တစ်ဖက်လပ်နဂါး
Vol. 69 Ch. 961
အခန်း (၉၆၁) တစ်ဖက်လပ်နဂါး
ဒဏ်ရာရာထားသည့်တိုင် ရှကွမ်းက အံတင်းတင်းကြိတ်ရင်း ကျုန်းယွမ်ခန်းမတည်နေရာကို ဆက်လက်ရှာဖွေခဲ့သည်။ သူက ဆေးရှာဖွေမည်ဟု မှန်းဆထားသည့်တိုင် နောက်ဆုံးမှာတော့ စိတ်ပျက်ရခြင်းဖြင့်သာ အဆုံးသတ်ခဲ့ရသည်။
“ထွက်သွားစမ်း... ကြည်လင်အလင်းဆေးလုံးက ရှားပါးပြီး အဖိုးတန်တဲ့ဆေးလုံးပဲ.. ငါတို့ဂိုဏ်းမှာတောင် သိပ်မကျန်တော့လို့ ငါတို့သုံးဖို့တောင်မလောက်တော့ဘူး ၊ ပြီးတော့ ပိုနေလည်း မင်းကိုပေးစရာအကြောင်းမရှိဘူး”
ရှကွမ်းက ခေါင်းငုံ့လိုက်ရင်း...
“ဒီနေရာကို လက်ဗလာနဲ့ရောက်လာတာ ရိုင်းပြရာရောက်တယ်ဆိုတာ ငါသိပါတယ်”
သူက ဆက်ပြောသည်။
“ငါ့မှာ မင်းတို့ကိုလက်ဆောင်ပေးစရာ ဘာမှမရှိပါဘူး ၊ ဒါပေမဲ့... ငါ သိုင်းပညာကို နှစ်ပေါင်းများစွာကျင့်ကြံခဲ့ပြီး သိုင်းသူတော်စင်အဆင့်ရောက်ခဲ့ပါတယ် ၊ ဒါကြောင့် မင်းတို့အကူအညီလိုတဲ့ကိစ္စရှိရင် ကူညီပေးနိုင်ပါတယ်”
ကျုန်းယွမ်ခန်းမမှကျင့်ကြံသူက ကျယ်လောင်စွာအော်ဟစ်လိုက်သည်။
“မပေးနိုင်ဘူးလို့ ပြောပြီးပြီလေ ၊ ဘာလို့ အရှေ့တောင်ပိုင်းကျင့်ကြံသူက အတင်းနှောက်ယှက်နေရတာလဲ”
အရှေ့တောင် နေဝန်းကောင်းကင်ပြည်နယ်ရော တောင်ပိုင်းမီးတောက်ကောင်းကင်ပြည်နယ်ရောက အလွန်တရာကျယ်ပြောသော ပြည်နယ်ကြီးများ ဖြစ်ကြသည်။
အရှေ့တောင် နေဝန်းကောင်းကင်ပြည်နယ်တစ်ခုလုံးတွင် စကားပြောဆိုပုံလေယူလေသိမ်း ခပ်ဆင်ဆင်တူကြသည့်တိုင် ကျူတောပင်လယ်ဒေသနှင့် လင်ကူတောင်တန်းဒေသမှ စကားပြောဆိုသည့် လေသံသည်ပင် အနည်းငယ်ကွဲပြားသည်။
သို့ဖြစ်ရာ အရှေ့တောင် နေဝန်းကောင်းကင်ပြည်နယ်နှင့် တောင်ပိုင်းမီးတောက်ကောင်းကင်ပြည်နယ် (၂)မှာတော့ စကားပြောသံလေယူလေသိမ်း အတော်လေး မတူညီဘဲ သိသိသာသာပင် ကွဲပြား၏။
ထို့ကြောင့် ရှကွမ်းက သူ့ကိုယ်သူ မိတ်ဆက်စကားမဆိုသလို သိုင်းပညာကို ထုတ်ဖော်ပြသခြင်းမရှိသော်လည်း အရှေ့တောင်နေဝန်းကောင်းကင်ပြည်နယ်မှ ကျင့်ကြံသူဖြစ်ကြောင်း စကားပြောသည့်လေသံကိုနားထောင်ပြီး ကျုန်းယွမ်ခန်းမမှလူများ သိရှိကြသည်။
လောလောဆယ်တွင် ပြည်နယ် (၂)ခုဆက်ဆံရေးက အတော်လေး ဆိုးရွားလျှက် ရှိ၏။
ပဋိပက္ခ၏ရင်းမြစ်မှာ ၎င်းတို့၏ အမြင့်ဆုံးအုပ်စိုးရှင်များဖြစ်သည့် ဇာမဏီရိုးရာတောင် ၊ ဝူထုန်တောင်စောင်းနှင့် ကျင်းထင်တောင်တို့မှ မြစ်ဖျားခံလာခြင်းပင်။
ထိပ်တန်းအရှင်သခင် (၂)ယောက်၏ တပည့်များသာမက အရှေ့တောင်နှင့် တောင်ပိုင်းဒေသမှ သိုင်းသမားအများအပြားသည်လည်း ကနဦးတိုက်ပွဲကြီးတွင် ပါဝင်ဆင်နွှဲခဲ့ကြသည်။
အဆုံးမဲ့တောင်တန်းမှ အထွတ်ထိပ်သိုင်းသမားများသည်ပင် ဤစစ်ပွဲတွင် ပါဝင်တိုက်ခိုက်ခဲ့ကြသည်။
ကျုန်းယွမ်ခန်းမအနေဖြင့် တိုက်ပွဲတွင်မပါဝင်ခဲ့သော်လည်း သူတို့သည်လည်း တောင်ပိုင်းမှာပင်နေထိုင်သူများဖြစ်လေရာ အရှေ့တောင်ပိုင်းကိုမကျေနပ်သည်ကတော့ အမှန်ပင်။
သူတို့အနေဖြင့် အရှေ့တောင် နေဝန်းကောင်းကင်ပြည်နယ်မှ သိုင်းသမားတိုင်းကို မုန်းတီးနေမည် မဟုတ်သော်လည်း ရပ်တည်ချက်ကတော့ ခိုင်မာရပေမည်။
သို့မဟုတ်ပါက သူတို့က အရှေ့တောင်ဘက်မှ သိုင်းသမားတစ်ယောက်ကို ကူညီခဲ့ကြောင်း တောင်ပိုင်း မီးတောက်ကောင်းကင်ပြည်နယ်မှ အကြီးအကဲများ သိရှိသွားပါက တစ်နေ့နေ့တစ်ချိန်ချိန်တွင် သေချာပေါက် ကပ်ဘေးကြီးတစ်ခု ကျရောက်လာနိုင်သည်။
ရှကွမ်းက ယခင်ကတည်းက သူ၏နေအိမ်တွင်သာ နေထိုင်သူဖြစ်ပြီး ပြင်ပကမ္ဘာနှင့် ထိတွေ့မှု နည်းပါးခဲ့သည်။ ပြင်ပလောကမှ သတင်းအချက်အလက်များရှိလျှင် မိသားစုဝင်များကသာ သူ့ကိုပြောပြခဲ့ကြသည်။
သို့တိုင် ထိုသတင်းအချက်အလက်များက လင်ကူတောင်တန်းဒေသနှင့်သာ ပတ်သက်ကြသည်။
မိုးကြိုးသံတောင်ထွတ်မှ ‘ရှ’ အိမ်တော်အနေဖြင့် သူတို့အတွက် အလိုအပ်ဆုံးမှ လင်ကူတောင်တန်းဒေသအတွင်းရှိ အခြေအနေများပင် မဟုတ်ပါလား။
ထိပ်တန်းအဆင့်ရှိသူများ၏ သတင်းအချက်အလက်များကတော့ လျှို့ဝှက်ချက်ဖြစ်စေ လျှို့ဝှက်ချက်မဟုတ်သည်ဖြစ်စေ သူတို့အပေါ်သက်ရောက်မှုရှိနိုင်သည့်တိုင် စိုးရိမ်စရာကိစ္စများ မဟုတ်ပေ။
ထို့ကြောင့် ရှကွမ်းသည် လင်ကူတောင်တန်းနှင့်မသက်ဆိုင်သည့် သတင်းအချက်အလက်များကို အနည်းငယ်သာ သိရှိသည်။
အရှေ့တောင် နေဝန်းကောင်းကင်ပြည်နယ်နှင့် တောင်ပိုင်းမီးတောက်ကောင်းကင်ပြည်နယ်ကြား တိုင်ပွဲကြီးတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရှိခဲ့ရသော်လည်း ထိုအကြောင်းအရာများကို သူက အမှန်တကယ်ပင် စိတ်မဝင်စားခဲ့ပေ။
ထို့ကြောင့် ရှကွမ်းမှာ ကျုန်းယွမ်ခန်းမမှ သိုင်းသမားများ သူ့ကို ခါးခါးသီးသီးဆက်ဆံနေရသည့်အကြောင်းရင်းကို နားမလည်ဘဲ အရှက်ရသွားလေသည်။
တခြားအချိန်ဆိုလျှင် လုံးဝအရေးမစိုက်ဘဲ အင်္ကျီလက်ကိုခါကာ ထွက်ခွာသွားမည် ဖြစ်၏။
သို့သော် လက်ရှိတွင် သူက ဒဏ်ရာအပြင်းအထန်ရထားပြီး ဒဏ်ရာက ကြာလေ ပိုဆိုးလေ ဖြစ်လာသည်။ အနီးပတ်ဝန်းကျင်တွင်လည်း ကျုန်းယွမ်ခန်းမဆောင်မှလွဲပြီး အဂ္ဂိရတ်ဆေးလုံးပညာတတ်ကျွမ်းသည့် အင်အားစုများ မရှိကြပေ။
ဒဏ်ရာများကုသနိုင်မှသာ ကျင့်ကြံခြင်းအဆင့်မြင့်တက်အောင်လုပ်နိုင်ပြီး လက်စားချေနိုင်မည်ဟု တွေးမိသည့်အခါ ရှကွမ်း သည်းခံပြီး ခေါင်းငုံ့ကာ စကားဆိုလိုက်သည်။
“ဒီကအစ်ကို စိတ်လျှော့ပါ ၊ ငါတတ်နိုင်သလောက် ပြန်ပြီး ကျေးဇူးပြုမှာပါ”
ကျုန်းယွမ်ခန်းမမှကျင့်ကြံသူက အော်ဟစ်လိုက်သည်။
“တစ်ဖက်လပ်နဂါး ၊ မင်းဆက်ပြီးပြောနေဦးမယ်ဆိုရင် မင်းရဲ့ကျန်နေတဲ့မျက်လုံးကိုပါ ဖောက်ပစ်ရလိမ့်မယ်”
ထိုစကားကြားတော့ ရှကွမ်း မျက်နှာအမူအရာပြောင်းလဲသွားပြီး ဒေါသထွက်သွားသည်။
သုံးပေတောင်မှလူများကြောင့် သူ၏ညာဘက်မျက်လုံးပျက်ဆီးခဲ့ရပြီး ထိုညာဘက်မျက်လုံးအကြောင်း စဉ်းစားမိတိုင်း မကျေမချမ်းဖြင့် ဒေါသထွက်ရသည်သာ။
ထိုအချိန် ကျုန်းယွမ်ခန်းမမှ အဘိုးအိုတစ်ယောက်ထွက်လာပြီး တိုးလျသည့်အသံဖြင့် ဆူပူကြိမ်းမောင်းလိုက်သည်။
“တခြားသူရဲ့အားနည်းချက်ကို ဒီလိုမပြောရဘူးလေ...”
စောစောက အော်ဟစ်နေသော ကျုန်းယွမ်ခန်းမမှတပည့်က အမြန်ပင် ပြန်ပြောလိုက်သည်။
“ဟုတ်ကဲ့ပါ ဆရာ ၊ ကျွန်တော် ရိုင်းပြမိသွားပါတယ်”
ထိုအဘိုးအိုက ကျုန်းယွမ်ခန်းမ၏ သခင်ဖြစ်သည်။
သူက ရှကွမ်းကိုကြည့်ရင်း..
“ငါ့တပည့်က မင်းအပေါ်ရိုင်းပြမိသွားတယ် ၊ ဒါက ငါ့ရဲ့ သင်ပြမှုညံ့ဖျင်းလို့ပါပဲ ၊ ခွင့်လွှတ်ပေးစေချင်ပါတယ်”
တစ်ဖက်လူက တောင်းပန်လာတော့ ရှကွမ်းက နှာခေါင်းတစ်ချက်ရှုံ့လိုက်ပြီး သူ့စိတ်ထဲမှဒေါသကို ချိုးနှိမ်လိုက်သည်။
သို့သော် ကျုန်းယွမ်ခန်းမသခင်က စကားလမ်းကြောင်း ပြောင်းလိုက်၏။
“ဒါပေမဲ့... ငါ့တပည့်ပြောတာတော့အမှန်ပဲ ၊ ငါတို့ရဲ့ ကြည်လင်အလင်းဆေးလုံးက ပြင်ပကိုပေးလို့မရဘူး ၊ ဒီကသခင်လေး... ကျေးဇူးပြုပြီး ပြန်ပါတော့”
ဤဆေးလုံးက တခြားသူသို့ မပေးသည်မှာ မသေချာသော်လည်း အရှေ့တောင် နေဝန်းကောင်းကင်ပြည်နယ်မှ ကျင့်ကြံသူတစ်ယောက်ကိုတော့ မည်သည့်နည်းနှင့်မျှ ပေးကမ်းမည် မဟုတ်ပေ။
“ကျွန်တော်က ဆေးလုံးတစ်လုံးလောက်ပဲ လိုချင်တာပါ”
ရှကွမ်းက နောက်ဆုံးအကြိမ်ကြိုးစားတောင်းပန်လိုက်သည်။
ကျုန်းယွမ်ခန်းမသခင်က လက်နှစ်ဖက်နောက်ပစ်လိုက်ပြီး စကားမဆိုဘဲ တခြားနေရာသို့ လှမ်းကြည့်လိုက်သည်။
သူ့ဘေးနားမှ ကျုန်းယွမ်ခန်းမမှ ကျင့်ကြံသူက အော်ဟစ်လိုက်၏။
“ဘာဆေးတစ်လုံးမှမရဘူး ၊ ဒါကြောင့် အမြန်ထွက်သွားတော့ ၊ မဟုတ်လို့ကတော့ မင်းကို တောင်ပေါ်ကကန်ချလိုက်လို့ လူကြားမကောင်းဖြစ်သွားမယ်”
ဒီတစ်ခါတော့ အဘိုးကြီးက တပည့်ဖြစ်သူကို ဆုံးမစကားမဆိုတော့ပေ။
ကျုန်းယွမ်ခန်းမမှ အခြားတပည့်များသည်လည်း အပြင်သို့ထွက်လာကြပြီး ရှကွမ်းကို စူးစိုက်ကြည့်လိုက်ကြသည်။
ကျုန်းယွမ်ခန်းမတည်ရှိရာ တောင်မြင့်ကြီးထက်ရှိ လေထုထဲတွင် မရေမတွက်နိုင်သော ဝိညာဉ်သင်္ကေတများထွက်ပေါ်လာပြီး အလင်းတန်းများ တောက်ပထိန်လင်းလာသည်။
ကြီးမားသော အစီအရင်ကြီးတစ်ခုဖြစ်တည်လာပြီး စူးရှသည့်အစီအရင်ရောင်ဝါက ရှကွမ်း၏ ဦးခေါင်းဆီသို့ တည့်တည့်မတ်မတ် ဝင်ရောက်လာသည်။
သတ်ဖြတ်လိုသည့်အငွေ့အသက်ကိုခံစားမိသည့်အခါ ရှကွမ်း ကျောထဲစိမ့်သွားသလို ခံစားလိုက်ရသည်။
သူသာ နောက်ပြန်မဆုတ်လျှင် တစ်ဖက်သား၏ကြီးမားသောအစီအရင်ကြီးက သူ့ကိုပြင်းပြင်းထန်ထန် ချေမှုန်းပစ်ပေမည်။
ရှကွမ်း ဒေါသမထိန်းနိုင်တော့ပေ။
သူ့နောက်ကျောမှ သွေးနီးရောင်မိုးကြိုးသွားက လျှင်မြန်စွာကျယ်ပြန့်လာပြီး သူ့တစ်ကိုယ်လုံးကို လွှမ်းခြုံသွားသည်။
ဒေါသတရားကြောင့် သူ့ခန္ဓာကိုယ်မှ သွေးများ ပွက်ပွက်ဆူလာပြီး ပြင်းထန်သောစွမ်းအားတစ်ခုအဖြစ်ပြောင်းလဲကာ သွေးမိုးကြိုးထုံးတမ်းအစီအရင် အသက်ဝင်လာသည်။
ရှကွမ်း၏လက်များက ချက်ချင်းပင် ကြောက်မက်ဖွယ်ရာဓားရှည်တစ်လက်ပမာ ပြောင်းလဲသွားပြီး မိုးမြေတစ်ခုလုံးကို ခုတ်ပိုင်းချတော့မည့်အလား ထင်မှတ်ရသည်။
ဓားသိုင်းကိုထုတ်ဖော်ပြီးမှ ရှကွမ်း ရုတ်တရက် တုံ့ဆိုင်းသွားသည်။
“ငါက ဆေးတောင်းလို့မရတာနဲ့ အင်အားသုံးပြီး ဓားပြတိုက်လို့လား ၊ အားနည်းတဲ့သူတွေကိုအနိုင်ကျင့်တော့မလိုလား ၊ ဒါက ဟာသတစ်ခုလိုပဲ”
ရှကွမ်း တွေးတောလိုက်ပြီး သူ၏ဓားဝိညာဉ်က ကျုန်းယွမ်ခန်းမထက်သို့မကျရောက်တော့ဘဲ လမ်းကြောင်းပြောင်းသွားသည်။
ကြောက်မက်ဖွယ်ကောင်းသော ဓားဝိညာဉ်သည် ကျုန်းယွမ်ခန်းမ ပင်မအစီအရင်ကြီးကိုဖြတ်ကျော်ကာ အနီးအနား တောင်တစ်လုံးထက်သို့ ဆင်းသက်သွား၏။
လရောင်ပမာအလင်းတန်းများတောက်ပသွားပြီး တောင်မြင့်ကြီးအက်ကွဲသွားကာ ချောက်ထဲသို့ ကျဆင်းသွားတော့သည်။
ကြောက်မက်ဖွယ်ရာ မိုးခြိမ်းသံအလင်းရောင်က လေထုထဲတွင် အဆက်မပြတ်လှုပ်ရှားနေပြီး ကြီးမားပြီး ကြောက်မက်ဖွယ်ကောင်းသော လျှပ်စီးကြောင်းများစွာက များပြားလှစွာသောမြွေများပမာ အချိန်ကြာမြင့်စွာ ပျံ့လွင့်နေသည်။
ကျုန်းယွမ်ခန်းမမှတပည့်များအားလုံး ကြောက်လန့်တကြားနောက်သို့ခုန်ဆုတ်လိုက်ကြပြီး ရှကွမ်းကို တည်ကြည်လေးနက်သည့်မျက်နှာထားဖြင့် ကြည့်လိုက်ကြသည်။
ရှကွမ်းက သိုင်းသူတော်စင်တစ်ယောက်ဖြစ်သည့်တိုင် သူတို့က စိုးရိမ်ပူပန်ခဲ့ခြင်းမရှိပေ။
ပထမအချက်အနေဖြင့် ရှကွမ်းက ဒဏ်ရာအပြင်းအထန်ရရှိထားသည်မှာ ထင်ရှားသည်။
ဒုတိယအနေဖြင့် ကျုန်းယွမ်ခန်းမသခင်သည်လည်း သိုင်းသူတော်စင် ပထမအဆင့် ကျင့်ကြံသူဖြစ်သည့်တိုင် သူတို့၏ ပင်မအစီအရင်ကလည်း အလွန်တရာအားကောင်းသည်။
ထို့ကြောင့် သူတို့အနေဖြင့် ရှကွမ်းနှင့် တိုက်ခိုက်ရန် လုံလောက်သောယုံကြည်မှုရှိသည် အမှန်ပင်။
သို့သော် ယခု လူတိုင်းက ရှကွမ်း၏ဓားဝိညာဉ်ကို တွေ့မြင်လိုက်ရသည့်အခါ လူတိုင်းစိတ်ထဲ အေးစိမ့်သွားကြသည်။
အဘိုးအို၏မျက်နှာအမူအရာမှာလည်း တည်ကြည်လေးနက်လျှက် ရှိ၏။
ကျုန်းယွမ်ခန်းမ ပင်မအစီအရင်အကူအညီဖြင့်ပင် ကောင်းကင်ယံသို့ဖြတ်သန်းသွားသည့် မိုးကြိုးသွားပမာ ဓားအလင်းတန်းကို တားဆီးနိုင်ခြင်းမရှိခဲ့ပေ။
မျက်လုံးတစ်ဖက်လပ် ၊ ဆံပင်အဖြူရောင်နှင့် အနီရောင်ဝတ်စုံဝတ်ဆင်ထားသူသည် ဒဏ်ရာပြင်းထန်စွာရရှိထားသည့်တိုင် သူတို့အားလုံးကို အနိုင်ယူနိုင်ဆဲပင်။
ဒဏ်ရာသာ ရရှိမထားလျှင် အဘယ်မျှကြောက်မက်ဖွယ်ကောင်းပါမည်နည်း။
ထိုသို့တွေးမိသည့်အခါ ရှကွမ်းကို ကြည်လင်အလင်းဆေးလုံး ပိုပြီးမပေးရဲ ဖြစ်သွားသည်။
တောင်ပိုင်း မီးတောက်ကောင်းကင်ပြည်နယ် သို့မဟုတ် အဆုံးမဲ့တောင်တန်းဒေသမှ အကြီးအကဲများ ဤကိစ္စကို သိရှိသွားပါက ကြောက်စရာဖြစ်ရပ်များ ဖြစ်လာနိုင်သည်။ ကျုန်းယွမ်ခန်းမအနေဖြင့် သူတို့ကိုယ်သူတို့ ကာကွယ်နိုင်မည် မဟုတ်ပေ။
ကျုန်းယွမ်ခန်းမမှလူများ ခဲယဉ်းသောအခြေအနေရင်ဆိုင်နေရစဉ် သူတို့ကိုခေါင်းကိုက်စေသော အနီရောင်ဝတ်လူသည် ချက်ချင်းပင် လှည့်ထွက်သွားသည်ကို တွေ့လိုက်ရသည်။
“သူက ဒီဓားဝိညာဉ်နဲ့ သူ့ရဲ့လွှမ်းမိုးနိုင်စွမ်းရှိမှုကို ပြသတာမဟုတ်ဘူးလား”
ကျုန်းယွမ်ခန်းမမှလူများအားလုံး အံ့အားသင့်စွာဖြင့် တွေးလိုက်ကြသည်။
“သူက ဓားချက်တစ်ချက်ပဲ ထုတ်လွှတ်နိုင်စွမ်းရှိတာလား ၊ မဖြစ်နိုင်ဘူး... သူ့ရဲ့စွမ်းအားရောင်ဝါက အခုထိ အစွမ်းထက်နေဆဲပဲ”
ရှကွမ်းနောက်ပြန်လှည့်ကြည့်လိုက်သည်။
ရွံလျှာမုန်းတီးစွာဖြင့် မြေပြင်ထက်သို့ တံတွေးတစ်ချက်ထွေးလိုက်ပြီးနောက် ခြေတစ်လှမ်းချင်းလှမ်းကာထွက်ခွာသွားတော့သည်။
ကျုန်းယွမ်ခန်းမကို နောက်တွင်ချန်ထားခဲ့ပြီးနောက် တုန်လှုပ်နေသော ကျုန်းယွမ်ခန်းမ သိုင်းကျင့်ကြံသူများ သူ့နောက်မှ လိုက်မလာစေရန်လည်း သတိထားလိုက်သည်။
ကောင်းကင်ထက်တွင်ရှိနေသည့်ရန်ကျောက်ကဲက ထိုမြင်ကွင်းကိုတွေ့တော့ မနေနိုင်ဘဲပြုံးလိုက်ရင်း...
“အိုး... အတော်မာနကြီးတာပဲ ၊ ဒါပေမဲ့ ကိုယ့်ထက်အားနည်းတဲ့သူကိုတောင့် အနိုင်မကျင့်တတ်ဘူး ၊ စိတ်ဝင်စားစရာပဲ”