မဟူရာတောင် နတ်ဆိုးအဘိုးအိုကို ရင်ဆိုင်ခြင်း
Vol. 30 Ch. 400
" ပြန်လည် ဝင်စားခြင်းနယ်ပယ် အဆင့်၅လား "
လီဖူချန်းက မျက်မှောင် ကြုတ်လိုက်မိပါတယ်။
သူ့ရဲ့ လက်ရှိ အစွမ်းနဲ့ဆိုရင်တော့ သာမန် အဆင့်၅ ပြန်လည် ဝင်စားခြင်းနယ်ပယ် ပညာရှင်ကို ရင်ဆိုင်ဖို့ဟာ ပြဿနာ မဟုတ်ပါဘူး။ ကံကောင်းမယ်ဆိုရင် လီဖူချန်းအနေနဲ့ သာမန်အဆင့်၅ ပြန်လည် ဝင်စားခြင်းနယ်ပယ် ပညာရှင်ကို သတ်တောင် သတ်နိုင်ပါဦးမယ်။
ဒါပေမဲ့ လျိုယန်ပြောပုံအရ ဆိုရင်တော့ မဟူရာတောင် နတ်ဆိုးအဘိုးအိုက မိစ္ဆာတာအို ပညာရပ်တွေကို လေ့လာလိုက်စားသူ ဖြစ်နေပါတယ်။ သူက မြေကမ္ဘာအဆင့် ပညာရပ်တွေကိုလည်း သေချာပေါက် လေ့ကျင့်ထားမှာပါပဲ ။ အဲသည်အတွက် သူဟာ သာမန် အဆင့်၅ ပြန်လည် ဝင်စားခြင်းနယ်ပယ် ပညာရှင် ဖြစ်စရာတော့ အကြောင်းမရှိပါဘူး။
" လျိုယန် ... ဘာမှ စိတ်မပူနဲ့။ ငါတို့အခုပဲ လျိုကလန်ကို သွားကြမယ် "
လီဖူချန်းက လျိုကလန်ကို ကူညီဖို့ ဆုံးဖြတ်လိုက်ပါတယ်။ မဟူရာတောင် နတ်ဆိုးအဘိုးအိုက မိစ္ဆာတာအို လမ်းစဉ်ကို လိုက်စားသူ ဖြစ်ရင်တောင်မှ သူ့အနေနဲ့ သည်အတိုင်းတော့ မနေနိုင်ပါဘူး။ ပြီးတော့ သူ့ဆီမှာ ဖုံးကွယ်ထားတဲ့ ဝှက်ဖဲတွေ အများကြီး ရှိနေသေးတာ မဟုတ်ပါလား။
အဲသည်နေ့မှာပဲ လီဖူချန်းနဲ့ လျိုယန်ဟာ တောင်ပိုင်းတောအုပ် သိုင်းတက္ကသိုလ် ထဲကနေ ထွက်ခွာလာခဲ့ပြီး ရေစီးကြောင်းမြို့ကို အလျင်အမြန် ပြန်ကြပါတယ်။
သည်တစ်ကြိမ် သူတို့ စီးလာတဲ့ သားရဲတွေကတော့ အဆင့်၄ ယူနီကွန်းမြင်းတွေပါပဲ။
အဆင့်၄ ယူနီကွန်း မြင်းတွေဟာ အင်မတန် ရှားပါးလှပြီး အပြင်လောကမှာ ရောင်းချခြင်း မရှိပါဘူး။ သည်မြင်းတွေက တောင်ပိုင်းတောအုပ် သိုင်းတက္ကသိုလ်ရဲ့ မြင်းမွေးမြူရေး စခန်းမှာပဲ ရှိတာပါ။ ကျောင်းအုပ်ကြီးရဲ့ သီးသန့် ကျောင်းသားဆိုတဲ့ အဆင့်အတန်းကြောင့်သာ သိုင်းတက္ကသိုလ်က လီဖူချန်းကို အဆင့်၄ ယူနီကွန်းမြင်းနှစ်ကောင် အသုံးပြုခွင့် ပေးခဲ့တာ ဖြစ်ပါတယ်။
အဆင့်၄ ယူနီကွန်းမြင်းတွေက အဆင့်၃ ယူနီကွန်းမြင်းတွေထက် အဆပေါင်းများစွာ လျင်မြန်တဲ့ အတွက် ရက်အနည်းငယ် အတွင်းမှာပဲ လီဖူချန်းတို့နှစ်ယောက်ဟာ လျိုကလန်ကို ရောက်ရှိ သွားခဲ့ပါတယ်။
လျိုကလန်ကတော့ သူတို့ရဲ့ အကာအကွယ် အစီအရင်ကို အသက်သွင်း ထားခဲ့ပါပြီ။ ဒါက ထုတ်ချင်းပေါက် မြင်ရတဲ့ ခွက်ကြီးတစ်လုံး လျိုကလန်ကို အုပ်မိုးထားသလိုပါပဲ။ အစီအရင် ကျိုးပေါက်ခြင်း မရှိသရွေ့ကတော့ အထဲက ခွင့်ပြုချက်မရဘဲ ဘယ်သူမှ လျိုကလန်ထဲကို ဝင်နိုင်မှာ မဟုတ်ပါဘူး။
ဘန်း ... ဘန်း ... ဘန်း ...
အကာအကွယ် အစီအရင်ရဲ့ အပြင်ဘက်မှာတော့ ပြန်လည် ဝင်စားခြင်းနယ်ပယ် ပညာရှင် ၃ယောက်ဟာ အစီအရင်ကို ဖျက်ဆီးဖို့အတွက် ကြိုးစားနေကြပါတယ်။
သူတို့သုံးယောက်ထဲက ခေါင်းဆောင်ဖြစ်တဲ့ သူကတော့ အနက်ရောင် ဝတ်စုံဝတ်ကို ဝတ်ဆင်ထားတဲ့ အဘိုးအိုဖြစ်ပြီး ကျန်တဲ့ နှစ်ယောက်ကတော့ ခရမ်းရောင် ဝတ်စုံတွေကို ဝတ်ဆင်ထားတဲ့ သက်လတ်ပိုင်း အရွယ် လူကြီးတစ်ယောက်နဲ့ အဘိုးအို တစ်ယောက် ပါပဲ။
ခရမ်းရောင် ဝတ်စုံဝတ် သက်လတ်ပိုင်းအရွယ် လူကြီးကတော့ အဆင့်၁ ပြန်လည် ဝင်စားခြင်းနယ်ပယ်ကို ရောက်နေပြီး ခရမ်းရောင်ဝတ်စုံဝတ် အဘိုးအိုကတော့ အဆင့်၄ ပြန်လည်ဝင်စားခြင်း နယ်ပယ်ကို ရောက်နေပါပြီ။
သူတို့သုံးယောက်ထဲမှာတော့ အနက်ရောင်ဝတ်စုံဝတ် အဘိုးအိုရဲ့ ကျင့်ကြံခြင်း အဆင့်ဟာ အမြင့်ဆုံးပါပဲ။ သူက ပြန်လည်ဝင်စားခြင်းနယ်ပယ် အဆင့်၉ကိုတောင် ရောက်နေပါပြီ။
ချီအရှိန်အဝါပိုင်းမှာ ဆိုရင်လည်း အနက်ရောင်ဝတ်စုံဝတ် အဘိုးအိုရဲ့ ချီအရှိန်အဝါဟာ သာမန် အဆင့်၅ ပြန်လည် ဝင်စားခြင်းနယ်ပယ် ပညာရှင်တွေထက်ကို အများကြီး အားကောင်းနေပါတယ်။ သူ့ရဲ့ခန္ဓာကိုယ်ကနေ ထွက်နေတဲ့ ချီအရှိန်အဝါက မုန်တိုင်းကြီး တစ်ခုလိုပါပဲ။
လျိုယန်က လီဖူချန်းကို အသိစိတ်အာရုံနဲ့ ဆက်သွယ်လိုက်ပြီး အလျင်အမြန် ရှင်းပြလိုက်ပါတယ်။
" ခရမ်းရောင် ဝတ်စုံနဲ့ လူနှစ်ယောက်က ကျန်းကလန်ရဲ့ လက်ရှိခေါင်းဆောင် ကျန်းယွန်းနဲ့ အရင်ကျန်းကလန် ခေါင်းဆောင် ကျန်းခွန်းပဲ။ အနက်ရောင် ဝတ်စုံနဲ့ အဘိုးကြီးကတော့ သူတို့ ဖိတ်ကြားထားတဲ့ မဟူရာတောင် နတ်ဆိုးအဘိုးအိုဆိုတာ ဖြစ်မယ် "
လီဖူချန်းက ခေါင်းညိတ်ပြလိုက်ပြီး မေးခွန်းတစ်ခု ပြန်မေးလိုက်ပါတယ်။
"ရေစီးကြောင်းမြို့မှာ အဓိက ကလန်ကြီးသုံးခု ရှိနေတာပဲ။ စုကလန်က မြို့စားရဲ့ ကလန် မဟုတ်ဘူးလား။ သူတို့ကဘာလို့ သည်ကိစ္စကို မညှိနှိုင်းပေးတာလဲ "
" အင်း ... ငါလည်း မသိဘူးဟ "
လီဖူချန်းရဲ့ မေးခွန်းက လျိုယန်ကို ခေါင်းကိုက် သွားစေခဲ့ပါပြီ။ အတန်ကြာမှ လျိုယန်က
" စုကလန်က သူတို့ကိုယ်သူတို့ အရမ်း ကြီးမြတ်တယ်လို့ ထင်နေကြတာ။ သူတို့က အဓိက ကလန် နှစ်ခုကြားက ပြဿနာကို ဝင်ပါမှာ မဟုတ်ဘူး။ ကလန်နှစ်ခုရဲ့ ပြဿနာမှာ ဘယ်ဘက်ကပဲနိုင်နိုင် စုကလန်က အကျိုးအမြတ် ရမှာပဲလေ "
" ဒါတော့ အမှန်ပဲ "
လီဖူချန်းက လျိုယန်ပြောတာကို ထောက်ခံပါတယ်။
စုကလန်ဟာ ရေစီးကြောင်းမြို့ရဲ့ မြို့စားကလန် ဖြစ်တဲ့အတွက် အခြားကလန်တွေက ထိပါးရဲမှာ မဟုတ်ပါဘူး။
ပြီးတော့ ကျန်းကလန်နဲ့ လျိုကလန် တိုက်ခိုက်ကြပြီဆိုရင် ကလန် နှစ်ခုစလုံးဟာ အနည်းနဲ့ အများတော့ ပျက်စီးကြမှာပါပဲ။ ဘယ်ဘက်ကပဲ နိုင်နိုင် စုကလန်အတွက်တော့ အရေးမကြီးပါဘူး။ အရေးကြီးတာက ရေစီးကြောင်းမြို့ရဲ့ အဓိက ကလန်ကြီးနှစ်ခုဟာ စုကလန်ကို ခြေရာ မတိုင်းနိုင်ဖို့ပဲ ဖြစ်ပါတယ်။
"လျိူယန် ... ငါသူတို့ကို အာရုံလွှဲထားလိုက်မယ်။ မင်းက သည်အခွင့်အရေးကို အသုံးချပြီး လျိုကလန်ထဲကို ဝင်သွားလိုက် "
လီဖူချန်းက ပြောလိုက်ပါတယ်။
" ဘာလဲ ... ။ နင်က သူတို့ကို တစ်ယောက်တည်းနဲ့ ရင်ဆိုင်လို့ ဖြစ်ပါ့မလား။ လီဖူချန်း ... ဒါ ... ဒါက ... "
လျိုယန်က သူ့ရဲ့ စကားကိုတောင် ဆုံးအောင်ပြောခွင့် မရလိုက်ပါဘူး။ လီဖူချန်းက အကာအကွယ် အစီအရင်ကို ချိုးဖျက်နေတဲ့ ပညာရှင်သုံးယောက်ဆီကို ဦးတည်ပြီး မြင်းကို ဒုန်းစိုင်းသွားခဲ့ပါပြီ။
လျိူယန်က လီဖူချန်းကို တိုက်ခိုက်ဖို့အတွက် အကူအညီ လာတောင်းတာ မဟုတ်ပါဘူး။ သူက လီဖူချန်းရဲ့ တောင်ပိုင်းတောအုပ် သိုင်းတက္ကသိုလ် ကျောင်းအုပ်ကြီးရဲ့ သီးသန့်ကျောင်းသား ဆိုတဲ့ အဆင့်အတန်းကို အသုံးပြုပြီး ပြဿနာကို ညှိနှိုင်းဖို့အတွက် အကူအညီ လာတောင်းခဲ့တာပါ။
ကြည့်ရတာတော့ သည်လီဖူချန်းက သူ အကူအညီ လာတောင်းတာကို အဓိပ္ပာယ်ကောက် လွဲသွားပုံပါပဲ။
မဟူရာတောင် နတ်ဆိုးအဘိုးအိုက အင်မတန်မှ အစွမ်းထက်လွန်းပါတယ်။ လျိူယန်ရဲ့ အဘိုးဖြစ်သူဟာ ပြန်လည် ဝင်စားခြင်းနယ်ပယ် အဆင့်၅ ပညာရှင် တစ်ယောက်ပါ။ ပြီးတော့ သူက မြေကမ္ဘာအဆင့်နိမ့် ဓားသိုင်းကိုပါ လေ့ကျင့်ထားပါသေးတယ်။
ဒါပေမဲ့လည်း သူရဲ့ အဘိုးဖြစ်သူဟာ မဟူရာတောင် နတ်ဆိုးအဘိုးအိုရဲ့ သိုင်းကွက် တစ်ကွက်ကိုတောင် မခုခံနိုင်ခဲ့ပါဘူး။
အခုတော့ လီဖူချန်းက မဟူရာတောင် နတ်ဆိုးအဘိုးအို အပါအဝင် ကျန်းကလန်ရဲ့ ခေါင်းဆောင် နှစ်ယောက်ကို တိုက်ဖို့အတွက် ပြေးထွက် သွားခဲ့ပါတယ်။ ဒါက မိုးကို ဒူးနဲ့တိုက်မယ်ဆိုတဲ့ အပြုအမူမျိုးပါပဲ။
" ငါ့ကို ယုံလိုက်စမ်းပါ "
လီဖူချန်းက မြင်းကို ဒုန်းစိုင်း စီးနင်းနေရင်းနဲ့ ပြန်လှမ်းအော်ခဲ့ပါတယ်။ သူက အနောက်ကို တစ်ချက်လေးတောင် ပြန်လှည့်မကြည့်တေ့ာပါဘူး။
အမှန်အတိုင်း ပြောရမယ်ဆိုရင်တော့ လီဖူချန်းက လျိုယန် အကူအညီ တောင်းရတဲ့ ရည်ရွယ်ချက်ကို သိပါတယ်။ ဒါပေမဲ့ သူက သူ့ရဲ့ လက်ရှိအစွမ်းအစကို စမ်းသပ်ကြည့်ချင်တဲ့ အတွက် အခုလို တိုက်ခိုက်ဖို့ကို ရွေးချယ်လိုက်တာပါ။
" လီဖူချန်း ... သတိလည်းထားဦးနော် "
လီဖူချန်းရဲ့ ယုံကြည်မှု မြင့်မားမှုနေမှုကို တွေ့ပြီးတဲ့နောက်မှာတော့ လျိုယန်ဟာ မတားတော့ပါဘူး။
သူက နှုတ်ခမ်းကို တစ်ချက်ကိုက်လိုက်ပြီး လီဖူချန်းအတွက် ဆုတောင်းပေးရုံသာ တတ်နိုင်ပါတော့တယ်။
" ကျား ... ကျား ... "
လီဖူချန်းက သူလာနေတာကို ဘယ်သူမှ သတိမပြုမိမှာ စိုးရိမ်နေတဲ့ပုံပါပဲ။ သူက ပါးစပ်ကနေ ငြာသံတောင် ပေးနေလိုက်ပါသေးတယ်။ လီဖူချန်းရဲ့နောက်မှာတော့ လျိူယန်ဟာ မြင်းကို အသားကျ စီးနင်းပြီး လိုက်လာခဲ့ပါတယ်။
" ဟိုကောင်က ဘယ်သူလဲဟ "
မြင်းကို ဒုန်းစိုင်းပြီး လာနေတဲ့ လီဖူချန်းကို လူတိုင်းက သတိပြုမိသွားခဲ့ပါပြီ။
အော်ကြီးဟစ်ကျယ် ညာသံပေးပြီး မြင်းကို ဒုန်းစိုင်းစီးနင်းလာတဲ့ သားတစ်ယောက်ကိုတော့ ဘယ်သူမှ သတိမပြုမိဘဲ မနေပါဘူး။
"အဲဒါက သူရဲကောင်းလေးလီ နဲ့ ယန်အာ ပဲ "
အကာအကွယ် အစီအရင်ထဲကနေ အခြေအနေကို စောင့်ကြည့်နေကြတဲ့ လျိုကျန်းနဲ့ လျိုကလန် အကြီးအကဲတွေကတော့ လီဖူချန်းတို့ကို တန်းပြီး မှတ်မိလိုက်ပါတယ်။
"မကောင်းတော့ဘူး။ သူရဲကောင်းလေးလီက ဘာလို့ သည်လို အဆင်အခြင်မဲ့ လုပ်ရတာလဲ။ ပြီးတော့ လျိုယန် ... ။ သည်ကောင်မလေးက အခြားသူတွေကို အကူအညီအဖြစ် မခေါ်လာဘူးလား "
လျိုကျန်းက လျိုကလန်ရဲ့ ဖြစ်စဉ်ကို လျိုယန်ဆီ သတင်း ပို့ခိုင်းလိုက်တာက အကြောင်းရှိပါတယ်။ သူက လျိုယန်ဟာ တောင်ပိုင်းတောအုပ် သိုင်းတက္ကသိုလ်ရဲ့ အတွင်းစည်း ကျောင်းသားအချို့ကို အကူအညီ တောင်းပြီး ခေါ်လာလိမ့်မယ်လို့ မျှော်လင့်ထားခဲ့တာပါ။
ဒါပေမဲ့ လက်တွေ့မှာတော့ လျိုယန်ဟာ လီဖူချန်းကိုပဲ ခေါ်လာခဲ့ပါတယ်။
လီဖူချန်းက ဘယ်လောက်အထိ အစွမ်းထက်တယ်ပဲ ပြောပြော အဆင့်၅ ပြန်လည် ဝင်စားခြင်း နယ်ပယ် ပညာရှင်ဖြစ်တဲ့ မဟူရာတောင် နတ်ဆိုးအဘိုးအိုကို ယှဉ်နိုင်စရာ အကြောင်းမရှိပါဘူး။
" ကိုယ့်သေတွင်း ကိုယ်တူးနေတဲ့ ကောင်ပဲ "
မဟူရာတောင် နတ်ဆိုးအဘိုးအိုက အေးစက်စက် တစ်ချက် ရယ်လိုက်ပြီး လီဖူချန်းကို လက်ဝါးနဲ့ ရိုက်ထည့် လိုက်ပါတယ်။
ဟူး ... ... ဟူး ... ဟူး ... ...
လက်ဝါးအားက မရောက်ခင်မှာပဲ ကြောက်စရာ ကောင်းလှတဲ့ ဖိအားတစ်ခုက ရောက်နှင့်နေခဲ့ပါပြီ။ ထို့နောက်မှာတော့ မြေပြင်ဟာ အက်ကွဲလာပြီး လက်ဝါးအား လမ်းကြောင်း တစ်လျှောက်မှာရှိတဲ့ အပင်တွေဟာလည်း ဖုန်မှုန့်ဘဝကို ပြောင်းကုန်ပါတယ်။
သာမန် ပြန်လည်ဝင်စားခြင်း နယ်ပယ် ပညာရှင်တွေတောင်မှ မဟူရာတောင် နတ်ဆိုးအဘိုးအိုရဲ့ သည်လက်ဝါး ရိုက်ချက်ကို တောင့်ခံနိုင်မှာ မဟုတ်ပါဘူး။
" နေရှစ်စင်း ထွန်းလင်းတောက်ပခြင်း "
မဟူရာတောင် နတ်ဆိုးအဘိုးအိုရဲ့ လက်ဝါးရိုက်ချက်ကို ခုခံဖို့အတွက် လီဖူချန်းဟာ လေထဲကို ခုန်တက်ပြီး လက်ဝါးရိုက်ချက် နှစ်ချက်ကို တစ်ပြိုင်နက်တည်း ထုတ်လိုက်ပါတယ်။
သူသုံးလိုက်တဲ့ လက်ဝါးသိုင်းကွက်ကတော့ နေမင်းဇောအဟုန် လက်ဝါးသိုင်းပါပဲ။ ပြီးတော့ သူက မီးလျှံစွမ်းအားကိုလည်း ထုတ်သုံး ထားပါသေးတယ်။
မီးလျှံအရိုး တည်ဆောက်ပုံကို ပိုင်ဆိုင်ပြီးတဲ့နောက်မှာတော့ လီဖူချန်းရဲ့ နေမင်းဇောအဟုန် လက်ဝါးသိုင်းဟာ ပိုပြီးတော့ တိကျ သေသပ်လာခဲ့ပါတယ်။ ပြီးတော့ သူဟာ သည်အတော အတွင်းမှာပဲ နေမင်းဇောအဟုန် လက်ဝါးသိုင်းကို ပြီးပြည့်စုံခြင်း အဆင့်အထိ ရောက်အောင် လေ့ကျင့်ထားခဲ့ ပြီးပါပြီ။
ဟူး ... ဟူး ... ဟူး ... ဟူး ...
လီဖူချန်းရဲ့ လက်ဝါးရိုက်ချက် နှစ်ချက်ကနေ လင်းလက်တောက်ပနေတဲ့ စွမ်းအင်လုံး ၈ခု ထွက်ပေါ်လာပြီး မဟူရာတောင် နတ်ဆိုးအဘိုးအိုရဲ့ လက်ဝါးအားကို ထိပ်တိုက် ရင်ဆိုင် လိုက်ပါတယ်။
ဝုန်း ... ...
ကျယ်လောင်လှတဲ့ ပေါက်ကွဲသံကြီး တစ်ခု ဖြစ်ပေါ်လာပြီးတဲ့နောက်မှာတော့ လီဖူချန်းဟာ သူ့ရဲ့ ယူနီကွန်းမြင်း ကျောပေါ်ကို အသာအယာ ပြန်ကျသွားခဲ့ပါတယ်။
" ဟမ် ... သည်ကလေးက ဘယ်သူတုန်းဟ "
မဟူရာတောင် နတ်ဆိုးအဘိုးအိုက လက်ဝါးအားချင်း ယှဉ်ရိုက်အပြီးမှာတော့ လီဖူချန်းကို အနည်းငယ် ဖြုံသွားခဲ့ပါပြီ။ အစောတုန်းက သူ့ရဲ့ လက်ဝါးရိုက်ချက်ဟာ သည်အတိုင်း သာမန် ရိုက်ချက်လေး တစ်ချက် ဖြစ်ပေမယ့်လည်း စွမ်းအား ၃၀ ရာခိုင်နှုန်းနီးပါး ပါဝင်ပါတယ်။ ယေဘုယျအားဖြင့် ပြောရမယ် ဆိုရင်တော့ သည်လက်ဝါးချက်ရိုက်ချက်ကို ကောင်းကင်နယ်ပယ် အထွတ်အထိပ် ပညာရှင်တွေတောင်မှ ခုခံနိုင်ဖို့ မလွယ်ပါဘူး။ ဒါပေမဲ့လည်း လီဖူချန်းကတော့ သူ့ရဲ့ လက်ဝါးရိုက်ချက်ကို ဂရုစိုက်ပုံ မရဘဲ အလွယ်တကူ ခုခံသွားခဲ့တာပါ။
" ကြည့်ရတာတော့ သည်ကလေးက ထင်သလောက် ရိုးရှင်းပုံ မရဘူး။ သတိထားမှ "
" ငါ့ရဲ့ သည်လက်သီးကို မြည်းကြည့်စမ်း "
ထို့နောက်မှာတော့ မဟူရာတောင် နတ်ဆိုးအဘိုးအိုဟာ သူ့ရဲ့ မိစ္ဆာတာအို ချီအတွင်းအားတွေကို စုစည်းပြီး လီဖူချန်းကို တိုက်ခိုက်လိုက်ပါတယ်။
ဟူး ... ဟူး ... ဟူး ... ...
ရက်စက်ပြင်းထန်လှတဲ့ လက်သီးအားက ကြီးမားလှတဲ့ သားရဲကြီးတစ်ကောင် အသွင်ဖြင့် လီဖူချန်းဆီကို တိုးဝင်သွားခဲ့ပါပြီ။
သည်တစ်ကြိမ်မှာတော့ မဟူရာတောင် နတ်ဆိုးအဘိုးအိုဟာ သူ့အစွမ်းရဲ့ ၈၀ ရာခိုင်နှုန်းကို ထုတ်သုံး ထားခဲ့ပါတယ်။
လီဖူချန်းကလည်း တုံ့ဆိုင်းနေခြင်း အလျင်းမရှိပါဘူး။ သူက ကောင်းကင်ပေါ်ကို ခုန်တက်လိုက်ပြီး သူ့ရဲ့ သွေးနီ ရှေးဟောင်းဓားကို ဆွဲထုတ်လိုက်ပါတယ်။
ရွှမ်း ...
သူ့ရဲ့ ဓားကို တစ်ချက် ဝှေ့ယမ်းလိုက်တဲ့ အခါမှာတော့ ရာနဲ့ချီတဲ့ ဓားအလင်းတန်းတွေ ထွက်ပေါ်လာခဲ့ပါပြီ။
" သွားစမ်း "
ဘန်း ... ဘန်း ... ဘန်း ...
ဝုန်း ... ဝုန်း ...
မဟူရာတောင် နတ်ဆိုးအဘိုးအိုရဲ့ လက်သီးအားက အားကောင်းပုံ ပေါ်ပေမယ့်လည်း လီဖူချန်းရဲ့ ရာနဲ့ချီတဲ့ ဓားအလင်းတန်းတွေကို မကျော်နိုင်ခဲ့ပါဘူး။
အခု သူသုံးလိုက်တဲ့ သွေးနီဓားကတော့ တောင်ပိုင်းတောအုပ် သိုင်းတက္ကသိုလ်ကနေ သူဝယ်လာတဲ့ ရှေးဟောင်း ဓားတစ်လက် ဖြစ်ပါတယ်။ သူက သည်ဓားကို အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၂၀၀ ပေးပြီး ဝယ်လာခဲ့ရတာပါ။
သည်ဓားရဲ့အစွမ်းက ချိပ်ပိတ်ခံထားရတဲ့ ဘုံခုနစ်ဆင့် ကောင်းကင်ဓားထက်ကို ပိုစွမ်းပါတယ်။
သွေးနီဓား၊မြေကမ္ဘာအဆင့်မြင့် ဓားသိုင်းဖြစ်လုနီးပါး ဖြစ်တဲ့ နေဝန်းစိမ်း ဓားသိုင်း၊ အဆင့်၂၃ နေမင်းဇောအဟုန် ချီအတွင်းအား၊ အဓိကပင်မ မီးလျှံစွမ်းအင်တို့ကို အသုံးပြုထားတဲ့ လီဖူချန်းရဲ့ လက်ရှိအစွမ်းဟာ သာမန် အဆင့်၅ ပြန်လည်ဝင်စားခြင်းနယ်ပယ် ပညာရှင် တစ်ယောက်ကိုတောင်မှ တစ်ချက်တည်း သတ်ပစ်နိုင်စွမ်း ရှိနေပါပြီ။
ဒါကြောင့်လည်း မဟူရာတောင် နတ်ဆိုးအဘိုးအိုရဲ့ လက်သီးချက်က သူ့ကို ဒုက္ခပေးနိုင်ခြင်း မရှိခဲ့တာပါ။
ဒါပေမဲ့ မဟူရာတောင် နတ်ဆိုးအဘိုးအိုရဲ့ အစွမ်းကိုလည်း လျော့တွက်လို့ မရပါဘူး။ လီဖူချန်းရဲ့ ခန့်မှန်းချက် အရဆိုရင် သည်မဟူရာတောင် နတ်ဆိုးအဘိုးအိုဟာ သာမန် အဆင့်၇ ပြန်လည်ဝင်စားခြင်း နယ်ပယ် ပညာရှင်ထက်တောင်မှ ပိုပြီး အစွမ်းထက် လောက်ပါတယ်။
သည်နေရာမှာ ရည်ညွှန်းတဲ့ သာမန် ပြန်လည် ဝင်စားခြင်းနယ်ပယ် ပညာရှင်တွေ ဆိုတာဟာ မြေကမ္ဘာအဆင့် အတွင်းအား ကျင့်စဉ်နဲ့ မြေကမ္ဘာအဆင့် သိုင်းပညာ နှစ်ခုထဲက တစ်ခုကိုမှ လေ့ကျင့်ထားခြင်း မရှိတဲ့ ပညာရှင်တွေကို ဆိုလိုတာပါ။
တကယ်လို့သာ မဟူရာတောင် နတ်ဆိုးအဘိုးအိုက မြေကမ္ဘာအဆင့် အတွင်းအားကျင့်စဉ် ဒါမှမဟုတ် မြေကမ္ဘာအဆင့် သိုင်းပညာရပ်ကို လေ့ကျင့်ထားခဲ့မယ်ဆိုရင် အဆင့်၂ဆင့်ကျော်ပြီး တိုက်ခိုက် နိုင်လောက်ပါတယ်။
တကယ်လို့ မဟူရာတောင် နတ်ဆိုးအဘိုးအိုက မြေကမ္ဘာအဆင့်အတွင်းအား ကျင့်စဉ်နဲ့ မြေကမ္ဘာအဆင့် သိုင်းပညာ နှစ်ခုစလုံးကို လေ့ကျင့်ထားခဲ့မယ် ဆိုရင်တော့ အဆင့်၃ဆင့် ဒါမှမဟုတ် အဆင့်၄ဆင့် ကျော်ပြီးတောင် တိုက်ခိုက်နိုင်တော့မှာပါ။
ပြန်လည်ဝင်စားခြင်းနယ်ပယ်မှာတော့ မြေကမ္ဘာအဆင့် ပညာရပ်တွေဟာ နှယ်နှယ်ရရ မဟုတ်ပါဘူး။
အရှေ့ယူနီကွန်း တိုက်မှာဆိုရင် ပြန်လည်ဝင်စားနယ်ပယ် ပညာရှင်တွေ အတော်များများ ရှိပါတယ်။ ပြီးတော့ သူတို့ အများစုဟာ ပြည်လည်ဝင်စားခြင်းနယ်ပယ် အဆင့်မြင့်ပိုင်းက ပညာရှင်တွေပါ။
ဒါပေမဲ့လည်း ရှင်းတိကောဝမ်ကတော့ အားလံးုကို ဖိနှိပ်ပြီး အရှေ့ယူနီကွန်းတိုက်ရဲ့ နံပါတ်၁ ထိပ်သီးပညာရှင် ဖြစ်လာခဲ့ပါတယ်။ သည်ကိစ္စရဲ့ အကြောင်အရင်းကတော့ ရှင်းတိကောဝမ်ဟာ မြေကမ္ဘာအဆင့် သိုင်းပညာတစ်ခုနဲ့ မြေကမ္ဘာအဆင့် အတွင်းအားကျင့်စဉ် တစ်ခုကို လေ့ကျင့်ထားနိုင်လို့ပါပဲ။
ဂိုဏ်းပေါင်းတစ်ရာ မဟာမိတ်အဖွဲ့ရဲ့ ထိပ်သီးပညာရှင်တွေ အကုန်လုံး စုပေါင်းပြီး တိုက်ခိုက်ရင်တောင်မှ ရှင်းတိကောဝမ်ကို အနိုင်ယူဖို့ မလွယ်ပါဘူး။ သူတို့ဟာ ရှင်းတိကောဝမ်ကို ဖိအားပေးရုံ လောက်သာ တတ်စွမ်းနိုင်မှာပါ။
" ဒါက လုံးဝ ဟာသပဲ။ ငါဒါကို လုံးဝ လက်မခံဘူးကွ "
မဟူရာတောင် နတ်ဆိုးအဘိုးကတော့ ဒေါသတကြီးနဲ့ ကြုံးဝါးလာခဲ့ပါပြီ ။ သူ့ရဲ့ အစွမ်း ၈၀ ရာခိုင်နှုန်းအထိ သုံးထားတာကိုတောင်မှ လီဖူချန်းလို ကောင်းကင်နယ်ပယ် ပညာရှင်ကို ဒဏ်ရာ မရစေခဲ့ဘူး။ သူ့အတွက်တော့ ဒါဟာ လုံးဝ လက်မခံနိုင်စရာပါပဲ။
" ယား "
မဟူရာတောင် နတ်ဆိုးအဘိုးအိုက သူ့ရဲ့ လေမိစ္ဆာ နတ်ဘုရားကျင့်စဉ်ကို အဆုံးစွန်ဆုံး ကန့်သတ်ချက် အထိ ထုတ်သုံး လိုက်ပါတော့တယ်။
သည်ကျင့်စဉ်ကတော့ လွန်ခဲ့တဲ့ ၁၀နှစ်က သူရခဲ့တဲ့ မြေကမ္ဘာအဆင့်နိမ့် မိစ္ဆာတာအို အတွင်းအားကျင့်စဉ် တစ်ခုဖြစ်ပါတယ်။ သည်ဆယ်နှစ် အတွင်းမှာ သူက သည်ကျင့်စဉ်ကို အမြင့်ဆုံး အဆင့်ဖြစ်တဲ့ အဆင့်၂၄အထိ ရောက်အောင် လေ့ကျင့်ခဲ့ပြီးပါပြီ။
"ဟား ... ဟား ... ဟား ... ဟား ... ... "
" သေလိုက်စမ်း "
လေမိစ္ဆာဆန္ဒ ပေါ်ထွက်လာပြီးတဲ့ နောက်မှာတော့ မဟူရာတောင် နတ်ဆိုးအဘိုးအိုဟာ အသံနက်ကြီးဖြင့် ချောက်ချားဖွယ်ရာ ရယ်မောလိုက်ပြီး လီဖူချန်းကို အားရပါးရ ထိုးပစ်လိုက်ပါတယ်။
ဟူး ... ဟူး ... ဟူး ... ...
ပတ်ဝန်းကျင်တစ်ခုလုံးကိုတော့ မိစ္ဆာဓာတ်ဆန်တဲ့ လေထုတွေ ဖုံးလွှမ်းသွားခဲ့ပါပြီ။ ထို့နောက်မှာတော့ ပိန်းတိတ်အောင် မှောင်မည်းနေတဲ့ လက်သီးရိပ်ကြီး တစ်ခုဟာ လေထုထဲမှာ ဖြစ်တည်လာပြီး လီဖူချန်းကို ဖိနှိပ်ပစ်လိုက်ပါတယ်။
တကယ်လို့ လီဖူချန်းသာ သည်လက်သီးရိပ်ကြီးကို မခုခံနိုင်လို့ကတော့ လူသားဘဝကနေ သွေးအိုင် အဖြစ်ကို ပြောင်းသွားတော့မှာ အသေချာပါပဲ။
မဟူရာတောင် နတ်ဆိုးအဘိုးအိုနဲ့ အတွေ့မှာတော့ လီဖူချန်းရဲ့ အတွင်းအားကျင့်စဉ် အားသာချက်ဟာ မရှိတော့ပါဘူး။ဘာဖြစ်လို့လဲဆိုတော့ လီဖူချန်းရဲ့ နေမင်းဇောအဟုန် နတ်ဘုရားကျင့်စဉ် အဆင့်၂၃ဟာ မဟူရာတောင် နတ်ဆိုးအဘိုးအိုရဲ့ လေမိစ္ဆာနတ်ဘုရားကျင့်စဉ် အဆင့်၂၄နဲ့ ညီနေလို့ပါပဲ။
" အား ... မရတော့ဘူးဟ။ ငါ့ရဲ့ ဝှက်ဖဲတွေထဲက တစ်ခုလောက် ထုတ်သုံးမှ ဖြစ်တော့မယ် "
လီဖူချန်းဆီမှာက ဝှက်ဖဲတွေ အများကြီး ကျန်ရှိနေပါသေးတယ်။
ကြေးဝါဓားအဆီအနှစ် လျှို့ဝှက်နည်းစနစ်၊ ပြောင်းလဲခြင်းကိုးပါး ခရမ်းရောင်ချီ နတ်ဘုရားကျင့်စဉ် အတွင်းအား အင်းကွက်နဲ့ ကောင်းကင်ပျက်သုဉ်းခြင်း ဓားအင်းကွက်။ ဒါတွေက သူအားထားရတဲ့ ဝှက်ဖဲတွေပါပဲ။
ဒါပေမဲ့ လီဖူချန်းဟာ ကြယ်၆ပွင့်အဆင့် လျှို့ဝှက်နည်းစနစ်ဖြစ်တဲ့ ကြေးဝါဓား အဆီအနှစ်ကို လူမြင်ကွင်းမှာ ထုတ်မသုံးရဲပါဘူး။
ကြယ်၆ပွင့် လျှို့ဝှက်နည်းစနစ် ဆိုတာက ပြန်လည်ဝင်စားခြင်းနယ်ပယ် ပညာရှင်တိုင်းတောင်မှ ပိုင်ဆိုင်ထားခြင်း မရှိတဲ့ ပညာရပ်တစ်ခုပါ။ တကယ်လို့ သူ့မှာ ကြယ်၆ပွင့် လျှို့ဝှက်နည်းစနစ် ရှိတယ်ဆိုတဲ့ သတင်းသာ ပျံ့နှံ့သွားလို့ကတော့ ဘာတွေ ဆက်ဖြစ်လာမလဲ ဆိုတာကို တကယ် မတွေးဝံ့စရာပါပဲ။
ပြီးတော့ သူ့ရဲ့ ကြေးဝါဓားအဆီအနှစ်ကလည်း သာမန် ကြယ့်၆ပွင့် လျှို့ဝှက်နည်းစနစ် မဟုတ်ပါဘူး။ ဒါက အခြားသော လျှို့ဝှက်နည်းစနစ်တွေနဲ့ တွဲသုံးလို့ ရနေပါသေးတယ်။
ချွမ် ... ချွမ် ... ချွမ် ... ...
လီဖူချန်းရဲ့ ကျောပြင်ပေါ်မှာ ရှိနေတဲ့၊ ပြောင်းလဲခြင်းကိုးပါး ခရမ်းရောင်ချီ နတ်ဘုရား အင်းကွက်ကတော့ အရောင်တောက်ပ လာခဲ့ပါပြီ။ တစ်ချိန်တည်းလိုလိုမှာပဲ လီဖူချန်းရဲ့ နေမင်းဇောအဟုန် ချီအတွင်းအား တွေကလည်း ပြောင်းလဲခြင်းကိုးပါး ခရမ်းရောင်ချီ နတ်ဘုရား အတွင်းအားအဖြစ် ပြောင်းလဲ သွားပြန်ပါတယ်။
လီဖူချန်းက ပြောင်းလဲခြင်းကိုးပါး ခရမ်းရောင်ချီ နတ်ဘုရားအတွင်းအား အင်းကွက်ဟာ အနိမ့်ဆုံး မြေကမ္ဘာအဆင့်မြင့် အတွင်းအားကျင့်စဉ်ကနေ ဖြစ်တည်လာတာလို့ ခန့်မှန်းထားခဲ့တာပါ။ ဒါက မြေကကမ္ဘာ အထွတ်အထိပ် အဆင့် အတွင်းအား ကျင့်စဉ်တစ်ခုကနေ ဖြစ်တည်လာတာတောင် ဖြစ်ကောင်းဖြစ်နိုင် ပါသေးတယ်။
သူ့ရဲ့ နေမင်းဇောအဟုန် ချီအတွင်းအားတွေကို ပြောင်းလဲခြင်းကိုးပါး ခရမ်းရောင်ချီ နတ်ဘုရားအတွင်းအား အဖြစ် ပြောင်းလဲလိုက်ပြီးတော့ အခါမှာတော့ လီဖူချန်းဟာ သူ့ကိုယ်သူ ပေါက်ကွဲဖို့ တာစူနေတဲ့ မီးတောင်တစ်လုံးအလား ထင်မြင်လာခဲ့ မိပါပြီ။ ဘာဖြစ်လို့လည်းဆိုတော့ သူရဲ့ ခန္ဓာကိုယ်ထဲမှာ သန့်စင်တဲ့ ခရမ်းရောင် စွမ်းအားတွေ အလျှံအပယ် ရှိနေလို့ပါပဲ။
" ကြည့်ရတာတော့ နေမင်းဇောအဟုန် လက်ဝါးနဲ့ပဲ လုံလောက်နေပါပြီကွာ "
လီဖူချန်းက စိတ်ထဲကနေ ဆုံးဖြတ်လိုက်ပြီး လက်ဝါးရိုက်ချက် တစ်ချက် ထုတ်လိုက်ပါတယ်။
ရွှီး ... ရွှီး ... ရွှီး ... ရွှီး ...
ဘန်း ... ဘန်း. ... ...
ခရမ်းရောင် အလင်းတန်း၈ခုဟာ သူ့ရဲ့ လက်ဝါးရိုက်ချက်ကနေ ထွက်ပါ်လာပြီး မဟူရာတောင် နတ်ဆိုးအဘိုးအိုရဲ့ လက်သီးရိပ်ကို တစ်စစီ ဖြစ်သွားစေခဲ့ပါပြီ။
" ဒါ ... ဒါက ... ဘယ်လိုလုပ်ပြီး "
မဟူရာတောင် နတ်ဆိုးအဘိုးအိုက စကားကိုတောင် ဆုံးအောင် မပြောနိုင်တော့ပါဘူး။ သူက မျက်လုံး အပြူးသားနဲ့ လီဖူချန်းကို ကြောင်ပြီး စိုက်ကြည့်နေပါတယ်။
" ငါ့ရဲ့ ဓားချက်ကိုလည်း မြည်းကြည့်ပါဦးဟ "
မဟူရာတောင် နတ်ဆိုးအဘိုးအိုရဲ့ လက်သီးရိပ်ကို ပျက်စီးစေပြီးနောက်မှာတော့ လီဖူချန်းဟာ သူ့ကိုယ်သူ ယုံကြည်မှုအပြည့် ရှိသွားခဲ့ပါပြီ။ သူက ကောင်းကင်ပေါ် ခုန်တက်လိုက်ပြီး ရာနဲ့ချီတဲ့ ခရမ်းရာင် ဓားအလင်းတွေကို ပစ်လွှတ်လိုက်ပါတယ်၊
ယား ...
မဟူရာတောင် နတ်ဆိုးအဘိုးအိုက လက်သီးချက်တွေကို အဆက်မပြတ် ထုတ်ပြီး လီဖူချန်းရဲ့ ခရမ်းရောင် ဓားအလင်းတန်းတွေကို ခုခံခဲ့ပေမယ့်လည်း အခြေအနေက သိပ်မကောင်းခဲ့ပါဘူး။
ခရမ်းရောင် ဓားအလင်းတန်းတွေက အရမ်းကို အကွက်စေ့ နေခဲ့တဲ့အတွက် သူဟာ အနောက်ကိုသာ တဆုတ်တည်း ဆုတ်နေရပါတယ်။
ရွှီး ...
ခရမ်းရောင် ဓားအလင်းတန်း တစ်ခုကတော့ မဟူရာတောင် နတ်ဆိုးအဘိုးအိုရဲ့ ပခုံးသားကို ဆွဲဖြဲ သွားခဲ့ပါပြီ။
" မဟူရာတောင် နတ်ဆိုး အဘိုးအိုတောင် မယှဉ်နိုင်ဘူးလား "
ကျန်းယွန်းနဲ့ ကျန်းခွန်းတို့ကတော့ ဘာလုပ်လို့ ဘာကိုင်ရမှန်းကို မသိတော့ပါဘူး။။
" အဲဒါက သူရဲကောင်းလေးလီကော ဟုတ်ရဲ့လားဟ "
လျိုကလန်က လူတွေကလည်း သူတို့အမြင်များ မှားသွားသလားဆိုပြီး လီဖူချန်းကို သေသေချာချာ စူးစိုက်ပြီး ကြည့်နေကြပါတယ်။
လီဖူချန်းရဲ့ အနောက်ကနေ လိုက်လာတဲ့ လျိုယန်ကလည်း ပါးစပ် အဟောင်းသားနဲ့ပါပဲ။
' ဒါက မဟူရာတောင်ရဲ့ မဟာနတ်ဆိုးတွေထဲက တစ်ယောက်ဖြစ်တဲ့ မဟူရာတောင် နတ်ဆိုး အဘိုးအိုလေ။ သာမန် အဆင့်၇ ပြန်လည် ဝင်စားခြင်းနယ်ပယ် ပညာရှင်နဲ့ ညီမျှတယ်ဆိုတဲ့ နတ်ဆိုးအဘိုးအိုက ဘယ်လိုဖြစ်ပြီး လီဖူချန်းကို မယှဉ်နိုင်ရတာလဲ။ လီဖူချန်းက ကောင်းကင် နယ်ပယ်မှာပဲ ရှိနေသေးတာ မဟုတ်ဘူးလား '
လျိုယန်ရဲ့ ခေါင်းထဲမှာတော့ မေးခွန်းတွေ တသီတတန်းကြီး ဖြစ်ပေါ်လာခဲ့ပါပြီ။
***