အားလုံးကိုချေမှုန်း
Vol. 69 Ch. 967
အခန်း (၉၆၇) အားလုံးကိုချေမှုန်း
ရန်ကျောက်ကဲက ရှကွမ်းကို စိတ်ရှုတ်ထွေးသောအမူအရာဖြင့်ကြည့်လိုက်ရင်း...
“ဘယ်လိုပြန်မလဲ ဟုတ်လား ၊ အရှေ့ဘက်ကိုဦးတည်ပြီးသွားကြတာပေါ့”
“အမ်...”
ရှကွမ်း ချောင်းတစ်ချက်ဟန့်လိုက်ပြီး မချိပြုံးပြုံးလိုက်သည်။
“’ရန်’ သခင်လေး အခုပဲပြောတယ်လေ ၊ ငါ့ရဲ့လှုပ်ရှားမှုတွေကိုသိသွားလို့ ပြဿနာရှာဖို့ ရန်သူတွေအစုလိုက်အပြုံလိုက် ရောက်လာတော့မှာ မဟုတ်လား”
“အရှေ့တောင်ပိုင်းက သိုင်းသမားတွေအတွက် ဒီ တောင်ပိုင်းနေဝန်းကောင်းကင်ပြည်နယ်က နေရာတိုင်းမှာ ရန်သူတွေနဲ့ ပြည့်နက်နေတာမဟုတ်လား”
ထိုစကားကြားတော့ ရန်ကျောက်ကဲက ပြုံးလိုက်ပြီး....
"မင်းတစ်ယောက်တည်း ခရီးသွားရင် ဒီလိုဖြစ်မှာ သေချာတယ် ၊ ဒါပေမဲ့ မင်း ငါနဲ့အတူပြန်မှာမဟုတ်ဘူးလား”
ရှကွမ်းမှင်တက်သွားသည်။
သူက စကားပြောရန် ပါးစပ်ဟလိုက်သော်လည်း အသံထွက်လာခြင်း မရှိပေ။
“တောင်ပိုင်းထိပ်တန်းအရှင်သခင်အပါအဝင် အရှင်သခင် (၁၀)ပါးလုံး ဖိတ်ကြားချက်အရ အလယ်ပိုင်းကျွင်းထျန်းကောင်းကင်ပြည်နယ်ကို ရောက်နေကြတယ်”
ရန်ကျောက်ကဲက ဆိုသည်။
“သုံးသပ်ကြည့်လိုက်တော့ ဒါက သူတို့ တံခါးပိတ်ကျင့်ကြံနေတဲ့ အခြေအနေနဲ့အတူတူပဲ ၊ တောင်ပိုင်း မီးတောက်ကောင်းကင်ပြည်နယ်က သိုင်းသမားတွေ သတင်းပို့မယ်ဆိုရင်တောင် တောင်ပိုင်းထိပ်တန်းအရှင်သခင်က လက်ခံနိုင်မှာ မဟုတ်ဘူး”
သို့သော် ကျွမ်းကျောင်းဟွေ သေဆုံးမှုသတင်းရရှိပါက ကျွမ်းရှန်အနေဖြင့် လက်ရှိကိစ္စများကိုဘေးဖယ်ထားပြီး တောင်ပိုင်း မီးတောက်ကောင်းကင်ပြည်နယ်သို့ အမြန်ဆုံပြန်လာမည် ဖြစ်သည်။
ရန်ကျောက်ကဲက လက်များကို ဖြန့်ကားလိုက်ရင်း...
“’ကျားက တောင်ပေါ်မှာမရှိတဲ့အခါ မျောက်က သူ့ကိုယ်သူ ဘုရင်လို့ကြွေးကျော်တယ်’ ဆိုတဲ့ ဆိုရိုးစကားရှိတယ်မဟုတ်လား ၊ တောင်ပိုင်းထိပ်တန်းအရှင်သခင်ဆိုတဲ့ ကျားသာမရှိပေမယ့် တောင်ပိုင်း မီးတောက်ကောင်းကင်ပြည်နယ်မှာ ငါလွတ်လွတ်လပ်လပ်လှုပ်ရှားဖို့ ဒီမျောက်က အတော်လေး ဒုက္ခပေးဦးမှာပဲ ၊ ဒါပေမဲ့ ငါ အရှေ့တောင်ပိုင်းကိုပြန်ဖို့အာရုံစိုက်မယ်ဆိုရင်တော့ အခက်အခဲမရှိပါဘူး”
ထိုစကားကြားတော့ ရှကွမ်း တံတွေးတစ်ချက် မျိုချလိုက်သည်။
ရန်ကျောက်ကဲက လှောင်ပြောင်သရော်သည့်လေသံဖြင့် ပြောဆိုနေသည့်တိုင် သူ့စကားအဓိပ္ပါယ်က တုန်လှုပ်စေသည်ပင်။
ဤစကား၏အဓိပ္ပါယ်က တောင်ပိုင်း မီးတောက်ကောင်းကင်ပြည်နယ်တွင် ထိပ်တန်းအရှင်သခင် ကျွမ်းရှန်သာမရှိပါက ကြိုက်သလို ဝင်ထွက်သွားလာနိုင်သည်ဆိုသော အဓိပ္ပါယ်ဖြစ်သည် မဟုတ်ပါလား။
အကယ်၍ ဤစကားကိုပြောနေသူက အမတကူးပြောင်းခြင်း နှောင်းပိုင်းအဆင့် သိုင်းသူတော်စင်တစ်ယောက်ဖြစ်လျှင် ရှကွမ်း အံ့အားသင့်မိမည် မဟုတ်ပေ။
သို့သော် ရန်ကျောက်ကဲက အမတကူးပြောင်းခြင်းအဆင့်သို့ပင် ရောက်ရှိခြင်း မရှိသေးပေ။
တောင်ပိုင်းမီးတောက်ကောင်းကင်ပြည်နယ်တွင် ကျင့်ကြံသူများစွာရှိပြီး သူတို့အားလုံးကို တောင်ပိုင်းထိပ်တန်းအရှင်သခင် ‘ကျွမ်းရှန်’ က အုပ်ချုပ်သည်။
သို့သော် ကျွမ်းရှန်လက်အောက်တွင် အမတကူးပြောင်းခြင်း နှောင်းပိုင်းအဆင့် သိုင်းသူတော်စင် အနည်းငယ်မျှသာရှိသည် မဟုတ်ပေ။ ထိုသူများသည် ကမ္ဘာတစ်ဝှမ်းလုံးတွင် အထွတ်ထိပ်အဆင့် ကျော်ကြားသူများအဖြစ် နှစ်ပေါင်းများစွာ နေထိုင်ခဲ့ကြသူများဖြစ်၏။
ထို့ပြင် အရေးပါအရာရောက်သည့် အမတကူးပြောင်းခြင်းအဆင့် ကျင့်ကြံသူများလည်း ရှိနေသေးသည်။
သူတို့က ကိုယ်ပိုင်သိုင်းဂိုဏ်းများတည်ထောင်ထားသည့် ဂိုဏ်းချုပ်များ မဟုတ်ကြသော်လည်း သက်တမ်းရှည်ကြာသော အကြီးအကဲများ ဖြစ်ကြသည်။
သာမန်အခြေအနေတွင် ထိုသူများအနေဖြင့် နတ်ဘုရားသိမြင်ခြင်း သိုင်းသူတော်စင်တစ်ယောက်ကို အေးအေးဆေးဆေးပင် သတ်ဖြတ်ပစ်နိုင်ပေမည်။
ထင်ရှားသည့်အဆက်အနွယ်များမှ ဆင်းသက်လာသည့် ကျွမ်းကျောင်းဟွေ ၊ လုန်ဟန့်ဟွာ ၊ ကျန်းမော့နှင့် ဖုထင်ကဲ့သို့သောသူများသည် သူတို့ထက်မြင့်မားသော ကျင့်ကြံခြင်းအဆင့်မြင့်မားသူများကို အေးအေးဆေးဆေးပင် ရင်ဆိုင်နိုင်သူများ ဖြစ်ကြသည်။
သို့တိုင် ထိုသို့သောသူများသည်ပင် သူတို့၏တန်ခိုးစွမ်းအားတစ်ခုတည်းကိုအခြေခံကာ တောင်ပိုင်း မီးတောက်ကောင်းကင်ပြည်နယ်သို့ ဝင်ချင်တိုင်းဝင် ထွက်ချင်တိုင်းထွက်နိုင်သည်ဟု ပြောဆိုဝံ့ကြမည် မဟုတ်ပေ။
သူတို့အားလုံးက တူညီသောကျင့်ကြံခြင်းအဆင့်ရှိသူများကို အနိုင်ယူနိုင်ပြီး အမတကူးပြောင်းခြင်း ကနဦးအဆင့် ကျင့်ကြံသူများကို ရင်ဆိုင်နိုင်ကြသော်လည်း အရှေ့တောင် မီးတောက်ကောင်းကင်ပြည်နယ်တွင် သူတို့ရင်ဆိုင်ရမည့်ရန်သူများက သိုင်းသူတော်စင် အဋ္ဌမအဆင့် ၊ သို့မဟုတ် သိုင်းသူတော်စင် နဝမအဆင့်ဖြစ်နိုင်သည်။
ယခု ရန်ကျောက်ကဲက သူတို့ထဲမှတစ်ယောက်မဟုတ်ပေ။
“’ရန်’ သခင်လေး...”
ရှကွမ်းက အနည်းငယ် မယုံမကြည်သောလေသံဖြင့် မေးလိုက်သည်။
“မင်းဆိုလိုတာက ငါတို့ကို လမ်းမှာတားဆီးတဲ့သူရှိရင် အားလုံးကို ချေမှုန်းပစ်မယ်လို့ ဆိုလိုတာလား”
ထိုစကားကိုကြားတော့ ရန်ကျောက်ကဲမျက်နှာက တည်ကြည်လေးနက်သွားသည်။
“လမ်းတစ်လျှောက်လုံး ချေမှုန်းပစ်မှာလားဆိုတော့... အမှန်ပဲ ၊ အမတကူးပြောင်းခြင်း နှောင်းပိုင်းအဆင့်သိုင်းသူတော်စင်တွေ တစ်ယောက်ထက်ပိုပြီးရောက်မလာဘူးဆိုရင် ငါတို့ကိုတားဆီးတဲ့သူ ဘယ်သူမဆို သုတ်သင်ပစ်တာအကောင်းဆုံးပဲ”
ရန်ကျောက်ကဲက စိတ်အားထက်သန်စွာ စဉ်းစားနေသော်လည်း သူပြောသည့်စကားများက အခြားသူများအတွက် ကြွားဝါခြင်း သို့မဟုတ် အရူးပမာလျှောက်ပြောခြင်းဟု ထင်မြင်စရာ ဖြစ်နေဆဲပင်။
သူက ရှကွမ်းကိုကြည့်ကာ ပြုံးလိုက်ရင်း...
“ငါက စွန့်စားရတာသဘောကျပေမယ့် ကိုယ့်အသက်နဲ့တော့ လောင်းကြေးမထပ်ပါဘူးကွာ ၊ ဘာလဲ ... ကြောက်သွားပြီလား ၊ ငါနဲ့အတူ ခရီးသွားချင်သေးလား”
ရန်ကျောက်ကဲ၏ တည်ငြိမ်သောအကြည့်ကိုမြင်ရတော့ ရှကွမ်းစိတ်ထဲ အပြစ်ရှိသလို ခံစားလိုက်ရသည်။
သူက သွေးပူပြီး အကြောက်အရွံ့ကင်းမဲ့သူဖြစ်လေရာ ချက်ချင်းပင် ကျယ််လောင်စါာ ပြောလိုက်သည်။
“မင်းနဲ့အတူ ဒီလိုခရီးသွားရတာ ဂုဏ်ယူစရာပဲ ၊ ဘာများကြောက်စရာရှိသလဲ”
အရင်တုန်းက ရှကွမ်းက အိမ်တွင်သာ နေထိုင်ခဲ့ရသည်။
သူ၏မိသားစုများက ပြင်ပလောကမှ သတင်းအချက်အလက်များကို ပြောပြခဲ့သော်လည်း သူသိရှိသည့်သတင်းများက အကန့်အသတ်ရှိသည်။
သို့သော် သူ ရန်ကျောက်ကဲအကြောင်းကိုတော့ ယခင်ကပင် ကြားခဲ့ဖူးသည်။
ဤလူငယ်က မကြာသေးမီနှစ်များအတွင်း အရှေ့တောင် နေဝန်းကောင်းကင်ပြည်နယ်တစ်ခုလုံးတွင် အာရုံစိုက်မှု အများဆုံးရရှိခဲ့သော မိုးကောင်းကင်မျက်နှာသာပေးခံရသည့် သားတော်တစ်ပါး ဖြစ်သည်။
ရှကွမ်းက ဒေါသကြီးသလို မာနကြီးသူလည်း ဖြစ်သည်။
သို့တိုင် သူနှင့် အသက်သိပ်မကွာသူတစ်ယောက်က နတ်ဘုရားသိမြင်ခြင်းအဆင့်သို့ တက်ရောက်နိုင်ကြောင်း သတင်းကြားသည့်အခါ အတော်လေး စိတ်ထဲသဘောကျသလို အားလည်းကျမိသည်။
အစပိုင်းတွင် သံသယဝင်ခဲ့သော်လည်း ရန်ကျောက်ကဲ၏ဂုဏ်သတင်းက အရှေ့တောင် နေဝန်းကောင်းကင်ပြည်နယ်တစ်ခုလုံးသို့ ပျံ့နှံ့သွားသည့်အခါ မယုံကြည်လို့မဖြစ်တော့ပေ။
သူနှင့် ရန်ကျောက်ကဲက အသက်သိပ်မကွာသည်ဖြစ်ရာ စူးစမ်းလိုစိတ်ဖြင့် ပြည့်နက်နေသည်မှာ သဘာဝကျသည်။
သူက ရန်ကျောက်ကဲ၏သင်ပြပေးမှုကို စိတ်ထဲမှတ်သားထားသော်လည်း အစောပိုင်းတွင် အနည်းငယ် မတင်မကျ ခံစားနေရသေးသည်။
ယခု ရန်ကျောက်ကဲ၏စကားကိုကြားလိုက်ရတော့ ရှကွမ်းစိတ်ထဲ ဤလူငယ်၏ အပြုအမူများကို သဘောကျသွားသလို ခံစားလိုက်ရသည်။
လက်ရှိတွင် လုံလောက်သော စွမ်းအားမရှိခြင်းအတွက်သာ သူ့ကိုယ်သူ မုန်းတီးမိသည်။
သူသာ ရန်ကျောက်ကဲလို စွမ်းအားကြီးမားပါက သူအလိုရှိရာနေရာတိုင်းသို့သွားလာပြီး သူ့လမ်းကြောင်းကိုပိတ်ဆို့မည့် ရန်သူများအားလုံးကိုကျော်ဖြတ်ကာ အရှေ့တောင် နေဝန်းကောင်းကင်ပြည်နယ်သို့ ပြန်လာနိုင်မည်ဆိုလျှင် ဘယ်လောက် ပျော်ရွှင်စရာကောင်းပါမည်နည်း။
သူ၏မိသားစုများအသက်ဆုံးရှုံးသွားသည့်တိုင် ရှကွမ်းက လွတ်မြောက်လာခဲ့သော်လည်း အဆင်မပြေမှုများစွာ ဆက်တိုက်ကြုံတွေ့ခဲ့ရသည်။
ထို့ကြောင့် ဤကိစ္စများနှင့်ပတ်သက်ပြီး အလွန်အမင်းဒေါသထွက်ကာ စိတ်ထဲတွင် တင်းမာနေခဲ့သည်။
ယခုမှ လွတ်မြောက်ခွင့်ရသဖြင့် အတော်လေး သက်သောင့်သက်သာခံစားလာရသည်။
“ဒါဖြင့် ငါတို့တွေ ကျုန်းယွမ်ခန်းမကိုပြန်သွားပြီးမှ ဒီကိစ္စကိုပြောကြတာပေါ့”
ရန်ကျောက်ကဲက ပြုံးရင်းဆိုသည်။
“ဒါပေမဲ့ မင်းကို ငါ ဘာမှကူညီမှာမဟုတ်ဘူး ၊ အားလုံး မင်းရဲ့ကိုယ်ပိုင်အစွမ်းအစနဲ့ ပြုလုပ်ရလိမ့်မယ်”
ထိုစကားကြားတော့ ရှကွမ်း အံ့အားသင့်သွားသလို အလွန်လည်း ပျော်ရွှင်သွားသည်။
……
မကြာခင်အချိန်အတွင်းမှာပင်...
အဆုံးမဲ့တောင်တန်းတွင်ဖြစ်ပွားခဲ့သော အနှောက်အယှက်များက ဒေသတွင်း အထွတ်ထိပ်သိုင်းကျင့်ကြံသူများ၏ အာရုံစိုက်မှုကို ခံခဲ့ရသည်။
အဆုံးမဲ့တောင်တန်းဒေသတွင် အရှေ့တောင် နေဝန်းကောင်းကင်ပြည်နယ်မှ သိုင်ကျင့်ကြံသူများ ရောက်ရှိနေပြီး ထိုသူများက အလွန်တရာ အစွမ်းထက်လှသည်။
အစပိုင်းတွင် ဒေသခံများက သိပ်ပြီးအရေးမစိုက်ခဲ့ကြဘဲ ထိုသူများကို သတ်ဖြတ်ရန် အုပ်စုများဖွဲ့ကာ လိုက်လံရှာဖွေခဲ့ကြ၏။
အရှေ့တောင်ပိုင်းမှ သိုင်းသမားများက တောင်ပိုင်းမီးတောက်ကောင်းကင်ပြည်နယ်တွင် အဘယ့်ကြောင့်ပေါ်လာသည်ကို သိချင်ကြသော်လည်း ၊ ဤသည်က ကြီးကြီးမားမား အနှောက်အယှက်မဟုတ်သဖြင့် သိပ်ပြီး အရေးမစိုက်ခဲ့ကြပေ။
သို့သော် သူတို့တွေးထင်ထားသည့်အတိုင်း မဟုတ်ကြောင်း မကြာမီသိရှိလာကြသည်။
ကျူးကျော်လာသူများကို အုပ်စုဖွဲ့ဖမ်းဆီးရန် ထွက်ခွာသွားကြသော တောင်ပိုင်းသိုင်းသမားများအားလုံး အဆက်အသွယ် ပြတ်တောက်သွားကြသည်။
ထို့ကြောင့် အဆုံးမဲ့တောင်တန်းဒေသရှိ အထွတ်ထိပ်စွမ်းအားစုများမှ တန်ခိုးစွမ်းအားရှင်များ နိုးကြားလာခဲ့ကြသည်။
သို့တိုင် ကျူးကျော်သူများကို လိုက်လံဖမ်းဆီးကြသော နတ်ဘုရားသိမြင်ခြင်းအဆင့် သိုင်းသူတော်စင်များ အုပ်စုသည်လည်း ယခင်ကကဲ့သို့ပင် သဲလွန်စမရှိ ပျောက်ကွယ်သွားကြပြန်သည်။
ထို့နောက်မှာတော့ ထူးဆန်းသည့်သတင်းက တောင်ပိုင်း မီးတောက်ကောင်းကင်တစ်ခုလုံးသို့ ပေါက်ကွဲထွက်သွားသည်။
အဆုံးသတ်မှာတော့ အမတကူးပြောင်းခြင်းအဆင့် တန်ခိုးစွမ်းအားရှင်များပင် ပါဝင်လာကြရသည်။
အဆုံးမဲ့တောင်တန်းဒေသ၏ကိစ္စရပ်များတွင် အခြားသူများ ဝင်ရောက်စွက်ဖက်ခြင်းအား ဆန္ဒမရှိကြသော်လည်း အခြေအနေ၏ပြင်းထန်မှုကို သတိထားမိသူအချို့က ဇာမဏီတောင် ၊ ဝူထုန်တောင်စောင်းသို့ လူလွှတ်ဆက်သွယ်ခဲ့ကြသည်။
သို့သော် သူတို့မဆက်သွယ်ခင်ကပင် ဇာမဏီရိုးရာတောင် ၊ ဝူထုန်တောင်စောင်းမှသိုင်းသမားများက ကြောက်မက်ဖွယ်ရာသတင်းကို စုံစမ်းခဲ့ပြီး ဖြစ်သည်။
သူတို့က ဤကိစ္စကို ဦးစားပေးစုံစမ်းခဲ့ကြပြီးနောက် အရှေ့တောင်ပိုင်းမှ ဝင်ရောက်လာသော သိုင်းသမား မည်သူမည်ဝါဖြစ်ကြောင်း ထုတ်ဖော်နိုင်ခဲ့၏။
“ဝါဒတောင်မှ ရန်ကျောက်ကဲ”
ရန်ကျောက်ကဲက ကျင့်ကြံသူများကို အကြောင်းအရင်းမဲ့ သတ်ဖြတ်ခြင်းမရှိသလို သူ့ကိုယ်သူ မည်သူမည်ဝါဖြစ်ကြောင်း အမွှမ်းတင် ထုတ်ဖော်ပြောဆိုခြင်းလည်း မရှိခဲ့ပေ။
သို့သော် သူ မည်သူမည်ဝါဖြစ်ကြောင်း ဖုံးကွယ်ထားခြင်း မရှိသလို ရန်သူမဟုတ်သောသူများနှင့် တွေ့ဆုံရပါကလည်း အကြောင်းမဲ့သတ်ဖြတ်ခြင်း မပြုခဲ့ပေ။
ထို့ကြောင့် ရောက်ရှိနေသူက ‘ရန်ကျောက်ကဲ’ ဟု သိလိုက်ရသည့်အခါ အဆုံးမဲ့တောင်တန်းကြီးတစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။
မကြာမီ နောက်ထပ်သတင်းများ ထပ်မံထွက်ပေါ်လာသည်။
ရန်ကျောက်ကဲကို ဖမ်းဆီးရန် စေလွှတ်ခဲ့သော အမတကူးပြောင်းခြင်းအဆင့် သိုင်းသူတော်စင်များအားလုံး အသတ်ခံခဲ့ရသည်ဟူ၏။