← Chapters

ကောင်းကင်ဘုံကိုအံတုနိုင်သောရဲစွမ်းသတ္တိ

Vol. 69 Ch. 970

ကောင်းကင်ဘုံကိုအံတုနိုင်သောရဲစွမ်းသတ္တိ

Vol. 69 Ch. 970

အခန်း (၉၇၀) ကောင်းကင်ဘုံကိုအံတုနိုင်သောရဲစွမ်းသတ္တိ

ရန်ကျောက်ကဲက အရှေ့ဘက်သို့ ဦးတည်ထွက်ခွာလာသည်။

လမ်းတစ်လျှောက်တွင် သူ့ကိုတားဆီးခဲ့ကြသော တောင်ပိုင်းမီးတောက်ကောင်းကင်ပြည်နယ်မှ ဒေသခံကျင့်ကြံသူများမှာ သူ့ကိုယှဉ်နိုင်သူ မရှိခဲ့ကြပေ။

သူ့ကိုယ်သူ သိပ်တော်နေသလားဟုပင် ရန်ကျောက်ကဲ တွေးလိုက်မိသည်။

တကယ်တော့ တောင်ပိုင်း မီးတောက်ကောင်းကင်ပြည်နယ် ၊ ဇာမဏီရိုးရာတောင် ၊ ဝူထုန်တောင်စောင်းမှ ကျင့်ကြံသူများအမြင်တွင် သူက အရေးစိုက်စရာလူတစ်ယောက် မဟုတ်ခဲ့ဘူးလား။ ဒါမှမဟုတ် သူတို့က ရန်ကျောက်ကဲကို သိပ်မမုန်းတီးကြဘူးလား။

မည်သို့ပင်ဖြစ်စေ ရန်ကျောက်ကဲ တောင်ပိုင်း မီးတောက်ကောင်းကင်ပြည်နယ်ကိုဖြတ်ပြီး အရှေ့တောင် နေဝန်းကောင်းကင်ပြည်နယ်ကို ပြန်သွားခြင်းကို ဝူထုန်တောင်က အာရုံစိုက်ပြီး အနှောက်အယှက်ပေးခဲ့ခြင်း မရှိပေ။

ထို့ကြောင့် ရန်ကျောက်ကဲ ခဏမျှ အံ့အားသင့်သလို ခံစားလိုက်ရသည်။

***

ထိုအချိန်...

ရန်ကျောက်ကဲ မြောက်ပိုင်းသို့သွားသည်အထင်ဖြင့် လျှင်မြန်စွာ လိုက်ပါနေသော မီးတောက်ဘုရင်တို့အုပ်စုမှာ ရန်ကျောက်ကဲ အရှေ့ဘက်သို့သွားနေကြောင်း သတင်းရောက်ရှိလာသည်။

ထိုသတင်းကိုကြားတော့ ဖန်ဟယ်နှင့်အခြားသူများ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြပြီး ပြောစရာစကား ပျောက်ရှသွားကြသည်။

ရန်ကျောက်ကဲသည် မြောက်ပိုင်းမှတစ်ဆင့် အလယ်ပိုင်း ကျွင်းထျန်းကောင်းကင်ပြည်နယ်သို့သွားရောက်ကာ မြောက်ဖေးတောင်ထွတ်မှလူများကို ဆက်သွယ်ရန် မကြိုးစားခဲ့ပေ။ ထိုသို့ဖြစ်မည်ဟု သူတို့လုံးဝတွေးထင်မထားခဲ့ပေ။

နတ်ဘုရားသိမြင်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်က အရှေ့အရပ်သို့ထွက်ခွာပြီး အရှေ့တောင် နေဝန်းကောင်းကင်ပြည်နယ်သို့ တည့်တည့်မတ်မတ် ဦးတည်သွားနေသည်။

“ကောင်းပါပေ့... ရန်ကျောက်ကဲ”

ဖန်ဟယ်က ဒေါသတကြီး ရယ်မောလိုက်သည်။

“သတ္တိတော့ရှိပေမယ့် အတော်လေး တုံးတာပဲ”

အရှေ့တည့်တည့်သို့သွားခြင်းက အရှေ့တောင် နေဝန်းကောင်းကင်ပြည်နယ်သို့ အမြန်ဆုံးပြန်သွားနိုင်မည့် နည်းလမ်းဖြစ်သည်။

သို့သော် ဖန်ဟယ်တို့အုပ်စုကတော့ ထိုဖြစ်နိုင်ခြေကို ငြင်းပယ်ခဲ့သည်။

အဘယ့်ကြောင့်ပါနည်း။

တောင်ပိုင်းမီးတောက်ကောင်းကင်ပြည်နယ်၏ အရှေ့ဘက်ခြမ်းသည် အရှေ့တောင် နေဝန်းကောင်းကင်ပြည်နယ်နှင့် ထိစပ်နေသောကြောင့် အရှေ့တောင်ပိုင်းမှ ကျင့်ကြံသူများအန္တရယ်ကိုကာကွယ်ရန် တောင်ပိုင်း မီးတောက်ကောင်းကင်ပြည်နယ်မှ ကျင့်ကြံသူအများအပြား တပ်စွဲထားလျှက် ရှိ၏။

နှစ်ဖက်ကြားဆက်ဆံရေးက ဆိုးရွားပြီး ပြည်နယ် (၂)ခု၏ ထိပ်တန်းအရှင်သခင်များလည်း မရှိကြလေရာ နယ်စပ်တွင် မကြာခဏ တိုက်ပွဲများ ဖြစ်ပွားလျှက် ရှိသည်။

တောင်ပိုင်း မီးတောက်ကောင်းကင်ပြည်နယ် အရှေ့ပိုင်း ၊ အရှေ့တောင်နေဝန်းကောင်းကင်ပြည်နယ်၏အနောက်ဘက် ၊ ကျူတောပင်လယ်ဒေသတည်ရှိရာနေရာအား မရေမတွက်နိုင်သော ကျင့်ကြံသူများက စောင့်ကြပ်လျှက် ရှိကြသည်။

ဒေသခံကျင့်ကြံသူများအပြင် ဇာမဏီရိုးရာတောင် ၊ ဝူထုန်တောင်စောင်းမှ ထိပ်တန်းအဆင့် ကျင့်ကြံသူများသည်လည်း ထိုနေရာတွင် ရှိနေသည်။

သို့သော် အလယ်ပိုင်း ကျွင်းထျန်းကောင်းကင်ပြည်နယ်နှင့် နယ်နိမိတ်ချင်းထိစပ်နေသည့် တောင်ပိုင်း မီးတောက်ကောင်းကင်ပြည်နယ် မြောက်ပိုင်းဒေသကတော့ မည်သည့်စောင့်ကြပ်သူမှမရှိဘဲ အလွန်အေးချမ်းသည်။

ထို့ကြောင့် ဖန်ဟယ်တို့အုပ်စုက ရန်ကျောက်ကဲ အရှေ့ဘက်သို့သွားမည်မဟုတ်ဘဲ မြောက်ပိုင်းသို့သွားမည်ဟုသာ တွက်ဆခဲ့၏။

အရှေ့ဘက်သို့သွားရောက်ခြင်းက များပြားလှစွာသော ရန်သူများဝန်းရံနေသည့် စက်ဝိုင်းထဲဝင်ပြေးသည်နှင့် ညီမျှသည်။

သူသာ မြောက်ပိုင်းသို့ဦးတည်သွားလျှင် ဖန်ဟယ်က ချင်းယွမ်ဧကရာဇ်အဆက်အနွယ် တာအိုဆရာ ချန်းလန်နှင့် ချိတ်ဆက်ပြီး သူ့ကိုတားဆီးရန် စီစဉ်ထားသည်။

အရှေ့ဘက်သို့သွားသည်ဆိုလျှင်တော့ သူတို့လိုက်လံမဖမ်းဆီးဘူးဆိုလျှင်တောင်မှ ရန်ကျောက်ကဲအနေဖြင့် လွတ်လမ်းမရှိဟု ဖန်ဟယ် ထင်မြင်လိုက်သည်။

“တစ်ခုခုတော့ တစ်ခုခုပဲ”

တာအိုဆရာချန်းလန်က ဆိုသည်။

“သူ့ကိုကူညီဖို့ အရှေ့တောင် နေဝန်းကောင်းကင်ပြည်နယ် ၊ ကျင်းထင်‌တောင်ကလူတွေကို ဆက်သွယ်ဖို့ နည်းလမ်းရှိကောင်း ရှိနိုင်တယ်”

ထိုစကားကြားတော့ ဖန်ဟယ် စိတ်ထဲမှတွေးလိုက်သည်။

ရန်ကျောက်ကဲ အခြေစိုက်ရာနေရာက အရှေ့တောင် နေဝန်းကောင်းကင်ပြည်နယ် အနောက်ဘက်အကျဆုံး ကျူတောပင်လယ်ဒေသတွင် တည်ရှိပြီး တောင်ပိုင်း မီးတောက်ကောင်းကင်ပြည်နယ်နှင့် နယ်စပ်ဖြစ်သည်။ ထိုနေရာတွင် အရှေ့တောင် နေဝန်းကောင်းကင်ပြည်နယ်နှင့် တောင်ပိုင်း မီးတောက်ကောင်းကင်ပြည်နယ်မှ တန်ခိုးစွမ်းအားရှင်များစွာ ရှိနေသည်။ နယ်စပ်တလျှောက်တွင် တန်ခိုးစွမ်းအားရှင်အများအပြား တပ်စွဲထားသည်။

ရန်ကျောက်ကဲသာ ကျင်းထင်တောင်နှင့်ဆက်သွယ်ရန် နည်းလမ်းရှိပါက အရှေ့တောင်ပိုင်းမှ ကျင့်ကြံသူများအနေဖြင့် တောင်ပိုင်းမှ ကျင့်ကြံသူများကိုတိုက်ခိုက်ရန် ရန်ကျောက်ကဲနှင့် အတွင်းအပြင် ပူးပေါင်းဆောင်ရွက်နိုင်သည်။

ဤသို့သာဆိုလျှင် ရန်ကျောက်ကဲ အရှေ့တောင်သို့ ပြန်လည်လွတ်မြောက်ရန် ဖြစ်နိုင်ခြေရှိပြီး နယ်စပ်တစ်လျှောက်မှ တောင်ပိုင်းကျင့်ကြံသူများစွာသည်လည်း ဆုံးရှုံးမှုများ ဖြစ်ပေါ်နိုင်သည်။

ရန်ကျောက်ကဲ၏ရွေးချယ်မှုက မိုက်မဲသည်ဟု ထင်မိသော်လည်း ဖန်ဟယ်သည် ထိုလူငယ်၏ တန်ခိုးစွမ်းအားကို လျှော့တွက်ဝံ့ခြင်း မရှိပေ။

ရန်ကျောက်ကဲက အဘယ့်ကြောင့် အရှေ့ဘက်သို့ သွားရပါသနည်း။

“တာအိုဆရာချန်းလန်ပြောတာ အဓိပ္ပါယ်ရှိတယ်”

ဖန်ဟယ်က ခေါင်းညိတ်ရင်း...

“ရန်ကျောက်ကဲနောက်ကိုအမြန်လိုက်ပြီး ဖမ်းဆီးနိုင်ရင်ကောင်းမယ် ၊ တတ်နိုင်ရင် ချက်ချင်းရှင်းပစ်လိုက်တာပေါ့ ၊ နယ်စပ်မှာစစ်ဖြစ်ရင်လည်း ငါတို့တွေ အင်အားထပ်ဖြည့်ပြီး ကျင်းထင်တောင်ကလူတွေကို တန်ပြန်တိုက်ခိုက်ရမှာပဲ”

ထိုအချိန်...

အရင်က စားတစ်ခွန်းမှဝင်မပြောသည့် အစိမ်းရောင်တာအိုဝတ်စုံဝတ်ဆင်ထားသော လူငယ်တစ်ယောက်က စကားဆိုလာသည်။

“အရှေ့ဘက်ကို မှားပြီးအာရုံစိုက်မိအောင်လုပ်ပြီး တောင်ပေါ်ကကျားကိုမျှားခေါ်သွားတာမျိုးလည်း ဖြစ်နိုင်တယ်”

ရန်ကျောက်ကဲ မြောက်ဘက်သို့သွားလျှင် လိုက်လံတိုက်ခိုက်ခံရမည်ကို စိုးရွံ့သဖြင့် အရှေ့ဘက်သို့ ပုံမှားရိုက်ခြင်း ဖြစ်နိုင်သည်။

ရန်ကျောက်ကဲတို့အုပ်စု အရှေ့ဘက်သို့ပြေးရန် လမ်းကြောင်းပြပြီး နောက်သို့ပြန်လှည့်ကာ မြောက်ဘက်မှတစ်ဆင့် အလယ်ပိုင်း ကျွင်းထျန်းကောင်းကင်ပြည်နယ်သို့ ထွက်ပြေးသွားနိုင်သည်။

အမှန်တော့ သူတို့ အရှေ့ဘက်သို့သွားလျှင် အရှေ့တောင်ပိုင်းမှ တန်ခိုးစွမ်းအားရှင်များ၏ အကူအညီရရှိမည်လား မသေချာသေးပေ။

အရှေ့တောင်ပိုင်းမှ ထိပ်တန်းအဆင့်ကျင့်ကြံသူများ ရန်ကျောက်ကဲကို ကူညီပေးမည်ဆိုလျှင်တောင်မှ တိုက်ပွဲကြီးကြီးမားမား ဖြစ်လာပါက ရလဒ်ကို ခန့်မှန်းနိုင်မည် မဟုတ်ပေ။

စစ်ပွဲဆိုသည်က ပြင်းထန်ပြီး အန္တရယ်များသည်။

အရှေ့တောင်ပိုင်းမှ အနိုင်ရခဲ့လျှင်တောင် တောင်ပိုင်း မီးတောက်ကောင်းကင်ပြည်နယ်တွင် တစ်ယောက်တည်းရှိနေသည့် ရန်ကျောက်ကဲအနေဖြင့် အရှေ့တောင် နေဝန်းကောင်းကင်ပြည်နယ်သို့ အသက်ရှင်လျက် ပြန်ရောက်နိုင်ပါမည်လား မသေချာပေ။

အရှေ့တောင်ပိုင်းမှ တိုက်ပွဲအနိုင်ရသည့်တိုင် ရန်ကျောက်ကဲက တောင်ပိုင်းဒေသတွင် အသက်သေဆုံးသွားရန်လည်း ဖြစ်နိုင်ခြေ ရှိသည်။

ထို့ကြောင့် မြောက်ပိုင်းမှတစ်ဆင့် အလယ်ပိုင်းကျွင်းထျန်းကောင်းကင်ပြည်နယ်သို့ သွားရောက်ပြီး အရှေ့တောင်ပိုင်းသို့ ပတ်ပြီးပြန်ခြင်းက မှန်ကန်သည့်ရွေးချယ်မှု ဖြစ်သည်။

ဖန်ဟယ်က...

“တာအိုရောင်းရင်း ချင်ရှုပြောတာမှန်တယ် ၊ ဒါပေမဲ့ ငါတို့အဆက်အနွယ်က တခြားတပည့်တွေတွေရှိသေးတယ် ၊ ရန်ကျောက်ကဲက တကယ်ပဲ ကျားကိုတောင်ပေါ်ကခြောက်လှန့်ခေါ်ထုတ်ဖို့ အရှေ့ဘက်ကိုသွားတာဆိုရင် သူ မြောက်ဘက်ကိုပြန်လာတဲ့လမ်းမှာ ငါတို့လူတွေက သူ့ကိုကြားဖြတ်တိုက်ခိုက်ကြလိမ့်မယ်”

အစိမ်းရောင်ဝတ်တာအိုဆရာက ထိုစကားကိုကြားတော့ ခေါင်းညိတ်လိုက်ပြီး မည်သည့်စကားမှမဆိုတော့ဘဲ တိတ်ဆိတ်ငြိမ်သက်သွားသည်။

သူက သိုသိုသိပ်သိပ်နေထိုင်တတ်ပြီး စကားနည်းသူတစ်ယောက်ဖြစ်သော်လည်း တာအိုဆရာချန်းလန်က သူ့ကိုလေးစားသလို ဖန်ဟယ်နှင့်အခြားသူများသည်လည်း မခန့်လေးစားမလုပ်ဝံ့ကြပေ။

သူ့အသက်က ငယ်ရွယ်ပုံရပြီး အသက် (၂၀)ခန့်သာ ရှိသေးသည်။ သို့ပေသိ သူ၏ ကျင့်ကြံခြင်းအဆင့်က ဖန်ဟယ်ကဲ့သို့ပင် အမတကူးပြောင်းခြင်း နှောင်းပိုင်းအဆင့် သိုင်းသူတော်စင် ဖြစ်နေပေပြီ။

သူ၏အသက်အစစ်အမှန်က သူ၏ရုပ်ရည်ထက် ပိုကြီးမည်မှန်သော်လည်း ဖန်ဟယ်ထက်တော့ အများကြီး အသက်ငယ်လေသည်။

သူ၏အမည်က ချင်ရှုကျီဖြစ်ပြီး ချင်းယွမ်ဧကရာဇ်၏ ပထမဆုံးတပည့်ဖြစ်ကာ အထက်ဘုံကမ္ဘာတွင် ဖန်ဟယ်ထက်ပိုမိုကျော်ကြားသလို တန်ခိုးစွမ်းအားလည်း ပိုမိုမြင့်မားသည်။

အထက်ဘုံကမ္ဘာရှိ သိုင်းသူတော်စင် နဝမအဆင့် ကျင့်ကြံသူများထဲတွင် မဝေးတော့သည့်အနာဂတ်အချိန်၌ ‘လူသားအထွတ်ထိပ်’ အဆင့်သို့ ရောက်ရှိမည့် အလားအလာအရှိဆုံးသူဖြစ်သည်။

“ဒီတစ်ခါတော့ အယုတ်တမာကောင် ရန်ကျောက်ကဲကို သေချာပေါက် ဖမ်းဆီးနိုင်မှာပါ”

ဖန်ဟယ်က ရန်ကျောက်ကဲနောက်သို့လိုက်ရန် လေဟုန်စီးကောင်းကင်ရွက်လှေကို အရှေ့ဘက်သို့ အရှိန်ပြင်းပြင်းနှင့် လှည့်ကာထိန်းချုပ်မောင်းနှင်လိုက်သည်။

ကျွမ်းကျောင်းဟွေနှင့် ဆရာဦးလေးဝမ်တို့ထံမှလည်း မည်သည့်သတင်းမှ မရရှိသေးပေ။

ဖန်ဟယ်နှင့် ဝူထုန်တောင်စောင်းမှ အခြားသော ကျင့်ကြံသူများမှာ ရန်ကျောက်ကဲကို ရှာဖွေဖမ်းဆီးပြီး စစ်ဆေးမေးမြန်းလိုစိတ်များတဖွားဖွားဖြစ်ပေါ်နေကြပြီ ဖြစ်၏။

တောင်ပိုင်း မီးတောက်ကောင်းကင်ပြည်နယ်၏ အရှေ့ပိုင်းနယ်မြေတွင် ကျက်စားနေကြသော တောင်ပိုင်းဒေသမှ ကျင့်ကြံဿူများက ရန်ကျောက်ကဲ အရှေ့ဘက်သို့ ရောက်ရှိလာပြီး အရှေ့တောင် နေဝန်းကောင်းကင်ပြည်နယ်သို့ တန်းပြီးပြန်သွားရန် ရည်ရွယ်ကြောင်း သတင်းပို့ကြသည်။

ရန်ကျောက်ကဲ၏ မခေလှသောသတ္တိက လူတိုင်းကို ထိတ်လန့်စေလေသည်။

***

“အယုတ်တမာကောင်... သွားသေ...”

ကျယ်လောင်သည့်အော်ဟစ်သံတစ်သံက တောင်ပိုင်း မီးတောက်ကောင်းကင်ပြည်နယ် အရှေ့ပိုင်းရှိ ကွမ်းယွဲ့တောင်ကုန်းလွင်ပြင်ထက် မိုးမြေတစ်ခွင်တွင် ပဲ့တင်ထပ် ထွက်ပေါ်လာသည်။

ကောင်းကင်ထက်တွင် အဖြူရောင်နှင့်အနက်ရောင်အမွှေးများရှိသော ဧရာမသားရဲကြီးတစ်ကောင် ပျံသန်းပြေးလွှားနေစဉ် ၊ အလင်းတန်းများစွာက သားရဲ၏ကျောထက်မှ လူငယ်ဆီသို့ ပြင်းထန်စွာ ဝင်ရောက်လာကြသည်။

သို့သော် ဆဲဆိုကြုံးဝါးသံက လမ်းတစ်ဝက်မှာပင် ရပ်တန့်သွားပြီး အလင်းတန်းများအတွင်းမှ ပုံရိပ်တစ်ခုက နံရံတစ်ခုနှင့် ရိုက်မိသည့်အလား ဖြစ်သွား၏။

ဧရာမသားရဲကြီး၏ ကျောထက်တွင်ထိုင်နေသော အဖြူရောင်နှင့်အပြာရောင်ဝတ်စုံ ဝတ်ဆင်ထားသည့် လူငယ်တစ်ယောက်က လက်ဖဝါးကို ရှေ့သို့တွန်းထုတ်လိုက်သည်။

သူ၏လက်ဝါးရိုက်ချက်က နံရံတစ်ခုပမာဖြစ်ပြီး တိုက်ခိုက်လာသူ ဦးခေါင်းကွဲကြေကာ သွေးများပန်းထွက်လာသည်။

ထို့နောက် သူ၏လက်ဖဝါးကလည်ပတ်သွားပြီး မြေပြင်ထက်သို့ ရိုက်ချလိုက်သည်။

တိုက်ခိုက်လာသူမှာ ကွမ်းယွဲ့တောင်ကုန်းလွင်ပြင် မြေပြင်ထက်တွင် အသက်ပျောက်သွားတော့သည်။

“သခင်လေး... ဒီနေရာက တောင်ပိုင်းကျင့်ကြံသူတွေပြောတဲ့သတင်းအရ ဇာမဏီရိုးရာတောင် ၊ ဝူထုန်တောင်စောင်းက သိုင်းသူတော်စင် နဝမအဆင့်ကျင့်ကြံသူတစ်ယောက် ပတ်ဝန်းကျင်ကို စောင့်ကြည့်နေတယ်တဲ့”

လူငယ်ဘေးနားမှ လူထွားကြီးက ထိတ်လန့်ဟန်မရှိဘဲ ခေါင်းတစ်ချက်ကုတ်ရင်း စကားဆိုသည်။

“ပြီးတော့ တောင်ပိုင်းမီးတောက်ကောင်းကင်ဒေသက တခြားအဆင့်မြင့် ကျင့်ကြံသူတွေလည်း ရှိနေသေးတယ်”

တောင်ပိုင်း မီးတောက်ကောင်းကင်ပြည်နယ် ၊ အရှေ့ပိုင်းနယ်မြေတွင် ထိပ်တန်းအဆင့်ကျင့်ကြံသူများရှိပြီး ဇာမဏီရိုးရာတောင်မှ သိုင်းသမားများနှင့်ပင် ကောင်းကောင်းယှဉ်ပြိုင်နိုင်စွမ်း ရှိသည်။

ဤလူထွားကြီးက အခြားသူမဟုတ် ၊ အားဟူပင် ဖြစ်၏။

“တစ်ဖက်လူက ကျွန်တော်တို့ကိုလာရှာတော့မယ်ထင်တယ်”

All Chapters