← Chapters

အတွင်းစည်းတက္ကသိုလ်

Vol. 30 Ch. 404

အတွင်းစည်းတက္ကသိုလ်

Vol. 30 Ch. 404

အရာရာဟာ စုကလန်ရဲ့  အစီအစဉ်အတိုင်း မဖြစ်ခဲ့ပါဘူး။ ဒါပေမဲ့လည်း စုဟိုဟာ လျိုကလန်ကနေပြီး ရနိုင်သလောက် တောင်းဆိုသွားခဲ့ပါတယ်။

ညှိနှိုင်းဆွေးနွေးမှု အရဆိုရင်တော့ လျိုကလန်ဟာ စုကလန်ကို သူတို့သိမ်းပိုက်ထားတဲ့ ကျန်းကလန်ရဲ့ လန်ရှီးသတ္တုတွင်း လွှဲပေးရမှာပါ။ပြီးတော့ နစ်နာကြေး အဖြစ် လျိုကလန်က စုကလန်ကို အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၁၀၀၀၀ ပေးရဦးမှာ ဖြစ်ပါတယ်။

ဒါက လျိုကလန် အတွက် အတော်လေး နစ်နာစရာပါပဲ။ ဒါပေမဲ့ လျိုကလန်ရဲ့ အကြီးအကဲတွေ ကတော့ အဲသည်ကိစ္စကို နစ်နာတယ်လို့ မတွေးကြပါဘူး။  သူတို့က စုကလန် တောင်းဆိုတာကို ပျော်ပျော်ကြီးတောင် သဘောတူ လိုက်ပါသေးတယ်။

သူတို့အသစ်တွေ့ရှိထားတဲ့ လန်ရှီးသတ္တုတွင်းက  လျိုကလန်ရဲ့ အရင်းအမြစ် ဖြစ်လာတော့မှာ မဟုတ်ပါလား။ လျိုကလန် အတွက်ကတော့ သည်လန်ရှီး သတ္တုတွင်းကို တရားဝင် ပိုင်ဆိုင်ခွင့် ရလိုက်တာနဲ့တင် လုံးဝ တန်နေခဲ့ပါပြီ။

လီဖူချန်းနဲ့ လျိုယန်ကတော့  လျိုကလန် ချက်ချင်း မထွက်သွားခဲ့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ လီဖူချန်းက သူ့ရဲ့နေမင်းဇော အဟုန် နတ်ဘုရားကျင့်စဉ်ကို အဆင့်၂၄ ရောက်အောင် ကျင့်ကြံနေလို့ပါပဲ။

အချိန်သုံးရက် ...

လီဖူချန်းက နေမင်းဇောအဟုန် နတ်ဘုရားကျင့်စဉ် အဆင့်၂၃ကနေ အဆင့်၂၄ကို ရောက်ဖို့ အတက် အချိန်သုံးရက်သာ ယူခဲ့ပါတယ်။

သုံးရက်ကြာပြီးတဲ့ နောက်မှာတော့ လီဖူချန်းက နေမင်းဇောအဟုန် နတ်ဘုရားကကျင့်စဉ် အဆင့်၂၄ကို ရောက်သွားခဲ့ပါပြီ။

ပြန်လည်ဝင်စားခြင်းနယ်ပယ် ပညာရှင်ဖြစ်သွားတဲ့ လီဖူချန်းဟာ သူ့ရဲ့ အစွမ်းတွေတင် တိုးတက် တာ မဟုတ်ဘဲ  အတွင်းအားကျင့်စဉ် ကျင့်ကြံမှုအပိုင်းမှာပါ မြန်ဆန် လာခဲ့ပါတယ်။

အတွင်းအားကျင့်စဉ်တွေကိုတော့ အဝါရောင်၊ ဆန်းကြယ်၊ မြေကမ္ဘာနဲ့  ကောင်းကင် အဆင့်ဆိုပြီး ၄မျိုး ခွဲထားတာပါ။

အဆင့်တစ်ဆင့်ဟာ နယ်ပယ်၂ခု နဲ့ သက်ဆိုင်ပါတယ်။

အဝါရောင်အဆင့် အတွင်းအား ကျင့်စဉ်တွေဟာ လူသားနယ်ပယ်နဲ့  စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ်နဲ့ သာလျှင် သက်ဆိုင်ပါတယ်။

ဆန်းကြယ်အဆင့် အတွင်းအား ကျင့်စဉ်တွေကတော့ မြေကမ္ဘာနယ်ပယ်နဲ့ ကောင်းကင် နယ်ပယ်နဲ့ သက်ဆိုင်ပါတယ်။

မြေကမ္ဆာအဆင့် အတွင်းအား ကျင့်စဉ်တွေကတော့ ပြန်လည် ဝင်စားခြင်းနယ်နဲ့ တိုက်ပွဲဝိညာဉ် နယ်ပယ် အတွက်ပါပဲ။

ကောင်းကင်အဆင့် အတွင်းအား ကျင့်စဉ်တွေကတော့ မူလပင်လယ်နယ်ပယ်နဲ့  သူ့အထက်က နယ်ပယ်တွေ အတွက် ဖြစ်ပါတယ်။

ဒါပေမဲ့လည်း လီဖူချန်းကတော့ သူမတူတဲ့ ထိုးထွင်းသိမြင်မှုကို ပိုင်ဆိုင်ထားတဲ့အတွက် ကျင့်ကြံခြင်း အဆင့်တူတွေ ထက်ကို တစ်ပန်း သာနေပါပြီ။

သူက ပြန်လည် ဝင်စားခြင်းနယ်ပယ် အဆင့်၁နဲ့တင် နေမင်းဇောအဟုန်  နတ်ဘုရားကျင့်စဉ်ရဲ့ အဆင့်၂၄အထိ ရောက်အာင် လေ့ကျင့်ထားနိုင်ခဲ့သူ တစ်ယောက်ပါ။ အဲသည်အတွက် လီဖူချန်းရဲ့ ချီအတွင်းအား အရည်အသွေးဟာ  ပြန်လည်ဝင်စားခြင်း နယ်ပယ် အဆင့်၄ ပညာရှင်တွေထက် နိမ့်ကျခြင်း မရှိပါဘူး။

အဲဒါက လီဖူချန်းဟာ သာမန် အဆင့်၄ ပြန်လည် ဝင်စားခြင်းနယ်ပယ် ပညာရှင်တစ်ယောက်ကို သူ့ရဲ့ ချီအတွင်းအား သက်သက်နဲ့တင် အနိုင်ယူနိုင်တယ်ဆိုတဲ့ အဓိပါ္ပယ်ပါပဲ။

ဒါပေမဲ့လည်း သည်တိုက်ကြီးမှာတော့  သာမန် ပြန်လည် ဝင်စားခြင်းနယ်ပယ် ပညာရှင်တွေ သိပ်ရှိလောက်မှာ မဟုတ်ဘူးဆိုတာကို လီဖူချန်း ရိပ်မိပါတယ်။

ရောင်စဉ်ခုနစ်ဖြာ တိုက်ကြီးဆိုတာက အရှေ့ယူနီကွန်းတိုက် မဟုတ်ပါဘူး။ သည်နေရာမှာက မြေကမ္ဘာအဆင့် ပညာရပ်တွေ ပေါများလွန်း လှပါတယ်။  အပြင်လောကမှာ ကျင်လည်ကျက်စားနေတဲ့ ပြန်လည် ဝင်စားခြင်းနယ်ပယ် ပညာရှင် တစ်ယောက်ဟာ ကံလေးနည်းနည်း ကောင်းလိုက်တာနဲ့  မြေကမ္ဘာအဆင့် ပညာရပ်တစ်ခုကို လေ့ကျင့်ခွင့်ရမှာ အသေအချာပါပဲ။

ဥပမာအားဖြင့် မဟူရာတောင် နတ်ဆိုးအဘိုးအိုပေါ့။ သူက အပြင်လောကမှာ ကျင်လည် ကျက်စားတဲ့ ပညာရှင် တစ်ယောက် ဖြစ်ပေမယ့်လည်း မြေကမ္ဘာအဆင့်နိမ့် မိစ္ဆာတာအို အတွင်းအား ကျင့်စဉ် ဖြစ်တဲ့  လေမိစ္ဆာ နတ်ဘုရားကျင့်စဉ်ကို ကျင့်ကြံနိုင်ခဲ့တာပင် မဟုတ်ပါလား။

အချက်အလက်နဲ့ တိတိကျကျ ပြောရမယ် ဆိုရင်တော့ ရောင်စဉ်ခုနစ်ဖြာ တိုက်ကြီးမှာရှိတဲ့  ပြန်လည် ဝင်စားခြင်း နယ်ပယ် အဆင်မြင့်ပိုင်းက ပညာရှင် အကုန်လုံးနီးပါးဟာ မြေကမ္ဘာအဆင့်  အတွင်းအား ကျင့်စဉ်တွေကို ကျင့်ကြံထားကြသူတွေပါပဲ။

ပြီးတော့ ရောင်စဉ်ခုနစ်ဖြာ တိုက်ကြီးမှာ ရှိတဲ့ ပြန်လည် ဝင်စားခြင်းနယ်ပယ် အများစုဟာ ကြယ်၄ပွင့် အရိုးတည်ဆောက်ပုံသာ ရှိကြပါတယ်။ သူတို့တွေကတော့  မြေကမ္ဘာအဆင့် အတွင်းအား ကျင့်စဉ်တွေနဲ့ တောင်မှ  ပြန်လည်ဝင်စားခြင်းနယ်ပယ် အဆင့်မြင့်ပိုင်းကို မရောက်နိုင်ကြပါဘူး။ သူတို့တွေဟာ ရောင်စဉ်ခုနစ်ဖြာ တိုက်ကြီးရဲ့ ပတ်ဝန်းကျင် အခြေအနေကြောင့်သာ ပြန်လည်ဝင်စားခြင်း နယ်ပယ်ကို ချိုးဖောက် ဝင်ရောက် နိုင်ခဲ့ကြတာ ဖြစ်ပါတယ်။

အရှေ့ယူနီကွန်းတိုက်ကတော့ အဲသည်လို မဟုတ်ပါဘူး။ အရှေ့ယူနီကွန်းတိုက် ကျင့်ကြံသူတွေဟာ အနည်းဆုံး ကြယ်၅ပွင့် အရိုးတည်ဆောက်ပုံကို ပိုင်ဆိုင်ထားမှ  ပြန်လည်ဝင်စားခြင်း နယ်ပယ်ကို ချိုးဖောက် ဝင်ရောက် နိုင်တာပါ။ ပြောရမယ်ဆိုရင်တော့ အရှေ့ယူနီကွန်းတိုက်က ပြန်လည်ဝင်စားခြင်း နယ်ပယ် ပညာရှင်တွေဟာ ပါရမီရှင်တွေပါပဲ။  တကယ်လို့ သူတို့မှာသာ မြေကမ္ဘာအဆင့် အတွင်းအား ကျင့်စဉ်တွေနဲ့  ကောင်းမွန်တဲ့ ပတ်ဝန်းကျင်တစ်ခု ရှိနေလို့ကတော့ အကုန်လုံးနီးပါးဟာ   တိုက်ပွဲဝိညာဉ် နယ်ပယ် ပညာရှင်တွေ ဖြစ်နေလောက်ပါပြီ။

နေမင်းဇောအဟုန် နတ်ဘုရားအတွင်းအားကျင့်စဉ်ရဲ့ အဆင့်၂၄ကို ရောက်အပြီးမှာတော့ လီဖူချန်းရဲ့  ခန္ဓာကိုယ် ချီအပြင်အား  အခြေခံအုတ်မြစ်နဲ့ ချီအတွင်းအား အခြေခံအုတ်မြစ်ဟာ သိပ်မကွာတော့ပါဘူး။

နှစ်ခုစလုံးဟာ ပြန်လည်ဝင်စားခြင်းနယ်ပယ် အဆင့်၄ နဲ့ ယှဉ်လို့ရနေပါပြီ။

ဒါပေမဲ့ လီဖူချန်းမှာက ချီအတွင်းအားနဲ့ တွဲသုံးပြီး သူ့ရဲ့အစွမ်းကို မြှင့်တင်ပေးနိုင်တဲ့  အရာတွေ အများကြီး ရှိနေပါတယ်။ ဥပမာအားဖြင့် လက်ဝါးသိုင်း၊ဓားသိုင်း၊ မီးလျှံ အရိုးတည်ဆောက်ပုံ၊ မီးလျှံစွမ်းအား စသဖြင့်ပေါ့။ ယုတ်စွအဆုံး ပြောင်းလဲခြင်းကိုးပါး ခရမ်းရောင်ချီ နတ်ဘုရား  အတွင်းအား အင်းကွက်နဲ့  ကောင်းကင်ပျက်သုဉ်းခြင်း  ဓားအင်းကွက်တို့တောင်မှ  သူ့ရဲ့အစွမ်းကို အများကြီး မြှင့်တင်ပေးနိုင်ပါတယ်။

ခန္ဓာကိုယ်အပြင်အား ကျင့်ကြံခြင်းဘက်မှာတော့ လီဖူချန်းအနေနဲ့  များများစားစား ရွေးချယ်စရာ မရှိပါဘူး။ ရွေးချယ်စရာကို မရှိတာလို့ ပြောရင် ပိုမှန်ပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ သူက ခန္ဓာကိုယ်အပြင်အား နဲ့ တွဲသုံးဖို့အတွက်  သတ္တုရိုး လက်သီးသိုင်းတစ်ခု တတ်မြောက်ထားလို့ပါပဲ။ ပြီးတော့ သတ္တုရိုး လက်သီးသိုင်းက ဆန်းကြယ်အဆင့်မြင့် လက်သီးသိုင်းသာ ဖြစ်ပါတယ်။

" ငါ သိုင်းတက္ကသိုလ်ကို ပြန်ရောက်ရင်တော့ ငါ့ရဲ့ ခန္ဓာကိုယ် အပြင်အား ကျင့်ကြံခြင်းအတွက် အသုံးဝင်မယ့် သိုင်းကျမ်း တစ်အုပ်လောက်   ရှိမလားဆိုပြီး ဆရာ့ကို မေးကြည့်ဦးမှ  "

လီဖူချန်းက ကျောင်းအုပ်ကြီးရဲ့ သီးသန့်တပည့် ဖြစ်ရင် ဖြစ်နေပါမယ်။ ဒါပေမဲ့  သူဟာ  အဲသည်တုန်းက  အပြင်စည်း တက္ကသိုလ်ကျောင်းသား အဆင့်မှာပဲ ရှိနေပါသေးတယ်။ အဲသည်အတွက် သူက  ကျောင်းအုပ်ကြီးဆီကနေ နောက်ထပ် အခွင့်အရေးယူလို့ မသင့်လျော်ပါဘူး။

ဒါပေမဲ့ သည်တစ်ခါ သိုင်းတက္ကသိုလ်ကို ပြန်ရောက်ရင်တော့ သူဟာ အတွင်းစည်း တက္ကသိုလ် ကျောင်းသား ဖြစ်တော့မှာပါ။ အတွင်းစည်းကျောင်းသား ဖြစ်သွားရင်တော့ လီဖူချန်းဟာ သူ့ဆရာဆီကနေ ဆန်းကြယ်အထွတ်အထိပ် သိုင်းကျမ်း တစ်အုပ်လောက် တောင်းဖို့ သင့်လျော်သွားပါပြီ။

သူက သူ့ဆရာဆီကနေ မြေကမ္ဘာအဆင့် ခန္ခာကိုယ်အပြင်အား သိုင်းကျမ်းတော့ တောင်းဖို့ မစဉ်းစားထားပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူက  တောင်ပိုင်းတောအုပ် သိုင်းတက္ကသိုလ်မှာ မြေကမ္ဘာအဆင့်  အပြင်အား သိုင်းပညာရပ် ရှိလား၊ မရှိလားဆိုတာ သေချာ မသိလို့ပါပဲ။

ခန္ဓာကိုယ်အပြင်အား ကျင့်စဉ်အတွက်တော့ လီဖူချန်းအနေနဲ့ ပူစရာ မလိုသေးပါဘူး။ သူ့ရဲ့ ဆင်နဂါးခန္ဓာကိုယ် သွန်းလောင်းခြင်း ပညာရပ်က မြေကမ္ဘာအဆင့်မြင့် ခန္ဓာကိုယ်အပြင်အား ပညာရပ်ဖြစ်ပြီး အဆင့်အားဖြင့်ဆိုရင် နေမင်းဇော အဟုန် နတ်ဘုရားကျင့်စဉ်  အတွင်းအား ပညာရပ်ထက် အဆင့်မြင့် ပါတယ်။

အဆင့်၄ ယူနီကွန်း မြင်းတွေရဲ့  အစွမ်းကြောင့် လီဖူချန်းနဲ့ လျိုယန်တို့ဟာ ရက်အနည်းငယ် အတွင်းမှာပဲ တောင်ပိုင်း တောအုပ် သိုင်းတက္ကသိုလ်ကို ပြန်ရောက်လာခဲ့ ကြပါပြီ။

လီဖူချန်း ပြန်လည် ဝင်စားခြင်း နယ်ပယ်ကို ရောက်သွားပြီဆိုတဲ့ သတင်းကြောင့် ကျောင်းအုပ်ကြီးဟာ လီဖူချန်းကို ကိုယ်တိုင်ကိုယ်ကျ လာရောက် တွေ့ဆုံခဲ့ပါတယ်။

အမှန်အတိုင်း ပြောရမယ်ဆိုရင်တော့ ကျောင်းအုပ်ကြီးဟာ  ကြယ်၆ပွင့် အမှောင်ထု အရိုး တည်ဆောက်ပုံကို ပိုင်ဆိုင်ထားတဲ့ ဝမ်ဟိုင်လုံက လီဖူချန်းထက် အရင်စောပြီး ပြန်လည်ဝင်စားခြင်း နယ်ပယ်ကို ချိုးဖောက်ဝင်ရောက် နိုင်လိမ့်မယ်လို့ ခန့်မှန်းထားခဲ့တာပါ။ ဒါပေမဲ့လည်း လီဖူချန်းက ဝမ်ဟိုင်လုံထက် အရင်စောပြီး ပြန်လည်ဝင်စားခြင်း နယ်ပယ်ကို ချိုးဖောက်ဝင်ရောက် သွားခဲ့ပါပြီ။  အဲသည်အတွက် ကျောင်းအုပ်ကြီးက လီဖူချန်းနဲ့ ပက်သက်ပြီး သူသတိမပြုမိတာတွေ ရှိလိမ့်မယ်လို့ ယူဆ လိုက်ပါတယ်။ ဒါကြောင့်သူက လီဖူချန်းဆီကို ကိုယ်တိုင်ကိုယ်ကျ လာခဲ့တာပါ။

သူက လီဖူချန်းနေထိုင်ရာ ခြံဝင်းထဲကို ရောက်တာနဲ့တစ်ပြိုင်နက်  လီဖူချန်းကို  ဆုပေးဖို့ စကားစ လိုက်ပါတယ်။

" ပုံမှန်အတိုင်း ဆိုရင်တော့  အပြင်စည်းတက္ကသိုလ်ကျောင်းသား တစ်ယောက်ဟာ အတွင်းစည်း တက္ကသိုလ် ကျောင်းသား ဖြစ်လာပြီဆိုရင်  ကြိုက်နှစ်သက်ရာ မြေကမ္ဘာအဆင့်နိမ့် သိုင်းကျမ်းတစ်ခုကို ရွေးယူခွင့် ရတယ်။ ဖူချန်း ... မင်းကတော့ ငါ့ရဲ့ သီးသန့်ကျောင်းသား ဖြစ်တဲ့အတွက် မင်းကြိုက်နှစ်သက်ရာ မြေကမ္ဘာ အလယ်အလတ်အဆင့် သိုင်းကျမ်း တစ်ခု ရွေးယူခွင့်ပေးမယ်ကွာ။ ဘယ်လိုလဲ ...  ကျေနပ်ရဲ့လား ..."

" ဟင့်အင်း "

လီဖူချန်းက ခေါင်းခါပြလိုက်ပါတယ်။

သူက မြေကမ္ဘာ အလယ်အလတ်အဆင့် သိုင်းပညာရပ်တွေကို လုံးဝ စိတ်မဝင်စားပါဘူး။  သူ့ရဲ့ နေဝန်းစိန်း ဓားဆန္ဒ ဓားသိုင်းနဲ့ နေမင်းဇောအဟုန် လက်ဝါးသိုင်းက သူ့အတွက် လုံလောက်နေပါပြီ။ တကယ်လို့ မြေကမ္ဘာအဆင့်မြင့် သိုင်းကျမ်းဆိုရင်တော့ သူ ကျေနပ်မှာ အသေအချာပါပဲ။

" ဆရာ ...  မြေကမ္ဘာအဆင့်နိမ့် သိုင်းကျမ်းအစား ခန္ဓာကိုယ်အပြင်အား သိုင်းကျမ်းတစ်ခု ရွေးယူလို့ မရဘူးလား "

လီဖူချန်းက သူ့ရဲ့ ဆရာဖြစ်သူ ဝတ်စုံဖြူဝတ် အဘိုးအိုကို မေးလိုက်ပါတယ်။

ကျောင်းအုပ်ကြီးက တစ်ချက် စဉ်းစားဟန် ပြုလိုက်ပြီး

" ဟုတ်သားပဲ ... ။ မင်းရဲ့ နေဝန်းစိမ်းဓားသိုင်း၊ နေမင်းဇောအဟုန် လက်ဝါးသိုင်းနဲ့ဆိုရင် တခြား မြေကမ္ဘာအလယ်အလတ် သိုင်းတွေက အလကား ဖြစ်သွားပြီ။ ရတယ်လေ ...  ငါမင်းကို ခန္ဓာကိုယ်အပြင်အား သိုင်းကျမ်းတစ်ခု ရွေးခွင့် ပေးလိုက်မယ်။ ဒါပေမဲ့ အဲဒါတွေက အတွင်းစည်း တက္ကသိုလ်မှာပဲ ရှိတာကွ။ ငါနဲ့လိုက်ခဲ့  ... "

ကျောင်းအုပ်ကြီးက လက်တစ်ချက် ဝှေ့ယမ်းလိုက်တဲ့ အခါမှာတော့ သူနဲ့ လီဖူချန်းဟာ အလင်းတန်းလေး နှစ်ခုအသွင် ပြောင်းသွားခဲ့ပါပြီ။

တစ်ခဏ အကြာမှာတော့ ကျောင်းအုပ်ကြီးနဲ့ လီဖူချန်းဟာ  အပြင်စည်း တက္ကသိုလ်ရဲ့ အလယ်ဗဟို တည့်တည့်မှာ ရှိတဲ့ မျှော်စင်တစ်ခုရှေ့မှာ ပြန်ပေါ်လာခဲ့ပါတယ်။

သည်မျှော်စင်ကတော့ အတွင်းစည်းတက္ကသိုလ်နဲ့  အပြင်စည်းတက္ကသိုလ်ကို ဆက်သွယ်ပေးထားတဲ့ နန်လင်းမျှော်စင်ပါပဲ။

ကျောင်းအုပ်ကြီးနဲ့ လီဖူချန်းတို့နှစ်ယောက် မျှော်စင်ထဲကို ဝင်သွားတာနဲ့ တစ်ပြိုင်နက်  နန်လင်းမျှော်စင်ဟာ အရောင်တစ်ချက် တောက်ပသွားပြီး  သူတို့နှစ်ယောက်စလုံးကို ထူးဆန်းတဲ့ နယ်မြေ တစ်ခုထဲကို ပို့ဆောင်ပေးလိုက်ပါတယ်။

သည်နယ်မြေထဲမှာ ရှိနေတဲ့ ကောင်းကင်နဲ့ မြေကြီးရဲ့ သန့်စင်မှုကတော့ တကယ့်ကို  အံ့မခန်းပါပဲ။ သည်နေရာမှာ ရှိနေတဲ့ ချီစွမ်းအင်တွေဟာ  ဒါက အရှေ့ယူနီကွန်း တိုက်ရဲ့ ဆေးပင်တစ်ရာ လျှို့ဝှက်နယ်မြေထက် ပိုသိပ်သည်းသလို  ဆရာသခင် မအိုသော ကလေးငယ်ရဲ့ ထာဝရနုပျိုခြင်း ဥယျာဉ်မှာရှိတဲ့  ချီစွမ်းအင်တွေထက်လည်း ပိုသိပ်သည်းပါတယ်။ လီဖူချန်း အသက် တစ်ချက် ရှူလိုက်တိုင်းမှာတောင် ချီစွမ်းအင်တွေဟာ သူရဲ့ ခန္ဓာကိုယ်ထဲကို အတောမသတ်အောင် စီးဝင်နေတာပါ။

ပြီးတော့ အဲသည် ချီစွမ်းအင်တွေက လီဖူချန်းရဲ့ စိတ်ဝိညာဉ်ကို စနစ်တကျ သန့်စင် ပေးနေပါသေးတယ်။

တကယ်လို့ ကျင့်ကြံသူတစ်ယောက်ကသာ သည်နေရာမှာ ၈နှစ်လောက် နေထိုင်ခဲ့မယ် ဆိုရင် သူ့ရဲ့ စိတ်ဝိညာဉ်ဟာ သိသိသာသာ အားကောင်းလာမှာ အသေအချာပါပဲ။

" ဒါက တောင်ပိုင်းတောအုပ် လျှို့ဝှက်နယ်မြေ ဆိုတာလား "

ဒါက လီဖူချန်းအနေနဲ့ ပထမဦးအကြိမ်  တောင်ပိုင်းတောအုပ် လျှို့ဝှက်နယ်မြေထဲကို ရောက်ဖူးခြင်း ဖြစ်ပါတယ်။

ကောလဟာလတွေအရ ဆိုရင်တော့ တောင်ပိုင်းတောအုပ် သိုင်းတက္ကသိုလ်ရဲ့ ပထမဦးဆုံး ကျောင်းအုပ်ကြီးဟာ သည်လျှို့ဝှက်နယ်မြေကို ရှာဖွေတွေ့ရှိခဲ့တာပါတဲ့။ သူက သည်လျှို့ဝှက်နယ်မြေကို ခြေကုပ်ရယူပြီး တောင်ပိုင်းတောအုပ် သိုင်းတက္ကသိုလ်ကို တည်ထောင်ခဲ့တာ ဆိုရင်လည်း မမှားပါဘူး။

တောင်ပိုင်းတောအုပ် သိုင်းတက္ကသိုလ်ရဲ့ ပထမဦးဆုံး ကျောင်းအုပ်ကြီးကတော့ အကြိုဘုရင် ဖြစ်နေပါပြီ။အကြိုဘုရင်ဆိုတာက မူလပင်လယ်နယ်ပယ်ကို ချိုးဖောက် ဝင်ရောက်ဖို့ အတွက်  ခြေလှမ်း တစ်ဝက်စာလောက်သာ လိုတော့တဲ့ ပညာရှင်တွေပါပဲ။

သူတို့ဟာ တိုက်ပွဲဝိညာဉ်နယ်ပယ်မှာ မဟုတ်တော့သလို မူလပင်လယ် နယ်ပယ်ကိုလည်း မရောက်သေးပါဘူး။ ရှင်းရှင်းပြောရမယ် ဆိုရင်တော့ သူတို့ဟာ ဟိုမရောက် သည်မရောက် ဖြစ်နေတဲ့ ဇော်ကန့်လန့်တွေပါပဲ။

အကြိုဘုရင်တွေက ဘုရင်ဘွဲ့ခံယူထားတဲ့ မူလပင်လယ်နယ်ပယ် ပညာရှင်တွေလိုမျိုး  ကောင်းကင်နဲ့ မြေကြီးရဲ့ စွမ်းအင်တွေကို အသုံးချနိုင်ရုံမက သဘာဝလောကကြီးရဲ့ အစွမ်းတွေကိုလည်း ငှားယူ အသုံးချနိုင်ပါတယ်။ ဒါပေမဲ့ အချိန်အကြာကြီးတော့ အသုံးမချနိုင်ပါဘူး။ ဒါကြောင့်လည်း အကြိုဘုရင်တွေလို့ ခေါ်ဝေါ်ကြတာပါ။

ခရမ်းရောင်ပန်းနိုင်ငံတော်ရဲ့ ဆရာသခင် စာရင်းမှာဆိုရင် ဇော်ကန့်လန့် ဖြစ်နေကြတဲ့  အကြိုဘုရင် အချို့တောင် ရှိနေပါသေးတယ်။

အဲသည်လူတွေက ဆရာသခင် စာရင်းမှာဆိုရင် အကြွင်းမဲ့ ပြိုင်ဘက်ကင်းတွေပါပဲ။ အခြားသော ဆရာသခင်တွေဟာ  သူတို့ရဲ့ အရိုးတည်ဆောက်ပုံတွေက ပေးတဲ့ နတ်ဘုရား စွမ်းရည်တွေကို ဘယ်လောက် အထိ ကြိုးစားပြီး မြှင့်တင်ပေမယ့်လည်း  အကြိုဘုရင်တွေကိုတော့ မယှဉ်နိုင်သေးပါဘူး။

ဘာဖြစ်လို့လည်းဆိုတော့ ကောင်းကင်နဲ့မြေကြီးရဲ့ သဘာဝ စွမ်းအင်တွေရဲ့ ရှေ့မှောက်မှာ နတ်ဘုရား စွမ်းရည်တွေ နဲ့ သိုင်းပညာတွေဟာ အလုပ် မဖြစ်လို့ပါဘဲ။

- အတွင်းစည်း တက္ကသိုလ် -

အတွင်းစည်း တက္ကသိုလ်ထဲမှာလည်း  လျှို့ဝှက်သိုင်းကျမ်း မျှော်စင်တစ်ခု ရှိနေပါတယ်။

သည်မျှော်စင်ကို စောင့်ကြပ်နေတဲ့ သူကတော့ အတွင်းစည်းတက္ကသိုလ် အကြီးအကဲ တစ်ယောက်ပါပဲ။

" ကြိုဆိုပါတယ်  ... ကျောင်းအုပ် "

အကြီးအကဲက ကျောင်းအုပ်ကြီးကို မြင်လိုက်တာနဲ့ တစ်ပြိုင်နက် ထပြီး  အရိုအသေ ပေးလိုက်ပါတယ်။

" အကြီးအကဲ ဂေါင် ... ။ သည်ကလေးက ကျုပ်ရဲ့ သီးသန့်ကျောင်းသားပဲ။ ကျုပ်က သူ့ကို  မြေကမ္ဘာအဆငိ့နိမ့်  ခန္ဓာကိုယ်အပြင်အား သိုင်းကျမ်းတစ်အုပ် ရွေးယူခွင့် ပေးဖို့အတွက် ရောက်လာတာ။ ကျေးဇူးပြုပြီး အကြီးအကဲက သူ့ကို လမ်းညွှန်ပေးပါဦး "

ကျောင်းအုပ်ကြီးက ပြုံးပြီး မျှော်စင်ကို စောင့်ကြပ်နေတဲ့  အကြီးအကဲကို ပြောလိုက်ပါတယ်။

ခန္ဓာကိုယ်အပြင်အား သိုင်းကျမ်းတွေက ချီအတွင်းအား သိုင်းကျမ်းတွေလို မပေါများ လှပါဘူး။ တန်ဖိုးအရဆိုရင် မြေကမ္ဘာ အဆင့်နိမ့် ခန္ဓာကိုယ်အပြင်အား သိုင်းပညာရပ် တစ်ခုက  မြေကမ္ဘာ အလယ်အလတ် အဆင့် ချီအတွင်းအား သိုင်းပညာရပ်တစ်ခုနဲ့ အတူတူပါပဲ။

လီဖူချန်းက မြေကမ္ဘာ အလတ်အလတ်အဆင့် ချီအတွင်းအား သိုင်းပညာရပ်ကို မလိုချင်တဲ့အတွက် သူက မြေကမ္ဘာ အဆင့်နိမ့် ခန္ဓာကိုယ် အပြင်အား သိုင်းပညာရပ်တစ်ခု ရွေးခွင့် ပေးလိုက်တာပါ။

" အိုး ...  ဒါဆို သူက ကျောင်းအုပ်ကြီးရဲ့ သီးသန့်ကျောင်းသားပေါ့ "

အကြီးအကဲဂေါင်က လီဖူချန်းကို ပြုံးပြလိုက်ပါတယ်။

လီဖူချန်းက  လက်နှစ်ဖက်ကို ဆုပ်လိုက်ပြီး  အရိုအသေ ပေးလိုက်ပါတယ်။

" မင်္ဂလာပါ အကြီးအကဲဇောင် "

" ဖူချန်း ... အထဲဝင်ပြီး  ... မင်းကြိုက်တဲ့ သိုင်းကျမ်းတစ်အုပ် ရွေးခဲ့လိုက်။ ဒါပေမဲ့ မြေကမ္ဘာအဆင့်နိမ့် သိုင်းကျမ်းထဲကပဲနော် "

" ဟုတ်ကဲ့ပါ  ဆရာ ... "

ကျောင်းအုပ်ကြီးက မီးစိမ်းပြလိုက်ပြီဖြစ်တဲ့အတွက် လီဖူချန်းက လျှို့ဝှက်သိုင်းကျမ်း မျှော်စင်ကို ဝင်ရောက်သွားခဲ့ပါပြီ။

လီဖူချန်း မရှိတော့တဲ့နောက်မှာတော့ အကြီးအကဲဇောင်က ကျောင်းအုပ်ကြီးကို လက်မ ထောင်ပြလိုက်ပါတယ်။

" ကျောင်းအုပ် ... ။ ကျောင်းအုပ်ရွေးထားတဲ့ ကလေးက အတော် ထူးခြားတာပဲ။ သူက ခန္ဓာကိုယ် အပြင်အားကော ချီအတွင်းအားကိုပါ ကျင့်ကြံထားရုံမက နှစ်မျိုးစလုံးမှာလည်း ပြန်လည် ဝင်စားခြင်း နယ်ပယ်ကို ရောက်နေပြီ "

ကျောင်းအုပ်ကြီးက ကျေနပ်အားရစွာ ပြုံးလိုက်ပြီး  ခပ်တိုးတိုးလေး ပြန်ပြောလိုက်ပါတယ်။

"အင်း ... သူက အတော်လေး ထူးခြားတာတော့ ဟုတ်တယ်။ ဒါပေမဲ့ သူဘယ်လောက်အထိ ဝေးဝေး သွားနိုင်မလဲ ဆိုတာကတော့ ကြိုပြောလို့ မရသေးဘူး "

***

All Chapters