စကားသံဖြင့် ဟောက်လင်တောင်ကိုတုန်လှုပ်စေခြင်း
Vol. 69 Ch. 972
အခန်း (၉၇၂) စကားသံဖြင့် ဟောက်လင်တောင်ကိုတုန်လှုပ်စေခြင်း
ရန်ကျောက်ကဲက အေးဆေးပေါ့ပါးစွာပင်ရှိနေသည်။
သို့သော် တောင်ပိုင်းမှသိုင်းကျင့်ကြံသူကတော့ သူ့ကိုအရူးတစ်ယောက်ပမာ ကြည့်နေလေ၏။
“မင်း... မင်း...”
ခဏကြာမှ တစ်ဖက်လူက ဒေါသတကြီးရယ်မောရင်း...
“မင်းဘာတွေပြောနေတာလဲ သိရဲ့လား”
“ဟောက်လင်တောင်ရဲ့အရှင်သခင်ဖြစ်တဲ့ တာအိုဆရာတုန်းချွမ်က အမတကူးပြောင်းခြင်းအဆင့်ကိုရောက်နေတာ ကြာလှပြီ ၊ ဟောက်လင်တောင်မှာလည်း တန်ခိုးစွမ်းအားမြင့်မားသူတွေ တိမ်တွေလိုပဲပေါများပါတယ် ၊ အခု ငြိမ်းချမ်းရေးတောင်တန်းက တန်ခိုးစွမ်းအားရှင်အများစုကလည်း ဟောက်လင်တောင်မှာ စုစည်းနေတယ်”
တောင်ပိုင်းသိုင်းကျင့်ကြံသူက အေးစက်စွာပြုံးလိုက်ရင်း...
“ငြိမ်းချမ်းရေးတောင်တန်းက သိုင်းသမားတွေကိုဖယ်လိုက်မယ်ဆိုရင်တောင် တောင်ပိုင်းမီးတောက်ကောင်းကင်ပြည်နယ်အရှေ့ပိုင်းက ဖိတ်ခေါ်ထားတဲ့ တန်ခိုးစွမ်းအားရှင်တွေအများကြီး ဒီနေရာမှာ ရှိနေကြလိမ့်မယ်”
“မင်းလို နတ်ဘုရားသိမြင်ခြင်းအဆင့်ကိုမပြောနဲ့ အမတကူးပြောင်းခြင်းအဆင့်ဆိုရင်တောင် သတိထားရမယ့်ကိစ်စပဲ”
“အခု ဟောက်လင်တောင်မှာ သိုင်းသမားတွေစုစည်းနေတဲ့အပြင် တာအိုဆရာတုန်းချွမ်တို့အုပ်စုကလည်း မြေပြင်အနေအထား အားသာချက်ရှိနေတယ်”
ထိုစကားကြားတော့ ရန်ကျောက်ကဲက မနေနိုင်ဘဲ ရယ်မောလိုက်ပြီး...
“ငါက အဲဒီကိုသွားပြီးအသေခံမယ်လို့ မင်းကထင်နေတာလား ၊ အခု ဟောက်လင်တောင်မှာ အင်အားဘယ်လောက်ရှိလဲဆိုတာ မင်းကအသေးစိတ်ထုတ်ပြောလိုက်ပြီဆိုတော့... ငါ အဲဒီကိုမသွားတော့ဘဲ ရှောင်တိမ်းသွားရင် ဘယ်လိုလုပ်မလဲ”
တောင်ပိုင်း နယ်ခံကျင့်ကြံသူ ဆွံ့အသွားသည်။
မိုက်မဲသည့်လုပ်ရပ်တစ်ခု လုပ်လိုက်မိပြီဖြစ်ကြောင်း သဘောပေါက်သွားသည်။
ရန်ကျောက်ကဲက အကြောက်အလန့်မရှိ ဟောက်လင်တောင်သို့သွားရန် ဆုံးဖြတ်ထားသော်လည်း သူက ဟောက်လင်တောင်၏ အသေးစိတ်အချက်အလက်များကို ထုတ်ဖော်ပြောကြားလိုက်မိပြီဖြစ်ရာ ရန်ကျောက်ကဲအနေဖြင့် သတိထားပြီး တန်ပြန်တိုက်ခိုက်ရန် ပြင်ဆင်နိုင်ပေမည်။
သူ ယခုလုပ်လိုက်သည့်အလုပ်က ရန်သူကို ကူညီပေးလိုက်ခြင်းသာပင်။
တကယ်တော့ သူက အမှန်တရားကိုနားလည်သည့်တိုင် ရန်ကျောက်ကဲ၏ မာနကြီးလွန်းသော အသွင်အပြင်ကိုတွေ့တော့ မနေနိုင်စွာ ဒေါသထွက်သွားပြီး အနိုင်ယူပြောဆိုခဲ့ခြင်းသာဖြစ်သည်။
သတိပြန်ဝင်လာသည်နှင့် ထိုသူက နှုတ်ပိတ်သွားပြီး စကားဆက်မပြောတော့ဘဲ စိတ်ပျက်လက်ပျက်သာ ဖြစ်နေတော့သည်။
“အေးအေးဆေးဆေးလမ်းပြ ၊ ငါ မင်းကိုမသတ်ချင်ဘူး ၊ လမ်းပြနောက်တစ်ယောက်လည်း မရှာချင်ဘူး”
ရန်ကျောက်ကဲက တည်ငြိမ်စွာဆိုသည်။
“ဒါပေမဲ့... ဟောက်လင်တောင်က ငြိမ်းချမ်းရေးတောင်တန်းရဲ့ မြောက်ပိုင်းပင်မတောင်ထွတ်ဖြစ်တာကြောင့် လမ်းသိတဲ့သူတွေ အများကြီးရှိတယ် ၊ မင်း လမ်းမပြချင်ရင် တခြာတစ်ယောက်ရှာရမှာပဲ”
ထိုစကားကြားတော့ တောင်ပိုင်းနယ်ခံကျင့်ကြံသူ စိတ်ထဲအေးခဲသွားသည်။
သူသည် သူ့စိတ်ထဲတွင် ပြင်းပြင်းထန်ထန် တွေးတောနေသည်။
“မင်းက အတော်မာနကြီးတာပဲ ၊ ကောင်းကင်အမြင့်ကိုမသိလောက်အောင် မာန်တက်နေတဲ့အတွက် မင်းကို ဟောက်လင်တောင်ကို ပို့ပေးလိုက်မယ် ၊ ဟိုကလူတွေ မင်းကိုဘယ်လိုရှင်းပစ်မလဲ ကြည့်တာပေါ့”
ထိုသို့တွေးပြီးသည်နှင့် သူက အားတင်းလိုက်ရင်း...
“မင်း သတ္တိရှိရင် ငါ့နောက်လိုက်ခဲ့”
ရန်ကျောက်ကဲက ထိုသူကို ကန်ထုတ်လိုက်ပြီး အော်ဟစ်ရယ်မောလိုက်သည်။
“သောက်သုံးလည်းမကျဘဲ သူရဲကောင်းတစ်ယောက်လို ဟန်ဆောင်မနေနဲ့”
ရန်ကျောက်ကဲက တောင်ပိုင်း မီးတောက်ကောင်းကင်ပြည်နယ် ၊ ငြိမ်းချမ်းရေးတောင်တန်းဒေသအကြောင်း များများစားစား မသိသော်လည်း ကြားဖူးထားသည့်ကိစ္စများတော့ရှိသည်။
ဤဒေသတွင် ပင်မတောင်ထွတ် (၂)ခုရှိပြီး တစ်ခုက တောင်ဘက် ၊ တစ်ခုက မြောက်ဘက်တွင် ရှိ၏။
တောင်ပိုင်းမှ ပင်မတောင်ထွတ်ကို မြူမှုန်တောင်ဟုခေါ်ဆိုပြီးမြောက်ဘက်ပင်မတောင်ထွတ်ကို ဟောက်လင်တောင်ဟု ခေါ်သည်။
မြူမှုန်တောင်တွင် မဟူရာညဂိုဏ်း၏ဌာနချုပ်တည်ရှိပြီး ဟောက်လင်တောင်မှာတော့ ဟောက်လင်တောင်ဂိုဏ်း တည်ရှိသည်။
မဟူရာညဂိုဏ်းနှင့် ဟောက်လင်တောင်တို့မှာ ငြိမ်းချမ်းရေးတောင်တန်းဒေသရှိ အုပ်စိုးရှင် (၂)ဦး ဖြစ်သည်။
သို့ပေသိ...
တောင်တစ်တောင်တွင် ကျားနှစ်ကောင်အတွက် နေရာမရှိလေရာ မဟူရာညဂိုဏ်းနှင့် ဟောက်လင်တောင်တို့က အချိန်ပြည့် တိုက်ခိုက်နေကြပြီး အခြားသူများလည်း ဘာမှမတတ်နိုင်ကြပေ။
လွန်ခဲ့သည့်နှစ်အနည်းငယ်အတွင်း တောင်ပိုင်းနှင့်အရှေ့တောင်တိုက်ပွဲဖြစ်ပွားကြသည့်တိုင် နယ်ခြားတောင်ဖြစ်သော စက်ဝန်းတောင်နှင့်အနီးကပ်တည်ရှိသည့် မဟူရာညဂိုဏ်းနှင့် ဟောက်လင်တောင်တို့မှာ တိုက်ပွဲများ မရပ်စဲခဲ့ကြပေ။
ယခု ရန်ကျောက်ကဲ တောင်ပိုင်း မီးတောက်ကောင်းကင်ပြည်နယ် ၊ အရှေ့ဘက်ခြမ်းတွင်ရှိသော ငြိမ်းချမ်းရေးတောင်သို့ ဝင်ရောက်လာသည်ဟု သတင်းရရှိသည့်အခါ ဟောက်လင်တောင်က ထိုအချက်ကိုအသုံးချရန် စိတ်ဝင်စားလာသည်။
သူတို့က တစ်ဖက်တွင် ရန်ကျောက်ကဲကို တိုက်ခိုက်ရန် မဟာမိတ်အဖွဲ့ကိုချုပ်ကိုင်ထားပြီး တစ်ဖက်ကတော့ သူတို့၏အာဏာချဲ့တွင်ရန် ငြိမ်းချမ်းရေးတောင်တန်းမှ အခြားသိုင်းဂိုဏ်းများကို စုစည်းကာ ခေါင်းဆောင်ရာထူးသိမ်းပိုက်ပြီး မဟူရာညဂိုဏ်းကို ဖယ်ရှားဖိနှိပ်ပစ်ရန် ရည်ရွယ်ခဲ့သည်။
ဤမဟာမိတ်အဖွဲ့တွင် ငြိမ်းချမ်းရေးတောင်တန်းတွင် ကျက်စားနေသည့် သိုင်းသမားများအပြင် အခြားနေရာမှ သိုင်းကျင့်ကြံသူများ ၊ ဇာမဏီတောင် ဝူထုန်တောင်စောင်းမှ ကျင့်ကြံသူများ ပါဝင်သည်။
ဤသို့မဟာမိတ်ဖွဲ့ခြင်းအောင်မြင်သွားပါက ရန်ကျောက်ကဲကို မဖမ်းဆီးမိသည့်တိုင် ဟောက်လင်တောင်၏ဂုဏ်သတင်း အလွန်မြင့်မားလာပြီး ဝူထုန်တောင်စောင်းရှေ့တွင်လည်း မျက်နှာရမည် ဖြစ်သည်။
ဝူထုန်တောင်စောင်း၏ ထောက်ပံ့မှုကိုရရှိသည်နှင့် ဟောက်လင်တောင်သည် မဟူရာညဂိုဏ်းကို အနိုင်ယူရန် မျှော်လင့်ချက် ရှိပြီဖြစ်၏။
နောက်ကွယ်မှ ဤအကြောင်းပြချက်ကို ရန်ကျောက်ကဲက အလွယ်တကူပင် ခန့်မှန်းနိုင်သည်။
“မဟူရာညဂိုဏ်းချုပ်က အခု ငြိမ်းချမ်းရေးတောင်တန်းမှာ ရှိသလား ၊ ဒါမှမဟုတ် တံခါးပိတ်ကျင့်ကြံနေသလား”
ရန်ကျောက်ကဲက လမ်းလျှောက်လာရင်း မေးလိုက်သည်။
နယ်ခံသိုင်းသမားမျက်လုံးထဲတွင် ထိတ်လန့်သွားသ်ည့အရိပ်အယောင်များပေါ်လာပြီး သူက ငြင်းဆိုရန် ကြိုးစားလိုက်၏။
သို့သော် ရန်ကျောက်ကဲက ပြုံးလိုက်ရင်း...
“မဟုတ်ရင်... မဟာမိတ်ဖွဲ့တာကို ဟောက်လင်တောင်မှာဘယ်လုပ်မလဲ ၊ နှစ်ဦးနှစ်ဖက်အဆင်ပြေတဲ့ ကြားနေရာတစ်ခုမှာ သေချာပေါက်လုပ်မှာပေါ့ ၊ ဟောက်လင်တောင် ဒီလိုကြီးစိုးသွာတာကို မဟူရာညဂိုဏ်းက ခွင့်ပြုပါ့မလား”
“ဒါက...”
နယ်ခံသိုင်းသမား ပါးစပ်ဟလိုက်ပြီးနောက် မည်သည့်စကားမှမဆိုဘဲ မချိပြုံးသာ ပြုံးလိုက်မိသည်။
မဟူရာညဂိုဏ်း၏ နံပါတ် (၁) သိုင်းကျင့်ကြံသူ ၊ မဟူရာညဂိုဏ်းချုပ် အမှန်တကယ်ပင် တံခါးပိတ်ကျင့်ကြံနေခဲ့သည်။
ထို့ကြောင့် သူတို့၏ရန်သူ ဟောက်လင်တောင်က ဤအခွင့်အရေးကိုအသုံးချနေသည်ကို မဟူရာညဂိုဏ်းသားများအနေဖြင့် ကူရာကယ်ရာမဲ့စွာ စောင့်ကြည့်နေခဲ့ရသည်။
ရန်ကျောက်ကဲက အနည်းငယ် စိတ်ပျက်သွားဟန်ဖြင့်...
“မဟူရာညဂိုဏ်းရဲ့ မဟူရာကြာပန်းဓားသိုင်းက မဟာကပ်ဘေးကြီးမတိုင်ခင်ကလိုပဲ အတော်လေးပြီးပြည့်စုံတယ်လို့ သတင်းကြားတယ် ၊ ငါက တွေ့ချင်နေတာ”
လမ်းပြနေသော နယ်ခံသိုင်းသမားမှာ ရန်ကျောက်ကဲကိုကြည့်ရင်း အံတင်းတင်းကြိတ်လိုက်သည်။
စိတ်ဓာတ်ကျနေသည့်တိုင် လမ်းပြရုံမှတပါး အခြားရွေးချယ်စရာ မရှိပေ။
တကယ်တော့ သူကလည်း ဟောက်လင်တောင်သို့သွားရောက်ပူးပေါင်းခြင်းဖြစ်ပြီး လမ်းတစ်ဝက်တွင် ရန်ကျောက်ကဲဖမ်းဆီးခြင်းခံရမည်ဟု မထင်မှတ်ခဲ့ပေ။
ငြိမ်းချမ်းရေးတောင်တန်း၏ မြောက်ဘက်တောင်ထွတ်ဖြစ်သော ဟောက်လင်တောင်အနီးသို့ ရောက်ရှိလာတော့ အခြေအနေက အေးချမ်းတည်ငြိမ်နေသည်ကို တွေ့ရသည်။
အေးချမ်းတည်ငြိမ်သည်ဟုဆိုရာတွင် တကယ်တမ်းငြိမ်သက်ခြင်းမဟုတ်ဘဲ အရာအားလုံး ပုံမှန်အတိုင်းဖြစ်နေခြင်းအား ရည်ညွှန်းသည်။
နေရာတိုင်းမှ သိုင်းသမားများက သတိရှိနေကြေသော်လည်း ရန်ကျောက်ကဲကို သတိထားသည်မှာ ပုံမှန်အတိုင်းအတာ တစ်ခုမျှသာ ဖြစ်သည်။
ရန်ကျောက်ကဲအမြင်မှာတော့ သူတို့က အလကားသက်သက် ဟန်ပြလုပ်ဆောင်နေသည်ဟုပင် ထင်မိ၏။
“ဒါက ဟောက်လင်တောင်လား”
ရန်ကျောက်ကဲက မျက်လုံးကို လက်ဖြင့်ကာလျှက် ရှေ့သို့ကြည့်ရင်း မေးလိုက်သည်။
ထိုနေရာတွင် မိုးကောင်းကင် တိမ်တိုက်များထက်သို့ပင် ထိုးဖောက်ဝင်ရောက်နေသော မြင့်မားမတ်ဆောက်သည့် တောင်ထွတ်ကြီးတစ်ခုက ဓားတစ်လက်ပမာ ထီးတည်းရှိနေသည်။
“ဟုတ်တယ် ၊ ဒါက ဟောက်လင်တောင်ပဲ”
လမ်းပြပေးသည့် နယ်ခံသိုင်းသမားမှာ ယခုတော့ ပိုက်ထဲမိသည့် ငုံးတစ်ကောင်ပမာ အလွန်နာခံလျှက် ရှိသည်။
တိတ်ဆိတ်ငြိမ်သက်နေသည့် ရန်ကျောက်ကဲကိုကြည့်ရင်း သူ့စိတ်ထဲ အေးစက်သွားကာ မူလကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုကိုပင် ထန်းထားရန် ခက်ခဲသွားသည်။
“အင်း... ကောင်းတယ်”
ရန်ကျောက်ကဲက ပြုံးရင်း...
"မင်းသွားလို့ရပြီ"
ရန်ကျောက်ကဲက အမှန်မပြောဘဲ ရွဲ့စောင်းပြောသည်အထင်ဖြင့် နယ်ခံသိုင်းသမား အံ့အားသင့်သွားသည်။
တချို့လူတွေက ကြောင်တစ်ကောင်က ကြွက်ကိုကစားသည့်ပမာ ကစားရခြင်းကို သဘောကျကြောင်း သူ ကောင်းကောင်း သိရှိသည်။
သို့သော် ရန်ကျောက်ကဲက ပြောပြီးသည်နှင့် အရေးမစိုက်တော့ဘဲ ပန်ပန်၏ကျောထက်တွင်ထိုင်ကာ ဟောက်လင်တောင်ရှိရာသို့ ဦးတည်ထွက်ခွာသွားတော့သည်။
တောင်ပိုင်းနယ်ခံသိုင်းသမား အံ့အားသင့်သွားပြီး...
“ငါ့ကို တကယ်ကြီးလွှတ်ပေးလိုက်တာလား”
သူ ပထမဆုံးလုပ်ရန်စဉ်းစားမိသည်မှာ ဟောက်လင်တောင်အနီးပတ်ဝန်းကျင်တွင် စောင့်ကြပ်နေသော သိုင်းသမားများကို အမြန်ဆက်သွယ်ပြီး တာအိုဆရာတုန်းချွမ်ထံ သတင်းပို့ရန် ဖြစ်သည်။
သို့သော် သူက ရန်ကျောက်ကဲထက် ပိုပြီးမြန်ဆန်နိုင်မည်မထင်ပေ။
တာအိုဆရာတုန်းချန်နှင့်အခြားသူများ သတင်းရသည့်အချိန်တွင် ရန်ကျောက်ကဲသည်လည်း တောင်ပေါ်သို့ရောက်ရှိနေလောက်ပေပြီ။
ထို့ပြင် ရန်ကျောက်ကဲက ဟောက်လင်တောင်သို့ ပြောင်ပြောင်တင်းတင်းပင် ထွက်ခွာသွားသည်ဖြစ်ရာ သတင်းပေါက်ကြားမည်ကို လုံးဝကြောက်ရွံ့ဟန် မရှိပေ။
ဤသို့ မာနကြီးသောအသွင်အပြင်က နယ်ခံသိုင်းသမားကို ယခင်က ဒေါသထွက်စေခဲ့သော်လည်း ယခုတော့ သူ့စိတ်ထဲ အေးစက်လျှက် ကြောက်စိတ်များပင် ဝင်လာမိသည်။
“တာအိုဆရာတုန်းချွမ်နဲ့တခြားသူတွေ ဒီကလေးကို သေချာပေါက် ရှင်းနိုင်မှာပါ”
ယခင်က ခိုင်မာသောယုံကြည်ချက် သူ့နှလုံးသားထဲတွင် ပြန်ပေါ်လာသည့်တိုင် ထိုယုံကြည်ချက်သည်ပင် သံသယများဖြင့် ပြည့်နက်နေပြီ ဖြ်သည်။
သူတွေးနေချိန်မှာပင် ရန်ကျောက်ကဲက ဟောက်လင်တောင်ခြေသို့ရောက်ရှိသွားပြီး...
“ဝါဒတောင်က ရန်ကျောက်ကဲ လာရောက်လည်ပတ်ပါတယ် ၊ ဒီနေရာက တောင်သခင်များ ရှိပါသလား”
သူ၏အသံက ကျယ်လောင်ခြင်းမရှိသလို တိုးလျခြင်းလည်း မရှိပေ။ သို့သော် ဟောက်လင်တောင်တစ်ခုလုံးကို သိမ့်ကနဲ တုန်ခါသွားစေသည်။
တစ်ချိန်တည်းမှာပင် တောင်ကိုကာကွယ်ရန်တည်ဆောက်ထားသော ပင်မအစီအရင်ကြီးမှ ဝိညာဉ်သင်္ကေတများ ပျက်ပြယ်သွားပြီး အချင်းချင်းလိမ်ယှဥ်ကာ ပြိုကွဲသွားသည်ကို တွေ့ရလေ၏။