← Chapters

မဟူရာတောင်ရဲ့ နတ်ဆိုးအဘိုးအို

Vol. 30 Ch. 399

မဟူရာတောင်ရဲ့ နတ်ဆိုးအဘိုးအို

Vol. 30 Ch. 399

လီဖူချန်းက ရှေးဟောင်းမိစ္ဆာတစ်ကောင် ပြန်ဝင်စားတာ မဟုတ်ပါဘူး။ သူ့ရဲ့ စိတ်ဝိညာဉ် နယ်ပယ်ထဲမှာ ရှိနေတဲ့ ရွှေရောင် လက်ဖွဲ့အဆောင်ကြောင့်သာ  အခုလို ဖြစ်လာတာပါ။

သူ့ရဲ့ သူမတူအောင် ထက်မြက်လှတဲ့ အသိစိတ်အာရုံက မီးတောက်စွမ်းအားကို အသက်သွင်းနိုင်ခဲ့ပြီး  အစွမ်းထက်လှတဲ့ ထိုးထွင်းသိမြင်မှုက မီးလျှံအင်းကွက်ရဲ့ စွမ်းအင်ပတ်လမ်း စီးကြောင်းကို ပြုပြင် နိုင်ခဲ့ပါတယ်။ ဒါတွေအားလုံးဟာ ရွှေရောင် လက်ဖွဲ့အဆောင်ကြောင့်ပါပဲ။

သူ့ရဲ့ အသိစိတ်အာရုံဟာဆိုရင်  တိုက်ပွဲ ဝိညာဉ်နယ်ပယ် ပညာရှင် တစ်ယောက်နဲ့တောင် ယှဉ်နေနိုင်ပါပြီ။ ဒါပေမဲ့လည်း ဒါက လီဖူချန်းရဲ့ အကြမ်းဖျင်း ခန့်မှန်းချက်သာ ဖြစ်ပါတယ်။

အမှန်အတိုင်း ပြောရရင်တော့ လီဖူချန်း ကိုယ်တိုင်တောင်မှ သူ့ရဲ့ အသိစိတ်အာရုံ ဘယ်အဆင့်အထိ ရောက်နေပြီလည်း ဆိုတာကို မသိတော့ပါဘူး။ အဲဒါက တိုက်ပွဲဝိညာဉ် နယ်ပယ် အထွတ်အထိပ် ဒါမှမဟုတ် မူလ ပင်လယ်နယ်ပယ် ကိုတောင် ရောက်ရင် ရောက်နေနိုင်ပါတယ်။

ဒါပေမဲ့လည်း လီဖူချန်းက တိုက်ပွဲဝိညာဉ်နယ်ပယ် ဆရာသခင်တစ်ယောက် မဖြစ်သေးပါဘူး။ သူ့ရဲ့ စိတ်ဝိညာဉ်က  အစစ်အမှန် စိတ်ဝိညာဉ်ကို မမွေးဖွား နိုင်သေးပါဘူး။ အဲသည်အတွက် သူက သူ့ရဲ့ အသိစိတ်အာရုံ ကန့်သတ်ချက်ကို အတိအကျ  မသတ်မှတ်နိုင်သေးတာပါ။

ဒါက ဘာနဲ့ တူသလည်းဆိုတော့ ကလေးငယ်တစ်ယောက်ရဲ့ လက်ထဲကို အလွန်လေးလံလှတဲ့ ဓားမကြီးတစ်လက် ရောက်နေသလိုပါပဲ။ သူက  အသုံးပြုဖို့ လုံလောက်တဲ့ခွန်အား မရှိသေးတဲ့ အတွက် ဓားမကြီးရဲ့ စွမ်းရည်ကို  ပြည့်ပြည့်ဝဝ အသုံးမချနိုင်သေးပါဘူး။

မီးလျှံစွမ်းအားတွေဟာ မီးလျှံ အင်းကွက်တွေထဲကို ပိုရောက်လာတာနဲ့ အမျှ လီဖူချန်းဟာ မီးလျှံ အင်းကွက်တွေ အကြောင်းကို အလိုလို သိလာခဲ့ပါတယ်။

အချိန်တွေကလည်း တဖြည်းဖြည်း ကုန်လွန်လာခဲ့ပါပြီ။

" အိုး ...  ဒါက "

သည်မီးလျှံ အင်းကွက်တွေဟာ အင်မတန် နက်နဲလှပါတယ်။ လီဖူချန်းက  သည်မီးလျှံ အင်းကွက်တွေရဲ့ ၁၀ရာခိုင်နှုန်းကိုသာ နားလည်နိုင်ပေမယ့်လည်း မီးလျှံစွမ်းအားတွေ ထုတ်လုပ်မှုက ၁၀ဆနီးပါး ပိုမြန်လာခဲ့ပါပြီ။ တကယ်လို့သာ သူ့အနေနဲ့ သည်နက်နဲတဲ့ မီးလျှံအင်းကွက်တွေရဲ့ ၅၀ရာခိုင်နှုန်းလောက်ကို နားလည်နိုင်ခဲ့မယ်ဆိုရင်  မီးလျှံနတ်ဘုရား စွမ်းရည်ကို နိုးထစေနိုင်မှာ အသေအချာပါပဲ။

" ဆရာသခင် ကလေးငယ်က ငါ့ကို စောင့်ကြပ်ပေးနေတုန်းပဲ။ သည်မီးလျှံ အင်းကွက်တွေကို နားလည်အောင် လုပ်နေတာ ရပ်လိုက်သင့်ပြီ  "

ထို့နောက်မှာတော့ လီဖူချန်းဟာ အရိုးတည်ဆောက်ပုံ နယ်ပယ်ထဲကနေ  ပြန်ထွက်လာခဲ့ပြီး မျက်လုံး ဖွင့်လိုက်ပါတယ်။

( note - သည်ထူးဆန်းတဲ့ နယ်မြေကို  နောက်ပိုင်းမှာ အရိုးတည်ဆောက်ပုံ နယ်ပယ်လို့ပဲ  သုံးနှုန်း သွားပါတော့မယ်။)

" မင်းက မီးလျှံစွမ်းအားတွေကို အသက်သွင်းနိုင်ခဲ့တာလား "

ဆရာသခင် မအိုသောကလေးက မေးခွန်းတွေမေးဖို့ အသင့်ပြင်ထားပုံပါပဲ။

လီဖူချန်းက ခေါင်းညိတ်လိုက်ပြီး

" ဟုတ်ပါတယ် "

" ကောင်းတယ် ... ကောင်းတယ်။

မင်းက တကယ့် ထွတ်ခေါင်ပါရမီရှင်ပဲ။ နောက်ဆုံးမှာတော့ ငါဟာ ထွတ်ခေါင် ပါရမီရှင်ဆိုတဲ့ အဓိပ္ပာယ်ကို ကောင်းကောင်းကြီး နားလည်ခဲ့ပြီ "

အခုမှ အထူးအရိုး တည်ဆောက်ပုံကို ပိုင်ဆိုင်တဲ့ လူတစ်ယောက်ဟာ ချက်ချင်းဆိုသလို အထူးစွမ်းအားကို အသက်သွင်း နိုင်တယ်။ သည်လို လူမျိုးကိုမှ ထွတ်ခေါင်ပါရမီရှင်လို့ မသတ်မှတ်ရင် အခြား ဘယ်သူကိုမှ ထွတ်ခေါင်ပါရမီရှင်လို့ သတ်မှတ်နိုင်မှာ မဟုတ်တော့ပါဘူး။

ဒါပေမဲ့ ဆရာသခင် မအိုသောကလေးငယ် မသိခဲ့တာကတော့ လီဖူချန်းဟာ မီးလျှံ အရိုး တည်ဆောက်ပုံရဲ့  အထူးစွမ်းအားဖြစ်တဲ့  မီးလျှံစွမ်းအားကို အသက်သွင်း နိုင်ရုံသာမက မီးလျှံအင်းကွက်တွေရဲ့ စွမ်းအင်စီးကြောင်း ပတ်လမ်းကိုတောင်မှ ပြင်ဆင်ခဲ့တယ် ဆိုတာပါပဲ။

"သည်ကလေးက ဘယ်နယ်ပယ် အဆင့်ရောက်ရင် မီးလျှံ နတ်ဘုရားစွမ်းရည်ကို နိုးထနိုင်မှာလဲ။ ပြန်လည် ဝင်စားခြင်းနယ်ပယ် အဆင့်နိမ့်ပိုင်းလား  ဒါမှမဟုတ်  ပြန်လည်ဝင်စားခြင်း နယ်ပယ် အလယ်အလတ် အဆင့်လား  "

ဆရာသခင် မအိုသော ကလေးငယ်က လီဖူချန်းကို စေ့စေ့စပ်စပ် ကြည့်ပြီး တွေးနေမိပါသေးတယ်။

ပထမတန်းစား အထူး အရိုးတည်ဆောက်ပုံ ပိုင်ရှင် အများစုတောင်မှ နတ်ဘုရား စွမ်းရည်တွေကို  ပြန်လည် ဝင်စားခြင်းနယ်ပယ် အဆင့်နိမ့်ပိုင်းနဲ့ ပြန်လည်ဝင်စားခြင်း နယ်ပယ် အလယ်အလတ် အဆင့်ပိုင်းတွေမှာ နိုးထစေနိုင်စွမ်း မရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အရိုးတည်ဆောက်ပုံ ပေါ်မှာ ရှိနေတဲ့ အင်းကွက်တွေဟာ  နားလည် သဘောပေါက်နိုင်ဖို့အတွက် အင်မတန် ခဲယဉ်းနေလို့ပါပဲ။

ဒါပေမဲ့လည်း လီဖူချန်းရဲ့  ပင်ကိုပါရမီတွေကတော့ အခြားသူတွေနဲ့ မတူဘဲ တစ်မူ ထူးခြားနေပါတယ်။ သူဟာ ပြန်လည်ဝင်စားခြင်း နယ်ပယ်  အဆင့်နိမ့်ပိုင်းမှာတင် နတ်ဘုရား စွမ်းရည်ကို နိုးထကောင်း နိုးထစေနိုင်ပါလိမ့်မယ်။

" ဆရာသခင်  ...  ကျွန်တော့်မှာ ဆေးမီးဖို တစ်လုံး ရှိတယ်ခင်ဗျ။ ဆရာသခင် စိတ်ဝင်စားမလားတော့ မသိဘူး "

လီဖူချန်းက  ဆရာသခင် မအိုသောကလေးငယ် ဆက်မေးလာမယ့် မေးခွန်းတွေကို ရှောင်လွှဲလိုတဲ့ အတွက်  ခေါင်းစဉ်ကို အလျင်အမြန် ပြောင်းလိုက်ပါတယ်။

" ဟုတ်လား ...  ပြကြည့်စမ်းပါဦး "

ဆရာသခင် မအိုသော ကလေးငယ်ကလည်း လူပါးလူနပ် တစ်ယောက်ပါပဲ။ သူက လီဖူချန်းရဲ့ ရည်ရွယ်ချက်ကို သိတဲ့အတွက် ရေလိုက်ငါးလိုက် နေပေးလိုက်ပါတယ်။

" သည်ဆေးမီးဖိုပါ ...  ဆရာသခင် "

လီဖူချန်းပြလိုက်တဲ့ ဆေးမီးဖိုကတော့ မဟူရာကောင်းကင်ဂိုဏ်းရဲ့ အကြွင်းအကျန် နယ်မြေထဲက ရခဲ့တဲ့ ဆေးမီးဖိုပါပဲ။

မဟူရာကောင်းကင်ဂိုဏ်း အထွတ်အထိပ်ကို ရောက်ခဲ့စဉ် အချိန်အခါတုန်းကတော့ သူတို့မှာ မူပပင်လယ် နယ်ပယ် အဆင့် ရောက်ခဲ့တဲ့ ဘုရင်တစ်ပါးနဲ့ မြောက်များလှစွာသော  တိုက်ပွဲဝိညာဉ်နယ်ပယ် ပညာရှင်တွေ ရှိခဲ့ပါတယ်။ အဲသည်အတွက် သည်ဆေးမီးဖိုဟာ နှယ်နှယ်ရရတော့ မဟုတ်လောက်ပါဘူး။

" အိုး ...  ဒါက မဆိုးဘူးဟ "

အစပိုင်းမှာတော့ ဆရာသခင် မအိုသော ကလေးငယ်ဟာ လီဖူချန်းထုတ်ပြမယ့် ဆေးမီးဖိုကို  သိပ်ပြီးတော့ မမျှော်လင့် ထားခဲ့ပါဘူး။  ဒါပေမဲ့လည်း ဆေးမီးဖိုကို တစ်ချက်ကြည့်ပြီးတဲ့ နောက်မှာတော့ သူ့ရဲ့ မျက်လုံးတွေဟာ  စိတ်ဝင်စားမှုကြောင့် အရောင် တောက်သွားခဲ့ပါပြီ။

ဆေးမီးဖိုကို သေသေချာချာ ဆန်းစစ်ပြီးသွားတဲ့ နောက်မှာတော့ ဆရာသခင် မအိုသော ကလေးငယ်က သက်ပြင်းတစ်ချက် ချလိုက်ပါတယ်။

"  ဒါက အဆင့်၅ ဆေးမီးဖိုတွေထက် ပိုကောင်းမွန်တဲ့ ဆေးမီးဖို တစ်ခုပဲ။  ဒါက ငါ့အတွက် နည်းနည်း အသုံးဝင်တယ် "

ဆေးမီးဖိုတွေက အဆင့်မြင့် လာလေလေ ဆေးလုံးတွေကို တည်ငြိမ်နေအောင် ထိန်းထား နိုင်လေလေပါပဲ။

ယေဘုယျအားဖြင့် ဆိုရင်တော့  တိုက်ပွဲဝိညာဉ် နယ်ပယ် ပညာရှင်တစ်ယောက်ဟာ အဆင့်၆ ဆေးမီးဖိုတွေနဲ့သာ သင့်တော်တာပါ။ ဒါပေမဲ့ ပြဿနာက  ဆေးမီးဖိုတွေဟာ  ထုတ်လုပ်ဖို့ အရမ်းခဲယဉ်း လွန်းတာပါပဲ။

ခရမ်းရောင်ပန်း နိုင်ငံတော်မှာရှိတဲ့ မဟာဆေးပညာရှင် ၁၀ယောက်ထဲမှာဆိုရင် နံပါတ်၁ မဟာဆေးပညာရှင် သာလျှင်  အဆင့်၆ ဆေးမီးဖိုကို ပိုင်ဆိုင်ပါတယ်။ ဆရာသခင် မအိုသော ကလေးငယ် အပါအဝင် ကျန်တဲ့ မဟာဆေး ပညာရှင်တွေထဲမှာတောင်မှ   အဆင့်၅ ဆေးမီးဖိုတွေထက် အနည်းငယ် သာလွန် ကောင်းမွန်တဲ့ ဆေးမီးဖိုတွေကို ပိုင်ဆိုင်နိုင်တဲ့ လူက အနည်းငယ်သာ ရှိတာပါ။

ဆေးဖော်စပ်တဲ့ ပညာရှင်တွေ အတွက်ကတော့  ဆေးမီးဖို ပိုများလေလေ  ပိုအကျိုး ရှိလေလေပါပဲ။ မတူညီတဲ့ ဆေးမီးဖိုတွေက  မတူညီတဲ့ အကျိုးသက်ရောက်မှုတွေကို ပေးစွမ်းနိုင်ပါတယ်။

"သည်ဆေးမီးဖိုက တန်ဖိုးကြီးတာ အမှန်ပဲ။ ဒါပေမဲ့ ဒါက အဆင့်နိမ့် ဝ်ညာဉ်ကျောက်တုံး ၅၀၀၀၀ထက် မပိုဘူး။ ရော့ ...  ဒါကိုယူလိုက် "

ဆရာသခင် မအိုသော ကလေးငယ်ရဲ့ လက်တစ်ချက် အလှုပ်မှာတော့ လီဖူချန်းရဲ့ ရှေ့ကို သိုလှောင်အိတ် တစ်ခု ဝဲပျံလာခဲ့ပါပြီ။

လီဖူချန်းရဲ့ နှလုံးက ထိတ်ခနဲ တစ်ချက် ခုန်သွားခဲ့ပါတယ်။ သူက ဆေးမီးဖိုကို သည်လောက်အထိ တန်ဖိုး ရှိလိမ့်မယ်လို့ လုံးဝ မထင်ထားခဲ့ မိပါဘူး။ ကြည့်ရတာတော့ သူက သည်ဆေးမီးဖိုကို အထင်သေး လိုက်မိပုံပါပဲ။

" ကျေးဇူးပါ ဆရာသခင် "

လီဖူချန်းက သိုလှောင်အိတ်ကို ရဲရဲတင်းတင်းပဲ ဖမ်းယူလိုက်ပါတယ်။ သူက ဆရာသခင် မအိုသော ကလေးငယ်ကို သည်ဆေးမီးဖိုနဲ့ ကျေးဇူးပြန်ဆပ်ဖို့ စဉ်းစားထားတာ မဟုတ်ပါဘူး။

အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၅၀၀၀၀ လောက်နဲ့ ဆရာသခင်ရဲ့ ကျေးဇူးကို ဆပ်ဖို့စဉ်းစားတာက ရူးနေတဲ့ လူတွေပဲ ဖြစ်မှာပါ။ အဲသည်အတွက်သူက ဆေးမီးဖိုအတွက် ကျသင့်တဲ့ တန်ဖိုးကို ရဲရဲတင်းတင်း ယူလိုက်ရခြင်း ဖြစ်ပါတယ်။

" မဆိုးဘူး ... မဆိုးဘူး. ...  "

ဆရာသခင် မအိုသောကလေးငယ်ရဲ့ မျက်နှာပေါ်မှာတော့ အပြုံးတစ်ခု ဖြစ်တည် လာခဲ့ပါပြီ။ သည်လီဖူချန်းဆိုတဲ့ ကောင်လေးကတော့ တကယ့်ကို ပါးရေနပ်ရေ ရှိတဲ့ကောင်ပါပဲ။  သည်ကောင်လေးက ဆေးမီးဖိုအတွက် ထိုက်သင့်တဲ့တန်ဖိုး ပေးလိုက်တဲ့ သူ့ရဲ့ ရည်ရွယ်ချက်ကို ကောင်းကောင်းကြီး သိနားလည် နေပါတယ်။  သည်လိုလူမျိုးကတော့ တစ်နေ့မှာ ကြီးကျယ်ခမ်းနားတဲ့ အရာတွေကို လုပ်ပြနိုင်မယ်ဆိုတာ ယုံမှား သံသယဝင်စရာ မလိုပါဘူး။

သူတို့နှစ်ယောက် ထွေရာလေးပါး ကိစ္စတွေအကြောင်း အချိန်အနည်းငယ် ပြောပြီးတဲ့နောက်မှာတော့ လီဖူချန်းဟာ ဆရာသခင် မအိုသော ကလေးငယ်ကို နှုတ်ဆက်ပြီး ထာဝရနုပျိုခြင်း ဥယျာဉ်ထဲကနေ ထွက်သွားခဲ့ပါပြီ။

ဆရာသခင် မအိုသော ကလေးငယ်က ဥယျာဉ်ထဲကနေ   ထွက်ခွာသွားတဲ့ လီဖူချန်းရဲ့ ကျောပြင်ကို ကြည့်ရင်း ခေါင်းတဆတ်ဆတ် ညိတ်ကာ ကျန်နေခဲ့ပါတော့တယ်။

******

တောင်ပိုင်းတောအုပ် သိုင်းတက္ကသိုလ်။  လီဖူချန်းရဲ့ ကိုယ်ပိုင်ခြံဝင်း အတွင်းတစ်နေရာ ...

ဟူး ... ဟူး ... ဟူး ...

လီဖူချန်းဟာ နေမင်းဇောအဟုန် ချီအတွင်းအားတွေကို အပြည့်အဝ လည်ပတ်လိုက်တဲ့ အခါမှာတေ့ာ ချီစွမ်းအင် တစ်ခုက ပေါက်ကွဲ ထွက်လာခဲ့ပါပြီ။

သူရဲ့ ခန္ဓာကိုယ်ဟာ နေတစ်စင်းလို ပူလောင်လှတဲ့ အပူချိန်တွေကို ထုတ်လွှတ် ပေးနေသလို တောက်ပလှတဲ့ အလင်းတန်းတွေကိုလည်း ဖြာထွက် နေစေပါတယ်။

" မီးလျှံစွမ်းအားကို အသက်မသွင်းသေးဘဲနဲ့တောင် ငါ့ရဲ့ ချီအတွင်းအား ပေါက်ကွဲမှုနှုန်းက ၅ရာခိုင်နှုန်း ပိုကောင်း လာခဲ့တာပဲ "

လီဖူချန်းရဲ့ မျက်နှာပေါ်မှာတော့ ကျေနပ်အားရမှုတွေ အပြည့်ပါပဲ။

မီးလျှံစွမ်းအားတွေက တကယ်ကြီး နေမင်းဇောအဟုန် ချီအတွင်းအားတွေကို  ပိုအားကောင်း လာအောင် ထောက်ပံ့ ပေးနေတာ မဟုတ်ပါလား။

ဒါတောင်မှ သူ့ရဲ့ အရိုးတည်ဆောက်ပုံက ကြယ်၄ပွင့် မီးလျှံ အရိုးတည်ဆောက်ပုံသာ ရှိပါသေးတယ်။ တကယ်လို့သာ သူ့ရဲ့ အရိုးတည်ဆောက်ပုံက ကြယ်၅ပွင့် ဒါမှမဟုတ် ကြယ်၆ပွင့်  မီးလျှံ အရိုးတည်ဆောက်ပုံ ဆိုရင် ချီအတွင်းအားတွေကို  ဘယ်လောက်အထိတောင်  ထောက်ပံ့ ပေးနိုင်မယ် မသိပါဘူး။

" ငါ့ရဲ့ မီးလျှံစွမ်းအားကို အသက်သွင်းလိုက်ရင်ကော ဘယ်လို ဖြစ်သွားမလဲ  "

လီဖူချန်းက သိချင်စိတ် ပြင်းပြစွာနဲ့  မီးလျှံစွမ်းအားတွေကို အသက်သွင်း လိုက်ပါတယ်။

ထို့နောက်မှာတော့ သူ့ရဲ့  နေမင်းဇောအဟုန် ချီအတွင်းအားတွေဟာ ၃၀ရာခိုင်နှုန်းအထိ  ပိုပြီး အားကောင်း လာခဲ့ပါပြီ။

" ဟိုး ... ဟိုး ...  မဆိုးဘူးဟ "

လီဖူချန်းက သူ့ရဲ့ ချီအတွင်းအား  အားကောင်းလာမှုကို ကြည့်ပြီး အကျေနပ်ကြီး ကျေနပ် နေခဲ့ပါတယ်။

၅ ရာခိုင်နှုန်းနဲ့ ၃၀ရာခိုင်နှုန်း ဆိုတာက နည်းတဲ့ ကွာဟချက် မဟုတ်ပါဘူး။

ထာဝရနုပျိုခြင်း ဥယျာဉ်မှာတုန်းက သူဟာ လန်ဖန်းကို အနိုင်ရခဲ့တာတော့ ဟုတ်ပါတယ်။ ဒါပေမဲ့ သူ့ရဲ့ ချီအတွင်းအားတွေက လန်ဖန်းထက် မဆိုစလောက်လေးသာ  ပိုအားကောင်း နေခဲ့တာပါ။ လီဖူချန်းနဲ့ လန်းဖန်းရဲ့ ကြားက အတွင်းအား ကွာဟာချက်ဟာ ၅ရာခိုင်နှုန်းတောင်  မရှိပါဘူး။

ဒါပေမဲ့လည်း သူ့ရဲ့ လက်ရှိ မီးလျှံအရိုး တည်တောက်ပုံနဲ့ ဆိုရင်တော့ လီဖူချန်းဟာ လန်ဖန်းကို ဓားကွက် တစ်ကွက်တည်းနဲ့တင် အနိုင်ယူနိုင်စွမ်း ရှိပါပြီ။

" အင်း ...  နှမြောတော့ နှမြောစရာပဲ။ ငါ့ရဲ့ မီးလျှံစွမ်းအားက လုံလောက်မှု မရှိသေးဘူး။ တိုက်ပွဲတစ်ပွဲ တိုက်ဖို့ဆိုရင် ငါ့အနေနဲ့ သည်ထက်များတဲ့ မီးလျှံစွမ်းအားတွေကို  ထုတ်သုံးနိုင်ဖို့ လိုသေးတယ် "

လီဖူချန်းက ခပ်တိုးတိုး ရေရွတ်လိုက်ပါတယ်။

သူ့ရဲ့ မီးလျှံစွမ်းအားတွေဟာ အစကနဦး အဆင့်ကို ရောက်နေပေမယ့်လည်း တကယ့် သေရေးရှင်ရေး တိုက်ပွဲတစ်ပွဲကို တိုက်ဖို့ အတွက်တော့ လုံလောက်မှု မရှိသေးပါဘူး။ တကယ်လို့သာ သူ့ရဲ့ မီးလျှံ အရိုးတည်ဆောက်ပုံက ကြယ်၅ပွင့် ဒါမှမဟုတ် ကြယ်၆ပွင့် ဆိုရင်တော့ မီးလျှံ စွမ်းအားတွေက လုံလောက်ကောင်း လုံလောက်ပါလိမ့်မယ်။

ထို့နောက်မှာတော့ လီဖူချန်းက  ခေါင်းကို ခါယမ်းလိုက်ပြီး  သူ့ကိုယ်သူ ပြန်အားပေး လိုက်ပါတယ်။

" ထားလိုက်ပါတော့ကွာ ... ။ ဒါက လောစရာမှ မဟုတ်တာ။ ငါ့မှာလည်း ငါ့အားသာချက်နဲ့ငါ ရှိနေတာပဲ။ ငါသာ မီးလျှံစွမ်းအားတွေကို ပိုပြီး ထုတ်လုပ်နိုင်ရင် ငါ့ရဲ့ အစွမ်းကလည်း ပိုကောင်းလာမှာပဲ မဟုတ်ဘူးလား "

ဥပမာ တစ်ခု ပေးရမယ် ဆိုရင်တော့  အခုချိန်မှာ လီဖူချန်းရဲ့ မီးလျှံစွမ်းအားဟာ ရေကန်တစ်ခုပါပဲ။ ဒါပေမဲ့ နောင်အနာဂတ်မှာတော့  သည်ရေကန်ဟာ သေချာပေါက်ကို ပင်လယ်ကြီး တစ်ခု အဖြစ် ပြောင်းသွားဦးမှာပါ။

" အိုး ...  ဟုတ်သားပဲ။  ငါ့အနေနဲ့  မီးလျှံ အရိုးတည်ဆောက်ပုံရဲ့ အဓိကပင်မ  မီးလျှံစွမ်းအင်ကို စမ်းကြည့်ဖို့  လိုနေသေးတယ် "

အဓိကပင်မ မီးလျှံစွမ်းအင် ... ။

သည်စွမ်းအင်ကတော့ အတော်လေး နည်းပါးနေပါသေးတယ်။ အဲသည် စွမ်းအင်က အရိုးတည်ဆောက်ပုံ နယ်ပယ်ရဲ့ အလယ်တည့်တည့်မှာ တည်ရှိနေတာ ဖြစ်ပြီး   ကြက်ဥသာသာ  ကြက်သွေးရောင်  စွမ်းအင် အစိုင်အခဲလေး တစ်ခု ဖြစ်ပါတယ်။

ဝုန်း ...

ချီစွမ်းအင် ပေါက်ကွဲမှုက နောက်ထပ်တစ်ကြိမ် ဖြစ်ပေါ်လာခဲ့ ပြန်ပါပြီ။

ပေါက်ကွဲမှုနဲ့ အတူ ကြက်သွေးရောင် အလင်းတန်းတွေ ဖြစ်တည်လာပြီး အဲသည် အလင်းတန်း တွေက လီဖူချန်းကို ဗဟိုပြုကာ လှည့်ပတ်နေပါတယ်။

သည်အလင်းတန်းတွေရဲ့ ဖြစ်တည်မှုကြောင့် လီဖူချန်းရဲ့ ခြံဝင်းကို အကာအကွယ် ပေးထားတဲ့ အစီအရင်ဟာလည်း တည်ငြိမ်မှု ပျက်ပြားလာပြီး လှိုင်းတွန့် သဏ္ဌာန် တုန်ခါလာခဲ့ပါပြီ။

ကြက်သွေးရောင် အလင်းတန်းတွေရဲ့ အလယ်မှာ ရှိနေတဲ့ လီဖူချန်းကတော့ မီးတောက်တွေနဲ့အတူ မွေးဖွားလာတဲ့ မိစ္ဆာနတ်ဘုရား တစ်ပါး အလားပါပဲ။  ပြီးတော့ သူ့ရဲ့ မျက်လုံးထဲကနေလည်း  အလျှံတညီးညီး တောက်လောင်နေတဲ့  မီးတောက်၊ မီးလျှံတွေ   ထွက်ပေါ်နေပါသေးတယ်။

သည်ကြက်သွေးရောင် အလင်းတန်းတွေမှာ ခိုဝင်ကိန်းအောင်းနေတဲ့ အပူဓာတ်တွေကတော့ ဆန်းကြယ်အဆင့် လက်နက်တွေကို တောင်မှ အလွယ်တကူ  အရည်ပျော်ကျ သွားစေမယ်ဆိုတာ ယုံမှား သံသယ ဝင်စရာ မရှိပါဘူး။

" ဟား ... ဟား ... ငါ့ရဲ့ချီအတွင်းအားက ၆၀ရာခိုင်နှုန်းတောင် ပိုအားကောင်းလာခဲ့တာပဲဟ "

အဓိကပင်မ မီးလျှံစွမ်းအင်က တကယ်ကို အံ့မခန်းပါပဲ။ ဒါက မီးလျှံစွမ်းအားထက် နှစ်ဆ ပိုထောက်ပံ့ နိုင်စွမ်းရှိသလို ပိုပြီးတော့လည်း သန့်စင်ပါတယ်။

"  ငါ့ရဲ့ သည်မီးလျှံ အရိုးတည်ဆောက်ပုံကို အားကိုးပြီး နေမင်းဇောအဟုန် နတ်ဘုရားကျင့်စဉ်ရဲ့ အဆင့်၂၃ကို ရောက်အောင် အမြန်လေ့ကျင့်ရမယ် "

မီးလျှံ အရိုးတည်ဆောက်ပုံ ပိုင်ရှင် ဖြစ်သွားတဲ့ လီဖူချန်းအတွက်ကတော့ မီးဓာတ် ဒါမှမဟုတ် အပူဓာတ်ကို အခြေခံတဲ့ ပညာရပ်တွေကို လေ့ကျင့်ရာမှာ အရင်ကထက် အဆပေါင်းများစွာ ပိုမြန်ဆန် လာတော့မှာ အသေအချာပါပဲ။

အချိန်တွေက လျင်မြန်စွာနဲ့ ကုန်ဆုံး သွားခဲ့ပါပြီ။

လီဖူချန်းရဲ့ မီးလျှံအင်းကွက်တွေ အပေါ်မှာ နားလည်နိုင်စွမ်းက သိပ်အတိုးတက်ကြီး မဟုတ်ခဲ့ ပေမယ့်လည်း နေမင်းဇောအဟုန် နတ်ဘုရားကျင့်စဉ် ကျင့်ကြံမှု အပိုင်းမှာတော့ တစ်ရှိန်ထိုး တိုးတက် နေခဲ့ပါတယ်။

အစောပိုင်းက သူ့ရဲ့ နေမင်းဇောအဟုန် နတ်ဘုရားကျင့်စဉ်ဟာ အဆင့်၂၂ ကနဦးအဆင့်မှာသာ ရှိနေခဲ့တာပါ။ ဒါပေမဲ့ လီဖူချန်းဟာ တစ်လအတွင်းမှာပဲ နေမင်းဇောအဟုန် နတ်ဘုရားကျင့်စဉ် အဆင့်၂၂ရဲ့ အထွတ်အထိပ် အဆင့်အထိ  ရောက်သွားခဲ့ပါတယ်။ သူ့အနေနဲ့  အဆင့်၂၃ကို ရောက်ဖို့အတွက် ခြေလှမ်း တစ်လှမ်းစာလောက်သာ လိုပါတော့တယ်။

လီဖူချန်းရဲ့ ထိုးထွင်းသိမြင်မှုနဲ့တင်  နေမင်းဇောအဟုန် နတ်ဘုရား ကျင့်စဉ်ကို ကျင့်ကြံရာမှာ အတော်လေး လျင်မြန်နေတာပါ။ အခု မီးလျှံ အရိုးတည်ဆောက်ပုံပါ ရသွားပြီဆိုတော့ သူ့ရဲ့ကျင့်ကြံမှုဟာ နဂိုမူလကထက်ကို  အဆပေါင်းများစွာ ပိုမြန်ဆန်သွားခဲ့ပါပြီ။ ဒါဟာ ကျားကို အတောင်ပံ တပ်ပေးလိုက်တာနဲ့ အတူတူပါပဲ။

နောက်ပိုင်းမှာတော့ လီဖူချန်းဟာ မီးလျှံအင်းကွက်တွေကို နားလည်ဖို့ အတွက် ပိုပြီးအချိန်ပေး  လေ့လာပါတော့တယ်။ သည်မီးလျှံ အင်းကွက်တွေကနေ ထုတ်လုပ်ပေးတဲ့ မီးလျှံစွမ်းအားတွေက သူ့ရဲ့  ချီအတွင်းအားတွေကို ပိုပြီး အားကောင်းလာအောင် မြှင့်တင်ပေးနိုင်တာ မဟုတ်ပါလား။

" ဆရာသခင် မအိုသော ကလေးငယ်က ငါ့ကို မိုးလောက်ကြီးတဲ့ အခွင့်အရေးတစ်ခု ပေးခဲ့တာပါလား။ ငါ့အနေနဲ့ တစ်နေ့ကျရင် သူတောင်းဆိုတဲ့အရာကို အရိုးကျေကျေ၊ အရေခန်းခန်း လက်မလျော့ဘဲ  လုပ်ဆောင်ပေးမှ ဖြစ်မယ် "

လီဖူချန်းက ဆရာသခင် မအိုသောကလေးငယ်ရဲ့ ကျေးဇူးကို လုံးဝ မမေ့ပါဘူး။ လက်ရှိ သူပိုင်ဆိုင်ထားတဲ့  မီးလျှံ အရိုးတည်ဆောက်ပုံဟာ ဆရာသခင် မအိုသော ကလေးငယ် ပေးခဲ့တဲ့ အခွင့်အရေးကြောင့် ဖြစ်လာခဲ့တာပါ။ သူ့အနေနဲ့ သည်လို အဖြစ်မျိုးကို နောင်အနာဂတ်မှာလည်း ကြုံနိုင်တယ် ဆိုပေမယ့်လည်း အနာဂတ်ဟာ အနာဂတ်ပါပဲ။ ပစ္စုပ္ပန်ထက်ကျော်ပြီး ဘယ်အရာကမှ မသေချာပါဘူး။

မျက်စိတစ်မှိတ် အတွင်းမှာပဲ နောက်ထပ် အချိန်တစ်လ ကုန်ဆုံးသွားခဲ့ ပြန်ပါတယ်။

အခုဆိုရင် လီဖူချန်းရဲ့ နေမင်းဇောအဟုန် နတ်ဘုရားကျင့်စဉ်ဟာလည်း လွယ်ကူ ချောမွေ့စွာနဲ့  အဆင့်၂၃ကို ရောက်လာခဲ့ပါပြီ။

နေမင်းဇောအဟုန် နတ်ဘုရားကျင့်စဉ် အဆင့်၂၃ဟာ  မြေကမ္ဘာအဆင့်နိမ့် အတွင်းအား ကျင့်စဉ်တွေရဲ့ အမြင့်ဆုံး အဆင့်နဲ့ ညီမျှပါတယ်။

တစ်နေ့မှာတော့ လူတစ်ယောက်ဟာ သူ့ဆီကို အလည်ရောက်လာခဲ့ပါတယ်။ သူကတော့ လျိုယန်ပါပဲ။ သူ့ရဲ့ မျက်နှာကတော့ အတော်လေး မကောင်းလှပါဘူး။

" ဖူချန်း ...  နင် ငါ့ရဲ့ လျိုကလန်ကို ကူညီပေးနိုင်မလား "

လျိုယန်က လီဖူချန်းကို တွေ့တာနဲ့ တစ်ပြိုင်နက် အချိန်ဆိုင်းမနေဘဲ အကူအညီ တောင်းလိုက်ပါတယ်။

"ဘာဖြစ်တာလဲ "

လီဖူချန်းတစ်ယောက် သည်ရောင်စဉ် ခုနစ်ဖြာ တိုက်ကြီးကို စရောက်တုန်းက ပထမဦးဆုံး ခင်မင်ရင်းနှီးခဲ့တဲ့ သူဟာ လျိုယန်ပဲ ဖြစ်ပါတယ်။ ပြီးတော့ လျိူကလန်သားတွေ ဆိုတာကလည်း သူ့ကို  ဖော်ဖော်ရွေရွေနဲ့ ဧည့်ခံခဲ့ကြသူတွေပါ။ အဲသည်အတွက် သူ့အနေနဲ့ လျိုကလန်ကို ကူညီဖို့ ဝန်လေးနေမှာ မဟုတ်ပါဘူး။

" ငါတို့ရဲ့ လန်ရှီးသတ္တုတွင်းအောက်မှာ အရမ်းကြီးတဲ့  ဝိညာဉ်ကျောက်တုံး သတ္တုကြောတစ်ခု ပေါ်လာတယ်။ အဲသည် သတ္တုကြောကို ကျန်းကလန်က လက်ဝါးကြီးအုပ်ဖို့ ကြိုးစားနေပြီ။ ငါတို့ လျိုကလန်နဲ့ ရင်ဆိုင်ဖို့အတွက် သူတို့က မဟူရာတောင်က နတ်ဆိုး အဘိုးအိုကိုတောင် အထူးတလည် ဖိတ်ကြား ထားတယ်တဲ့။ ငါက အဲသည်သတင်းကို သည်နေ့ပဲ ရခဲ့တာ "

လျိုယန်က လီဖူချန်းကို အလျင်အမြန် ရှင်းပြလိုက်ပါတယ်။

" မဟူရာတောင် နတ်ဆိုးအဘိုးအိုက ဘယ်သူလဲ။ သူ့ရဲ့ ကျင့်ကြံမှု အဆင့်ကကော "

လီဖူချန်းက ပြန်မေးလိုက်ပါတယ်။

လျိုယန်က  ခေါင်းညိတ်လိုက်ပြီး

" မဟူရာတောင် နတ်ဆိုးအဘိုးအို ဆိုတာက  မဟူရာတောင်မှာ နေထိုင်တဲ့  မဟာနတ်ဆိုးတွေထဲက  တစ်ယောက်ပဲ။ သူနဲ့ယှဉ်ရင်တော့ မဟူရာ ကျားလေးကောင်ဆိုတာ ဆီနဲ့ရေပဲ။ မဟူရာတောင် နတ်ဆိုး အဘိုးအိုက ပြန်လည် ဝင်စားခြင်း နယ်ပယ် အဆင့်၅ ပညာရှင်။ ပြီးတော့ သူက မိစ္ဆာပညာရပ်တွေကို လေ့ကျင့်ထားတာ။ တံခါးပိတ်ကျင့်ကြံရာက ထွက်လာတဲ့ ငါ့ရဲ့ အဘိုးတောင်မှ သူ့ရဲ့ သိုင်းကွက် တစ်ကွက်ကို တောင့်မခံနိုင်ခဲ့ဘူး။ ငါတို့ လျိုကလန်ရဲ့  အကာအကွယ် အစီအရင်တွေကြောင့်သာ အခုချိန်အထိ  တောင့်ခံ ထားနိုင်တာ။ ဘယ်လိုလဲ  ...  နင် လျိုကလန်ကို ကူညီနိုင်မှာလား "

***

All Chapters