← Chapters

ဒုတိယသင်ခန်းစာ

Vol. 69 Ch. 966

ဒုတိယသင်ခန်းစာ

Vol. 69 Ch. 966

အခန်း (၉၆၆) ဒုတိယသင်ခန်းစာ

လာရာလမ်းကြောင်းကိုကြည့်လိုက်သည်နှင့် ထိုသိုင်းသမားများက ရန်ကျောက်ကဲနှင့် ရှကွမ်းကို ပစ်မှတ်ထားသည်မှာ သေချာသည်။

အလှမ်းဝေးနေသေးသည့်တိုင် သိသာထင်ရှာသော သတ်ဖြတ်လိုသည့်အငွေ့အသက်များကိုခံစားရသည့်အခါ ရှကွမ်း ဆံပင်များထောင်သွားမတတ် ဖြစ်ရသည်။

“သူတို့က...”

ရှကွမ်းစိတ်ထဲ အတွေးများစွာလှည့်ပတ်သွားသည့်တိုင် ထိုသူများမည်သူဖြစ်နိုင်ကြောင်း စဉ်းစားမရနိုင်ပေ။

ရန်ကျောက်ကဲက ပေါ့ပါးသည့်လေသံဖြင့်...

“သူတို့ကိုဦးဆောင်လာတဲ့သူက ကိုယ်ခွဲပေါင်းစပ်ခြင်း နှောင်းပိုင်းအဆင့် သိုင်းသူတော်စင်ပဲ ၊ ဒီလောက်ကျင့်ကြံခြင်းအဆင့်နိမ့်တဲ့သူက ငါ့ကိုပစ်မှတ်ထားတာတော့မဟုတ်နိုင်ဘူး ၊ မင်းကိုပဲဖြစ်ရမယ်”

“ငါ့ကိုပစ်မှတ်ထားတယ် ဟုတ်လား”

ရှကွမ်း စဉ်းစားရင်း ရေရွတ်လိုက်သည်။

ရန်ကျောက်ကဲက...

“မင်း ဒီအနီးပတ်ဝန်းကျင်ကလူတွေနဲ့ ပဋိပက္ခတွေ ဖြစ်ဖူးသလား ၊ ပဋိပက္ခဖြစ်ပြီးတဲ့အခါ မင်း ရန်သူကိုအသက်ရှင်လျက်ချန်ထားခဲ့ပြီး မင်းလုပ်ရပ်တွေကို တခြားသူတွေသိအောင် သဲလွန်စချန်ထားခဲ့သလား”

ထိုစကားကိုကြားတော့ ရှကွမ်း အံ့အားသင့်သွားသည်။

“ဟင်...”

သူ သတိဝင်လာပြီးနောက် အနည်းငယ် ရှက်ရွံ့ သွားဟန်ဖြင့်...

"ငါ..."

ရန်ကျောက်ကဲက ပန်ပန်ခေါင်းကို တစ်ချက်ပုတ်လိုက်သည်။

ပန်ပန်က ပျင်းရိစွာတစ်ချက်သမ်းဝေလိုက်ရင်း ခြေသည်းများကို ဖြန့်ကားကာ ရောက်လာမည့် ကျင့်ကြံသူများဆီသို့ ထွက်ခွာသွားသည်။

ရန်သူကိုဖြေရှင်းရန် ပန်ပန်ထွက်ခွာသွားပြီးနောက် ရန်ကျောက်ကဲက ရှကွမ်းကို လှည့်ကြည့်လိုက်သည်။

“ဟုတ်တယ်မလား”

ရှကွမ်းက...

“ငါက ဆေးကုသဖို့နည်းလမ်းရှာနေတာပါ ၊ ဒီပတ်ဝန်းကျင်မှာ ကျုန်းယွမ်ခန်းမဆိုတာရှိတဲ့အကြောင်းသိလိုက်ရတယ် ၊ ကျုန်းယွမ်ခန်းမမှ ကြည်လင်အလင်းဆေးလုံးလို့ခေါ်တဲ့ အစွမ်းထက်ဆေးဝါးတစ်မျိုးရှိတယ် ၊ အစကတော့ ငါက ဆေးလုံးတစ်လုံးလောက် တောင်းချင်ရုံတင်ပါ”

သူက ဆက်ပြောသည်။

“ဒါပေမဲ့ အဆင်မပြေခဲ့ဘူး”

ရန်ကျောက်ကဲက...

“မင်း တိုက်ခိုက်လာတာမဟုတ်လား”

ရှကွမ်းခေါင်းညိတ်လိုက်သည်။

ရန်ကျောက်ကဲက ပြုံးရင်း...

“တိုက်ပွဲမှာ မင်းနိုင်သွားတယ်မဟုတ်လား”

ရှကွမ်း အံ့အားသင့်သွားပြီး...

"မင်းဘယ်လိုသိတာလဲ"

ရန်ကျောက်ကဲက...

“မင်းတော့ သိမှာမဟုတ်ဘူး ၊ တောင်ပိုင်း မီးတောက်ကောင်းကင်ပြည်နယ်နဲ့ အရှေ့တောင် နေဝန်းကောင်းကင်ပြည်နယ်ကြား ဆက်ဆံရေးက မကြာသေးမီနှစ်တွေအတွင်း အရမ်းဆိုးရွားလာတယ်”

“မင်းရဲ့စကားပြောသံလေယူလေသိမ်းက အရှေ့တောင် နေဝန်းကောင်းကင်ပြည်နယ်ကဆိုတာ ထင်ရှားတယ် ၊ ဒီတော့ တောင်ပိုင်း မီးတောက်ကောင်းကင်ပြည်နယ်ရဲ့ ဒေသခံသိုင်းသမားတွေက မင်းဘယ်အရပ်ကလာသလဲဆိုတာ သတိထားမိကြမှာပဲ”

ရန်ကျောက်ကဲစကားကိုကြားတော့မှ ရှကွမ်းသဘောပေါက်သွားသည်။

“မအံ့သြတော့ပါဘူး”

ရန်ကျောက်ကဲက...

“မင်းကအရှေ့တောင်ပိုင်းကဆိုတော့ မင်းနဲ့ရန်ငြိုးရန်စမရှိရင်တောင် တစ်ဖက်လူက မင်းကိုဖမ်းပြီး သတ်ပစ်နိုင်တယ် ၊ သူတို့ဘာမှမလုပ်ရင်ဘာမှမဖြစ်ဘူး ၊ သူတို့တိုက်ခိုက်ရင်တော့ သေချာပေါက် တိုက်ပွဲဖြစ်လာမှာပဲ ၊ ဒဏ်ရာမရဘဲလွတ်မြောက်နိုင်ရင်တောင် အတော်လေး စွမ်းအားမြင့်မားတယ်လို့ ပြောလို့ရနေပြီ”

ရှကွမ်းက နှုတ်ခမ်းများကိုတင်းတင်းစေ့ရင်း...

“ငါက သူတို့ကိုအနိုင်မကျင့်ချင်လို့ပါ”

“ဟုတ်တယ်”

ရန်ကျောက်ကဲက ရိုးရှင်းစွာပင်ဆိုသည်။

“ဒါပေမဲ့ မင်းက အဲဒီဂိုဏ်းထက် အားကြီးနေတယ် ၊ ဒီတော့ သူတို့က မင်းကိုလိုက်ရှာဖို့ အနီးပတ်ဝန်းကျင်က တောင်ပိုင်းကျင့်ကြံသူတွေကို ဆက်သွယ်ကြလိမ့်မယ်”

ပန်ပန်နှင့်တိုက်ခိုက်နေသော အဝေးမှ ကျင့်ကြံသူအုပ်စုကိုကြည့်ရင်း ရှကွမ်း တဖြည်းဖြည်း သဘောပေါက်လာသည်။

“ဒါဖြင့်... ဒီလူတွေက ကျုန်းယွမ်ခန်းမနဲ့ပတ်သက်နေရမယ်”

ထို့နောက် သူ့မျက်နှာထက်တွင် ဒေါသရိပ်များလွှမ်းမိုးလာသည်။

"အရင်က သူတို့အပေါ် သက်ညှာပေးခဲ့တာပဲ”

ရန်ကျောက်ကဲက ပြုံးရင်း...

“အဲဒီတော့ရော ဘာဖြစ်သေးလဲ ၊ သူတို့က မင်းရဲ့ဇာစ်မြစ်ကိုမသိဘူး ၊ သူတို့နဲ့တိုက်ခိုက်ရတဲ့ မင်းရဲ့ရည်ရွယ်ချက်ကိုလည်း မသိကြဘူး ၊ မင်းထွက်သွားပေမယ့် ပြန်လာမလားဆိုတာလည်း စိတ်ပူရတယ် ၊ မင်းက အရှေ့တောင်ကလာတဲ့သူဆိုတော့ မင်းကိုမသတ်ရင် မင်းကခြိမ်းခြောက်မှုတစ်ခု ဖြစ်နေမှာပဲလေ”

သူကဆက်ပြောသည်။

“တကယ်တော့ သူတို့ဒီလိုလုပ်တာ မမှားပါဘူး ၊ ဒီကိစ္စက တောင်ပိုင်းမှာရှိတဲ့ အင်အားကြီးအုပ်စုတွေဆီကိုတောင် သတင်းရောက်သွားနိုင်တယ်”

“ဒီလိုဖြစ်မယ်ဆိုတာ ကြိုသိခဲ့ရင်...”

ရှကွမ်းမှာ ဒေါသထွက်လွန်းသဖြင့် တစ်ကိုယ်လုံးတုန်ယင်နေပြီး အကောင်းအတိုင်းရှိနေသည့်မျက်လုံးတစ်ဖက်တွင် ဆိုးရွားသည့်အရိပ်အယောင်များ ထွက်ပေါ်နေသည်။

ရန်ကျောက်ကဲက သူ့ကိုတစ်ချက်ကြည့်ရင်း...

“တောင်ပိုင်းမီးတောက်ကောင်းကင်ပြည်နယ်နဲ့ အရှေ့တောင် နေဝန်းကောင်းကင်ပြည်နယ်ရဲ့ ရန်ငြိုးက ဘယ်လောက်နက်နဲလဲဆိုတာ မင်းနားမလည်ဘူးလေ ၊ ဒါကြောင့် မင်းစိတ်ထဲရှိတဲ့အတိုင်း လုပ်လိုက်တာကို နားလည်ပေးလို့ရပါတယ်”

“ဒါပေမဲ့ မင်း ဒဏ်ရာအပြင်းအထန်ရထားတယ်လေ ၊ မင်း ဘယ်ရောက်နေသလဲဆိုတာ သတင်းပေါက်ကြားသွားတာနဲ့ ရန်သူက မင်းဆီကိုတစ်ယောက်ပြီးတစ်ယောက်ရောက်လာပြီး သုတ်သင်ပစ်ကြလိမ့်မယ်”

“မင်းကို ငါသင်ပေးချင်တဲ့ ပထမဆုံးသင်ခန်းစာကတော့ မင်းရဲ့အခြေအနေက စိုးရိမ်စရာဖြစ်နေတဲ့အခါ ၊ အထူးသဖြင့် မင်းရဲ့ရန်သူက ဘယ်သူဖြစ်တယ်ဆိုတာကို မသိနိုင်တဲ့အခါ ပိုပြီးသတိထားရမယ်”

ရှကွမ်း နှုတ်ခမ်းတင်းတင်းစေ့ထားပြီး မည်သည့်စကားမှ မဆိုပေ။ သူ၏ အကောင်းအတိုင်းကျန်ရှိနေသော မျက်လုံးထဲတွင် ပြင်းထန်သော အလင်းတန်းတစ်ခု တောက်ပလာသည်။

ရန်ကျောက်ကဲက ရှကွမ်းအတွေးများကို နားလည်လိုက်သည်။

“ကျုန်းယွမ်ခန်းမကိုပြန်သွားပြီး စာရင်းရှင်းမလို့လား”

ရှကွမ်းက ငြင်းဆန်ခြင်းမရှိဘဲ ပွင့်ပွင့်လင်းလင်းပင် ဆိုသည်။

“ဟုတ်တယ်...”

သူက ရန်ငြိုးရန်စမရှိဘဲ အားနည်းသူကို အနိုင်ကျင့်ရသည်ကို သဘောမကျပေ။

ထို့ကြောင့် ကျုန်းယွမ်ခန်းမကို သက်ညှာပေးခဲ့ခြင်းဖြစ်သည်။ ယခုတော့ တစ်ဖက်လူက သူ့ကိုသတ်ဖြတ်ရန်အတွက် အခြားအင်အားစုများနှင့် ဆက်သွယ်ခဲ့လေရာ ရှကွမ်းမှာ ယမ်းပုံမီးကျ ဒေါသပေါက်ကွဲရတော့၏။

သူက စိတ်အနှောက်အယှက်ဖြစ်ခြင်းအပြင် ဒေါသလည်းအလွန်ထွက်နေသည်။

ဝါဒတောင်သို့ဝင်ရောက်ရန် အခွင့်အရေးရခဲ့သော်လည်း တရားဝင်တပည့်မဖြစ်ခင်မှာပင် ပြဿနာကတက်လာပြန်ပေပြီ။

ယခု ရန်သူက အလွန်နီးကပ်လာပြီဖြစ်ရာ ရှကွမ်းမှာ ထိုသူများ၏ ကျင့်ကြံခြင်းအဆင့်ကို အကြမ်းဖျင်း ပိုင်းခြားနိုင်ပြီ ဖြစ်၏။

တောင်ပိုင်းသိုင်းသမားများကိုဦးဆောင်သူက သိုင်းသူတော်စင် တတိယအဆင့် ၊ ကိုယ်ခွဲပေါင်းစပ်ခြင်းအဆင့် ကျင့်ကြံသူ ဖြစ်သည်။

သူနှင့်အတူ အခြားသော စွမ်းအားမြင့်မားသည့် ကျင့်ကြံသူများစွာလည်း ပါရှိလာသည်။

သူတို့အားလုံးက အဆုံးမဲ့တောင်တန်းဒေသနှင့် ကျုန်းယွမ်ခန်းမ အနီးပတ်ဝန်းကျင်တွင် လှုပ်ရှားနေသော တောင်ပိုင်း မီးတောက်ကောင်းကင်ပြည်နယ်မှ သိုင်းသမားများ ဖြစ်ကြသည်။

အဖွဲ့ကိုခေါင်းဆောင်လာသူက ဤနေရာမှ အင်အားကြီးအုပ်စုတစ်ခု၏ ဂိုဏ်းချုပ် ဖြစ်၏။

ရှကွမ်းက ဒဏ်ရာအပြင်းအထန်ရရှိထားသည်ဖြစ်ရာ ဤသို့သော အုပ်စုတစ်စု ဝိုင်းဝန်းတိုက်ခိုက်ခြင်းခံရပါက ခုခံနိုင်မည် မဟုတ်ပေ။ ထွက်ပြေးမည်ဆိုလျှင်ပင် လွတ်မြောက်ရန်မျှော်လင့်ချက် အနည်းငယ်သာ ရှိသည်။

ယခုတော့ ရန်ကျောက်ကဲတို့အုပ်စုရှိနေသဖြင့် သူ့အတွက် ပြဿနာမရှိတော့သော်လည်း ရှကွမ်း အတော်လေး ရှက်ရွံ့သွားမိသည်။

ကပ်ဆိုးတစ်ခုနှင့်ကြုံတွေ့ခဲ့ပြီးနောက် သူ့ဘဝက အနိမ့်ဆုံးအဆင့်တွင် ရှိနေခဲ့သည်။ မိသားစုအတွက် လက်စားချေရန်က သူ့အတွက် အမြင့်ဆုံးရည်မှန်းချက်ဖြစ်ပြီး သူ၏ကိုယ်ရေးကိုယ်တာများထက် ဦးစားပေးကိစ္စ ဖြစ်သည်။

အဝေးတစ်နေရာတွင် တိုက်ခိုက်နေသော ပန်ပန်ကိုလှမ်းကြည့်လိုက်တော့ ရန်ကျောက်ကဲ၏ စီးတော်ကပင် သူ့ထက်သာလွန်ကြောင်း ရှကွမ်း အတည်ပြုလိုက်နိုင်သည်။

ပန်ပန်သည် လျှင်မြန်လွယ်ကူစွာပင် တောင်ပိုင်းမှသိုင်းသမားများကို ဝါးကိုင်းမှဝါးရွက်များဝါးစားသည့်အလား ပါးစပ်ထဲတွင် ကိုက်ဖဲ့ပစ်လိုက်ပြီး တိုက်ပွဲကိုအဆုံးသတ်လိုက်သည်။

ရှကွမ်း မြင်ကွင်းကိုစူးစိုက်ကြည့်နေပြီး တောင်ပိုင်း မီးတောက်ကောင်းကင်ပြည်နယ်မှကျင့်ကြံသူများမှာလည်း မှင်တက်သွားကြရသည်။

ပန်ပန်က လူတစ်ယောက်ကို အသက်ရှင်လျှက် ပြန်လည်ဖမ်းခေါ်လာသည်။

ထိုသူကို စစ်ဆေးမေးမြန်းတော့ ထင်ထားသည့်အတိုင်းပင် ကျုန်းယွမ်ခန်းမမှ သတင်းပေးသဖြင့် ရှကွမ်းကို လိုက်လံရှာဖွေနေကြခြင်းပင်။

ရှကွမ်းနောက်လိုက်လာသူမှာ ဤအုပ်စုတစ်ခုတည်း မဟုတ်ပေ။ သူတို့က အုပ်စုများစွာခွဲပြီး လမ်းကြောင်းအမျိုးမျိုးဖြင့် ရှာဖွေနေကြခြင်း ဖြစ်၏။

ဤအုပ်စုကတော့ ရှကွမ်းကိုခြေရာခံမိသဖြင့် တောက်လျှောက်လိုက်လာကြခြင်း ဖြစ်သည်။

“’ရန်’ သခင်လေး ၊ ခဏစောင့်ပေးပါ... ငါ ချက်ချင်းပြန်လာခဲ့မယ်”

ရှကွမ်းက အံတင်းတင်းကြိတ်ရင်း နောက်သို့ပြန်လှည့်ရန် ဟန်ပြင်လိုက်သည်။

ရန်ကျောက်ကဲက လက်တစ်ဖက်ဝှေ့ယမ်းရင်း...

“သူပြောတာမကြားဘူးလား ၊ အုပ်စုတစ်စုတည်းမဟုတ်ဘူး ၊ အုပ်စုတွေခွဲပြီး မင်းကိုရှာနေကြတာ ၊ မင်း အခုချိန် ကျုန်းယွမ်ခန်းမကိုပြန်သွားရင် အရာအားလုံး အဆင်ပြေသွားမယ်ထင်သလား ၊  လမ်းမှာ လိုက်ဖမ်းနေတဲ့ တခြားသူတွေနဲ့ တွေ့ရင် ကျားပါးစပ်ထဲဝင်တဲ့သိုးလိုဖြစ်လိမ့်မယ်”

“မင်းမှာ လက်စားချေဖို့ဆိုတဲ့ တာဝန်ကြီးတစ်ခု ရှိတယ်လေ ၊ မင်းက ကျုန်းယွမ်ခန်းမကလူတွေနဲ့တိုက်ခိုက်ပြီး သေချင်နေတာလား”

ထိုစကားကိုကြားသည့်အခါ ရှကွမ်း ခြေလှမ်းများ ရပ်တန့်သွားသည်။

ရန်ကျောက်ကဲက သူ့ကိုတစ်ချက်အကဲခတ်ရင်း...

“မင်းကို ဒုတိယသင်ခန်းစာ သင်ပေးမယ် ၊ ဒေါသဆိုတာ အစွမ်းကြီးတယ် ၊ ငါတို့က ဒီအစွမ်းကို တွန်းလှန်စရာမလိုဘူး ၊ အဲဒါကို အသုံးပြုရမယ် ၊ ဒါပေမဲ့ ဒေါသကငါတို့ကိုလွှမ်းမိုးသွားမယ်ဆိုရင်တော့ မင်း မြန်မြန်သေလိမ့်မယ်”

အကယ်၍ အခြားသူတစ်ယောက်က ဤသို့သောစကားပြောလာမည်ဆိုပါက မှန်ကန်နေသည့်တိုင် ရှကွမ်းက စကားနားထောင်မည် မဟုတ်ပေ။

ယခုတော့ တဖြည်းဖြည်း ငြိမ်သက်သွားရသည်။

ဟုတ်ပေ၏။

ကျုန်းယွမ်ခန်းမကို စာရင်းရှင်းရန်အတွက် သူ့အနေဖြင့် ရန်ကျောက်ကဲကို အတူခေါ်ဆောင်သွားရန် မဖြစ်နိုင်ပေ။ ထိုသို့‌တောင်းဆိုရန်လည်း အခွင့်အရေးမရှိပေ။

“သူတို့ကို ရှင်းမပစ်နိုင်တာ အတော်ဆိုးတာပဲ”

ရှကွမ်း မကျေမနပ်ဖြင့် ရေရွတ်လိုက်သည်။

ရန်ကျောက်ကဲက ပန်ပန်ဖမ်းခေါ်လာသည့် တောင်ပိုင်းမှကျင့်ကြံသူကို လက်ဝါးတစ်ချက်ဖြင့်ရိုက်သတ်ပစ်လိုက်သည်။

“မင်းရဲ့မောင်နှမတွေကိုရှာချင်တယ်ဆိုရင် အရှေ့တောင် နေဝန်းကောင်းကင်ပြည်နယ်ကို အမြန်ပြန်ကြရမယ်”

ထိုစကားကြားတော့ ရှကွမ်း စိတ်ဓာတ်တက်ကြွသွားသည်။

"ငါတို့ ဘယ်လိုပြန်ကြမှာလဲ"

ယခု သူတို့က တောင်ပိုင်း မီးတောက်ကောင်းကင်ပြည်နယ်သို့ ရောက်ရှိနေသည်ဖြစ်ရာ သူနှင့်ရန်ကျောက်ကဲကဲ့သို့ အရှေ့တောင်ပိုင်းမှလူများအတွင် ရန်သူများ ပတ်လည်ဝိုင်းနေသည် မဟုတ်ပါလား။

All Chapters