လွန်ခဲ့သော ရာစုနှစ် (၂)ခုက ရှောင်ကျန်းနတ်ဓားရှင် ၊ လွန်ခဲ့သော ရာစုနှစ်တစ်ခုက ကောင်းကင်သခင်လေး
Vol. 69 Ch. 964
အခန်း (၉၆၄) လွန်ခဲ့သော ရာစုနှစ် (၂)ခုက ရှောင်ကျန်းနတ်ဓားရှင် ၊ လွန်ခဲ့သော ရာစုနှစ်တစ်ခုက ကောင်းကင်သခင်လေး
“လွန်ခဲ့သော ရာစုနှစ် (၂)ခုက ရှောင်ကျန်းနတ်ဓားရှင် ၊ လွန်ခဲ့သော ရာစုနှစ်တစ်ခုက ကောင်းကင်သခင်လေး”
ဤသည်က အထက်ဘုံကမ္ဘာတွင် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုသော စကားဖြစ်သည်။
ဧကရာဇ် (၃)ပါး ၊ အုပ်စိုးရှင် (၅)ပါး ၊ နယ်မြေ (၁၀)ခု အရှင်သခင်များကဲ့သို့ သူတို့စိတ်ထဲတွင် နက်နက်ရှိုင်းရှိုင်း မြှုပ်နှံထားခြင်း မရှိသော်လည်း အများအားဖြင့် သိရှိနေကြဆဲပင်။
တစ်ချိန်ကထွက်ပေါ်လာသော ရှောင်ကျန့်နတ်ဓားရှင်သည် ကမ္ဘာကိုတန်ုလှုပ်စေခဲ့သော လုန်ရွှယ်ကျီးကို ရည်ညွှန်းသည်။
ဟုတ်ပေ၏။
အထက်ဘုံကမ္ဘာမှလူများကတော့ သူ့ကို ချန်ရွှယ်ကျီးဟု သိရှိထားကြသည်။
သူက အထက်ဘုံကမ္ဘာတွင် အချိန်ကြာမြင့်စွာ လှုပ်ရှားခဲ့ခြင်းမရှိသော်လည်း ၊ ထိုစဉ်အချိန်က နတ်ဘုရားသိမြင်ခြင်းအဆင့် သိုင်းသူတော်စင်တစ်ယောက်မျှသာဖြစ်ခဲ့သော်လည်း လုန်ရွှယ်ကျီး၏ ဂုဏ်သတင်းက ကြီးမြတ်နေဆဲ ဖြစ်သည်။
မူလဇစ်မြစ်မသိနိုင်သော လုန်ရွှယ်ကျီး၏ ကျင့်ကြံခြင်းအရှိန်အဟုန်ကို ပြင်ပလူများ ဆုံးဖြတ်ရန် ခက်ခဲသည်။
သို့တိုင် ထိုစဉ်အချိန်က သူသည် အသက် (၃၀)အရွယ်ခန့်သာရှိသေးပြီး အသက်ငယ်ငယ်နှင့် ရောက်ရှိနေသည့် ကျင့်ကြံခြင်းအဆင့်က မတွေးဝံ့စရာပင်။
သူ၏ငယ်ရွယ်မှုနှင့် မာနကြီးမှုတို့အပြင် သူ၏ကျော်ကြားမှုအတွက် နောက်ထပ်အကြောင်းရင်းတစ်ခုမှာ လွှမ်းမိုးနိုင်စွမ်း မြင့်မားခြင်းပင် ဖြစ်သည်။
သူက ဓားတစ်လက်တည်းဖြင့် ကမ္ဘာကိုဖြတ်ကျော်ကာ အထက်ဘုံကမ္ဘာမှ သက်တူရွယ်တူ ၊ ကျင့်ကြံခြင်းအဆင့်တူညီသူများအားလုံးကို အနိုင်ယူခဲ့သည်။
ထိုစဉ်က မြောက်ပိုင်းထိပ်တန်းအရှင်ခင်က ကျင့်ကြံခြင်းအဆင့်ကိုဖိနှိပ်ပြီး လုန်ရွှယ်ကျီးနှင့် တိုက်ခိုက်ခဲ့ခြင်းက လူသိများသော ဒဏ္ဍာရီတစ်ပုဒ်ဖြစ်ခဲ့ပြီး ကျင့်ကြံခြင်းအဆင့်တူညီသူများဆိုလျှင်တော့ သူက ဓားကွက် (၃)ကွက်ဖြင့် တိုက်ပွဲကို အဆုံးသတ်လေ့ ရှိသည်။
ပြောရမည်ဆိုလျှင် လုန်ရွှယ်ကျီးချန်ထားခဲ့သော အမှန်သင်္ကေတတစ်ခုက အထက်ဘုံကမ္ဘာမှ နှောင်းပိုင်းပါရမီရှင်များ ဖိနှိပ်ကျော်လွန်ရန် အမှန်တကယ်ပင် ခက်ခဲလွန်းသည်။
သူ ထူးထူးခြားခြားထွက်ပေါ်လာပြီး ထူးထူးခြားခြား ပျောက်ကွယ်သွားပြီးနောက် သူနှင့်တူသော အသွင်အပြင်သည် အထက်ဘုံကမ္ဘာတွင် အချိန်ကြာမြင့်စွာ ထွက်ပေါ်လာခြင်း မရှိတော့ပေ။
နှစ်ပေါင်းတစ်ရာတိုင်တိုင် ကြာမြင့်ခဲ့သည်။
ရာစုနှစ်တစ်ခုခန့်ကြာမြင့်ပြီးနောက် အဆုံးသတ်မှာတော့ အထက်ဘုံကမ္ဘာတွင် ထူးခြားသော ပါရမီရှင်တစ်ယောက် ထွက်ပေါ်လာသည်။
ကောင်းကင်သခင်လေး ‘ချန်ချန်းဟွာ’။
ထိုသူက အသက်ငယ်ငယ်ဖြင့်ပင် အထက်ဘုံကမ္ဘာတစ်ခုလုံးကို တုန်လှုပ်စေခဲ့သော ကောင်းကင်ဘုံအချစ်ခံ သားတော်တစ်ပါး ဖြစ်၏။
လုန်ရွှယ်ကျီး၏ တိုတောင်သော အချိန်ကာလနှင့်မတူညီဘဲ ကောင်းကင်သခင်လေးသည် ဒဏ္ဍာရီများစွာကို ချန်ထားခဲ့ကာ အထက်ဘုံကမ္ဘာတစ်ဝှမ်းတွင် နာမည်ကျော်ကြားခဲ့သည်။
အဆုံးသတ်မှာတော့ ကမ္ဘာ့သမိုင်းတွင် အသက်အငယ်ဆုံး “လူသားအထွတ်ထိပ်” ကျင့်ကြံသူ ဖြစ်လာခဲ့သည်။ သူသည် ရာစုနှစ်တစ်ခုအတွင်း အသက်အငယ်ဆုံး ၊ ဒဏ္ဍာရီအဆန်ဆုံး ထိပ်တန်းအရှင်သခင် ဖြစ်သည်။
ထို့ထက်ပိုပြီးထင်ရှားသည်မှာ ချန်ချန်းဟွာက အသက်ငယ်ငယ် တိုတောင်းသောအချိန်ကာလအတွင်းတွင် မြေကမ္ဘာထိပ်တန်းအရှင်သခင် ဝမ်ကျန်းချန်ကို ကျော်တက်သွားခြင်းပင်။
ဝမ်ကျန်းချန်က အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်ဖြင့် မယှဉ်နိုင်သည့်တိုင် နှစ်ပေါင်းထောင်ချီအသက်ရှည်ခဲ့သော ထိပ်တန်းအရှင်သခင်တစ်ပါး ဖြစ်လေရာ လုံးဝအားနည်းခြင်း မရှိပေ။
အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်နှင့်မယှဉ်နိုင်ရခြင်းက ထိုအရာက မည်သို့သောအရာဖြစ်သနည်းဆိုသည့်အပေါ် မူတည်သည်။
ထိုလှံရှည်သည် လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာက ‘မီးလျှံထက်ယံအရှင်သခင်’ နှင်အ့တူ ကျယ်ပြောလှသော စကြာဝဠာတစ်ခွင် လှည့်လည်ခဲ့သည့် ရှေးဟောင်း အမတမှော်ဝင်ပစ္စည်းတစ်ခု ဖြစ်၏။
ကမ္ဘာတစ်ဝှမ်းနာမည်ကျော်ကြားသော ပိုးသားဧကရာဇ်သည်ပင် အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်ကို လက်ဗလာဖြင့် အနိုင်မယူနိုင်ခဲ့ပေ။ သို့ဖြစ်ရာ သိုင်းသူတော်စင်အဆင့်တွင် အထွတ်ထိပ်ဖြစ်သော ဝမ်ကျန်းချန်အနေဖြင့် မည်သို့ ယှဉ်နိုင်ပါမည်နည်း။
မည်သို့ပင်ဖြစ်စေ အထွတ်ထိပ်အဆင့်တန်ခိုးစွမ်းအားရှင်များကြားမှာပင် အထွတ်ထိပ်ပုဂ္ဂိုလ်ဆိုသည်က ရှိနေဆဲပင်။
အထက်ရပ်ထိပ်တန်းအရှင်သခင် ချန်ချန်းဟွာသည် သူတို့ ဘဝတစ်လျှောက်လုံး ဘယ်သောအခါမှ ရောက်ရှိနိုင်ခြင်းမရှိသောနေရာသို့ အချိန်တိုတိုအတွင်း ရောက်ရှိခဲ့သော တန်ခိုးစွမ်းအားအမြင့်မားဆုံးပုဂ္ဂိုလ် ဖြစ်လာခဲ့သည်။
သူက အရှင်သခင် (၁၀)ပါးတွင် စွမ်းအားအမြင့်မားဆုံး ဖြစ်၏။
လူတိုင်းက အထက်ရပ်ထိပ်တန်းအရှင်သခင်၏အရည်အချင်းကို ဤသို့နှယ် အသိအမှတ်ပြုထားခဲ့သည်။
တစ်ချိန်တည်းမှာပင် သူသည် နတ်ဘုရားတံခါးကိုဖွင့်လှစ်ကာ အစစ်အမှန်နတ်ဘုရားတစ်ပါးဖြစ်လာမည်ဟု သံသယမရှိ ယုံကြည်ကြသည်။
တကယ်က ထိုသူ “အုပ်စိုးရှင်” ဘွဲ့ကို ဘယ်တော့ရမှာလဲဆိုသော မင်းခွန်းသာပင်။
လူအများအမြင်တွင် အုပ်စိုးရှင်ဘွဲ့မဆိုထားနှင့် ဧကရာဇ်ဘွဲ့သည်ပင် သူ့အတွက် အာမခံချက်ရှိသလောက် ဖြစ်သည်။
သို့တိုင် ဤ အထက်ရပ်ထိပ်တန်းအရှင်သခင်က ထူးဆန်းသောစိတ်နေစိတ်ထားကိုပိုင်ဆိုင်ပြီး လှုပ်ရှားမှုများက ခန့်မှန်းရခက်လှသည်။
ဧကရာဇ် (၃)ပါးနှင့် အုပ်စိုးရှင် (၅)ပါးသည်ပင် သူ၏အကြံအစည်များကို လွယ်လွယ်ကူကူ ပိုင်းခြားသိမြင်နိုင်ခြင်း မရှိပေ။
ရှကွမ်းသည် သူနှင့်အလှမ်းဝေးလွန်းသည့် ဤထိပ်တန်းတန်ခိုးစွမ်းအားရှင်အကြောင်းကို အတိအကျ မသိရှိပေ။
သို့သော် တစ်ခုတော့ သိရှိသည်။
သူ အနီးစပ်ဆုံးကြားဖူးနားဝရှိခဲ့သော အရှေ့တောင်ထိပ်တန်းအရှင်သခင်သည် ဤ အထက်ရပ်ထိပ်တန်းအရှင်သခင်ထက် အဆင့်နိမ့်သည်ဆိုခြင်းပင်။
ရှကွမ်းက ဖြည်းညင်းစွာအသက်ရှူထုတ်လိုက်ပြီး...
"ငါ မကြောက်ပါဘူး"
သူက ဆက်ပြောသည်။
“သုံးပေတောင်ကို လက်စားမချေနိုင်တော့မှာကိုပဲ ကြောက်မိတယ် ၊ ချက်ချင်းသေသွားမယ်ဆိုရင်တောင် စိတ်မဝင်စားဘူး ၊ လက်စားချေရဖို့ကအဓိကပဲ”
သူက ရန်ကျောက်ကဲကို တစ်စုံတစ်ခုပြောရန်ဟန်ပြင်လိုက်ပြီးမှ သတိပြန်ဝင်လာပြီး စကားဆက်မပြောတော့ဘဲ ထိန်းသိမ်းလိုက်သည်။
ရန်ကျောက်ကဲက ရှကွမ်းအတွေးများကို နားလည်လိုက်ပြီး...
“ဟုတ်တယ် ၊ အထက်ရပ်ထိပ်တန်းအရှင်သခင်နဲ့ သုံးပေတောင်ကြားမှာ ဆက်နွယ်မှုနည်နးည်းရှိတယ် ၊ ဒါပေမဲ့ သုံးပေတောင်က သူ့အတွက် အဓိကကျတဲ့နေရာတစ်ခု မဟုတ်ဘူး ၊ ဘာလို့လဲဆိုတော့ သုံးပတောင်ကို သူက အကြွေးတင်တာမဟုတ်ဘဲ သုံးပေတောင်က သူ့အပေါ် အကြွေးတင်နေတာဖြစ်လို့ပဲ ၊ ဒါကြောင့် သူက သုံးပေတောင်အတွက်တော့ သေချာပေါက် ရပ်တည်ပေးမှာ မဟုတ်ဘူး”
“ပိုပြီးအရေးကြီးတာက အခု သုံးပေတောင်ဂိုဏ်းသားတွေ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရတဲ့အတွက် သူတို့ရဲ့ ဂိုဏ်းက တစ်ဝက်ကျော်ကျော်လောက် အင်အားလျော့နည်းသွားပြီလို့ ပြောလို့ရတယ်”
ရန်ကျောက်ကဲက ပြုံးလိုက်ရင်း...
“ဒါကြောင့် အထက်ရပ်ထိပ်တန်းအရှင်သခင်က ဒီကိစ္စအတွက် ပြန်ပေးဆပ်စေချင်တယ်ဆိုရင် သူ ပထမဆုံးရှာဖွေတဲ့သူက ငါပဲ ဖြစ်မှာပဲ”
ရှကွမ်းက ပြတ်သားစွာဖြင့်...
“ငါ သတင်းမပေါက်ကြားစေရပါဘူး”
ရန်ကျောက်ကဲကတော့ သူ့ကိုနှုတ်ပိတ်ဖို့တွေးတောင် မတွေးခဲ့ပေ။
ရန်ကျောက်ကဲက သုံးပေတောင်မှလူများစွာကို သတ်ဖြတ်ပစ်ခဲ့ရာ သူတို့ ‘ရှ’ အိမ်တော်၏ ကျေးဇူးရှင်ဖြစ်သဖြင့် ရှကွမ်းက ရန်ကျောက်ကဲကို ကာကွယ်ပေးရန် စိတ်ပိုင်းဖြတ်ထားသည်။
ရန်ကျောက်ကဲက လက်နှစ်ဖက်နောက်ပစ်ရင်း ရှကွမ်းကို တစ်ချက်အကဲခတ်ကာ ပြုံးလိုက်သည်။
“တကယ်လို့ ကျန်ရှိနေတဲ့မင်းရဲ့ရန်သူအားလုံးကိုရှင်းပစ်ဖို့ တစ်ယောက်ယောက်က မင်းကိုကူညီပေးမယ်လို့ပြောလာရင် မင်းငါ့ကိုရောင်းစားမှာလား”
ရှကွမ်းက ခဏမျှမှင်တက်သွားပြီးမှ ခေါင်းခါယမ်းရင်း...
“အဲဒီလိုဆိုရင်တောင် ငါလုပ်မှာမဟုတ်ဘူး”
သူက ဆက်ပြောသည်။
“စောစောကပြောခဲ့သလိုပါပဲ ‘ရန်’ သခင်လေး ၊ မင်းကြောင့် သုံးပတောင် အတော်လေးထိခိုက်နစ်နာသွားတယ် ၊ ငါ့ရဲ့လက်စားချေမှု အောင်မြင်ခဲ့ရင် မင်းရဲ့ကျေးဇူးတရားက မနည်းလှပါဘူး”
ရန်ကျောက်ကဲက ပြုံးလျှက် ခေါင်းခါယမ်းရင်း...
“ကြည့်ရတာ ကံကြမ္မာက ငါတို့ကိုဆုံစည်းစေတယ်ထင်တာပဲ ၊ ကြည့်ရတာ မင်း ဒဏ်ရာအပြင်းအထန် ရထားပုံပဲ ၊ မင်းဒဏ်ရာ သက်သာစေဖို့ ကူညီပေးမယ့် ဆေးလုံးနည်းနည်းပါးပါး ငါ့မှာရှိတယ် ၊ မင်းရဲ့ဒဏ်ရာက အချိန်အကြာကြီး မကုသဘဲထားရင် ကျင့်ကြံခြင်းအခြေခံထိခိုက်ပြီး ကုသရခက်လာလိမ့်မယ်”
ပြောပြီးသည်နှင့် ရန်ကျောက်ကဲက ကြွေပုလင်းငယ်လေးတစ်ခုကို ရှကွမ်းထံပေးလိုက်သည်။ ကြွေပုလင်းလေးက ရှကွမ်းဆီသို့ လွင့်ပျံလာ၏။
သူက ကြွေပုလင်းလေးကို မှင်တက်စွာ လက်ခံယူလိုက်ပြီး အဖုံးကိုဖွင့်ကြည့်လိုက်တော့ ပြင်းထန်သော ဆေးရနံ့ကိုမရဘဲ အဝေးတစ်နေရာမှထွက်ပေါ်လာသည့်ရနံ့ပမာ သင်းပျံ့ပျံ့ရနံ့တစ်ခုကို ရရှိသည်။
ထိုရနံ့ကို ရှူရှိုက်လိုက်ရုံဖြင့် ရှကွမ်း သက်သောင့်သက်သာ ခံစားလိုက်ရသည်။
သူ အံ့အားသင့်သွားသည်။
သူ အသဲအသန်လိုချင်နေသော ကြည်လင်အလင်းဆေးလုံးက ဤဆေးလောက် အစွမ်းထက်ခြင်း မရှိနိုင်ပေ။
ရှကွမ်းက ဖြည်းညင်းစွာဖြင့်...
“ကျေးဇူး... ကျေးဇူးတင်ပါတယ်”
ရန်ကျောက်ကဲအပေါ်တင်နေသည့်အကြွေးမှာ တဖြည်းဖြည်းနှင့် မည်သို့ပြန်ဆပ်ရမည်ကို မသိသည်အထိ အတိုင်းအဆ တိုးလာနေပေပြီ။
ထိုသို့တွေးမိပြန်တော့ သူက ရန်ကျောက်ကဲအတွက် ဘာမှသိပ်ပြီးအသုံးမဝင်နိုင်ဟု ထင်လိုက်မိသည်။ ရန်ကျောက်ကဲ၏ ကျင့်ကြံခြင်းအဆင့်က သူ့ထက်အများကြီးပိုပြီး မြင့်မားသည်မဟုတ်ပါလား။
လက်ခံရန်ခက်ခဲသည့်တိုင် ရန်ကျောက်ကဲ၏ စီးတော်သည်ပင် သူ့ထက်စွမ်းအားကြီးသည်ဟု ရှကွမ်း ခံစားနေရသည်။
ရန်ကျောက်ကဲက တည်ငြိမ်စွာဖြင့်...
“ဆိုတော့... မင်း အခု ဘာအစီအစဉ်ရှိလဲ”
“အစီအစဉ် ဟုတ်လား...”
ထို့နောက် ရှကွမ်းက သူ၏ရိုးရှင်းသော အစီအစဉ် (၃)ခုကို ပြောပြလိုက်သည်။
“အရှေ့တောင်နေဝန်းကောင်းကင်ပြည်နယ်ကို ပြန်သွားဖို့နည်းလမ်းရှာရမယ်”
အခုတော့ ကံကောင်းခြင်းက မိုးပေါ်ကပြုတ်ကျလာသဖြင့် သူ့ဒဏ်ရာများကုသရန် ဆေးဝါးရရှိပြီဖြစ်လေရာ သူ့အစီအစဉ် ပထမအဆင့် အောင်မြင်သွားပေပြီ။ ထို့ကြောင့် စိုးရိမ်စရာကိစ္စတစ်ခု လျော့နည်းသွားသည်။
ထို့နောက်မှာတော့ အစ်ကိုဖြစ်သူနှင့်အစ်မဖြစ်သူကို ပြန်လည်ရှာဖွေပြီး သုံးပေတောင်ကို လက်စားချေရမည် ဖြစ်၏။
သို့သော် ထိုအလုပ်များကို သူမည်သို့ပြုလုပ်ရပါမည်လဲ။
အစ်ကိုကြီးနှင့် အစ်မကြီးကို ဘယ်နေရာတွင် ရှာဖွေရမည်လဲ။
ထို့ပြင် ရန်သူများကိုလက်စားချေရန် သူ၏ကျင့်ကြံခြင်းစွမ်းအားကို အမြန်ဆုံး မည်သို့မြှင့်တင်နိုင်မည်လဲ။
ထိုကိစ္စများစဉ်းစားမိသည့်အခါ ရှကွမ်း အနည်းငယ်လမ်းပျောက်သွားသလို ခံစားလိုက်ရသည်။
လက်စားချေရန်စဉ်းစားရာတွင် သုံးပေတောင်နောက်ကွယ်တွင်ရှိနေသည့် အထက်ရပ်ထိပ်တန်းအရှင်သခင်ကိုလည်း ထည့်သွင်းစဉ်းစားရန် လိုအပ်သည်။
သူ၏ရန်သူများက ရှကွမ်း ကျင့်ကြံခြင်းအဆင့်မြင့်မားလာပြီး သူတို့ကိုလာရောက်လက်စားချေမည်ကို ဒီအတိုင်းငြိမ်ပြီး ထိုင်စောင့်နေမည် မဟုတ်ပေ။
မိမိကိုယ်မိမိ တိုးတက်အောင်ကြိုးစားနေချိန် ရန်သူများသည်လည်း တိုးတက်နေကြမည် အမှန်ပင်။
ထိုသို့ဆိုလျှင် ဘယ်အချိန်မှ လက်စားချေနိုင်ပါမည်နည်း။
ရန်ကျောက်ကဲကိုလှမ်းကြည့်ရင်း ရှကွမ်းစိတ်ထဲ လှိုက်ခနဲလှုပ်ရှားသွားသည်။
“’ရန်’ သခင်လေး... ငါ...”
သူ့စကားက လမ်းတစ်ဝက်တွင်ရပ်တန့်သွားသည်။
စောစောကတော့ သူက ဝါဒတောင်တပည့်ဖြစ်လာနိုင်မည်လားဟု တွေးခဲ့မိသည်။
ရှကွမ်းအတွက်တော့ မိုးအောက်မြေပြင်တစ်ခွင်တွင် စွဲဆောင်မှုအရှိဆုံးအင်အားစုမှာ ရန်ကျောက်ကဲ၏ဝါဒတောင်မှလွဲပြီး အခြားမရှိပေ။
သို့တိုင် သေချာတွေးကြည့်တော့ အဓိပ္ပါယ်မဲ့သလို ခံစားရသည်။
ရန်ကျောက်ကဲက သုံးပေတောင်မှလူများစွာကို သတ်ဖြတ်လိုက်သဖြင့် သူတို့၏ဘုံရန်သူ တူညီသွားသည်ဟု ဆိုနိုင်သည်။
သို့သော် သတင်းပေါက်ကြားခြင်းမရှိပါဘက ရန်ကျောက်ကဲသည် သုံးပေတောင်နှင့် အထက်ရပ်ထိပ်တန်းအရှင်သခင်၏ ပစ်မှတ်ဖြစ်လာမည် မဟုတ်ပေ။
ရှကွမ်းအနေဖြင့် ဝါဒတောင်သို့ဝင်ရောက်ပြီး အနာဂတ်တွင် သုံးပေတောင်ကို လက်စားချေနိုင်ခဲ့ပါက အထက်ရပ်ထိပ်တန်းအရှင်သခင်က ဝါဒတောင်အပေါ် အငြိုးထားပေမည်။
ထိုသို့ဆိုလျှင် ဝါဒတောင်က သူ့ကိုလက်ခံပါဦးမည်လား။