အထက်ရပ်ထိပ်တန်းအရှင်သခင်
Vol. 69 Ch. 963
အခန်း (၉၆၃) အထက်ရပ်ထိပ်တန်းအရှင်သခင်
သုံးပေတောင်သခင်အပါအဝင် ထိပ်တန်းကျင့်ကြံသူအများအပြားကို ရန်ကျောက်ကဲ သတ်ဖြတ်ပစ်ခဲ့သည်။
သူတို့၏ အဓိကရတနာပစ္စည်း (၂)မျိုးဖြစ်သော ရွှေရောင်ကျီးကန်းအကြွင်းအကျန်ဝိညာဉ်ပါဝင်သော ဝိညာည်အလံနှင့် အဆင့်မြင့်အထွတ်ထိပ်မှော်ဝင်ပစ္စည်း ရွှေကျီးကန်းကောင်းကင်ဓားသည်လည်း ရန်ကျောက်ကဲလက်ထဲ ကျရောက်သွားသည်။
အကြီးအကျယ်ထိုးနှက်ခံရပြီးနောက် သုံးပေတောင်၏အင်အားက သိသိသာသာ ကျဆင်းသွားမည် ဖြစ်သည်။
သို့တိုင် သုံးပေတောင်တွင် အဆင့်မြင့်ကျင့်ကြံသူအနည်းငယ် ကျန်ရှိနေသေးလေရာ သူတို့တစ်ဂိုဏ်းလုံးအား အမြစ်ပြုတ်တိုက်ခိုက်ရန်မလွယ်ကူသေးပေ။
တာအိုကျောင်းတော်ထဲတွင် သုံးပေတောင်ဂိုဏ်းသားများ အများအပြားသေဆုံးသွားကြသဖြင့် သူတို့အဖြေင့်ကျောက်စိမ်းလွင်ပြင်ဒေသတွင် ယခင်ကလို သြဇာအာဏာကြီးမားတော့မည် မဟုတ်သော်လည်း ကျောက်စိမ်းလွင်ပြင်ဒေသနှင့် လင်ကူတောင်တန်းဒေသများတွင် အဓိကသိုင်းဂိုဏ်းတစ်ခုအဖြစ် ရပ်တည်နိုင်ဦးမည်က အမှန်ပင်။
သို့ဖြစ်ရာ သုံးပေတောင်သည် ကြီးမားသောသိုင်းဂိုဏ်းတစ်ခုဖြစ်နေဆဲဖြစ်ပြီး ရှကွမ်းအတွက် လက်စားချေရန် ခက်ခဲနေပေဦးမည်။
‘ရှ’ အိမ်တော်ကို ချေမှုန်းခဲ့ကြသော သုံးပေတောင်မှ သိုင်းသမားများကတော့ အမှန်တကယ်ပင် တာအိုကျောင်းတော်အတွင်း ဝင်ရောက်လာသူများ ဖြစ်ကြသည်။
ရှကွမ်းက ရန်သူကို ကိုယ်တိုင်ကိုယ်ကျ လက်စားမချေနိုင်ခဲ့သော်လည်း အဆုံးသတ်မှာတော့ သုံးပေတောင်မှအကြီးအကဲက ခေါင်းနှင့်ကိုယ် အိုးစားကွဲကာ သူ့အရှေ့တွင် အသက်ပျောက်နေပေပြီ။
အရင်က ‘ရှ’ အိမ်တော်အပေါ် ကျူးလွန်ခဲ့သော လူသတ်သမားများအားလုံး သုတ်သင်ရှင်းလင်းပြီးပြီဟု ဆိုနိုင်၏။
ရှကွမ်း၏ ပျက်ဆီးနေသောမျက်လုံးထက်မှာပင် ပြင်းထန်သောဒေါသတရားများက လျော့ပါးသွားခြင်းမရှိသေးကြောင်း တွေ့မြင်နိုင်သည်။
ရန်ကျောက်ကဲက ရွှေကျီးကန်းကောင်းကင်ဓားနှင့် ဝိညာည်အလံကို ထုတ်ယူလိုက်တော့ ရှကွမ်းက ထိုပစ္စည်းများကို စူးစိုက်ကြည့်ရင်း ဒေါသတကြီးဖြင့် ဆိုသည်။
“သုံးပေတောင်လက်ချက်နဲ့ ငါတို့တစ်မိသားစုလုံး ပျက်ဆီးသွားခဲ့ရတယ် ၊ အဲဒီနေ့က မိုးကြိုးသံတောင်ထွတ်မှာ ငါကလွဲလို့ တစ်ယောက်မှအသက်မရှင်ခဲ့ဘူး ၊ နောက်ပိုင်း ငါ့ရဲ့ကျင့်ကြံခြင်းအဆင့် မြင့်မားလာတဲ့တစ်နေ့ကျရင် သုံးပေတောင်ကို သေချာပေါက် ချေမှုန်းပစ်မယ်”
“ငါတို့ ‘ရှ’ အိမ်တော် ဒါမှမဟုတ် သုံးပေတောင် တစ်ခုခု လုံးဝအမြစ်ပြုတ်သွားမှ ဒီကိစ္စတွေ အဆုံးသတ်နိုင်မှာပဲ”
ရန်ကျောက်ကဲက သူ့စကားကို ထောက်ခံဟန်လည်းမရှိ ငြင်းဆိုဟန်လည်းမပြဘဲ ပုံမှန်လေသံဖြင့်...
“အိုး ... မင်းရဲ့ဆုံးဖြတ်ချက် အတော်ခိုင်မာတာပဲ”
ရှကွမ်းပုံစံက အလွန်ပြင်းထန်လျှက်ရှိသော်လည်း သူ့အရှေ့မှ ရန်ကျောက်ကဲကိုကြည့်ရင်း အနည်းငယ် ရှက်ရွံ့သွားသည်။
ရယ်စရာကောင်းလှသည်ပင်။
လောလောဆယ်မှာ ကိုယ့်အသက်ရှင်သန်ရန်ပင် မသေချာသောလူတစ်ယောက်က သိုင်းဂိုဏ်းကြီးတစ်ခုအား သူတို့လုပ်ရပ်အတွက် ပြန်လည်ပေးဆပ်ရန် ရန်ကျောက်ကဲရှေ့တွင် အဓိဋ္ဌာန်ပြုပြီး ကတိခံနေခြင်းက အလွန်မှ ရယ်စရာကောင်းလှသည်။
အထူးသဖြင့် သူ့အရှေ့မှ ‘ရန်’ သခင်လေးက သူ၏ရန်သူအတော်များများကို သတ်ဖြတ်ရန် ကူညီပေးခဲ့သော ကျေးဇူးရှင် ဖြစ်နေခဲ့သည်။
"ဒါက အရမ်းခက်ခဲမယ်ဆိုတာ ငါသိပါတယ်"
ရှကွမ်း အနည်းငယ်တည်ငြိမ်သွားသော်လည်း သူ့လေသံက ပိုမိုပြတ်သားလာသည်။
“ဒါပေမဲ့ ငါ သေချာပေါက် အရှုံးမပေးဘူး”
“ငါတို့ ‘ရှ’ အိမ်တော်က လူပေါင်း (၁၂၇)ယောက် သေဆုံးခဲ့တယ် ၊ အနည်းဆုံး သူတို့ရဲ့ အသက်ပေါင်း (၁၂၇)ယောက်ကို ပြန်ပေးဆပ်စေချင်တယ်”
ရှကွမ်း၏ ပြတ်သားပြီး ရက်စက်ကြမ်းကြုတ်ဟန်ရှိသော မျက်နှာကိုကြည့်ရင်း အားဟူ တွေးလိုက်သည်။
“သူ့ရဲ့စိတ်နေစိတ်ထားနဲ့ဆိုရင် သေချာပေါက် အားနည်းတဲ့သူတွေကို ပစ်မှတ်မထားတတ်ဘူး ၊ ဒါကြောင့် (၁၂၇)ယောက် ပြည့်ဖို့အတွက် သုံးပေတောင်က အားနည်းတဲ့တပည့်ငယ်တွေကိုတော့ ရှာပြီးသတ်ဖြတ်မှာ မဟုတ်ဘူး”
ရှကွမ်း ပစ်မှတ်ထားသည်က သုံးပေတောင်၏ အဆင့်မြင့် ကျင့်ကြံသူများ ဖြစ်မည်မှာ သေချာပါသည်။
သူ့အတွက် အကြီးမားဆုံးဆန္ဒကတော့ သုံးပေတောင်ကို အမြစ်ပြတ်သုတ်သင်ပစ်ရန် ဖြစ်သည်။
အားဟူ တိတ်ဆိတ်ငြိမ်သက်လျှက် ရှိသည်။
မျိုးနွယ်တစ်ခုလုံး အမြစ်ပြတ်သုတ်သင်ခြင်းက သာမန်လူများအတွက် ရက်စက်သည်ဟု ထင်ရသော်လည်း သိုင်းကျင့်ကြံသူလောကတွင်တော့ မကြာခဏ ဖြစ်ပျက်လေ့ရှိသည်ပင်။
ရန်ကျောက်ကဲက ပြုံးလိုက်ရင်း...
“သွေးပူနေတုန်းပြသတဲ့သတ္တိက တကယ့်သတ္တိမဟုတ်သေးဘူး ၊ မသိနားမလည်တဲ့သတ္တိကလည်း တကယ် ကြောက်ရွံ့ခြင်းကင်းမဲ့တာ မဟုတ်ဘူး”
“သုံးပေတောင်ကလူတွေအားလုံးပေါင်းထားတဲ့ တန်ခိုးစွမ်းအားကို ခုခံတိုက်ခိုက်နိုင်တဲ့စွမ်းအားများ မင်းမှာပိုင်ဆိုင်ထားရင်တောင် မင်း သုံးပေတောင်ကို ရှင်းပစ်နိုင်မယ် မထင်ဘူး”
ရန်ကျောက်ကဲက ဆက်ပြောသည်။
“မင်း သုံးပေတောင်ကို အပြီးအပြတ် လက်စားချေချင်တယ်ဆိုရင်တောင် အရာအားလုံးက ဒီလောက်နဲ့အဆုံးသတ်သွားမှာ မဟုတ်ဘူး”
ထိုစကားကြားတော့ ရှကွမ်း အံ့သြမှင်တက်သွားသည်။
“’ရန်’ ... ‘ရန်’ သခင်လေး”
"သုံးပေတောင်အကြောင်း မင်းဘယ်လောက်သိလဲ"
ရန်ကျောက်ကဲက မေးလိုက်သည်။
ဝိညာဉ်အလံနှင့် ရွှေကျီးကန်းကောင်းကင်ဓားကိုကြည့်ရင်း ရှကွမ်း အနည်းငယ် တုန်လှုပ်သွားသည်။
“သူတို့က ကျောက်စိမ်းလွင်ပြင်ဒေသက သိုင်းဂိုဏ်းတစ်ခုဖြစ်ပြီး အမတကူးပြောင်းခြင်းအဆင့် သိုင်းသူတော်စင်တွေ အများကြီးရှိတယ် ၊ သူတို့ကျင့်ကြံတဲ့သိုင်းပညာက မဟာနေမင်း ၊ နေကြယ်စင်နဲ့ ခြေသုံးချောင်းရွှေကျီးကန်းရဲ့ နက်နဲတဲ့သိုင်းပညာတွေပဲ”
သူ၏စိတ်ကဒေါသပြင်းထန်နေသော်လည်း ရူးနှမ်းသူတစ်ယောက်မဟုတ်သဖြင့် ရန်ကျောက်ကဲ၏စကားကို အနည်းငယ် သဘောပေါက်သွားသည်။
“’ရန်’ သခင်လေး ၊ သုံးပေတောင်ရဲ့နောက်ကွယ်မှာ ပိုပြီးအဆင့်မြင့်တဲ့ တန်ခိုးစွမ်းအားရှင်တစ်ယောက်ရှိနေတယ်လို့ ဆိုလိုတာလား”
ရန်ကျောက်ကဲက...
“မင်းပြောတာမမှားပါဘူး ၊ သုံးပေတောင်ရဲ့သိုင်းပညာထဲမှာ မဟာနေမင်း ၊ နေကြယ်စင်နဲ့ သူတို့ရဲ့ အမြင့်ဆုံးအဆင့် သိုင်းပညာဖြစ်တဲ့ ရွှေကျီးကန်းမီးလျှံကျမ်းစာပါဝင်တယ်”
ရန်ကျောက်ကဲက ဆက်ပြောသည်။
“ဒါပေမဲ့ သုံးပေတာင်ကိုတည်ထောင်သူ ရရှိခဲ့တဲ့ ရွှေကျီးကန်းမီးလျှံကျမ်းစာက မဟာကပ်ဘေးကြီးကြောင့် အစိတ်စိတ်အမွှာမွှာပျက်ဆီးနေတဲ့ကျမ်းစာဖြစ်ပြီး ပြီးပြည့်စုံခြင်း မရှိဘူး”
“ဒါကြောင့်လည်း လွန်ခဲ့တဲ့ရာစုနှစ်တစ်ခုက သုံးပေတောင်က ထူးထူးခြားခြား ဘာမှမရှိခဲ့ဘူး ၊ အခုမှ ကျောက်စိမ်းလွင်ပြင်ဒေသမှာ ထိပ်တန်းအဆင့် အင်အားစုတစ်ခု ဖြစ်လာတာလေ”
“ဒီလိုဖြစ်ရတာက သူတို့ရဲ့ ထိပ်တန်းအဆင့်သိုင်းကျင့်ကြံသူတွေ ကြိုးစားအားထုတ်မှုအပြင် ပြီးပြည့်စုံခြင်းမရှိတဲ့ ရွှေကျီးကန်းမီးလျှံကျမ်းစာကို ပြန်လည်ပြုပြင်ဖို့ တစ်စုံတစ်ယောက်က ကူညီပေးခဲ့တယ်လို့ အတိုင်းအတာတစ်ခုအထိ ယူဆနိုင်တယ်”
ရန်ကျောက်ကဲက နှုတ်ခမ်းတစ်ချက်သပ်လိုက်ပြီး...
“အဲဒီကျမ်းစာအပြည့်အစုံကတော့ အတော်လေးထူးခြားလွန်းတယ်”
ယခုမှ ရှကွမ်း အပြည့်အဝ သဘောပေါက်သွားသည်။
“သူတို့ကို ကျောထောက်နောက်ခံပြုပေးနေတဲ့သူက အဲဒီကျမ်းစာကို ပြန်ပြီးပြုပြင်ပေးခဲ့တာလား”
သူက တစ်ဆက်တည်းမေးခွန်းထုတ်လိုက်သည်။
“ဘယ်သူများလဲ ၊ အရှေ့တောင်ထိပ်တန်းအရှင်သခင်လား”
ရန်ကျောက်ကဲက ရှကမ်းကို စိတ်ဝင်တစားအကဲခတ်လိုက်သည်။
ရှကွမ်းစိတ်ထဲ အရင်းနှီးဆုံးရှိနေသော ထိပ်တန်းအရှင်သခင်မှာ အရှေ့တောင် နေဝန်းကောင်းကင်ပြည်နယ်၏ အရှင်သခင်ဖြစ်သော အရှေ့တောင်ထိပ်တန်းအရှင်သခင်သာလျှင် ရှိသည်။
ထိုသို့မေးလိုက်သည့်တိုင် ရှကွမ်းက ကြောက်ရွံ့ခြင်း မရှိပေ။
သူ့မျက်နှာအမူအရာက ပိုမိုလေးနက်နေပြီး အကောင်းအတိုင်းကျန်ရှိနေသော သူ၏မျက်လုံးထဲတွင် ပြတ်သားပြီး မယိမ်းယိုင်မှုများကို တွေ့မြင်ရ၏။
ရန်ကျောက်ကဲက ပြုံးလျှက်ခေါင်းခါယမ်းရင်း...
“အရှေ့တောင်ထိပ်တန်းအရှင်သခင်မဟုတ်ဘူး ၊ သူက အရှေ့တောင်ထိပ်တန်းအရှင်သခင်ထက် အဆင့်မြင့်တဲ့လူတစ်ယောက်ပဲ”
စကားဆုံးသွားသည်နှင့် ရန်ကျောက်ကဲက ကောင်းကင်ထက်သို့ လက်ညှိုးညွှန်ပြလိုက်သည်။
ရှကွမ်းအံ့အားသင့်သွားပြီး...
“အထက်ရပ်ထိပ်တန်းအရှင်သခင်လား...”
ရန်ကျောက်ကဲက...
“သေချာတာပေါ့ ၊ အရှင်သခင် (၁၀)ပါးမှာ တန်ခိုးစွမ်းအားအမြင့်မားဆုံးပဲ”
အထက်ဘုံကမ္ဘာ၏ ထိပ်တန်းတည်ရှိမှုများတွင် ဧကရာဇ် (၃)ပါး ၊ အုပ်စိုးရှင် (၅)ပါး ၊ နယ်မြေ (၁၀)ခု၏ အရှင်သခင်များ ဟူ၍ ရှိကြသည်။
ဧကရာဇ် (၃)ပါး ၊ အုပ်စိုးရှင် (၅)ပါးပြီးလျှင် နယ်မြေ (၁၀)ခု၏ အရှင်သခင်များထဲတွင် နယ်မြေ (၈)ခုကိုအုပ်စိုးသော ထိပ်တန်းအရှင်သခင် (၈)ပါး ၊ ခွန်လွန်တောင်တွင်နေထိုင်သည့် အထက်ရပ်ထိပ်တန်းအရှင်သခင်နှင့် အောက်အရပ်ထိပ်တန်းအရှင်သခင်ဟူ၍ ရှိသည်။
အထက်ရပ်ထိပ်တန်းအရှင်သခင်နှင့် အောက်အရပ်ထိပ်တန်းအရှင်သခင်တို့က နယ်မြေ (၈)ခု အရှင်သခင်များထက် သာလွန်သည် အမှန်ပင်။
အောက်အရပ်ထိပ်တန်းအရှင်သခင်က မြေကမ္ဘာထိပ်တန်းအရှင်သခင် ဝမ်ကျန်းချန်ဖြစ်သည်။
သူက အလယ်ပိုင်း ကျွင်းထျန်းကောင်းကင်ပြည်နယ်၏အရှင်သခင်လည်းဖြစ်သလို ဧကရာဇ် (၃)ပါးတွင် တစ်ပါးအပါအဝင်ဖြစ်သော မြေကမ္ဘာဧကရာဇ်၏တပည့်ဖြစ်ပြီး လူသားအထွတ်ထိပ်အဆင့်သို့ရောက်ရှိသည်မှာ လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာကြာမြင့်ခဲ့ပေပြီ။
ဒဏ်ရာကြီးကြီးမားမားသာ မရရှိခဲ့ပါက သူသည် နတ်ဘုရားတံခါးကိုဖွင့်လှစ်ပြီး ဧကရာဇ်ဘွဲ့ထူးကို ဆွတ်ခူးနိုင်မည်ဟု အများစုက ယုံကြည်ကြသည်။
အထက်ဘုံကမ္ဘာတွင် ဝါစဉ်အကြီးဆုံးသိုင်းသူတော်စင်ဖြစ်သည့် မြေကမ္ဘာထိပ်တန်းအရှင်သခင်ထက် ကျင့်ကြံခြင်းအဆင့်သာလွန်သူ တစ်ယောက်သာလျှင် ရှိ၏။
သူ့ကို မြေကမ္ဘာထိပ်တန်းအရှင်သခင်ဟု ခေါ်ဆိုရခြင်းမှာ သူ၏ဆရာဖြစ်သူက တိဟွမ်မြေကမ္ဘာဧကရာဇ်ဖြစ်နေသော အချက်တစ်ခုတည်းကြောင့် မဟုတ်ပေ။
သူက အထက်ရပ်ထိပ်တန်းအရှင်သခင် မဖြစ်နိုင်သောကြောင့်လည်း ဖြစ်သည်။
ဝမ်ကျန်းချန်ထက် တန်ခိုးစွမ်းအားမြင့်မားသူတစ်ယောက် ရှိလေသည်။
ထိုသူကို အထက်ဘုံကမ္ဘာတစ်ခုလုံးက လောကပထမသိုင်းသူတော်စင်ဟု လူသိရှင်ကြား အသိအမှတ်ပြုထားကြသည်။
ထိုသူက မြေကမ္ဘာထိပ်တန်းအရှင်သခင် ဝမ်ကျန်းချန်ထက်အသက်ငယ်ရွယ်သည်သာမက အရှေ့တောင်ထိပ်တန်းအရှင်သခင် ချောင်ကျယ် ၊ တောင်ပိုင်းထိပ်တန်းအရှင်သခင် ကျွမ်းရှန်တို့ထက်လည်း ငယ်ရွယ်သည်။
ပြောရလျှင် အခြားသော ထိပ်တန်းအရှင်သခင်များအားလုံးထက် အသက်ငယ်သည်။
ကြောက်စရာကောင်းလောက်အောင် အသက်ငယ်ရွယ်လွန်းသူဟု ဆိုနိုင်၏။
လက်ရှိတွင် သူ၏အသက်က ရာစုနှစ်တစ်ခုကျော်မျှသာ ရှိသေးသည်။
အခြားသော ‘လူသားအထွတ်ထိပ်’ အဆင့် ကျင့်ကြံသူများနှင့်ယှဉ်လျှင် သူက အလွန်ငယ်ရွယ်နုနယ်သေးပြီး နို့စို့ကလေးမျှသာ ရှိသေးသည်ဟု သတ်မှတ်နိုင်၏။
အထက်ဘုံကမ္ဘာတွင် သူ့ကို နတ်ဘုရားအဆင့်သို့ရောက်ရှိရန် အနီးကပ်ဆုံးသူအဖြစ် လူသိရှင်ကြားချီးကျူးခံရသည်။
ရန်ကျောက်ကဲက ပြုံးရင်း...
“လွန်ခဲ့တဲ့ ရာစုနှစ် (၂)ခုလောက်က ရှောင်ကျန့်နတ်ဓားရှင်နဲ့ ရာစုနှစ် (၁)ခုလောက်က ကောင်းကင်သခင်လေး”
သူက ဆက်ပြောသည်။
“ကောင်းကင်သခင်လေးဆိုတာ သူကလွဲပြီး တခြားသူမဟုတ်ဘူး”
“အရင်က ကောင်းကင်သခင်လေး... အခုတော့ အထက်ရပ်ထိပ်တန်းအရှင်သခင်ပေါ့ ၊ သူက ရွှေကျီးကန်းမီးလျှံကျမ်းစာကို ပြန်လည်ပြုပြင်ဖို့အတွက် သုံးပေတာင်ကို ကူညီပေးခဲ့တဲ့သူပဲ”