သေခြင်းရှင်ခြင်းစာအုပ်
Vol. 35 Ch. 479
တထာဂတငယ်နှင့် ကျန်ဘုန်းကြီးများ၏ အမူအရာများ အကြီးအကျယ် ပြောင်းလဲသွားကြပြီး စာအုပ်ကို လှမ်းဖမ်းလိုက်ကြ၏။
စာအုပ်မှာ တောင်ပေါ်ရှိ ဘုန်းကြီးတစ်ပါး အမှတ်မထင် တွေ့ခဲ့သော စာအုပ်ဖြစ်သည်။ မည်သည့်ရတနာမျိုးမှန်း မသိသဖြင့် ဂိုဏ်းသို့ အပ်ခဲ့သည့်တိုင် တထာဂတငယ်နှင့် ကျန်ဘုန်းကြီးများလည်း စာအုပ်တွင် ကြောက်မက်ဖွယ်ရာ စွမ်းအားတစ်ရပ် ကိန်းဝပ်နေသည်ကိုသာ သိခဲ့ကြ၏။ မရေမတွက်နိုင်သော ဝိညာဉ်များက စာအုပ်ကို ဝိုင်းအုံနေခဲ့သဖြင့် စေတီထဲ၌ စာအုပ်အား ချုပ်ထားခဲ့ခြင်းဖြစ်သည်။
မှော်ဆရာနတ်ဘုရားခွေ့၏ ပစ္စည်းဖြစ်ပြီး သေခြင်းရှင်ခြင်းစာအုပ်ဟူသော နာမည်ပင် ရှိနေမည်ဟု သူတို့ မထင်ထားခဲ့ပေ။
သေခြင်းရှင်ခြင်းစာအုပ်ကို ထိလိုက်သည့် ဘုန်းကြီးတစ်ပါး၏ လက်မှာ တမုဟုတ်ချင်း ပုပ်သွားကာ တခဏအတွင်း အရိုးဖြူကြီး ဖြစ်လာသည်။ သူ လက်ကို ပြန်ရုတ်လိုက်သည့်အခါ ကျန်ဘုန်းကြီးများလည်း အခြေအနေကို သဘောပေါက်သွားကြသည်။ အားလုံး ကောင်းကင်နတ်သိုင်းများ ထုတ်လွှတ်၍ စာအုပ်ကို တားကြသော်လည်း မည်သူမျှ မချုပ်ထားနိုင်လိုက်ပေ။ စာအုပ်က ကောင်းကင်နတ်သိုင်းအလွှာများ ထိုးဖောက်ကာ ရွှေသပိတ်ဆီသို့ ပြေးဝင်လာ၏။
တထာဂတငယ်က လက်တစ်ဖက်ဖြင့် ရွှေသပိတ်ကို ပင့်မကာ ကျန်လက်တစ်ဖက်ဖြင့် မုဒြာလက်ဟန် ဖော်လိုက်သည်။ သူ၏လက်ချောင်းငါးချောင်းက တမုဟုတ်ချင်း မိုးကြိုးများဖွဲ့တည်နေသော တောင်များသဖွယ် ဖြစ်လာပြီး ရွှေသပိတ်အား အုပ်မိုးလိုက်၏။ တထာဂတငယ်က မှော်ဆရာနတ်ဘုရားခွေ့အား ဦးစွာသတ်ရန် ကြိုးစားနေသည်။
သို့တိုင်အောင် သေခြင်းရှင်ခြင်းစာအုပ် ရောက်ရှိလာ၍ တထာဂတငယ်၏ လက်ဝါးမှာ လျင်မြန်စွာ ဆွေးမြည့်လာတော့သည်။
သူ အထိတ်တလန့် ဖြစ်သွားပြီး ရွှေသပိတ်ကို လွှင့်ပစ်လိုက်၏။ သေခြင်းရှင်ခြင်းစာအုပ်က သပိတ်နောက် လိုက်သွားသည်။
“နောင်တော်ရှု”
ချင်မူ ရှေ့တစ်လှမ်းတက်ကာ ရွှေသပိတ်အား လျင်မြန်စွာ ဖမ်းလိုက်သည်။ လေလယ်တွင် သူက လက်ဟန်နည်းစနစ်များဖြင့် သပိတ်ကို ပုတ်လိုက်ရာ သင်္ကေတအမှတ်အသားများ လျင်မြန်စွာ ပျံထွက်လာ၏။ ချီစွမ်းအင်ဖြင့် ဖွဲ့တည်ထားသည့် သင်္ကေတအမှတ်အသားများက တဖျတ်ဖျတ် လင်းလက်တောက်ပနေသည်။
တစ်ချိန်တည်းမှာပင် ရှုရှန်းဟွာလည်း အပြေးအလွှား ရောက်လာပြီး သူ့အမြန်နှုန်းက ချင်မူ့အောက် အနည်းငယ်မျှ မနှေးပေ။ သူ့လက်များ လျင်မြန်စွာ ရွေ့လျားလိုက်သည့်အခါ ချီစွမ်းအင်များ တရှိန်ထိုး ထွက်လာပြီး သင်္ကေတအမှတ်အသားများကို ဖွဲ့တည်လိုက်၏။ သို့သော် သူ၏သင်္ကေတများက နတ်ဘုရားဘာသာစကား ဖြစ်သည်။
တစ်ကမ္ဘာတည်းတွင် ဖြစ်သော်လည်း သင်္ကေတများက မတူညီပေ။
ချင်မူ နောက်တစ်လှမ်းတက်၍ ရှေ့သို့ လက်ညှိုးထိုးလိုက်သည်။ ခြေလေးလှမ်း လှမ်းပြီးတိုင်း သူ၏လက်ဟန်နည်းစနစ်များက မူးနောက်စရာကောင်းလောက်အောင် ပြောင်းလဲနေပြီး လေးကြော့မြောက်တွင် နေရာရွှေ့ပြောင်းခြင်းသင်္ကေတများ လျင်မြန်စွာ ဖွဲ့တည်လာ၏။ နေရာရွှေ့ပြောင်းကောင်းကင်နတ်သိုင်းက ရွှေသပိတ်ကို ဝန်းရံကာဆီးလိုက်သည်။
သေခြင်းရှင်ခြင်းစာအုပ် ရွှေသပိတ်အနား ရောက်လာသည့်အခါ နေရာရွှေ့ပြောင်းကောင်းကင်နတ်သိုင်းက စာအုပ်ကို မိုင်နှစ်ဆယ်အကွာသို့ နေရာရွှေ့ပြောင်းလိုက်သည်။
အခြားတစ်ဖက်တွင် ရှုရှန်းဟွာ လက်ဝါးကို လှန်လိုက်သည့်အခါ နတ်ဘုရားစာသားရာချီက ရွှေသပိတ်အား လွှမ်းခြုံသွား၏။ စာသားအားလုံး စာလုံးတစ်လုံးတည်းအဖြစ် စုဝေးသွားသည်။ ‘စည်း’
ထိုစာလုံးက လူသားမျိုးနွယ်၏ စာလုံးနှင့် မတူဘဲ ထူးဆန်းသောစွမ်းအားတစ်ရပ် ကိန်းဝပ်နေသည်။ ရှုရှန်းဟွာသည် ကျောက်စိမ်းဧကရာဇ်၏ မျိုးဆက်မဟုတ်ပါ၏လော။ သူက နတ်ဘုရားတစ်ပါး ဖြစ်သည့်အတွက် အောက်ဘုံသားများ လက်လှမ်းမမှီသော လျှို့ဝှက်ဆန်းကြယ်ကျင့်စဉ်များအား ပိုင်ဆိုင်ထား၏။
ရှုရှန်းဟွာက စည်းတံဆိပ်တစ်ရာနီးပါးဖြင့် ရွှေသပိတ်အား လွှမ်းခြုံကာ မှော်ဆရာနတ်ဘုရားခွေ့နှင့် သေခြင်းရှင်ခြင်းစာအုပ်အကြား ဆက်သွယ်မှုကို ဖြတ်တောက်လိုက်သည်။
ချင်မူ ထောင်ကျယ်အိတ်ထဲမှ စုတ်တံနှင့် စာလိပ်တစ်လိပ်ထုတ်၍ စာလိပ်၏အစွန်းတစ်ဖက်ကို ရှုရှန်းဟွာဆီ ပစ်ပေးလိုက်သည်။ လူငယ်လေးက လှမ်းဖမ်းကာ ဆွဲဖြန့်လိုက်သည်။ ချင်မူက စုတ်တံမြှောက်၍ မိုးကြိုးလျှပ်စီးများအား လျင်မြန်စွာ ရေးဆွဲပြီးနောက် ရွှေသပိတ်ကို ပန်းချီထဲ ပစ်ထည့်လိုက်၏။
သပိတ်က မိုးကြိုးလျှပ်စီးများအကြား ပျံဝဲနေသည်။
ထို့နောက် ချင်မူက စုတ်တံနှင့် မှင်ကို ရှုရှန်းဟွာဆီ ပစ်ပေးလိုက်ရာ ရှုရှန်းဟွာက ပန်းချီပေါ်တွင် စာရေးလိုက်သည်။ လေမိုးကြိုးများအထဲ၌ နတ်ဘုရားဘာသာစကားဖြင့် ရေးထားသော ‘စည်း’ ဆိုသည့် စာလုံး ဖွဲ့တည်လာသည်။
ထို့နောက် ချင်မူက ထောင်ကျယ်အိတ်ထဲမှ သူ၏ကိုယ်ပိုင်တံဆိပ်ထုတ်ကာ ပန်းချီကား၏ထောင့်၌ ထုလိုက်သည်။
ရှုရှန်းဟွာလည်း ကိုယ်ပိုင်တံဆိပ်တုံး ထုတ်ကာ ဘေး၌ ထုလိုက်သည်။
ချင်မူ စာလိပ်ကို လိပ်လိုက်ပြီး နှစ်ယောက်သား သက်ပြင်းချလိုက်ကြသည်။ မိစ္ဆာမျောက်ဝံက အဝေးမှ ပျံသန်းလာကာ သေခြင်းရှင်ခြင်းစာအုပ်ဆိုသည့် ရတနာစာအုပ်အား ဖမ်းလိုက်၏။
ရွှေတောင်ထွတ်အပေါ်တွင် တထာဂတငယ်နှင့် ကျန်ဘုန်းကြီးများမှာ တစ်ယောက်ကိုတစ်ယောက် တုန်လှုပ်ချောက်ချားစွာ ကြည့်လိုက်မိကြသည်။ ချင်မူနှင့် ရှုရှန်းဟွာ၏ သိုင်းအဆင့်မှာ မမြင့်မားသော်လည်း ပူးပေါင်းလုပ်ဆောင်သွားသည်ကား ဟာကွက်မရှိပေ။
တစ်ယောက်က သေခြင်းရှင်ခြင်းစာအုပ်ကို နေရာရွှေ့ပြောင်းလိုက်သည့်အချိန် နောက်တစ်ယောက်က ရွှေသပိတ်နှင့် စာအုပ်အကြား ဆက်သွယ်မှုကို ဖြတ်တောက်ခဲ့၏။ ထို့နောက်တွင် ချင်မူ ပန်းချီဆွဲနိုင်အောင် ရှုရှန်းဟွာက စာလိပ်ကို ကူဖြန့်ပေးသည်။ ချင်မူ ချိတ်ပိတ်ပြီးသည့်အခါ နှစ်ယောက်လုံး တံဆိပ်တုံးထုလိုက်ကြသည်။
အကြိမ်ပေါင်းများစွာ လေ့ကျင့်ထားဖူးသည့်အလား သူတို့နှစ်ယောက်၏ ပူးပေါင်းလုပ်ဆောင်မှုမှာ ဟာကွက်မရှိပေ။ စီးဆင်းနေသော ရေအလျဉ်ပမာ ချောမွတ်လွန်းသည်။
“ချင်မျိုးရိုးနဲ့တစ်ယောက်၊ မင်းနာမည်အရင်းကို ပြောရဲလား” မှော်ဆရာနတ်ဘုရားခွေ့က ပန်းချီကားထဲမှ လှမ်းမေးသည်။
ချင်မူက သူ့ကို အဖက်မလုပ်ဘဲ တထာဂတငယ်အား စကားပြောလိုက်၏။ “မှော်ဆရာနတ်ဘုရားခွေ့ရဲ့ အစွမ်းအစတွေကို ခန့်မှန်းလို့မရဘူး။ သူက နာမည်အရင်းသိတာနဲ့ ဂါဝရပြုပြီး ဝိညာဉ်ကို ဖျက်စီးနိုင်တယ်။ တထာဂတအနေနဲ့ သူ့အကြောင်း မသိတော့ အခုလိုဖြစ်သွားတာပါ။ ကျွန်တော် ယင်တောင်ကို သွားမယ်ဆိုတာကလည်း ဒီမိစ္ဆာအိုကြီးကို ရှင်းပစ်ဖို့ပါ။ အခု တထာဂတတောင် သူ့ကို မချုပ်ထားနိုင်ဘူးဆိုတော့ နောက်နောင် ပြဿနာမဖြစ်အောင် မြန်မြန်ဆန်ဆန် ရှင်းပစ်ရမယ်။ သူ့ကို ရှင်းပစ်တာကလည်း ကုသိုလ်အကြီးကြီးပါပဲ”
တထာဂတငယ်မှာ တွန့်ဆုတ်နေသည်။ “မှော်ဆရာနတ်ဘုရားခွေ့မှာ မကျွတ်လွတ်သေးတဲ့ဝိညာဉ်တွေ အုံဖွဲ့နေတယ်။ ဝိညာဉ်တွေ ချေချွတ်နိုင်ရင် သေချာပေါက် ကုသိုလ်အကြီးကြီးရမှာ။ ဒီတိုင်း သတ်လိုက်ရင်ကတော့ ....”
ချင်မူ သူ့အား မျက်မှောင်ကြုတ်ကြည့်လိုက်သည်။ “ဒီမှာဗျ ကုသိုလ်ကြီးနဲ့ ကုသိုလ်လေးကွာတာ သိပါတယ်”
တထာဂတငယ်က မျက်ခုံးပင့်ကြည့်သည်။ “ဂိုဏ်းသခင်ချင်၊ ကျေးဇူးပြုပြီး ရွှေသပိတ်ကို ပြန်ပေးပါ။ ဒီဘုန်းကြီးအိုကြီး တောင်ပေါ်က ရဟန်းအားလုံးနဲ့ သူ့ကို ချေချွတ်မယ်။ သူ အဲဒီလောက် ခေါင်းမမာနိုင်ပါဘူး”
ချင်မူ စာလိပ်ကို ပေးလိုက်သည်။ ရှုရှန်းဟွာက ချောင်းဟန့်သော်လည်း ချင်မူ ခေါင်းယမ်းလိုက်၏။ စာလိပ်နှင့်အတူ မိုးခြိမ်းသံကျောင်းတော်ငယ်မှ သူတို့ ထွက်သွားနိုင်စွမ်းမရှိပေ။ အတင်းအကြပ် ထွက်သွားခြင်းက မိုးခြိမ်းသံကျောင်းတော်ငယ်အပေါ် ရိုင်းပျရာကျသည်။
ရှုရှန်းဟွာမှာ မအောင့်အည်းနိုင်ဘဲ ဝင်ပြောလိုက်သည်။ “နောင်တော်ကျန်းခုံး၊ ကျေးဇူးပြုပြီး သေခြင်းရှင်ခြင်းစာအုပ်လေး ခဏလေးလို့ရမလား။ တစ်ချက်လောက် ကြည့်ချင်လို့ပါ”
မိစ္ဆာမျောက်ဝံ သူ့ကို စာအုပ်ကမ်းပေးသည့်အခါ ရှုရှန်းဟွာ အတန်ငယ် မှင်သက်သွား၏။ သေခြင်းရှင်ခြင်းစာအုပ်က စာအုပ်မဟုတ်ဘဲ မနှိုင်းယှဉ်နိုင်လောက်အောင် ပါးလျသော စာရွက်တစ်ရွက်ဖြစ်နေကြောင်း တွေ့လိုက်ရသည်။ ၎င်းက ထူးဆန်းပြီး သတ္တုသဖွယ် တောက်ပြောင်နေသည်။
သို့တိုင်အောင် ပို၍ပင် ထူးဆန်းသည်က သေခြင်းရှင်ခြင်းစာအုပ်၌ စာလုံးများသော်လည်းကောင်း၊ ရုပ်ပုံများသော်လည်းကောင်း မပါပေ။
ရှုရှန်းဟွာ၏ အကြည့်က ဗလာစာရွက်အပေါ် ရောက်သွား၏။ သူ့အရှေ့ရှိ လူများ၏ပုံရိပ်က မှန်ကဲ့သို့ တောက်ပြောင်နေသော စက္ကူရွက်ပေါ်တွင် ထင်ဟပ်နေချေသည်။
“ဒီထူးဆန်းတဲ့စာအုပ်က ဘာစာအုပ်ပါလိမ့်...”
ရှုရှန်းဟွာ ရင်ထဲတွင် ပြင်းပြင်းထန်ထန် တုန်လှုပ်သွားသည်။ သေခြင်းရှင်ခြင်းစာအုပ်၏ အနောက်၌ ကျန်းယန်ရှိနေပြီး သူမ၏ပုံရိပ်အပေါ်တွင် စာကြောင်းတစ်ကြောင်း ရှိနေ၏။
ကျင်းယန်
ရှုရှန်းဟွာ ခေါင်းမွှေးများ ထောင်သွားပြီး ချင်မူအား ကပျာကယာ ကြည့်လိုက်သည်။ ကျင်းယန် ပျောက်ကွယ်သွားကာ ချင်မူ့ပုံရိပ် ထင်ဟပ်လာ၏။ ပေါ်လာသည့် နာမည်မှာ ချင်မူမဟုတ်ဘဲ ချင်ဖုန်းကျင့် ဖြစ်နေသည်။
“ဂိုဏ်းသခင်ချင်”
ရှုရှန်းဟွာ၏မျက်နှာ လေးနက်သွားသည်။ သူက သေခြင်းရှင်ခြင်းစာအုပ်ကို ချင်မူ့ကို ကမ်းပေးလိုက်ရာ ချင်မူလည်း သဘောပေါက်သွားပြီး ရင်ထဲတွင် ပြင်းပြင်းထန်ထန် တုန်လှုပ်သွားသည်။
သေခြင်းရှင်ခြင်းစာအုပ်မှ သူ့နာမည်တစ်ခုတည်းကိုသာ ဖော်ပြနိုင်ခြင်းမဟုတ်ပေ။ တောင်ပေါ်ရှိ မိစ္ဆာဘုန်းကြီးတစ်ပါးတွင် နာမည်ရှိသရွေ့ စာရွက်အပေါ်၌ ပေါ်လာသည်။
‘ဘယ်သူက ဒီလို ပစ္စည်းမျိုးကို ခုခံနိုင်မှာလဲ’
ချင်မူ့ သွေးများ အေးစက်သွားသည်။
စာအုပ်က လူတစ်ယောက်၏ နာမည်အရင်းကို ပြသနိုင်ချေသည်။
မိုးခြိမ်းသံကျောင်းတော်ငယ်၏ ဘုန်းကြီးအများစုက မိစ္ဆာများဖြစ်သည့်အတွက် အသိဉာဏ်နိုးမထခင်အထိ နာမည်မရှိပေ။ သို့သော် ဘုန်းကြီးဝတ်သည့်အခါ ဘုန်းကြီးဘွဲ့ရှိရန် လိုအပ်သည်။
ထို့နောက် ဘုန်းကြီးဘွဲ့များက သူတို့၏နာမည်အရင်း ဖြစ်လာကြ၏။
သေခြင်းရှင်ခြင်းစာအုပ် ပြသနေသည်မှာ သူတို့၏ ဘုန်းကြီးဘွဲ့များ ဖြစ်သည်။
ဥပမာ ချင်မူ ငယ်ရွယ်စဉ်တုန်းက သူ၏မိတ်ဆွေကြီး မိစ္ဆာမျောက်ဝံတွင် နာမည်မရှိ၍ မိစ္ဆာမျောက်ဝံဟုသာ ခေါ်ခဲ့ရသည်။ အကောင်ကြီးဟုလည်း ချင်မူနှင့် ဟူလင်းအာ မကြာခဏ ခေါ်လေ့ရှိသည်။ မိုးခြိမ်းသံကျောင်းတော်ငယ်သို့ ဝင်သည့်အခါမှ ဘုန်းကြီးဘွဲ့ ကျန်းခုံးဟူသော နာမည်ကို ရခဲ့၏။
သေခြင်းရှင်ခြင်းစာအုပ်တွင် မိစ္ဆာမျောက်ဝံ၏ နာမည်က ကျန်းခုံး ဖြစ်သည်။
ချင်မူ စာအုပ်ကို တထာဂတငယ်ဆီ ရွှေ့လိုက်သည့်အခါ သူ့တွင်လည်း ဘွဲ့တော်ရှိ၏။ ယွမ်တင့်။
‘ဒီစာအုပ်နဲ့ဆို မှော်ဆရာနတ်ဘုရားခွေ့ သူ သတ်ချင်တဲ့လူ သတ်သွားလို့ မရဘူးလား။ မှော်ဆရာနတ်ဘုရားခွေ့မပြောနဲ့ ဟိုခွေးသူတောင်းစား ပန်ကုန်းစုန်တောင် ပြိုင်ဘက်ကင်းသွားလိမ့်မယ်’
ချင်မူ ရင်ထဲတွင် တုန်လှုပ်သွားပြီး သေခြင်းရှင်ခြင်းစာအုပ်အား နဂါးချီလင်ရှေ့ ထားကြည့်လိုက်သည်။ စာရွက်အပေါ်ရှိ သူ၏ပုံရိပ်တွင် လုံပိ ဆိုသော စာလုံးနှစ်လုံး ရှိနေ၏။
‘ဖက်တီးနဂါးမှာ နာမည်ရှိတယ်လား’
ချင်မူ အံ့အားသင့်သွားသည်။ နဂါးချီလင်ကို မဟာမြို့ပျက်ထဲတွင် ဂိုဏ်းချုပ် ကောက်ရခဲ့ခြင်းဖြစ်သည်။ ရက်ပေါင်းများစွာ ငတ်ပြတ်နေသော သူ့မှာ ဂိုဏ်းချုပ်ကျွေးသည့် အစာကို စားပြီးနောက် ဂိုဏ်းချုပ်ဘေးမှ မခွာတော့ပေ။ သို့တိုင်အောင် နဂါးချီလင်တွင်လည်း နာမည်ရှိနေသည်။ သူ့ကို နာမည်ပေးခဲ့သူက ဂိုဏ်းချုပ်လား၊ သူ့အမေလား မသိပေ။
‘ဒီပစ္စည်းကို ဖျက်စီးရမယ်’
ချင်မူ စာအုပ်ကို ဖြဲကြည့်သော်လည်း ဖြဲမရပေ။ ရှုရှန်းဟွာလည်း ရောက်လာပြီး သူတို့နှစ်ယောက်ကို စာအုပ်ကို တစ်ဖက်စီမှ ဆွဲဖြဲကြသော်လည်း ဖြဲမရပေ။
“မင်းတို့နှစ်ယောက် ဘာလုပ်နေတာလဲ” မျက်ခုံးဝါဘုန်းကြီးတစ်ပါးက တမုဟုတ်ချင်း အော်ဟစ်သည်။
ချင်မူ ဓားစက်လုံးကို ထုတ်၍ ရွှင်ပျော်ပျော်ဓားအား ဆွဲထုတ်လိုက်သည်။ ရွှင်ပျော်ပျော်ဓားပင် စာအုပ်အား မပိုင်းဖြတ်နိုင်ပေ။ စာအုပ်အပေါ်တွင် သင်္ကေတအမှတ်အသားများ ဖွဲ့တည်လာပြီး ဓားသွားအား ကာဆီးခဲ့၏။
ထိုသင်္ကေတအမှတ်အသားများက အတိုင်းထက်အလွန် ထူးဆန်းပြီး ချင်မူမှာ တစ်ချက်လေးကြည့်ခွင့်ပင် မရလိုက်ပေ။
‘ယိုတုဘာသာစကားနဲ့ တူသလိုပဲ။ ဒီစာအုပ်က ယိုတုကများလား’
ချင်မူ ခေါင်းနပန်းကြီးသွားသည်။ ရွှင်ပျော်ပျော်ဓားက သူ့အဖေ ချင်ဟန်ကျန်း၏ ရတနာဖြစ်သည်။ ချင်ဟန်ကျန်းသည် မည်မျှစွမ်းအားကြီးလှသနည်း။ စနေဂြိုဟ်အရှင်သခင်ပင် သူ့ကြောင့် ဒဏ်ရာအပြင်းအထန် ရခဲ့သော်လည်း သေခြင်းရှင်ခြင်းစာအုပ်ကို အန္တရာယ်မပြုနိုင်ပေ။
သို့ဖြစ်ရာ စာအုပ်သည် အနည်းဆုံး ရွှင်ပျော်ပျော်ဓားနှင့် တစ်ဆင့်တည်းဖြစ်သော နတ်ဘုရား သို့မဟုတ် မိစ္ဆာတစ်ပါး၏ ရတနာဖြစ်လောက်၏။ ရွှင်ပျော်ပျော်ဓားထက်ပင် အဆင့်မြင့်နိုင်လောက်သည်။
မှော်ဆရာနတ်ဘုရားခွေ့၏ သိုင်းအဆင့်က ချင်ဟန်ကျန်းနှင့် တစ်ဆင့်တည်းမဟုတ်လျှင် ထို့ထက်မြင့်လိမ့်မည်။
သူ၏စွမ်းရည်များက ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံထက် သေချာပေါက် သာချေသည်။
မျက်ခုံးဝါဘုန်းကြီးက ရှေ့တက်လာပြီး သေခြင်းရှင်ခြင်းစာအုပ်ကို ဆွဲလုသည်။ “ဂိုဏ်းသခင်ချင်၊ ဒီရတနာက ကျုပ်တို့ မိုးခြိမ်းသံကျောင်းတော်ငယ်ရဲ့ ရတနာပါ။ ကျေးဇူးပြုပြီး ပြန်ပေးပါ”
ချင်မူ သေခြင်းရှင်ခြင်းစာအုပ်ကို ထောင်ကျယ်အိတ်ထဲ ထည့်ကာ အစစ်အမှန်နဂါးသိုက်ထဲသို့ တိတ်တဆိတ် ထည့်လိုက်၏။ သူက ပြုံးကာ ပြောလိုက်သည်။ “တထာဂတငယ်၊ ကိုယ်တော် မှော်ဆရာနတ်ဘုရားခွေ့ကို ချေချွတ်ရင် ဒီသေခြင်းရှင်ခြင်းစာအုပ်ကို ထပ်ခေါ်မှာ မစိုးရိမ်ဘူးလား။ အခုအချိန်တော့ ကျွန်တော်နဲ့ ထား,ထားတာ အကောင်းဆုံးပါပဲ”
တထာဂတငယ်က သူ့ကို အလေးအနက်ကြည့်၍ မျက်ခုံးဝါဘုန်းကြီးကို ပြန်ခေါ်လိုက်သည်။ “ဂိုဏ်းသခင်ချင် ရက်ပိုင်းလောက် သိမ်းထားပါစေ။ ဒီမိစ္ဆာနတ်ဘုရားကို ချေချွတ်ပြီးတာနဲ့ ငါတို့ ကုသိုလ်အကြီးကြီးရပြီး အဆင့်တက်ကြလိမ့်မယ်။ မွေးဖွားခြင်း၊ အိုမင်းခြင်း၊ သေဆုံးခြင်း မရှိတော့တဲ့ ဗုဒ္ဓတွေ ဖြစ်လာလိမ့်မယ်။ အရေးကြီးကိစ္စဆိုတော့ ညီတော်တို့ နောင်တော်နဲ့အတူ ချေချွတ်ကြရအောင်”
“သိပ်ကောင်းတယ်” ဘုန်းကြီးအားလုံး တစ်ပြိုင်တည်း ပြောကြသည်။
တထာဂတငယ်နှင့် ဘုန်းကြီးအားလုံး မှော်အဆောင်များကို ထုတ်ကာ ချိတ်ဆွဲလိုက်ကြ၏။ သူတို့က ချင်မူ၏ပန်းချီအား ဦးစွာနေရာချကာ ဝင်္ကပါအလွှာအထပ်ထပ် ဖွဲ့တည်၍ မှော်ဆရာနတ်ဘုရားခွေ့၏ အာရုံခံစားမှုများကို ပိတ်လိုက်ကြသည်။ ထို့နောက် ကျမ်းစာများ စတင်ရွတ်ဖတ်ကြသည်။
ရှုရှန်းဟွာ၏အကြည့်များ လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားပြီး ခပ်တိုးတိုး ပြော၏။ “ဂိုဏ်းသခင်ချင်၊ ငါတို့ ထွက်သွားသင့်လား”
ချင်မူ ခေါင်းယမ်းလိုက်သည်။ “ငါ ထွက်သွားလို့မဖြစ်ဘူး။ မှော်ဆရာနတ်ဘုရားခွေ့ကို မရှင်းပစ်နိုင်သရွေ့ ငါ စိတ်အေးမှာမဟုတ်ဘူး”
မိစ္ဆာမျောက်ဝံက ခေါင်းညိတ်လိုက်သည်။ “သေ၊ စိတ်အေး”
ချင်မူ ပြုံးလိုက်သည်။ “အကောင်ကြီး မှန်တယ်။ ဒါပေမဲ့ တထာဂတငယ်က ချေချွတ်ဖို့ပဲ စိတ်အားထက်သန်နေတာ။ ငါမြင်ရသလောက်တော့ တော်တော် ခက်မှာပဲ”
ရှုရှန်းဟွာက ထရပ်၍ ကျင်းယန်အား ပြောလိုက်သည်။ “ဂိုဏ်းသခင်အနေနဲ့ လောကကြီးအတွက် ပူပင်ရပေမယ့် ငါတို့ကတော့ လွင့်မျောနေတဲ့ တိမ်တိုက်တွေပါ။ ဒီမှာ ရှိနေရာမလိုတော့ဘူး”
ကျင်းယန် ခေါင်းညိတ်လိုက်ပြီး နှစ်ယောက်သား တောင်အောက်ဆင်းသွားကြသည်။
“ငါ ဆယ့်ရှစ်ချက်မြောက် ဓားချက်ကို ဖန်တီးခဲ့တဲ့အချိန် မင်းက အရပ်ခြောက်မျက်နှာနဲ့ ခုနစ်စဉ်ကြယ်ကောင်းကင်ရတနာကို ပေါင်းစည်းခဲ့တယ်။ ငါ့ဓားကွက်ကို မင်း မသင်ချင်ဘူးလား။ ငါလည်း မင်း ခုနစ်စဉ်ကြယ်နဲ့ အရပ်ခြောက်မျက်နှာကို ဘယ်လိုပေါင်းစည်းခဲ့လဲ သိချင်တယ်” ချင်မူက အေးအေးလူလူ ပြောလိုက်၏။
ရှုရှန်းဟွာက ရပ်၍ လှည့်ပြုံးပြသည်။ “ဂိုဏ်းသခင်ချင်က အောင်မြင်မှုတွေ၊ ကံတရားတွေကို ဂရုမစိုက်တော့ ဒီကိစ္စကို မပြောတော့ဘူးထင်နေတာ။ မင်း သင်ချင်ရင် ငါ သင်ပေးပါ့မယ်”
ချင်မူ သူ့အား ပြုံးပြလိုက်၏။ “ငါ့ရဲ့ ဆယ့်ရှစ်ချက်မြောက်ဓားကွက်ကို မသင်ချင်ဘူးလား”
“မသင်ချင်ဘူး” ရှုရှန်းဟွာက ဒဲ့ပြောသည်။ “ငါ့ဓားသိုင်းက အဲဒီလောက်အဆင့်မမြင့်တော့ သိပ်စိတ်မဝင်စားဘူး”
ချင်မူ၏မျက်နှာ တမုဟုတ်ချင်း မည်းမှောင်သွား၏။