တန်းခွဲ၉
Vol. 30 Ch. 406
" တန်းခွဲ၉ကို သွားဖို့ အချိန်တန်ပြီ "
နောက်တစ်နေ့ အရောက်မှာတော့ လီဖူချန်းဟာ အတန်းသွားတက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။
သူ့ကိုယ်သူ အားကိုးပြီး ကျင့်ကြံနေတာက အလုပ်ဖြစ်တယ်လို့ လီဖူချန်း ခံယူထားပေမယ့် အတန်းတက်ပြီး သင်ခန်းစာ အချို့ကို နားထောင်တာကလည်း အကျိုးရှိတာပါပဲ။ ဘာမှ အကျိုးမရှိဘူး ဆိုရင်တောင်မှ အနည်းဆုံးတော့ ကျင့်ကြံခြင်းနဲ့ပက်သက်တဲ့ ဆရာတွေရဲ့ နှစ်ပေါင်းများစွာ အတွေ့အကြုံတွေကို သိနိုင်တယ် မဟုတ်ပါလား။
ကျွီ ...
လီဖူချန်းဟာ ခြံဝင်းတံခါးကို တွန်းဖွင့်ပြီး ခြံဝင်းအပြင်ကို ထွက်လာခဲ့ပါတယ်။
" သူ ထွက်လာပြီဟေ့ "
မူလအစကတော့ ခြံဝင်းအပြင်မှာ လူတစ်ယောက်မှ မရှိပါဘူး။ ဒါပေမဲ့ မျက်စိ တစ်မှိတ် အတွင်းမှာပဲ ကျောင်းသား လေးယောက်ဟာ လီဖူချန်းရဲ့ အရှေ့ကို ရောက်လာခဲ့ပါပြီ။ တစ်ချိန်တည်းလိုလိုမှာပဲ များပြားလှတဲ့ ကျောင်းသားတွေဟာ လီဖူချန်း ရှိရာဆီကို အရပ်မျက်နှာ ပေါင်းစုံကနေ ပြေးလာ နေကြပြန်ပါတယ်။
" ဟား ... ဟား ... ဟား ... ။ သည်ကောင်တွေက ငါ့ရဲ့သော့ကို လုနိုင်မယ်လို့ တကယ်ကြီး စောင့်နေကြတာပဲ "
လီဖူချန်က မအောင့်အည်းနိုင်ပဲ အော်ရယ်လိုက်မိပါပြီ။
သူ့ရဲ့ ခြံဝင်းက အပြင်ဘက် နယ်မြေ အပိုင်းအခြားထဲတောင်မှ အတွင်းပိုင်းခပ်ကျကျ ဖြစ်နေတဲ့ အတွက် အတော်လေး နေရာအနေအထား ကောင်းမွန်နေပါတယ်။ ဒါကြောင့်လည်း ကျောင်းသား အများကြီးက လုဖို့ ကြံရွယ်နေတာ ဖြစ်မှာပါ။
" သည်က ညီလေး ... ။ငါက မင်းရဲ့ ခြံဝင်းကို မျက်စိကျနေတယ်။ အဲသည်တော့ အရိုက်မခံချင်ရင် ခြံဝင်းသော့ကို အမြန်အပ်လိုက် "
အရပ်ရှည်ရှည်နဲ့ ကျောင်းသားတစ်ယောက်က လီဖူချန်းကို ခြိမ်းခြောက် လိုက်ပါတယ်။ သူက ပြန်လည် ဝင်စားခြင်းနယ်ပယ် အဆင့်၂ကို ရောက်နေပါပြီ။
" မားတုံးလှိုင် ... ဖယ်စမ်း။ ဒါ ငါ့ရဲ့ ခြံကွ ... "
" သည်ကညီလေး ... ။ အစ်ကို့ကို ညီလေးရဲ့ ခြံဝင်းသော့ ပေးလိုက်ပါလား။ အစ်ကို့နာမည်က ချင်နန်ပါ။ အစ်ကိုက ညီလေးကို စောင်မကြည့်ရှုပေးပါမယ် "
နောက်ထပ် ပြန်လည်ဝင်စားခြင်း နယ်ပယ် အဆင့်၂ ကို ရောက်နေပြီဖြစ်တဲ့ ကျောင်းသား တစ်ယောက်ကလည်း လီဖူချန်းဆီကနေ ခြံဝင်းသော့ကို တောင်းခံလာခဲ့ပါတယ်။
အပြင်ဘက်နယ်မြေအပိုင်းအခြားမှာ ရှိတဲ့ ကျောင်းသား အများစုကတော့ ပြန်လည် ဝင်စားခြင်းနယ်ပယ် အဆင့်၂ကို ရောက်နေကြပါပြီ။ ပြန်လည်ဝင်စားခြင်းနယ်ပယ် အဆင့်၃ကို ရောက်နေပြီဖြစ်တဲ့ ကျောင်းသားတွေကတော့ လီဖူချန်းရဲ့ ခြံဝင်းထက် မနိမ့်တဲ့ ခြံဝင်းတွေကို ရထားကြပါတယ်။ အဲသည်အတွက် သူတို့ဟာ အကြောင်းတစ်စုံတစ်ရာ မရှိဘဲနဲ့ သူ လီဖူချန်းကို ပြဿနာ လာရှာကြမှာ မဟုတ်ပါဘူး။
" ငါက မပေးရင်ကော "
လီဖူချန်းက ပတ်ဝန်းကျင်ကို တစ်ချက် လှည့်ကြည့်လိုက်ပြီး ပြန်ပြောလိုက်ပါတယ်။
သူ့ရဲ့ ခြံဝင်းအရှေ့မှာတော့ ဒါဇင်နဲ့ချီတဲ့ အတွင်းစည်းကျောင်းသားတွေ ရောက်လာကြပါပြီ။ သူတို့အားလုံးဟာ ပြန်လည်ဝင်စားခြင်းနယ်ပယ် အဆင့်၂မှာပဲ ရှိပါသေးတယ်။
တောင်ပိုင်းတောအုပ် သိုင်းတက္ကသိုလ်ရဲ့ ပြန်လည် ဝင်စားခြင်းနယ်ပယ် ကျောင်းသားတွေဆိုတာက နှယ်နှယ်ရရတော့ မဟုတ်ပါဘူး။ သူတို့အားလုံးက မြေကမ္ဘအဆင့်နိမ့် အတွင်းအားကျင့်စဉ်တွေနဲ့ သိုင်းပညာရပ်တွေကို လေ့ကျင့်ပြီးထား ကြပါပြီ။ သူတု့ိရဲ့ စွမ်းရည်ကတော့ သာမန်အဆင့်၅ ပြန်လည် ဝင်စားခြင်းနယ်ပယ် ပညာရှင်တွေနဲ့ ညီမျှပါတယ်။
" မင်းက သော့ကို မပေးဘူး ဆိုရင်တော့ သည်က အစ်ကိုကြီး ရိုက်တာကို ခံရမှာပေါ့ကွ "
စကားသံ ဆုံးတာနဲ့ တစ်ပြိုင်နက် မားတုံးလှိုင်လို့ အမည်ရတဲ့ အတွင်းစည်း ကျောင်းသားရဲ့ ညာဘက်လက်ဟာ ရုတ်တရက် ရှည်ထွက်လာပြီး လီဖူချန်းကို ကုတ်ဆွဲပစ်လိုက်ပါပြီ။ သူ့ရဲ့ တိုက်ကွက်က အင်မတန် လျင်မြန်လှပြီး တိကျသေသပ်လွန်းလှပါတယ်။
" လခွီးပဲ ... ငါဘာဖြစ်လို့ အရင် မတိုက်လိုက်မိပါလိမ့် "
ချင်နန်လို့ခေါ်တဲ့ အတွင်းစည်း ကျောင်းသားကတော့ ရင်နာနာနဲ့ တိုက်ပွဲစက်ကွင်းကနေ လွတ်အောင် ဆုတ်သွားခဲ့ပါပြီ။
မာတုံးလှိုင်က အရင် စတိုက်ခိုက်မှတော့ သူ့အနေနဲ့ နောက်မဆုတ်ပေးလို့လည်း မရပါဘူး။ အတွင်းစည်း တက္ကသိုလ်မှာက တစ်ယောက်ချင်း တိုက်ခိုက်တာကိုပဲ ခွင့်ပြုထားပါတယ်။ တကယ်လို့သာ သူတို့နှစ်ယောက်က တစ်ယောက်တည်းကို တိုက်မိရင် စည်းကမ်းကို ဖောက်ဖျက်ရာ ကျသွားပါလိမ့်မယ်။
တကယ်လို့သာ သည်လိုဖြစ်မယ်မှန်း သိခဲ့ရင် ချင်နန်ဟာ အပိုစကားတွေ ပြောမနေဘဲ လီဖူချန်းကို အရင်ဦးဆုံး တိုက်ခိုက်လိုက်မှာပါ။ အခုမှတော့ သူ့အနေနဲ့ ဘာမှ မတတ်နိုင်တော့ဘူး။
" ဟမ့် ... သည်လိုအဆင့်နဲ့ ငါ့ဆီက သော့ကို လိုချင်တာလား "
" သွားစမ်း "
အဲသည်အချိန်မှာပဲ လီဖူချန်းက မားတုံးလှိုင်ကို လက်သီးနဲ့ ပြန်ထိုး လိုက်ပါတယ်။သူ့ရဲ့ အမြင်မှာတော့ မားတုံးလှိုင်ဟာ သာမန်အဆင့်၅ ပြန်လည်ဝင်စားခြင်းနယ်ပယ် ပညာရှင် တစ်ယောက်ပါပဲ။
ဘန်း ...
အနက်ရောင် မြူခိုးမြူငွေ့တွေ ရစ်သိုင်းနေတဲ့ လက်သီးတစ်လုံးက မားတုံးလှိုင်ကို လွင့်ထွက် သွားစေခဲ့ပါတယ်။
" အဟွတ် ... အဟွတ် ... "
" ဝေါ့ "
အဲသည်လက်သီးချက်က ဘယ်လောက် ပြင်းသလဲတော့ မသိပါဘူး။ မားတုံးလှိုင်ကတော့ ချောင်းတဟွတ်ဟွတ် ဆိုးပြီး သွေးတွေကို အန်ထုတ်နေရပါပြီ။
လက်သီးတစ်ချက် ... ...
လက်သီးတစ်ချက်ကပဲ မားတုံးလှိုင်ကို ရှုံးနိမ့်သွားစေခဲ့ပါပြီ။
" ဟင် ... သူက အဲလောက်ထိ အစွမ်းထက်တာလား "
အစောပိုင်းတုန်းကတော့ ချင်နန်ဟာ နောင်တ တရားတွေကို ရင်မှာပိုက်ပြီး စိတ်ပျက်လက်ပျက် ဖြစ်နေခဲ့တာပါ။ ဒါပေမဲ့အခုတော့ သူဟာ စိတ်ပျက်လက်ပျက် ဖြစ်နေခြင်း မရှိတော့ပါဘူး။ အဲသည်အစား သူက လီဖူချန်းကို အရင်မတိုက်လိုက်မိတာ ကံကောင်းတယ်ဆိုပြီး ဝမ်းသာ နေပါသေးတယ်။ သူနဲ့ မားတုံးလှိုင်ဟာ ဘယ်တုန်းကမှ မတည့်တဲ့ သူတွေပါ။ ပြီးတော့ သူတို့နှစ်ယောက်ရဲ့ အစွမ်းကလည်း သိပ်မကွာလှပါဘူး။ မားတုံးလှိုင်က လီဖူချန်းကို လက်သီးတစ်ချက်တည်းနဲ့ ရှုံးသွားမှတော့ သူဆိုရင်လည်း ရှုံးမှာပါပဲ။
" ဘယ်သူ ငါ့ရဲ့ သော့ကို လုချင်သေးလဲ ... ။ လုချင်တဲ့ကောင် ထွက်ခဲ့ "
လီဖူချန်းကတော့ ကျန်နေတဲ့ အတွင်းစည်း ကျောင်းသားတွေကို မိုက်ကြည့်ကြည့်ပြီး စိမ်ခေါ်နေပါပြီ။
လီဖူချန်းက အပြင်ဘက် နယ်မြေ အပိုင်းအခြားမှာရှိတဲ့ အတွင်းစည်း ကျောင်းသားတွေကိုတော့ မျက်လုံးထဲမှာကို မထည့်ထားပါဘူး။ ပြန်လည် ဝင်စားခြင်းနယ်ပယ် အဆင့်၂က ကျောင်းသားတွေမပြောနဲ့။ ပြန်လည် ဝင်စားခြင်းနယ်ပယ် အဆင့်၃က ကျောင်းသားတွေကို တောင်မှ လီဖူချန်းဟာ လက်သီး တစ်ချက်တည်းနဲ့ အနိုင်ယူလိုက်လို့ ရပါတယ်။
" လာလေ ... လာစမ်းပါ။ မင်းတို့က ငါ့ရဲ့သော့ကို လုချင်လို့ ပြေးလာကြတာ မဟုတ်ဘူးလား။ ကြာပါတယ်ကွာ ... မင်းတို့ တစ်ယောက်ချင်း မတိုက်ရဲရင် နှစ်ယောက်ပေါင်းပြီး လာခဲ့ "
လီဖူချန်းက အတွင်းစည်းကျောင်းသားတွေကို နောက်ထပ်တစ်ကြိမ် စိမ်ခေါ်လိုက်ပြန်ပါတယ်။ သူက အတွင်းစည်း တက္ကသိုလ်မှာ တစ်ယောက်ချင်းပဲ တိုက်ရမယ်ဆိုတဲ့ စည်းကမ်းချက်ကို သိသိကြီးနဲ့ စိန်ခေါ်နေတာပါ။
" ညီလေးက တကယ်အစွမ်းထက်တာပဲ။ ငါ စွန်းရှန်ဟိုင်က ညီလေးရဲ့ အစွမ်းကို စမ်းသပ်ပါရစေ "
လေးထောင့်ဆန်ဆန် မျက်နှာပေါက်မျိုးကို ပိုင်ဆိုင်ထားတဲ့ လူငယ်တစ်ယောက်က ကျောင်းသားအုပ် ထဲကနေ ထွက်လာခဲ့ပါပြီ။
" အိုး ... အဲဒါက ဝါစဉ်ကြီးအစ်ကို စွန်းရှန်ဟိုင် မဟုတ်ဘူးလား။ဟီး ... ဟီး ... အဲသည် ကျောင်းသားသစ်တော့ ကံဆိုးပြီဟေ့ ... ။ အစ်ကို စွန်းရှန်ဟိုင်က ပြန်လည် ဝင်စားခြင်းနယ်ပယ် အဆင့်၃ကွ "
" ဝါစဉ်ကြီးအစ်ကို စွန်းရှန်ဟိုင်က အတွင်းစည်းတက္ကသိုလ်ကို ရောက်နေတာ ၆နှစ်ရှိပြီ။ ငါကြားတာကတော့ သူက မနက်ခင်းနေ လက်သီးသိုင်းရဲ့ သိုင်းဆန္ဒကိုတောင် နားလည်အသုံးပြု နိုင်ပြီတဲ့။ ဘာဖြစ်လို့ သူက ကျောင်းသားသစ်ရဲ့ ခြံဝင်းကို လုချင်ရတာလဲ။ သူ့ရဲ့ ခြံဝင်းကလည်း အကောင်းစားကြီးပဲ မဟုတ်ဘူးလား "
" မင်းတို့ မသိသေးဘူးလား ... ။ ဝါစဉ်ကြီးအစ်ကို စွန်းရှန်ဟိုင်က သူ့ထက် ဝါစဉ်ငယ်တဲ့ ညီမလေး တစ်ယောက်ကို ကျိတ်ပြီး ပိုးနေတာလေ။ ငါထင်တာ မမှားဘူးဆိုရင်တော့ သူက အဲသည်ညီမလေးကို ပိုးကြေးပန်းကြေး အဖြစ်ပေးဖို့ သည်ခြံဝင်းကို လိုချင်နေတာပဲ ဖြစ်ရမယ်"
" အိုး ... အဲသည်လိုလား။ အင်း ... ငါဆိုရင်လည်း သည်လို လုပ်မှာပဲကွ။ ငါတို့ အတွင်းစည်း တက္ကသိုလ်ထဲမှာက မိန်းကလေးတွေ အရမ်းနည်းတော့ ပိုးပန်းရတာ အတော်လေး ခက်နေတာကိုး "
ပွဲကြည့်ဖို့သာ ဆုံးဖြတ်လိုက်ပြီ ဖြစ်တဲ့ ကျောင်းသားတွေကတော့ လီဖူချန်းရဲ့ ကံဆိုးမှုကို ကျေနပ် နေကြပါတယ်။ သည်သကောင့်သားက အတွင်းစည်းတက္ကသိုလ်ကို ရောက်ရောက်ချင်းမှာပဲ ဆောင့်ကြွားကြွား လုပ်နေတဲ့အပြင် အတွင်းစည်း တက္ကသိုလ်ရဲ့ စည်းမျဉ်းကို သိသိကြီးနဲ့ နှစ်ယောက်တစ်ယောက် တိုက်ဖို့ စိမ်ခေါ်နေသေးတာ မဟုတ်ပါလား။
" မင်း အရင်စလိုက် "
လီဖူချန်းကတော့ ထုံးစံအတိုင်း လက်နှစ်ဖက် နောက်ပစ်ပြီး သိုင်းဂုရုကြီးအသွင်ကို ဖမ်းနေပါပြီ။
" ညီလေး ... ။ အစ်ကိုက ညီလေးကို အနိုင်မကျင့်ချင်ဘူး။ သည်လိုခုပ်ပါလား ... ။ အစ်ကိုတို့ သိုင်းကွက် ၁၀ကွက် တိုက်ကြရအောင်။ တကယ်လို့ ညီလေးက သိုင်းကွက် ၁၀ကွက်ကို ခုခံနိုင်ရင် အစ်ကို အရှုံးပေးလိုက်မယ် "
စွန်းရှန်းဟိုင်က သဘောတူညီချက် တစ်ခုကို ကမ်းလှမ်းလိုက်ပါတယ်။
လီဖူချန်က လက်ကာပြလိုက်ပြီး
" အပိုတွေ လုပ်မနေနဲ့။ မင်းတိုက်ချင် သလောက် တိုက်လိုက်။ ငါခြေတစ်လှမ်း နောက်ဆုတ်ရင် မင်းကို ခြံဝင်းသော့ ပေးလိုက်မယ်။ ဘယ်လိုလဲ ... အဆင်ပြေလား ... "
" မောက်မာလိုက်တဲ့ကောင် "
" ဘဝင်မြင့်နေတဲ့ကောင် "
" တကယ့်ကို ဆောင့်ကြွားကြွား ဖြစ်နေတဲ့ ကောင်ပါလား "
" အစ်ကို စွန်းရှန်ဟိုင်ရေ ... ကျေးဇူးပြုပြီး သည်ကောင့်ကို မှတ်လောက် သားလောက် ဖြစ်အောင် ဆုံးမ ပေးပါဗျာ "
လီဖူချန်းရဲ့ စကားကို ကြားအပြီးမှာတော့ အတွင်းစည်းကျောင်းသားတွေဟာ သူ့ကို အတော်လေး မြင်ပြင်းကပ် သွားကြပါပြီ။ အချို့ကျောင်းသားတွေဆိုရင် စွန်းရှန်ဟိုင်ရဲ့ နာမည်ကိုတောင် အော်ခေါ်ပြီး အားပေးနေကြပါတယ်။
" လေကြီးလိုက်တဲ့ကောင် "
စွန်းရှန်ဟိုင်ရဲ့ မျက်နှာကလည်း လငပုပ် ဖမ်းသကဲ့သို့ မည်းမှောင် သွားခဲ့ပါပြီ။ သူက တစ်ဖက်လူကို အနိုင်ကျင့်သလိုမျိုး ဖြစ်မှာစိုးတဲ့အတွက် မျှတဲ့ စည်းမျဉ်းတစ်ခု ထုတ်ခဲ့ပေမယ့်လည်း တစ်ဖက်လူက အလွန်အမင်း မောက်မာနေခဲ့တာ မဟုတ်ပါလား။
"ဟုတ်ပြီလေ။ ငါ့ရဲ့သည်လက်သီးကို မြည်းကြည့်စမ်း ... "
" မနက်ခင်းနေ လင်းရောင်ခြည် "
စွန်းရှန်ဟိုင်ကလည်း လီဖူချန်းလို မီးဓာတ်အမျိုးအစား အတွင်းအား ကျင့်စဉ်ကို လေ့ကျင့်ထားသူ တစ်ယောက်ပါပဲ။ ပြီးတော့ သူ့ရဲ့ လက်သီးသိုင်းကလည်း မီးဓာတ်အမျိုးအစား လက်သီးသိုင်း ဖြစ်ပါတယ်။
သူ့ရဲ့ လက်သီး ထွက်ပေါ်လာတာနဲ့ တစ်ပြိုင်နက် တောက်ပပြီးပူပြင်းလှတဲ့ လက်သီးဆန္ဒတစ်ခုဟာ လေဟာနယ်ကို ဖြတ်ကျော်ပြီး လီဖူချန်းဆီကို တိုးဝင်သွားခဲ့ပါပြီ။
သည်လက်သီးချက်က ပြန်လည်ဝင်စားခြင်းနယ်ပယ် အဆင့်၆ ပညာရှင် တစ်ယောက်ရဲ့ လက်သီးချက်နဲ့တောင် ညီမျှနေပါတယ်။
" လာစမ်းပါ "
လီဖူချန်းကလည်း နောက်ဆုတ်ဖို့ မစဉ်းစားထားပါဘူး။ သူက ဆင်နဂါးစွမ်းအားတွေကို အမြင့်ဆုံး အဆင့်အထိ မြှင့်တင်လိုက်ပြီး လက်သီးချက်တစ်ချက် ထုတ်လိုက်ပါတယ်။
ဟူး ...
ရွှေရောင်မြူခိုးမြူငွေ့ တစ်ခုဟာ သူ့ရဲ့လက်သီးကနေ ထွက်ပေါ်လာပြီး စွန်းရှန်ဟိုင်ရဲ့ လက်သီးဆန္ဒနဲ့ ထိပ်တိုက် တွေ့ဆုံသွားခဲ့ပါပြီ။
ဘန်း ... ဘန်း ... ဘန်း ...
ပတ်ဝန်းကျင်တစ်ခုလုံးမှာတော့ ချီပေါက်ကွဲမှုတွေ ဆူညံနေတာပါပဲ။
ဖတ် ... ဖတ် ... ဖတ် ...
စွန်းရှန်ဟိုင်က အနောက်ကို ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ရပါတယ်။ ဒါပေမဲ့ လီဖူချန်းကတော့ အနောက်ကို တစ်လက်မလေးတောင် ဆုတ်မသွားခဲ့ပါဘူး။
အမှန်အတိုင်း ပြောရမယ်ဆိုရင်တော့ လီဖူချန်းရဲ့ လက်သီးက စွန်းရှန်ဟိုင်ထက် အနည်းငယ်လေးသာ အားကောင်းတာပါ။ ဒါပေမဲ့ သူ့ရဲ့ ခန္ဓာကိုယ် ကြံ့ခိုင်မှုကတော့ စွန်းရှန်ဟိုင်ထက် အဆပေါင်းများစွာ ပိုသာတဲ့အတွက် ချီစွမ်းအင်းလှိုင်းတွေရဲ့ တန်ပြန် သက်ရောက်မှုကို မတုန်မလှုပ်ဘဲ တောင့်ခံ နေနိုင်ရခြင်း ဖြစ်ပါတယ်။
" လခွီးပဲ ... ငါက ဘာဖြစ်လို့ အရေးနိမ့်သွားရတာလဲ "
" မနက်ခင်းနေ တစ်လောကလုံးကို ပိုင်စိုးခြင်း "
စွန်းရှန်ဟိုင်က အနောက်ကို ဆုတ်လိုက်ရတဲ့ အတွက် အလွန်အမင်း အရှက်ရသွားပုံပါပဲ။ သူက ဝမ်းခေါင်သံကြီးဖြင့် ကြုံးဝါးလိုက်ပြီး လီဖူချန်းကို အဆက်မပြတ် ထိုးလိုက်ပါတယ်။
" ကျားဝိညာဉ် ကခုန်ခြင်း "
လီဖူချန်းရဲ့ တုံ့ပြန်မှုကလည်း နှေးကွေးနေခြင်း အလျင်းမရှိပါဘူး။ သူက စွန်းရှန်ဟိုင်ရဲ့ လက်သီးချက်တွေကို လက်သီးနဲ့ပဲ ပြန်တုံ့ပြန်လိုက်ပါတယ်။
ဘန်း ... ဘန်း ... ဘန်း ...
စွန်းရှန်ဟိုင်ရဲ့ လက်သီးချက်တွေ ကတော့ ရေပြင်မှာ အရုပ်ရေးနေသလိုပါပဲ။ သူက လီဖူချန်းကို ဖိနှိပ်နိုင်ခြင်း မရှိတဲ့အပြင် လီဖူချန်းရဲ့ လက်သီးချက်တွေကြောင့် အနောက်ကိုတောင် တဆုတ်တည်း ဆုတ်နေ ရပါသေးတယ်။
" အိုး ... သည်ကောင်က မဆိုးဘူးဘဲ။ အတွင်းစည်း တက္ကသိုလ်ကျောင်းသား ဖြစ်ထိုက်ပါပေတယ် "
လီဖူချန်းက အခုချိန်အထိ အနောက်ကို တစ်လှမ်းမှ မဆုတ်သေးပေမ
့်လည်း စွန်းရှန်ဟိုင်ရဲ့ လက်သီးချက်တွေကြောင့် သူ့ရဲ့ သွေးတွေ ဆူပွက်လာခဲ့ပါပြီ။
" ကဲ ... သည်ကောင့်ကို ဆက်ပြီး ဆော့မကစားတော့ဘူးကွာ "
လီဖူချန်းက သူ့ရဲ့ ဆင်နဂါးစွမ်အင်တွေကို ရုတ်သိမ်းလိုက်ပြီး နေမင်းဇောအဟုန် နတ်ဘုရား ကျင့်စဉ်ကို အသက်သွင်းလိုက်ပါတယ်။
ဟူး ... ဟူး ... ဟူး ... ...
ပတ်ဝန်းကျင် လေထု တစ်ခုလုံးကတော့ မီးလောင်ပြင်ကြီး တစ်ခုအလား ပူလောင်လာခဲ့ပါပြီ။
စွန်းရှန်ဟိုင်ရဲ့ မျက်နှာကတော့ မကောင်းလှပါဘူး။ သူက သည်တိုက်ပွဲကို သိုင်းကွက်၁၀ကွက် အတွင်းမှာ အပြီးသတ်ဖို့ စဉ်းစားထားခဲ့တာပါ။ ဒါပေမဲ့လည်း တကယ့် လက်တွေ့မှာတော့ သူက သိုင်းကွက် နှစ်ကွက် အတွင်းမှာတင် ရှုံးနိမ့်တော့မယ့် အရိပ်အယောင်တွေ ပြနေခဲ့ပါပြီ။
" မနက်ခင်းနေ အဆုံးသတ်ခြင်း "
စွန်းရှန်းဟိုင်က ရွေးချယ်စရာ မရှိတော့ပါဘူး။ သူက မနက်ခင်းနေ လက်သီးသိုင်းရဲ့ ပွဲသိမ်းတိုက်ကွက် တစ်ကွက်ကို ထုတ်လိုက်ရပါတယ်။
တောက်ပလှတဲ့ အနီရောင် လက်သီးရိပ် တစ်ခုဟာ လေထုထဲမှာ ဖြစ်တည်လာပြီး လီဖူချန်းကို လွှမ်းခြုံသွားခဲ့ပါပြီ။
ဒါက မနက်ခင်းမှာ ထွက်လာတဲ့ နေတစ်စင်းလိုပါပဲ။
" နေမင်းဇောအဟုန် လက်ဝါး "
လီဖူချန်းကလည်း သူ့ရဲ့ လက်ဝါးရိုက်ချက်ကို ထုတ်လိုက်ပါပြီ။
တကယ်လို့ စွန်းရှန်ဟိုင်ရဲ့ လက်သီးသိုင်းကွက်က မနက်ခင်း နေတစ်စင်းဆိုရင် လီဖူချန်းရဲ့ လက်ဝါးသိုင်းကွက်က မွန်းတည့်ခါနီး နေတစ်စင်းပါပဲ။
သူတို့နှစ်ယောက် စလုံးရဲ့ သိုင်းကွက်တွေက အပူဓာတ်ကို အခြေခံတဲ့ သိုင်းကွက်တွေ ဖြစ်ပေမယ့်လည်း သိုင်းကွက်တွေထဲမှာ ခိုဝင် ကိန်းအောင်းနေတဲ့ စွမ်းအင် ပမာဏကတော့ ညီမျှနေခြင်း မရှိပါဘူး။
ဘန်း ...
လီဖူချန်းရဲ့ နေမင်းဇောအဟုန် လက်ဝါးရိပ်က အနီရောင် လက်သီးရိပ်ကြီးကို ချေမွဖျက်ဆီး ပစ်လိုက်တဲ့ အပြင် စွန်းရှန်ဟိုင်ကို ပါ ရိုက်ချ ပစ်လိုက်ပါတယ်။ ဒါက ယင်ကောင် တစ်ကောင်ကို ရိုက်ပစ် လိုက်သလိုပါပဲ။
" အား "
စွန်းရှန်ဟိုင်ကတော့ ကြိုးပြတ်သွားတဲ့ စွန်တစ်ကောင်ကဲ့သို့ လွင့်ထွက်သွားခဲ့ပါပြီ။
" ဘာ ... ဘာကြီးလဲ။ စွန်းရှန်ဟိုင်တောင်မှ ရှုံးသွားတာလား "
" သည်ကောင့်ရဲ့ ချီအတွင်းအား ကျင့်ကြံခြင်းက ခန္ဓာကိုယ်အပြင်အား ကျင့်ကြံခြင်း ထက်တောင် ပိုကောင်းနေတာဟ။ ဒါက နည်းနည်းတော့ မလွန်လွန်းဘူးလား "
ပွဲကြည့်ပရိသတ် လုပ်နေတဲ့ အတွင်းစည်းကျောင်းသားတွေကတော့ ပါးစပ်အဟောင်းသားနဲ့ ပါပဲ။
စွန်းရှန်ဟိုင် ဆိုတာက သူတို့အထဲမှာ အစွမ်းအထက်ဆုံး လူတစ်ယောက်ပါ။ သူတောင်မှ လီဖူချန်းကို မယှဉ်နိုင်ဘူး ဆိုမှတော့ သည်အပြင်ဘက် နယ်မြေအပိုင်းအခြားထဲမှာ လီဖူချန်းကို ယှဉ်နိုင်မယ့်သူ ရှိတော့မှာ မဟုတ်ပါဘူး။
" ဘယ်ကောင် ငါ့ရဲ့ ခြံဝင်းသော့ကို လုချင်သေးလဲ "
ိလီဖူချန်းက အတွင်းစည်း တက္ကသိုလ်ကျောင်းသားတွေကို ကြည့်ပြီး နောက်ထပ်တစ်ကြိမ် စိန်ခေါ် လိုက်ပြန်ပါတယ်။
သည်တစ်ကြိမ်မှာတော့ ဘယ်သူမှ ထွက်မလာတော့ပါဘူး။
ကျောင်းသားအုပ်ရဲ့ အနောက်ဘက် မကျတကျမှာတော့ လူငယ်တစ်ယောက်ဟာ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားပြီး လီဖူချန်းကို စိုက်ကြည့်နေပါတယ်။
သူကတော့ သိကျွင်းပါပဲ။
သူက အတွင်းစည်း တက္ကသိုလ်ကျောင်းသား ဖြစ်သွားပြီ ဖြစ်တဲ့အတွက် လီဖူချန်းကို အနောက်မှာ ချန်ထားနိုင်ခဲ့ပြီလို့ ထင်နေခဲ့တာပါ။ ဒါပေမဲ့ တကယ့်တကယ်မှာတော့ လီဖူချန်းဟာ သူ့ထက်တောင် အဆပေါင်းများစွာ ပိုအစွမ်း ထက်နေပါသေးတယ်။ လက်ရှိ သူ့ရဲ့အဆင့်က လီဖူချန်းကို စိမ်ခေါ်ဖို့ အတွက်တောင် မထိုက်တန်တော့ပါဘူး။
" လီဖူချန်း ... တစ်နေ့ကျရင် ငါမင်းကို ပြန်ပြီး အနိုင်ယူပြမယ်ကွ "
သိကျွင်းက စိတ်ထဲကနေ ကြုံးဝါးပြီး လှည့်ထွက်သွားခဲ့ပါပြီ။
" ဟုတ်ပြီလေ ... ။ ကြည့်ရတာ ဘယ်သူမှ ငါ့ရဲ့သော့ကို မလိုချင်တော့တဲ့ပုံပဲ။ ဒါဆိုရင်လည်း ငါသွားတော့မယ်။ အားလုံးကို အနိုင်ကျင့်မိသလို ဖြစ်သွားရင် တောင်းပန်ပါတယ် "
အတန်ကြာ စောင့်ဆိုင်းပြီးတဲ့အထိ ဘယ်သူမှ ထွက်မလာတဲ့ နောက်မှာတော့ လီဖူချန်းဟာ အားလုံးကို တောင်းပန်စကားဆိုပြီး တန်းခွဲ၉ ရှိရာကို ထွက်သွား ပါတော့တယ်။
လီဖူချန်း ထွက်သွားပြီး သိပ်မကြာခင်မှာပဲ သည်သတင်းဟာ တောမီးတစ်ခုပမာ အလျင်အမြန် ပျံ့နှံ့သွားပြီး အပြင်ဘက် နယ်မြေအပိုင်းအခြားနဲ့ အစွန်ဆုံးနယ်မြေ အပိုင်းအခြား နှစ်ခုမှာရှိတဲ့ ကျောင်းသားတွေကို တုန်လှုပ် ချောက်ချား သွားစေခဲ့ပါပြီ။
ကျောင်းသားဟောင်း နှစ်ယောက်ကို အနိုင်ယူသွားတဲ့ အတွင်းစည်းတက္ကသိုလ် ကျောင်းသားသစ်။ ပြီးတော့ သူအနိုင်ယူသွားတဲ့ ကျောင်းသားဟောင်း နှစ်ယောက်ထဲက တစ်ယောက်က ပြန်လည် ဝင်စားခြင်းနယ်ပယ် အဆင့်၃ကို ရောက်နေပြီ ဖြစ်တဲ့ စွန်းရှန်ဟိုင်။
အတွင်းစည်း တက္ကသိုလ်ထဲမှာ သည်လိုအဖြစ်မျိုး မဖြစ်တာက နှစ်ပေါင်းများစွာ ကြာနေခဲ့ပြီ မဟုတ်ပါလား။
တန်းခွဲ၉ကတော့ အတွင်းဘက် နယ်မြေအပိုင်းအခြားထဲမှာ တည်ရှိပါတယ်။ လီဖူချန်း ရောက်သွားတဲ့ အချိန်မှာတော့ သင်ခန်းစာက စနှင့်နေပါပြီ။
" တန်းခွဲ၉ရဲ့ ကျောင်းသားသစ် လီဖူချန်းက အကြောင်းကြားဖို့ အတွက် ရောက်လာပါပြီ ဆရာ "
လီဖူချန်းက အတန်းရဲ့ အပြင်ဘက်ကနေပြီး အတန်းပိုင် ဆရာဖြစ်သူကို အသိပေးလိုက်ပါတယ်။
" သည်တော့ ... မင်းက လီဖူချန်း ဆိုတာပေါ့လေ "
တန်းခွဲ၉ရဲ့ အတန်းပိုင်ဆရာ နာမည်ကတော့ ဟောင်ချင်မူပါ။ လွန်ခဲ့တဲ့ တစ်ပတ်ကျော် လောက်တုန်းက ကျောင်းအုပ်ကြီးဟာ ဟောင်ချင်မူထံလာပြီး သတင်းတစ်ခု ပေးခဲ့ပါတယ်။ အဲဒါကတော့ သူ့ရဲ့ သီးသန့်ကျောင်းသား ဖြစ်သူ လီဖူချန်းက တန်းခွဲ၉မှာ လာရောက်ပညာ သင်ကြားမယ် ဆိုတာပါပဲ။ အဲသည်အချိန်ကတည်းက ဟောင်ချင်မူဟာ လီဖူချန်း အတန်းလာတက်တာကို စောင့်မျှော်နေခဲ့တာပါ။
ဒါပေမဲ့ လီဖူချန်းကတော့ အတွင်းစည်း တက္ကသိုလ် ကျောင်းသားဖြစ်ပြီး တစ်ပတ်ကျော်ကြာမှ သူ့ဆီကို အကြောင်း လာကြားခဲ့ပါတယ်။ သည်ကိစ္စက ဟောင်ချင်မူကို စိတ်မပျော်ရွှင်စေတာ အမှန်ပါပဲ။ လီဖူချန်းဆိုတဲ့ သကောင့်သားက သူ့ကို အလေးမထားဘူးလို့လည်း ခံစားနေရပါတယ်။
ဒါပေမဲ့လည်း သူက လီဖူချန်းကို အခက်တွေ့အောင် မလုပ်ခဲ့ပါဘူး။
သူက လက်ကို ဝှေ့ယမ်းလိုက်ပြီး
" လွတ်တဲ့နေရာ တစ်နေရာရှာပြီး ဝင်ထိုင်လိုက် "
တန်းခွဲ၉ ထဲမှာတော့ စာသင်ခုံ ၂၀ ရှိနေပြီး ကျောင်းသားကတော့ ၁၂ယောက်သာ ရှိပါတယ်။ အဲသည်အတွက် လီဖူချန်းဟာ နေရာလွတ် တစ်ခုကို သိပ်ပြီး မရှာလိုက်ရပါဘူး။
" သည်နေရာက မဆိုးဘူး "
လီဖူချန်းက ချောင်ကျကျ နေရာမှာရှိတဲ့ စာသင်ခုံ တစ်လုံးကို ရွေးပြီး ထိုင်လိုက်ပါတယ်။
တန်းခွဲ၉ရဲ့ ကျောင်းသားတွေကတော့ မဆိုးလှပါဘူး။ ကျောင်းသား၁၂ယောက် ထဲမှာဆိုရင် ပြန်လည်ဝင်စားခြင်း နယ်ပယ်အဆင့် ၁ကျောင်းသား ၄ယောက်၊ ပြန်လည်ဝင်စားခြင်း နယ်ပယ်အဆင့်၂ ကျောင်းသား ၄ယောက်၊ ပြန်လည် ဝင်စားခြင်းနယ်ပယ် အဆင့်၃ ကျောင်းသား ၂ယောက် နဲ့ ပြန်လည်ဝင်စားခြင်း နယ်ပယ်အဆင့်၄ ကျောင်းသား ၂ယောက် ရှိပါတယ်။
လီဖူချန်းကိုပါ ထည့်တွက်မယ် ဆိုရင်တော့ ပြန်လည် ဝင်စားခြင်း နယ်ပယ်အဆင့်၁ ကျောင်းသား ၅ယောက် ဖြစ်သွားမှာပါ။
" လီဖူချန်း ... မမကြားတာကတော့ မောင်လေးက ကျောင်းအုပ်ကြီးရဲ့ သီးသန့်ကျောင်းသားဆို "
သည်မေးခွန်းကို မေးလိုက်တဲ့သူကတော့ လီဖူချန်းရဲ့ ဘေးချင်းကပ် စာသင်ခုံမှာ ရှိနေတဲ့ မိန်းမချောလေး တစ်ယောက်ပါပဲ။ သူက ပြန်လည်ဝင်စားခြင်း နယ်ပယ်အဆင့်၄ ကို ရောက်နေပါပြီ။
" အင်း "
လီဖူချန်းက ခေါင်းညိတ် ပြလိုက်ပါတယ်။
" အိုး ... တကယ်ကြီးပေါ့။ တွေ့ရတာ ဝမ်းသာပါတယ်။ မမနာမည်က အန်ရှင်းမိန် တဲ့ ။ နောက်ဆို ခင်ခင်မင်မင် နေသွားကြရအောင် "
မိန်းမချောလေးက ချစ်စဖွယ် ပြုံးပြလိုက်ပြီး လီဖူချန်းကို မိတ်ဆက် လိုက်ပါတယ်။
***