စုဟိုကို တုနိလှုပ်စေခြင်း
Vol. 30 Ch. 403
စုဟိုရဲ့ စကားကို ကြားအပြီးမှာတော့ လျိုကျန်းရဲ့ မျက်နှာဟာ ပျက်သွားခဲ့ပါပြီ။
စုကလန်က တကယ်ကို လောဘကြီးတဲ့ ကလန်ပါပဲ။ သူတို့က သူများ အသစ်တွေ့ထားတဲ့ လန်ရှီး သတ္တုတွင်းကိုတောင် မောင်ပိုင် စီးချင်နေပါတယ်။
ဒါက အရည်အသွေးမြင့် လန်ရှီး သတ္တုတွင်းပါ။ တစ်နှစ်ကို အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၂၀၀၀နီးပါး ထွက်ရှိမယ့် အပြင် အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံးတွေကိုပါ တူးဖော်ရရှိ နိုင်မယ့် အခွင့်အရေး ရှိနေပါသေးတယ်။ အဲသည်အတွက် လျိုကလန်အနေနဲ့ သည်သတ္တုတွင်းကို အခြားသူလက်ထဲ လွှဲပြောင်းပေးဖို့ မဖြစ်နိုင်ပါဘူး။
"ကလန်ခေါင်းဆောင်စု ... ။ အဲလိုတော့ မဖြစ်ဘူးလေဗျာ။ သည်လို လုပ်ပါလား။ ကျန်းကလန်ရဲ့ လန်ရှီး သတ္တုတွင်းကို ခင်ဗျားတို့ စုကလန်ကို လွှဲပြောင်း ပေးလိုက်မယ်။ ပြီးတော့ အဆင့်နိမ့် ဝိညာဉ် ကျောက်တုံး ၁၀၀၀၀ ထပ်ပေးမယ်ဗျာ။ အခုအသစ်တွေ့ထားတဲ့ လန်ရှီး သတ္တုတွင်းကိုတော့ လျိုကလန်ပဲ တူးဖော်ပါရစေ "
လျိုကျန်းက ရွေးချယ်စရာ မရှိတော့တဲ့ အတွက် လျိုကလန်ရဲ့ ပိုင်ဆိုင်မှု အကုန်လုံးနီးပါးနဲ့ စုဟိုကို ကမ်းလှမ်း လိုက်ပါတယ်။
" လျိုကျန်း ... ။ မင်းတို့ရဲ့ လျိုကလန်က စုကလန်ရဲ့ အမိန့်ကို ဖီဆန်မယ်ဆိုတဲ့ သဘောလား "
လျိုကျန်းရဲ့ ကမ်းလှမ်းမှုက သာမန် အခြေအနေ တစ်ခုမှာ ဆိုရင်တော့ ကျနပ်စရာပါပဲ။ ဒါပေမဲ့ စုဟိုကလည်း လျိုကလန် အသစ်တွေ့ထားတဲ့ လန်ရှီးသတ္တုတွင်းကနေပြီး အလယ်အလတ် အဆင့် ဝိညာဉ် ကျောက်တုံးတွေ ထွက်တယ်လို့ သိထားပြီးပါပြီ။ အဲသည်အတွက် သူက လျိုကျန်းရဲ့ ကမ်းလှမ်းချက်ကို လက်မခံပါဘူး။
" ကလန်ခေါင်းဆောင်စု ... ။ လျိုကလန်က စုကလန်ရဲ့ အမိန့်ကို ဖီဆန်တာ မဟုတ်ပါဘူး။ ဒါ ... ဒါပေမဲ့ ... သည်ကိစ္စက ... "
လျိုကျန်းကတော့ ခေါင်းကိုက်နေပါပြီ။ သူက ဘာဆက်ပြောလို့ ပြောရမယ် မသိတော့ပါဘူး။
" ဒါပေမဲ့တွေ ဘာတွေ လုပ်မနေနဲ့။ မင်းတို့လျိုကလန်က ငါတို့ စုကလန်ရဲ့ အမိန့်ကို ဖီဆန်ဖို့ ဆုံးဖြတ်ထားလား၊ မဆုံးဖြတ်ထားဘူးလား ဆိုတာကိုပဲ ဖြေ ... "
စုဟိုက အထက်စီးဆန်စွာ ပြုမူနေခဲ့ပါပြီ။
" လျိုကလန်က မင်းတို့စုကလန်ရဲ့ အမိန့်ကို ဖီဆန်တော့ ဘာဖြစ်လဲ "
အဲသည်အချိန်မှာပဲ လီဖူချန်း၊ ဘိုးဘေးကြီးလျိုနဲ့ လျိူယန်တို့ဟာ လျိုကလန်ရဲ့ ဝင်ပေါက်နားကို ရောက်လာခဲ့ပါတယ်။ အစောပိုင်းက စကားကို ပြောလိုက်သူကတော့ လီဖူချန်းပါပဲ။
" ကောင်လေး ... ။ မင်းက မဟူရာတောင် နတ်ဆိုးအဘိုးအိုကို စတ်လိုက်တယ်ဆိုတဲ့ သူလား။ မင်း စကားပြောလိုက်တဲ့သူက ဘယ်သူလဲ ဆိုတာကိုကော သိရဲ့လား။ အေးအေးဆေးဆေး ဘေးမှာ ရပ်နေလိုက်။ ဒါ ... မင်းဝင်ပြောရမယ့် စကားဝိုင်း မဟုတ်ဘူး "
စုဟိုက လီဖူချန်းကို ပြန်ပြီး ကြိမ်းမောင်းလိုက်ပါတယ်။
ကြိမ်းမောင်းပြီးတဲ့ နောက်မှာတော့ စုဟိုဟာ စိတ်ထဲမှာ ထင့်ခနဲတစ်ချက် ခံစားလိုက်ရပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ လီဖူချန်းရဲ့ အသက်အရွယ်ကြောင့်ပါပဲ။
လီဖူချန်းက အတော်လေးကို ငယ်နေပေမယ့်လည်း ပြန်လည် ဝင်စားခြင်း နယ်ပယ်ကို ရောက်နေပါပြီ။ သည်လိုအရွယ်နဲ့ သည်လိုအဆင့်ကို ရောက်နေတဲ့သူက နောက်ခံ အင်အား မတောင့်စရာ အကြောင်းမရှိပါဘူး။
ဒါပေမဲ့လည်း စုကလန်ဟာလည်း ဘုရင်မင်းမြတ်ကိုယ်တိုင် အသိအမှတ် ပြုထားတဲ့ ကလန် တစ်ခုပါပဲ။ အဲသည်အတွက် စုဟိုဟာ သူ့ရဲ့စိတ်ကို တင်းထား လိုက်ပါတယ်။
" မင်းလို သာမန်မြို့လေး တစ်ခုက ကလန်ခေါင်းဆောင်က ငါ့ကို သည်လို ပြောရဲတယ်ပေါ့လေ "
တောင်ပိုင်း တောအုပ် သိုင်းတက္ကသိုလ် ကျောင်းအုပ်ကြီးရဲ့ သီးသန့်တပည့်ဆိုတဲ့ ဂုဏ်ပုဒ် မရှိရင်တောင်မှ လီဖူချန်းဟာ စုကလန်နဲ့ စုဟိုကို မကြောက်ပါဘူး။ သည်ကမ္ဘာကြီးက အစွမ်းရှိသူတွေကို တန်ဖိုးထားတဲ့ နေရာတစ်ခုပါ။ လီဖူချန်းအနေနဲ့ စုဟိုကို မသတ်သေးသရွေ့ ခရမ်းပန်း နိုင်ငံတော်ရဲ့ အုပ်ချုပ်ရေးပိုင်းက တာဝန်ရှိသူတွေက သူ့ကိုလာပြီး အရေးယူမှာ မဟုတ်ပါဘူး။
ပြီးတော့ ခရမ်းပန်းနိုင်ငံတော်မှာက မြို့စားကလန်တွေ မရေမတွက် နိုင်အောင် ရှိပါတယ်။ မြို့စားကလန် တစ်ခုနဲ့ ပြဿနာတက်တိုင်း အရေးယူကြေးဟေ့ ဆိုရင်တော့ ခရမ်းရောင်ပန်း နိုင်ငံတော်ရဲ့ တာဝန်ရှိသူတွေဟာ အိပ်ဖို့အချိန်တောင် ရှိမှာ မဟုတ်ပါဘူး။
မြို့စားကလန် တစ်ခုဖြစ်တဲ့ စုကလန်က ရေစီးကြောင်းမြို့မှာ မင်းမူလို့ ရချင် ရပါမယ်။ ဒါပေမဲ့ သူတို့က လီဖူချန်း အပေါ်မှာတော့ ဘာမှ အာဏာပြလို့ရမှာ မဟုတ်ပါဘူး။ ဘာဖြစ်လို့လည်း ဆိုတော့ သူက ရေစီးကြောင်းမြို့က မဟုတ်လို့ပါပဲ။
" မိုက်ရိုင်းလိုက်တဲ့ကောင် "
စုဟိုကတော့ ဒေါသအကြီးအကျယ် ထွက်သွားခဲ့ပါပြီ။ သူက ချက်ချင်း သူ့ရဲ့ ချီအရှိန်အဝါ၊ အတွင်းအား စက်ကွင်းနဲ့ ချီအတွင်းအား ဆန္ဒတွေကို ထုတ်ပြီး လီဖူချန်းကို ဖိနှိပ်ပစ်လိုက်ပါတယ်။
" မိုက်ရိုင်းတာက ငါမဟုတ်ဘူး။ မင်းကမှ မိုက်ရိုင်းနေတာ။ သူများတွေ့ထားတဲ့ လန်ရှီးသတ္တုတွင်းကို အပိုင်စီးချင်ရအောင် မင်းကိုယ်မင်း ဘာထင်နေတာလည်း "
လီဖူချန်းကလည်း ငြိမ်ခံမနေပါဘူး။ သူက ဆင်နဂါးစွမ်းအားကို အသက်သွင်း လိုက်ပြီး မဟာဆင်ဝိညာဉ်ကို ဖော်ထုတ်ကာ စုဟိုရဲ့ ဖိနှိပ်မှုတွေကို ပြန်တွန်းထုတ် လိုက်ပါတယ်။ မဟာဆင်ဝိညာဉ်ရဲ့ အရှိန်အဝါကြောင့် စုဟိုဟာ တစ်ကိုယ်လုံး တဆတ်ဆတ် တုန်ယင်နေခဲ့ပါပြီ။
" ကြောက်ဖို့ကောင်းလိုက်တဲ့ စွမ်းအား "
ဘိုးဘေးကြီးလျိုကတော့ မနေနိုင်တော့ဘဲ လီဖူချန်းကို ချီးကျူးမိလိုက်ပါတယ်။ လီဖူချန်းရဲ့ ချီအရှိန်အဝါဟာ သည်လောက် အားကောင်းလိမ့်မယ်လို့ သူတစ်ခါမှ မထင်ထားခဲ့ပါဘူး။
" ဒါမှ တကယ့်လီဖူချန်း "
လျိုယန်ကတော့ လီဖူချန်းရဲ့ အကြောင်းကို ကောင်းကောင်းကြီး သိထားပါတယ်။ လီဖူချန်းရဲ့ ချီအပြင်အား ကျင့်ကြံမှုဟာ ချီအတွင်းအား ကျင့်ကြံမှုထက် နိမ့်ကျခြင်း လုံးဝ မရှိပါဘူး။ သူသိထားသလောက် ဆိုရင်တော့ လီဖူချန်းရဲ့ ချီအပြင်အားက ချီအတွင်းအားထက်တောင် ပိုကောင်းပါသေးတယ်။
" နေမင်းဇောအဟုန် လည်ပတ်စမ်း "
လီဖူချန်းကတော့ မဟာဆင်ဝိညာဉ်နဲ့တင် မကျေနပ်သေးတဲ့ ပုံပါပဲ။ သူက နေမင်းဇောအဟုန် နတ်ဘုရား ကျင့်စဉ်ကို အသက်သွင်းလိုက်ပြီး မီးလျှံစွမ်းအားတွေကိုပါ ထုတ်သုံး လိုက်ပါသေးတယ်။
ဟူး ... ဟူး ... ဟူး ...
ပတ်ဝန်းကျင်တစ်ခုလုံးကတော့ မီးလောင်ပြင်ထဲ ရောက်နေသကဲ့သို့ ပူလောင် သွားခဲ့ပါပြီ။ တစ်ချိန်တည်း လိုလိုမှာပဲ အားကောင်းလှတဲ့ နောက်ထပ်ချီအရှိန်အဝါတစ်ခုဟာ ထွက်ပေါ်လာပြီး စုဟိုကို ဖိနှိပ်လိုက်ပြန်ပါတယ်။ သည်ချီအရှိန်အဝါက မဟာဆင်ဝိညာဉ်ထက် ဘယ်နေရာမှာမှ အားနည်းနေခြင်း မရှိပါဘူး။
စုဟိုက မဟာဆင်ဝိညာဉ်ရဲ့ ဖိနှိပ်မှုနဲ့တင် အခြေအနေ အတော်လေး ဆိုးနေတာပါ။ နောက်ထပ် ချီအရှိန်အဝါ တစ်ခု ပေါ်လာပြီး သူ့ကို ဖိနှိပ်လိုက်တဲ့ အခါမှာတော့ စုဟိုဟာ ဘယ်လိုမှ တောင့်မခံ နိုင်တော့ပါဘူး။ သူ့ရဲ့ မျက်နှာကတော့ စက္ကူဖြူတစ်ရွက်လို ဖြူဖွေး နေခဲ့ပါပြီ။
" ချီအတွင်းအားကော ခန္ဓာကိုယ် အပြင်အားပါ ကျင့်ကြံတဲ့သူလား "
စုဟိုက လီဖူချန်းကို မယုံနိုင်သလို ကြည့်လိုက်ပါတယ်။
ကျင့်ကြံမှု နှစ်မျိုးစလုံးကို လျှောက်လှမ်းနေတဲ့သူ။ ပြီးတော့ နှစ်မျိုးစလုံးကလည်း ပြန်လည် ဝင်စားခြင်း နယ်ပယ်မှာ ရောက်ရှိနေသေးတယ်။ စုဟိုရဲ့ ဘဝမှာ သည်လောက် ပါရမီကောင်းတဲ့ ထွဋ်ခေါင် ပါရမီရှင် တစ်ယောက်ကို တစ်ခါမှ မတွေ့ဖူးပါဘူး။
" ငါသူ့ကို ချီအရှိန်အဝါပိုင်းမှာ မယှဉ်နိုင်ပေမယ့်လည်း တကယ်တိုက်ရင်တော့ နိုင်မှာပဲ "
စုဟိုက သူ့ကိုယ်သူ ပြန်အားပေး လိုက်ပါတယ်။
သူက မြေကမ္ဘာအဆင့်နိမ့် သိုင်းပညာရပ်တစ်ခုဖြစ်တဲ့ ရွှေရောင် တိမ်လက်ဝါးကို တစ်ဖက်ကမ်းခတ် တတ်မြောက်တဲ့ အဆင့်အထိ လေ့ကျင့်ထားပြီးပါပြီ။ အဲသည်အတွက် သူ့ရဲ့ အစွမ်းဟာ မဟူရာတောင် နတ်ဆိုး အဘိုးအိုထက် တစ်ဆင့်မြင့်တယ်လို့ မှတ်ယူနိုင်ပါတယ်။
"သွားစမ်း "
ထို့နောက်မှာတော့ စုဟိုဟာ ရွှေရောင် တိမ်လက်ဝါးသိုင်းကို အသုံးပြုပြီး လီဖူချန်းကို ရိုက်ပစ် လိုက်ပါတယ်။
"နေမင်းဇောအဟုန် နတ်ဘုရားလက်ဝါး "
လီဖူချန်းကလည်း လုံးဝ နောက်မဆုတ်ပါဘူး။ သူက စုဟိုရဲ့ လက်ဝါးကို ထိပ်တိုက်ရင်ဆိုင် လိုက်ပါတယ်။
" မကောင်းတော့ဘူး "
ဘိုးဘေးကြီးလျိုက အလျင်အမြန် အကာအကွယ် အစီအရင်ကို အသက်သွင်းပြီး လီဖူချန်းနဲ့ စုဟိုကို လွှမ်းခြုံ စေလိုက်ပါပြီ။
ဒါက ပြန်လည် ဝင်စားခြင်းနယ်ပယ် ပညာရှင်နှစ်ယောက်ရဲ့ တိုက်ပွဲပါ။ သည်တိုက်ပွဲက လျိုကလန်ရဲ့ အဆောက်အဦတွေကို ရစရာမရှိအောင် ပျက်စီး သွားစေနိုင်ပါတယ်။
ဝုန်း ...
ပေါက်ကွဲသံကြီး တစ်ခုနဲ့အတူ ရောင်စဉ်အလင်းတန်းတွေ ဖြာထွက်လာပြီး စုဟိုဟာ လွင့်ထွက် သွားခဲ့ပါပြီ။ လီဖူချန်းရဲ့ လက်ဝါးရိုက်ချက်က ဘယ်လောက်အထိ ပြင်းလည်းတော့ မသိပါဘူး။ စုဟိုဟာ လျိုကလန်ရဲ့ အကာအကွယ် အစီအရင်ကို ဖြတ်ပြီး လျိုကလန် အပြင်ဘက် အထိတောင် လွင့်ထွက် သွားပါတယ်။
လီဖူချန်းကတော့ ခန္ဓာကိုယ်တစ်ချက် တုန်သွားရုံကလွဲပြီး ဘာမှထွေထွေထူးထူး မဖြစ်ခဲ့ပါဘူး။
ဒါက ခန္ဓာကိုယ်ကို သန့်စင်ထားခြင်းရဲ့ အကျိုးကျေးဇူးပါပဲ။ လီဖူချန်းရဲ့ ခန္ဓာကိုယ်က တော်ရုံတန်ရုံ စွမ်းအား ရိုက်ခတ်မှုလောက်ကိုတော့ ဂရုကို မစိုက်ပါဘူး။
အစောပိုင်းက လက်ဝါးရိုက်ချက်မှာဆိုရင် နှစ်ယောက်စလုံးရဲ့ ပြင်းအားက အတူတူပါပဲ။ ဒါပေမဲ့ လီဖူချန်းက ခန္ဓာကိုယ် အပြင်အားကို ကျင့်ကြံထားတဲ့အတွက် ခံနိုင်ရည်ပိုင်းမှာ စုဟိုထက် အသာကြီး သာသွားခဲ့ပါတယ်။
ဝှစ် ...
ခန္ဓာကိုယ်တစ်ချက် လှုပ်လိုက်တဲ့အခါမှာတော့ လီဖူချန်းဟာ လျိုကလန်ရဲ့ အပြင်ဘက်ကို ရောက်သွားခဲ့ပါပြီ။
စုယိုကတော့ သူ့ရဲ့ အတွင်းအား လည်ပတ်မှုတွေနဲ့ သွေးလည်ပတ်မှုတွေကို နဂိုအတိုင်း အစီအစဉ် တကျ ဖြစ်သွားအောင် ကြိုးစားလုပ်ဆောင် နေရဆဲပါပဲ။ လီဖူချန်းနဲ့ လက်ဝါးချင်း ယှဉ်ရိုက်လိုက်တာက သူ့ရဲ့ အတွင်းအားလည်ပတ်မှုနဲ့ သွေးလည်မှုတွေကို ကမောက်ကမ ဖြစ်သွားစေခဲ့ပါတယ်။
အမှန်အတိုင်း ပြောရမယ်ဆိုရင်တော့ အစောပိုင်းက သူ့ရဲ့လက်ဝါးရိုက်ချက် ပြင်းအားဟာ လီဖူချန်းထက် ဘယ်နေရာမှာမှ နိမ့်ကျခြင်း မရှိပါဘူး။ ဒါပေမဲ့ သူက လီဖူချန်းလို ခန္ဓာကိုယ် အပြင်အားကို လေ့ကျင့်ထားခြင်း မရှိတဲ့အတွက် တန်ပြန်ရိုက်ခတ်လာတဲ့ စွမ်းအင်လှိုင်းတွေကို တောင့်မခံနိုင်ဘဲ ရုပ်ပျက်ဆင်းပျက် လွင့်ထွက် သွားခဲ့ရတာပါ။
တကယ်လို့သာ သူ့အနေနဲ့ မြေကမ္ဘာအဆင့်နိမ့် လက်အိတ်ကို ဝတ်ဆင် မထားလို့ကတော့ အစောပိုင်းက လက်ဝါးချင်း ယှဉ်ရိုက်မှုကြောင့် ့သူ့ရဲ့လက်ဝါးဟာ စုတ်ပြတ်သတ်သွားနိုင်ပါတယ်။
ဒါပေမဲ့ စုဟိုမသိတာက လီဖူချန်းကလည်း မြေကမ္ဘာအဆင့်နိမ့် လက်အိတ်ကို ဝတ်ဆင်ထားတယ် ဆိုတာပါပဲ။
လီဖူချန်းရဲ့ လက်အိတ်ကတော့ မဟူရာတောင် နတ်ဆိုး အဘိုးအိုဆီကနေ ချွတ်ယူထားခဲ့တာပါ။ သူက ဓားသမားတစ်ယောက် ဖြစ်တဲ့အတွက် အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး ၂၀၀၀လောက် ပေးရတဲ့ လက်အိတ်တွေကို ဝယ်စရာ အကြောင်းမရှိပါဘူး။
" ကလန်ခေါင်ဆောင်စု ... ။ ခင်ဗျားတို့ စုကလန်က ရေစီးကြောင်းမြို့ကို အပိုင်စားရထားချင် ရထားမယ်။ ဒါပေမဲ့ ခင်ဗျားတို့က ကျုပ်ကို ပြဿနာ ရှာချင်လို့တော့ မရဘူး။ပြီးတော့ ကျုပ်က တောင်ပိုင်းတောအုပ် သိုင်းတက္ကသိုလ် ကျောင်းအုပ်ကြီးရဲ့ သီးသန့်ကျောင်းသားလည်း ဖြစ်တယ်။ ဘယ်လိုလဲ ... ခင်ဗျားအနေနဲ့ တိုက်ပွဲကို ဆက်တိုက်ချင်စိတ် ရှိသေးလား ... ။ ခင်ဗျားက ဆက်တိုက်ချင်တယ် ဆိုရင်လည်း ကျုပ်က ငြင်းမှာ မဟုတ်ဘူးနော် "
ရွှမ်း ...
လီဖူချန်းက စကားပြောနေရင်းနဲ့ သူ့ရဲ့ သွေးနီရောင်ဓားကို ဆွဲထုတ်လိုက်ပါတယ်။
လက်ဝါးချင်း ယှဉ်ရိုက်တဲ့အခါမှာတော့ သူဟာ စုဟိုနဲ့ လက်ရည်ညီရင် ညီနေပါလိမ့်မယ်။ ဒါပေမဲ့ ဓားထုတ်လိုက်ရင်တော့ စုဟိုဟာ သူ့ကို လက်ရည်တူ တိုက်နိုင်တော့မှာ မဟုတ်ပါဘူး။ ဓားသိုင်းဆိုတာက လီဖူချန်းရဲ့ အကျွမ်းကျင်ဆုံး ပညာရပ်ပင် မဟုတ်ပါလား။
လီဖူချန်းရဲ့ လက်ရှိအစွမ်းက အရှေ့ယူနီကွန်းတိုက်ကို ပြန်ရင်တောင်မှ လက်ရွေးစင် ထိပ်သီးပညာရှင် တစ်ယောက် အဖြစ် သတ်မှတ်ခံရဖို့ သေချာနေပါပြီ။ဒါပေမဲ့ သူက အရှေ့ယူနီကွန်း တိုက်ကြီး တစ်ခုလုံးကို လွှမ်းမိုးနိုင်ဖို့ အစွမ်းမလုံလောက်သေး သရွေ့ မပြန်ဘူးလို့ ဆုံးဖြတ်ထားပါတယ်။
အမှန်အတိုင်း ပြောရမယ်ဆိုရင်တော့ စုဟိုရဲ့ အစွမ်းဟာ သာမန် အဆင့်၈ ပြန်လည် ဝင်စားခြင်း နယ်ပယ် ပညာရှင်တစ်ယောက်နဲ့ ညီမျှပါတယ်။ လီဖူချန်းအနေနဲ့ စုဟိုကို အနိုင်ယူနိုင်ဖို့ ယုံကြည်မှု အပြည့်ရှိပေမယ့်လည်း ရှင်းတိကောဝမ်ကို အနိုင်ယူနိုင်ဖို့အတွက်တော့ ယုံကြည်မှု မရှိသေးပါဘူး။
ရှင်းတိကောဝမ်က ပြန်လည်ဝင်စားခြင်း နယ်ပယ် အထွတ်အထိပ်ကို ရောက်နေပါပြီ။ ပြီးတော့ မြေကမ္ဘာ အဆင့်နိမ့် ပညာရပ်တွေကိုလည်း လေ့ကျင့်ထားသူ တစ်ယောက်ပါ။ ဒါတောင်မှ အပေါ်ယံ သူသိထားတာပဲ ရှိပါသေးတယ်။ ရှင်းတိကောဝမ်ဆီမှာ ဝှက်ဖဲတွေ ဘယ်လောက် ရှိနေမလည်း ဆိုတာကို ဘယ်သူမှ မသိနိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အရှေ့ယူနီကွန်းတိုက်က ပညာရှင်တွေဟာ ရှင်းတိကောဝမ် ဝှက်ဖဲတွေ ထုတ်သုံးတဲ့ အထိ ဖိအားပေးနိုင်ခြင်း မရှိလို့ပါပဲ။
ပြီးတော့ ရှင်းတိကောဝမ် အပြင် နတ်ဆိုး၁၀ပါးနယ်မြေက ခေါင်းဆောင်တွေ၊ အဆင့်၅ မိစ္ဆာတွေ၊ ထိပ်တန်းဂိုဏ်းကြီး ၁၀ဂိုဏ်းက အထွတ်ခေါင်ချုပ် အကြီးအကဲတွေ၊ ရှင်းတိကောဝမ်ရဲ့ ဘယ်လက်ရုံး သွေးဘိုးဘိုးကြီးနဲ့ ညာလက်ရုံး ယင်အဘိုးအိုတို့လည်း ရှိနေပါသေးတယ်။
အဲဒါကြောင့် လီဖူချန်းက အရှေ့ယူနီကွန်းတိုက်ကို ပြန်ဖို့ မစဉ်းစားသေးတာပါ။ သူက အဲသည် ပုဂ္ဂိုလ်အားလုံးကို အနိုင်ယူနိုင်ပြီဆိုတာ သေချာမှသာ အရှေ့ယူနီကွန်း တိုက်ကို ပြန်မှာ ဖြစ်ပါတယ်။
" အိုး ... သည်က သခင်လေးက တောင်ပိုင်းတောအုပ် သိုင်းတက္ကသိုလ် ကျောင်းအုပ်ကြီးရဲ့ သီးသန့် တပည့်လား။ အားနာစရာတွေတော့ ဖြစ်ကုန်ပါပြီဗျာ။ တောင်းပန်ပါတယ် ... တောင်းပန်ပါတယ်။ ဦးအနေနဲ့ သခင်လေးအပေါ်မှာ ရိုင်းသွားမိတာ ရှိရင် ခွင့်လွှတ်ပေးပါဦး။ ဒါက နားလည်မှု လွဲမှားသွားတာပါ "
လီဖူချန်းရဲ့ စကားကို ကြားပြီးတဲ့အခါမှာတော့ စုဟိုရဲ့ လေသံနဲ့ အမူအရာဟာ ချက်ချင်း ပြောင်းသွားခဲ့ပါပြီ။ သူက လီဖူချန်းကို ထပ်တလဲလဲ တောင်းပန်ပါတော့တယ်။
သူက လီဖူချန်းရဲ့ နောက်ခံအင်အား တောင့်မယ်ဆိုတာ ရိပ်စားမိခဲ့ပေမယ့်လည်း သည်လောက်အထိ တောင့်လိမ့်မယ်လို့ မထင်ခဲ့မိပါဘူး။
တောင်ပိုင်းတောအုပ် သိုင်းတက္ကသိုလ်ရဲ့ ကျောင်းအုပ်ကြီးဆိုတာက ဆရာသခင် စာရင်းဝင် တစ်ယောက်ပါ။ သူ့ရဲ့ လက်ညှိုးလေး တစ်ချောင်းနဲ့တင် စုကလန်ကို မြေလှန်ပစ်လို့ ရပါတယ်။
" ကလန်ခေါင်းဆောင်စု ... ။ ကျွန်တော်တို့ရဲ့ ကိစ္စကို အထဲမှာ သွားဆွေးနွေး ကြရအောင်။ စိတ်မပူပါနဲ့ ... ။ သူရဲကောင်းလေးလီက အစောပိုင်းက ကိစ္စကို စိတ်ထဲမှာ ထားမှာ မဟုတ်ပါဘူး "
လျိုကျန်းကတော့ တကယ့်ကို ပါးရေနပ်ရေ ရှိတဲ့သူပါပဲ။ သူက ပြဿနာတစ်ခုကို ဖြေရှင်းဖို့အတွက် အချိန်ကောင်းကို ကောင်းကောင်းကြီး သိပါတယ်။
" အင်း "
လျိုကလန်ဆီမှာ သည်လောက်အားကောင်းတဲ့ ကျောထောက်နောက်ခံ ရှိနေတာကို သိပြီးတော့ နောက်မှာတော့ စုဟိုဟာ အရင်လို ကိန်းကြီးခန်းကြီး မလုပ်နိုင်တော့ပါဘူး။ သူက လျိုကလန်ရဲ့ စေ့စပ်ညှိနှုင်းဖို့ ဖိတ်ခေါ်တာကို အသာတကြည်ပဲ လက်ခံလိုက်ပါတော့တယ်။
***