အခန်း (၁၉၉)
Vol. 15 Ch. 199
ယင်ဖန်သည် သူ့ရဲ့ရတနာလက်နက်ဖြစ်သော ချိတ်ကောက်တစ်ခုအား အမှော်ဓာတ်ဝိညဥ်စွမ်းအင်ကို အသက်သွင်းလိုက်ပြီး တိုက်ခိုက်ဖို့ ပြင်ဆင်လိုက်၏။ ကွမ်ရီသည်လည်း မြွေနဲ့တူသော ဓားလက်နက်ကို ထုတ်လိုက်ပြီး လျှပ်စီး ဝိညဥ်စွမ်းအင်ကို အသက်သွင်းလိုက်သည်။
သူတို့နောက်မှ လူများသည် ကြောက်ကြောက်လန့်လန့်ဖြင့် ယင်ဖမ်နဲ့ကွမ်ရီနိုင်ဖို့ မျှော်လင့်နေ၏။ဧရာမခေါင်းနှစ်လုံးနဂါးဖြစ်သော ရီချုံနဲ့ရန်ယိုသည် တိုက်ခိုက်မည့်ချိန်မှာ ချောင်ဖုန်းသည် မျက်လုံးများ ပြန်ပွင့်လာခဲ့ပြီး "ရီချုံ ၊ ရန်ယို......ဒီကိစ္စ ငါ့ကို တာဝန်ထားလိုက်...." လို့ ပြောလိုက်သည်။
ထိုအခါ ခေါင်နှစ်လုံးနတ်ဆိုးနဂါးကြီး အားလုံးရှေ့မှ ချက်ချင်းပျောက်ကွယ်သွား၏။ ယင်ဖန်သည် "မင်းတစ်ယောက်ထဲနဲ့ ငါတို့ကို တိုက်နိုင်မယ် ထင်နေတာလား......" လို့ ပြောကာ သူ့ရဲ့ချိတ်ကောက်ဖြင့် ချောင်ဖုန်းအား ပြေးဝင်တိုက်ခိုက်လိုက်သည်။
သို့သော် ယင်ဖန်သည် ချောင်ဖုန်းရဲ့ ၃ပေအကွာသို့ ရောက်တဲ့အခါ စွမ်းအင်များ အားလုံးချိတ်ပိတ်ခံလိုက်ရပြီး လုံးဝရပ်တန့်သွား၏။
ချောင်ဖုန်းရဲ့စွမ်းအားသည် သူ့ထက်သာလွန်နေလိမ့်မည်ဟု ယင်ဖန်သည် မမျှော်လင့်ထားပေ။
ယင်ဖန်သည် သူတို့ရှေ့မှာတင် ပေါက်ကွဲသေဆုံးသွားတဲ့အခါ နောက်မှာ ရှိနေသော ကွမ်ရီတို့အဖွဲ့သည် အခြေမနေမကောင်းတဲ့အခါ ချက်ချင်းနောက်ဆုတ်ဖို့ ပြင်လိုက်ကြ၏။ ဒါပေမယ့် အားလုံးသည် ခြေတစ်လှမ်းမလှမ်းခင်မှာပဲ ရပ်တန့်သွားကြရသည်။
ချောင်ဖုန်းသည် သူ့နားကို လျှပ်တစ်ပြက် ရောက်ရှိလာတဲ့အခါ ကွမ်ရီသည် သေမတက် ကြောက်ရွံနေ၏။ ဒီလိုဖြစ်လာလိမ့်မည်ဟု ကွမ်ရီသည် မမျှော်လင့်ထားပေ။ ကွမ်ရီနဲ့ယင်ဖန်သည် သေဆုံးနေသောအဖိုးအိုကို သိရှိသောပုံပေါက်နေသဖြင့် ချောင်ဖုန်းသည် ကွမ်ရီကို ခြိမ်းခြောက်ကာ မေးလိုက်သည်။
ချောင်ဖုန်းသည် သူ့အား သတ်ဖြတ်မှာ သိရှိနေတဲ့အတွက် ကွမ်ရီသည် သူ့ကိုယ်သူ ဖောက်ခွဲကာ ချောင်ဖုန်းကို ဒဏ်ရာရအောင် လုပ်ဖို့ ကြိုးစားလိုက်၏။ သို့သော် ချောင်ဖုန်းသည် လေဟာနယ်ကို ပိတ်ဆို့လိုက်တာသိတဲ့အခါ ကွမ်ရီသည် ဒေါသထွက်ရင်း သေဆုံးသွားရသည်။
ထို့နောက် ချောင်ဖုန်းသည် မောက်မာနေသော ထန်ရွှမ်းချင်တို့အဖွဲ့အား မျက်တောင်မခတ်ဘဲ သတ်ပစ်လိုက်၏။ အားလုံးသည် သေဆုံးသွားတဲ့အခါ ချောင်ဖုန်းသည် အဖိုးအိုရဲ့ အလောင်းအား
မြုပ်နှံပေးပြီးနောက် အရိုအသေပြုကာ ထိုနေရာမှ လျင်မြန်စွာ ပျံသန်းထွက်ခွာလာခဲ့သည်။
ချောင်ဖုန်းသည် အပြင်ရောက်တဲ့အခါ သူဖန်တီးထားသော အစီအရင်အား တိုက်ခိုက်နေသော လူများကို တွေ့လိုက်ရ၏။ အစီအရင်အတွင်းမှ ကျောက်ရန်တို့ အဖွဲ့သည် အစီအရင် မပျက်စီးဖို့ မျှော်လင့်နေကြ၏။
ထန်ရွှမ်းချင်၏ နောက်လိုက်ခေါင်းဆောင်တစ်ယောက်ဖြစ်သော စုန့်ယန်လို့ ခေါ်သောလူသည် သူ့စွမ်းအားဖြင့် အစီအရင်ကို တိုက်ခိုက်နေရင်း " ကျောက်ရန်......မင်းက ဒီအစီအရင်ဖွဲ့စည်းပုံထဲမှာ တစ်သက်လုံး ပုန်းနိုင်မယ်လို့ ထင်နေတာလား ၊ ခနနေ သခင်ကြီးတို့ ရောက်လာရင် မင်းတို့အားလုံး အသေခံဖို့ ပြင်ထား " ဟု ကြိမ်းဝါးလိုက်သည်။
ချောင်ဖုန်းသည် ထန်ရွှမ်းချင်တို့ အဖွဲ့ထဲမှ လွတ်မြောက်လာဖို့ အားလုံးသည် မျှော်လင့်နေကြ၏။ရုတ်တရက် အစီအရင်ကို တိုက်ခိုက်နေသော လူများသည် တစ်ယောက်ပြီး တစ်ယောက် ပျောက်ကွယ်သွားတဲ့အခါ စုန့်ယန်သည် အစီအရင်အား မတိုက်ခိုက်တော့ဘဲ ရပ်နားလိုက်သည်။
စုန့်ယန်သည် ဘေးပတ်လည်ကို ကြည့်လိုက်တဲ့အခါ သူတစ်ယောက်ထဲ ကျန်နေလိမ့်မည်ဟု မထင်ထားခဲ့ပေ။ အကာအကွယ်အစီအရင်ကြီးသည် ရုတ်တရက် ပျောက်ကွယ်သွားတဲ့အခါ စုန့်ယန်သည် ထွက်ပြေးဖို့ ဟန်ပြင်လိုက်၏။
သို့သော် စုန့်ယန်သည် အမည်မသိစွမ်းအား၏ တိုက်ခိုက်မှုကို ခံလိုက်ရပြီး ကျောက်ရန်တို့အဖွဲ့၏ ခြေထောက်နားကို ရောက်ရှိသွားလေသည်။ ထိုချိန်မှာပဲ ချောင်ဖုန်းသည် အားလုံးရှေ့တွင် ပြန်ပေါ်လာခဲ့ပြီး စုန့်ယန်ကို သတ်ဖြတ်ပြီးရင် အပြင်သို့ အမြန်ပြန်ထွက်ခွာဖို့ စေခိုင်းလိုက်သည်။
ထိုအခါ အားလုံးသည် သူတို့ကို ခုနလေးတင် စော်ကားပြောဆိုခဲ့သော စုန့်ယန်အား ဝိုင်း၍ တိုက်ခိုက်ကာ သတ်ပစ်လိုက်ပြီး ချောင်ဖုန်းပြောသည့် အတိုင်း အပြင်သို့ ပြန်ထွက်ခွာခဲ့၏။
အပြင်ရောက်တဲ့အခါ ကျောက်ယွီသည် "သခင်လေး.......ထန်ရွှမ်းချင်တို့အဖွဲ့က အထဲမှာ ရတနာတွေ ရှာနေတာလား....." ဟုမေးလိုက်သည် ။ ချောင်ဖုန်းသည် ခေါင်းခါလိုက်ပြီး "သေပြီ....." လို့ ပြောလိုက်တဲ့အခါ အားလုံးသည် ကြောက်လန့်သွားကြ၏။
ချောင်ဖုန်းသည် ထိုအဖွဲ့ထဲမှ ထွက်ပြေးသိမ်းရှောင်လာသည်ဟု အားလုံးသည် ထင်နေခြင်းဖြစ်သည်။ သို့သော် သူတို့ ထင်ထားသလို မဟုတ်ဘဲ ချောင်ဖုန်းသည် အင်အားကောင်းသော တစ်ဖွဲ့လုံးကို တစ်ယောက်ထဲနဲ့ သတ်ပစ်လိုက်ပြီလို့ မမျှော်လင့်ထားခဲ့ပေ။
ရှေးဟောင်း ရတနာဂူအတွင်းတွင် များစွာသော အစီအရင်ထောင်ချောက်များရှိတဲ့အတွက် ထိုဂူထဲသို့ နောက်ထပ်တစ်ကြိမ် မဝင်ဖို့ အားလုံးကို အသိပေးလိုက်၏။ ထိုအခါမှသာ အားလုံးသည် ကြောက်လန့်တကြား ဖြစ်သွားကြလေသည်။
ချောင်ဖုန်းသည် သိုလှောင်ကွင်းလက်စွပ်အတွင်းမှ ချိတ်ကောက်လက်နက်နဲ့ မြွေအသွင်ဓားလက်နက်တို့ နှစ်ခုအား ရှုယန်နဲ့ ရွှီးချန်းအား ပေးလိုက်၏။ ထိုလက်နက်တစ်စုံကို မြင်တဲ့အခါ ယင်ဖန်နဲ့ကွမ်ရီသည် အမှန်တကယ် သေဆုံးသွားပြီဆိုတာ အားလုံးသည် သိရှိလိုက်ရသည်။
ရေခဲစွယ်နယ်မြေထဲရှိ အင်အားကြီးသော အိမ်တော်များသည်
တစ်ချိန်ထဲမှာပဲ သေဆုံးသွားတဲ့အခါ ဖူယဲ့အိမ်တော်သည် ထိုအခွင့်အရေးကို လက်လွတ်ဆုံးရှုံးခံမည်မဟုတ်ပေ။ ရှေးဟောင်းရတနာဂူအတွင်းတွင် အင်အားကြီးသော မျိုးနွယ်စုများ သေဆုံးသွားသော သတင်းကို ကြားရတဲ့အခါ ကျန်ရှိသော မျိုးနွယ်စုများသည် ဝမ်းသာသွားကြ၏။
ရေခဲစွယ်နယ်မြေထဲတွင် နောက်ထပ်ပြသာနာရှာသော မျိုးနွယ်စုများ ရှိမရှိကို ချောင်ဖုန်းသည် ရှုယန်အား မေးမြန်းလိုက်သည်။ ထိုအခါ ရှုယန်သည် "စီနီယာအကို........ရေခဲစွယ်နယ်မြေမှာ သောင်းကျန်းနေတဲ့ ချူလေလံစံအိမ်တစ်ခုကျန်သေးတယ် "ဟု ပြောလိုက်၏။
ချူလေလံစံအိမ်သည် ရေခဲစွယ်နယ်မြေရဲ့ အလယ်ပိုင်းတွင် တည်ရှိပြီး နယ်မြေ ၇ခု၏ လေလံစံအိမ်များထဲတွင် အကောင်းဆုံး လေလံစံအိမ် တစ်အိမ်ဆိုလဲ မမှားပေ။ ထိုလေလံစံအိမ်သည် နယ်မြေ၇ခုမှ ကာကွယ်စောင့်ရှောက်သူများကို ဌားရမ်း၍ စောင့်ရှောက်ခိုင်းထား၏။
ချူလေလံစံအိမ်သည် အကောင်းဆုံးရတနာများကိုသာ လေလံတင်ပြီး လေလံအောင်မြင်သွားသောသူများကို လိုက်လံ၍ သတ်ပစ်လေ့ရှိသည်။ထိုကြောင့် ချူလေလံစံအိမ်ကို လေလံဝင်ဆွဲသော သုများသည် နောက်ခံရှိမှသာ လေလံဝင်ဆွဲရဲ၏။
ထိုအခါ ချောင်ဖုန်းသည် "စိတ်ဝင်စားစရာပဲ......သွားကြတာပေါ့ " လို့ ပြောလိုက်သည်။ ရှုယန်သည် သူပြောလိုက်တာ မှားသွားပြီလားဟု တွေဝေသွား၏။
ရေခဲစွယ်နယ်မြေ၏ အလယ်ပိုင်းတွင် ရှိနေသော ချူလေလံစံအိမ်တွင် လူများစွာ ပြည့်နှက်နေခဲ့၏။ ချူလေလံစံအိမ်ရဲ့ရှေ့သို့ ရောက်တဲ့အခါ ရွှီးချန်းသည် "စီနီယာအကို.......ဒါက ချူလေလံစံအိမ်ပဲ " ဟု ပြောလိုက်၏။
ချောင်ဖုန်းသည် ခေါင်းငြိမ့်ပြလိုက်ပြီး စံအိမ်အတွင်းသို့ ပျံသန်းဝင်သွားတဲ့အခါ ရှုယန်နဲ့ ရွှီးချန်းလဲ ချောင်ဖုန်းနောက်မှ လိုက်ပါသွားခဲ့သည်။
ရှုယန်တို့ကို မြင်တဲ့အခါ ခရမ်းရောင်ဝတ်စုံဝတ်ပြီး ခရမ်းရောင်နှတ်ခမ်းနီ ဆိုးထားသော မိန်းမပျိုသည် ပြုံးရယ်ကာဖြင့် သူ့နှုတ်ခမ်းလေးကို လက်ချောင်းလေးဖြင့် ကာထားပြီး "ကာကွယ်စောင့်ရှောက်သူတို့အဖွဲ့ပါလား ချူလေလံစံအိမ်က ကြိုဆိုပါတယ် ရှင့် " ဟု ပြောလိုက်၏။
ထို့နောက် မိန်းမပျိုသည် "လာကြစမ်း......ကာကွယ်စောင့်ရှောက်သူ သုံးယောက်အတွက် နေရာစီစဥ်ပေးလိုက်ကြ " လို့ လေသံမာဖြင့် အစေခံများကို ခိုင်းလိုက်သည်။ ချောင်ဖုန်းတို့ သုံးယောက်သည် အခန်းထဲရှိ ထိုင်ခုံပေါ်တွင် ထိုင်စောင့်၍ လေလံပွဲကို စောင့်ဆိုင်းနေကြ၏။
ခဏအကြာမှာပဲ လူတစ်ယောက်သည် ခေါင်းလောင်းလေး ကိုင်ကာ စင်မြင့်ပေါ်တွင် ထွက်ပေါ်လာခဲ့သည်။ ထိုလူသည် သိုလှောင်ကွင်း လက်စွပ်ထဲမှ သူ့ရှေ့က စားပွဲခုံပေါ်သို့ ကျောက်စိမ်းဘူးသေးသေးလေးကို ထုတ်လိုက်သည်။
ထို့နောက် ထိုလူသည် ကျောက်စိမ်းဘူးလေးကို ဖွင့်လိုက်တဲ့အခါ အလွန်ပင် တောက်ပစွာရှိနေသော အဝါရောင် ဆေးလုံးလေး ထွက်ပေါ်လာခဲ့၏။ ထိုဆေးလုံးသည် အဆင့်ခြောက်ဆေးလုံးတစ်လုံးဖြစ်ပြီး ကျင့်ကြံရေးကို တိုးမြှင့်ပေးနိုင်သော ဆေးအာနိသင် ရှိပေသည်။
အနက်ရောင်ပေါ်တွင် ရွှေရောင်ပန်းများထိုးသော ဝတ်စုံကို ဝတ်ဆင်ထားသောသူသည် "အားလုံးပဲ......ဒီဆေးလုံးရဲ့ ကြမ်းခင်းတန်ဖိုးကတော့ နှစ်၃၀၀အထက်ရှိသော ဆေးအမယ်၅မျိုး ဒါမှမဟုတ် ချူလေလံစံအိမ်ရဲ့ သက်တော်စောင့်အဖြစ် ၁နှစ်တိတိ တာဝန်ထမ်းဆောင်ရပါမယ် " ဟု ပြောလိုက်ပြီး ခေါင်းလောင်းလေးကို တီးလိုက်၏။
ချူလေလံစံအိမ်သည် ထိုနည်းလမ်းဖြင့် လူအင်အားစုဆောင်းနေလိမ့်မည်ဟု ချောင်ဖုန်းသည် မထင်ထားပေ။ အထက်နယ်မြေဖြစ်နေရင်တောင် နှစ်ရာကျော်ရှိသော ဆေးအမယ်ကို ရှာဖွေဖို့ ခက်ခဲလွန်းလှသည်။
အားလုံးသည် တွန့်ဆုတ်တွန့်ဆုတ် ဖြစ်နေကြ၏။ သို့သော် အဆင့်ခြောက်ဆေးလုံးသည်လည်း သူတို့အား မြူဆွယ်နေလေသည်။လူတစ်ယောက်သည် ထိုင်နေရာမှ ထလိုက်ပြီး သူ့ရင်ဘတ်ကို ပုတ်ကာ ချူလေလံစံအိမ်ရဲ့ သက်တော်စောင့်အဖြစ် ဆောင်ရွက်ဖို့ ပြောလိုက်၏။