မီးတောက်ခေါင်းဆောင်ကြီး ရောက်ရှိလာခြင်း
Vol. 71 Ch. 976
ဝမ်ပေါင်လဲ့မှာ ထိုသို့မေးလိုက်ပြီးနောက် ဂုဏ်ယူဝင့်ကြွားမှု အပြည့်ဖြင့် ခေါင်းမော့လာ၏။ သူသည် ဘေးပတ်ပတ်လည်ရှိ အရာအားလုံးအား ပုရွက်ဆိတ်လေးများကဲ့သို့ သဘောထားနေသကဲ့သို့ပင်။
သူ ထိုသို့ဆိုလိုက်သည်နှင့် အဝါရောင် မီးလျှံတာအိုမှာလည်း သူ၏ ခန္ဓာကိုယ်ပတ်ပတ်လည်၌ လည်ပတ်သွားပြီး အရပ်မျက်နှာအနှံ့သို့ ပေါက်ကွဲပျံ့နှံ့သွား၏။ မျက်စိတစ်မှိတ်အတွင်းတွင် ထိုအလင်းရောင်များမှာ ကြယ်ကြွေလှေကြီး တစ်စင်းလုံးထဲ၌ ပြည့်နှက်သွားပြီး ပြင်ပကမ္ဘာထဲအထိ ရောက်ရှိသွား၏။ အဝေးမှ ကြည့်လိုက်မည်ဆိုပါက မီးတောက်ပန်းပွင့်တစ်ပွင့် ရုတ်ခြည်းဆိုသလို ပွင့်လာသည့် အလားပင်။
၎င်းမှာ မျက်စိကျိန်းစရာကောင်းလောက်အောင်
စူးရှတောက်ပလွန်းလှပေသည်။
တစ်ချိန်ထဲမှာပင် သူ၏ စကားလုံးများထဲ၌ အစောပိုင်း ဂြိုဟ်အဆင့် ကျင့်ကြံသူတစ်ယောက်၏ စွမ်းအားများ ကိန်းအောင်နေ၏။ သူသည် စကားပြောလိုက်ချိန်တွင် သူ၏ တာအိုဂြိုဟ်ကို အသုံးပြု၍ စည်းမျဉ်းဥပဒေသများကို ပြောင်းလဲသွားစေလိုက်သေးသည်။ ထို့ကြောင့် သူသည် တည်ကြည်စွာ ဆိုလိုက်သည့်တိုင်အောင် သူ၏ စကားသံကြီးမှာ မိုးခြိမ်းသံကြီးကဲ့သို့ အရပ်မျက်နှာအနှံ့၌ ပေါက်ကွဲထွက်ပေါ်လာဆဲပင်။ ထို စကားသံကြီးကြောင့် ထွက်ပေါ်လာသည့် တုန်ခါမှုလိုင်းများမှာလည်း အရပ်မျက်နှာအနှံ့သို့ အဆက်မပြတ် ပျံ့နှံ့သွားကြ၏။
သို့ဖြစ်ရာ သူ၏ ရှေ့နှင့်နောက်တွင် ရှိနေသည့် ထာဝရကြယ်အဆင့် ကျင့်ကြံသူကြီးနှစ်ယောက်သာမက ဂြိုဟ်အဆင့် ကျင့်ကြံသူကိုးယောက်မှာလည်း ထို တုန်ခါမှုလှိုင်းများ၏ ပြင်းအားများကို ခံစားလိုက်ရ၏။ ခပ်လှမ်းလှမ်းမှနေ၍ ဝိုင်းထားကြသည့် ခရမ်းရောင် ရွှေလူမှုအဖွဲ့အစည်းမှ ကျင့်ကြံသူများမှာမူ ဝမ်ပေါင်လဲ့၏ စကားသံကြီးအား ကြားလိုက်ရသည့်နှင့် သူတို့၏ ကျင့်ကြံခြင်းစွမ်းအားများ စတင်တုန်ရီလာသည်ကို ခံစားမိလိုက်ကြသည်။
ထိုအခိုက်အတန့်တွင် တာအိုဂြိုဟ်၏ စွမ်းအားများ ပေါက်ကွဲထွက်ပေါ်လာသဖြင့် ဂြိုဟ်အဆင့်အောက်တွင် ရှိနေသည့် လူတိုင်းအား တုန်လှုပ်ချောက်ချားသွားစေသည့် ဖိနှိပ်အားတစ်မျိုး ပေါ်ပေါက်လာ၏။ ဝမ်ပေါင်လဲ့၏ ဖိနှိပ်ချုပ်တည်းမှု စွမ်းအားများမှာ အခြား ဂြိုဟ်အဆင့်ကျင့်ကြံသူများ၏ ဖိနှိပ်ချုပ်တည်းမှုစွမ်းအားများထက် ပို၍အားကောင်းနေ၏။ ထို့ကြောင့် သူတို့မှာ ကျင့်ကြံခြင်းစွမ်းအားများ တုန်ရီနေကြရုံသာမက တစ်ခေါင်းလုံး ထူပူနေကြရပြီ ဖြစ်သည်။
နတ်ဧကရာဇ်တရားမျှတမှုဂိုဏ်း ခေါင်းဆောင်ကြီး အပါအဝင် အခြား ဂြိုဟ်အဆင့်ကျင့်ကြံသူများပင်လျှင် မျက်နှာအမူအရာများ ပြောင်းလဲသွားရ၏။ ထို ဂြိုဟ်အဆင့် ကျင့်ကြံသူများထဲတွင် အစောပိုင်း ဂြိုဟ်အဆင့်ကျင့်ကြံသူ ငါးယောက်၊ အလယ်အလတ် ဂြိုဟ်အဆင့်ကျင့်ကြံသူနှစ်ယောက်နှင့် နှောင်းပိုင်းအဆင့် ဂြိုဟ်အဆင့်ကျင့်ကြံသူနှစ်ယောက် ပါသည်။ သို့သော် ယခုတွင်မူ အစောပိုင်း ဂြိုဟ်အဆင့်ကျင့်ကြံသူ ငါးယောက်၏ ခန္ဓာကိုယ်များမှာ တုန်ရီနေပြီ ဖြစ်သည်။ သူတို့မှာ ဂြိုဟ်အဆင့် အောက်တွင်ရှိနေသည့် ကျင့်ကြံသူများလောက် အခြေအနေ မဆိုးသေးပါသော်လည်း သူတို့၏ ခန္ဓာကိုယ်များထဲရှိ ဂြိုဟ်များမှာ တုန်ရီနေပြီမဟုတ်ပါလော။
သို့ဖြစ်ရာ အကယ်၍ သူတို့သာ ဝမ်ပေါင်လဲ့နှင့် တိုက်ခိုက်လိုက်မည်ဆိုပါက စည်းမျဉ်းဥပဒေသများ၏ ချုပ်နှောင်မှုများကြောင့် သူတို့မှာ သူ့အား လုံးဝ ယှဉ်နိုင်မည်မဟုတ်ပေ။
အလယ်အလတ် ဂြိုဟ်အဆင့် ကျင့်ကြံသူများမှာလည်း အစောပိုင်းဂြိုဟ်အဆင့် ကျင့်ကြံသူများနှင့် မထူးမခြားနားပင်။ နှောင်းပိုင်း ဂြိုဟ်အဆင့်ကျင့်ကြံသူများဖြစ်ကြသည့် နတ်ဧကရာဇ်တရားမျှတမှုဂိုဏ်း ခေါင်းဆောင်ကြီးနှင့် မိုးကောင်းကင်ဝိညာဉ်ဂိုဏ်းချုပ်ကြီးတို့ပင်လျှင် အံ့ဩတုန်လှုပ်နေကြပြီး ဖိနှိပ်ချုပ်တည်းခံထားရသလို ခံစားနေရ၏။
ထို့ကြောင့် သူတို့၏ ရှေ့တွင် ရှိနေသည့် လုံနန်ကျစ်မှာ ယခင်တုန်းကနှင့် လုံးဝမတူတော့ကြောင်း သူတို့က နားလည်သွားတော့သည်။
ထာဝရကြယ်အဆင့် ကျင့်ကြံသူကြီးနှစ်ယောက်မှာလည်း အမူအရာများ ပြောင်းလဲသွားပြီ ဖြစ်သည်။ သို့သော် သူတို့အား ပျာယာခတ်သွားစေခဲ့သည်မှာ တာအိုဂြိုဟ်၏ စည်းမျဉ်းဥပဒေသ အငွေ့အသက်များ မဟုတ်ဘဲ ဝမ်ပေါင်လဲ့၏ နှုတ်မှ ထွက်လာသည့် နာမည် ဖြစ်၏။
" မီးတောက်ခေါင်းဆောင်ကြီး ဆိုပါလား "
ထို ထာဝရကြယ်အဆင့် ကျင့်ကြံသူကြီးနှစ်ယောက်မှာ နှလုံးသားများ ဆတ်ခနဲ တုန်ရီသွား၏။ သူတို့မှာ ရင်ထဲ၌ ပေါ်ပေါက်လာသည့် ကြောက်စိတ်များကို ဖုံးကွယ်ထားနိုင်စွမ်းမရှိသဖြင့် ၎င်းတို့မှာ သူတို့၏ မျက်ဝန်းများထဲ၌ အထင်းသား ပေါ်ပေါက်လာတော့သည်။ သို့သော် သူတို့မှာ အယုံအကြည် မရှိသေးပေ။ မီးတောက်ခေါင်းဆောင်ကြီးဆိုသည့် နာမည်၏ အဓိပ္ပါယ်မှာ ကြီးလေးလွန်းနေသည် မဟုတ်ပါလော။
ထို ပုဂ္ဂိုလ်ကြီးမှာ ထာဝရကြယ်အဆင့် ကျင့်ကြံသူပေါင်း မြောက်မြားစွာထက် အဆပေါင်းများစွာပို၍ အဆင့်မြင့်သည့် ကြယ်နယ်မြေအဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်ပေသည်။ မဟာလက်ဝဲတာအိုနယ်မြေတစ်ခုလုံးထဲတွင်ပင် ထိုကဲ့သို့သော ပုဂ္ဂိုလ်မျိုးမှာ အလွန်အင်မတန်မှ ရှားသည်။ ထိုအဆင့်တွင် ရှိနေသည့် လူတစ်ယောက်ချင်းစီတိုင်းမှာ အလွန်အင်မတန်မှ အစွမ်းထက်ပြီး သူတို့မှာ အမျက်တော်ရှပါက ကြယ်စင်စုပေါင်း မြောက်မြားစွာအား ဖျက်ဆီးပစ်နိုင်စွမ်း ရှိပေသည်။
သူတို့၏ ခရမ်းရောင် ရွှေလူမှုအဖွဲ့အစည်းမှာလည်း အတော်အသင့် အင်အားကြီးမားပေသည်။ သူတို့၏ ခေါင်းဆောင်ကြီးမှာ ကြယ်နယ်မြေအဆင့်သို့ တက်လှမ်းနိုင်ရန် ခြေလှမ်းတစ်ဝက်သာ လိုတော့သည်ဖြစ်ပြီး ယခုတွင် ထာဝရကြယ်အဆင့်၏ အထွတ်အထိပ်အဆင့်၌ ရောက်နေပြီဟု သတ်မှတ်နိုင်ပေသည်။ သို့သော် ထို ခြေလှမ်းတစ်ဝက်စာ အကွာအဝေးအား လှမ်းနိုင်ရန်မှာ စိတ်ကူးနှင့် မမှန်းဆနိုင်လောက်အောင် ခက်ခဲကြောင်း သူတို့က သိထားကြ၏။
ပြင်ပအကူအညီမရပါက မီးတောက်ခေါင်းဆောင်ကြီး တစ်ယောက်တည်းနှင့် သူတို့၏ ခရမ်းရောင် ရွှေလူမှုအဖွဲ့အစည်း တစ်ခုလုံးအား ထာဝစဉ် ပျောက်ကွယ်သွားအောင် လုပ်နိုင်စွမ်း ရှိသည်ဟုပင် ဆိုနိုင်ပေသည်။
ခရမ်းရောင် ရွှေလူမှုအဖွဲ့အစည်း၏ နောက်တွင် ၎င်းအား အထောက်အပံ့ပေးထားသည့် ဂိုဏ်းတစ်ဂိုဏ်းရှိသလို ထို အဖွဲ့အစည်းထဲတွင်လည်း ကြယ်နယ်မြေအဆင့် ဘိုးဘေးကြီးတစ်ပါး ရှိပါသော်လည်း သူတို့မှာ ထို ဘိုးဘေးကြီး၏ ဂိုဏ်းမှ မဟုတ်ဘဲ လက်အောက်ခံ လူမှုအဖွဲ့စည်းတစ်ခု ဖြစ်နေဆဲပင်။ သို့ဖြစ်ရာ အကယ်၍ သူတို့သာ မီးတောက်ခေါင်းဆောင်ကြီးအား အပြစ်လုပ်မိပါက ပေါ်ပေါက်လာမည့် နောက်ဆက်တွဲ အကျိုးဆက်များမှာ ခရမ်းရောင် ရွှေလူမှုအဖွဲ့အစည်းအတွက် ထိခိုက်နိုင်ပေသည်။
မီးတောက်ခေါင်းဆောင်ကြီးမှာ အဆုဲးမဲ့တာအိုနွယ်စုနှင့်လည်း သင့်မြတ်မှုမရှိကြောင်း ဆိုကြသည့် ကောလာဟလများလည်း ရှိပေသည်။ ထို့အပြင် သူသည် အလွန်အင်မတန်မှ အစွမ်းထက်ရုံသာမက သူ၏ လက်အောက်ငယ်သားများနှင့် ပတ်သတ်လာလျှင်လည်း အလွန်အင်မတန်မှ အကာအကွယ် ကြီးသူတစ်ယောက်လည်း ဖြစ်သည်။ သူ၏ တပည့်များကို အနိုင်ကျင့်ဖို့ပင် မဆိုထားနှင့် သူ နေထိုင်ရာ မီးတောက်ကြယ်စင်စုအနီးသို့ သူစိမ်းများ ရောက်ရှိလာလျှင်ပင် သူသည် အမျက်တော်ရှတတ်ပေသည်။
ထို့ကြောင့်လည်း ထို ထာဝရကြယ်အဆင့် ကျင့်ကြံသူနှစ်ယောက်မှာ အလွန်အင်မတန်မှ တုန်လှုပ်ချောက်ချားသွားရ၏။ သို့သော် သူတို့မှာ ပို၍ တုန်လှုပ်ချောက်ချားလာလေလေ ထိုကိစ္စကြီးမှာ လုံးဝမဖြစ်နိုင်ဟု ပို၍ခံစားနေလာလေလေ ဖြစ်နေတော့သည်။ အကယ်၍ ဝမ်ပေါင်လဲ့သာ မီးတောက်ခေါင်းဆောင်ကြီး၏ တပည့်ရင်းတစ်ယောက် ဖြစ်နေမည်ဆိုပါက သူ၏ လုပ်ရပ်များကို ဖုံးကွယ်ထားနေစရာ လိုမည်မဟုတ်ပေ။ ထို့အပြင် သူသည် သူ့အတွက် အရေးပါသည့် လူများအား အပြင်ဘက်၌ ထားခဲ့ရသည်ကို စနိုးစနောင့် ဖြစ်နေသည့်ပုံ ပေါက်နေခဲ့သည်မှာ သိသာထင်ရှားပေသည်။
ထိုမျှသာမက သူတို့မှာ အလွယ်တကူ ယုံကြည်ရန် ဆန္ဒမရှိပေ။ ဝမ်ပေါင်လဲ့၏ နှုတ်မှ ထွက်ပေါ်လာသည့် စကားလုံးများ အတွက်ကြောင့်နှင့် သူတို့မှာ သူတို့၏ အစီအစဉ်များအားလုံးကို လက်လွှတ်ပစ်နိုင်မည် မဟုတ်ပေ။ သူတို့၏ ကြိုးစားအားထုတ်မှုအားလုံးမှာ သဲထဲရေသွန် ဖြစ်သွားမည် မဟုတ်ပါလော... ဤ ကိစ္စကြီးတစ်ခုလုံးမှာ ခရမ်းရောင် ရွှေလူမှုအဖွဲ့အစည်း နောက်တစ်ဆင့်သို့ တက်လှမ်းနိုင်မည့် အဓိကသော့ချက် ဖြစ်ပေသည်။ ထို့အပြင် ထာဝရကြယ်အဆင့် အထွတ်အထိပ်သို့ ရောက်နေပြီဖြစ်သည့် သူတို့၏ ခေါင်းဆောင်ကြီးမှာလည်း ဤ အခွင့်အရေးအား အသုံးချကာ ဖောက်ထွက်နိုင်ရန် ကြိုးစားနေခြင်း ဖြစ်သည်။
ထို့ကြောင့်လည်း ခဏအကြာတွင် ဝမ်ပေါင်လဲ့ရှေ့ရှိ မျက်ဝန်းများ အေးစက်နေသည့် ထာဝရကြယ်အဆင့် ကျင့်ကြံသူကြီးမှာ အော်ဟစ်ရယ်မောကာ ဆိုလိုက်တော့သည်။
" မီးတောက်ခေါင်းဆောင်ကြီးက မင်းရဲ့ဆရာ ဟုတ်လား။ ဟာသပဲ။ နတ်ဧကရာဇ်ကြီးဝေ့ယန်ကျစ်က မင်းရဲ့ ဆရာလို့သာ ပြောလိုက်ပါတော့လားကွ။ အဓိပ္ပါယ်မရှိတဲ့စကားတွေ "
လှေပေါ်တွင်ရပ်ကာ ထို ထာဝရကြယ်အဆင့် ကျင့်ကြံသူကြီးအား အေးစက်စွာ စိုက်ကြည့်နေသည့် ဝမ်ပေါင်လဲ့မှာ စိုးရိမ်တုန်လှုပ်နေရပါသော်လည်း တည်ကြည်မှုအပြည့် ရှိနေသည့်ပုံစံ ဟန်ဆောင်ထားဆဲပင်။ သူ၏ နှလုံးသားထဲတွင်မူ သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေ၏။ သူသည် သူ၏စိတ်ထဲတွင်မူ နတ်ဧကရာဇ်ကြီးမှာ သူ၏ ဆရာ မဟုတ်ပါသော်လည်း နတ်ဧကရာဇ်ကြီးအား သတ်ဖြတ်ခဲ့သည့် ချန်ရှင်းမှာ သူ၏ ဂိုဏ်းတူအစ်ကိုကြီး ဖြစ်သည်ဟု တွေးမိနေ၏။
သို့သော် ထို အချက်မှာ အရေးမကြီးပေ။ ဝမ်ပေါင်လဲ့မှာ ဤနေရာ၌ သူ၏ ဝှက်ဖဲများအားလုံးကို ထုတ်ပြရန် ဆန္ဒမရှိပေ။ ထို့ကြောင့် ထို ထာဝရကြယ်အဆင့် ကျင့်ကြံသူကြီး ထိုသို့ဆိုလိုက်သည်နှင့် သူသည် သူ၏ ညာဘက်လက်ကိုမြှောက်ကာ ကျောက်စိမ်းပေလွှာတစ်ခု ထုတ်ယူလိုက်၏။
ထို ကျောက်စိမ်းပေလွှာထဲတွင် ကျိန်စာတစ်ခု၏ စွမ်းအားများ ပါသည်။ ၎င်းမှာ မီးတောက်ခေါင်းဆောင်ကြီး သူ့အား ပေးခဲ့သည့် ပစ္စည်းတစ်ခု ဖြစ်ပေသည်။ သူ မီးတောက်ခေါင်းဆောင်ကြီးအား ဆရာအဖြစ် သတ်မှတ်မည့်ကိစ္စနှင့် ပတ်သတ်၍ စဉ်းစားပြီးသွားပါက ထို ကျောက်စိမ်းပေလွှာကို အသုံးပြုကာ သူ့အား လှမ်း၍ အကြောင်းကြားရမည်ဖြစ်သည်။
ထို့ကြောင့် သူ ထို ကျောက်စိမ်းပေလွှာလေးအား ဖိညှစ်ရန် ပြင်လိုက်စဉ်မှာပင် ထာဝရကြယ်အဆင့် ကျင့်ကြံသူကြီးမှာ အေးစက်စွာရယ်မောကာ စကားထပ်ပြောလိုက်ပြန်သည်။
" လုံနန်ကျစ်။ အသုံးမဝင်တဲ့စကားတွေ ပြောမနေနဲ့တော့။ မင်းက အဓိပ္ပါယ်မရှိတာတွေ လုပ်နေမှတော့ ငါ့ကို အဆိုးမဆိုနဲ့တော့ကွာ " ထို ထာဝရကြယ်အဆင့် ကျင့်ကြံသူကြီးမှာ ထိုသို့ ဆိုလိုက်ပြီးနောက် သူ၏ ညာဘက်လက်ကို ဝှေ့ယမ်းလိုက်၏။ ထိုအခါ သူ၏နောက်တွင် ရှိနေသည့် ဂြိုဟ်အဆင့်ကျင့်ကြံသူ ကိုးယောက်၏ မျက်ဝန်းများထဲမှ သတ်ဖြတ်လိုစိတ်များမှာ ချက်ချင်းဆိုသလိုပင် ပို၍ အားကောင်းလာတော့သည်။ ထို့နောက် သူတို့မှာ မန္တန်လက်ကွက်များ အလျင်အမြန် ဖော်လိုက်ကြသဖြင့် မျက်စိတစ်မှိတ်အတွင်းတွင် ကျောက်ယမုန့်၊ မြည်းလေးနှင့် ဝူလေးတို့အား ချုပ်နှောင်ထားသည့် ပူစည်ဖောင်းကြီးမှာ ရုတ်တရက်ဆိုသလို တောက်ပလာတော့သည်။
ထို့နောက် ထို ပူစည်ဖောင်းကြီးထဲ၌ အနက်ရောင် အခိုးအငွေ့များ ပေါ်ပေါက်လာပြီး သူတို့၏ ခန္ဓာကိုယ်များအား ဝန်းရံသွားကြ၏။ ထို အခိုးအငွေ့များ ဖြတ်သန်းသွားသည့် နေရာတိုင်းတွင် တိုက်စားခံရနေသည့် အရိပ်အယောင်များ ပေါ်ပေါက်လာသည်သာ ဖြစ်သည်။ ကျောက်ယမုန့်နှင့် အခြားသူများမှာ သတိလစ်နေကြသည့်တိုင်အောင် သူတို့၏ မျက်နှာများပေါ်၌ နာကျင်မှု အရိပ်အယောင်များ ပေါ်ပေါက်လာဆဲပင်။
ထိုမြင်ကွင်းကြောင့် ဝမ်ပေါင်လဲ့၏ နှလုံးသားထဲမှ သတ်ဖြတ်လိုစိတ်များမှာ ပေါက်ကွဲထွက်ပေါ်လာ၏။ ထိုအချိန်တွင် သူသည် ထို ပူစည်ဖောင်းကြီးထဲ၌ ရှိနေသည့် ဝူလေး သူ၏ လက်ချောင်းများအား မသိမသာလှုပ်ရှားနေပါသော်လည်း ချက်ချင်းဆိုသလိုပင် ရပ်တန့်သွားသည်ကို သတိမထားမိလိုက်ပေ...
ထိုမြင်ကွင်းအား သတိမထားမိလိုက်သည့် ဝမ်ပေါင်လဲ့မှာ ဒေါသထွက်နေသည့် လေသံဖြင့် အော်ဟစ်ရယ်မောလိုက်ပြီး သူ၏လက်ထဲမှ ကျောက်စိမ်းပေလွှာအား မဆိုင်းမတွ ခြေမွှဖျက်ဆီးပစ်လိုက်၏။ ထို့နောက် သူသည် သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသည့် စကားသံကြီးဖြင့် စကြဝဠာကြီးထဲသို့ လှမ်းပြောလိုက်တော့သည်။
" ကျွန်တော် တပည့်ဝမ်ပါ။ ကျေးဇူးပြုပြီးတော့ ကျွန်တော့်ရဲ့ မိတ်ဆွေတွေကို ကယ်ပေးဖို့နဲ့ ဒီ ထာဝရကြယ်အဆင့် ငမိုက်သားနှစ်ကောင်ကို ဖိနှိပ်ချုပ်တည်းပေးဖို့ ဆရာ့ကို အကူအညီတောင်းပါရစေ "
ဝမ်ပေါင်လဲ့တစ်ယောက် သူ၏ ကျောက်စိမ်းပေလွှာအား ခြေမွှကာ ထိုသို့ဆိုလိုက်သည်နှင့် အချိန်အတော်အတန်ကြာအောင် စောင့်ဆိုင်းနေသည့်ပုံပေါ်ပြီး မျှော်လင့်ချက်များနှင့် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေသည့် အဘိုးကြီးတစ်ယောက်၏ ရယ်သံကြီးမှာ နတ်မျက်လုံးလူမှုအဖွဲ့အစည်းထဲ၌ ချက်ချင်းဆိုသလိုပင် ပဲ့တင်ထပ်သွား၏။ ၎င်းမှာ ရယ်မောသံတစ်သံသာ ဖြစ်ပါသော်လည်း နတ်မျက်လုံး လူမှုအဖွဲ့အစည်း တစ်ခုလုံးမှာ တုန်ရီသွားရပြီး မိုးကောင်းကင်ကြီး တစ်ခုလုံးလည်း မှေးမှိန်သွားရဆဲပင်။ ထို့အပြင် သလင်းကျောက်ပြားများဖြင့် ဖန်တီးထားသည့် အချုပ်အနှောင်ကြီး၏ မျက်နှာပြင်ပေါ်တွင်လည်း အက်ကွဲကြောင်းများပေါ်ပေါက်လာ၏။
ထိုနေရာတစ်ဝိုက်တွင် ရှိနေသည့် ကျင့်ကြံသူများ အားလုံးမှာလည်း ကယောက်ချောက်ချား ဖြစ်သွားကြရ၏။ ထာဝရကြယ်အဆင့် ကျင့်ကြံသူကြီး နှစ်ယောက်မှာလည်း ထိုနည်းတူပင်။ သူတို့မှာ မျက်နှာအမူအရာများ လုံးဝပြောင်းလဲသွားပြီ ဖြစ်သည်။
" ကြယ်နယ်မြေအဆင့် ကျင့်ကြံသူတစ်ယောက်ပါလား "
" မီးတောက်ခေါင်းဆောင်ကြီးပဲ "
ထို ထာဝရကြယ်အဆင့် ကျင့်ကြံသူကြီးနှစ်ယောက်မှာ အလန့်တကြား အော်ဟစ်လိုက်ပြီးနောက် နောက်သို့ ချက်ချင်းထွက်ပြေးဆုတ်ခွာသွား၏။ သူတို့သည် ကြယ်နယ်မြေအဆင့် ကျင့်ကြံသူများ၏ ရှေ့၌ ထွက်ပြေးရန် ကြိုးစားခြင်းမှာ အချည်းနှီးသာဖြစ်ကြောင်း သိထားပြီးသား ဖြစ်သည့်တိုင်အောင် မသိစိတ်မှနေ၍ သွေးရူးသွေးတန်းနှင့် ထွက်ပြေးမိသွားကြဆဲပင်။
သို့သော် သူတို့ ထိုကဲ့သို့ ထွက်ပြေးသွားသည်နှင့် ကြယ်ကြွေလှေကြီး၏ ရှေ့ရှိ စကြဝဠာကြီးထဲ၌ ဝဲတစ်ခု ရုတ်တရက်ဆိုသလို ပေါ်ပေါက်လာ၏။ ထို့နောက် မီးပင်လယ်တစ်စင်းမှာ မီးတောင်တစ်လုံးကဲ့သို့ ထိုဝဲကြီးထဲမှ ပေါက်ကွဲထွက်ပေါ်လာသည်။ သို့သော် ၎င်းမှာ အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားခြင်းမရှိဘဲ စကြဝဠာကြီးအား တုန်ရီသွားစေသည့် ဖိနှိပ်ချုပ်တည်းအားများသာ ထွက်ပေါ်လာသည်။ ၎င်းတို့မှာ မီးများတောက်လောင်နေသည့် ကျာပွတ်နှစ်ချောင်းအသွင် ပြောင်းလဲသွားကာ ဝမ်ပေါင်လဲ့၏ ရှေ့နှင့်နောက်ရှိ အဝေးသို့ ထွက်ပြေးဆုတ်ခွာသွားနေသည့် ထာဝရကြယ်အဆင့် ကျင့်ကြံသူကြီး နှစ်ယောက်ဆီသို့ အသီးသီး ဦးတည်သွားကြ၏။
တစ်အောင့်ခန့်အကြာတွင် ကြယ်နယ်မြေအဆင့် ဖိနှိပ်ချုပ်တည်းအားများနှင့် အဆုံးအစမရှိသော စွမ်းအားများ ကိန်းအောင်းနေသည့် ထို မီးလျှံကျာပွတ်နှစ်ချောင်းမှာ ထာဝရကြယ်အဆင့် ကျင့်ကြံသူကြီး နှစ်ယောက်၏ ခန္ဓာကိုယ်များပေါ်သို့ ကျရောက်သွား၏။ ထိုအခါ သူတို့၏ အပြင်ခန္ဓာကိုယ်များမှာ ချက်ချင်းဆိုသလိုပင် ပျက်စီးသွားတော့သည်။