← Chapters

နေဝန်းစိမ်း ဓားကွက်

Vol. 30 Ch. 396

နေဝန်းစိမ်း ဓားကွက်

Vol. 30 Ch. 396

"  မတူညီတဲ့ လေ့ကျင့်သူတွေက နေဝန်းစိမ်း သိုင်းဆန္ဒ အမျိုးမျိုးကို ဖြစ်ပါ်စေတယ် "

ဒါက နေဝန်းစိမ်းဓားဆန္ဒကို လေ့ကျင့်တဲ့ သူတွေအတွက် အထူးရည်ညွှန်းထားတဲ့ ဆိုရိုးစကား တစ်ခုပါပဲ။

နေဝန်းစိမ်း ဓားဆန္ဒကို နားလည် အသုံးပြုနိုင်သူတွေ  ရှိပေမယ့်လည်း သူတို့ရဲ့  နေဝန်းစိမ်း ဓားဆန္ဒဟာ များသောအားဖြင့်  မြေကမ္ဘာ အဆင့်နိမ့် ဓားသိုင်းမှာပဲ ရှိနေတတ်တာပါ။ အဲသည်အထဲမှာမှ တောင်ပိုင်းတောအုပ် သိုင်းတက္ကသိုလ်ရဲ့  ကျောင်းအုပ်ကြီးကတော့ ချွင်းချက် ဖြစ်ပါတယ်။ သူရဲ့ နေဝန်းစိမ်း ဓားဆန္ဒက မြေကမ္ဘာ အလယ်အလတ်  ဓားသိုင်းအဆင့်ကို ရောက်နေပါပြီ။

လီဖူချန်း နားလည်ထားတဲ့ နေဝန်းစိမ်း ဓားဆန္ဒကလည်း မြေကမ္ဘာအလတ်အဆင့် ဓားသိုင်း ဆိုရမှာပါပဲ။ စွမ်းအားအရ ယှဉ်ကြည့်မယ်ဆိုရင် နေမင်းဇောအဟုန် နတ်ဘုရား လက်ဝါးသိုင်းထက် ပိုအားကောင်းပြီး မြေကမ္ဘာ အလယ်အလတ်အဆင့် သိုင်းပညာရပ်တွေထဲမှာတောင် ထိပ်ဆုံးမှာ ရပ်တည် နေတယ်လို့ သတ်မှတ်နိုင်ပါတယ်။

သူသည်လေးလ အတွင်းမှာ လီဖူချန်းက နေဝန်းစိမ်း ဓားဆန္ဒ ဓားသိုင်းကို ပြီးပြည့်စုံခြင်း အဆင့်အထိ လေ့ကျင့် ပြီးသွားပါပြီ။

နေဝန်းစိမ်း ဓားဆန္ဒရဲ့ ပြီးပြည့်စုံခြင်း အဆင့်ဟာ  တကယ့် မြေကမ္ဘာ အလယ်အလတ်အဆင့် ဓားဆန္ဒအဖြစ် သတ်မှတ်လို့ မရသေးပေမယ့်လည်း  ဒါကို လျော့တွက်လို့တော့ မရပါဘူး။ နေဝန်းစိမ်း ဓားဆန္ဒကို သုံးလိုက်တာနဲ့  အစိမ်းရောင် နေတစ်စင်းကောင်းကင်ပေါ်မှာ ဖြစ်တည်လာသလို ခံစားရမှာဖြစ်ပြီး  ရောင်ခြည်အသင်္ချေ ဖြာထွက်မှုကြောင့်  အမှောင်ထုတောင်မှ ပျောက်ကွယ် သွားမှာပါ။

ထန် ...  ထန် ... ထန် ...

ချွမ် ... ချွမ်  ...  ...

လန်ဖန်းရဲ့ ဆေဘာနဲ့ လီဖူခန်းရဲ့ ဓားတို့ ထိပ်တိုက်အတွေ့မှာတော့ သတ္တုအချင်းချင်း ထိမိတဲ့ အသံတွေ အဆက်မပြတ် ထွက်ပေါ် လာခဲ့ပါတယ်။   လက်နက်နှစ်ခု အချင်းချင်း ထိပ်တိုက်တွေ့ရာကနေ  လွင့်စဉ် ထွက်လာတဲ့ ချီစွမ်းအင်လှိုင်းတွေကလည်း  သိုင်းစင်မြင့် တစ်ခုလုံး အနှံ့ပါပဲ။

သည်ချီစွမ်းအင်လှိုင်းတွေက  သာမန် ကောင်းကင် ပညာရှင်တွေကိုတောင်မှ သတ်ပစ် နိုင်လောက်ပါတယ်။

နေဝန်းစိမ်းဓားဆန္ဒကို အသုံးပြုပြီးတဲ့ နောက်မှာတော့ လီဖူချန်းက သူ့ကိုယ်သူ ဓားအလင်းတန်းလို့ မှတ်ယူလိုက်ပါပြီ။ ဓားအလင်းတန်းက သူဖြစ်သလို၊ သူကလည်း ဓားအလင်းတန်းပါပဲ။  သူထုတ်လိုက်တဲ့ ဓားချက်တိုင်းဟာ စမ်းရေ စီးဆင်းနေသလို လုံးဝ အထစ်အငေါ့မရှိ ချောမွေ့နေသလို  သူ့ရဲ့ ဓားချက်တိုင်းဟာ တစ်ချက်ထက် တစ်ချက် ပိုပိုပြီး လျင်မြန်လာပါတယ်။

နောက်ဆုံးမှာတော့  လီဖူချန်း ဓားချက်တစ်ချက် ထုတ်လိုက်ရင် ဒါဇင်နဲ့ချီတဲ့ ဓားအလင်းတန်းတွေ ထွက်ပေါ်လာတဲ့ အထိကို  သူ့ရဲ့ ဓားက မြန်လာခဲ့ပါပြီ။

ဓားချက် တစ်ချက်တည်းမှာ လီဖူချန်းလို  ဒါဇင်နဲ့ချီတဲ့ ဓားအလင်းတန်းတွေ ထွက်ပေါ်လာအောင် လုပ်နိုင်တဲ့သူ သိပ်များများစားစား မရှိပါဘူး။အဲသည်ထက် ပိုကြောက်စရာ ကောင်းတာက သူ့ရဲ့ ဓားအလင်းတန်း တစ်ခုစီကကို အလွန် အစွမ်းထက်တဲ့  အငွေ့အသက်တွေကို ပေးစွမ်းနေတာပါပဲ။

အစောပိုင်းမှာတော့ လန်ဖန်းက လီဖူချန်းကို လက်ရည်တူ တိုက်ခိုက် နိုင်ပါသေးတယ်။ ဒါပေမဲ့ နောက်ပိုင်း ရောက်လာတာနဲ့ အမျှ လန်ဖန်းရဲ့ ဆေဘာက ခုခံဖို့ သက်သက်သာ ဖြစ်လာခဲ့ပါပြီ။ နေဝန်းစိမ်း ဓားဆန္ဒရဲ့ ဖိနှိပ်မှု အောက်ကနေ သူဘယ်လို ရုန်းမထွက်နိုင်တော့ပါဘူး။ လန်ဖန်းရဲ့ အဖြစ်က ပင့်ကူအိမ်ထဲမှာ မိနေတဲ့ လိပ်ပြာလေး တစ်ကောင်လိုပါပဲ။  လိပ်ပြာက ရုန်းလေလေ အားကုန်လာလေလေ ဖြစ်ပြီး ပင့်ကူရဲ့ လက်တွင်း လည်စင်းပေးရသလို   လန်ဖန်းဟာလည်း  တိုက်ပွဲ အချိန်ကြာလေလေ အောက်စည်းကို ရောက်လေလေ ဖြစ်ပြီး  လီဖူချန်းရဲ့  ဓားကွက်တွေထဲမှာ လည်စင်း ပေးရတော့မှာပါ။

" သည်လောက် ကြောက်စရာကောင်းတဲ့ ဓားသိုင်းက ဘယ်လိုလုပ်ပြီး တောင်ပိုင်းတောအုပ် တက္ကသိုလ်မှာ ရှိနေရတာလဲ "

လန်ဖန်းက လီဖူချန်းရဲ့ ဓားသိုင်းဟာ သေချာပေါက် မြေကမ္ဘာ အလယ်အလတ်အဆင့် ဓားသိုင်းသာ ဖြစ်ရမယ်လို့ ကောက်ချက် ချလိုက်ပါတယ်။သည်ဓားသိုင်းက  မြေကမ္ဘာအဆင့်မြင့် ဓားသိုင်းတော့ လုံးဝ မဖြစ်နိုင်ပါဘူး။

ကျန်းပရဲ့ အဖေဖြစ်တဲ့  ဆရာသခင် ပုဆိန် အသုံးပြုတဲ့ ၃၆ချက် ဖြတ်တောက်ခြင်း ပုဆိန်သိုင်းနဲ့ ခရမ်းရောင်ပန်း နိုင်ငံတော် တစ်ခုလုံးအနှံ့ ကျော်ကြားခဲ့တာပါ။ သူ့ရဲ့ ပုဆိန်က ထွက်လာတဲ့ အားလှိုင်း တစ်ခုနဲ့တင် တောင်တစ်လုံးကို နှစ်ပိုင်း ပြတ်သွားစေပြီး  မြစ်တွေကို လမ်းကြောင်း ပြောင်းစေနိုင်တယ်ဆိုတဲ့ ဒဏ္ဍာရီတွေတောင်မှ ရှိခဲ့ပါသေးတယ်။

တကယ်လို့သာ လီဖူချန်းရဲ့ ဓားသိုင်းက မြေကမ္ဘာအဆင့်မြင့် ဓားသိုင်းဆိုရင်တော့ ဓားအလင်းတန်း တစ်ခုနဲ့တင် သူသေနေလောက်ပါပြီ။

ဒါကြောင့်လည်း လန်ဖန်းက လီဖူချန်းရဲ့ ဓားသိုင်းကို မြေကမ္ဘာ အလယ်အလတ် အဆင့် ဓားသိုင်းလို့  ကောက်ချက်ချလိုက်တာ ဖြစ်ပါတယ်။

လီဖူချန်းရဲ့ ဓားသိုင်းက မြေကမ္ဘာ အလယ်အလတ်အဆင့် ဆိုပေမယ့်လည်း ကြောက်စရာ ကောင်းနေဆဲပါပဲ။ ဒါကိုတော့ သူ မငြင်းလိုပါဘူး။

ဓားချက်တစ်ချက်က ဒါဇင်နဲ့ချီတဲ့ ဓားအလင်းတန်းတွေကို ဖြစ်တည်စေတယ်။ ဘယ်သူက သည်လို ဓားချက်မျိုးကို ခုခံနိုင်မှာတဲ့လဲ   ... ။

" ငါ့ရဲ့ ဆေဘာ တာအိုကို လျော့မတွက်နဲ့ကွ "

လင်ဖန်းက ဝမ်းခေါင်းသံကြီးဖြင့် ကြုံးဝါး အော်ဟစ်လိုက်ပြီး ဆေဘာ အရှိန်အဝါတွေကို ထုတ်လိုက်ကာ လီဖူချန်းရဲ့ ဖိအားပေးမှုတွေ အောက်ကနေ ရုန်းထွက်ဖို့ ကြိုးစားလိုက်ပါတယ်။

ရွှမ်း ... ရွှမ်း ... ရွှမ်း ...

လန်ဖန်းရဲ့ ဆေဘာ ဓားအလင်းတန်းတွေက  မီတာ ရာနဲ့ချီပြီးကို ရှည်လျားသွားခဲ့ပါပြီ။ တကယ်လို့သာ ထာဝရနုပျိုခြင်း ဥယျာဉ်ရဲ့ အကာအကွယ် အစီအရင်တွေ မရှိရင်တော့  သူ့ရဲ့ ဆေဘာ ဓားအလင်းတန်း တစ်ချို့ဟာ  သည်နေရာ တစ်ဝိုက်ကိုတောင် ပျက်စီးသွားစေမှာ အသေအချာပါပဲ။

" ဟမ့်  ...  သည်လောက်ပဲလား "

လီဖူချန်းကတော့ တည်တည်ငြိမ်ငြိမ်သာ ရှိနေခဲ့ပါတယ်။ သူက လန်ဖန်းရဲ့ ဆေဘာ ဓားအလင်းတန်းတွေကို ဂရုကို မစိုက်ပါဘူူ။  သူက ဆေဘာ ဓားအလင်းတန်းတွေကို အလွယ်တကူ ချေဖျက် ပစ်လိုက်တာပါ။

အဲဒါက လန်ဖန်းကို မထိတရိ သရော်နေသလိုပါပဲ။

လီဖူချန်းရဲ့ အဲသည် အပြုအမူက   လန်ဖန်းကို ဆေဘာတာအိုရဲ့ အဓိကပင်မစွမ်းအား ထုတ်သုံးဖို့ လှုံ့ဆော်နေတာနဲ့တောင် ဆင်တူနေပါသေးတယ်။

ဆေဘာတာအိုရဲ့ အဓိက ပင်မစွမ်းအားဟာ တစ်ကြိမ် သုံးလိုက်တိုင်းမှာ ပိုပိုပြီး အားနည်းလာမှာပါ။ အဲသည်စွမ်းအား ပြန်ပြည့်လာဖို့ အတွက်ဆိုရင် အချိန်အတော်လေး ပေးရပါသေးတယ်။ အဲသည်အတွက် လန်ဖန်းဟာ မလိုအပ်ဘဲနဲ့ ဆေဘာတာအိုရဲ့ အဓိက ပင်မစွမ်းအားကို ထုတ်မသုံးချင်ပါဘူး။ ဒါပေမဲ့ အခုတော့ အခြေအနေတွေက ခြားနားသွားခဲ့ပါပြီ။ သူ့အနေနဲ့  အဲသည်စွမ်းအားကို ထုတ်သုံးမှကို ဖြစ်ပါတော့မယ်။

ယား ...

" အရှုံးပေးစမ်း "

လန်ဖန်းက  ဆေဘာတာအိုရဲ့ အဓိက ပင်မစွမ်းအားတွေကို အသုံးပြုပြီး ခုတ်ပိုင်း ပစ်လိုက်ပါပြီ။ သူ့ရဲ့ ဆေဘာက လေဟာနယ် တစ်ခုလုံးကိုတောင် ဖြတ်ပိုင်းသွားသလိုပါပဲ။ အားကောင်းလှတဲ့ ပိုင်စိုးပိုင်နင်း အရှိန်အဝါတစ်ခုကလည်း ဆေဘာထဲမှာ ခိုဝင်ကိန်းအောင်း နေပါသေးတယ်။

" အိုး ...  မင်းရဲ့အစွမ်း အကုန်ထုတ်လိုက်ပြီပေါ့ ။ ဒါဆိုရင်တော့ ငါဘည်း နောက်ဆံ တင်းမနေတော့ဘူး"

လန်ဖန်းက ဆေဘာတာအိုရဲ့ အဓိကပင်မ စွမ်းအားကို ထုတ်သုံးလိုက်တဲ့ အတွက် လီဖူချန်းကလည်း သူ့ရဲ့ နေဝန်းစိမ်း ဓားဆန္ဒကို လျှိုမထားတော့ပါဘူး။ သူက နေဝန်းစိမ်းဓားဆန္ဒရဲ့ အစွမ်းတွေကို အမြင့်ဆုံး ကန့်သတ်ချက်အထိ မြှင့်လိုက်ပြီး လန်ဖန်းကို ပြန်တိုက်လိုက်ပါတယ်။

ဝှစ် ...

လီဖူချန်းရဲ့ လက်ထဲက ဓားဟာ အသံခပ်အုပ်အုပ် မြည်သံနဲ့အတူ ပျောက်ကွယ် သွားခဲ့ပါပြီ။ တစ်ချိန်တည်းမှာပဲ မရေမတွက်နိုင်တဲ့ ဓားအလင်းတန်းတွေဟာ ဖြစ်ပေါ်လာခဲ့ ပြန်ပါတယ်။ သည်ဓားအလင်းတန်း တစ်ခုချင်းစီမှာ ခိုဝင်ကိန်းအောင်းနေတဲ့ စွမ်းအင်တွေက  သည်ထာဝရ နုပျိုခြင်း ဥယျာဉ် တစ်ခုလုံးကိုတောင်မှ ဖျက်ဆီးပစ်တော့ မလိုပါပဲ။

ဝုန်း ... ဝုန်း ... ဝုန်း ...

ဘန်း ...  ဘန်း ...

လန်ဖန်းက အနောက်ကို ဆုတ်ရုံကလွဲပြီး အခြားရွေးချယ်စရာ မရှိပါဘူး။ သူက ခံစစ် အနေအထားကို ပြန်ပြောင်းလိုက်ရ ပြန်ပါတယ်။

"  အမြစ်ပြတ် သုတ်သင်ခြင်း  ...  ကောင်းကင်ဘုံ ပိုက်ကွန် ခုတ်ချက်"

လန်ဖန်းက ဖောင်ဖျက် လိုက်ပါပြီ။ လီဖူချန်းရဲ့ ဓားအလင်းတန်းတွေက သူ့အတွက် အရမ်းကို မြန်နေလွန်းပါတယ်။ အဲသည်အတွက် သူ့အနေနဲ့ အမြစ်ပြတ် သုတ်သင်ခြင်း ဓားသိုင်းရဲ့ ပွဲသိမ်းတိုက်ကွက်ကို ထုတ်သုံးရုံကလွဲလို့ အခြားရွေးစရာ မရှိတော့ပါဘူး။

ကောင်းကင်ဘုံပိုက်ကွန် ဓားချက်။

ဒါက ဘယ်သူမှ လွတ်မြောက်နိုင်စွမ်း မရှိဘူးဆိုတဲ့ အဓိပါ္ပယ်ပါပဲ။

ဆောဘာဓားချက် တစ်ချက်ကနေ ခွဲဖြာလာတဲ့ ဆေဘာ ဓားအလင်းတန်းတွေဟာ ပိုက်ကွန်ကြီး သဖွယ် ဖြန့်ကြက်သွားပြီး လီဖူချန်းရဲ့ နေဝန်းစိမ်း ဓားဆန္ဒကို လွှမ်းခြုံ ပစ်လိုက်ပါတယ်။

ပုံမှန်အားဖြင့်တော့ သည်ဓားကွက်ဟာ   တစ်ဖက်ရန်သူကို အဆုံးသတ်တဲ့ နေရာမှာ အသုံးပြုတဲ့ ဓားကွက် ဖြစ်ပေမယ့်လည်း လန်ဖန်းကတော့ ခုခံတဲ့နေရာမှာ အသုံးပြုနေ ရပါပြီ။ အဲသည်အချက်နဲ့တင် လီဖူချန်းရဲ့ နေဝန်းစိမ်းဓားဆန္ဒဟာ ဘယ်လောက် ကြောက်စရာ ကောင်းသလဲဆိုတာကို သိနိုင်ပါတယ်။

ဒါပေမဲ့ လီဖူချန်းရဲ့ ဓားအလင်းတန်းတွေက အလွန်အမင်း လျင်မြန်နေရုံ သာမက  ဓားချက်တိုင်းမှာလည်း ကြောက်စရာ အရှိန်အဝါကိုယ်စီ ခိုဝင်ကိန်းအောင်း နေတာပါ။ အဲသည်အတွက် လန်ဖန်းရဲ့ ကောင်းကင်ဘုံ ပိုက်ကွန်ဓားချက်က လီဖူချန်းရဲ့ ဓားအလင်းတန်းတွေကို ပိတ်ဆို့ဖို့အတွက် လုံလောက်မှု မရှိခဲ့ပါဘူး။

" အမြစ်ပြတ် သုတ်သင်ခြင်းဆေဘာ  ... ။  သံယောဇဉ်ပြတ် ခုတ်ချက် "

လန်ဖန်းက  အသံနက်ကြီးဖြင့် ကြုံးဝါးပြီး  ဓားကွက်တစ်ကွက်ကို ထုတ်လိုက်ပါပြီ။ သည်ဓားကွက် ကတော့ အမြစ်ပြတ်သုတ်သင်ခြင်း ဓားသိုင်းရဲ့ အနက်နဲဆုံး ဓားကွက် ဖြစ်ပါတယ်။  လန်ဖန်း ကိုယ်တိုင်တောင်မှ သည်ဓားကွက်ကို သေသေချာချာ မကျွမ်းကျင်သေးပါဘူး။

လန်ဖန်းရဲ့ ဆေဘာက သူနဲ့ တစ်သားတည်း ပေါင်းစပ်သွားပြီး လီဖူချန်းရဲ့ ဓားအလင်းတန်းတွေ ဆီကို တိုးဝင်သွားခဲ့ပါတယ်။

ထန် ... ထန် ...  ထန်

ချွမ်  ...  ချွမ်  ...

ဓားအလင်းတန်းတွေနဲ့ ဆေဘာ အလင်းတန်းတွေကတော့ ထိပ်တိုက် တွေ့ဆုံနေကြပါပြီ။ ဆေဘာ အလင်းတန်းတွေရဲ့ အလယ်မှာတော့ လန်ဖန်းရဲ့ ပုံရိပ်ကို မှုန်ရီဝေဝါးစွာ တွေ့မြင်နေရပါတယ်။

ဆေဘာနဲ့လူ တစ်သားတည်း ပေါင်းစပ်သွားခြင်း  ...

ဒါက လန်ဖန်းရဲ့ ခုခံမှုကို နောက်ထပ် အဆင့်တစ်ခုအထိ ရောက်သွား စေပါတယ်။ ဆေဘာ အလင်းတန်းတွေ မပျက်စီးသေးသရွေ့ကတော့ လီဖူချန်းက လန်ဖန်းကို ဒဏ်ရာရအောင် လုပ်နိုင်မှာ မဟုတ်ပါဘူး။

လန်ဖန်းဟာ လီဖူချန်းရဲ့ တိုက်ခိုက်မှုကို ကာကွယ်လိုက်နိုင်ရုံသာမက လီဖူချန်းအရှေ့ကိုတောင် ရောက်လာခဲ့ပါပြီ။

" အရှုံးပေးစမ်း "

ဆေဘာတာအိုရဲ့ အဓိကပင်မ စွမ်းအင် ၂၀ ရာခိုင်နှုန်းကို အသုံးပြုထားတဲ့ သည်ဆေဘာခုတ်ချက်ဟာ လီဖူချန်းကို အနိုင်ယူနိုင်မယ်လို့ လန်ဖန်းတစ်ယောက် ယုံကြည်ထားပါတယ်။

လောလောဆယ်မှာတော့  ဆေဘာတာအိုရဲ့ အဓိပပင်မစွမ်းအင် ၂၀ရာခိုင်နှုန်းကို ထုတ်သုံးနိုင်တာက သူ့ရဲ့ အတတ်နိုင်ဆုံး စွမ်းဆောင်မှုပါပဲ။ သည်ထက်ကျော်ပြီးတော့ သူ့အနေနဲ့ ထုတ်မသုံးနိုင်သေးပါဘူး။

တကယ်လို့သာ လန်ဖန်းအနေနဲ့  ဆေဘာတာအိုရဲ့ အဓိကစွမ်းအားတွေကို တတ်နိုင်တာထက်ပိုပြီး အသုံးပြုလိုက်မယ် ဆိုရင် သူ့ရဲ့ ခန္ဓာကိုယ်ဟာ စွမ်းအားအလွန်အကျွံ သုံးစွဲခြင်းရဲ့ ဘေးထွက်ဆိုးကျိုးကို ခံရတော့မှာပါ။  သူ့ရဲ့ ခန္ဓာကိုယ်က ပေါက်ကွဲသွားတာ ဖြစ်ရင်ဖြစ် ဒါမှမဟုတ် သွေးကြောတွေ ပျက်စီးကုန်ပြီး  ကျင့်ကြံခြင်း ဆက်လုပ်လို့ မရတော့တာ  ဖြစ်ရင်ဖြစ်။ အဲသည်နှစ်ခုထဲက တစ်ခုတော့ သေချာပေါက်   ဖြစ်သွားပါလိမ့်မယ်။

"တကယ်လို့ ငါ့အနေနဲ့ နေဝန်းစိမ်း ဓားကွက်ကို မဖန်တီးနိုင်ခဲ့ဘူးဆိုရင်  သေချာပေါက် ရှုံးသွားတော့မှာ။ တော်သေးလို့ပေါ့ကွာ "

လီဖူချန်းက ကျိတ်ပြီး သက်ပြင်း ချလိုက်မိပါတယ်။

နေဝန်းစိမ်း ဓားဆန္ဒဓားသိုင်းဟာ ဓားကွက် မရှိပါဘူး။ ဒါပေမဲ့ သည်ဓားသိုင်းကို လေ့ကျင့်တဲ့ သူတွေကတော့ ကိုယ်ပိုင် နေဝန်းစိမ်း ဓားကွက်ကို ဖန်တီးလို့ ရပါတယ်။

ရှင်းရှင်းပြောရမယ်ဆိုရင်တော့ သည်ဓားသိုင်းဟာ ပန်းချီစာရွက်အလွတ် တစ်ခုလိုပါပဲ။   ရေးဆွဲတဲ့ သူအပေါ်မှာ မူတည်ပြီး  ပထမတန်းစား ပန်းချီကားတစ်ချပ် ဖြစ်သွားနိုင်သလို ဘာမှ သုံးစားလို့မရတဲ့ စက္ကူအစုတ် တစ်ရွက်လည်း ဖြစ်သွားနိုင်ပါတယ်။

သည်လေးလအတွင်းမှာ လီဖူချန်းဟာ တိုးတက် အောင်မြင်မှုတွေ အများကြီး ရခဲ့ပါတယ်။ နေဝန်းစိမ်း ဓားဆန္ဒရဲ့ ပထမဆုံးဓားကွက်ကို တီထွင်နိုင်ခဲ့တာကလည်း အဲသည် တိုးတက် အောင်မြင်မှုတွေထဲက တစ်ခုပါပဲ။

လန်ဖန်းရဲ့ ဆေဘာနဲ့လူ တစ်သားတည်း ပေါင်းစပ်ခြင်းက အခြားလူတွေအတွက် ဆိုရင်တော့ ဟာကွက်မရှိတဲ့ ဓားကွက်တစ်ကွက် ဖြစ်ရင် ဖြစ်နေပါလိမ့်မယ်။ ဒါပေမဲ့ လီဖူချန်းအတွက်တော့ မဟုတ်ခဲ့ပါဘူး။ လီဖူချန်းရဲ့ အသိစိတ်အာရုံက သည်အရာရဲ့ အားနည်းချက်ကို တွေ့မြင်နိုင်ခဲ့ပါတယ်။

ဆေဘာဓားချက် ရောက်လာတာနဲ့ တစ်ပြိုင်နက် လီဖူချန်းရဲ့ လက်ထဲက ဘုံခုနစ်ဆင့် ဓားကလည်း  လျှပ်ပြက်တဲ့အလား လှုပ်ရှားသွားခဲ့ပါပြီ။

" နေဝန်းစိမ်းဓားဆန္ဒ ... ။ အကြွင်းမဲ့ ... "

သည်ဓားချက်က အင်မတန်မှ ရိုးစင်းလွန်းလှပါတယ်။ ဒါက သာမန် ရေပြင်ညီ ခုတ်ပိုင်းလိုက်တဲ့ ဓားချက်လေး တစ်ချက်ပါပဲ။

ဒါပေမဲ့လည်း ဘာအကြောင်းကြောင့်မှန်းတော့ မသိပါဘူး။ လီဖူချန်းရဲ့ ဓားချက်ကနေပြီး အရှိန်အဝါ ကြီးမားလွန်းလှတဲ့ အရာတစ်ခုကို လူအားလုံး ခံစားလိုက်ရပါတယ်။ ဒါက ကောင်းကင်ပေါ်မှာ ထွန်းလင်းနေတဲ့ နေမင်းကြီးရဲ့ နေရောင်ခြည်တွေလိုပါပဲ။

ဝုန်း ...

သာမန်ရိုးရိုး ဓားချက်လေးက လမ်းခုလတ်မှာတင် သူ့ရဲ့ တကယ့် အစစ်အမှန် စွမ်းရည်တွေကို ထုတ်ပြလာခဲ့ပါပြီ။ အစောပိုင်းတုန်းက နေရောင်ခြည်တွေနဲ့ တူတယ်လို့ ခံစားရတဲ့ ဓားအလင်းတန်းဟာ ရုတ်တရက် အပူချိန်တွေ တိုးမြှင့်လာပြီး အရှိန်အဟုန် ပြင်းစွာဖြင့် ဆေဘာကို ခုတ်ပိုင်း ပစ်လိုက်ပါတယ်။

အား ...  ...

လန်ဖန်းက သည်ဓားချက်ကို လုံးဝ တောင့်မခံနိုင်ခဲ့ပါဘူး။ ဒါက မီးပင်လယ်ကြီး တစ်ခုထဲကို နစ်မြုပ်သွားသလိုပါပဲ။

ရွှပ် ...  ရွှပ် ... ရွှပ် ...

ဘန်း ...  ဘန်း ...

ထို့နောက်မှာတော့ လန်ဖန်းရဲ့ ခန္ဓာကိုယ်အနှံ့မှာ မရေမတွက်နိုင်တဲ့ ဓားဒဏ်ရာ အသေးစားလေးတွေ ဖြစ်ပေါ်လာသလို သူကိုယ်တိုင်ဟာလည်း အနောက်ကို လွင့်ထွက်သွားခဲ့ပါပြီ။

လီဖူချန်းရဲ့  သည်နေဝန်းစိမ်း ဓားကွက်ကတော့ တကယ့်ကို အံ့မခန်းလို့ သတ်မှတ်နိုင်ပါတယ်။

" လန်ဖန်းက လီဖူချန်းကို ရှုံးသွားတာလား "

အမြဲစိမ်းတောအုပ် သိုင်းတက္ကသိုလ်ရဲ့ ပွဲကြည့်စင်ပေါ်မှာ ရှိနေတဲ့ ကျောင်းသားတွေ အကုန်လုံးကတော့ ပါးစပ်အဟောင်းသား ဖြစ်နေကြပါပြီ။

ဆေဘာတာအို အရိုးတည်ဆောက်ပုံကို ပိုင်ဆိုင်ထားတဲ့ လန်ဖန်းကိုတောင် အနိုင်ယူနိုင်တဲ့ အပြင်စည်း တက္ကသိုလ် ကျောင်းသား။ ဒါက လီဖူချန်း ဘယ်လောက်အထိ ကြောက်စရာ ကောင်းသလည်း ဆိုတာကို ဖော်ပြနေတာပါပဲ။

အမြဲစိမ်းတောအုပ် သိုင်းတက္ကသိုလ်ရဲ့ ကျောင်းသားတွေဟာ အလွန်အမင်း ဘဝင်မြင့်နေကြတဲ့ သူတွေပါ။ သူတို့က အဆင့်သတ်မှတ်ချက် ထိပ်ဆုံးမှာရှိတဲ့  သိုင်းတက္ကသိုလ် ၅ခုကလွဲပြီး ကျန်တဲ့ သိုင်းတက္ကသိုလ်တွေကို ရှိတယ်လို့တောင် သတ်မှတ်ကြတာ မဟုတ်ပါဘူး။

ဒါပေမဲ့ အခုတော့ အဆင့်သတ်မှတ်ချက် အနိမ့်ပိုင်းနားမှာရှိတဲ့ သိုင်းတက္ကသိုလ်တစ်ခုရဲ့ နံပါတ်၁ ထိပ်တန်းကျောင်းသားက သူတို့ရဲ့ နံပါတ်၁ ထိပ်တန်းကျောင်းသား ဖြစ်သူ လန်ဖန်းကို အနိုင်ယူပြ သွားခဲ့ပါပြီ။ ဒါက သူတို့အတွက်တော့ တကယ့်ကို အရှက်ရစရာပါပဲ။

" သည်ကောင်က တောင်ပိုင်းတောအုပ် သိုင်းတက္ကသိုလ်လို နေရာမျိုးမှာ ဘာလုပ်နေတာလဲ "

သူ့တို့က  လီဖူချန်းဟာ ဘာဖြစ်လို့ ထိပ်တန်း သိုင်းတက္ကသိုလ် တစ်ခုမှာ မတက်ရောက်ဘဲ တောင်ပိုင်း တောအုပ် တက္ကသိုလ်မှာ တက်ရောက်နေရတာလဲ  ဆိုတဲ့ အကြောင်းကိုလည်း စဉ်းစားနေကြပါတယ်။ သူတို့ရဲ့ အမြင်မှာတော့ လီဖူချန်းဟာ  အထက်ကောင်းကင်ဘုံ သိုင်းတက္ကသိုလ်မှာ တက်ရောက်ခဲ့ရင်တောင်မှ ပထမတန်းစား ထိပ်တန်းကျောင်းသားတစ်ယောက်  ဖြစ်နေဦးမယ့်  သူတစ်ယောက်ပါ။

" သည်ကောင့်ရဲ့ ဓားတာအိုက တကယ်ကြောက်စရာပဲ။ တကယ်လို့သာ သည်ကောင်က အတွင်းစည်း တက္ကသိုလ်ကျောင်းသား ဖြစ်သွားလို့ကတော့ နောင်လာမယ့် ၂နှစ်မှာ သိုင်းတက္ကသိုလ် အဆင့် ရပ်တည်ချက်တွေ ကြီးကြီးမားမား ပြောင်းလဲသွားလိမ့်မယ် "

ကျန်တဲ့ သိုင်းတက္ကသိုလ်၅ခုက အပြင်စည်း ကျောင်းသားတွေရဲ့ အတွေးထဲမှာတော့  တူညီတဲ့ အတွေးတစ်ခု ဖြစ်ပေါ်နေခဲ့ပါပြီ။

" အစ်ကိုဖူချန်း နိုင်သွားပြီ "

ရန်ယွီကတော့  အံ့အားသင့်စွာဖြင့် ရေရွတ်လိုက်ပါတယ်။

" ဝါစဉ်ကြီးအစ်ကို ဖူချန်းရဲ့ အစွမ်းက  သာမန်အတွင်းစည်း တက္ကသိုလ် ကျောင်းသားတွေကိုတောင်မှ အနိုင်ယူနိုင်စွမ်း ရှိနေပြီ။ ဘယ်အပြင်စည်းကျောင်းသားမှ အစ်ကိုဖူချန်းကို ယှဉ်နိုင်စရာ အကြောင်းမရှိဘူး "

ကျန်းယုဖေးကလည်း  မှတ်ချက် ပေးလိုက်ပါတယ်။

" ကောင်းတယ်ဟေ့ ... ။ မင်းတို့အားလုံးဟာ သိုင်းတက္ကသိုလ် အသီးသီးရဲ့  ပါရမီရှင်တွေ ဖြစ်နေတာကလည်း အံ့သြစရာ မဟုတ်ဘူးဘဲ။  ငါအဘိုးကြီးကတော့ လူငယ် မျိုးဆက်သစ်တွေရဲ့ အစွမ်းကို ကောင်းကောင်းကြီး အသိအမှတ် ပြုတယ်ဟေ့ "

လူတွေအားလုံး လီဖူချန်းအကြောင်း ဆွေးနွေးနေစဉ်မှာပဲ  အစိမ်းရောင် ဝတ်စုံဝတ် လူကြီးတစ်ယောက်ဟာ ဝင်္ကပါတစ်ခုရဲ့ အတွင်းပိုင်းထဲကနေ ထွက်လာခဲ့ပါတယ်။

" ဆရာသခင် မအိုသောကလေးငယ်ကို ရန်ယွီ နှုတ်ဆက်ပါတယ် "

ရန်ယွီကတော့ အဲသည်လူကြီးကို မသိစရာ အကြောင်းမရှိပါဘူး။ အဲသည်အတွက် သူက လက်နှစ်ဖက်ကို ဆုပ်လိုက်ပြီး အရိုအသေ ပေးလိုက်ပါတယ်။

" ဆရာသခင်ကို နှုတ်ဆက်ပါတယ် "

ကျန်တဲ့ လူငယ်တွေ အားလုံးကလည်း အရိပ်ပြ အကောင်မြင်တဲ့ သူတွေချည်းပါပဲ။ သူတို့အားလုံးဟာ ဆရာသခင် မအိုသောကလေးငယ်ကို မလေးမစား မလုပ်ရဲပါဘူး။

လီဖူချန်းနဲ့ လန်ဖန်းတောင်မှ ရိုသေလေးစားမှု အပြည့်နဲ့ အစိမ်းရောင်ဝတ် လူကြီးကို နှုတ်ဆက် နေကြပါတယ်။

သူတို့အားလုံးဟာ တိုက်ပွဲဝိညာဉ် ပညာရှင်တစ်ယောက်ရဲ့ ရှေ့မှောက်မှာတော့ ပုရွက်ဆိတ်ကလေး တစ်ကောင်သာသာပင်  မဟုတ်ပါလား။

***

All Chapters