ကျားဝိညာဉ် လက်သီး
Vol. 30 Ch. 405
အတွင်းစည်း တက္ကသိုလ်ရဲ့ လျှို့ဝှက်သိုင်းကျမ်း မျှော်စင်ရဲ့ ဒုတိယထပ်မှာတော့ မြေကမ္ဘာ အဆင့်နိမ့် ခန္ဓာကိုယ် အပြင်အား သိုင်းကျမ်း ၄အုပ် ရှိနေပါတယ်။
အဲသည်သိုင်းကျမ်း ၄အုပ်ကတော့ သတ္တုတံတိုင်း သံခန္ဓာကိုယ်၊ ကျားဝိညာဉ် လက်သီး၊ စစ်ပွဲနဂါး ခြေထောက်နဲ့ ပျက်စီးခြင်း မဟာလက်ဝါးတို့ပါပဲ။
သတ္တုတံတိုင်း သံခန္ဓာကိုယ်ကတော့ ခုခံမှုကို အသားပေးတဲ့ ခန္ဓာကိုယ် အပြင်အား သိုင်းပညာရပ် တစ်ခုဖြစ်ပါတယ်။သည်ပညာရပ်ကို လေ့ကျင့် အောင်မြင်ပြီးသွားပြီ ဆိုရင် ကျင့်ကြံသူရဲ့ ခန္ဓာကိုယ် ကြံ့ခိုင်မှု ပိုပြီးကောင်းလာမှာ ဖြစ်သလို ခန္ဓာကိုယ် တစ်ခုလုံးက အစိတ်အပိုင်းတွေ ဟာလည်း နဂိုမူလ အခြေအနေထက် ပိုပြီးမာကျောလာမှာပါ။
ကျားဝိညာဉ်လက်သီး၊ စစ်ပွဲနဂါး ခြေထောက်နဲ့ ပျက်စီးခြင်း မဟာလက်ဝါးတို့ ကတော့ တိုက်ခိုက်မှု အပိုင်းကို အားပေးတဲ့ ခန္ဓာကိုယ်အပြင်အား သိုင်းပညာရပ်တွေ ဖြစ်ပြီး ဖျက်ဆီးနှုန်းအား ကောင်းလှပါတယ်။
ကျားဝိညာဉ် လက်သီးသိုင်းကတော့ နာမည်အတိုင်းပါပဲ။ သည်လက်သီးသိုင်းရဲ့ အမြင့်ဆုံးကို ရောက်အောင် လေ့ကျင့်နိုင်မယ်ဆိုရင် ကျင့်ကြံသူဟာ ရက်စက်ကြမ်းကြုတ်တဲ့ ကျားဝိညာဉ်ကို အသက်သွင်းနိုင်မှာ ဖြစ်ပါတယ်။
စစ်ပွဲနဂါး ခြေသိုင်းကို ကျင့်ကြံသူကလည်း အမြင့်ဆုံး အဆင့်အထိ လေ့ကျင့်နိုင်မယ်ဆိုရင် စစ်ပွဲနဂါး ဝိညာဉ်ကို အသက်သွင်းနိုင်မှာ ဖြစ်ပါတယ်။
လီဖူချန်းက မဟာဆင်ဝိညာဉ်ကို ပိုင်ဆိုင်ပြီးထားပါပြီ။ တကယ်လို့သာ သူ့အနေနဲ့ ကျားဝိညာဉ် ဒါမှမဟုတ် စစ်ပွဲနဂါး ဝိညာဉ်ကို ပိုင်ဆိုင်နိုင်မယ်ဆိုရင်တော့ အတိုင်းထက် အလွန်ပါပဲ။
ပျက်စီးခြင်း မဟာလက်ဝါး...။
သည်လက်ဝါးကတော့ အနည်းငယ် ထူးဆန်းပါတယ်။ သည်လက်ဝါးသိုင်းကို လေ့ကျင့်မယ့်သူက မိစ္ဆာသားရဲ သွေးတွေထဲမှာ သူ့ရဲ့ လက်ဝါးကို နေ့စဉ် စိမ်ထားပြီး မိစ္ဆာသားရဲ ချီအရှိန်အဝါတွေ ခိုဝင်ကိန်းအောင်း လာတဲ့အထိ လေ့ကျင့်ရမှာပါ။ မိစ္ဆာသားရဲသွေး အမျိုးအစား ကောင်းလေလေ လေ့ကျင့်ရာမှာ ပို အကျိုး ရှိလေလေပါပဲ။
သည်ပျက်စီးခြင်း မဟာလက်ဝါးကို အမြင့်ဆုံးအဆင့်အထိ လေ့ကျင့်ပြီးသွားရင်တော့ ကျင့်ကြံသူရဲ့ လက်ဝါးဟာ ကောင်းမွန်စွာ သွန်းလုပ်ထားတဲ့ သံမဏိလို မာကျောသွားမှာပါ။ ပြီးတော့လက်ဝါးက ပျက်စီး သွားခဲ့ရင်တောင် မူလပကတိအတိုင်း ပြန်လည်ကောင်းမွန် လာနိုင်စွမ်း ရှိပါသေးတယ်။
လီဖူချန်းက ပျက်စီးခြင်း မဟာလက်ဝါးကိုတော့ လုံးဝ စိတ်မဝင်စားပါဘူး။ သူ့အမြင်မှာတော့ ဒါကြီးက အရမ်းကို အပေါစား ဆန်လွန်းနေပါတယ်။ သည်လက်ဝါးသိုင်းက လက်ဝါးကို မာကျောစေတာနဲ့ လက်ဝါးပျက်စီး သွားခဲ့ရင် ပြန်ကောင်းမွန်စေတာပဲ ရှိတာပါ။ ပြီးတော့ မိစ္ဆာသားရဲသွေးတွေနဲ့ လေ့ကျင့်ရတဲ့ အတွက် အန္တရာယ်ကလည်း များပါသေးတယ်။လီဖူချန်းအနေနဲ့ လက်ဝါးတစ်ခုတည်း ကွက်ပြီး အစွမ်းထက်ရုံလောက် အတွက်နဲ့တော့ သည်လောက်ကြီး မစွန့်စားချင်ပါဘူး။
လီဖူချန်းက သတ္တုတံတိုင်း သံခန္ဓာကိုယ်ကိုလည်း ပယ်လိုက်ပါတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ သည်သိုင်းပညာက ခုခံမှုအပိုင်းကို အရမ်းဦးစားပေး နေလို့ပါပဲ။ လီဖူချန်းက ခုခံနေရတာကို သဘော မတွေ့ပါဘူး။ သူက တိုက်စစ်ဆင်နေရတာကိုပဲ ပိုပြီး အားသန်ပါတယ်။
တကယ်လို့ ပျက်စီးခြင်း မဟာလက်ဝါးနဲ့ သတ္တုတံတိုင်း သံခန္ဓာကိုယ် နှစ်ခုထဲက တစ်ခုကို မရွေးမဖြစ် ရွေးရမယ် ဆိုရင်တော့ လီဖူချန်းဟာ သတ္တုတံတိုင်း သံခန္ဓာကိုယ်ကို ရွေးမှာပါ။ ဒါပေမဲ့လည်း သူ့မှာ ရွေးစရာ ကျားဝိညာဉ်လက်သီးနဲ့ စစ်ပွဲနဂါး ခြေထောက် ကျန်နေပါသေးတယ်။
" ဟူး ... သည်သိုင်းပညာရပ် နှစ်ခုစလုံးက သူမသာကိုယ်မသာ ပဲဟ။ ဘယ်ဟာကို ရွေးရင် ကောင်းမလဲ ... "
လီဖူချန်းက ကျားဝိညာဉ်လက်သီးနဲ့ စစ်ပွဲနဂါးခြေထောက်ကြားမှာ ဗျာများနေရပါပြီ။ သည်သိုင်းပညာရပ် နှစ်ခုစလုံးက သူ့ဟာနဲ့သူ အားသာချက်တွေ ရှိနေတဲ့အတွက် သူဟာ ဘယ်ဟာကို ရွေးရမယ် မသိတော့ပါဘူး။
" ရှုပ်တယ်ကွာ။ ကျားဝိညာဉ်လက်သီးကိုပဲ ရွေးလိုက်တော့မယ် "
အတန်ကြာ စဉ်းစားပြီးနောက်မှာတော့ သူဟာ ကျားဝိညာဉ် လက်သီးကိုပဲ ရွေးလိုက်ပါတယ်။
ထို့နောက်မှာတော့ လီဖူချန်းက လျှို့ဝှက်သိုင်းကျမ်းမျှော်စင်ကနေ ပြန်ထွက်လာခဲ့ပါပြီ။
" အိုး ... မင်းက ကျားဝိညာဉ် လက်သီးကို ရွေးလာခဲ့တာလား။ မဆိုးဘူး ... မဆိုးဘူး ... "
ကျောင်းအုပ်ကြီးက လီဖူချန်းရွေးယူလာတဲ့ သိုင်းကျမ်းကိုကြည့်ပြီး ခေါင်းတဆတ်ဆတ် ညိတ်နေပါတယ်။
အတိတ်တုန်းကဆိုရင် သူကလည်း ကျားဝိညာဉ် လက်သီးကို အရင်ဆုံး ရွေးချယ်ခဲ့တာပါပဲ။ ကျားဝိညာဉ် လက်သီးကို အောင်မြင်ပြီးမှ သတ္တုတံတိုင်း သံခန္ဓာကိုယ်နဲ့ စစ်ပွဲနဂါးခြေထောက်ကို ဆက်ကျင့်ခဲ့တာပါ။
ထို့နောက်မှာတော့ ကျောင်းအုပ်ကြီးက လေးနက် တည်ကြည်စွာဖြင့် လီဖူချန်းကို မှာကြား လိုက်ပါတယ်။
" ဖူချန်း ... မင်းက ငါ့ရဲ့ သီးသန့် ကျောင်းသားတော့ ဟုတ်တယ်။ဒါပေမဲ့ သည်နေရာက အတွင်းစည်း တက္ကသိုလ်ပဲ။သည်မှာက တောတွင်းဥပဒေကို ကျင့်သုံးကြတာ။ တကယ်လို့ မင်းကို သူများတွေက အနိုင်ကျင့်ရင်တောင်မှ ငါ့အနေနဲ့ မင်းဘက်ကနေ ဝင်ပါပေးလို့ မရဘူး။ အဲဒါကို မင်းသဘောပေါက်ရဲ့လား ... …"
" ဖူချန်း သဘောပေါက်ပါတယ် "
လီဖူချန်းက သည်အကြောင်းတွေကို သိထားပြီးပါပြီ။
တောင်ပိုင်းတောအုပ် သိုင်းတက္ကသိုလ်မှ မဟုတ်ပါဘူး။ အခြားသော သိုင်းတက္ကသိုလ် တွေမှာလည်း သည်ဥပဒေကို ကျင့်သုံးကြတာပါပဲ။ သတ်ဖြတ်တဲ့ အဆင့်အထိ မရောက်သေး သရွေ့ကတော့ သိုင်းတက္ကသိုလ်ရဲ့ တာဝန်ရှိသူတွေဟာ ကျောင်းသားတွေကြားမှာ ဝင်ပါလေ့ မရှိပါဘူး။
သိကျွင်းတောင်မှ အတွင်းစည်း တက္ကသိုလ်ကို ဝင်ဝင်ချင်းတုန်းက အတော်လေး ပညာပေး ခံရတယ်လို့ သတင်းတွေ ထွက်ခဲ့ပါတယ်။
" ရော့ ... ဒါက မင်းနေရမယ့် ခြံဝင်းရဲ့ သော့ပဲ။ ပြီးတော့ မင်းက တန်းခွဲ၉မှာ တက်ရမယ်။ တန်းခွဲ၉က ဆရာကို မင်းရောက်လာတဲ့ အကြောင်း အကြောင်းကြားဖို့ မမေ့နဲ့ "
စကားဆုံးတာနဲ့ တစ်ပြိုင်နက် ကျောင်းအုပ်ကြီးဟာ အလင်းတန်းတစ်ခုအသွင် ပြောင်းသွားပြီး အတွင်းစည်း တက္ကသိုလ်ထဲကနေ ထွက်ခွာသွားခဲ့ပါပြီ။
သည်အတွင်းစည်း တက္ကသိုလ်ကတော့ အပြင်စည်း တက္ကသိုလ်ထက် အဆပေါင်းများစွာ ကျယ်ပါတယ်။ သာမန် အကြည့်လေး တစ်ချက်နဲ့တော့ သည်နယ်မြေရဲ့ အဆုံးသတ်ကို မြင်ရမှာ မဟုတ်ပါဘူး။
အတွင်းစည်း တက္ကသိုလ်ရဲ့ အလယ်တည့်တည့်မှာတော့ ကြီးကျယ်ခမ်းနားလှတဲ့ အဆောက်အဦတွေ စုပေါင်း တည်ရှိနေတာကို မြင်တွေ့ရမှာပါ။ အဲသည်နေရာရဲ့ ကောင်းကင်ပေါ်မှာလည်း ရောင်စုံတိမ်တိုက် တွေနဲ့ ပြည့်နှက် နေပါသေးတယ်။
အဲသည် တိမ်တွေကတော့ အဆင့်၆ ချီစုစည်းမှု ဝင်္ကပါ အစီအရင်ကနေ ဖြစ်တည်လာတဲ့ တိမ်တွေဆိုတာ ယုံမှားသံသယ ဝင်နေစရာ မလိုပါဘူး။
အဲသည်နေရာမှာ ကျင့်ကြံရတာက အပြင်ဘက်မှာ ကျင့်ကြံရတာထက် ပိုပြီး အကျိုးများမယ် ဆိုတာ အသိသာကြီးပါပဲ။ အတွင်းစည်း တက္ကသိုလ်ရဲ့ အလယ်ဗဟိုနဲ့ နီးလေလေ ကျင့်ကြံရတာ ပိုအကျိုးထူးလေလေ လို့တောင် ဆိုနိုင်ပါတယ်။
အချိန်အနည်းငယ် အကြာမှာတော့ လီဖူချန်းဟာ သူနေရမယ့် ခြံဝင်းကို ရှာဖွေတွေ့ရှိ သွားခဲ့ပါပြီ။ ကံကောင်းတာ တစ်ခုကတော့ ဒါက တောအုပ်ရဲ့ အစွန်ဆုံးနယ်မြေ အပိုင်းအခြားထဲမှာ မဟုတ်တာပါပဲ။
သူက ကျောင်းအုပ်ကြီးရဲ့ သီးသန့် ကျောင်းသား ဖြစ်တဲ့အတွက် အနည်းငယ် ပစားပေး ခံထားရတာလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။
အတွင်းစည်းတက္ကသိုလ် ...။
သည်နေရာမှာတော့ အတွင်းစည်း ကျောင်းသားတွေ နေထိုင်ကြတာ ဖြစ်ပြီး နယ်မြေအပိုင်းအခြား ၄မျိုး ခွဲထားပါတယ်။ အဲဒါတွေကတော့ အစွန်ဆုံး နယ်မြေအပိုင်းအခြား ၊ အပြင်ဘက် နယ်မြေ အပိုင်းအခြား ၊ အတွင်းဘက် နယ်မြေအပိုင်းအခြားနဲ့ ဗဟိုချက်မ နယ်မြေ အပိုင်းအခြားတို့ပါပဲ။
အတွင်းစည်း တက္ကသိုလ် ကျောင်းသားအသစ် အများစုဟာ အဆင့်၆ ချီစုစည်းမှု ဝင်္ကပါအစီအရင်ရဲ့ သက်ရောက်မှု အနည်းဆုံးဖြစ်တဲ့ အစွန်ဆုံးနယ်မြေ အပိုင်းအခြားထဲမှာသာ နေကြရတာ ဖြစ်ပါတယ်။
တကယ်လို့ အတွင်းစည်းကျောင်းသား တစ်ယောက်က အတွင်းစည်းတက္ကသိုလ်ရဲ့ အလယ်ဗဟိုနဲ့ နီးတဲ့ ခြံဝင်းတွေကို လိုချင်ရင်တော့ သူ့ရဲ့ အစွမ်းကိုသာ အားကိုးရမှာပါ။ သည်နေရာမှာက ခြံဝင်းတွေကို လုယူခွင့် ပေးထားပါတယ်။
တကယ်လို့ မင်းက အခြားတစ်ယောက်ရဲ့ ခြံဝင်းကို သဘောကျတယ်ဆိုရင် အဲသည်ခြံဝင်းပိုင်ရှင်ကို စိမ်ခေါ်အနိုင်ယူပြီး သူ့ရဲ့ ခြံဝင်းသော့ကို လုယူလိုက်ရုံပါပဲ။ ဒါပေမဲ့ ခြံဝင်းပိုင်ရှင်က ခြံဝင်းထဲမှာ ပုန်းနေရင်တော့ အတင်းဝင်ပြီး စိမ်ခေါ်လို့ မရပါဘူူး။
ဘာဖြစ်လို့လဲဆိုတော့ သည်နေရာမှာ ရှိတဲ့ ခြံဝင်းထဲမှာ အကာအကွယ် အစီအရင်တွေ ချထားလို့ပါပဲ။ ခြံဝင်းထဲကို စိတ်တိုင်းကျ ဝင်ထွက် သွားလာချင်ရင်တော့ သော့ရှိမှပဲ ရပါမယ်။
" ဝိုး ... ဒါက တကယ်ကြီး အတွင်းစည်းတက္ကသိုလ်ပါလား "
သူ့ရဲ့ ခြံဝင်းထဲကို ရောက်အပြီးမှာတော့ လီဖူချန်းဟာ ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့ပါပြီ။ သူက သည်ခြံဝင်းထဲမှာ ရှိနေတဲ့ ကောင်းကင်နဲ့မြေကြီးရဲ့ ချီစွမ်းအင်တွေရဲ့ သန့်စင်မှုကို ကောင်းကောင်းကြီး ခံစားမိနေပါတယ်။
" အား ... ဟိုခြံဝင်းထဲမှာ လူသစ် ရောက်နေတာလား "
လီဖူချန်းနေထိုင်ရာ ခြံဝင်းရဲ့ အနီးအနားတစ်ဝိုက်မှာ ရှိနေတဲ့ ကျောင်းသားတွေကတော့ လူသစ်တစ်ယောက် ရောက်လာတာကို သတိပြုမိ သွားကြပါပြီ။
ဒါကလည်း သိပ်တော့ မထူးဆန်းပါဘူး။ အတွင်းစည်း တက္ကသိုလ်ထဲမှာရှိတဲ့ ခြံဝင်းတိုင်းဟာ ပိုင်ရှင်မရှိရင် မီးမှိတ်နေလေ့ ရှိပါတယ်။တကယ်လို့ ခြံဝင်းတစ်ခုမှာ မီးလင်းနေလို့ရှိရင် အဲဒါက ပိုင်ရှင် ရှိနေတယ်လို့ ဆိုလိုတာနဲ့ အတူတူပါပဲ။
" သည်ကောင်က အတွင်းစည်းတက္ကသိုလ်ထဲကို ရောက်လာတာနဲ့ နေရာကောင်းတစ်ခု တန်းရထားတာပဲ။ ကြည့်ရတာ သည်ကောင်က အနည်းဆုံးတော့ အတွင်းစည်း တက္ကသိုလ် အကြီးအကဲ တစ်ယောက်ယောက်ရဲ့ သီးသန့်တပည့် ဖြစ်ရမယ် "
" ဟမ့် ... သည်ကောင်က အတွင်းစည်းတက္ကသိုလ် အကြီးအကဲ တစ်ယောက်ရဲ့ သီးသန့်တပည့် ဖြစ်တော့လည်း ဘာဖြစ်လဲ။ ငါက ကြောက်နေရမှာလား။ သည်နေရာက ကိုယ်ပိုင်အစွမ်းအစကိုပဲ အလေးပေးတဲ့ နေရာကွ။ အဲသည် ခြံဝင်းက ငါ့ဟာပဲ "
ခြံဝင်း ကောင်းကောင်း မရထားတဲ့ အတွင်းစည်း ကျောင်းသားအချို့ကတော့ လီဖူချန်းရဲ့ ခြံဝင်းကို လုဖို့ ပြင်ဆင်နေကြပါပြီ။
အတွင်းစည်း တက္ကသိုလ်ရဲ့ အစွန်ဆုံး နယ်မြေအပိုင်းအခြားမှာ ရှိတဲ့ လူငယ် တစ်ယောက်ကလည်း လီဖူချန်းရဲ့ ခြံဝင်းကို ကြည့်နေပါတယ်။ အဲသည် လူငယ်ကတော့ သိကျွင်းပါပဲ။
"ဟဟ ... အဲသည်ကောင်ကတော့ ကံဆိုးပြီ "
သိကျွင်းက ခပ်တိုးတိုး ရယ်လိုက်ပါတယ်။ သူက ကျောင်းသားသစ်ကို ကျောင်းသားဟောင်းတွေ ပညာပေးတော့မှာကို မြင်ယောင်နေပါပြီ။
သူက အနာဂတ်ကို ကြိုမြင်နိုင်တဲ့ ဉာဏ်မျက်စိတော့ မရသေးပါဘူး။ ဒါပေမဲ့ အတွင်းစည်း တက္ကသိုလ်ကို ရောက်ရောက်ချင်းမှာ သည်လောက် ကောင်းတဲ့ ခြံဝင်းကို ရထားတဲ့ ကျောင်းသားကို ကျောင်းသားဟောင်းတွေက မျက်စိစပါးမွှေးစူးကြမယ် ဆိုတာကိုတော့ ခန့်မှန်းနိုင်ပါတယ်။ ဒါက အသိသာကြီးပါပဲ။ ပြီးတော့ သည်နေရာရဲ့ ထုံးစံလိုကို ဖြစ်နေပါပြီ။
သူ အတွင်းစည်း တက္ကသိုလ်ကို စရောက်တုန်းကဆိုရင် နည်းနည်းကောင်းတဲ့ ခြံဝင်းတစ်ခုကို ရခဲ့ပါတယ်။ ဒါပေမဲ့သူဟာ အဲသည်ခြံဝင်းထဲမှာ ဖင်ပူအောင်တောင် မနေလိုက်ရပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူအတန်းတက်ဖို့ ခြံဝင်းအပြင်ကို ထွက်လိုက်စဉ်မှာပဲ ကျောင်းသားဟောင်း တစ်ယောက်က သူ့ကို စိမ်ခေါ်ရိုက်နှက်ကာ ခြံဝင်းသော့ကို လုယူသွားလို့ပါပဲ။ အခု လီဖူချန်း ရထားတဲ့ ခြံဝင်းကတော့ သိကျွင်းရခဲ့တဲ့ ခြံဝင်းထက်တောင် အများကြီး ပိုကောင်းနေပါသေးတယ်။
လီဖူချန်းကတော့ သူ့ကို ကျောင်းသားဟောင်းတွေ မျက်စိစပါးမွေး စူးနေကြပြီဆိုတာကို မသိပါဘူး။ ဒါပေမဲ့ သူသိရင်တောင်မှလည်း သောက်ဂရုစိုက်မှာ မဟုတ်ပါဘူး။
အတွင်းစည်း တက္ကသိုလ်မှာ သူ့ထက်အစွမ်းထက်တဲ့ ကျောင်းသားတွေကတော့ သေချာပေါက် ရှိမယ်ဆိုတာကို သူသိပါတယ်။ ဒါပေမဲ့ အခု သူရောက်နေတာက အပြင်ဘက် နယ်မြေ အပိုင်းအခြားမှာပါ။လီဖူချန်းရဲ့ လက်ရှိအစွမ်းနဲ့ ဆိုရင်တော့ အပြင်ဘက် နယ်မြေ အပိုင်းအခြားမှာ ရှိတဲ့ ကျောင်းသားတွေကို ကြောက်စရာ မလိုပါဘူး။
" အင်း ... ကျားဝိညာဉ်လက်သီးကို အရင်ကျင့်ပြီးမှ အတန်းသွားတက် တော့မယ်ကွာ "
အစောပိုင်းတုန်းကတော့ လီဖူချန်းဟာ တန်းခွဲ၉ကို သွားပြီး သူရောက်လာပြီ ဖြစ်ကြောင်း အကြောင်း သွားကြားမလို့ပါပဲ။ ဒါပေမဲ့လည်း သူက သူ့ရဲ့ အတွေးကို ပြောင်းလိုက်ပါတယ်။ သူ့အတွက်ကတော့ စောစော အကြောင်းကြားလို့လည်း ဘာမှ ထူးလာမှာ မဟုတ်ပါဘူး။
ထို့နောက်မှာတော့ လီဖူချန်းက ကျားဝိညာဉ် လက်သီးသိုင်းကျမ်းကို ဖွင့်လိုက်ပြီး လေ့ကျင့်ဖို့ စတင် ပြင်ဆင်ပါတော့တယ်။
မြေကမ္ဘာအဆင့်နိမ့် သိုင်းပညာရပ် ဆိုတဲ့ အတိုင်းပါပဲ။ ကျားဝိညာဉ် လက်သိုင်းဟာ သတ္တုရိုးလက်သိုင်းထက် အများကြီး ထူးခြား ဆန်းကြယ်ပါတယ်။
" သည်တော့ ... ချီအပြင်အားတွေကို သည်လို အသုံးပြုလို့လည်း ရတာပဲလား "
သည်လိုနဲ့ပဲ ရက်သတ္တပတ် တစ်ခုဟာ တဖြည်းဖြည်း ကုန်ဆုံးသွားခဲ့ပါပြီ။ လီဖူချန်းက သည်ရက်သတ္တပတ် တစ်ခုလုံး ခြံဝင်းအပြင်ကို ခြေတစ်လှမ်းတောင် မထွက်ခဲ့ပါဘူး။ သူက ကျားဝိညာဉ် လက်သီးသိုင်းကိုသာ သဲကြီးမဲကြီး လေ့ကျင့်နေခဲ့တာ ဖြစ်ပါတယ်။
သူက ခြံဝင်းထဲကနေ မထွက်ဘဲ နေနိုင်ပေမယ့် ခြံဝင်းအပြင်မှာ စောင့်နေကြတဲ့ ကျောင်းသားတွေကတော့ မနေနိုင်တော့ပါဘူး။ သူတို့က သည်ရက်သတ္တပတ် တစ်ခုလုံး ဘယ်မှ မသွားဘဲ လီဖူချန်း ထွက်လာတာကိုသာ ချောင်းမြောင်း စောင့်ဆိုင်းနေကြတာ ဖြစ်ပါတယ်။
သူတို့အနေနဲ့ လက်လျော့ပြီး ထွက်သွားဖို့ အကြိမ်ကြိမ်အခါခါ စဉ်းစားပေမယ့်လည်း တကယ်တမ်းမှာတော့ ထွက်မသွားခဲ့ကြပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ သည်အပြင်ဘက် နယ်မြေ အပိုင်းအခြားမှာ ရှိတဲ့ အတွင်းစည်း ကျောင်းသားတွေရဲ့ အရည်အချင်းဟာ တစ်ယောက်နဲ့ တစ်ယောက် မပိန်သာ မလိမ်သာပါပဲ။ ပြီးတော့ အတွင်းစည်း တက္ကသိုလ်ထဲမှာက တစ်ယောက်ချင်း တိုက်တာကိုသာ ခွင့်ပြုထားပါတယ်။
တကယ်လို့သာ တစ်ယောက်ယောက်က လီဖူချန်းကို အရင်ဦးဆုံး စိန်ခေါ်တိုက်ခိုက်ပြီး ခြံဝင်းသော့ကို လုယူသွားနိုင်ခဲ့ပြီဆိုရင် သူတို့ အနေနဲ့ ပြန်လုယူနိုင်ဖို့ အခွင့်အရေး နည်းသွားပါပြီ။ အဲသည်အတွက် သည်အတွင်းစည်း ကျောင်းသားတွေဟာ သည်ရက်သတ္တပတ် လုံးလုံး ဘယ်ကိုမှမသွားဘဲ လီဖူချန်းကို ချောင်းနေကြတာပါ။
ခြံဝင်းထဲမှာတော့ လီဖူချန်းက သူ့ရဲ့ ကျားဝိညာဉ်လက်သီးသိုင်းကို လေ့ကျင့်နေဆဲပါပဲ။
" ကျားဝိညာဉ်လက်သီး "
လီဖူချန်းက လက်သီးတစ်လုံးကို လေထဲ ပစ်ထိုးလိုက်ပါတယ်။
ဘန်း ...
သူ့ရဲ့ လက်သီးကနေ ထွက်ပေါ်လာတဲ့ အနက်ရောင် မြူခိုးမြူငွေ့ တစ်ခုဟာ လေဟာနယ်ကို လှိုင်းအထပ်ထပ် ထသွားစေခဲ့ပါပြီ။
သည်မြူခိုးမြူငွေ့တွေက အရမ်းကို ပါးလျ နေပါသေးတယ်။ ဒါပေမဲ့ သည်မြူခိုးမြူငွေ့တွေဟာ လီဖူချန်းရဲ့ ချီအပြင်အားတွေပါ။ တစ်နေ့သည်မြူခိုးမြူငွေ့တွေ သိပ်သည်းသွားတဲ့ အချိန်ရောက်ရင်တော့ အဲဒါက ကျားဝိညာဉ်အဖြစ် ပြောင်းလဲသွားမှာ ဖြစ်ပါတယ်။ အဲသည်လို ဖြစ်သွားရင်တော့ လီဖူချန်းအနေနဲ့ ကျားဝိညာဉ် လက်သီးသိုင်းကို အောင်မြင်ပြီလို့ သတ်မှတ်နိုင်ပါပြီ။
" နောက်တစ်ခေါက် "
သည်တစ်ကြိမ်မှာတော့ လီဖူချန်းဟာ ကျားဝိညာဉ် လက်သီးကို ဆင်နဂါးစွမ်းအားနဲ့ တွဲသုံး လိုက်ပါတယ်။
ဝုန်း ...
ပိုမိုသိပ်သည်းတဲ့ အနက်ရောင် မြူခိုးမြူငွေ့အုပ်ကြီး ဖြစ်ပေါ်လာခဲ့ပါပြီ။ သည်တစ်ခါ ပေါ်လာတဲ့ မြူခိုးမြူငွေ့တွေကတော့ ကျားတစ်ကောင်နဲ့ ခပ်ဆင်ဆင် တူနေပါသေးတယ်။
" ငါ့ရဲ့ ခန္ဓာကိုယ်အပြင်အား ကျင့်ကြံမှုက အဆင့်၆ ပြန်လည် ဝင်စားခြင်း နယ်ပယ်ကို ရောက်လာပြီပဲ"
အရင်တုန်းကဆိုရင် လီဖူချန်းရဲ့ ခန္ဓာကိုယ်အပြင်အား ကျင့်ကြံမှုဟာ အဆင့်၄ ပြန်လည်ဝင်စားခြင်း နယ်ပယ်မှာသာ ရှိတာပါ။ သူ့ရဲ့ ပြီးပြည့်စုံခြင်းအဆင့် ရောက်နေပြီဖြစ်တဲ့ သတ္တုရိုး လက်သီးနဲ့တောင်မှ သာမန်အဆင့်၅ ပြန်လည်ဝင်စားခြင်းနယ်ပယ် ပညာရှင်တွေကို ယှဉ်နိုင်ရုံလောက်သာ ရှိပါတယ်။
အခုတော့ သူဟာ ကျားဝိညာဉ်လက်သီးရဲ့ ပြီးပြည့်စုံခြင်းအဆင့် ရောက်လုနီးပါး အထိ လေ့ကျင့်နိုင်ခဲ့ပြီ ဖြစ်တဲ့အတွက် သူ့ရဲ့ ခန္ဓာကိုယ် အပြင်အားတွေကလည်း တရိပ်ရိပ် တိုးပွားလာပြီး အဆင့်၆ ပြန်လည် ဝင်စားခြင်း နယ်ပယ်ကို ရောက်လာခဲ့ပါပြီ။
တကယ်လို့သာ သူ့အနေနဲ့ ကျားဝိညာဉ်လက်သီးကို တစ်ဖက်ကမ်းခတ် တတ်မြောင်ခြင်း အဆင့်အထိ ရောက်အောင် လေ့ကျင့်နိုင်မယ်ဆိုရင် သူ့ရဲ့ ခန္ဓာကိုယ်အပြင်အား ကျင့်ကြံမှုဟာ အဆင့်၉ ပြန်လည်ဝင်စားခြင်း နယ်ပယ်အထိ ရောက်သွားလောက်တယ်လို့ လီဖူချန်း ထင်မြင်နေမိပါသေးတယ်။
မြေကမ္ဘာအဆင့်နိမ့် ခန္ဓာကိုယ်အပြင်အား သိုင်းပညာတစ်ခုက သူ့ရဲ့အဆင့်ကို ၅ဆင့် မြှင့်ပေးစေမယ်။ ရုတ်တရက် ဆိုရင်တော့ ဒါက မဖြစ်နိုင်သလိုပါပဲ။
ဒါပေမဲ့လည်း မဖြစ်နိုင်ဘူးလို့လည်း တရားသေ ပြောလို့မရသေးပါဘူး။ သူ့ရဲ့ ထင်မြင်ချက် မှန်မမှန် ဆိုတာကတော့ ကျားဝိညာဉ် လက်သီးရဲ့ တစ်ဖက်ကမ်းခတ် တတ်မြောက်ခြင်း အဆင့်ကို ရောက်ရင် သိရမှာ ဖြစ်ပါတယ်။
***