← Chapters

ဗိုလ်ကျခြင်း

Vol. 71 Ch. 977

ဗိုလ်ကျခြင်း

Vol. 71 Ch. 977

အကယ်၍ ထာဝရကြယ်အဆင့် ကျင့်ကြံသူတစ်ယောက်မှာ ဂြိုဟ်အဆင့် ကျင့်ကြံသူတစ်ယောက်ထက် အဆတစ်ထောင် ပို၍ အစွမ်းထက်သည်ဟု သတ်မှတ်မည်ဆိုပါက ကြယ်နယ်မြေအဆင့် ကျင့်ကြံသူတစ်ယောက်မှာ ထာဝရကြယ်အဆင့် ကျင့်ကြံသူတစ်ယောက်ထက် အနည်းဆုံး အဆတစ်သောင်းခန့် ပို၍ အစွမ်းထက်နေမည်ဟု ဆိုရပေမည်။ သို့ဖြစ်ရာ မီးတောက်ခေါင်းဆောင်ကြီးမှာ သူကိုယ်တိုင် ရောက်လာစရာပင်မလိုပဲ သူ၏ နတ်ဘုရားအာရုံထဲမှ ထွက်ပေါ်လာသည့် မီးတောက်များဖြင့်သာ ခရမ်းရောင် ရွှေလူမှုအဖွဲ့အစည်းမှ ထာဝရကြယ်အဆင့် ကျင့်ကြံသူနှစ်ယောက်အား ဇီဝိန်ချုပ်ပစ်နိုင်စွမ်း ရှိပေသည်။

အကယ်၍ သူ၏ ခန္ဓာကိုယ်အစစ်သာ ရှိနေပြီး ထို ကျင့်ကြံသူနှစ်ယောက်အား တိုက်ခိုက်ခွင့်ပေးလိုက်မည်ဆိုပါက မိုးကောင်းကင်ကြီး ပြိုကျလာလျှင်တောင် သူသည် ဒဏ်ရာရသွားမည်မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် သူ ရရှိနိုင်မည့် ဒဏ်ရာများမှာ သူ၏ ဒဏ်ရာပျောက်ကင်းနှုန်းထက် အများကြီးပို၍ နိမ့်ကျနေမည် ဖြစ်သောကြောင့်ပင်။

၎င်းမှာ ထာဝရကြယ်အဆင့်နှင့် ကြယ်နယ်မြေအဆင့် ကျင့်ကြံသူများ၏ ကြားမှ ခြားနားချက်ဖြစ်ပေသည်။

ထို့ကြောင့် မီးတောက်ခေါင်းဆောင်ကြီး၏ နတ်ဘုရားအာရုံ မီးတောက်ကျာပွတ်များအသွင် ပြောင်းလဲသွားသည်နှင့် ဤ တိုက်ပွဲကြီးမှာ အဖြေပေါ်သွားပြီ ဖြစ်သည်။

ယခုတွင် ခရမ်းရောင် ရွှေလူမှုအဖွဲ့အစည်း၏ အစွမ်းအထက်ဆုံး ကျင့်ကြံသူများထဲတွင်ပါသည့် ထို ထာဝရကြယ်အဆင့် ကျင့်ကြံသူနှစ်ယောက်မှာ သနားစဖွယ် အော်ဟစ်မြည်တမ်းချိန်ပင် မရလိုက်ပေ။ သူတို့၏ ခန္ဓာကိုယ်များမှာ ချက်ချင်းဆိုသလိုပင် ပျက်စီးသွားကြပြီး သူတို့၏ အသွေးအသားများမှာလည်း မီးတောက်များထဲ၌ ချက်ချင်းပြာကျသွားကြ၏။ သူတို့၏ ဝိညာဉ်များမှာလည်း ထွက်ပြေးလွတ်မြောက်နိုင်စွမ်း မရှိတော့သဖြင့် သူတို့မှာ ဇီဝိန်ချုပ်သွားရပြီ ဖြစ်သည်။

သို့သော် အဆုံးမဲ့တာအိုနယ်မြေ၏ မိုးကောင်းကင်တာအိုကြောင့် သူတို့မှာ ဇီဝိန်ချုပ်သွားရသည့်တိုင်အောင် မိုးကောင်းကင်တာအိုထဲ၌ အမှတ်အသားတစ်ခု ကျန်ရစ်ခဲ့ဆဲပင်။ သို့ဖြစ်ရာ အနာဂတ်တွင် သူတို့မှာ အသက်ပြန်ရှင်လာနိုင်ခြေ ရှိပေသည်။ သို့သော် သူတို့ ထိုသို့ အသက်ပြန်ရှင်လာနိုင်ရန်မှာ ဝမ်ပေါင်လဲ့အပေါ် မူတည်ပေသည်။

သူသည် ထို ထာဝရကြယ်အဆင့် ကျင့်ကြံသူနှစ်ယောက်အား သတ်ဖြတ်ချင်နေခဲ့သည်မှာ အလွန်အင်မတန်မှ ကြာမြင့်နေပြီဖြစ်သည်။ သူသည် သူ့အား ခြိမ်းခြောက်သည့်လူများကို ဘယ်သောအခါမှ စာနာသနားမည်မဟုတ်ပေ။ ထို့အပြင် မီးတောက်ခေါင်းဆောင်ကြီးလည်း ရှိနေသေးသည်ဖြစ်ရာ သူသည် သူ၏ လျှို့ဝှက်ချက်များ ပေါ်သွားမည်ကို အထူးတလည် စိုးရိမ်နေခြင်းမရှိပေ။

မီးတောက်ခေါင်းဆောင်ကြီးမှာ သူနှင့် ချန်ရှင်း၏ကြားမှ ဆက်ဆံရေးကို ခန့်မှန်းနိုင်ခဲ့သည့်အပြင် စကားတစ်ခွန်းတည်းနှင့် ဖော်ထုတ်ခဲ့သည် မဟုတ်ပါလော။ သို့ဖြစ်ရာ သူ့ဘက်မှ အလွန်အကျွံ ဖုံးကွယ်နေစရာ မလိုတော့ပေ။ ထို့ကြောင့်လည်း မီးတောက်ခေါင်းဆောင်ကြီးကြောင့် ထာဝရကြယ်အဆင့် ကျင့်ကြံသူနှစ်ယောက် ဇီဝိန်ချုပ်သွားစဥ်မှာပင် ဝမ်ပေါင်လဲ့မှာ မျက်ဝန်းများ အရောင်လက်သွား၏။ ထို့နောက် သူသည် သူ၏ညာဘက်လက်ကို မြှောက်ကာ မန္တန်လက်ကွက်တစ်ခု ဖော်လိုက်သည်။ ထိုအခါ သူ၏နောက်တွင် အနက်ရောင် နတ်ဆိုးမျက်လုံးကြီးတစ်လုံး ချက်ချင်းပေါ်ပေါက်လာတော့သည်။

ထို အနက်ရောင် နတ်ဆိုးမျက်လုံးကြီးမှာ သူ ထာဝရဝိညာဉ်အဆင့်တွင် ရှိနေခဲ့စဉ်တုန်းကနှင့် မတူတော့ပေ။ ထို မျက်လုံးထဲ၌ သူငယ်အိမ်တစ်ခုသာ ရှိပါသော်လည်း ထို သူငယ်အိမ်ထဲတွင် အကွင်းဆယ်ကွင်း ရှိနေ၏။ ထို့ကြောင့် နတ်ဆိုးမျက်လုံးကြီး၏ ပုံစံမှာ အလွန်အင်မတန်မှ ကြောက်စရာကောင်းနေတော့သည်။ ဂြိုဟ်အဆင့် ကျင့်ကြံသူတစ်ယောက်ပင်လျှင် ၎င်းအား ကြည့်မိလိုက်ပါက သွေးပျက်သွားရမည်ဖြစ်သည်။

" ဝါးမျိုစေ " အနက်ရောင် နတ်ဆိုးမျက်လုံးကြီး ပေါ်ပေါက်လာသည်နှင့် ဝမ်ပေါင်လဲ့မှာ အေးစက်စွာ ရေရွတ်လိုက်သည်။ ထိုအခါ သူ၏နောက်တွင် ရှိနေသည့် အနက်ရောင်မျက်လုံးကြီးမှာ ချက်ချင်းဆိုသလိုပင် မိစ္ဆာအလင်းရောင်များကို ထုတ်လွှတ်လိုက်၏။ ထို့အပြင် ထိုမျက်ဝန်းထဲတွင် အာရုံခံ၍မရနိုင်သည့် အမှောင်မီးတောက်တစ်ခု မှိတ်တုတ်မှိတ်တုတ် တောက်လောက်နေသေးသည်။ ထို မျက်လုံးကြီးမှာ ဇီဝိန်ချုပ်သွားသည့် ထာဝရကြယ်အဆင့် ကျင့်ကြံသူနှစ်ယောက်၏ မျက်လုံးဖြင့် မမြင်နိုင်သော အမှတ်အသားများကို ချက်ချင်း စုပ်ယူဖျက်ဆီးပစ်လိုက်၏။

ထိုအခါ ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်မှာလည်း ရုတ်ခြည်းဆိုသလို ကြီးထွားလာသည်။ ထာဝရကြယ်အဆင့် ကျင့်ကြံသူနှစ်ယောက်ဆီမှ ထွက်ပေါ်လာသည့် ဝိညာဉ်စွမ်းအား အမြောက်အမြားမှာ နတ်ဆိုးမျက်လုံးကြီးထဲမှတစ်ဆင့် သူ၏ ခန္ဓာကိုယ်ထဲသို့ အရှိန်အဟုန်ဖြင့် စီးဝင်လာသောကြောင့် သူ၏ ကျင့်ကြံခြင်းစွမ်းအားများမှာ တိုးတက်လာတော့သည်။

ထိုအချိန်တွင် မိုးကြိုးများ ပစ်ခတ်သွားသည့်အလား စကြဝဠာကြီးတစ်ခုလုံး တုန်ရီသွား၏။ မီးတောက်ခေါင်းဆောင်ကြီးမှာ ထိုမြင်ကွင်းအား မြင်လိုက်ရပါသော်လည်း စကားတစ်ခွန်းမှမပြောခဲ့ပေ။ ဝဲကြီးထဲမှ မီးတောက်များ ထပ်၍ ပျံ့နှံ့ထွက်ပေါ်လာပြီး နတ်မျက်လုံးလူမှုအဖွဲ့အစည်းတစ်ခုလုံးအား ပြင်ပကမ္ဘာကြီးနှင့် အဆက်အသွယ် ဖြတ်တောက်ထားသလို ကျောက်ယမုန့်နှင့် အခြားသူများရှိနေသည့် ပူစည်ပေါင်းကြီးကိုလည်း လွှမ်းခြုံထားပြီ ဖြစ်သည်။ ထို့ကြောင့် ထို မီးတောက်များမှာ အကာအရံတစ်ခုကဲ့သို့ ဖြစ်နေ၏။ ထိုအချိန်တွင် မီးတောက်ခေါင်းဆောင်ကြီး၏ စကားသံမှာ စကြဝဠာကြီးထဲ၌ ပဲ့တင်ထပ်သွားသောကြောင့် ဘေးနားတစ်ဝိုက်တွင် ရှိနေကြသည့် ဂြိုဟ်အဆင့်ကျင့်ကြံသူကိုးယောက်နှင့် မရေမတွက်နိုင်လောက်အောင် များပြားသည့် အခြား ကျင့်ကြံသူပေါင်းမြောက်မြားစွာမှာ တုန်လှုပ်ချောက်ချားသွားတော့သည်။

" တပည့်။ ဒီနေရာကို ရှင်းပေးဖို့ ဆရာ့ရဲ့ အကူအညီ လိုသေးလား "

မီးတောက်ခေါင်းဆောင်ကြီးမှာ ဝမ်ပေါင်လဲ့အား " တပည့် " ဟု ဂုဏ်ယူဝင့်ကြွားစွာ ခေါ်ဆိုလိုက်ခြင်းဖြစ်၏။ ဝမ်ပေါင်လဲ့မှာ သူ၏ စကားသံကို ကြားလိုက်ရသောအခါ နှလုံးသားထဲ၌ ခံစားချက်မျိုးစုံ ပေါ်ပေါက်လာရပါသော်လည်း ကျေးဇူးတင်မိသွားဆဲပင်။ ယခုအကြိမ်တွင် မီးတောက်ခေါင်းဆောင်ကြီး၏ အကူအညီမှာ ဝမ်ပေါင်လဲ့အတွက် အလွန်အင်မတန်မှ အရေးပါနေသည် မဟုတ်ပါလော။

မီးတောက်ခေါင်းဆောင်ကြီးမှာ သူ ရင်ဆိုင်ကြုံတွေ့နေရသည့် ပြဿနာကြီးအား ဖြေရှင်းပေးခဲ့ရုံသာမက သူ တာအိုဂြိုဟ်တစ်လုံးအား ပိုင်ဆိုင်နိုင်ရန်အတွက်ပါ ကူညီပေးခဲ့ခြင်းဖြစ်သည်။ သူ၏ စိတ်ကောင်းစေတနာများကြောင့် ဝမ်ပေါင်လဲ့မှာ စိတ်နှလုံးလှုပ်ရှားသွားရပြီး ဆုံးဖြတ်ချက်ချလိုက်တော့သည်။ အနာဂတ်တွင် မည်သည့်ကိစ္စမျိုးနှင့် ကြုံရကြုံရ သူသည် သူ့ကိုယ်သူ မီးတောက်ခေါင်းဆောင်ကြီး၏ တပည့်အဖြစ် အမြဲထာဝစဉ် သတ်မှတ်ထားတော့မည်ဖြစ်သည်။

ထို့ကြောင့် သူသည် သူ၏ ဆရာဖြစ်သူနှင့် အာလာပသလ္လာပစကားများ ပြောဆိုနေခြင်းမရှိဘဲ ညာလက်သီးပေါ် ဘယ်လက်ဝါးတင်ကာ ဦးညွှတ်အရိုအသေပေးလိုက်ပြီနောက် တရိုတသေ လျှောက်တင်လိုက်၏။

" ကျွန်တော့်ရဲ့ နှလုံးသားထဲမှာ သတ်ဖြတ်လိုစိတ်တွေနဲ့ ပြည့်နေတုန်းပဲမလို့ စိတ်ထွက်ပေါက်ပေးဖို့ လိုပါတယ်။ အဲတာမလို့ ဒီနေရာက ကိစ္စတွေကို ကျွန်တော်ကိုယ်တိုင်ပဲ ရှင်းလိုက်ပါ့မယ်။ ဆရာကတော့ ကျွန်တော့်ရဲ့ မွေးရပ်မြေကိုပဲ ဘေးကင်းလုံခြုံအောင် ကာကွယ်စောင့်ရှောက်ပေးထားပါ "

" ကောင်းပြီလေ " မီးတောက်ခေါင်းဆောင်ကြီးမှာ အော်ဟစ်ရယ်မောကာ ပြန်ပြောလိုက်၏။ ထို့နောက် သူသည် သူ၏ နတ်ဘုရားအားရုံအား ပြန်လည်ရုပ်သိမ်းကာ ပျောက်ကွယ်သွားတော့သည်။

မီးတောက်ခေါင်းဆောင်ကြီး ထွက်ခွာသွားသည့်တိုင်အောင် သူ၏ မီးတောက်များမှာ ကျန်ရစ်ခဲ့ဆဲပင်။ ၎င်းတို့မှာ နတ်မျက်လုံးလူမှုအဖွဲ့အစည်းအား ပြင်ပလောကကြီးနှင့် အဆက်အသွယ်ဖြတ်ထားပြီ ဖြစ်သည်။ ဘေးပတ်ပတ်လည်တွင် ရှိနေကြသည့် ကျင့်ကြံသူသိန်းပေါင်းများစွာနှင့် ဂြိုဟ်အဆင့်ကျင့်ကြံသူ ကိုးယောက်မှာ ကတုန်ကယင်နှင့် ဝမ်ပေါင်လဲ့အား စိုက်ကြည့်နေကြ၏။ အထူးသဖြင့် နတ်ဧကရာဇ်တရားမျှတမှုဂိုဏ်း ခေါင်းဆောင်ကြီးနှင့် အခြားသူများမှာဆိုလျှင် မျက်ဝန်းများထဲ၌ ရူးသွပ်မှုအရိပ်အယောင်များဖြင့် ပြည့်နှက်နေကြသည်။

သူတို့မှာ ဝမ်ပေါင်လဲ့ ပြောခဲ့သည့်စကားများကို ကြားလိုက်ရသည် မဟုတ်ပါလော။ ဝမ်ပေါင်လဲ့မှာ သူကိုယ်တိုင် ဤ ကိစ္စကြီးအား အဆုံးသတ်ပေးလိုသောကြောင့် မီးတောက်များ၏ စွမ်းအားများကိုအသုံးပြုကာ သူတို့အားလုံးအား မချေမှုန်းခဲ့ခြင်းဖြစ်သည်။

သို့သော် သူတို့၏ အမြင်တွင် သူသည် မောက်မာဝင့်ကြွားလွန်းနေ၏။

သူတို့ဘက်တွင် ဂြိုဟ်အဆင့်ကျင့်ကြံသူ ကိုးယောက် ရှိနေသည် မဟုတ်ပါလော။ အထူးသဖြင့် နတ်ဧကရာဇ်တရားမျှတမှုဂိုဏ်း ခေါင်းဆောင်ကြီးနှင့် မိုးကောင်းကင်ဝိညာဉ်ဂိုဏ်း၏ ဂိုဏ်းချုပ်ကြီးတို့မှာဆိုလျှင် နှောင်းပိုင်း ဂြိုဟ်အဆင့်တွင် ရောက်နေကြပြီဖြစ်သည်။ မီးတောက်ခေါင်းဆောင်ကြီး၏ ဖိအားများကြောင့် သူတို့မှာ သူတို့၏ တိုက်ရည်ခိုက်ရည်စွမ်းအားများကို အပြည့်အဝ ထုတ်လွှတ်နိုင်စွမ်း မရှိပါသော်လည်း အကယ်၍ သူတို့ကိုးယောက်သာ အတူတကွ ပူးပေါင်းလိုက်မည်ဆိုပါက မကြာသေးမီကမှ ဂြိုဟ်အဆင့်သို့ တက်လှမ်းလာခဲ့သည့် ကျင့်ကြံသူတစ်ယောက်အား အနိုင်ယူနိုင်လောက်ပေသည်။ ထို ကျင့်ကြံသူမှာ တာအိုဂြိုဟ်တစ်လုံးနှင့် ပေါင်းစည်းနိုင်ခဲ့လျှင်တောင် သူတို့မှာ အနိုင်ရနိုင်ခြေ ရှိနေဦးမည်ဖြစ်သည်။

သို့သော်... ဝမ်ပေါင်လဲ့မှာလည်း ထိုအချက်အား နားလည်ထားမည်သာ ဖြစ်ကြောင်း သူတို့က သိထား၏။ သို့ဖြစ်ရာ သူ့ဆီတွင် အခြား လျှို့ဝှက်ချက်များ ရှိနေလောက်ပေသည်။ ထို့ကြောင့်လည်း သူတို့အားလုံးမှာ စိုးရိမ်တုန်လှုပ်နေရ၏။ ထိုသို့ဖြင့် နတ်ဧကရာဇ်တရားမျှတမှုဂိုဏ်း ခေါင်းဆောင်ကြီး စကားပြောရန် ပြင်လိုက်စဉ်မှာပင် ဝမ်ပေါင်လဲ့မှာ ရှေ့သို့ ခြေတစ်လှမ်းလှမ်းကာ ကြယ်ကြွေလှေကြီး၏ အပြင်ဘက်သို့ ထွက်လာ၏။

" ငါ နတ်မျက်လုံး လူမှုအဖွဲ့စည်းထဲမှာ အမှုမဲ့အမှတ်မဲ့နဲ့ နေလာခဲ့တာ နှစ်တွေအများကြီး ရှိသွားပြီပဲ... " ဝမ်ပေါင်လဲ့မှာ လှေကြီး၏ အပြင်ဘက်သို့ ထွက်လာရင်း တည်ကြည်စွာ ဆိုလိုက်၏။

" မင်းတို့တွေထဲမှာ ငါသိတဲ့ လူတွေရော၊ ငါ မသိတဲ့လူတွေရော ပါတယ်။ အခု ဒီကိစ္စကြီးတစ်ခုလုံးက ပြီးသွားတော့မှာဆိုတော့... မင်းတို့တွေရဲ့ လုပ်ရပ်တွေအတွက်... ပြန်ပြီးတော့ အကြွေးဆပ်တဲ့အနေနဲ့ ... မင်းတို့ကို အသိပေးစရာ အချက်တစ်ချက်ရှိတယ်လို့ ငါထင်တယ် " ဝမ်ပေါင်လဲ့မှာ ထိုသို့ဆိုလိုက်ပြီး လှေကြီး၏ အပြင်ဘက်သို့ ရောက်လာပြီး စကြဝဠာကြီးထဲ၌ ရပ်နေလိုက်၏။ သူသည် အမူအရာများ ပြောင်းလဲသွားကြပြီဖြစ်သည့် နတ်ဧကရာဇ်တရားမျှတမှုဂိုဏ်း ခေါင်းဆောင်ကြီးနှင့် အခြားသူများကို စိုက်ကြည့်နေသည်။

" မင်းတို့ရဲ့ ရှေ့မှာ ရပ်နေတဲ့လူက... ကိုယ်ပွားတစ်ခုပဲကွ " နတ်ဧကရာဇ်တရားမျှတမှုဂိုဏ်း ခေါင်းဆောင်ကြီးနှင့် အခြားသူများမှာ ထိုစကားများကို ကြားလိုက်ရသောအခါ မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရ၏။ သို့သော် သူတို့ မတုံ့ပြန်နိုင်ခင်မှာပင် ဝမ်ပေါင်လဲ့မှာ သူ၏ ညာဘက်လက်ကို မြှောက်ကာ နတ်မျက်လုံးလူမှုအဖွဲ့အစည်း၏ ပင်မဂြိုဟ် ရှိရာသို့ လက်ညှိုးထိုးလိုက်ပြီး တည်ကြည်စွာ ဆိုလိုက်တော့သည်။

" ခန္ဓာကိုယ်အစစ်၊ ပြန်ရောက်လာစေ "

သူ ထိုသို့ဆိုလိုက်သည်နှင့် နတ်မျက်လုံး ပင်မဂြိုဟ်ကြီးမှာ အသံအကျယ်ကြီး မြည်သွားပြီး သိသိသာသာ ပြောင်းလဲသွားတော့သည်။

တစ်ချိန်ထဲမှာပင် နတ်မျက်လုံး လူမှုအဖွဲ့အစည်းနှင့် အလွန်အင်မတန်မှ ဝေးကွာသည့် နေအဖွဲ့အစည်း၏ အပြင်ဘက်ရှိ စကြဝဠာကြီးထဲတွင် ခရမ်းရောင် ရွှေလူမှုအဖွဲ့အစည်း၏ အစွမ်းအထက်ဆုံး ကျင့်ကြံသူဖြစ်သည့် ခေါင်းဆောင်ကြီး ရှိနေသည်။

ထို ခရမ်းရောင် ရွှေလူမှုအဖွဲ့အစည်း ခေါင်းဆောင်ကြီးမှာ မျက်လုံးများမှိတ်ကာ တရားထိုင်နေသည်။ သူသည် ဝမ်ပေါင်လဲ့အား ခြိမ်းခြောက်ကာ ဖိအားပေးနိုင်ရန်အတွက် ဤနေရာသို့ ရောက်နေခြင်း ဖြစ်၏။ ယခုတွင် သူသည် နတ်မျက်လုံးလူမှုအဖွဲ့အစည်းမှ သတင်းများကို စောင့်ဆိုင်းနေခြင်း ဖြစ်သည်။ သို့သော် သူသည် မည်သည့်သတင်းမှ မကြားရစဉ်မှာပင် ရင်ခုန်နှုန်းများ ဗြောင်းဆန်သွားရ၏။

မီးတောက်ခေါင်းဆောင်ကြီး၏ အငွေ့အသက်များ ပေါ်ပေါက်လာသည့်နှင့် သူ၏ အမူအရာမှာ လုံးဝ ပြောင်းလဲသွားရ၏။ ထို့နောက် သူသည် အသက်ရှုသံများ မြန်ဆန်လာကာ ရုတ်ခြည်းဆိုသလို မျက်လုံးများပွင့်လာပြီး သူ၏ရှေ့တွင် ရှိနေသည့် စကြဝဠာကြီးအား ငေးကြည့်နေမိတော့သည်။ ခဏအကြာတွင် သူသည် ဧရာမ မီးပင်လယ်ကြီးတစ်စင်း တိတ်တဆိတ် ပေါ်ပေါက်လာသည်ကို မြင်လိုက်ရသည်။ ထို မီးပင်လယ်ကြီးမှာ အဆုံးအစမရှိလောက်အောင် ကျယ်ပြောကာ ကြယ်စင်စုတစ်ခုထက်ပင် ပို၍ကြီးမားနေ၏။

ထို မီးပင်လယ်ကြီး ပေါ်ပေါက်လာသောအခါ ၎င်းထဲရှိ မီးလျှံများမှာ တဟုန်းဟုန်းတောက်လောင်လာပြီး ဧရာမ ဦးခေါင်းကြီးတစ်လုံးအသွင် ပြောင်းလဲသွား၏။ ၎င်းမှာ ခရမ်းရောင် ရွှေလူမှုအဖွဲ့အစည်း၏ ခေါင်းဆောင်ကြီး၏ ရှေ့တည့်တည့်တွင် ရှိနေပြီး သူ့အား အေးစက်စွာစိုက်ကြည့်နေသည်။

ထို ဦးခေါင်းကြီးနှင့် ယှဉ်လိုက်မည်ဆိုပါက ခေါင်းဆောင်ကြီးအား ပုရွက်ဆိတ်တစ်ကောင်အဖြစ်ပင် သတ်မှတ်၍မရနိုင်ပေ။

၎င်း၏ အကြည့်ကြောင့် ခရမ်းရောင် ရွှေလူမှုအဖွဲ့အစည်း ခေါင်းဆောင်ကြီး၏ အောက်တွင်ရှိနေသည့် ဂြိုဟ်ကြီးပင်လျှင် ပြာကျသွားတော့မည့်အလားပင်။ ထို့ကြောင့် ထိုခေါင်းဆောင်ကြီးမှာ တစ်ကိုယ်လုံး တုန်ရီသွားရသလို မျက်နှာတစ်ခုလုံး ဖြူဖပ်ဖြူရော် ဖြစ်သွားရပြီး နှလုံးသားတစ်ခုလုံး ဗြောင်းဆန်သွားရတော့သည်။ သူသည် ဒူးထောက်ချကာ အရိုအသေပေးရုံမှတစ်ပါး အခြားရွေးချယ်စရာမရှိတော့ပေ။

" ကျွန်တော်က မဟာလမ်းကိုးသွယ်ဂိုဏ်းက တာအိုရှင်းကျစ်ရဲ့ အမည်ခံတပည်် ကျူးမင်ပါ။ မီးတောက်ခေါင်းဆောင်ကြီးကို နှုတ်ခွန်းဆက်သပါတယ် " ခရမ်းရောင် ရွှေလူမှုအဖွဲ့အစည်း၏ ခေါင်းဆောင်ကြီးမှာ ကတုန်ကယင် ဖြစ်နေသည့် လေသံဖြင့် ဆိုလိုက်၏။ သူသည် သူ ခံစားနေရသည့် အားကောင်းလွန်းလှသော ဖိအားများကြောင့် ထို ပုဂ္ဂိုလ်ကြီးမှာ တစ်ချက်တွေးလိုက်ရုံနှင့် သူ့အား ဇီဝိန်ချုပ်ပစ်နိုင်စွမ်း ရှိသည်ဖြစ်ကြောင်း ချက်ချင်းရိပ်မိသွားသည်။

မီးတောက်ခေါင်းဆောင်ကြီးမှာ သူ၏ နတ်ဘုရားအာရုံကို စေလွှတ်ခဲ့ခြင်းသာ မဟုတ်ဘဲ သူ၏ ခန္ဓာကိုယ်အစစ်ဖြင့် ရောက်ရှိလာခြင်း ဖြစ်ပေသည်။

ကြယ်နယ်မြေအဆင့် ကျင့်ကြံသူကြီးတစ်ယောက်ကိုယ်တိုင် သူ့ဆီသို့ ရောက်ရှိလာသည်ဖြစ်ရာ အလွန်အင်မတန်မှ အရေးကြီးသော ကိစ္စတစ်ခုကြောင့် ဖြစ်ရပေမည်။ ထို့အပြင် ထို ကျင့်ကြံသူကြီးမှာ အန္တရာယ်ပြုလိုသည့်ပုံ ပေါက်နေသည်ဖြစ်ရာ သူသည် ပို၍ပင် စိုးရိမ်တုန်လှုပ်နေရ၏။ ထို့ကြောင့်လည်း သူသည် ခရမ်းရောင် ရွှေလူမှုအဖွဲ့အစည်းအကြောင်း ထုတ်ပြောခဲ့ခြင်းမရှိဘဲ အခြား အဖွဲ့အစည်းတစ်ခုအကြောင်း ထုတ်ပြောခဲ့ခြင်းဖြစ်သည်။

မဟာလမ်းကိုးသွယ်ဂိုဏ်းဆိုသည်မှာ မဟာလက်ဝဲတာအိုနယ်မြေထဲမှ အဆင့်တစ်ဂိုဏ်း ဖြစ်သည်။ ၎င်းမှာ ဝမ်ပေါင်လဲ့ ကြယ်သုသာန်ထဲ၌ တွေ့ခဲ့ရသည့် ပညာရှိပုံစံ ကျင့်ကြံသူ၏ ဂိုဏ်းလည်း ဖြစ်သည်။ တာအိုရှင်းကျစ်ဆိုသူမှာ ထိုဂိုဏ်းထဲရှိ ကြယ်နယ်မြေအဆင့် ကျင့်ကြံသူကိုးယောက်ထဲမှ တစ်ယောက်ဖြစ်၏။

သို့သော် မီးတောက်ခေါင်းဆောင်ကြီးမှာ အဆုံးမဲ့ မျိုးနွယ်စုကိုပင် ပြဿနာရှာရဲသည်ဖြစ်ရာ တာအိုရှင်းကျစ်အား အထူးတလည် ဂရုစိုက်နေမည်မဟုတ်ပေ။ ထို့ကြောင့် သူသည် အမိန့်ပေးသည့် လေသံဖြင့် စကားသုံးခွန်းအား အေးစက်စွာ ဆိုလိုက်၏။

" ဝမ်ပေါင်လဲ့က ငါ့ရဲ့ တပည့်ရင်းပဲ "

" မင်း ငါ့ကို တောင်းပန်ဖို့ အချိန်တစ်လရမယ် "

" အခု၊ လစ်လိုက်တော့ “

All Chapters