← Chapters

ငါသတ်ပစ်လိုက်ပြီ

Vol. 69 Ch. 962

ငါသတ်ပစ်လိုက်ပြီ

Vol. 69 Ch. 962

အခန်း (၉၆၂) ငါသတ်ပစ်လိုက်ပြီ

ပန်ပန်၏ကျောထက်တွင်ထိုင်ရင်း ရန်ကျောက်ကဲနှင့် အားဟူတို့က ရှကွမ်းထွက်ခွာသွားသည်ကို ကြည့်နေကြသည်။

“သူက ဒီအတိုင်းထွက်သွားတာလား ၊ တစ်ဖက်လူက သူနဲ့မယှဉ်နိုင်ဘူးဆိုတာသိတာနဲ့ သူက တစ်ချက်ပဲတိုက်ပြီး ပြန်လှည့်လာတယ် ၊ အခု သူ့ဒဏ်ရာက ပိုဆိုးလာပြီ”

အားဟူက ဆိုသည်။

“သူက သေလောက်အောင် လက်စားချေချင်နေတာ မဟုတ်ဘူးလား ၊ ဒါတောင်မှ မိသားစုအတွက်လက်စားချေဖို့ထက် စည်းမျဉ်းစည်းကမ်းတွေကို ပိုပြီးလိုက်နာနေသေးတယ်”

ရန်ကျောက်ကဲက လက်နှစ်ဖက်ဖြန့်ကားရင်း...

“မဟုတ်ဘူး”

ဟု ဆိုလိုက်သည်။

“လုံးဝ မျှော်လင့်ချက်ကင်းမဲ့တဲ့အခြေအနေကို မရောက်သေးလို့ပါ ၊ ဒီနေရာမှာ ကျုန်းယွမ်ခန်းမအပြင် အဂ္ဂိရတ်ဆေးလုံးပညာကျွမ်းကျင်တဲ့ တခြားစွမ်းအားစုမရှိဘူးဆိုပေမဲ့ ဒါက လုံးဝမျှော်လင့်ချက်ကင်းမဲ့သွားတာမျိုးတော့ မဟုတ်သေးဘူးလေ”

“လူတွေက တကယ်တမ်း စိတ်ပျက်အားငယ်တာကို မခံစားရတဲ့အခါ သူတို့သတ်မှတ်ထားတဲ့ အခြေခံမူအတော်များများက ယိမ်းယိုင်သွားမှာမဟုတ်ဘူး ၊ သူတို့ကို ခိုင်မာတဲ့စိတ်ထားရှိတဲ့သူတွေလို့ပြောနိုင်သလို အချို့ကျတော့လည်း မျက်စိမှိတ်ပြီး ယုံကြည်တဲ့သူတွေလို့ ပြောလို့ရတယ်”

ရန်ကျောက်ကဲက ပုံမှန်လေသံဖြင့်ပင် ဆက်ပြောသည်။

“နောက်ဆုံးအချိန်မှာ လူတွေဟာ သူတို့ချမှတ်ထားတဲ့ မူလအခြေခံစည်းမျဉ်းတွေကို ချိုးဖျက်လိုက်ကြတာပဲ ၊ ဒါပေမဲ့ အဲဒီအခြေခံစည်းမျဉ်းတွေကို ချိုးဖျက်ဖို့က အစပိုင်းမှာ အတော်လေးခက်ခဲတယ် ၊ တစ်ခါချိုးဖျက်ပြီးသွားရင်တော့ ခဏခဏ ချိုးဖျက်ဖို့လည်း လွယ်ကူသွားလိမ့်မယ်”

အားဟူက ခေါင်းတစ်ချက်ကုတ်ရင်း...

“ဒါဖြင့် သခင်လေး... ကျွန်တော်တို့ ဘာဆက်လုပ်ကြမလဲ ၊ သူ့ကို ဆက်ပြီးလေ့လာဦးမှာလား”

“မလိုတော့ဘူး”

ရန်ကျောက်ကဲက ခေါင်းခါယမ်းရင်းဆိုသည်။

“ငါက သူ့ကိုပိုပြီးနားလည်ဖို့အတွက် စောင့်ကြည့်ခဲ့တာပါ ၊ ဘာလို့လဲဆိုတော့ အရင်က ငါသူ့ကိုလုံးဝမသိခဲ့ဘူးလေ”

သေမျိုးလူသားလောကတွင် အငတ်ဘေး ၊ စစ်ပွဲ ၊ အလွန်အမင်းဆိုးရွားသောအခြေအနေများနှင့် ရင်ဆိုင်ရသည့်အခါ မိမိသားသမီးများကိုရောင်းစားရသည့်အခြေအနေများ ရှိကြသည်ပင်။

ဤသည်ကို “ကမ္ဘာမီးလောင် သားကောင်ချနင်း” ဟု ခေါ်ပေသည်။

ဤသို့ လုံးဝ မျှော်လင့်ချက်ကင်းမဲ့သည့် ပြင်းထန်သောအခြေအနေသို့ရောက်ရှိခြင်းမှာ သာမန်လူများအတွက် ပုံမှန်မဟုတ်သော အခြေအနေတစ်ခု ဖြစ်၏။

ထိုအခြေအနေက သဘာဝအတိုင်းဖြစ်ပျက်လာခြင်း ဖြစ်ပြီး လူသားများ မည်သို့မှမတတ်နိုင်သည့်ကိစ္စပင်။

သို့သော် လူတစ်ယောက်ကို ချောင်ပိတ်မိအောင် ရည်ရွယ်ချက်ရှိရှိ အတင်းအကျပ်ပြုလုပ်ပြီးသည့်တိုင် ထိုသူတွင် လူသားဆန်မှု ၊ စည်းမျဉ်းစည်းကမ်းနှင့် ယုံကြည်မှုများကို အပြည့်အဝထိန်းသိမ်းထားရန် တောင်းဆိုနေသေးသည်ဆိုလျှင်တော့ ထိုသို့ပြုလုပ်ခြင်းက အတော်လေး ကျင့်ဝတ်နှင့်မညီရာကျပေသည်။

ထိုသို့သောအခြေအနေများ ရင်ဆိုင်ရသည့်အခါ မိမိတို့ချမှထားသည့် လူ့ကျင့်ဝတ်အခြေခံမူများကို မစွန့်လွှတ်ဘဲ အသက်ပင်သေပါစေ ခိုင်မြဲစွာရပ်တည်နေသူများကို လေးစားရမည် ဖြစ်သော်လည်း ၊ ထိုသို့သောအခြေအနေမျိုးတွင် တမင်သက်သက် ရည်ရွယ်ချက်ရှိရှိဖြင့် လူ့ကျင့်ဝတ်နှင့်အညီနေထိုင်ရမည်ဟု ပြောဆိုပါက မတရားရာရောက်ပေမည်။

ရန်ကျောက်ကဲက အခြားသူများကို သတ်ဖြတ်ရန် စိတ်မဝင်စားသလို ရှကွမ်းကိုလည်း သတ်ဖြတ်ရန် ရည်ရွယ်ချက် မရှိပေ။

အားဟူက ရိုးရှင်းစွာပြုံးလိုက်ရင်း...

“တခြားတော့ ဘာမှမသိလိုက်ပေမယ့် နည်းနည်းတော့ သဘောပေါက်လိုက်တယ် ၊ သူမျက်လုံးတစ်ဖက်ကန်းနေတာကို သွားတော့မစော်ကားလိုက်နဲ့ ၊ မဟုတ်လို့ကတော့ ကျေးဇူးရှင်ကနေတောင် ရန်သူဖြစ်သွားနိုင်တယ်”

သူတို့အရှေ့တွင်ရှိနေသည့်ရှကွမ်းက အမြဲတမ်း ဒေါသပေါက်ကွဲလွယ်သူ ဖြစ်၏။

တစ်ယောက်ယောက်က သူ၏မျက်လုံးတစ်ဖက်ကန်းခြင်းနှင့်ပတ်သက်ပြီး လှောင်ပြောင်မည်ဆိုပါက ရှကွမ်း ချက်ချင်း ဒေါသပေါက်ကွဲထွက်မည် ဖြစ်သည်။

ကျုန်းယွမ်ခန်းမသခင်က အရင်ဦးစွာတောင်းပန်ခဲ့သဖြင့်သာ ရှကွမ်းက သည်းခံခဲ့ခြင်းဖြစ်ပြီး မဟုတ်လျှင်တော့ သူက တစ်ချက်တည်းဓားဖြင့် ခုတ်ပိုင်းပစ်မည်ပင်။

သူက အခြားသူများကိုထိခိုက်အောင်လုပ်ပြီး ကြည်လင်အလင်းဆေးလုံးကို အတင်းအကျပ်ရယူရန် မရည်ရွယ်ခဲ့သော်လည်း မျက်လုံတစ်ဖက်တည်းသာရှိသဖြင့် သူ့ကိုလှောင်ပြောင်ခဲ့သည့် ကျုန်းယွမ်ခန်းမမှတပည့်ကိုတော့ သတ်ဖြတ်ပစ်ခဲ့သည်။

ကျုန်းယွမ်ခန်းမမှထွက်ခွာသွားသော ရှကွမ်းမှာ ခြင်္သေ့တစ်ကောင်ပမာ ဒေါသပြင်းထန်လျှက် ရှိသည်။

အဆုံးမဲ့တောင်တန်း၏ ထူထပ်သောတောအုပ်များအလယ်တွင်ရပ်ကာ ရှကွမ်းသည် အဝေးတစ်နေရာ ကျယ်ပြောလှသော နယ်မြေများကို ငေးကြည့်ရင်း ၊ နောက်ဆုံးတော့ ဒေါသများ အနည်းငယ် လျော့ပါးသွားခဲ့သည်။

စိတ်ကိုတည်ငြိမ်အောင်ကြိုးစားလိုက်ပြီးနောက် ရှကွမ်းက မချိပြုံးတစ်ချက်ပြုံးလိုက်၏။

“ဆေးလည်းမရခဲ့ဘူးဆိုတော့... ငါ ဘာဆက်လုပ်ရမလဲ”

သူက နှုတ်ခမ်းထောင့်မှစီးကျလာသည့်သွေးများကို လက်ဖမိုးဖြင့်သုတ်ပစ်ရင်း စိတ်ဓာတ်လည်းကျလျှက် ရှိသည်။

“အခု ကိုယ့်ကိစ္စကိုယ်တောင် ကောင်းကောင်းမလုပ်နိုင်ဘူး ၊ အစ်ကိုကြီးနဲ့အစ်မကြီးကိုရှာပြီးရင် လက်စားချေဖို့ကိစ္စ ဘယ်လိုဆက်လုပ်နိုင်မှာလဲ”

သူ၏ ရိုးရှင်းသော အစီအစဉ် အဆင့် (၃)ဆင့်တွင် ပထမအဆင့်မှာပင် အတိုက်အခံများနှင့် တွေ့ဆုံခဲ့ရသည်။

စိတ်ထဲတွင် တင်းကျပ်လာသဖြင့် ရှကွမ်းက ကျုန်းယွမ်ခန်းမသို့ သတိလက်လွတ် လည်ပြန်လှည့်ကြည့်လိုက်မိသည်။ ပြီးမှ ခေါင်းတစ်ချက်ခါယမ်းရင်း ခရီးဆက်ရန် ဟန်ပြင်သည်။

သူက မောင်နှမများကိုမရှာဖွေခင် ဆက်လက်ခရီးနှင်ရန် ရည်ရွယ်ထားပြီး အနီးအနားတွင် ဒဏ်ရာကုသနိုင်ရန် အစွမ်းထက်ဆေးဝါးများ ရှိ မရှိလည်း မေးမြန်းစုံစမ်းသည်။

အတန်ကြာလမ်းလျှောက်ပြီးနောက် ကောင်းကင်ထက်မှ ကြေကွဲဖွယ်ရာ အသံနက်ကြီးတစ်သံ ထွက်ပေါ်လာသည်ကို ရှကွမ်း ရုတ်တရက် ကြားလိုက်ရသည်။

အပေါ်ကိုမော့ကြည့်လိုက်တော့ မည်သို့မှမတတ်နိုင်စွာ သူ့မျက်လုံးများ ပြူးကျယ်သွားရသည်။

သူ့လက်မှလွတ်သွားသည့် သုံးပေတောင်မှအကြီးအကဲသည် ရုတ်တရက် ကောင်းကင်ထက်တွင် ပေါ်လာသည် မဟုတ်ပါလား။

ပိုပြီး တုန်လှုပ်စရာကောင်းသည်မှာ ဓားရောင်တစ်ချက်လင်းလက်သွားသည်နှင့် သုံးပေတောင်မှအကြီးအကဲ၏ဦးခေါင်းမှာ လေထဲသို့ပျံဝဲသွားပြီး ချက်ချင်းအသက်ပျောက်သွားခြင်းပင်။

ဓားအလင်းထွက်ပေါ်လာရာရင်းမြစ်သို့ တစ်ချက်ကြည့်လိုက်တော့ ပန်ဒါတစ်ကောင်နှင့်ဆင်တူသည့် အဖြူရောင်နှင့်အနက်ရောင် အမွှေးထူထူ ၊ မျက်လုံးဝိုင်းဝိုင်း သတ္တဝါတ်ကောင် ပျံသန်းနေသည်ကို တွေ့ရသည်။

ထိုရှားပါးသားရဲကြီး၏ နောက်ကျောထက်တွင် အဖြူရောင်နှင့်အပြာရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် လူငယ်တစ်ယောက်ကိုတွေ့ရပြီး သူက လက်တစ်ဖက်ဆန့်တန်းထားကာ လက်ညှိုးနှင်လက်ခလယ်ထိပ်တွင် ဓားဝိညာဉ်တစ်ခု ရှိနေသည်။

သူ့ရှေ့မှမြင်ကွင်းကိုတွေ့တော့ ရှကွမ်းမှာ လက်စားချေခွင့်ရသည့်အတွက် ပျော်ရွှင်မှုကိုမခံစားရဘဲ အနည်းငယ် ပျောက်ဆုံးသွားသလို ခံစားလိုက်ရသည်။

သူနှင့် အပြင်းအထန်တိုက်ခိုက်ခဲ့သော ရန်သူက ထွက်ပြေးလွတ်မြောက်သွားသော်လည်း အခြားသူလက်ချက်ဖြင့် သေဆုံးသွားပေပြီ။

သူက မသိစိတ်ဖြင့် ရှေ့သို့တိုးသွားပြီး ခေါင်းတခြားကိုယ်တခြားဖြင့် ကောင်းကင်ထက်မှပြုတ်ကျလာသည့် သုံးပေတောင်မှအကြီးအကဲ၏ ရုပ်အလောင်းကို ကြည့်လိုက်သည်။

သာမန်လူတစ်ယောက်သာ ဤမျှမြင့်မားသောအရပ်က ပြုတ်ကျလျှင် အရိုးတခြား အသားတခြား ဖြစ်သွားပေမည်။

သို့သော် သုံးပေတောင် အကြီးအကဲ၏ရုပ်အလောင်းကတော့ ဒဏ်ရာအပြင်းအထန်ရရှိထားသည့်တိုင် အလွန်သန်မာနေဆဲ ဖြစ်၏။ အသက်မရှိတော့ဘဲ အောက်သို့ပြုတ်ကျလာသော အလောင်းကောင်ကြီးကပင် အကြောဆွဲကာ တွန့်လိမ်နေသေးသည်။

မဖြေရှာမရသော နာကျည်းမှုများဖြင့် သေဆုံးသွားရသဖြင့် သူ့မျက်နှာထက်တွင် ထိတ်လန့်တုန်လှုပ်မှုများကို တွေ့မြင်နေရဆဲ ဖြစ်၏။

ရှကွမ်းသည် သုံးပေတောင်အကြီးအကဲ၏ ဦးခေါင်းကို မလှုပ်မယှက်စူးစိုက်ကြည့်ရင်း ခဏအကြာမှာတော့ ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်သည်။

သို့သော် ရယ်မောပြီးနောက် ကျယ်လောင်စွာ ငိုကြွေးပြန်၏။

ရန်ကျောက်ကဲက ပန်ပန်၏ဦးခေါင်းကိုအသာပွတ်သပ်လိုက်ရာ ပန်ပန်က မြေပြင်ထက်သို့ ဆင်းသက်လာသည်။

ရှကွမ်းတုန်လှုပ်သွားပြီး ငိုနေခြင်းကိုရပ်တန့်ကာ ရန်ကျောက်ကဲကို မော့ကြည့်လိုက်သည်။

“မင်း... မင်းက...”

ရန်ကျောက်ကဲက တည်ငြိမ်စွာဖြင့်...

“ငါက ‘ရန်’ မျိုးနွယ် ၊ ဝါဒတောင်က ရန်ကျောက်ကဲ”

“ဝါဒတောင်... ရန်ကျောက်ကဲ”

ရှကွမ်း ပိုပြီးတုန်လှုပ်သွားသည်။

သူ အတန်ကြာအောင်မှင်တက်နေပြီးမှ ရုတ်တရက် ရန်ကျောက်ကဲကို ဦးညွှတ်ဂါရဝပြုလိုက်သည်။

“ငါက ‘ရှ’ မျိုးနွယ်ပါ ၊ နာမည်က ရှကွမ်းလို့ခေါ်ပါတယ် ၊ ငါက အရှေ့တောင်နေဝန်းကောင်းကင်ပြည်နယ်ကပါ ၊ လင်ကူတောင်တန်းဒေသ ၊ မိုးကြိုးသံတောင်ထွတ် ၊ ‘ရှ’ အိမ်တော်က ဆင်းသက်လာတဲ့သူပါ”

သူက ဆက်ပြောသည်။

“သုံးပေတောင်ကလူတွေက ငါတို့တစ်မိသားစုလုံးကို သတ်ပစ်လိုက်တယ် ၊ လက်စားချေချင်ပေမယ့် ငါ့မှာအင်အားမရှိဘူး ၊ ခုလိုမျိုးလက်စားချေဖို့ကူညီပေးခဲ့တဲ့ ‘ရန်’ သခင်လေးကို ကျေးဇူးတင်ပါတယ်”

ရန်ကျောက်ကဲက ရှကွမ်းကို ခြေဆုံးခေါင်းဆုံး တစ်ချက်အကဲခတ်လိုက်သည်။

ယခင်ဆင်နွှဲခဲ့သောတိုက်ပွဲများကြောင့် ရှကွမ်း၏အသွင်အပြင်မှာ လူငယ်လေးတစ်ယောက်နှင့်မတူတော့ဘဲ ဆံပင်များဖြူဖွေးကာ အသက်အရွယ်ကြီးရင့်သူတစ်ယောက်အဖြစ် ပြောင်းလဲသွားခဲ့ပေပြီ။

အပြင်ပန်းအသွင်အပြင်ကို ကိုယ်နှစ်သက်သလို ပြောင်းလဲထားသည့် သိုင်းကျင့်ကြံသူများနှင့်မတူညီစွာ ရှကွမ်း၏အသွင်အပြင်နှင့် ပြောင်းလဲမှုများက အိုမင်းခြင်းနှင့် အသက်ဓာတ်ကုန်ဆုံးခြင်းကို ထင်ဟပ်စေသည်။

ရန်ကျောက်ကဲက ပထမမဆုံးအကြိမ်တွေ့မြင်ဖူးစဉ်က သိုင်းသူတော်စင်တစ်ယောက်အတွက် အလွန်တရာ ငယ်ရွယ်သော ရှကွမ်း၏အသွင်အပြင်ကို ပြန်စဉ်းစားမိသည်။

ယခုတော့ သူ၏အသက်ဓာတ်စွမ်းအားများပျက်ဆီးကာ အမှန်တကယ်ပင် အသက်ကြီးရင့်လာခဲ့သည်။

ရန်ကျောက်ကဲက...

“ကျုန်းယွမ်ကျောင်းတော်ကိုရှာဖွေဖို့ ခရီးထွက်လာတုန်းက လင်ကူတောင်တန်းဒေသကိုဖြတ်ခဲ့ရတယ်လေ ၊ မင်းတို့မိသားစုအကြောင်း ငါ သတင်းကြားခဲ့ပါတယ်”

ထိုစကားကြားတော့ ကွယ်လွန်သွားသည့် မိသားစုဝင်များအကြောင်းတွေးမိပြီး ရှကွမ်းရင်ထဲ ဝမ်းနည်းပူဆွေးမှုများ ထပ်မံပေါ်ပေါက်လာသည်။

“ကျောက်ဂူအိမ်တော်ထဲမှာ သုံးပေတောင်က သိုင်းသမားအတော်များများကို တွေ့ခဲ့ရတယ် ၊ ဒီကောင်က သူတို့ထဲကတစ်ယောက်ပဲ”

ရန်ကျောက်ကဲက သုံးပေတောင်မှ အကြီးအကဲ၏ခေါင်းပြတ်ကြီးကို အကဲခတ်ရင်းဆိုသည်။

“သူတို့က မင်းတို့ ‘ရှ’ အိမ်‌တော်ကို ဖျက်ဆီးပစ်တဲ့အထဲမှာ ပါတယ် မဟုတ်လား”

ရှကွမ်းက အံတင်းတင်းကြိတ်ရင်း...

“သေချာတာပေါ့ ၊ အဲဒီတုန်းက ဒီလူက ‘ရှ’ အိမ်တော်တစ်ခုလုံးကို သုတ်သင်ပစ်ဖို့ သူကိုယ်တိုင် ဦးဆောင်ခဲ့တာ”

ရန်ကျောက်ကဲက ညင်သာစွာဖြင့်...

“သူတို့အားလုံးကို ငါသတ်ပစ်လိုက်ပြီ”

ရှကွမ်းအံ့အားသင့်သွားသည်။

ရန်ကျောက်ကဲက ဆက်ပြောသည်။

“ဒါပေမဲ့ မင်း ငါ့ကိုကျေးဇူးတင်ဖို့မလိုဘူး ၊ ဒီကောင်တွေက ကျောက်ဂူအိမ်တော်ထဲက ရတနာပစ္စည်းတွေကို ငါနဲ့ပြိုင်ပြီးလုချင်တာနဲ့ သတ်ပစ်လိုက်တာ”

“ဒါပေမဲ့... ငါကတော့ မင်းကိုကျေးဇူးတင်ရမှာပါပဲ”

ရှကွမ်း သတိပြန်ဝင်လာပြီး ခံစားချက်အပြည့်ဖြင့် ပြောလိုက်သည်။

ရန်ကျောက်ကဲက လက်နှစ်ဖက်နောက်ပစ်ရင်း ရှကွမ်းကိုကြည့်လိုက်သည်။

“မင်း ဘာဆက်လုပ်ဖို့စီစဉ်ထားလဲ ၊ မင်းတို့ ‘ရှ’ အိမ်တော်ကို ရှင်းပစ်တဲ့သူတွေထဲမှာ ကျောက်ဂူအိမ်‌တော်ထဲကိုဝင်သွားတဲ့သူတွေတင် မဟုတ်ဘူး ၊ ကျောက်စိမ်းလွင်ပြင်ဒေသမှာလည်း သုံးပေတောင်ကတပည့်တွေ အများကြီးရှိနေတုန်းပဲ”

All Chapters