ပြန်မိတ်ဆက်ခြင်း
Vol. 71 Ch. 978
ထို စကားသုံးခွန်းမှနေ၍ မီးတောက်ခေါင်းဆောင်ကြီး၏ အနိုင်ကျင့်ဗိုလ်ကျခြယ်လှယ်မှုအား အထင်းသား မြင်တွေ့နိုင်ပေသည်။ သူသည် သတိပေးနေရုံသက်သက် မဟုတ်ဘဲ အမိန့်ပေးလိုက်ခြင်း ဖြစ်သည်ဟုပင် ဆိုနိုင်ပေသည်။ သူသည် အခြား မည်သူနှင့်မှ ဆွေးနွေးငြင်းခုံနေမည် မဟုတ်ပေ။ အကြောင်းရင်းများနှင့် နောက်ကြောင်းရာဇဝင်များကိုလည်း မေးမြန်းနေမည် မဟုတ်ဘဲ သူ့နည်းသူ့ဟန်ဖြင့်သာ ကိုင်တွယ်ဖြေရှင်းမည် ဖြစ်သည်။ ဆန္ဒရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ သူပြောသည့်အတိုင်း လိုက်လုပ်ရမည် ဖြစ်သည်။
ခရမ်းရောင် ရွှေလူမှုအဖွဲ့အစည်း ခေါင်းဆောင်ကြီးမှာ သူ၏ လူမှုအဖွဲ့အစည်းထဲ၌ အစွမ်းအထက်ဆုံး ကျင့်ကြံသူဖြစ်ပြီး ထာဝရကြယ် အထွတ်အထိပ်အဆင့်တွင် ရှိနေသည့်တိုင်အောင် ယခုတွင်မူ ဒူးတုပ်ထားရဆဲပင်။ သူသည် တစ်ကိုယ်လုံးတုန်ရီနေပြီး နှလုံးသားထဲ၌ မကျေနပ်ချက်များဖြင့် ပြည့်နှက်နေ၏။ သို့သော် သူသည် အာမခံရဲသလို ခေါင်းပင် မော်မကြည့်ရဲပေ။ သူ၏စိတ်ထဲတွင် တွေးနေသည့် အရာများကိုလည်း ထုတ်မပြရဲပေ။ ထို့ကြောင့် သူသည် မီးတောက်ခေါင်းဆောင်ကြီး၏ အမိန့်အား နာခံရုံမှတစ်ပါး အခြားရွေးချယ်စရာမရှိချေ။ မီးတောက်ခေါင်းဆောင်ကြီး၏ မီးဟုန်းဟုန်းတောက်လောင်နေသည့် ဦးခေါင်းကြီး ပျောက်ကွယ်သွားသောအခါမှသာ သူသည် ခေါင်းပြန်မော့လာပြီး ရှုံ့မဲ့နေသည့် မျက်နှာအမူအရာဖြင့် နှုတ်ဆိတ်ကာ မလှုပ်မယှက် ရပ်နေမိတော့သည်။
နောက်ဆုံးတွင် သူသည် သူ၏ရှေ့တွင်ရှိနေသည့် နေအဖွဲ့အစည်းအား သုန်မှုန်နေသည့် မျက်နှာအမူအရာဖြင့် စိုက်ကြည့်လိုက်ပြီးနောက် နောက်သို့လှည့်ကာ ထွက်ခွာသွားတော့သည်။
သူသည် နတ်မျက်လုံး လူမှုအဖွဲ့အစည်းဆီသို့ ရောက်နေသည့် သူ၏ လက်အောက်ရှိ ထာဝရကြယ်အဆင့် ကျင့်ကြံသူနှစ်ယောက်မှာ သေဆုံးသွားလောက်ပြီဟု ခန့်မှန်းမိထားပြီးသား ဖြစ်သည်။ နတ်မျက်လုံး လူမှုအဖွဲ့အစည်းထဲ၌ ကျန်ရစ်ခဲ့သည့် ခရမ်းရောင် ရွှေလူမှုအဖွဲ့အစည်း ကျင့်ကြံသူများ၏ ကံကြမ္မာကိုလည်း မှန်းဆကြည့်နိုင်ပေသည်။ သို့ဖြစ်ရာ ခရမ်းရောင် ရွှေလူမှုအဖွဲ့အစည်းမှာ အထိနာသွားရပြီ ဖြစ်သည်။
ဤ အခြင်းအရာများအားလုံး၏ တရားခံမှာ ဝမ်ပေါင်လဲ့ ဖြစ်၏။
သို့သော် သူသည် လက်တုံ့ပြန်ရန် မဝံ့ရဲပေ။ ထို့ကြောင့် သူသည် စိတ်ပျက်လက်ပျက်ဖြစ်ကာ ရူးသွပ်လုမတတ် ခံစားနေရသဖြင့် ခေါင်းမော့ကာ ကျယ်လောင်စွာ အော်ဟစ်မြည်တမ်းလိုက်တော့သည်။
" ဝမ်ပေါင်လဲ့.... မင်းဆီမှာ ဒီလို ကျောထောက်နောက်ခံမျိုး ရှိနေရင် အစောကြီးကတည်းက ပြောပါလားကွ "
သူသည် ထိုသို့အော်ဟစ်ကာ သွေးရူးသွေးတန်းနှင့် ထွက်ခွာသွား၏။ သူသည် မီးတောက်ခေါင်းဆောင်ကြီးအား တောင်းပန်ရန် လိုအပ်သည်များကို ပြင်ဆင်ရဦးမည်ဖြစ်ကြောင်း သိထားသည် မဟုတ်ပါလော။ သူ မည်မျှပင် စိတ်ဓာတ်ကျနေစေကာမူ စိတ်ရင်းအမှန်နှင့် သေသေချာချာ တောင်းပန်မှရမည်ဖြစ်သည်။ ထိုသို့သာမဟုတ်ပါက ဤ ပြဿနာကြီးမှာ ပြေလည်သွားမည်မဟုတ်ပေ။
သူ ထိုကဲ့သို့ ပြေးလွှားနေစဉ် နတ်မျက်လုံး လူမှုအဖွဲ့အစည်းထဲရှိ ကျင့်ကြံသူများမှာ မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရ၏။ ဝမ်ပေါင်လဲ့တစ်ယောက် သူ၏ ညာဘက်လက်ကို မြှောက်ကာ နတ်မျက်လုံး ပင်မဂြိုဟ်အား လက်ညှိုးထိုးလိုက်ချိန်တွင် ထိုဂြိုဟ်ကြီးမှာ ချက်ချင်းဆိုသလိုပင် အပြင်းအထန် တုန်ရီသွားသည်မဟုတ်ပါလော။
တိမ်တိုက်များ တလိပ်လိပ်ထကာ မိုးကောင်းကင်ကြီးမှာ ပြောင်းလဲသွားပြီဖြစ်သည်။ ခေါင်းတလားကြီးထဲတွင် ရှိနေသည့် ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်အစစ်မှာလည်း မျက်လုံးများ ပွင့်လာ၏။ သူ မျက်လုံးများပွင့်လာသည်နှင့် မြေပြင်ကြီးမှာ နောက်ထပ်တစ်ကြိမ်ထပ်၍ အပြင်းအထန် တုန်ရီသွားပြန်သည်။ ထို့နောက် ခေါင်းတလားကြီး၏ ပတ်ပတ်လည်တွင် ရှိနေသည့် မြေသားများ ကြေမွပျက်စီးသွားကြသဖြင့် အက်ကွဲကြောင်းကြီးများမှာ အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားကြ၏။
နောက်ဆုံးတွင် မြေမျက်နှာပြင်ပေါ်၌ အက်ကွဲကြောင်းများ ပေါ်ပေါက်လာပြီး မြေပြင်ကြီးမှာ ထက်ခြမ်းကွဲသွားတော့သည်။ ထိုအခါ မြေကြီးအောက်၌ နှစ်ပေါင်းများစွာ ရှိနေခဲ့သည့် ခေါင်းတလားကြီးမှာ ကြယ်ပျံတစ်လုံးကဲ့သို့ အပြင်ဘက်သို့ ထိုးထွက်လာ၏။ ထို့နောက် ၎င်းမှာ ဝင်းလက်တောက်ပနေသည့် အလင်းတန်းတစ်ခုအသွင် ပြောင်းလဲသွားပြီး စကြဝဠာကြီးထဲသို့ ထိုးခွင်းဝင်ရောက်သွားတော့သည်။
၎င်းမှာ သာမန်ဂြိုဟ်တစ်လုံးထက်ပင် ပို၍မြန်ဆန်နေပြီး စကြဝဠာကြီးထဲရှိ စစ်မြေပြင်ကြီးထဲ၌ ချက်ချင်းပေါ်ပေါက်လာသည်။ ထို့ကြောင့် ကျင့်ကြံသူများအားလုံး အံ့ဩတုန်လှုပ်နေကြစဉ်မှာပင် ထို ခေါင်းတလားကြီးမှာ လေထဲ၌ တရွှီးရွှီးမြည်အောင် ထိုးခွင်းလာပြီး စစ်မြေပြင်ကြီး၏ အထက်သို့ မျက်စိတစ်မှိတ်အတွင်း ရောက်ရှိလာတော့သည်။
၎င်း ပေါ်ပေါက်လာသည်နှင့် ၎င်း၏ အတွင်းပိုင်းထဲမှ ပို၍ပင် အားကောင်းသည့် ဖိအားတစ်မျိုး ထွက်ပေါ်လာ၏။ ထို့နောက် ခေါင်းတလားကြီးပေါ်ရှိ ကမ္ဗည်းစာလုံးများ တောက်ပလာပြီး ရှေးဆန်သည့် အချိန်အငွေ့အသက်များ အဆက်မပြတ် ပျံ့နှံ့ထွက်ပေါ်လာသဖြင့် စစ်မြေပြင်ပေါ်ရှိ လူတိုင်းမှာ နောက်ထပ်တစ်ကြိမ် ထပ်၍ ပျာယာခတ်သွားကြရပြန်သည်။
သူတို့အားလုံး ပျာယာခတ်နေကြစဉ် ဝမ်ပေါင်လဲ့မှာ ပြုံးကာ ဆိုလိုက်၏။ သူ၏ မျက်ဝန်းများထဲတွင် မျှော်လင့်ချက် အရိပ်အယောင်များဖြင့် ပြည့်နှက်နေသည်။
" ခဏနေရင် ပြန်တွေ့ကြတာပေါ့ " ဝမ်ပေါင်လဲ့မှာ ထိုသို့ဆိုလိုက်ပြီးနောက် သူ၏ ခန္ဓာကိုယ်အား ယိမ်းနွဲ့လှုပ်ရှားကာ မြူခိုးများအဖြစ် ပြောင်းလဲသွားပြီး ထို ခေါင်းတလားကြီးဆီသို့ ဦးတည်သွားတော့သည်။ ထို့နောက် လူတိုင်း၏ ရှေ့တွင် ထို မြူခိုးများမှာ ခေါင်းတလားကြီးထဲသို့ ဝင်ရောက်သွားကြ၏။
သူ နတ်မျက်လုံးလူမှုအဖွဲ့အစည်းထဲ၌ ရှိနေခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်နေပြီဖြစ်သည်။ အဆုံးမဲ့မျိုးနွယ်စု၏ မိုးကောင်းကင်တာအိုအား ရှောင်တိမ်းနိုင်ရန် သူသည် သူ၏ ဂိုဏ်းတူအစ်ကိုကြီး ပေးခဲ့သည့် ပညာရပ်အား အသုံးပြုကာ သူ၏ ခန္ဓာကိုယ်အစစ်အား ပြုပြင်ခဲ့ရ၏။ ယခုအချိန်အထိ သူသည် သူ၏ ခန္ဓာကိုယ်အစစ် အပြင်ဘက်တွင်သာ ကျင့်ကြံခြင်း လေ့ကျင့်ခဲ့ရခြင်းဖြစ်သည်။ ယခုတွင် နတ်မျက်လုံးလူမှုအဖွဲ့အစည်းထဲရှိ အရာအားလုံး အဆုံးသတ်သွားတော့မည်ဖြစ်ရာ ဝမ်ပေါင်လဲ့မှာ သူ၏ကိုယ်ပွားအား သူ၏ ခန္ဓာကိုယ်အစစ်နှင့် ပေါင်းစည်းခွင့်ပေးလိုက်တော့သည်။
သူ၏ ကိုယ်ပွားထဲမှ မြူခိုးများမှာ ခေါင်းတလားကြီးနှင့် ပေါင်းစည်းမိသွားသည့်နှင့် တစ်ပြိုင်နက် သူ၏ ခန္ဓာကိုယ်အစစ်ကိုပါ ချက်ချင်းလွှမ်းခြုံသွား၏။ ၎င်းတို့မှာ သူ၏ ဒွာရခုနစ်ပေါက်နှင့် ခန္ဓာကိုယ်ပေါ်ရှိ အခြား အပေါက်များမှတစ်ဆင့် သူ၏ ခန္ဓာကိုယ်ထဲသို့ စီးဝင်သွားကြသည်။ ထိုမြူခိုးများမှာ သူ၏ ခန္ဓာကိုယ်အစစ်နှင့်သာမက သူ၏ ကျင့်ကြံခြင်းစွမ်းအားများနှင့်ပါ အတူတကွ ပေါင်းစည်းသွားသည်။
ထို့အပြင် ရှေးဟောင်းဂြိုဟ်ကိုးလုံးနှင့် တာအိုဂြိုဟ်တစ်လုံး၏ စည်းမျဉ်းဥပဒေသများလည်း ရှိနေသေးသည်။
သူ၏ ကိုယ်ပွားနှင့် ခန္ဓာကိုယ်အစစ်မှာ မူလဇစ်မြစ် အတူတူပင်ဖြစ်သောကြောင့် ယခုကဲ့သို့ ပေါင်းစည်းနိုင်ရန် တာအိုဂြိုဟ်အား လွှဲပြောင်းပေးရန် လိုအပ်ပါသော်လည်း မည်သည့် အခက်အခဲအတားအဆီးနှင့်မှ မကြုံခဲ့ရပေ။ ထို့ကြောင့် ထို ပေါင်းစည်းမှု လုပ်ငန်းစဉ်မှာ ချက်ချင်းပြီးဆုံးသွား၏။ ထို လုပ်ငန်းစဉ် ပြီးဆုံးသွားသည်နှင့် ခေါင်းတလားကြီးထဲတွင် ရှိနေသည့် ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်မှာ အပြင်းထန်တုန်ရီသွားသည်။ ထို့နောက် သူ၏ ကျင့်ကြံခြင်းစွမ်းအား အငွေ့အသက်များမှာလည်း အရှိန်အဟုန််ဖြင့် ပေါက်ကွဲထွက်ပေါ်လာတော့သည်။
သူ၏ ခန္ဓာကိုယ်အစစ်မှာ နဂိုကတည်းက အစွမ်းထက်ပြီးသားဖြစ်ရာ ယခုကဲ့သို့ သူ၏ ကိုယ်ပွားနှင့် ပြန်လည်ပေါင်းစည်းသွားချိန်တွင် သူ၏ တိုက်ရည်ခိုက်ရည်စွမ်းအားမှာလည်း အဆပေါင်းများစွာ တိုးတက်သွား၏။ ထို့အပြင် သူသည် အပြင်ခန္ဓာကိုယ်တစ်ခုအား ရရှိပိုင်ဆိုင်သွားသဖြင့် ကိုယ်စိတ်နှလုံး တစ်သားတည်း ပေါင်းစည်းသွားသကဲ့သို့ ခံစားလိုက်ရသည်။ သူ၏ ခန္ဓာကိုယ်ထဲမှ တာအိုဂြိုဟ်၏ လည်ပတ်မှုမှာလည်း ပိုမို ချောမွေ့လာသလို စည်းမျဉ်းဥပဒေသများမှာလည်း ပို၍ အသက်ဝင်လာသဖြင့် သူ၏ ကျင့်ကြံခြင်းစွမ်းအားများမှာလည်း တိုးတက်လာတော့သည်။ သူသည် အလယ်အလတ် ဂြိုဟ်အဆင့်သို့ မရောက်သေးသည့်တိုင်အောင် သူ၏ တိုက်ရည်ခိုက်ရည်စွမ်းအားများ သိသိသာသာ တိုးတက်လာသည်ကို အာရုံခံမိလိုက်သည်။
သူ ထိုကဲ့သို့ ပေါင်းစည်းနေစဉ် နတ်ဧကရာဇ်တရားမျှတမှုဂိုဏ်း ခေါင်းဆောင်ကြီးနှင့် အခြားသူများ၏ ရူးသွပ်လုမတတ် ခံစားနေရပြီဖြစ်သည်။ သူတို့မှာ ကြယ်နယ်မြေအဆင့် ကျင့်ကြံသူကြီးတစ်ယောက်၏ ဖိနှိပ်ချုပ်တည်းမှု အောက်သို့ ရောက်နေသည်ဖြစ်ရာ ဤနေရာမှ အသက်ရှင်လျက် ထွက်ခွာသွားနိုင်မည်မဟုတ်ကြောင်း သိထားကြပြီး ဖြစ်သည်။
ထို့အပြင် ဝမ်ပေါင်လဲ့မှာ သူတို့အား ခွင့်လွှတ်ပေးမည့်ပုံလည်း မပေါ်ပေ။ သူတို့မှာ မလွဲမသွေ သေဆုံးသွားရတော့မည်သာ ဖြစ်သည်။ သို့ဖြစ်ရာ သူတို့မှာ ထိုကဲ့သို့ သွေးရူးသွေးတန်း ဖြစ်နေကြစဉ် မျှော်လင့်ချက်များအားလုံး ပျက်သုဉ်းသွားပြီး သတ်ဖြတ်လိုစိတ်များ ပို၍အားကောင်းလာတော့သည်။
ထိုအချိန်တွင် ရှေးဆန်သည့် အငွေ့အသက်များကို ထုတ်လွှတ်ကာ လူတိုင်း၏ အာရုံကို ဖမ်းစားထားသည့် ခေါင်းတလားကြီးထဲမှ အက်ကွဲသံများ ရုတ်တရက်ဆိုသလို ထွက်ပေါ်လာတော့သည်။
ထို ခေါင်းတလားကြီး၏ အဖုံးအား သာမန်မျက်စိဖြင့် မြင်နိုင်ပေသည်။ လူတိုင်း၏ ရှေ့တွင် ၎င်းမှာ စတင် ရွေ့လျားလာ၏။ ထို အဖုံးကြီး တဝက်တိတိ ပွင့်သွားချိန်တွင် မည်းနက်နေသည့် ခေါင်းတလားကြီးထဲမှ လက်တစ်ဖက် ဆန့်ထွက်လာသည်။ ၎င်းမှာ အသွေးအသားများဖြင့် ဖွဲ့စည်းတည်ဆောက်ထားသည့် လက်တစ်ဖက် ဖြစ်သည်။
ထိုလက်ကြီး ပေါ်ပေါက်လာသည်နှင့် မိုးကောင်းကင်ဝိညာဉ်ဂိုဏ်း၏ ဂိုဏ်းချုပ်ကြီးမှာ ပူဆွေးသောကရောက်ကာ မကျေမနပ်ဖြစ်နေသည့် လေသံဖြင့် အော်ပြောလိုက်၏။
" ခရမ်းရောင် ရွှေလူမှုအဖွဲ့အစည်း ကျင့်ကြံသူများအားလုံး နားထောင်ကြ။ တကယ်လို့ ငါတို့တွေ အကုန်လုံး သေရမယ်ဆိုရင်တောင် ဒီ မျိုးမစစ်ကောင်ကိုပါ ငါတို့နဲ့ အတူတူ ခေါ်သွားကြစို့ " သူသည် ထိုသို့အော်လိုက်ပြီးနောက် ခေါင်းတလားကြီးဆီသို့ အရှိန်အဟုန်ဖြင့် ဦးတည်သွား၏။ သူတစ်ယောက်တည်းသာ မဟုတ်ပေ။ နတ်ဧကရာဇ်တရားမျှတမှုဂိုဏ်း ခေါင်းဆောင်ကြီးနှင့် အခြား ဂြိုဟ်အဆင့် ကျင့်ကြံသူများအားလုံးမှာလည်း တစ်ပြိုင်နက်တည်း တိုက်ခိုက်လိုက်ကြသည်သာ ဖြစ်သည်။
ထိုနေရာတွင် ရှိနေသည့် ကျင့်ကြံသူများမှာလည်း ရူးသွပ်လုမတတ် ဖြစ်သွားကြပြီး မှော်ပညာရပ်များနှင့် နတ်ဘုရားစွမ်းရည်များကို မိုးကောင်းကင်တစ်ခုလုံး ပြည့်နှက်သွားအောင် ထုတ်လွှတ်လိုက်ကြ၏။
သို့သော် ထို နတ်ဘုရားစွမ်းရည်များ ခေါင်းတလားကြီးအား ရိုက်ခတ်သွားချိန်တွင် ခေါင်းတလားကြီးထဲမှ တည်ကြည်မှုအပြည့်ရှိသော စကားသံတစ်သံ ထွက်ပေါ်လာသည်။
" စက္ကူစည်းမျဉ်းဥပဒေသ "
တစ်ချိန်ထဲမှာပင် ခေါင်းတလားကြီးထဲမှ ဆန့်ထွက်လာသည့် လက်ကြီးမှာ မန္တန်လက်ကွက်တစ်ခု ဖော်လိုက်သဖြင့် ၎င်းအား မြင်လိုက်ရသူတိုင်းမှာ အံ့ဩတုန်လှုပ်သွားကြ၏။ ထွက်ခွာသွားခြင်း မရှိသေးသော ကြယ်ကြွေလှေကြီးပေါ်ရှိ လူပုံစံစက္ကူရုပ်ကြီးမှာဆိုလျှင် ရုတ်တရက်ဆိုသလို မျက်ဝန်းများ ထူးဆန်းစွာတောက်ပလာတော့သည်။
ထိုအချိန်တွင် အသွေးအသားများဖြင့် ဖွဲ့စည်းထားသည့် လက်ကြီးမှာ ရုတ်တရက် ဆိုသလို စက္ကူလက်ကြီးတစ်ဖက်အသွင် ပြောင်းလဲသွား၏။
ထိုလက်ကြီး ပြောင်းလဲသွားချိန်တွင် ထိုနေရာတစ်ဝိုက်ရှိ မည်သည့် ကျင့်ကြံသူမှ မမြင်ဖူးသော စည်းမျဉ်းဥပဒေ စွမ်းအားတစ်မျိုး ပျံ့နှံ့ထွက်ပေါ်လာသည်။ ဂြိုဟ်အဆင့် ကျင့်ကြံသူကိုးယောက်သာမက အခြား ကျင့်ကြံသူများအားလုံး ထုတ်လွှတ်လိုက်သည့် နတ်ဘုရားစွမ်းရည်များမှာမူ ထို စက္ကူလက်ကြီး၏ အနီးသို့ ရောက်ရှိသွားသည်နှင့် စက္ကူရွက်များအဖြစ် ပြောင်းလဲသွားကြ၏။
" မဖြစ်နိုင်တာ " မိုးကောင်းကင်ဝိညာဉ်ဂိုဏ်း၏ ဂိုဏ်းချုပ်ကြီးမှာ တအံ့တဩ ရေရွတ်မိလိုက်၏။
" ဒါ... ဒါက မှော်ပညာတစ်ခုမှမဟုတ်ဘဲ။ စည်းမျဉ်းဥပဒေသတစ်ခုပါလား "
" စည်းမျဉ်းဥပဒေသတစ်ခု မဖြစ်နိုင်ဘူး။ ဘယ်အရာကိုမဆို စက္ကူအဖြစ် ပြောင်းလဲပစ်နိုင်တဲ့ စည်းမျဉ်းဥပဒေသမျိုး ငါ မကြားဖူးပါဘူးကွာ "
အခြား ဂြိုဟ်အဆင့် ကျင့်ကြံသူများအားလုံးမှာလည်း တုန်လှုပ်ချောက်ချားနေကြရပြီ ဖြစ်သည်။ သူတို့အားလုံး အလန့်တကြား အော်ဟစ်နေကြစဉ် နတ်ဧကရာဇ်တရားမျှတမှုဂိုဏ်း ခေါင်းဆောင်ကြီးမှာ ကတုန်ကယင်နှင့် နောက်သို့ အရင်ဆုံး ထွက်ပြေးဆုတ်ခွာသွားလိုက်၏။
သူသည် ထို မြင်ကွင်းကြီးကြောင့် သွေးပျက်သွားရခြင်း ဖြစ်ပေသည်။ နတ်ဘုရားစွမ်းရည်များ၊ မှော်ပညာရပ်များနှင့် မှော်လက်နက်ပစ္စည်းများ အားလုံး မျက်စိတစ်မှိတ်အတွင်း စက္ကူရွက်များအဖြစ် ပြောင်းလဲသွားသည့် မြင်ကွင်းမှာ တုန်လှုပ်ချောက်ချားဖွယ်ရာ ကောင်းလှပေသည်။
မကြာသေးမီတုန်းက ထို နတ်ဘုရားစွမ်းရည်များ အားလုံးမှာ အရှိန်အဟုန်ဖြင့် ထိုးထွက်သွားခဲ့ကြခြင်း ဖြစ်သည်။ ယခုတွင်မူ ၎င်းတို့မှာ စက္ကူရွက်များအဖြစ် မြေပြင်ပေါ်သို့ ပြန်၍ ပြုတ်ကျလာကြ၏။ အဝေးမှကြည့်လိုက်မည်ဆိုပါက ၎င်းတို့မှာ ဆီးနှင်းပွင့်များနှင့်ပင် ဆင်တူနေတော့သည်။ သို့ဖြစ်ရာ လူတိုင်းမှာ ခိုကိုးရာမဲ့သလို ခံစားလိုက်ရပြီး မျှော်လင့်ချက်များအားလုံး ပျက်သုဉ်းသွားတော့သည်။
ထိုနေရာရှိ ကျင့်ကြံသူများအားလုံး ပျာယာခတ်ကာ ဦးရေခွံများ ထုံကျဉ်နေကြစဉ် စက္ကူလက်ကြီးမှာ ခေါင်းတလားကြီး၏ အစွန်းအား အားနှင့်ဖိလိုက်သဖြင့် ခေါင်းတလားကြီးထဲမှ လူရိပ်ကြီးမှာ ဖြည်းဖြည်းချင်း မတ်တတ်ထလာ၏။
ခဏအကြာတွင် ထိုလူရိပ်ကြီးမှာ လူတိုင်း၏ရှေ့တွင် ပေါ်ပေါက်လာတော့သည်။
ထို ကျင့်ကြံသူမှာ အနက်ရောင်ဆံပင်များကို ပိုင်ဆိုင်ထားပြီး ဝတ်ရုံရှည်တစ်ခုအား ဆင်မြန်းထား၏။ သူ၏ မျက်လုံးများမှာ ကြယ်တာရာများနှင့်တူပြီး သူ၏ မျက်နှာမှာလည်း အချိုးအစားကျနမှု ရှိနေသည်။ ထို့အပြင် သူသည် နှလုံးသားများကို တုန်ရီသွားစေနိုင်သည့် အငွေ့အသက်တစ်မျိုးကိုလည်း ပိုင်ဆိုင်ထားသေးသည်။ ထို အငွေ့အသက်များမှာ စကြဝဠာကြီးအပေါ် အကျိုးသက်ရောက်မှု ရှိနေသဖြင့် နတ်မျက်လုံး လူမှုအဖွဲ့အစည်းတစ်ခုလုံးမှာ တုန်ရီနေရ၏။ သူ၏ ခန္ဓာကိုယ် ပတ်ပတ်လည်တွင်လည်း မီးတောက်များ ဝန်းရံထားသေးသည်။ ထိုအချိန်တွင် နတ်မျက်လုံးလူမှုအဖွဲ့အစည်း၏ ထာဝရကြယ်မျက်လုံးကြီးမှာ ဝင်းလက်တောက်ပလာ၏။
ထို ကျင့်ကြံသူ၏ ပုံပန်းသွင်ပြင်မှာ လုံနန်ကျစ်နှင့် လုံးဝမတူပေ။ ထိုနေရာတစ်ဝိုက်ရှိ လူများမှာ သူ့အား မမြင်ဖူးကြပါသော်လည်း နှလုံးသားထဲ၌ ခံစားချက်မျိုးစုံ ပေါ်ပေါက်လာရဆဲပင်။ ထိုသို့ဖြင့် သူတို့အားလုံး ကတုန်ကယင် ဖြစ်နေကြစဉ်မှာပင် အနက်ရောင်ဝတ်ရုံနှင့် လူရိပ်ကြီးမှာ ခေါင်းတလားကြီးထဲမှ ထွက်လာပြီး တည်ကြည်စွာ ဆိုလိုက်၏။
" ငါ့ကိုယ်ငါ ပြန်ပြီးတော့ မိတ်ဆက်ပေးရတာပေါ့။ ငါက နေအဖွဲ့အစည်းထဲက ပြည်ထောင်စုကြီးရဲ့ ပြည်ထောင်စုဥက္ကဋ္ဌကြီး ဝမ်ပေါင်လဲ့ပဲ “