← Chapters

မီးလျှံစွမ်းအား

Vol. 30 Ch. 398

မီးလျှံစွမ်းအား

Vol. 30 Ch. 398

" အား ...  ပူလှချည်လားဟ "

အပူချိန်က အားကောင်းလွန်းလှတဲ့ အတွက် လီဖူချန်းဟာ  နှုတ်ကနေ ညည်းတွား လိုက်ရပါတယ်။

သိပ်မကြာခင်မှာတော့  အစစ်အမှန် မီးလျှံချီ မှော်ဆေးရည်ဟာ အနည်းအကျဉ်း ဆေးတန်ခိုး ပြလာခဲ့ပါပြီ။ သူ့ရဲ့ စွမ်းအင်ဗဟိုချက်မ ပင်လယ်ထဲမှာ ရှိနေတဲ့ နေမင်းဇောအဟုန် ချီအတွင်းအား တွေကလည်း မှော်ဆေးရည်ရဲ့ အစွမ်းအာနိသင်ကို   သန့်စင်ဖို့အတွက် စတင် လုပ်ဆောင်လာကြပါတယ်။

တော်သေးတယ်လို့ ဆိုရမှာပါပဲ။ သူ့ရဲ့ နေမင်းဇောအဟုန် ချီအတွင်းအားတွေက အစစ်အမှန် မီးလျှံချီဆေးရည်ကို သန့်စင်ဖို့ လုပ်ဆောင်လိုက်တဲ့ အချိန်မှာပဲ သူခံစားနေရတဲ့ အပူဒဏ်တွေဟာ တဖြည်းဖြည်း ယုတ်လျော့ပြီး ပျောက်ကွယ် သွားခဲ့ပါပြီ။

" ဟူး ... တော်သေးတာပေါ့ကွာ။ မဟုတ်လို့ကတော့ ငါရဲ့ အတွင်းအင်္ဂါတွေ အကုန်လုံး ပြာကျ သွားတော့မှာ "

လီဖူချန်းက အပူဒဏ်တွေ မခံစားရတော့လို့  သက်ပြင်းချဖို့ ပြင်နေစဉ်မှာပဲ  ဆရာသခင် မအိုသော ကလေးငယ်ရဲ့ အသံက ထွက်ပေါ်လာခဲ့ပါတယ်။

" သည်အစစ်အမှန် မီးလျှံချီ မှော်ဆေးရည်က ခန္ဓာကိုယ် သန့်စင်ဆေးရည် မဟုတ်ဘူး။ ဒါက အရိုးတည်ဆောက်ပုံကို သန့်စင်ပေးတဲ့ ဆေးရည်။ မင်းအစောပိုင်းက ခံစားရတာက အစပဲ ရှိသေးတယ်။ မင်းရဲ့ အရိုးတည်ဆောင်ပုံ ဆင့်ကဲပြောင်းလဲတဲ့ အချိန်ကျရင် သည်ထက်ပိုပြီး ခံရဦးမှာ။ ဒါပေမဲ့ ဘယ်လောက် ခံရခံရ လက်မလျော့လိုက်နဲ့။ ဒါက မင်းရဲ့အနာဂတ် ကောင်းဖို့အတွက်ပဲ။ မဟုတ်ရင်တော့ ငါ့ရဲ့ မှော်ဆေးရည်က သဲထဲ ရေသွန်သလို ဖြစ်သွားလိမ့်မယ် "

ဆရာသခင် မအိုသော ကလေးငယ်က  အရိုးတည်ဆောက်ပုံ ဆင့်ကဲ ပြောင်းလဲခြင်းရဲ့ နာကျင်မှု အရသာကို ကောင်းကောင်းကြီး သိထားသူ တစ်ယောက်ပါ။

သည်နာကျင်မှုက  ကျင့်ကြံခြင်းနယ်ပယ် ကွာခြာခြင်းနဲ့ မဆိုင်ပါဘူး။ မြေကမ္ဘာနယ်ပယ် ပညာရှင်ဖြစ်ဖြစ်၊ ကောင်းကင်နယ်ပယ် ပညာရှင်ဖြစ်ဖြစ်၊ ပြန်လည် ဝင်စားခြင်းနယ်ပယ် ပညာရှင် ဖြစ်ဖြစ်ပါလေ။ အရိုးတည်ဆောက်ပုံ ဆင့်ကဲပြောင်းလဲရင်တော့ အားလုံးဟာ နာကျင်မှုကို တစ်သမတ်တည်း ခံစားရမှာပါပဲ။ တိုက်ပွဲ ဝိညာဉ်နယ်ပယ် ပညာရှင်တွေတောင်မှ သည်နာကျင်ခံစားမှုကို အံကျိတ်ပြီး ခံရမှာ ဖြစ်ပါတယ်။ သည်နာကျင်မှုကို တောင်ခံဖို့အတွက် ဆိုရင်တော့ စိတ်ဓာတ်ကြံ့ခိုင်မှုနဲ့ စိတ်ဝိညာဉ် စွမ်းအားက အရေးပါလာပါပြီ။ စိတ်ဓာတ်ကြံခိုင်မှုနဲ့ စိတ်ဝိညာဉ်စွမ်းအား အားနည်းသူတွေကတော့ သည်နာကျင်မှုကို ကျော်ဖြတ်နိုင်စရာ အကြောင်းမရှိပါဘူး။ ပြီးတော့ သူတို့ရဲ့ ကံကြမ္မာကိုလည်း ပြောင်းလဲနိုင်မှာ မဟုတ်ပါဘူး။

" စိတ်ချပါ ဆရာသခင်  ... ။ ဖူချန်းက ဆရာသခင်ရဲ့ ဆေးရည်ကို မဖြုန်းတီးပစ်ပါဘူး "

လီဖူချန်းက စိတ်ပိုင်းဖြတ်ထားတဲ့ လေသံနဲ့ ပြန်ဖြေလိုက်ပါတယ်။

သူက သည်လို အရိုးဆင့်ကဲ ပြောင်းလဲခြင်းကို ထိုက်သင့်သလောက် ကြုံတွေ့ခဲ့ပြီးပါပြီ။ ရှင်းရှင်းပြောရမယ် ဆိုရင်တော့ သည်နာကျင်မှုမျိုးက  သူ့အတွက် ပထမဦးဆုံး အကြိမ် မဟုတ်တော့ပါဘူး။ သည်အရိုးဆင့်ကဲ ပြောင်းလဲခြင်းရဲ့ နာကျင်မှုက နောက်ထပ် ဆယ်ဆတိတိ ပိုတိုးလာရင်တောင်မှ ခံနိုင်ရည် ရှိဦးမယ်လို့  သူ ယုံကြည်ပါတယ်။

နေမင်းဇောအဟုန် ချီအတွင်းအားတွေကလည်း အရှိန်အဟုန် အပြည့်နဲ့ လည်ပတ်နေပြီ ဖြစ်တဲ့အတွက် အစစ်အမှန် မီးလျှံချီ မှော်ဆေးရည်ရဲ့  ဆေးတန်ခိုးတွေဟာ  တဖြည်းဖြည်းနဲ့ လီဖူချန်း ကိုယ်ထဲကို စိမ့်ဝင်လာခဲ့ပါပြီ။

" အား "

ရုတ်တရက် ဆိုသလို နာကျင်မှုက သူ့ရဲ့ မြီးညောင့်ရိုးထဲကနေ ဆန်တက်လာပြီး တစ်ကိုယ်လုံးကို ပျံ့နှံ့ သွားခဲ့ပါတယ်။ သည်နာကျင်မှုက ဘယ်လောက်အထိ ဆိုးသလည်းဆိုတော့ အတွေ့အကြုံ ရှိနေပြီဖြစ်တဲ့ လီဖူချန်းတောင်မှ တောင့်မခံနိုင်ဘဲ ညည်းတွားလိုက်မိတဲ့ အထိပါပဲ။

သည်တစ်ကြိမ် နာကျင်မှုက အရင်အကြိမ်တွေနဲ့ လုံးဝမတူပါဘူး။ ဒါက လုံးဝ အသည်းခိုက်အောင် နာကျင်လွန်း လှပါတယ်။

ကြည့်ရတာတော့ သည်အစစ်အမှန် မီးလျှံချီ မှော်ဆေးရည်က  ရိုးတွင်းခြင်ဆီကိုသာမက အရိုး တည်ဆောက်ပုံရဲ့ အရိုးသိပ်သည်းဆတွေကိုပါ အစီအစဉ်တကျဖြစ်အောင် ပြန်ပြီး  ပြုပြင်ပေးနေပုံပါပဲ။

" ငါတောင့်ခံ ထားရမယ် "

လီဖူချန်းရဲ့ မျက်နှာက နာကျင်မှုကြောင့် ရှုံ့တွ နေပေမယ့်လည်း ကြံ့ကြံ့ခံနေဆဲပါပဲ။

" သည်ကလေးရဲ့ စိတ်ဝိညာဉ် စွမ်းအားက မဆိုးဘူး "

ဆရာသခင် မအိုသော ကလေးငယ်က လီဖူချန်းကိုကြည့်ပြီး ခေါင်းတဆတ်ဆတ် ညိတ်နေပါတယ်။

အစစ်အမှန် မီးလျှံချီ မှော်ဆေးရည် တစ်ဝက်လောက်ကို သန့်စင်ပြီးတဲ့ နောက်မှာတော့ လီဖူချန်းရဲ့ အသိစိတ်ဟာ ရုတ်တရက် ဆိုသလို ထူးဆန်းတဲ့ နယ်မြေ တစ်ခုထဲကို ရောက်ရှိသွားခဲ့ပါပြီ။

သည်နယ်မြေထဲမှာတော့ လက်ညှိုးအရွယ် ထူးဆန်းတဲ့ အရာလေးတစ်ခု ရှိနေပါတယ်။ ဒါက အမြစ်တစ်ခုနဲ့ တူသလို အရိုးတစ်ခုနဲ့လည်း ဆင်တူနေသလိုပါပဲ။

" ဒါက အရိုးတည်ဆောက်ပုံ ဆိုတာလား "

ဒါက လီဖူချန်းအတွက်တော့  သူ့ရဲ့ အရိုးတည်ဆောက်ပုံကို ပထမဦးဆုံး မြင်ဖူးခြင်း ဖြစ်ပါတယ်။ အရင်တုန်းကတော့ သူဟာ သူ့ရဲ့အသိစိတ်နဲ့  အကြိမ်ကြိမ်အဖန် ရှာဖွေဆန်းစစ် ခဲ့ပေမယ့်လည်း အရိုးတည်ဆောက်ပုံ ရှိရာ နယ်မြေကို ရှာမတွေ့ခဲ့ပါဘူး။

သူ့ရဲ့ အရိုးတည်ဆောက်ပုံ အပေါ်မှာတော့ အဆစ် သုံးဆစ် ရှိနေပါတယ်။ တိတိကျကျ ပြောရမယ် ဆိုရင်တော့ အဆစ်သုံးဆစ်နဲ့ တစ်ဝက် ဖြစ်နေတာပါ။

သူကြည့်နေစဉ်မှာပဲ အရိုးတည်ဆောက်ပုံ ပေါ်ဟာ ဆက်လက် ကြီးထွား နေဦးမယ့်  အရိပ်အယောင်တွေ ပြလာပါတယ်။

" အဆစ်တစ်ဆစ်က  ကြယ်၁ပွင့်ကို ကိုယ်စားပြုနေတာ ဖြစ်ရမယ် ။ဒါဆိုရင်တော့  အခု ငါ့ရဲ့ အရိုး တည်ဆောက်ပုံက ကြယ်၃ပွင့်နဲ့ တစ်ဝက် ရှိနေပြီပဲ  "

လီဖူချန်းက အခြေအနေကို သဘောပေါက် သွားခဲ့ပါပြီ။

သူကြည့်နေစဉ်မှာပဲ သူ့ရဲ့ အရိုးတည်ဆောက်ပုံဟာ  တဖြည်းဖြည်း ကြီးထွားလာခဲ့ပြီး   အရောင်တွေလည်း ပြောင်းလဲ လာခဲ့ပါတယ်။

အရိုးတည်ဆောက်ပုံရဲ့ အပေါ်ယံ မျက်နှာပြင်ဟာ မီးခိုးရောင်ကနေ အနီရောင်ဘက်ကို သမ်းလာခဲ့သလို  တစ်ချိန်တည်းမှာပဲ အနီရောင် အင်းကွက်တွေ ဖြစ်တည် လာပြန်ပါတယ်။ သည်အင်းကွက် တွေက မီးတောက်မီးလျှံ တစ်ခုလိုပါပဲ။

" မီးလျှံ အရိုးတည်ဆောက်ပုံနဲ့ မီးလျှံအင်းကွက် "

လီဖူချန်းက သူ့ရဲ့ မျက်လုံးကိုတောင် သူမယုံနိုင်တော့ပါဘူး။ သူ့ရဲ့ ဆဌမအာရုံကနေ ပြောနေတာကတော့ သည်မီးလျှံ အင်းကွက်ဟာ  မီးလျှံနတ်ဘုရား စွမ်းရည်ကို နိုးထဖို့ လိုအပ်တဲ့ အရေးကြီး အရာတစ်ခုပါပဲ။  ဒါပေမဲ့ နတ်ဘုရားစွမ်းရည်ကို နိုးထစေနိုင်ဖို့ဆိုရင် လီဖူချန်းအနေနဲ့ ပထမဦးဆုံး  မီးလျှံစွမ်းအားကို အသက်သွင်းနိုင်ဖို့ ကြိုးစားရပါဦးမယ်။

အထူးအရိုး တည်ဆောက်ပုံတွေထဲမှာဆိုရင် ပထမတန်းစား အထူး အရိုးတည်ဆောက်ပုံတွေဟာ ထိပ်ဆုံးမှာ ရပ်တည်နေတဲ့ အရာတွေပါပဲ။

ပထမတန်းစား အရိုးတည်ဆောက်ပုံတွေဟာ သူတို့ရဲ့ အထူးစွမ်းအားတွေကို အလွယ်တကူ နိုးထလာအောင် လုပ်ဆောင်နိုင်ပါတယ်။ သာမန် အထူးအရိုး တည်ဆောက်ပုံတွေ ဖြစ်တဲ့ မီးလျှံ အရိုးတည်ဆောက်ပုံ၊ အေးစိမ့်ရေခဲ အရိုးတည်ဆောက်ပုံ၊ ရေ အရိုးတည်ဆောက်ပုံ တို့ကတော့ သူတို့ရဲ့ အထူးစွမ်းအားတွေ နိုးထလာအောင်လုပ်ဖို့ မလွယ်ပါဘူး။ ယေဘုယျအားဖြင့် ဆိုရင်တော့ ပြန်လည်ဝင်စားခြင်း နယ်ပယ်ကို ရောက်မှသာ အရိုးတည်ဆောက်ပုံရဲ့ အထူးစွမ်းရည်တွေကို အသက် စေနိုင်တာပါ။

လီဖူချန်းတစ်ယောက် အရိုးတည်ဆောက်ပုံကို ကြည့်နေစဉ်မှာပဲ  အဲသည်အရာဟာ ပိုမို ရှည်ထွက်လာပြီး အဆစ်လေးဆစ် ဖြစ်တည်လု နီးပါးအထိ ဖြစ်လာခဲ့ပါတယ်။

အရိုးတည်ဆောက်ပုံရဲ့ အရောင်ဟာလည်း နီသထက် နီလာခဲ့သလို  အပူဓာတ် အငွေ့အသက် ခပ်ယဲ့ယဲ့လေးတောင် ထွက်စ ပြုလာခဲ့ပါပြီ။

အပေါ်ယံ မျက်နှာပြင်ပေါ်မှာ ရှိနေတဲ့ မီးလျှံ အင်းကွက်တွေကလည်း တစ်စထက်တစ်စ  ထင်ရှား လာခဲ့ပါတယ်။ မမြင်ရတဲ့ လက်တစ်ဖက်က သည်အင်းကွက်တွေကို ရေးဆွဲပေးနေသလိုပါပဲ။

ဖောက် ...  ဖောက် ...  ဖောက် ...

ရှူး ...  ...

အရိုးတည်ဆောက်ပုံ အဆစ်လေးဆစ် ဖြစ်သွားပြီးတဲ့ နောက်မှာတော့ အရိုးတည်ဆောက်ပုံရဲ့ အရောင်ဟာ အနီရောင်လုံးလုံး  ဖြစ်သွားခဲ့ပါပြီ။

လီဖူချန်းရဲ့ ခန္ဓာကိုယ်ကတော့ အဆက်မပြတ် တုန်ခါလာခဲ့ပါတယ်။ ရုတ်တရက်ဆိုသလို သူဟာ ကောင်းကင်နဲ့ မြေကြီးရဲ့ ချီစွမ်းအင်တွေကို ပိုပြီး ရင်းနှီးလာသလိုပါပဲ။

ပြီးတော့ သူ့ရဲ့ ခန္ဓာကိုယ်ကလည်း  ကောင်းကင်နဲ့ မြေကြီးရဲ့ စွမ်းအင် အမျှင်တွေကို သံလိုက် တစ်ခုသဖွယ် ဆွဲငင်နေခဲ့ပါပြီ။

ရှဲ ... ရှဲ ...  ရှဲ ...  ...

လီဖူချန်းရဲ့  အရေပြားဟာ ရေစစ်တစ်ခုလို လုပ်ဆောင်ပြီး ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ မသန့်စင်မှုတွေကို စစ်ချပေးနေပါတယ်။

" အရိုးတည်ဆောက်ပုံ တစ်ခုရဲ့ အဆင့်အတန်းက လူတစ်ယောက်ရဲ့ ဘဝကို အဆုံးအဖြတ် ပေးနိုင်တယ် "

ကြည့်ရတာတော့ သည်စကားက အလကားသက်သက် ပေါ်လာတာ ဟုတ်ပုံ မရပါဘူး။

အဆင့်မြင့် အရိုးတည်ဆောက်ပုံ တစ်ခုရဲ့ ပိုင်ရှင်ဟာ ခန္ဓာကိုယ်အတွင်းက မသန့်စင်မှုတွေကို အလွယ်တကူပဲ  သန့်စင်နိုင်ပါတယ်။ ဒါကြောင့်လည်း သူတို့ရဲ့ ကျင့်ကြံမှုနှုန်းဟာ အခြားလူတွေထက် မြန်နေပုံပါပဲ။ ပြီးတော့ သူတို့ဟာ အခြေခံအုတ်မြစ် မခိုင်မာမှာကို စိုးရိမ်စရာ အကြောင်းမရှိပါဘူး။

" ငါ့ရဲ့ အရိုးတည်ဆောက်ပုံက ကြယ်၄ပွင့် ဖြစ်သွားပြီဆိုတော့  အထူးအရိုး တည်ဆောက်ပုံရဲ့ အားသာချက်တွေကို ဆန်းစစ်ဖို့ အချိန်ကျပြီ "

ချူးယီရဲ့ ဓားတာအို အရိုးတည်ဆောက်ပုံ၊ ဝမ်ဟိုင်လုံရဲ့ အမှောင်ထု အရိုးတည်ဆောက်ပုံ၊ ဝမ်ကျန်းရဲ့ ဗာဂျရာ အရိုးတည်ဆောက်ပုံနဲ့ လန်ဖန်းရဲ့ ဆေဘာတာအို အရိုးတည်ဆောက်ပုံ။ အမှန်အတိုင်း ပြောရမယ် ဆိုရင်တော့ လီဖူချန်းဟာ သူတို့အားလုံးကို အားကျမိတာ အမှန်ပါပဲ။

သူတို့အားလုံးဟာ ကောင်းကင်ဘုံက ကောင်းချီးပေးထားတဲ့ တကယ့် ထွတ်ခေါင်ပါရမီရှင် စစ်စစ်တွေ ဖြစ်ကြပါတယ်။ သူတို့ဟာ အခြားလူတွေလို အသည်းအသန် ကြိုးစား လေ့ကျင့်နေစရာ မလိုပါဘူး။ သူတို့ရဲ့ မွေးရာပါ အထုံပါရမီနဲ့တင်  ထိပ်ဆုံးမှာ ရပ်တည်နိုင်ကြပါတယ်။

မီးလျှံ အရိုးတည်ဆောက်ပုံကတော့ သူတို့ရဲ့ ပထမတန်းစား အထူး အရိုး တည်ဆောက်ပုံတွေကို မယှဉ်နိုင်ပါဘူး။ ဒါပေမဲ့လည်း ဒါက အထူးအရိုး တည်ဆောက်ပုံတစ်ခု ဖြစ်နေဆဲပါပဲ။ အဲသည်အတွက် လီဖူချန်းဟာ သည်အရိုး တည်ဆောက်ပုံ အသစ်ကို သေသေချာချာ လေ့လာဆန်းစစ်ချင် နေတာပါ။

"အရိုးတည်ဆောက်ပုံ ဆင့်ကဲပြောင်းလဲခြင်း ဖြစ်စဉ်က ပြီးသွားပြီလေ။ ဘာဖြစ်လို့သူက ဈာန်ဝင်စား နေတဲ့ပုံ ဖြစ်နေရသေးတာလဲ "

ဆရာသခင် မအိုသောကလေးငယ်က ပုံမှန်ဖြစ်စဉ် မဟုတ်တာကို သတိပြုမိ သွားခဲ့ပါပြီ။

ထူးခြားတဲ့ နယ်မြေထဲမှာတော့ လီဖူချန်းရဲ့ အသိစိတ်ဟာ ကြယ်၄ပွင့် မီးလျှံ အရိုးတည်ဆောက်ပုံကို   ကောင်းကောင်းကြီး လေ့လာဆန်းစစ် နေပါတယ်။

လက်ရှိ သူ့ရဲ့ ကြယ်၄ပွင့် အရိုး တည်ဆောက်ပုံဟာ အနီရောင်သစ်ပင် အမြစ်တစ်ခုနဲ့ ဆင်တူသလို  ကျောက်စိမ်းနီ အရိုးတစ်ခုနဲ့လည်း ဆင်တူနေပါသေးတယ်။

အဲသည်အရာရဲ့ အပေါ်ယံ မျက်နှာပြင်ပေါ်က မီးလျှံ အင်းကွက်တွေဟာ အရမ်းကို ဆန်းကြယ်နက်နဲ လွန်းတဲ့အတွက်  လီဖူချန်းရဲ့ ထိုးထွင်းသိမြင်မှုနဲ့တောင်မှ ဘာမှကို နားမလည်နိုင်ပါဘူး။

" ကြည့်ရတာတော့ အချိန်တော်တော်ပေးပြီး လေ့လာရဦးမှာပဲ "

လီဖူချန်းက ရေရွတ်လိုက်ပါတယ်။

" ထားလိုက်တော့ကွာ  ... ။ ဒါကို နောက်မှ လေ့လာတော့မယ်။ အခုလောလောဆယ် ငါလုပ်ဖို့ လိုအပ်နေတာက မီးလျှံစွမ်းအားကို တိုးပွားလာအောင် လုပ်ဖို့ပဲ "

ထို့နောက်မှာတော့ လီဖူချန်းရဲ့ အသိစိတ်ဟာ မီးလျှံအရိုးတည်ဆောက်ပုံရဲ့ အတွင်းပိုင်းထဲကို တိုးဝင်သွားခဲ့ပါပြီ။

***

ပွဲကြည့်စင်ရဲ့ တတိယထပ်မှာတော့ ဆရာသခင် မအိုသောကလေးငယ်ဟာ သူ့ရဲ့ ကတိစကား အတိုင်း လီဖူချန်းကို စောင့်ကြပ် ပေးနေပါတယ်။

ကျင့်ကြံသူတစ်ယောက်ဟာ တိုက်ပွဲဝိညာဉ် နယ်ပယ်ကို ရောက်သွားပြီဆိုရင် အသက်၅၀၀အထိ နေနိုင်သွားပါပြီ။ ဆရာသခင် မအိုသောကလေးငယ်က အခုမှ အသက်၂၀၀တောင် မပြည့်သေးပါဘူး။ အဲသည်အတွက် သူဟာ အချိန်အများကြီး ပိုနေပါတယ်။ ဒါကြောင့်လည်း သူက လီဖူချန်းကို စိတ်ရှည်ရှည်နဲ့ စောင့်ကြပ် ပေးနေတာ ဖြစ်မှာပါ။

သည်လိုနဲ့ပဲ အချိန်တစ်ရက် ကုန်လွန်သွားခဲ့ပါပြီ။

နောက်တစ်နေ့ မိုးသောက်ယံ ရောက်တဲ့အထိ ဆရာသခင် မအိုသော ကလေးငယ်ဟာ လီဖူချန်းကို စောင့်ကြပ် ပေးနေဆဲပါပဲ။ သူက ခြေတစ်လှမ်းတောင် မရွေ့ပါဘူး။

ဟူး ...  ...

ပွဲကြည့်စင်ရဲ့  တတိယထပ်ပေါ်မှာတော့ အပူလှိုင်းကြီးတစ်ခုဟာ ရုတ်ခြည်း ပေါ်ပေါက်လာပြီး လေဟာနယ်ကိုတောင် ပြင်းပြင်းထန်ထန် တွန့်လိမ် သွားစေပါတယ်။ အပူလှိုင်း ထွက်ပေါ်ရာ ပင်မရင်းမြစ် ကတော့ လီဖူချန်းရဲ့ ခန္ဓာကိုယ်ပါပဲ။

" ဒါ ...  ဒါက "

အပူလှိုင်းကို  ခံစားပြီးသွားတဲ့ နောက်မှာတော့ ဆရာသခင် မအိုသော ကလေးငယ်ရဲ့ မျက်နှာဟာ လေးနက် တည်ကြည် သွားခဲ့ပါပြီ။

သူ့ရဲ့ အသိစိတ်အာရုံက ဒါကို ကောင်းကောင်းကြီး ခန့်မှန်းနိုင်ပါတယ်။ ဒါက ချီစွမ်းအင် လှိုင်းတစ်ခု မဟုတ်ပါဘူး။ ဒါက ချီစွမ်းအင်လှိုင်းတွေထက် ပိုအားကောင်းသလို ပိုပြီးတော့လည်း သန့်စင်ပါတယ်။ တိတိကျကျ ပြောရမယ် ဆိုရင်တော့ ဒါဟာ တစ်စုံတစ်ခု နိုးထ လာတဲ့အချိန်မှာ ဖြစ်ပေါ်လာတဲ့ စွမ်းအင်လှိုင်း တစ်ခုပါပဲ။

" ဒါက မီးလျှံစွမ်းအား မဟုတ်ဘူးလား "

ဆရာသခင် မအိုသော ကလေးငယ်က  သေသေချာချာ အကဲခတ်ပြီးတဲ့ နောက်မှာတော့ လီဖူချန်း ဖြစ်ပျက်နေတာကို သဘောပေါက် သွားခဲ့ပါပြီ။

အနည်းငယ်သော လူအချို့သာလျှင် သူတို့ပိုင်ဆိုင်ထားတဲ့ အထူးအရိုး တည်ဆောက်ပုံတွေရဲ့  ပကတိ အသွင်အပြင်ကို ကောင်းကင်နယ်ပယ်မှာ ကြည့်မြင်နိုင်တာပါ။ အဲသည်သူတွေကတော့ ပထမတန်းစား အရိုးတည်ဆောက်ပုံ ပိုင်ရှင်တွေပါပဲ။

မူလအစက ဆိုရင်  ဆရာသခင် မအိုသော ကလေးငယ်ဟာ သာမန် ကြယ်၆ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်သာ ဖြစ်ပါတယ်။ သူက ရှားပါးလွန်းလှတဲ့  ဆေးတွေ အများကြီးကို သောက်သုံးပြီးမှ  သစ်သားဓာတ်ကို အထူးပြုတဲ့ သစ်သားစိမ်း အရိုးတည်ဆောက်ပုံကို ရရှိခဲ့တာပါ။

ပြီးတော့ သူဟာ တိုက်ပွဲဝိညာဉ်  နယ်ပယ်ကို ချိုးဖောက် ဝင်ရောက်ခဲ့တဲ့ အချိန်မှာလည်း  ကောင်းကင်ဘုံက ချီးမြှင့်တဲ့ မဟာ ကံကောင်းမှုကြီး တစ်ခုနဲ့ ကြုံခဲ့ရပါတယ်။ အဲဒါကတော့ သစ်သားစိမ်း အရိုး တည်ဆောက်ပုံရဲ့ သစ်သားစိမ်း နတ်ဘုရားစွမ်းရည်ကို နိုးထနိုင်ခဲ့တာပါပဲ။ သူ့ရဲ့ သစ်သားစိမ်း နတ်ဘုရား စွမ်းရည်ကတော့ အပင်တွေရဲ့ ရှင်ခြင်းနဲ့ သေခြင်းကို ထိန်းချုပ်နိုင်ပါတယ်။ ပြီးတော့ သူ့ကို ဒဏ်ရာတွေ သက်သာစေတဲ့ စွမ်းရည်တစ်မျိုးကိုလည်း ပိုင်ဆိုင်ခဲ့စေ ပါသေးတယ်။ သစ်သားစိမ်း နတ်ဘုရားစွမ်းရည်ကို ပိုင်ဆိုင်ထားတဲ့ သူ့အနေနဲ့ကတော့ ဒဏ်ရာအကြီးအကျယ် ရခဲ့ရင်တောင်မှ စိုးရိမ်နေစရာ မလိုပါဘူး။

သည်သစ်သားစိမ်း နတ်ဘုရား စွမ်းရည်ဟာ ဆရာသခင် မအိုသော ကလေးငယ်ရဲ့ အားသာချက် တစ်ခုပါပဲ။ သည်စွမ်းရည်ကြောင့်ပဲ သူဟာ ခရမ်းရောင်ပန်း နိုင်ငံတော်ရဲ့ ဆရာသခင် စာရင်းမှာ ဝင်ရောက် နိုင်ခဲ့တာပါ။

တစ်ခါတုန်းကဆိုရင် ဆရာသခင်စာရင်းရဲ့ ထိပ်ပိုင်း အဆင့်၂၀ အတွင်းမှာရှိတဲ့ လက်ရွေးစင် ဆရာသခင် တစ်ယောက်ဟာ ဆရာသခင် မအိုသော ကလေးငယ်ကို သတ်ဖြတ်ဖို့အတွက် သဲကြီးမဲကြီး ကြိုးစား ခဲ့ပါသေးတယ်။ ဒါပေမဲ့လည်း သူ့ရဲ့ သစ်သားစိမ်း နတ်ဘုရားစွမ်းရည်ကြောင့် အဲသည်လက်ရွေးစင် ဆရာသခင်ဟာ  ဘာမှ မတတ်နိုင်ခဲ့ပါဘူး။

" ဒါက လုံးဝ မဖြစ်နိုင်ဘူး "

ဆရာသခင် မအိုသော ကလေးငယ်ဟာ  လီဖူချန်း ကြုံတွေ့နေရတဲ့ ဖြစ်စဉ်နဲ့ ပက်သက်ပြီး အတွေ့အကြုံ ရှိပြီးသားပါပဲ။ အဲသည်အတွက် ကောင်းကင်ပညာရှင်တစ်ယောက်မှာ  အရိုးတည်ဆောက်ပုံရဲ့ အထူးစွမ်းအားကို နိုးထစေနိုင်တဲ့ အရည်အချင်း မရှိမှန်းကို  သေသေချာချာ သိထားပါတယ်။ သူကိုယ်တိုင်တောင်မှ ပြန်လည် ဝင်စားခြင်းနယ်ပယ် အဆင့်မြင့်ပိုင်းကို ရောက်မှ သစ်သားစိမ်း  စွမ်းအားကို ထုတ်သုံးနိုင်တာ ဖြစ်ပြီး  တိုက်ပွဲဝိညာဉ်နယ်ပယ် ရောက်မှ သစ်သားစိမ်း နတ်ဘုရားစွမ်းရည်ကို နိုးထနိုင်တာပါ။

ကောင်းကင် နယ်ပယ်မှာ ကတည်းက အထူးစွမ်းအား နိုးထစေနိုင်တဲ့ ကျင့်ကြံသူကို  သူ့ဘဝမှာ တစ်ခါမှ မကြားခဲ့ဖူးပါဘူး။

အဲသည် အချက်ကပဲ  အထူး အရိုးတည်ဆောက်ပုံနဲ့  ပထမတန်းစား အထူးအရိုး တည်ဆောက်ပုံ ကြားမှာ ကွာဟမှုတွေ ရှိစေခဲ့တာပါ။

ပထမတန်းစား အထူးအရိုးတည်ဆောက်ပုံတွေဟာ အရိုးတည်ဆောက်ပုံရဲ့ အထူးစွမ်းအားကို အလွယ်တကူပဲ နိုးထစေပါတယ်။  ကောင်းကင်နယ်ပယ်ကို မပြောပါနဲ့ဦး။ အချို့ဆိုရင် မြေကမ္ဘာနယ်မြေမှာ ကတည်းက  အရိုးတည်ဆောက်ပုံရဲ့ အထူးစွမ်းအားတွေကို နိုးထစေနိုင်ပါသေးတယ်။

အထူးအရိုး တည်ဆောက်ပုံတွေကတော့ အရိုး တည်ဆောက်ပုံရဲ့ အထူးစွမ်းအားကို အလွယ်တကူ မနိုးထနိုင်ပါဘူး။ ကြယ်၆ပွင့် အထူးအရိုးတည်ဆောက်ပုံ ပိုင်ရှင်တွေတောင်မှ ပြန်လည် ဝင်စားခြင်းနယ်ပယ် ရောက်မှသာ  အရိုးတည်ဆောက်ပုံရဲ့ အထူးစွမ်းအားတွေကို နိုးထစေနိုင်ဖို့အတွက် အခွင့်အရေး ရှိတာပါ။

ဒါပေမဲ့လည်း လီဖူချန်းကတော့  ကြယ်၄ပွင့် မီးလျှံ အရိုးတည်ဆောက်ပုံနဲ့တင်  အထူးစွမ်းအားဖြစ်တဲ့ မီးလျှံစွမ်းအားကို နိုးထနိုင်စေ ခဲ့ပါပြီ။ ဒါက လုံးဝကို မယုံကြည်နိုင်စရာပါပဲ။

ဆရာသခင် မအိုသောကလေးငယ် အနေနဲ့လည်း  လုံးဝ မအံ့သြပဲ မနေနိုင်ပါဘူး။

"သည်ကလေးက ပင်ကိုပါရမီကောင်းတွေကို တကယ်ကြီး ပိုင်ဆိုင်ထာတာပဲ"

ဆရာသခင် မအိုသော ကလေးငယ်က သူ့ရဲ့ လုပ်ရပ် မှန်ကန်သွားပြီ ဆိုတာကို သိလိုက်ပါတယ်။ တစ်နေ့မှာတော့ သူ့အနေနဲ့  လီဖူချန်းကို အားကိုးရမယ့် အချိန်  ရောက်လာမှာ အသေအချာပါပဲ။

" လခွီးပဲ  ... ။ မီးလျှံစွမ်းအားတွေက ဘာဖြစ်လို့ သည်လောက် နည်းနေရတာလဲ "

လီဖူချန်းက သူ့ရဲ့ မီးလျှံစွမ်းအားကို ကြည့်ပြီး မကျေမနပ် ရေရွတ်လိုက်ပါတယ်။

သူ့ရဲ့ ကြယ်၄ပွင့် အရိုးတည်ဆောက်ပုံမှာ ခိုဝင်ကိန်းအောင်းနေတဲ့ မီးလျှံစွမ်းအားဟာ တကယ့်ကို အားမရစရာပါပဲ။  လီဖူချန်းရဲ့  တွက်ချက်မှုအရ ဆိုရင်တော့ ဒါက လန်ဖန်းထုတ်သုံးသွားတဲ့ ဆေဘာတာအို စွမ်းအားရဲ့  ၂၀ရာခိုင်နှုန်း နီးပါးသာ ရှိပါတယ်။

"မဟုတ်သေးဘူး။ သည်အထူးစွမ်းအားက အရိုးတည်ဆောက်ပုံကနေ လာတာ မဟုတ်ဘူးဟ။  သည်စွမ်းအားက  မီးလျှံ အင်းကွက်တွေကနေ လာနေတာပဲ။ ပြီးတော့ မီးလျှံအင်းကွက်တွေက ငါမသိတဲ့ နေရာတစ်ခုကနေ မီးလျှံစွမ်းအားတွေကို ထုတ်ယူပြီး ငါ့ရဲ ကိုယ်ပိုင် မီးလျှံစွမ်းအား ဖြစ်အောင် ပြောင်းပေးနေတာ။ ဒါက အလိုအလျောက် လုပ်ဆောင်နေတဲ့ စွမ်းအင် ပတ်လမ်း စီးကြောင်းတွေလိုပဲ။  တကယ်လို့သာ ငါ့အနေနဲ့ သည်စွမ်းအင်ပတ်လမ်း စီးကြောင်းတွေကို ပိုပြီးချောမွေ့လာအောင် နည်းနည်းပါးပါး ပြုပြင်လိုက်ရင်  မီးလျှံစွမ်းအားက ပိုပြီး တိုးပွားလာလောက်တယ် "

သည်ကိစ္စကို လုပ်ဆောင်ဖို့အတွက်ကတော့  မီးလျှံအင်းကွက်တွေကို အပြည့်အဝ နားလည်စရာ မလိုပါဘူး။ လီဖူချန်းက သူ့ရဲ့ အသိစိတ်အာရုံကို အသုံးချပြီး စွမ်းအင်ပတ်လမ်း စီးကြောင်းတွေကို ပြုပြင်လိုက်ရုံနဲ့တင် အဆင်ပြေသွားမှာ ဖြစ်ပါတယ်။

လီဖူချန်း ကံကောင်းတယ်လို့ ဆိုရမှာပါပဲ။ သူ့ရဲ့ အတွေးတွေဟာ မှန်ကန်ခဲ့ပါတယ်။

သူ့ရဲ့ လုပ်ဆောင်မှုကြောင့် မီးလျှံအင်းကွက်တွေဟာ အရောင် တောက်ပလာပြီး မီးလျှံ စွမ်းအားတွေကို ပိုပြီး ထုတ်လုပ် ပေးလာပါတယ်။ အစောပိုင်းတုန်းက လက်သီး ဆုပ်သာသာမျှ ရှိတဲ့ မီးလျှံ စွမ်းအားတွေကလည်း  ဦးခေါင်းခွံ တစ်ခုစာအထိ ဖြစ်လာခဲ့ပါပြီ။

" သန့်စင်လိုက်တဲ့ မီးလျှံစွမ်းအားတွေ "

လီဖူချန်းက သူ့ရဲ့ စိတ်ခံစားချက်ကို ထိန်းမထားနိုင်တော့ပါဘူး။ သူက အရမ်းကို ပျော်ရွှင်နေပါတယ်။

သည်မီးလျှံ စွမ်းအားတွေနဲ့ ယှဉ်လိုက်မယ်ဆိုရင်တော့ သူ့ရဲ့ နေမင်းဇောအဟုန် ချီအတွင်းအားဟာ  သိပ်ပြီး သန့်စင်မှု မရှိတော့သလိုပါပဲ။

ဒါက သံမဏိအဖြစ် သန့်စင်ပြီးသား သတ္တုနဲ့  သံရိုင်းတုံး တစ်ခုလိုကို ကွာခြားနေပါတယ်။

" ဟင် ...  အပူလှိုင်းတွေက ပိုပြီး အားကောင်းလာပါလား "

ဆရာသခင် မအိုသော ကလေးငယ်ရဲ့ မျက်နှာ အမူအရာကတော့ နောက်ထပ်တစ်ကြိမ် ပြောင်းသွား ခဲ့ပြန်ပါပြီ။

သူအခု ခံစားလိုက်ရတဲ့  မီးလျှံစွမ်းအားဟာ ကြယ်၄ပွင့် မီးလျှံအရိုးတည်ဆောက်ပုံကနေ ထုတ်လွှတ်နိုင်တဲ့  ပမာဏ လုံးဝ မဟုတ်ပါဘူး။ သူကိုယ်တိုင်တောင်မှ သည်လို စွမ်းအားပမဏာကို  ပြန်လည် ဝင်စားခြင်း နယ်ပယ် အထွတ်အထိပ် အဆင့်ရောက်မှ ထုတ်သုံးနိုင်တာပါ။

" ကြည့်ရတာ သည်ကလေးက ရှေးဟောင်းမိစ္ဆာအိုကြီး တစ်ကောင် သေပြီး ပြန်ဝင်စားတာများလား "

ဆရာသခင် မအိုသောကလေးငယ်က  မနေနိုင်တော့ဘဲ နှုတ်ကနေ ညည်းတွား လိုက်မိပါတယ်။

***

All Chapters