ပြန်လည်ဝင်စားခြင်း နယ်ပယ်ကို ချိုးဖောက်ဝင်ရာက်ခြင်း
Vol. 30 Ch. 402
- လျိုကလန်ရဲ့ ပင်မခန်းဆောင် -
လျိုကလန်ရဲ့ ပင်မခန်းဆောင် ထဲမှာတော့ လူနှစ်ယောက် ရှိနေပါတယ်။ အဲသည် လူနှစ်ယောက် ကတော့ လျိုကလန်ရဲ့ ဘိုးဘေးကြီးဖြစ်တဲ့ အဘိုးအိုလျိုနဲ့ လီဖူချန်းတို့ပါပဲ။
အဘိုးအိုလျိုရဲ့ လက်ထဲမှာတော့ ဝိညာဉ်ကျောက်တုံးလို့ ယူဆနိုင်တဲ့ ကျောက်တုံး၃တုံး ရှိနေပါတယ်။ သူက အဲသည် ကျောက်တုံး၃တုံးကို လီဖူချန်းရဲ့ လက်ထဲ ထည့်ပေးလိုက်ပြီး
" သူရဲကောင်းလေးလီ ... ။ ဒါက ကျွန်တော်တို့ရဲ့ လန်ရှီး သတ္တုတွင်းကနေ ထွက်တဲ့ အလယ်အလတ် အဆင့် ဝိညာဉ် ကျောက်တုံးတွေပဲ။ နှစ်တွေအကြာကြီး စောင့်ခဲ့ပြီးမှ ကျွန်တော်တို့ လျိုကလန်ဟာ လန်ရှီးသတ္တုတွင်းက နေပြီး အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး ၃တုံးကို တူးဖော်နိုင်ခဲ့တာ။ ဒါက အရမ်း အဖိုးထိုက်တန်တယ် ဆိုပေမယ့်လည်း လျိုကလန်က လူတွေနဲ့ မထိုက်တန်ပါဘူး။ သူရဲကောင်းလေးလီလို လူငယ်နဲ့မှ ထိုက်တန်တာပါ။ ကျေးဇူးပြုပြီး မငြင်းလိုက်ပါနဲ့ "
အမှန်အတိုင်းပြောရမယ်ဆိုရင်တော့ အဘိုးအိုလျိုက လီဖူချန်းကို သည်အလယ်အလတ် အဆင့် ဝိညာဉ်ကျောက်သုံး ၃တုံး မပေးချင်ပါဘူး။
အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး ဆိုတာက ၁တုံးကို အနည်းဆုံး အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၁၀၀၀၀နဲ့ ညီမျှပါတယ်။ အခုသူပေးလိုက်တဲ့ အလယ်အလတ် အဆင့် ဝိညာဉ် ကျောက်တုံးက ၃တုံးဆိုတော့ စဉ်းစားသာ ကြည့်ပါတော့။
သည်အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး၃တုံးနဲ့ဆိုရင် မြေကမ္ဘာအဆင့် ချပ်ဝပ်တန်ဆာ သုံးလေးခုလောက် အသာလေး ဝယ်နိုင်ပါတယ်။
ဒါပေမဲ့လည်း သူက လျိုကလန်ရဲ့ အနာဂတ်ကို မျှော်ကိုးပြီး လီဖူချန်းကို အလယ်အလတ်အဆင့် ဝိညာဉ် ကျောက်တုံး၃တုံး လက်ဆောင် ပေးလိုက်တာ ဖြစ်ပါတယ်။ ရှင်းရှင်းပြောရမယ် ဆိုရင်တော့ သူက သည်အလယ်အလတ် အဆင့် ဝိညာဉ် ကျောက်တုံး၃တုံးကို ရင်းပြီး လီဖူခချန်းနဲ့ ခင်မင်ရင်းနှီးမှု ရယူထားချင်တာပါ။
လီဖူချန်းက အသက်၂၀ အရွယ်မှာတင် အခုလို အစွမ်းထက်နေပါပြီ။ နောက်ထပ် ၁၀နှစ် ဒါမှမဟုတ် ၁၅နှစ်ကြာရင် သူဘယ်လောက်အထိ အစွမ်း ထက်နေမလည်းဆိုတာ ဘယ်သူမှ မသိနိုင်ပါဘူး။ ပြီးတော့ လီဖူချန်းဟာ တစ်နေ့မှာ တိုက်ပွဲဝိညာဉ်နယ်ပယ် ပညာရှင် ဖြစ်လာဦးမှာ အသေအချာပါပဲ။
တကယ်လို့ လီဖူချန်းသာ တိုက်ပွဲဝိညာဉ်နယ်ပယ် ပညာရှင် ဖြစ်သွားလို့ကတော့ ဇာတ်လမ်းက ပြီးပါပြီ။ လျိုကလန် အနေနဲ့ လီဖူချန်းကို အသာလေး မှီပြီး ဆက်သွားရုံပါပဲ။
" အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံးတွေလား "
လီဖူချန်းက အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံးတွေကို တစ်ခါမှ မမြင်ခဲ့ဖူးပါဘူး။ ဒါက သူ့ဘဝမှာ ပထမဦးဆုံး အကြိမ် မြင်ဖူးခြင်းပါပဲ။
သူ သိထားသလောက် ဆိုရင်တော့ အလယ်အလတ် အဆင့် ဝိညာဉ်ကျောက်တုံး တစ်ခုထဲမှာ ခိုဝင်ကိန်းအောင်း နေတဲ့ ဝိညာဉ်ချီစွမ်းအင်ဟာ ရာနဲ့ချီတဲ့ အဆင့်နိမ့် ဝိညာဉ် ကျောက်တုံးတွေနဲ့ ညီမျှပါတယ်။ ပြီးတော့ ဝိညာဉ်ချီသန့်စင်မှု အပိုင်းမှာလည်း အလယ်အလတ်အဆင့် ဝိညာဉ် ကျောက်တုံးတွေဟာ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံးတွေ အဆပေါင်းများစွာ ပိုသန့်စင်ပါတယ်။
သည်အလယ်အလတ် အဆင့် ဝိညာဉ်ကျောက်တုံးတွေကို အသုံးပြုပြီး ကျင့်ကြံတာက ကျင့်ကြံမှုကို အဆပေါင်းများစွာ ပိုသက်သာ သွားစေမယ်ဆိုတာ အသေအချာပါပဲ။
ဒါပေမဲ့လည်း အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံးတွေဟာ အင်မတန် ရှားပါးလွန်းလှတဲ့ အတွက် တိုက်ပွဲဝိညာဉ်နယ်ပယ် ပညာရှင်တွေတောင်မှ မလိုအပ်ဘဲ မသုံးစွဲကြပါဘူး။ သူတို့က အဆင့်တက်ဖို့ သေချာပြီဆိုမှသာ အလယ်အလတ် အဆင့် ဝိညာဉ်ကျောက်တုံး တစ်တုံးကို အသုံးပြုပြီး အဆင့်တက် ကြတာပါ။
ရှင်းရှင်းပြောရမယ် ဆိုရင်တော့ အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံးတွေ ဆိုတာက မူလ ပင်လယ်နယ်ပယ် ပညာရှင်တွေ အတွက်ပါပဲ။
မူလပင်လယ်နယ်ပယ် ပညာရှင်တွေ အတွက်ကတော့ အဆင့်နိမ့် ဝိညာဉ် ကျောက်တုံးတွေဟာ မတိုးတော့ပါဘူး။ အဲသည်အတွက် သူတို့ဟာ အလယ်အလတ်အဆင့် ဝိညာဉ် ကျောက်တုံးတွေကို မသုံးမဖြစ် သုံးကြရပါတယ်။
" သည်အလယ်အလတ် အဆင့် ဝိညာဉ်ကျောက်တုံး ၃တုံးရယ်၊ ဝိညာဉ် သန့်စင်သစ်သီးနဲ့ ဆိုရင်တော့ ပြန်လည် ဝင်စားခြင်းနယ်ပယ်ကို အေးဆေး ချိုးဖောက်ဝင်ရောက်နိုင်ပြီ။ ပြီးတော့ အခြေခံ မခိုင်မှာကိုလည်း စိုးရိမ်နေစရာ မလိုတော့ဘူး "
လီဖူချန်းက စိတ်ထဲကနေ ကျိတ်ပြီး အနာဂတ်အတွက် အစီအစဉ်တွေကိုတောင် ရေးဆွဲနေခဲ့ပါပြီ။
" ဖူချန်းက ဘိုးဘေးလျိုရဲ့ စေတနာကို ဝမ်းမြောက်ဝမ်းသာစွာနဲ့ လက်ခံပါမယ် "
သည်လိုနဲ့ပဲ လီဖူချန်းဟာ အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး ၃တုံးကို လက်ခံလိုက်ပါတယ်။
*****
ကျန်းယွန်းနဲ့ ကျန်းခွန်းတို့ မရှိတော့တဲ့ နောက်မှာတော့ ကျန်းကလန်ဟာ လျိုကလန်ကို မယှဉ်နိုင်တော့ပါဘူး။ သူတို့က အသာတကြည်ပဲ လျိုကလန်ကို အညံ့ခံလိုက်ပါတယ်။
လျိုကလန်သားတွေရဲ့ စိတ်ဓာတ်ကလည်း တကယ်ကို လေးစားစရာပါပဲ။ သူတို့ဟာ ကျန်းကလန် ပိုင်ဆိုင်တဲ့ လန်ရှီးသတ္တုတွင်းနဲ့ အဆင့်နိမ့် ဝိညာဉ် ကျောက်တုံးတွေက လွဲပြီး ကျန်တဲ့ပစ္စည်းတွေကို လက်ဖျားနဲ့တောင် မထိခဲ့ပါဘူး။
ဒါပေမဲ့လည်း သည်ဖြစ်ရပ်ကြောင့် ကျန်းကလန်ဟာ ရေစီးကြောင်းမြို့ရဲ့ အဓိက ကလန်ကြီး တစ်ခု အဖြစ်ကနေ တတိယတန်းစား ကလန်တစ်ခုအဖြစ် အဆင့်ထိုးဆင်းသွားခဲ့ပါပြီ။
ကျန်းကလန် ပိုင်ဆိုင်ထားတဲ့ ဝိညာဉ် ကျောက်တုံးတွေကတော့ အတော်လေး နည်းပါးလွန်းပါတယ်။ လျိုကလန်သားတွေဟာ ကျန်းကလန်တစ်ခုလုံးကို ပိုက်စိပ်တိုက်ပြီး ရှာခဲ့တာတောင်မှာ အဆင်နိမ့် ဝိညာဉ် ကျောက်တုံး ၅၀၀၀ပြည့်အောင် မရခဲ့ပါဘူး။
ကြည့်ရတာတော့ သူတို့ရဲ့ အဆင့်နိမ့်ဝိညာဉ် ကျောက်တုံးတွေဟာ ကြေးစား လူသတ်သမား ငှားတာနဲ့ မဟူရာတောင် နတ်ဆိုးအဘိုးအိုကို ဖိတ်ခေါ်တဲ့နေရာမှာ ကုန်သွားတဲ့ပုံရတယ်။
ပြီးတော့ ကျန်းကလန် ပိုင်ဆိုင်ထားတဲ့ လန်ရှီး သတ္တုတွင်းကလည်း အခြေအနေ မကောင်းလှပါဘူး။ အဲသည်လန်ရှီးသတ္တုတွင်းဟာ တစ်နှစ်မှာ အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး ၁၀၀၀ ထွက်ဖို့တောင် အနိုင်နိုင်ပါ။ ဒါကြောင့်လည်း ကျန်းကလန်ဟာ လျိုကလန်ရဲ့ လန်ရှီး သတ္တုတွင်းကို မျက်စိကျခဲ့ပုံပါပဲ။
လျိုကလန်ဟာ ကျန်းကလန်က ရလာခဲ့တဲ့ အဆင့်နိမ့် ဝိညာဉ် ကျောက်တုံးတွေကို အရေအတွက် ၅၀၀၀ပြည့်အောင် ဖြည့်ပြီး လီဖူချန်းကို ပေးအပ်ခဲ့ပေမယ့်လည်း လီဖူချန်းက မယူခဲ့ပါဘူး။
လျိုကလန်က သူ့ကို အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး ၃တုံးတောင် လက်ဆောင်အဖြစ် ပေးခဲ့ပြီးပါပြီ။ တကယ်လို့သာ လီဖူချန်းအနေနဲ့ သည်အဆင့်နိမ့် ဝိညာဉ် ကျောက်တုံးတွေကိုပါ ထပ်ပြီး လက်ခံလိုက်မယ် ဆိုရင် လောဘကြီးတဲ့ လူတစ်ယောက် ဖြစ်သွားတော့မှာပါ။ သူက အဲသည်လို လူမျိူး မဖြစ်ချင်ပါဘူး။
ထို့နောက်မှာတော့ လီဖူချန်းဟာ လျိုကလန်ဘိုးဘေးကြီးကို နှုတ်ဆက်ပြီး သူ့အတွက် ပေးထားတဲ့ သီးသန့် ခြံဝင်းဆီကို ပြန်လာခဲ့ပါတယ်။
" အင်း ... ငါရလာတဲ့ သိုလှောက်အိတ်တွေကို ဖွင့်ကြည့်ဦးမှ "
လျိုကလန်က သူ့အတွက်ပေးထားတဲ့ သီးသန့်ခြံဝင်းထဲကို ရောက်အပြီးမှာ လီဖူချန်း ပထမဆုံး လုပ်တာကတော့ သိုလှောင်အိတ်တွေကို ဖွင့်ကြည့်တာပါပဲ။
ကျန်းခွန်းနဲ့ ကျန်းယွန်းတို့ရဲ့ အိတ်ထဲမှာတော့ ဘာမှ လောက်လောက်လားလား မရှိပါဘူး။ သိုလှောင်အိတ် ၂ခုစလုံးပေါင်းတာတောင်မှ အဆင့်နိမ့်ကျောက်တုံး ရာပိုင်းအနည်းငယ်မျှသာ ရှိပါတယ်။
မဟူရာတောင် နတ်ဆိုးအဘိုးအိုရဲ့ သိုလှောင်အိတ်ထဲမှာတော့ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၅၀၀၀ ရှိနေပါတယ်။
လီဖူချန်းထင်တာသာ မမှားဘူးဆိုရင်တော့ သည်အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၅၀၀၀ ဟာ ကျန်းကလန်က စရန်အဖြစ် ပေးထားပုံပါပဲ။
" သည်ခရီးကတော့ တန်တယ်ကွာ။ အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး ၃တုံး ရဖို့ဆိုတာက လွယ်တာ မဟုတ်ဘူး။ ပြီးတော့ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၅၀၀၀ကျော်လည်း ရခဲ့သေးတယ်"
လီဖူချန်းက ကျေနပ်အားရစွာနဲ့ ရေရွတ်လိုက်ပါတယ်။
အခုဆိုရင် သူ့ဆီမှာ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၆၀၀၀၀ ရှိနေခဲ့ပါပြီ။ အဲသည်ထဲက ၅၀၀၀၀ ကတော့ ဆရာသခင် မအိုသောကလေးငယ်က ဆေးမီးဖိုရဲ့ အဖိုးအခအဖြစ် ပေးခဲ့တာ ဖြစ်ပါတယ်။
အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၆၀၀၀၀ ... ။
ဒါက မနည်းလှတဲ့ အရေအတွက် တစ်ခုပါ။ ပြန်လည် ဝင်စားခြင်းနယ်ပယ် အဆင့်မြင့်ပိုင်းက ပညာရှင်တွေတောင်မှ သည်လောက်များတဲ့ အဆင့်နိမ့် ကျောက်တုံးတွေကို လက်ဝယ် ထားရှိနိုင်မှာ မဟုတ်ပါဘူး။
ဘာဖြစ်လို့လည်းဆိုတော့ ပြန်လည် ဝင်စားခြင်း နယ်ပယ် ပညာရှင်တွေရဲ့ ဝိညာဉ်ချီ စုပ်ယူမှုနှုန်းက ကောင်းကင်နယ်ပယ် ပညာရှင်တွေထက် အဆပေါင်းများစွာ သာနေလို့ပါပဲ။ ပြီးတော့ သူတို့က ဆေးရည်တွေနဲ့ သူတို့အတွက် အသုံးဝင်မယ် ထင်တဲ့ လက်နက်တွေကိုလည်း ဝယ်ရပါသေးတယ်။
လီဖူချန်းက ကောင်းကင်နယ်ပယ်မှာ ရှိနေသေးလို့သာ သိပ်မသိသာသေးတာပါ။ တကယ်လို့ သူသာ ပြန်လည် ဝင်စားခြင်းနယ်ပယ် အဆင့်၁ကို ရောက်သွားရင်တော့ သူ့ရဲ့ ဝိညာဉ်ချီ စုပ်ယူမှုနှုန်းဟာ အခြားသော အဆင့်တူ ပြန်လည် ဝင်စားခြင်းနယ်ပယ် ပညာရှင်တွေထက်ကို ပိုမြန်နေမှာ အသေအချာပါပဲ။
အခြားသော ပြန်လည်ဝင်စားခြင်းနယ်ပယ် အဆင့်၁ ပညာရှင်တွေက ၂ရက်ခြားတစ်ခါ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်တုံး သုံးရတယ်ဆိုရင် လီဖူချန်းက တစ်ရက်ကို အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်တုံးလောက် သုံးနေရမှာပါ။
အဲသည်အချိန်ကျရင်တော့ လီဖူချန်းဟာ အခုလိုမျိုး ဝိညာဉ်ကျောက်တုံး အများကြီးကို လက်ဝယ် ပိုင်ဆိုင် ထားနိုင်တော့မှာ မဟုတ်ပါဘူး။
" အင်း ... ပြန်လည်ဝင်စားခြင်းနယ်ပယ်ကို ချိုးဖောက် ဝင်ရောက်ဖို့ အချိန်ကျပြီ "
လီဖူချန်းက ခပ်တိုးတိုး ရေရွတ်လိုက်ပါတယ်။
အစတုန်းကတော့ လီဖူချန်းဟာ တစ်နှစ်အတွင်းမှာ ပြန်လည်ဝင်စားခြင်း နယ်ပယ်ကို ချိုးဖောက် ဝင်ရောက်ဖို့ အတွက် ယုံကြည်ချက် မရှိပါဘူး။
ဒါပေမဲ့လည်း အခုတော့ သူ့ရဲ့ အရိုးတည်ဆောက်ပုံဟာ ကြယ်၃ပွင့် ကနေ ကြယ်၄ပွင့် မီးလျှံ အရိုးတည်ဆောက်ပုံကို ပြောင်းသွားခဲ့ပါပြီ။ပြီးတော့ သူဟာ ဝိညာဉ်သန့်စင် သစ်သီးရယ်၊ အလယ်အလတ် အဆင့် ဝိညာဉ်ကျောက်တုံး ၃တုံးကိုပါ ထပ်ရခဲ့ပါသေးတယ်။ ဒါတွေအားလုံးနဲ့ ဆိုရင်တော့ လီဖူချန်းဟာ ပြန်လည် ဝင်စားခြင်း နယ်ပယ်ကို ချိုးဖောက် ဝင်ရောက်နိုင်ဖို့အတွက် ၉၀ရာခိုင်နှုန်း သေချာပါတယ်။
ထို့နောက်မှာတော့ လီဖူချန်းဟာ တင်ပျဉ်ခွေ ထိုင်လိုက်ပြီး ဝိညာဉ်သန့်စင် သစ်သီးကို ဝါးစားပစ်လိုက်ပါပြီ။သူ့ရဲ့ လက်ထဲမှာတော့ အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး တစ်တုံး ရှိနေပါတယ်။
သည်နေရာက သီးသန့်ခြံဝင်းတစ်ခု ဖြစ်တဲ့အတွက် လီဖူချန်းအနေနဲ့ အဆင့်တက် နေချိန်မှာ အနှောင့်အယှက် ဝင်မှာကို စိုးရိမ်စရာ မလိုပါဘူး။
" နေမင်းဇောအဟုန် ချီအတွင်းအားတွေ လည်ပတ်စမ်း "
ဟူူး ... ဟူး ... ဟူး ... ...
နေမင်းဇောအဟုန် ချီအတွင်းအားတွေကတော့ လီဖူချန်းရဲ့ ခန္ဓာကိုယ်ထဲမှာ အရှိန်အဟုန်ပြင်းစွာနဲ့ လည်ပတ်နေခဲ့ပါပြီ။
ကောင်းကင်နယ်ပယ်နဲ့ ပြန်လည်ဝင်စားခြင်း နယ်ပယ်ကြားမှာ ကြီးမားတဲ့ အတားအဆီးကြီး တစ်ခုရှိနေပါတယ်။ တကယ်လို့သာ ကျင့်ကြံသူက သည်အတားအဆီးကြီးကို ဖြိုချလိုက်နိုင်တော့ သူ့ရဲ့သက်တမ်းဟာ နှစ်ပေါင်း၂၅၀အထိ ရှိလာတေ့ာမှာပါ။
ဝိညာဉ်သန့်စင် သစ်သီးကတော့ နာမည်ကျော်နေတဲ့ သူ့ရဲ့ ဂုဏ်သတင်း အတိုင်းပါပဲ။ ဝိညာဉ်သန့်စင် သစ်သီး သူ့ရဲ့ ဗိုက်ထဲကို ရောက်သွားတာနဲ့ တစ်ပြိုင်နက် လီဖူချန်းဟာ ပူနွေးပြီး သန့်စင်နေတဲ့ စွမ်းအင်စီးကြောင်းတစ်ခုကို ခံစားလိုက်ရပါတယ်။
ကောင်းကင်နဲ့ မြေကြီးကို ဆက်သွယ်ထားတဲ့ သူတို့ရဲ့ ဆက်သွယ်မှုကလည်း ဆယ်ဆ ပိုအားကောင်း လာသလိုပါပဲ။သူက သက်ရှိတွေရဲ့ ဖြစ်တည်မှု နိယာမကိုတောင်မှ ခပ်ရေးရေးလေး သိမြင်ခံစား နိုင်ခဲ့ပါပြီ။
***
နောက်ထပ်သုံးရက် အကြာမှာတော့ ... ...
ဝုန်း ...
ပေါက်ကွဲသံကြီး တစ်ခုနဲ့အတူ အလင်းတန်းကြီး တစ်ခုဟာ လျိုကလန်ရဲ့ သီးသန့်ခြံဝင်း တစ်ခု ဘက်ကနေ ကောင်းကင်ယံသို့ ထိုးတက်သွားခဲ့ပါတယ်။
" ဒါက သူရဲကောင်းလေးလီ အဆင့်တက်တာပဲ ဖြစ်ရမယ်။ အကာအကွယ် အစီအရင်ကို အသက်သွင်းလိုက် "
လျိုကလန်ရဲ့ အကြီးအကဲတွေက လီဖူချန်း အဆင့်တက်တော့မယ် ဆိုတာကို ကြိုတင် ရိပ်စားမိနေပုံပါပဲ။ သူတို့က ရုတ်တရက် ထွက်ပေါ်လာတဲ့ အလင်းတန်းကြောင့် အံ့သြသွားခြင်း မရှိကြပါဘူူး။ သူတို့က မလိုလားအပ်တဲ့ အနှောင့်အယှက်တွေ ဝင်လာမှာကို ကာကွယ်တဲ့အနေနဲ့ အကာအကွယ် အစီအရင်ကိုပါ အသက်သွင်းပေး လိုက်ပါသေးတယ်။
လျိုကလန်ရဲ့ ဘိုးဘေးကြီးဖြစ်တဲ့ အဘိုးအိုလျိုကတော့ အရယ်ကို မရပ်တော့ပါဘူး။
" ဟား ... ဟား ... ဟား ... ။ ငါမပြောဘူးလား။ သူရဲကောင်းလေးလီ အဆင့်တက်ပါတော့မယ်လို့ ... ။ သူရဲကောင်း လေးလီရဲ့ ပါရမီနဲ့ အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး ၃တုံးဆိုတာ ပိုတောင် ပိုနေဦးမှာကွ "
သူ့အနေနဲ့ လီဖူချန်းကို အလယ်အလတ်အဆင့် ဝိညာဉ် ကျောက်တုံး၃တုံး ပေးခဲ့တယ်ဆိုတာက အခုလို ဖြစ်လာစေချင်လို့ပါပဲ။ အခုတော့ တကယ်ပဲ လီဖူချန်းဟာ ပြန်လည်ဝင်စားခြင်း နယ်ပယ်ပညာရှင် ဖြစ်လာခဲ့ပါပြီ။
လျိုကလန် ရဲ့ သီးသန့် ခြံဝင်းတစ်ခုထဲမှာတော့ လူငယ် တစ်ယောက်ဟာ လေထဲမှာ လွင့်မျောနေပါတယ်။ အဲသည်လူငယ်ကတော့ လီဖူချန်းပါပဲ။
လီဖူချန်းရဲ့ ခန္ဓာကိုယ်ကတော့ နေတစ်စင်းအလား တောက်ပနေပါတယ်။ ပြီးတော့ သူ့ရဲ့ ခန္ဓာကိုယ်ကနေ ထွက်နေတဲ့ အပူစွမ်းအင်လှိုင်းတွေကလည်း ခြံဝင်းတစ်ခုလုံးကို လွှမ်းခြုံထားခဲ့ပါပြီ။ သည်အပူစွမ်းအင် လှိုင်းတွေက အရင်တုန်းကထက် နှစ်ဆကျော်တောင် ပိုအားကောင်း နေပါသေးတယ်။
" အိုး ... ငါ့ရဲ့ခန္ဓာကိုယ် "
လီဖူချန်းရဲ့ ကိုယ်ပေါ်မှာက ဒဏ်ရာဟောင်းတွေ မပြောနဲ့။ အမာရွတ်တွေတောင် မရှိတော့ပါဘူး။ ဒါက အသစ်ပြန်လည် မွေးဖွား လာသလိုပါပဲ။
ဖောင်း ... ...
အဲသည်အချိန်မှာပဲ တောင်ပိုင်းတောအုပ် သိုင်းတက္ကသိုလ် လက်ထောက် ကျောင်းအုပ်ရဲ့ ချိပ်ပိတ် ထားမှုကလည်း ပျက်ပြယ် သွားခဲ့ပါပြီ။
လီဖူချန်းရဲ့ ချီအရှိန်အဝါနဲ့ သွေးလည်ပတ်မှုကလည်း တစ်မျိုးတစ်ဖုံ ပြောင်းလဲ သွားပြန်ပါတယ်။
ကျွီး ... ကျွီး ...
ကျယ်လောင်လှတဲ့ အော်မြည်သံကြီး တစ်ခုနဲ့အတူ လီဖူချန်းရဲ့ ဆင်နဂါးစွမ်းအင်တွေဟာ ပြန်လည် အသက်ဝင် လာခဲ့ပါပြီ။
ကြီးမားလှတဲ့ ဆင်အရိပ်ကြီး တစ်ခုကလည်း ဘယ်ကနေဘယ်လို ပေါ်လာမှန်းမသိ ပေါ်လာ ခဲ့ပါသေးတယ်။ မီတာတစ်ရာ ပတ်လည်အတွင်းက လူတိုင်းဟာ သည်ဆင်အရိပ်ကြီးကို တွေ့မြင်ကြမှာ အသေချာပါပဲ။
မဟာဆင်ဝိညာဉ် ... ...
ဒါက လီဖူချန်းရဲ့ ချီအပြင်အားကို ကိုယ်စားပြုတဲ့ မဟာဆင်ဝိညာဉ် ဖြစ်ပါတယ်။ လီဖူချန်က သည်မဟာ ဆင်ဝိညာဉ်ကို ဆင်နဂါးခန္ဓာကိုယ် သွန်းလောင်းခြင်းပညာရပ်ကနေ ရထားခဲ့တာပါ။
" ငါ့ရဲ့ လက်ရှိ အစွမ်းနဲ့ ဆိုရင်တော့ အရှေ့ယူနီကွန်းတိုက်ကို ပြန်သွားရင်တောင်မှ အနည်းဆုံး ငါ့ကိုယ်ငါ ကာကွယ်နိုင်မှာပဲ။ဒါပေမဲ့ အချိန်မတန်သေးဘူး "
လီဖူချန်းက ခပ်တိုးတိုး ရေရွတ်လိုက်ပါတယ်။
သူ့ရဲ့ ချီအပြင်အားနဲ့ ချီအတွင်းအားကိုသာ ပေါင်းစပ်လိုက်မယ်ဆိုရင် ဘယ်လောက်အထိ စွမ်းသွားမလဲ ဆိုတာကို လီဖူချန်း ကိုယ်တိုင်တောင်မှ မခန့်မှန်းနိုင်တော့ပါဘူး။
ဒါပေမဲ့လည်း လီဖူချန်းက သူ့ရဲ့အစွမ်းဟာ ရှင်းတိကောဝမ်ကို အနိုင်ယူဖို့တော့ မဖြစ်နိုင်သေးမှန်း ရိပ်စားမိပါတယ်။ တကယ်လို့သာ သူ့အနေနဲ့ အခုအချိန်မှာ အရှေ့ယူနီကွန်းတိုက်ကို ပြန်သွားမယ်ဆိုရင် ကိုယ့်သေတွင်း ကိုယ်တူးတာနဲ့ အတူတူပါပဲ။ အဲသည်အတွက် လီဖူချန်းဟာ ပြန်လည် ဝင်စားခြင်းနယ်ပယ် အဆင့်၃ ဒါမှမဟုတ် အဆင့်၄လောက် ရောက်မှ အရှေ့ယူနီကွန်းတိုက်ကို ပြန်ဖို့ စဉ်းစားထားပါတယ်။
" ဂုဏ်ယူပါတယ် သူရဲကောင်းလေးလီ။ နောက်ဆုံးတော့ ပြန်လည် ဝင်စားခြင်း နယ်ပယ်ကို အောင်အောင်မြင်မြင် ချိုးဖောက်ဝင်ရောက် နိုင်ခဲ့ပြီပဲ "
အဲသည်အချိန်မှာပဲ လျိုကလန်ရဲ့ ဘိုးဘေးကြီး၊ လျိုကျန်းနဲ့ အခြားသော လျိုကလန်သားတွေဟာ လီဖူချန်းကို ဂုဏ်ပြုဖို့အတွက် ရောက်လာကြပါတယ်။
လီဖူချန်းက အားလုံးကို ပြန်ပြုံးပြလိုက်ပြီး
" ဒါတွေက လျိုကလန်ရဲ့ အလယ်အလတ် ဝိညာဉ်ကျောက်တုံး ၃တုံး ကျေးဇူးကြောင့် ဖြစ်လာတာပါဗျာ။ အနာဂတ်မှာ လျိုကလန် ပြဿနာ တစ်စုံတစ်ရာ ကြုံခဲ့မယ်ဆိုရင် ကျွန်တော့်ကိုသာ လှမ်းအကြောင်းကြားလိုက်ပါ။ ကျွန်တော် ကိုယ်စွမ်းရှိသလောက် အကူအညီ ပေးပါ့မယ် "
" ကျေးဇူးအများကြီး တင်ပါတယ် ... သူရဲကောင်းလေးလီ "
ဘိုးဘေးကြီးလျို နဲ့ လျိုကျန်းရဲ့ မျက်နှာပေါ်မှာတော့ အပြုံးပန်းတွေ ဝေဆာနေခဲ့ပါပြီ။ သူတို့က လီဖူချန်းရဲ့ ပါးစပ်ကနေ အခုလို ထုတ်ပြောတာကို စောင့်နေခဲ့ကြတာပါ။
သည်ရက်တွေမှာဆိုရင် သူတို့က လျိုယန်ထံကနေပြီး လီဖူချန်းရဲ့ အကြောင်းတွေကို သိထားခဲ့ပြီးပါပြီ။
တောင်ပိုင်းတောအုပ် သိုင်းတက္ကသိုလ် ကျောင်းအုပ်ကြီးရဲ့ သီးသန့်ကျောင်းသား ... ... ။
ဒါက နှယ်နှယ်ရရ အဆင့်အတန်းတစ်ခု မဟုတ်ပါဘူး။ ဒါက နယ်စား ဂေဟာက သခင်လေးတွေ၊ သခင်မလေးတွေနဲ့တောင် ယှဉ်လို့ရနေပါပြီ။
" စုကလန်ရဲ့ခေါင်းဆောင် စုဟို ရောက်လာပါတယ် "
အဲသည်အချိန်မှာပဲ စူးရှလှတဲ့ အသံတစ်ခုဟာ လျိုကလန် တစ်ခုလုံးကို ပျံ့နှံ့သွားခဲ့ပါတယ်။
အဲသည်အသံက လျိုကလန်တစ်ခုလုံးကို တိတ်ဆိတ်သွားစေခဲ့ပါပြီ။
စုကလန် ဆိုတာက လျိုကလန်ရဲ့ ခေါင်းပေါ်မှာ မိုးထားတဲ့ ဓားတစ်လက်လိုပါပဲ။ ဘယ်အချိန် ကျလာမလည်း ဆိုတာကို ဘယ်သူမှ ကြိုမသိနိုင်ပါဘူး။
မြို့စားကလန်ဖြစ်တဲ့ စုကလန်ဟာ ရေစီးကြောငိးမြို့မှာ အခြေချနေတာ နှစ်ပေါင်း၁၀၀ကျော် ကြာခဲ့ပြီ ဖြစ်ပါတယ်။ သူတို့က ရေစီးကြောင်းမြို့ရဲ့ ဘယ်ကလန် တိုက်ပွဲဖြစ်ဖြစ် ဝင်မပါကြပါဘူး။ ဒါပေမဲ့ တိုက်ပွဲ ပြီးသွားရင်တော့ စုကလန်ဟာ အနိုင်ရတဲ့ ကလန်ဆီကို အမြဲလိုလို ရောက်လာကြပါတယ်။ သူတို့ရဲ့ ရည်ရွယ်ချက်ကတော့ အကျိုးအမြတ်တွေကို ဝေစုခွဲဖို့ပါပဲ။
လျိုကလန်က စုကလန် ရောက်လာမယ်ဆိုတာကို သိပေမယ့် သည်လောက်အထိ မြန်မယ်လို့တော့ မမျှော်လင့် ထားခဲ့ပါဘူး။
စုဟို ... ။
စုကလန်ရဲ့ လက်ရှိခေါင်းဆောင်ဖြစ်တဲ့ စုဟိုကတော့ အသက်၅၀နီးပါး ဖြစ်ပြီး အဆင့်၄ ပြန်လည် ဝင်စားခြင်း နယ်ပယ်ကို ရောက်နေပါပြီ။
သူ့ရဲ့ အစွမ်းက မဟူရာတောင် နတ်ဆိုးအဘိုးအိုနဲ့ သိပ်မကွာလှဘူးလို့လည်း ပြောကြပါတယ်။
ဒါပေမဲ့ အဲဒါက လုံးဝ မမှန်ပါဘူး။ ရေစီးကြောင်းမြို့ရဲ့ အထက်တန်းလွှာ အချင်းချင်းကတော့ စုဟိုရဲ့ အကြောင်းကို ကောင်းကောင်းကြီး သိထားပြီးသားပါပဲ။ စုဟိုက မြေကမ္ဘာအဆင့် အတွင်းအားကျင့်စဉ် တစ်ခုကို ကျင့်ကြံထားရုံမက မြေကမ္ဘာအဆင့် သိုင်းပညာရပ်တစ်ခုကိုလည်း လေ့ကျင့်ထားသူ တစ်ယောက်ပါ။ အဲသည်အတွက် သူဟာ မဟူရာတောင် နတ်ဆိုးအဘိုးအိုထက် အများကြီး ပိုအစွမ်းထက်ပါတယ်။
" ကြိုဆိုပါတယ် ... ကလန်ခေါင်းဆောင်စု။ ကြိုဆိုတာ နောက်ကျသွားရင် ခွင့်လွှတ်ပေးပါဦး "
လျိုကျန်းက အလျင်အမြန်ပဲ စုဟိုကို ခရီးဦးကြို ပြုလိုက်ပါတယ်။
စုဟိုက ဟန်ဆောင်ပြုံး ပြုံးလိုက်ပြီး
" ရပါတယ်။ မလိုပါဘူး။ လျိုကလန်က ကျန်းကလန်ကို အနိုင်ယူလိုက်နိုင်တဲ့ အတွက် ဂုဏ်ပြုဖို့ ကျုပ်လာခဲ့တာပါ "
"အားနာစရာတော့ ဖြစ်ကုန်ပါပြီဗျာ။ အခုလို ကလန်ခေါင်းဆောင်စု ကိုယ်တိုင် လာရောက် ဂုဏ်ပြုပေးတဲ့ အတွက် ကျေးဇူးပါပဲ "
လျိုကျန်းက စုဟိုရဲ့ ရည်ရွယ်ချက်ကို သိပြီးသားပါပဲ။ ဒါပေမဲ့လည်း သူက မသိသလိုဘဲ နေလိုက်ပါတယ်။
ထို့နောက်မှာတော့ စုဟိုက ရုတ်တရက် မျက်နှာကို တည်လိုက်ပြီး
" ငါတို့ စုကလန်က မင်းတို့ လျိုကလန်နဲ့ ကျန်းကလန်ကြားက ပြဿနာကို ဂရုမစိုက်ဘူး။ ငါအခုသည်ကို လာခဲ့တာက မင်းတို့လျိုကလန် အသစ်တွေ့ ထားတယ်ဆိုတဲ့ လန်ရှီး သတ္တုတွင်းကြောင့်ပဲ။ မင်းတို့လျိုကလန်အနေနဲ့ အဲသည် သတ္တုတွင်းကို ငါတို့ စုကလန်လက်ထဲ လွှဲပြောင်းပေးဖို့ မျှော်လင့်ပါတယ်။ စိတ်မပူပါနဲ့။ ငါတို့စုကလန်က အဲသည်သတ္တုတွင်းက ထွက်တဲ့ ဝိညာဉ်ကျောက်တုံး ၁၀ရာခိုင်နှုန်းကို မင်းတို့ လျိုကလန်ကို ခွဲပေးပါ့မယ် "
လန်ရှီးသတ္တုတွင်းတွေမှာ အရည်အသွေးနိမ့် သတ္တုတွင်းနဲ့ အရည်အသွေးမြင့် သတ္တုတွင်းဆိုပြီး ၂မျိုးရှိပါတယ်။
စုဟိုက သိသင့်သိထိုက်တာ အားလုံးကို စုံစမ်းပြီးသွားမှ လျိုကလန်ဆီကို လာခဲ့တာပါ။ လျိုကလန် သည်တစ်ခေါက် ရှာဖွေတွေ့ရှိခဲ့တဲ့ သတ္တုတွင်းက အရည်အသွေးမြင့် လန်ရှီး သတ္တုတွင်းပါပဲ။
လျိုကလန်က အဲသည် လန်ရှီး သတ္တုတွင်းကနေပြီး အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး အချို့ တူးဖော်ရရှိခဲ့တယ် ဆိုတာကိုပါ စုဟိုတစ်ယောက် စုံစမ်းသိရှိခဲ့ ပြီးပါပြီ။
စုကလန်က အရည်အသွေးနိမ့် လန်ရှီးသတ္တုတွင်းတွေကို စိတ်မဝင်စားပါဘူး။ အရည်အသွေးနိမ့် လန်ရှီးသတ္တုတွင်း တစ်ခုက တစ်နှစ်ကို အလွန်ဆုံး အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၁၀၀၀သာ ထွက်ရှိတာပါ။
ဒါပေမဲ့ အလယ်အလတ်အဆင့် ဝိညာဉ် ကျောက်တုံးတွေ ထွက်တဲ့ အရည်အသွေးမြင့် လန်ရှီး သတ္တုတွင်းကတော့ ခြားနားသွားခဲ့ပါပြီ။ အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး တစ်တုံးဟာ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၁၀၀၀၀ ထက် တန်ဖိုးရှိပါတယ်။ တကယ်လို့ လျိုကလန် ရှာဖွေတွေ့ရှိထားတဲ့ လန်ရှီး သတ္တုတွင်းကနေပြီး တစ်နှစ်မှာ အလယ်အလတ် အဆင့် ဝိညာဉ် ကျောက်တုံး တစ်တုံးသာ တူးဖော် ရရှိခဲ့ရင်တောင်မှ စုကလန်အတွက် အကျိုးအမြတ် အများကြီးရစေမှာ အသေအချာပါပဲ။
***