အစစ်အမှန် မီးလျှံချီ မှော်ဆေးရည်
Vol. 30 Ch. 397
"ကလေးမ ရန်ယွီ ... ။ ငါကမင်းကို ဝိညာဉ်သန့်စင် သစ်သီး၄လုံး ဆုအဖြစ်ပေးမယ်လို့ ကတိပေးထားခဲ့တယ်။ စိတ်ချ ... ။ ငါက ငါ့ရဲ့စကားကို မရုတ်သိမ်းပါဘူး "
စကားဆုံးတာနဲ့ တစ်ပြိုင်နက် ဆရာသခင် မအိုသောကလေးဟာ ဝိညာဉ်သန့်စင်ဆီကို ခုန်သွားပြီး ပင်စည်ကို အသာအယာ ပွတ်သပ်လိုက်ပါတယ်။
ဖတ် ... ဖတ် ... ဖတ် ... ဖတ် ...
လူဦးခေါင်းလောက်ရှိတဲ့ ဝိညာဉ်သန့်စင် သစ်သီးလေးလုံးဟာ အပင်ပေါ်ကနေ ပြုတ်ကျလာခဲ့ပါပြီ။
" သွား "
ဆရာသခင် မအိုသော ကလေးငယ်ရဲ့ ခပ်တိုးတိုး အမိန့်သံ အောက်မှာတော့ ဝိညာဉ်သန့်စင် သစ်သီးတွေဟာ ကိုယ်ပိုင်အသိစိတ် ရှိနေတဲ့အလား လူငယ်လေးယောက်ဆီကို ပျံဝဲသွားပါတယ်။
ထိုလူငယ်လေးယောက်ကတော့ လီဖူချန်း၊ လန်ဖန်း၊ ကျန်းပနဲ့ ယန်မြောင်မြောင် တို့ပါပဲ။
ကျန်းပနဲ့ ယန်မြောင်မြောင် တို့ကတော့ အတော်လေး အံ့အားသင့်နေ ကြပါတယ်။ သူတို့ နှစ်ယောက်က ဝိညာဉ်သန့်စင် သစ်သီးတစ်လုံးစီ ရမယ်လို့ လုံးဝကို မမျှော်လင့်ထားကြတာပါ။
ကျန်းပဟာ ဆရာသခင် ပုဆိန်ရဲ့ သားဖြစ်တဲ့အတွက် အလျင်အမြန် သူ့ရဲ့ အံ့အားသင့်မှုကို ထိန်းသိမ်းလိုက်ပြီး တည်ငြိမ်စွာနဲ့ ဝိညာဉ်သန့်စင် သစ်သီးကို လက်ခံ ယူလိုက်ပါတယ်။ သူ့လို လူတစ်ယောက် အတွက်ကတော့ ဒါမျိုးက သိပ်ပြီး အထူးအဆန်း မဟုတ်လှပါဘူး။
ယန်မြောင်မြောင်ကတော့ ဝိညာဉ်သန့်စင် သစ်သီးကို ရမယ်လို့ လုံးဝကို မမျှော်လင့်ထားတဲ့ အတွက် တကယ်တမ်း ရလိုက်တဲ့ အချိန်မှာ မျက်ရည် ကျလုလုတောင် ဖြစ်နေပါပြီ။ ဝမ်းသာမျက်ရည်ဆိုတာ ဒါမျိုးကို ပြောတာပဲ ဖြစ်ရပါမယ်။
" မင်းတို့လေးယောက်စလုံးမှာ ကောင်းမွန်တဲ့ အလားအလာတွေ ရှိတယ်။ သည်ဝိညာဉ်သန့်စင် သစ်သီးတွေနဲ့ ဆိုရင်တော့ မင်းတို့ဟာ ပြန်လည်ဝင်စားခြင်း နယ်ပယ်ကို ပိုစောစော ချိုးဖောက်ဝင်ရောင် နိုင်လိမ့်မယ်။ ဝမ်ကျန်း ... ငါက မင်းကို ဝိညာဉ်သန့်စင် သစ်သီး မပေးချင်လို့ မဟုတ်ဘူး။ မင်းရဲ့ ဗာဂျရာ အရိုးတည်ဆောင်ပုံက ဝိညာဉ်သန့်စင် သစ်သီးနဲ့ မလိုက်ဖက်လို့ မပေးတာ။ ပြီးတော့ မင်းက ဗာဂျရာ အရိုးတည်ဆောက်ပုံရဲ့ အဓိက အစစ်အမှန် စွမ်းရည်တွေကို မနိုးထ နိုင်သေးဘူး။ ငါ့ရဲ့ ဝိညာဉ်သန့်စင် သစ်သီးက မင်းကို ကောင်းကျိုးထက် ဆိုးကျိုး ပိုဖြစ်စေလိမ့်မယ် "
ဆရာသခင် မအိုသောကလေးငယ်က ကြက်သွေးရောင်ကျား သိုင်းတက္ကသိုလ်ရဲ့ နံပါတ်၁ ထိပ်တန်းကျောင်းသားဖြစ်သူ ဝမ်ကျန်းကို ရှင်းပြလိုက်ပါတယ်။
" ဆရာသခင် ပြောတာ မှန်ပါတယ်ခင်ဗျ "
ဝမ်ကျန်းက ဝိညာဉ်သန့်စင်သစ်သီး မရတဲ့အတွက် စိတ်ဓာတ် မကျတော့ပါဘူး။ ဆရာသခင် မအိုသော ကလေးငယ် ပြောသွားတာတွေ အားလုံးက အမှန်တွေချည်းပါပဲ။ သူ့လို ခန္ဓာကိုယ်သန့်စင်ခြင်း လမ်းစဉ်ကို လျှောက်လမ်းတဲ့ လူတစ်ယောက် အတွက်ကတော့ ဝိညာဉ်သန့်စင် သစ်သီးဟာ ကောင်းကျိုးထက် ဆိုးကျိုးတွေကိုပဲ ပေးမှာဖြစ်ပါတယ်။
လုပင်းနဲ့ လင်းရင်တို့ကတော့ ဝိညာဉ်သန့်စင် သစ်သီးတွေ မရခဲ့တဲ့အတွင် အတော်လေး မျက်စိပျက်၊ မျက်နှာပျက် ဖြစ်နေကြပါပြီ။ အထူးသဖြင့် လုပင်း ဖြစ်ပါတယ်။ သူက ဝိညာဉ်သန့်စင် သစ်သီး တစ်လုံးရနမယ်လို့ တွေးထင်ထားခဲ့တာပါ။ ဘာဖြစ်လို့လဲဆိုတော့ သူ့ရဲ့ အစွမ်းဟာ လီဖူချန်း၊ လန်ဖန်းနဲ့ ဝမ်ကျန်းတို့ သုံးယောက်ပြီးရင် အကောင်းဆုံးပါပဲ။ ဒါပေမဲ့ သူက ဝိညာဉ်သန့်စင် သစ်သီး မရခဲ့ဘဲ ကျန်းပနဲ့ ယန်မြောင်မြောင်တို့ပဲ ရသွားခဲ့ပါတယ်။
လုပင်းက သူ မကျေမနပ် ဖြစ်နေတာကိုတော့ ထုတ်ဖော် မပြောရဲပါဘူး။ ဆရာသခင် မအိုသောကလေးငယ်က ဝိညာဉ်သစ်သီးတွေရဲ့ ပိုင်ရှင် ဖြစ်တဲ့အတွက် သူပေးချင်တဲ့လူကို ပေးမှာပါပဲ။ ဒါကိုသူက စောဒက သွားတက်မယ်ဆိုရင် ဆရာသခင် မအိုသောကလေးငယ်ရဲ့ ဒေါသအမျက်နဲ့ပဲ ကြုံတွေ့ရမှာပါ။
ဆရာသခင် မအိုသော ကလေးငယ်ကလည်း သူ့အကြောင်းနဲ့သူ ရှိပါတယ်။
သူက လီဖူချန်းနဲ့ လန်ဖန်းတို့ကို ဝိညာဉ်သန့်စင် သစ်သီးတစ်လုံးစီ ပေးရတဲ့ အကြောင်းကတော့ သူတို့ နှစ်ယောက်စလုံးဟာ အစွမ်းအထက်ဆုံး ဖြစ်တဲ့အပြင် ပါရမီနဲ့ အလားအလာ အကောင်းဆုံး ဖြစ်နေလို့ပါပဲ။
ကျန်းပကိုတော့ သူက ဆရာသခင် ပုဆိန်ရဲ့ မျက်နှာကြောင့် ဝိညာဉ်သန့်စင် သစ်သီးတစ်လုံး ပေးလိုက်တာ ဆိုရင်လည်း မမှားပါဘူး။
ယန်မြောင်မြောင်ကိုတော့ မဆိုးဘူးဟု သူ ခံစားမိတဲ့အတွက် ဝိညာဉ်သန့်စင် သစ်သီးတစ်လုံး ပေးလိုက်တာပါ။
" လီဖူချန်း ... သည်မှာ ခဏ နေခဲ့ဦး။ ကျန်တဲ့လူတွေ အားလုံးကတော့ ပြန်လို့ရပြီ "
ဆရာသခင် မအိုသော ကလေးငယ်က သူ့ရဲ့ လက်ကို ဝှေ့ယမ်းလိုက်ပြီး လူငယ်အားလုံးကို ပြန်ဖို့အတွက် သတိပေး လိုက်ပါတယ်။
ရန်ယွီက လက်နှစ်ဖက်ကိုဆုပ်ကာ အရိုအသေ ပေးလိုက်ပြီး
" ဆရာသခင်ကို အနှောင့်အယှက် ပေးမိပါပြီ။ ရန်ယွီတို့ ပြန်ပါတော့မယ် "
" နောက်တစ်ခါ ထပ်တွေ့ရင် ငါမင်းကို အနိုင်ယူပြမယ် "
လန်ဖန်းက ထာဝရနုပျိုခြင်း ဥယျာဉ်ကနေ ပြန်မထွက်ခင်မှာ လီဖူချန်းဘက်ကို လှည့်ပြီး ကြိမ်းမောင်း သွားပါသေးတယ်။
" အဲသည်အချိန်ကို ငါစောင့်နေပါ့မယ်။ ဒါပေမဲ့ ငါကို အနိုင်ယူဖို့ကတော့ မဖြစ်နိုင်ဘူး ထင်တယ် "
လီဖူချန်းကလည်း သေးသေးတင်ကို မခံပါဘူး။ သူများက သူ့ကို သေးသေးလာတင်ရင် လီဖူချန်းက ပြန်ပြီး လုံးကြီးတင် ဆံခတ်လိုက်ရမှ ကျေနပ်တာပါ။
နောက်ဆုံးမှာတော့ ထာဝရနုပျိုခြင်း ဥယျာဉ်ထဲမှာ လီဖူချန်းနဲ့ ဆရာသခင် မအိုသော ကလေးငယ် တို့သာ ကျန်နေ ခဲ့ပါတော့တယ်။
ဆရာသခင် မအိုသောကလေးငယ်က ပြုံးလိုက်ပြီး
" သည်က မိတ်ဆွေလေးရဲ့ အရိုး တည်ဆောက်ပုံကို င့ါအနေနဲ့ သိခွင့်ရှိမလား "
အမှန်အတိုင်း ပြောရမယ် ဆိုရင်တော့ ဆရာသခင် မအိုသော ကလေးငယ်ဟာ လီဖူချန်းရဲ့ အရိုး တည်ဆောက်ပုံကို အကြမ်းဖျင်း သိထားပြီးပါပြီ။ ဒါပေမဲ့ သူက သေချာချင်တဲ့ အတွက်ကြောင့် လီဖူချန်းကို မေးလိုက်တာပါ။
" ကြယ်၃ပွင့် အရိုးတည်ဆောက်ပုံပါ "
လီဖူချန်းက ဆရာသခင် မအိုသောကလေးငယ်ကို အမှန်အတိုင်းပဲ ပြောပြလိုက်ပါတယ်။ တိုက်ပွဲ ဝိညာဉ်နယ်ပယ် ဆေးပညာရှင်ကို လိမ်နေလို့လည်း ဘာမှ ထူးလာမှာ မဟုတ်ပါဘူး။
" အိုး ... ကြယ်သုံးပွင့်ပဲလား ... "
ဆရာသခင် မအိုသော ကလေးငယ်က အံ့အားသင့် သွားပါတယ်။ သူက လီဖူချန်းကို အနည်းဆုံးတော့ ကြယ်၄ပွင့် အထူးအရိုး တည်ဆောက်ပုံပိုင်ရှင် ဖြစ်မယ်လို့ ထင်ထားခဲ့တာပါ။
ကြယ်၃ပွင့် အရိုးတည်ဆောက်ပုံနဲ့ သည်လောက်အထိ ပင်ကိုပါရမီ ကောင်းနေတယ်။ ဒါက တစ်ခုခုတော့ တစ်ခုခုပါပဲ။ သူဖြတ်သန်းလာတဲ့ ဘဝတစ်လျှောက်လုံးမှာတောင်မှ သည်လိုလူမျိုးက တစ်ခါမှ မတွေ့ဖူးခဲ့ပါဘူး။
" ကောင်းတယ် ... ကောင်းတယ်ဟေ့ ... "
ရုတ်တရက်ဆိုသလို ဆရာသခင် မအိုသော ကလေးငယ်က အားရပါးရ ရယ်မောလိုက်ပါတယ်။
' ဆရာသခင် မအိုသောကလေးငယ်က ဘာဖြစ်လို့ အားရပါးရ ရယ်နေတာပါလိမ့် '
လီဖူချန်းက အနည်းငယ် ဇဝေဇဝါ ဖြစ်သွားခဲ့ပါတယ်။
ဆရာသခင် မအိုသော ကလေးငယ်လို့ မြင့်မြတ်တဲ့ လူတစ်ယောက်ကတော့ သူ့ရဲ့ အရိုး တည်ဆောက်ပုံကို နှိမ်ချိုးပြီး လှောင်ပြောင် ရယ်မောနေစရာ အကြောင်းမရှိပါဘူး။
" မင်နဲ့ငါက ရှေးရေစက်အထုံ ပါလာပုံပဲ။ ငါ့ဆီမှာ မင်းအတွက် အသုံးဝင်မယ့် အရာတစ်ခုရှိတယ်။ အဲဒါကို မင်းလိုချင်မလားတော့ ငါမသိဘူး "
ဆရာသခင် မအိုသောကလေးငယ်က လီဖူချန်းကို လေးနက် တည်ကြည်စွာ ပြောလိုက်ပါတယ်။
လီဖူချန်းရဲ့ စိတ်ထဲမှာတော့ အတွေးတွေ ပလုံစီ သွားခဲ့ပါပြီ။ သူက ဆရာသခင် မအိုသော ကလေးငယ်ပြောတဲ့ စကားရဲ့ အဓိပါ္ပယ်ကို ကောင်းကောင်းကြီး နားလည်ပါတယ်။
တကယ်လို့သာ သူ့အနေနဲ့ သည်အခွင့်အရေးကို လက်ခံလိုက်မယ်ဆိုရင် သူဟာ ဆရာသခင် မအိုသောကလေးငယ်ကို ကျေးဇူးကြွေး တင်သွားမှာပါ။
လီဖူချန်း အနေနဲ့ သည်ကျေးဇူးကြွေးကို လက်ရှိအချိန်မှာ ဆပ်စရာ မလိုပါဘူး။ ဒါပေမဲ့ နောင်တစ်ချိန် သူအရမ်း အစွမ်းထက် လာရင်တော့ သည်ကျေးဇူးကြွေးဟာ ဖိအားကြီးတစ်ခု ဖြစ်လာမှာပါ။
ကျင့်ကြံသူ တစ်ယောက်အတွက် ဆိုရင် သည်လို ကျေးဇူးကြွေးတွေဟာ အရမ်းကို အရေးကြီးတဲ့ အရာတွေ ဖြစ်ပါတယ်။ တကယ်လို့ သူတု့ိအနေနဲ့ ကျေးဇူးရှင် အကူအညီ ပြန်တောင်းတဲ့ အခါမှာ မကူညီနိုင်ဘူးဆိုရင် သူတို့ရဲ့ ကျင့်ကြံမှု လမ်းစဉ်မှာ ပြဿနာ ဖြစ်လာတော့မှာပါ။ အဲသည် ပြဿနာကတော့ အတွင်းပိုင်း စိတ်တစ္ဆေပါပဲ။ အဲသည်အရာက သူတို့ရဲ့ ဘဝတစ်လျှောက်လုံးကို ခြောက်လန့်နေမှာ ဖြစ်ပြီး ကျင့်ကြံမှုကို နှောင့်နှေးသွားစေမှာ ဖြစ်ပါတယ်။
ဒါပေမဲ့လည်း သေချာတာ တစ်ခုကတော့ ဆရာသခင် မအိုသောကလေးငယ်လို မြင့်မြတ်တဲ့ ဆေးပညာရှင် တစ်ယောက်ဟာ ဒုစရိုက်အလုပ်တွေကို လုပ်ခိုင်းပြီး ကျေးဇူးကြွေး ပြန်တောင်းမှာတော့ မဟုတ်ပါဘူး။ ပြီးတော့ လီဖူချန်း တိုက်ပွဲဝိညာဉ်နယ်ပယ် မရောက်မချင်း သည်ကျေးဇူးကြွေးကို ပြန်တောင်းမှာ မဟုတ်ပါဘူး။ ဆရာသခင် မအိုသော ကလေးငယ်က သူရစရာရှိတဲ့ ကျေးဇူးကြွေးကို အလိုအပ်ဆုံး အခြေအနေ တစ်ခုမှာမှ အသုံးချမယ်ဆိုတာ အသိသာကြီးပါပဲ။
" လီဖူချန်းက ဆရာသခင်အပေါ်မှာ ကျေးဇူးကြွေး တင်သွားပါပြီ။ ဆရာသခင်ရဲ့ ပစ္စည်းကို လီဖူချန်းက ဝမ်းမြောက်ဝမ်းသာစွာနဲ့ လက်ခံပါ့မယ် "
သေသေချာချာ စဉ်းစားပြီးတဲ့ နောက်မှာတော့ လီဖူချန်းဟာ ဆရာသခင် မအိုသော ကလေးငယ်မေးတဲ့ မေးခွန်းကို အရှင်းလင်းဆုံး ပြန်ဖြေ လိုက်ပါတယ်။
" မဆိုးဘူး ... တကယ်မဆိုးဘူး။ မင်းက အရိပ်ပြရင် အကောင်မြင်သားပဲ "
ဆရာသခင် မအိုသော ကလေးငယ်ရဲ့ မျက်နှာထက်မှာတော့ အပြုံးတစ်ခု ဖြစ်တည်လာခဲ့ပါပြီ။
" ငါက ခရမ်းရောင်ပန်း နိုင်ငံတော်ရဲ့ မဟာဆေးပညာရှင် ၁၀ဦးထဲက တစ်ဦးပဲ။ သည်နိုင်ငံထဲမှာဆိုရင် ဆေးဖော်စပ်တဲ့ နေရာမှာ ငါ့ထက်တော်တဲ့လူက တစ်ယောက်ပဲ ရှိတယ်။ တစ်ခါတုန်းက ငါဟာ ကံကောင်းပြီး မြေကမ္ဘာအဆင့်မြင့် ဆေးပင်တွေ ဖြစ်တဲ့ လိပ်ပြာမြက် အမြစ်နဲ့ မီးလျှံချီ သန့်စင်ခြင်း မြက်ကို ရခဲ့တယ် "
ဆရာသခင် မအိုသော ကလေးငယ်က သူ့ရဲ့ စကားကို ခဏ ရပ်လိုက်ကာ လီဖူချန်းကို အကဲခတ် လိုက်ပါတယ်။ လီဖူချန်းက သူ့ရဲ့စကားကို စိတ်ဝင်တစား နားထောင်နေတာကို မြင်လိုက်ရမှ သူက ဆက်ပြီး
" ငါက အဲသည် ဆေးပင်နှစ်မျိုးနဲ့ အခြားဆေးပင် အမျိုးမျိုးကို ပေါင်းစပ်ပြီး မြေကမ္ဘာအဆင့်မြင့် ဆေးတစ်မျိုးကို ဖော်စပ်နိုင်ခဲ့တယ်။ အဲဒါကတော့ အစစ်အမှန် မီးလျှံချီ မှော်ဆေးရည်ပဲ။သည်ဆေးရည်က ကြယ်၅ပွင့် အရိုးတည်ဆောက်ပုံအောက်က လူတွေကို ကြယ်၁ပွင့် အဆင့်တက်စေသလို မီးဓာတ်ကို အထူးပြုတဲ့ အရိုးတည်ဆောက်ပုံ ပိုင်ရှင် ဖြစ်သွားအောင်လည်း ပြုလုပ်ပေးနိုင်တယ်။ ငါက မင်းရဲ့ အတွင်းအား ကျင့်စဉ်ဟာ မီးဓာတ်ကို အခြေခံတယ်ဆိုတာ သတိထားမိတဲ့ အတွက် သည်ဆေးရည်ဟာ မင်းနဲ့ သင့်တော်မယ်လို့ ရဲရဲကြီး အာမခံတယ်။ ဘယ်လိုလဲ ... ။ သဘောကျရဲ့လား ... "
" အစစ်အမှန် မီးလျှံချီ မှော်ဆေးရည်လား "
လီဖူချန်းရဲ့ မျက်လုံးတွေကတော့ အရောင် တဖျပ်ဖျပ် တောက်ပနေခဲ့ပါပြီ။
ဒါက သူ့အတွက်တော့ ရေငတ်တုန်း ရေတွင်းထဲ ကျသလိုပါပဲ။ သူက အရိုးတည်ဆောက်ပုံကို အဆင့်မြင့်ဖို့ အတွက် လိုအပ်နေတာ မဟုတ်ပါလား။သူ့ရဲ့ ကြယ်၃ပွင့် အရိုးတည်ဆောက်ပုံက ပြန်လည် ဝင်စားခြင်း နယ်ပယ်မှာဆိုရင် လုံလောက်တဲ့ ချီစွမ်းအင်တွေကို စုပ်ယူနိုင်မှာ မဟုတ်ပါဘူး။
အရိုးတည်ဆောက်ပုံကို တစ်ဆင့်မြှင့်ပေးပြီး မီးဓာတ်အထူးပြုတဲ့ အရိုးတည်ဆောက်ပုံ ပိုင်ရှင် ဖြစ်စေမယ်။ ဒါက သူ့ရဲ့ကံကြမ္မာကို ပြောင်းလဲပေးပြီး အသစ်တစ်ဖန် မွေးဖွားစေတာနဲ့ အတူတူပါပဲ။
လီဖူချန်းအတွက်ကတော့ သည်အစစ်အမှန် မီးလျှံချီ မှော်ဆေးရည်ဟာ နတ်ဘုရားတွေ ဖန်ဆင်း ပေးလိုက်တဲ့ မှော်ဆေးရည်လို့တောင် သတ်မှတ်နိုင်ပါသေးတယ်။
မီးဓာတ်ကို အထူးပြုတဲ့ မီးလျှံ အရိုးတည်ဆောက်ပုံကို ရမယ်ဆိုရင် လီဖူချန်းဟာ မီးဓာတ် အခြေပြုတဲ့ သိုင်းပညာတွေနဲ့ အတွင်းအားပညာရပ်တွေကို ယခုထက်ပိုပြီး လျင်လျင်မြန်မြန် လေ့ကျင့်နိုင်ပါပြီ။ အနာဂတ်မှာဆိုရင် သူ့အနေနဲ့ မီးလျှံနတ်ဘုရား စွမ်းရည်ကိုတောင်မှ နိုးထရင် နိုးထ စေနိုင်မှာပါ။
နတ်ဘုရား စွမ်းရည်ဆိုတာ ဘာလဲ ... ။
ဒါက ပင်ကိုအထုံ စွမ်းရည်တစ်ခု ဖြစ်ပြီး ကျင့်ကြံသူတွေရဲ့ ကျင့်ကြံမှုနှုန်းကို ပိုမို လျင်မြန်စေတဲ့ အရာတစ်ခုပါ။ လောလောဆယ်မှာတောလ လီဖူချန်းဟာ သူ့ရဲ့ သူမတူတဲ့ ထိုးထွင်းသိမြင်မှု ရှိနေတဲ့အတွက် နတ်ဘုရား စွမ်းရည်ကို မလိုအပ်သေးပါဘူး။ ဒါပေမဲ့ သူ့အနေနဲ့ နောက်ပိုင်း အဆင့်တွေကို ရောက်လာရင်တော့ သည်နတ်ဘုရား စွမ်းရည်ကို သေချာပေါက် လိုအပ်လာမှာ ဖြစ်ပါတယ်။
ကောလဟာလတွေအရ ဆိုရင်တော့ အစစ်အမှန် မီးလျှံချီ မှော်ဆေးရည်ဟာ အရိုးတည်ဆောက်ပုံကို မီးဓာတ်အထူးပြု အရိုးတည်ဆောက်ပုံ ဖြစ်စေဖို့ အတွက် ၉၀ရာခိုင်နှုန်း သေချာပါတယ်တဲ့။ အဲသည် အချက်နဲ့တင် သည်မှော်ဆေးရည်ဟာ ဘယ်လောက်အထိ တန်ဖိုးကြီးပြီး ရှားပါးနေမလည်း ဆိုတာကို သိနေနိုင်ပါပြီ။
ဆရာသခင် မအိုသော ကလေးငယ်တောင်မှ နှစ်ပေါင်းများစွာ အချိန်ပေးပြီးမှ သည်အစစ်အမှန် မီးလျှံချီ မှော်ဆေးရည် တစ်ပုလင်းကို ဖော်စပ်နိုင်ခဲ့တာပါ။
လီဖူချန်းရဲ့ အံ့သြ တုန်လှုပ်သွားတဲ့ အမူအယာက ဆရာသခင် မအိုသော ကလေးငယ်ကို ကျေနပ်သွားစေပါတယ်။
အမှန်အတိုင်း ပြောရမယ်ဆိုရင်တော့ သည်ဆေးရည်ဟာ ကြယ်၅ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်တွေ အတွက် ဘာမှ အသုံးမဝင်ပေမယ့်လည်း လီဖူချန်းတို့လို လူတွေ အတွက်ကတော့ လုံးဝ အဖိုးမဖြတ်နိုင်တဲ့ ဆေးရည်ပင် မဟုတ်ပါလား။
ဆရာသခင် မအိုသော ကလေးငယ်က လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်တဲ့ အခါမှာတော့ ကျောက်စိမ်းပုလင်းလေး တစ်လုံး ထွက်ပေါ်လာခဲ့ပါပြီ။ ဒါက အတွင်းကို ထိုးဖောက် မြင်နိုင်တဲ့ ကျောက်စိမ်းပုလင်း တစ်လုံး ဖြစ်ပြီး အထဲမှာတော့ အနီရောင် သမ်းနေတဲ့ အရည်တွေ ရှိနေပါတယ်။
" ရော့ ... ဒါကို ယူထားလိုက်။ ဒါက အစစ်အမှန် မီးလျှံချီ မှော်ဆေးရည်ပဲ "
ဆရာသခင် မအိုသောကလေးငယ်က ကျောက်စိမ်း ပုလင်းလေးကို လီဖူချန်းထံ ပစ်ပေး လိုက်ပါတယ်။
လီဖူချန်းက ကျောက်စိမ်း ပုလင်းလေးကို ကျင်လည်စွာ ဖမ်းလိုက်ပြီး
" ကျေးဇူးတင်ပါတယ် ဆရာသခင် " ဟု ရိုသေလေးစားစွာဖြင့် အရိုအသေ ပြန်ပေးလိုက်ပါတယ်။
အခွင့်အရေးကောင်း ဆိုတာက နှစ်ခါ ပြန်မလာပါဘူး။ သူ့အနေနဲ့ သည်အခွင့်အရေးကို မဖမ်းဆုပ်ထား ခဲ့ရင်တော့ တစ်သက်လုံး နောင်တရနေမှာ အသေအချာပါပဲ။
"အစစ်အမှန် မီးလျှံချီ မှော်ဆေးရည်ကို သည်နေရာမှာပဲ သောက်လိုက်တာ ပိုကောင်းလိမ့်မယ် ထင်တယ်။ စိတ်မပူပါနဲ့ ... ။ ငါမင်းကို စောင့်နေပေးပါ့မယ် "
ဆရာသခင် မအိုသော ကလေးငယ်က ပြုံးပြီး ပြောလိုက်ပါတယ်။
" ဟုတ်ကဲ့ပါ ... ဆရာသခင် "
ထို့နောက်မှာတော့ လီဖူချန်းဟာ ကျောက်စိမ်း ဆေးပုလင်းထဲမှာရှိတဲ့ ဆေးရည်တွေကို တစ်ရှိန်ထိုး မော့ချ ပစ်လိုက်ပါပြီ။ ဆရာသခင် မအိုသော ကလေးငယ်က သူ့ကို ဒုက္ခရောက်စေမှာ မဟုတ်ဘူးလို့ လီဖူချန်း ယုံကြည်ပါတယ်။ တိုက်ပွဲဝိညာဉ်နယ်ပယ် ပညာရှင်တစ်ယောက် အနေနဲ့ ကောင်းကင်နယ်ပယ် ပညာရှင် တစ်ယောက်ကို ဒုက္ခပေးချင်တယ်ဆိုရင် သည်လောက်အထိ အပင်ပန်း ခံနေစရာ မလိုပါဘူး။ သူတို့ရဲ့ လက်ချောင်းလေး တစ်ချောင်း တောက်လိုက်ရုံနဲ့တင် အလုပ်ဖြစ်ပါတယ်။
အစစ်အမှန် မီးလျှံချီ မှော်ဆေးရည်က ဆေးရည်နဲ့တောင် မတူပါဘူး။ ဒါက ချော်ရည်တစ်ပုလင်းကို သောက်လိုက် ရသလိုပါပဲ။
ဆေးရည်ထဲမှာ ခိုဝင်ကိန်းအောင်းနေတဲ့ ဆေးတန်ခိုး အစွမ်းတွေကို ခံစားမိပေမယ့်လည်း သည်ဆေးရည်ရဲ့ အပူချိန်ကတော့ လွန်ကို လွန်လွန်းလှပါတယ်။ လီဖူချန်းက သူ့ရဲ့ ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ အတွင်းပိုင်း အင်္ဂါ အစိတ်အပိုင်း တွေတောင်မှ လောင်ကျွမ်း သွားပြီလားလို့ ထင်မြင်နေမိပါပြီ။
***