကျွေးဦး။ အသားတစ်ဖတ်တည်းနဲ့ ဘယ်လိုလုပ်‌လောက်မှာလဲ။ ပါးစပ်ရှစ်ပေါက်တောင် ရှိတာ မမြင်ဘူးလား။ ဗိုက်ဆာတယ်”

တထာဂတက အသားရှစ်ဖတ် လှီးပြီး ပစ်ပေးလိုက်သည်။ ခေါင်းရှစ်ခေါင်းက တစ်ဖတ်စီ ဖမ်းကာ မြိုချလိုက်၏။

မိစ္ဆာမျောက်ဝံက ဝမ်းသာသွားဟန်ဖြင့် ခပ်တိုးတိုး ပြောလာသည်။ “ကောင်လေး၊ အသား၊ ဧည့်သည်”

တထာဂတငယ်က သူ့ကို စိုက်ကြည့်လိုက်၍ မိစ္ဆာမျောက်ဝံမှာ ခေါင်းတဗြင်းဗြင်း ကုတ်သွားလေသည်။

ခေါင်းကိုးလုံးဒေါင်းမှာ အသားကိုးဖတ်ကို စားခဲ့သော်လည်း အစာမခြေနိုင်၍ နင်နေသည်။ တခဏကြာသော် ဒေါင်းက ပါးစပ်ဟကာ ဒေါင်းအသေးလေးတစ်ကောင်ကို အန်ထုတ်လိုက်သည်။ ထို့နောက် နောက်တစ်ကောင် အန်ထုတ်လိုက်ပြန်သည်။

ခေါင်းကိုးလုံးဒေါင်းက ကိုးကြိမ်ဆက်တိုက် အန်လိုက်ရာ သူ့ဗိုက်ထဲမှ ဒေါင်းကိုးကောင် ထွက်လာသည်။ ဒေါင်းအသေးလေးများက ဟိုဟိုသည်သည် ပြေးလွှားနေကြရင်း ရုတ်တရက် တစ်ကောင်တည်း ပေါင်းသွားကာ ခေါင်းကိုးလုံးဒေါင်းတစ်ကောင် ဖြစ်လာသည်။ ၎င်း ထိုင်ချလိုက်သည့်အချိန်တွင် တင်ပါးထက်ရှိ အမွှေးတောင်များက ရောင်စုံယပ်တောင်ကို ဖြန့်ချလိုက်သကဲ့သို့ ကားထွက်လာသည်။

ခေါင်းကိုးလုံးဒေါင်းက မြေပေါ်ရှိ ဒေါင်းသေးသေးလေးကို ကြည့်ကာ ရင်ထဲတွင် ပြင်းပြင်းထန်ထန် တုန်လှုပ်သွား၏။ မိစ္ဆာသဘာဝ ချက်ချင်း ပျောက်ကွယ်သွားပြီး ငှက်ခေါင်းဘုန်းကြီးအသွင် ပြန်ပြောင်းသွားသည်။ သူ တင်ပျဉ်ဖွဲ့ထိုင်လိုက်သည့်အခါ ဗုဒ္ဓရောင်ခြည်တော်များ ကွန့်မြူးတောက်ပလာ၏။ သူက ပြုံးတော်မူလိုက်သည်။ “ဒီကနေ့ သက်ရှိအားလုံးက ကျုပ်လိုပဲဆိုတာ သိလိုက်ပါပြီ၊ နောင်တော်တထာဂတ၊ ကျေးဇူးတင်ပါတယ်”

“သိပ်ကောင်းတယ်” တထာဂတငယ်က သင်္ကန်းရုံကို ပြန်စေ့ကာ မိန့်တော်မူသည်။ “နောင်တော်မင်၊ တောင်ပေါ်မှာ ထိုင်နေရုံနဲ့ တရားပေါက်မှာ မဟုတ်ပေဘူး။ ဒါကြောင့် သားနဲ့အတူ တောင်အောက် ဆင်းပြီး အားထုတ်ပါတော့”

ခေါင်းကိုးလုံးဒေါင်းက ထရပ်ပြီး ဒေါင်းအသေးလေးကို ခေါ်ကာ တောင်အောက် ဆင်းသွားသည်။

ချင်မူမှာ သားအဖနှစ်ယောက် ထွက်သွားသည်ကို ကြည့်ပြီး ဇဝေဇဝါ ဖြစ်နေ၏။

တထာဂတငယ်က သူ့အသားသူ လှီး၍ ခေါင်းကိုးလုံးဒေါင်းကို ကျွေးခဲ့သည်။ အဘယ်ကြောင့် ဒေါင်းသေးသေးလေးကို အန်ထုတ်ခဲ့သနည်း။ အဘယ်ကြောင့် သူ့သား ဖြစ်နေသနည်း။

ယင်းက ဖန်ဆင်းပညာလော။

အစီအရင်ကောင်းကင်နတ်သိုင်းတစ်ခုလော။

ရှုရှန်းဟွာနှင့် ကျင်းယန်လည်း ဆွံ့အနေကြသည်။ ရှုရှန်းဟွာက ခပ်တိုးတိုး ပြောလိုက်၏။ “မိုးခြိမ်းသံကျောင်းတော်ရဲ့ ကျင့်စဉ်က မဟာမိုးခြိမ်းသံကျောင်းတော်နဲ့ ကွဲတယ်။ သူတို့ကြည့်ရတာ မဟာမြို့ပျက်ရဲ့ ထူးဆန်းတဲ့ ကျင့်စဉ်တွေကို မှီငြမ်းထားတဲ့ပုံပဲ”

ဆန်းကြယ်သားရဲတချို့သည်လည်း မဟာမြို့ပျက်၏ သဘာဝလွန်အဖြစ်အပျက်များနှင့် ထူးဆန်းသောကျင့်စဉ်များအား တွေ့ခဲ့ရသည်။ သူတို့ မိုးခြိမ်းသံကျောင်းတော်ငယ်သို့ ဝင်ရောက်လာသည့်အခါ မိုးခြိမ်းသံကျောင်းတော်ငယ်၏ ကျင့်စဉ်များလည်း ထူးဆန်းလာကာ မဟာမိုးခြိမ်းသံကျောင်းတော်နှင့် ကွဲပြားသွားခြင်းဖြစ်၏။

“ဒကာလေးတို့သုံးယောက်၊ ကျေးဇူးပြုပြီး ထိုင်ကြပါ။ ကိုယ်တော်တို့ မိစ္ဆာနတ်ဘုရား အမှားကို သိပြီး အမှန်မြင်အောင် ဗုဒ္ဓတရားတော်တွေနဲ့ ချေချွတ်လိုက်ပါဦးမယ်”

ရွှေတောင်ထွတ်ပေါ်တွင် တထာဂတငယ်က သူတို့သုံးယောက်ကို ထိုင်ရန် ဖိတ်ခေါ်သည်။ အဝါရောင်သင်္ကန်းခြုံထားသည့် မိစ္ဆာဘုန်းကြီးများလည်း ခုံများတွင် ထိုင်လိုက်ပြီး တထာဂတငယ်က ရွှေရောင်သပိတ်တစ်လုံး ထုတ်လိုက်၏။ သူက သပိတ်ကို အသာအယာ လှုပ်ယမ်းလိုက်ရာ သပိတ်က ကြီးမားလာသည်။ သပိတ်၏အလယ်၌ မိစ္ဆာနတ်ဘုရားတစ်ပါး၏ မူလဝိညာဉ်အား ချုပ်ထားသော ယဇ်ပလ္လင်တစ်ဆူ ရှိနေသည်။ မိစ္ဆာနတ်ဘုရားက အော်ဟစ်ရုန်းကန်နေရာ ‌ဗုဒ္ဓရောင်ခြည်တော်သံကြိုးများ ဂျုန်းဂျုန်းဂျောင်း‌ဂျောင်း မြည်နေ၏။

ယဇ်ပလ္လင်ထက်ရှိ မိစ္ဆာနတ်ဘုရားသည် သွေးကဲ့သို့ နီစွေးနေပြီး မရေမတွက်နိုင်သော ဝိညာဉ်များက သွေးပင်လယ်ကြီးသဖွယ် သူ့ကို အုံဖွဲ့နေကြ၏။

ဘုန်းကြီးများက ကျမ်းစာများကို ကျယ်လောင်စွာ ရွတ်ဖတ်နေ၍ ဗုဒ္ဓသံများ ပဲ့တင်ထပ်လာပြီး မိစ္ဆာနတ်ဘုရားအား ချေချွတ်နေကြသည်။

“မင်းတို့လို သွေးသောက်တဲ့ မိစ္ဆာသားရဲတွေက ငါ့ကို ချေချွတ်နိုင်မယ်ထင်လား” ထိုမိစ္ဆာနတ်ဘုရားသည် မှော်ဆရာနတ်ဘုရားခွေ့ဖြစ်ပြီး ဗုဒ္ဓသံများက သူ့ကို ထိခိုက်အောင် မလုပ်နိုင်ပေ။ သူက သံကြိုးများမှ ရုန်းနေရင်း ပြုံးလိုက်သည်။ “ငါ လွတ်တာနဲ့ မင်းတို့အားလုံး ငါ့အစာ ဖြစ်စေရမယ်”

ချင်မူ့အမူအရာ အနည်းငယ် ပြောင်းလဲသွားပြီး ကပျာကယာ ထကာ ဘုန်းကြီးများအား သတိပေးလိုက်၏။ “တထာဂတ၊ ဒီမိစ္ဆာနတ်ဘုရားက တစ္ဆေသရဲမျိုးနွယ်မလို့ သူ့ဝိညာဉ်က မယုံနိုင်လောက်အောင် သန်မာတယ်။ သူက အသန်မာအဆုံး မိစ္ဆာနတ်ဘုရားပဲ။ ဘယ်လိုနည်းနဲ့မှ သူ့ကို ချေချွတ်လို့မရဘူး။ သူက ကိုယ်တော်တို့ရဲ့ ဗုဒ္ဓစွမ်းအားကို ငှားပြီး သူ့ကို ချုပ်ထားတဲ့အနေနဲ့ သူ့ကိုယ်ထဲမှာ လိုလန်ရွှေနန်းတော်ရဲ့ မှော်ဆရာသခင် ချန်ခဲ့တဲ့ ဝိညာဉ်ပိုးကောင်တွေကို ဖျက်စီးနေတာ”

ဘုန်းကြီးအားလုံး ငေးကြောင်သွားပြီး ရွတ်ဖတ်နေခြင်း ရပ်လိုက်သည့် တထာဂတငယ်အား လှမ်းကြည့်ကြသည်။

ယဇ်ပလ္လင်ထက်ရှိ မှော်ဆရာနတ်ဘုရားခွေ့က ခေါင်းလှည့်လာကာ ချင်မူ့အား စိုက်ကြည့်သည်။ “ဂိုဏ်းသခင်ချင်ပါလား။ ငါ့ရဲ့ အသုံးမကျတဲ့ တပည့်က မင်းကို ခဏခဏ ဂါဝရပြုခဲ့ပေမယ့် မသတ်နိုင်ခဲ့ဘူး။ မင်း ဝင်ပြန်ပါပြီနော်။ အေး ဒီတစ်ခေါက်တော့ မင်းကိုယ်မင်း အထင်ကြီးနေတာပဲ”

တထာဂငယ်နှင့် ကျန်ဘုန်းတော်ကြီးများ၏ အမူအရာများ အကြီးအကျယ် ပြောင်းလဲသွားပြီး ကမန်းကတန်း ထရပ်လိုက်ကြသည်။ ပလ္လင်ထဲရှိ မှော်ဆရာနတ်ဘုရားခွေ့က ပါးစပ်ဟကာ ဝိညာဉ်ပိုးကောင်များအား ထွေးထုတ်လိုက်၏။ ဝိညာဉ်ပိုးကောင်များမှာ ဗုဒ္ဓအလင်းရောင်နှင့် ထိသည့်အခါ အစိမ်းရောင်အငွေ့များအဖြစ် အငွေ့ပျံသွားသည်။

ဝိညာဉ်ပိုးကောင်များ မရှိတော့သည်နှင့် မှော်ဆရာနတ်ဘုရားခွေ့၏ ကြမ်းတမ်းပြင်းထန်သော အရှိန်အဝါ တမုဟုတ်ချင်း ထွက်ပေါ်လာသည်။ ကြောက်မက်ဖွယ်ရာအခိုးအငွေ့များ ဖြာထွက်လာရာ တောင်ပေါ်ရှိ သစ်ပင်အားလုံး ညှိုးနွမ်းခြောက်ကပ်သွား၏။ သက်ရှိအားလုံး သေဆုံးကုန်ကြပြီး သိုင်းအဆင့်နိမ့်သော မိစ္ဆာဘုန်းကြီးများလည်း ထူးဆန်းစွာ လဲကျသေဆုံးသွားကြသည်။

တထာဂတငယ်က ရွှေသပိတ်ကို အလျင်အမြန် ဆွဲ၍ ယဇ်ပလ္လင်အပေါ် မှောက်ကာ မှော်ဆရာနတ်ဘုရားခွေ့ကို ပိတ်လှောင်ထားရန် ကြိုးစားသည်။

“ညီတော်ပိုယင်၊ ဒီမိစ္ဆာနတ်ဘုရားကို ကောင်းကင်စည်းစေတီအောက်မှာ ချုပ်ထားစို့”

ဘုန်းကြီးတစ်ပါးက ရှေ့တက်လာပြီး ရွှေသပိတ်အား သိမ်းတော့မည့်အချိန် မှော်ဆရာနတ်ဘုရား၏ရယ်သံ ထွက်ပေါ်လာ၏။ “မင့်နာမည်က ပိုယင်ဟုတ်လား။ ငါ ဂါဝရပြုတာ ခံလိုက်စမ်း”

ဘုန်းကြီးမှာ နောက်လှန်ကျသွားပြီး ဝိညာဉ်ပြိုကွဲသွား၏။

တခဏကြာသော် မည်သူမှ ရှေ့မတိုးရဲတော့ပေ။

“ဟီးဟီးဟီး ငါ့သေခြင်းရှင်ခြင်းစာအုပ်ကို အနားမှာ ခံစားနေရတယ်။ မင်းတို့ကတုံးတွေ ရှာတွေ့ထားလို့ သိမ်းထားတာပဲ ဟုတ်တယ်မလား။ ကောင်းကင်ဘုံက ငါ့ဘက် ပါနေပြီပဲ”

မှော်ဆရာနတ်ဘုရားခွေ့က တဟားဟား ‌အော်ရယ်ပြီး ဗုဒ္ဓစေတီတစ်ဆူ တုန်ခါကာ ကြေမွသွား၏။ စာအုပ်တစ်အုပ် စေတီထဲမှ ထွက်လာပြီး ရွှေသပိတ်ဆီသို့ တန်းတန်းမတ်မတ် ပျံသန်းလာသည်။

All Chapters