မျောက်ဝံဘုရင်ကြီး
Vol. 69 Ch. 968
အခန်း (၉၆၈) မျောက်ဝံဘုရင်ကြီး
‘တောင်ပေါ်မှာ ကျားမရှိလျှင် မျောက်ကဘုရင်အဖြစ်ကြေငြာသည်’ ဟု ရန်ကျောက်ကဲက ရယ်စရာဟာသပြောခဲ့သည်။
သို့သော် တကယ်တမ်းတွင် တောင်ပိုင်း မီးတောက်ကောင်းကင်ပြည်နယ်တွင် ကျားမရှိနိုင်သော်လည်း နေရာတိုင်းတွင် ရက်စက်ကြမ်းတမ်းသောသားရဲများ ရှိနေဆဲဖြစ်ပြီး ထိုသားရဲများက မျောက်တစ်ကောင်ထက် အင်အားကြီးမားမည် အမှန်ပင်။
မျောက်ဖြစ်နေလျှင်တောင်မှ ကြောက်မက်ဖွယ်ရာ ‘မျောက်ဝံဘုရင်ကြီး’ ဖြစ်ပေလိမ့်မည်။
မည်သို့ပင်ဖြစ်စေ အဆုံးမဲ့တောင်တန်းတွင်ရှိနေသည့် အရှေ့တောင် မီးတောက်ကောင်းကင်ပြည်နယ် သိုင်းသမားများသည် ဖြစ်ရပ်ဆိုးကြီးများကို တစ်ခုပြီးတစ်ခု ခံစားရလေတော့သည်။
ဇာမဏီရိုးရာတောင် ၊ ဝူထုန်တောင်စောင်းမှသတင်းရရှိချိန်မှာတော့ ရန်ကျောက်ကဲက အဆုံးမဲ့တောင်တန်းမှ ထွက်ခွာသွားရန် ကြိုးစားနေပြီ ဖြစ်သည်။
ဧရာမ ဇာမဏီငှက်တစ်ကောင်သည် အတောင်ပံများကိုဖြန့်ကျက်လျှက် တောင်ပိုင်းမီးတောက်ကောင်းကင်ပြည်နယ်ကိုဖြတ်သန်းကာ မြင့်မားစွာ ပျံသန်းနေ၏။
ထို ဇာမဏီငှက်ကြီးမှာ မီးလျှံများဖြင့်ဝန်းရံထားပြီး မိုင်ပေါင်းထောင်ချီရှည်လျားသော တိမ်တိုက်ပင်လယ်ကိုဖြတ်ကျော်ကာ လေကိုထိုးခွင်းပျံသန်းလာသော ‘လေဟုန်စီးကောင်းကင်ရွက်လှေ’ ကြီးပင် ဖြစ်သည်။
တောင်ပိုင်းထိပ်တန်းအရှင်သခင်၏ လေဟုန်စီးကောင်းက်ရွက်လှေထက်တွင် ဝူထုန်တောင်စောင်းသိုင်းသမားများစွာ ပါရှိပြီး လူရွယ်တစ်ယောက်က သူတို့ကို ဦးဆောင်လာသည်။ ယခုတော့ လူရွယ်အပါအဝင် သူတို့အားလုံး၏မျက်နှာများက တည်ကြည်လေးနက်နေကြ၏။
အဆုံးမဲ့တောင်တန်းဒေသမှ ဒေသခံသိုင်းသမားများ မသိရှိသောအချက်တစ်ခု ရှိလေသည်။
ထိုလျှို့ဝှက်ချက်မှာ ဝူထုန်တောင်စောင်းမှ တပည့်အချို့က လျှို့ဝှက်ကျောက်ဂူအိမ်တော်တစ်ခုကိုရှာဖွေရန် သဲလွန်စများ ရရှိခဲ့ကြပြီး ထိုသဲလွန်စများက အဆုံးမဲ့တောင်တန်းဒေသသို့ ညွှန်ပြနေသည်။
ထိုတပည့်များထဲတွင် တောင်ပိုင်း မီးတောက်ကောင်းကင်ပြည်နယ်၏ အထူးချွန်ဆုံးလူငယ် ၊ တောင်ပိုင်းထိပ်တန်းအရှင်သခင် ကျွမ်းရှန်၏သား ကျွမ်းကျောင်းဟွေလည်းပါဝင်သည်။
ကျောက်ဂူအိမ်တော်အဝင်ဝသို့ရောက်သည့်အခါ အတွင်းသို့ဝင်ရောက်ရန် ရတနာပစ္စည်းတစ်ခု လိုအပ်နေသဖြင့် ကျွမ်းကျောင်းဟွေတို့အုပ်စုမှာ မည်သို့မှမတတ်နိုင်ဘဲ သက်ပြင်းသာ ချနိုင်ခဲ့ကြသည်။
သို့သော် ရုတ်တရက် ဖူချန်နှင်တံအကျိုးတစ်ခု ရရှိမည်ဟု မည်သူက ထင်မှတ်ပါမည်လဲ။
ကျွမ်းကျောင်းဟွေတို့အုပ်စု အလွန်ဝမ်းသာသွားကြပြီး ကျုန်းယွမ်ကျောင်းတော် အတွင်းဝင်ရောက်သည့်အခါ အချို့ကို ဝင်ပေါက်တွင်စောင့်ဆိုင်းရန်ထားခဲ့ပြီး အချို့ကိုတော့ တောင်ပေါ်သို့ သတင်းပြန်လည်ပို့ဆောင်စေခဲ့သည်။
သို့သော် ထိုအချိန်မှစပြီး ကျွမ်းကျောင်းဟွေတို့ထံမှ သတင်းကြားရခြင်း မရှိတော့ပေ။
အဆုံးမဲ့တောင်တန်းဒေသတွင် ရန်ကျောက်ကဲ ရုတ်တရက်ထူးဆန်းစွာထွက်ပေါ်လာခြင်းက ဝူထုန်တောင်စောင်းရှိလူတိုင်းအား ထူးဆန်းသော ကြိုတင်သတိပေးချက်တစ်ခုရှိစေခဲ့သည်။
သက်လတ်ပိုင်းလူရွယ်၏မျက်နှာက မည်းမှောင်နေပြီး စကားတစ်ခွန်းမှမဆိုနိုင်ဖြစ်နေသည်။
ဤလူရွယ်က ‘ဖန်’မျိုးရိုးဖြစ်ပြီး နာမည်က ‘ဟယ်’ ဖြစ်သည်။ သူက သိုင်းသူတော်စင် နဝမအဆင့် ၊ အမတကူးပြောင်းခြင်း နှောင်းပိုင်းအဆင့် ကျင့်ကြံသူဖြစ်၏။
သူ့ကို “မီးတောက်ဘုရင်” ဟုလူသိများပြီး သူက တောင်ပိုင်းထိပ်တန်းအရှင်သခင် ကျွမ်းရှန်၏ ဂိုဏ်းတူညီ ဖြစ်ကာ ဝူထုန်တောင်စောင်းမျိုးဆက်မှ ဆင်းသက်လာသူဖြစ်သည်။ ကျွမ်းရှန်လက်အောက်မှ ဝူထုန်တောင်စောင်းသိုင်းကျင့်ကြံသူများထဲတွင် ထိပ်တန်းအဆင့် ကျင့်ကြံသူဖြစ်၏။
လူသားအထွတ်ထိပ် အဆင့်ရှိသော ကျွမ်းရှန်ပြီးလျှင် ဝူထုန်တောင်စောင်းတပည့်များထဲတွင် ဖန်ဟယ်က တန်ခိုးစွမ်းအားအမြင့်မားဆုံး ဖြစ်သည်။
ဖန်ဟယ်က လူသားအထွတ်ထိပ်အဆင့်မရောက်သေးသည့်တိုင် တောင်ပိုင်းမီးတောက်ကောင်းကင်ပြည်နယ်တွင် ထိပ်တန်းအဆင့် တန်ခိုးစွမ်းအားရှင်တစ်ယောက်ဖြစ်သည်။
အထက်ဘုံကမ္ဘာတစ်ခုလုံးနှင့် နှိုင်းယှဉ်ကြည့်မည်ဆိုလျှင် သူသည် နှစ်ပေါင်းများစွာ ကျော်ကြားခဲ့သော စွမ်းအားမြင့်မားသူတစ်ယောက်လည်း ဖြစ်၏။
ဖန်ဟယ်၏သမီးက ကျွမ်းကျောင်းဟွေနှင့် လက်ဆက်ထားခြင်း ဖြစ်သည်။
သူ့အနောက်မှ ဝူထုန်တောင်စောင်း ကျင့်ကြံသူတစ်ယောက်က ခပ်တိုးတိုးလေသံဖြင့်...
“ဆရာ... ကျောက်ဂူအိမ်တော်ဝင်ပေါက်နားမှာ တပည့်အတော်များများရဲ့ အလောင်းတွေတွေ့ခဲ့တယ် ၊ ဒါပေမဲ့ အလောင်းတွေထဲမှာ ဂိုဏ်းတူအစ်ကိုကျွမ်းနဲ့ ဆရာဦးလေး’ဝမ်’ ရဲ့အလောင်းတွေ မပါဘူး”
သူက ဆက်ပြောသည်။
“ကျောက်ဂူအိမ်တော်ဝင်ပေါက်က ပျောက်သွားပြီ ၊ ဒါကြောင့် အထဲဝင်ပြီးရှာဖွေဖို့က မဖြစ်နိုင်တော့ဘူး ၊ ဒါကြောင့် ဂိုဏ်းတူအစ်ကိုကျွမ်းနဲ့ ဆရာဦးလေးဝမ်တိ့ ဘယ်ရောက်နေတယ်ဆိုတာ မသိနိုင်သေးပါဘူး”
ဤစကားများကိုကြားတော့ ဖန်ဟယ်က စကားပြောဆိုခြင်း မရှိပေ။
ကျွမ်းကျောင်းဟွေ၏ရုပ်အလောင်းကို မတွေ့ရှိရသဖြင့် အသက်ရှင်လျက်ရှိနိုင်သေးသည်ဟု ဆိုနိုင်သည်။
သို့သော် ဖန်ဟယ်၏စိတ်ထဲတွင် ဆိုးရွားသော ကြိုတင်သတိပေးချက်တစ်ခု ရှိနေပြီဖြစ်သည်။
လက်ရှိကျင့်ကြံခြင်းအဆင့်ဖြင့်ဆိုလျှင် ဤသို့သော ကြိုတင်သတိပေးချက်ဖြစ်ပေါ်ခြင်းက အခြေအမြစ်မရှိဘဲ ဖြစ်ပေါ်မည် မဟုတ်ပေ။
“ရန်ကျောက်ကဲကို အသက်ရှင်လျက်ဖမ်းရမယ် ၊ သူ အရှေ့တောင် နေဝန်းကောင်းကင်ပြည်နယ်ထဲ ပြန်ရောက်သွားလို့ မဖြစ်ဘူး”
ဖန်ဟယ်က ဖြည်းညှင်းစွာပြောသည်။
ရန်ကျောက်ကဲအမည်ကိုစဉ်းစားလိုက်တော့ ဖန်ဟယ်စိတ်ထဲ တဒိန်းဒိန်းခုန်လာသလို ခံစားလိုက်ရသည်။
နာမည်ကျော်ကြားလာသည်မှာ (၁၀)နှစ်ပင်မပြည့်သေးသော ဤလူငယ်သည် တောင်ပိုင်း မီးတောက်ကောင်းကင်ပြည်နယ်မှ လူတိုင်း၏မုန်းတီးခြင်းကို ခံရသည်ပင်။
သူက ထူးခြားသော ပါရမီရှင်ဖြစ်သည်မှန်သော်လည်း ကျင့်ကြံခြင်းအဆင့် နည်းပါးသည့်အတွက် ကြောက်စရာမလိုပေ။ သူ့တွင် များပြားလှစွာသော ရတနာပစ္စည်းများ ရှိနေသောကြောင့်သာ သတိထားနေရခြင်း ဖြစ်၏။
ဤသည်မှာ တောင်ပိုင် မီးတောက်ကောင်းကင်ပြည်နယ်မှ ကျင့်ကြံသူများ ရန်ကျောက်ကဲအပေါ် ထားရှိသည့်အမြင် ဖြစ်သည်။
ရန်ကျောက်ကဲ နာမည်ကျော်ကြားသည်မှာ မြောက်ဖေးတောင်ထွတ်နှင့် ကျင်းထင်တောင်တို့က သူ့ကိုကာကွယ်ပေးထားသည့်အတွက်ဖြစ်သည်ဟု ထင်ကြသော်လည်း သူတို့အားလုံး ရန်ကျောက်ကဲအပေါ်ထားရှိသည့် အမုန်းတရားက ကျင်းထင်တောင်အပေါ်ထားရှိသည့် အမုန်းတရားအောက် လျော့နည်းခြင်း မရှိပေ။
ဤသို့သောအခြေအနေမျိုးမှာပင် ရန်ကျောက်ကဲသည် တောင်ပိုင်းမြေပြင်ထက်သို့ ခြေချရန် သတ္တိရှိနေဆဲဖြစ်လေရာ တောင်ပိုင်းကိုအုပ်ချုပ်သူများဖြစ်သော ဝူထုန်တောင်စောင်းက ဒေါသမထွက်ဘဲ နေပါမည်လား။
“’ရန်’မျိုးနွယ်ကောင်စုတ်လေးအပြင် အရှေ့တောင်ဘက်ကလာတဲ့ တခြားသိုင်းသမားတွေမရှိတာ သေချာတယ်မဟုတ်လား”
ဖန်ဟယ်က အခဏမျှစဉ်းစားပြီးမှ သူနှင့်အတူ လိုက်ပါလာသူများကို မေးမြန်းလိုက်သည်။
“ငါဆိုလိုတာက အရှေ့တောင်ပိုင်းက အမတကူးပြောင်းခြင်း အလယ်ဆင့် ၊ သိုင်းသူတော်စင် အဋ္ဌမအဆင့် ကျင့်ကြံသူတစ်ယောက်ယောက် ပါလာသလားသိချင်တာ”
သူ့နံဘေးမှလူက...
“မရှိဘူးလို့တော့ သေချာမပြောနိုင်ပါဘူး ၊ ဒါပေမဲ့ သဲလွန်စကတော့ ရန်ကျောက်ကဲရဲ့ သဲလွန်စတွေပဲ ရှိတယ်”
အဆိုးမြင်သည့်ဘက်ရောက်သော အဖြေကိုရရှိပြီးနောက် ဖန်ဟယ် ပြန်လည်တိတ်ဆိတ်သွားသည်။
သူ့ဘေးနားမှ တပည့်တစ်ယောက်က...
“ဆရာဦးလေး’ဖန်’ ၊ သူက နတ်ဘုရားသိမြင်ခြင်းအဆင့်ပဲရှိသေးတာ ၊ ဆရာဦးလေးကိုယ်တိုင်အပြင်ထွက်လာပြီဆိုတော့ သူ့ကိုဖမ်းဆီးနိုင်မှာပါ”
သို့သော် ဖန်ဟယ်က မထင်မှတ်ဘဲ ခေါင်းခါယမ်းလိုက်သည်။
“ဒီလောက်မရိုးရှင်းမှာ စိုးရိမ်မိတယ်”
ဖန်ဟယ်က ထိုသို့ပြောလိုက်တော့ အခြားသော ကျင့်ကြံသူများအားလုံး အံ့အားသင့်သွားကြသည်။
“ပြောရရင်တော့ ကျောင်းဟွေက အမတကူးပြောင်းခြင်းအဆင့် ရောက်နေပြီဆိုပေမယ့် သူက ငယ်ရွယ်ပြီး မာနကြီးတယ် ၊ သူက စိတ်မတည်ငြိမ်လို့ အမှားလုပ်မိတယ်ဆိုရင်တောင် ဂိုဏ်းတူညီလေးဝမ်က သူနဲ့အတူပါသွားတာပဲလေ”
ဖန်ဟယ်က တည်ငြိမ်သည့်လေသံဖြင့်ဆိုသည်။
“ဒါပေမဲ့... အမတကူးပြောင်းခြင်း အလယ်ဆင့်ရှိတဲ့ ဂိုဏ်းတူညီလေးဝမ်ဆီက ဘာသတင်းမှမရတာက ပုံမှန်မဟုတ်ဘူး”
ဘေးနားမှတပည့်များအားလုံး ထိုစကားကိုကြားတော့ မျက်နှာအမူအရာများ တည်ကြည်လေးနက်သွားကြသည်။
ကျွမ်းကျောင်းဟွေနှင့် ဆရာဦးလေးဝမ်တို့ အမှန်တကယ် သေဆုံးသွားပြီလား မသေချာသော်လည်း အခြေအနေကတော့ အကောင်းမြင်သည့်ဘက် မရှိသည်မှာ ထင်ရှားသည်။
တပည့်တစ်ယောက်က ရေရွတ်လိုက်သည်။
“အရှေ့တောင် နေဝန်းကောင်းကင်ပြည်နယ်က ကောလဟလတွေကြားတာတော့... ရန်ကျောက်ကဲက နတ်ဘုရားသိမြင်ခြင်းအဆင့်ပဲ ရှိသေးပေမယ့် တောင်ပိုင်းကနေ အနောက်ဘက် ကျူတောပင်လယ်ဒေသကိုရောက်တဲ့အထိ အမတကူးပြောင်းခြင်း အလယ်ဆင့်ကျင့်ကြံသူတစ်ယောက်ကို လိုက်သတ်ခဲ့တာတဲ့ ၊ အဲဒါ တကယ်ပဲလား မသိဘူး”
ရွက်လှေထက်မှလူများအားလုံး ငြိမ်သက်သွားကြသည်။
အတန်ကြာမှ အခြားတပည့်တစ်ယောက်က တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။
“သိုင်းသူတော်စင် နဝမအဆင့်ရှိတဲ့ ကွမ်းလီတဲ့လည်း ဝါဒတောင်မှ သေသွားတာပဲ”
သူက ဆက်ပြောသည်။
“လူတိုင်းက အမတမှော်ဝင်ပစ္စည်းကြောင့်လို့ထင်ကြပေမယ့် အခုတော့ ကြည့်ရတာ ထင်သလောက်မရိုးရှင်းဘူး ထင်တယ်”
သူ့ဘေးနားမှလူက...
“အမတမှော်ဝင်ပစ္စည်းကြောင့်မဟုတ်ဘူးဆိုရင်လည်း ဝါဒတောင်မှ ထူးကဲယန်စည်းတံဆိပ် ၊ ထူးကဲယင်သရဖူလိုမျိုး ရတနာတွေရှိသေးတာပဲ ၊ ဒါပေမဲ့ သူတို့က အမတကူးပြောင်းခြင်းအဆင့်ကို မရောက်သေးတော့ အဲဒီပစ္စည်းတွေရဲ့စွမ်းအားကို အပြည့်အဝ ထုတ်ဖော်အသုံးပြုနိုင်မှာ မဟုတ်ဘူး ၊ ကျင့်ကြံခြင်းအဆင့် ဒီလောက်ကွာခြားတာ ကွမ်းလီတဲ့ကို သူတို့ဘယ်လိုသတ်လိုက်တာလဲ ၊ ပြီးတော့ အဲဒီတုန်းက ဝါဒတောင်ကိုတိုက်ခိုက်တာ ကွမ်းလီတဲ့တစ်ယောက်တည်း မဟုတ်ဘူး ၊ တခြား အမတကူးပြောင်းခြင်းအဆင့် သိုင်းသူတော်စင်တွေလည်း ရှိနေသေးတယ်”
အမတကူးပြောင်းခြင်းအဆင့် သိုင်းသူတော်စင်မဟုတ်ပါက အမတမှော်ဝင်ပစ္စည်းကို အသက်သွင်းရန် မဖြစ်နိုင်ဟု ခံစားကြရသော်လည်း အမတမှော်ဝင်ပစ္စည်းဆိုသည်က ထူးခြားဆန်းကျယ်သောပစ္စည်းတစ်ခုဖြစ်ပြီး ခန့်မှန်းရလည်း ခက်လေသည်။
ထိုသို့သော်ပစ္စည်းမျိုးက အထူးလုပ်ဆောင်ချက်မျိုးကိုလုပ်ဆောင်နိုင်ခြင်းလည်း ရှိနေနိုင်သည်။
နောက်တပည့်တစ်ယောက်က ဖြည်းညင်းစွာဖြင့်...
“လက်ရှိမှာလည်း အဆုံးမဲ့တောင်တန်းက အမတကူးပြောင်းခြင်း ကနဦးအဆင့် သိုင်းသူတော်စင် (၂)ယောက်ကို ရန်ကျောက်ကဲသတ်ပစ်လိုက်ပြီ”
“သူတို့နှစ်ယောက်ကို ငါအရင်က တွေ့ဖူးတယ် ၊ ငါတို့လောက် သိုင်းပညာမကောင်းပေမယ့် အရည်အချင်းမရှိတဲ့သူတွေ မဟုတ်ကြဘူး”
“ဒါပေမဲ့ သူတို့တိုက်ခိုက်ခဲ့တဲ့ ပတ်ဝန်းကျင်အနေအထားကိုကြည့်ရတာ တိုက်ပွဲက အမြန်အဆုံးသတ်သွားပုံပဲ ၊ ကြည့်ရတာ ရန်သူ့ဘက်က အားမစိုက်ဘဲ ပေါ့ပေါ့ပါးပါးပဲ သတ်ပစ်လိုက်တဲ့ပုံပဲ”
စောစောကလူက ဆက်မပြောတော့ဘဲ စကားပြောခြင်းကို ရပ်တန့်လိုက်သည်။
တကယ့်တိုက်ပွဲရလဒ်များကသာ မှန်ကန်သည့်ဆုံးဖြတ်ချက်ကို ပေးနိုင်မည် ဖြစ်သည်။
ယခုတော့ ကျွမ်းကျောင်းဟွေနှင့် ဆရာဦးလေးဝမ် ပျောက်ဆုံးနေသည့်သတင်းကိုတွေးတောရင်း ဝူထုန်တောင်စောင်းမှလူများအားလုံး မျက်နှာပျက်လျှက် ရှိကြသည်။
များပြားလှစွာသော လက္ခဏာရပ်များက ယခု သူတို့ရင်ဆိုင်နေရသည်မှာ သာမန် နတ်ဘုရားသိမြင်ခြင်းအဆင့် ကျင့်ကြံသူမဟုတ်ကြောင်း ညွှန်ပြနေသည်။
နတ်ဘုရားသိမြင်ခြင်းအဆင့်တွင် ရန်ကျောက်ကဲက ကျွမ်းကျောင်းဟွေ ၊ လုန်ဟန့်ဟွာ ၊ ကျန်းမော့နှင့် ဖုထင်တို့ထက်ပင် ကြောက်မက်ဖွယ်ရာ ကောင်းနေသေးသည်။
သူတို့အားလုံး ရန်ကျောက်ကဲကို ယခင်ကဲ့သို့ အမြင်ဟောင်းများဖြင့် ဆက်လက်ကြည့်ရှုဝံ့ခြင်း မရှိတော့ပေ။ မဟုတ်ပါက ဆုံးရှုံးမှုနှင့် ရင်ဆိုင်ရဖွယ်ရှိသည်။
ဖန်ဟယ်က ဘာမှမပြောဘဲ အရှေ့သို့လှမ်းကြည့်လိုက်ပြီး ရန်သူနောက်သို့လိုက်ရန် လေဟုန်စီးကောင်းကင်ရွက်လှေကြီးကို အရှိန်ဖြှင့်လိုက်သည်။
ရွက်လှေကြီးက ဇာမဏီမီးလျှံများဖြင့် လွှမ်းခြုံကာ မြောက်ဘက်သို့ ဦးတည်ထွက်ခွာသွားလေသည်။
သို့သော် သူ၏မျက်နှာအမူအရာ ရုတ်တရက်ပြောင်းလဲသွားပြီး လေဟုန်စီးကောင်းကင်ရွက်လှေကြီးကို ရပ်တန့်ခိုင်းလိုက်သည်။
အကြောင်းမှာ အဝေးတစ်နေရာတွင် တာအိုဆရာတစ်ယောက် ပေါ်လာသောကြောင့်ဖြစ်၏။ ထိုတာအိုဆရာက ခန္ဓာကိုယ်ပိန်ပိန်ပါးပါးနှင့် အဝါရောင်တာအိုဝတ်စုံကို ဝတ်ဆင်ထားသည်။
ဖန်ဟယ်က ထိုသူကို ချက်ချင်းမှတ်မိလိုက်၏။
“တာအိုဆရာ ချန်းလန်”
တာအိုဆရာ ချန်းလန်ဆိုသည်က အုပ်စိုးရှင် (၅)ပါးတွင် တစ်ပါးအပါအဝင်ဖြစ်သည့် ချင်းယွမ်ဧကရာဇ်၏ တပည့်ရင်းတစ်ယောက်ဖြစ်သည် မဟုတ်ပါလား။