မဟာမိတ်များ
Vol. 69 Ch. 973
အခန်း (၉၇၃) မဟာမိတ်များ
ဟောက်လင်တောင်ခြေသို့ ရန်ကျောက်ကဲ ရောက်ရှိလာချိန် ၊ တောင်ထိပ်မှာတော့ သိုင်းကျင့်ကြံသူများစွာ စုဝေးရောက်ရှိနေကြပေပြီ။
ဟောက်လန်တောင်သခင် တာအိုဆရာတုန်းချွမ်သည် အိမ်ရှင်အဖြစ် အလွန်တရာစိတ်အားထက်သန်လျှက် ရှိ၏။
ငြိမ်းချမ်းရေးတောင်တန်းရှိ စွမ်းအားစုများ၏ဂိုဏ်းချုပ်များ ၊ ကျော်ကြားသော တစ်ကိုယ်တော်ကျင့်ကြံသူများသည် ယခု ဟောက်လင်တောင်တွင် စုဝေးနေကြပေပြီ။
အရင်ကဆိုလျှင် ဤသူများအားလုံးက ဟောက်လင်တောင်၏အမိန့်ကို နာခံကြသူများ မဟုတ်ပေ။
မဟူရာညဂိုဏ်းနှင့် ဟောက်လင်တောင်ကြား ပဋိပက္ခများကြောင့် ဒေသတွင်း အင်အားစုအသီးသီးက သိုင်းဂိုဏ်း (၂)ခုလုံးနှင့် ဆက်သွယ်ကြပြီး အကျိုးအမြတ်များရယူလေ့ရှိကြသည်။
ထို့ပြင် ခြံစည်းရိုးခွထိုင်ပြီး သအသာစီးရမည့်ဘက်သို့ကူးပြောင်းရန် စောင့်ကြည့်နေသည့် စက်ဆုပ်ရွံလျှာဖွယ်ကောင်းသူများလည်း ရှိကြလေရာ ဟောက်လင်တောင်နှင့် မဟူရာညဂိုဏ်းမှာ အရှုံးအနိုင် မပြတ်သားခဲ့ကြပေ။
ဟောက်လင်တောင်အနေဖြင့် ငြိမ်းချမ်းရေးတောင်တန်းဒေသတစ်ခုလုံးကို သိမ်းပိုက်လိုပါက လူအများစု၏ထောက်ခံမှုကိုရရှိရန် လိုအပ်နေသေးသည်။
ယခုတော့ သူတို့မျှော်လင့်နေသည့် ကောင်းမွန်သောနေ့ရက်များ ရောက်ရှိလာပေပြီ။
ရန်ကျောက်ကဲကိစ္စကိုအခွင့်ကောင်းယူပြီး ဟောက်လင်တောင်တန်းသည် ဇာမဏီရိုးရာတောင် ၊ ဝူထုန်တောင်စောင်းမှ အခွင့်အာဏာကို ငှားရမ်းနိုင်ခဲ့ကာ အားသာချက် ရရှိခဲ့သည်။
ဤကိစ္စအောင်မြင်ပါက မဟူရာညဂိုဏ်းအနေဖြင့် ငြိမ်းချမ်းရေးတောင်တန်းတွင် ခြေကုပ်ရယူရန် အလွန်တရာ ခက်ခဲသွားပေမည်။
အမှန်တော့ ငြိမ်းချမ်းရေးတောင်တန်းမှ အခြားသောသိုင်းဂိုဏ်းများသည် ဟောက်လင်တောင်တန်းအားခေါင်းငုံ့ရသည်ကို ကျေနပ်ခြင်း မရှိပေ။
သို့သော် ဝူထုန်တောင်စောင်းမှ သိုင်းကျင့်ကြံသူများကိုယ်တိုင်ရောက်ရှိလာသည်ဖြစ်ရာ သူတို့အားလုံး မည်သို့မှမတတ်နိုင်စွာ နာခံရုံသာ ရှိတော့သည်။
ဤနည်းအားဖြင့် ဟောက်လင်တောင်သည် ငြိမ်းချမ်းရေးတောင်တန်းမှ သိုင်းဂိုဏ်းများစွာ၏ အကြီးအမှူးအသွင်ဆောင်ကာ သူတို့၏အားသာချက်ကို မသိမသာ ခိုင်ခံ့စေခဲ့သည်။
မဟူရာညဂိုဏ်းချုပ်မှာ တံခါးပိတ်ကျင့်ကြံရာမှ ထွက်မလာသေးပေ။
ထို့ကြောင့် မဟူရာညဂိုဏ်းမှ အကြီးအကဲများမှာ ဝူထုန်တောင် အမျက်ရှမည်ကို စိုးရိမ်သဖြင့် ဟောက်လင်တောင်သို့ အလျင်အမြန် လာရောက်ခဲ့ကြရသည်။
ထို့ကြောင့် သူတို့သည် ပို၍ပင် ဖိနှိပ်ခံရသည်ဟု ခံစားလာရသည်။
မည်သို့ပင်ဖြစ်စေ မဟူရာညဂိုဏ်သည် ဤနေရာတွင် သူတို့၏မကျေနပ်မှုများကို မျိချရုံသာ တတ်နိုင်သည်။
စိတ်အားထက်သန်နေသော တာအိုဆရာတုန်းချွမ်ကိုကြည့်ရင်း မဟူရာညဂိုဏ်းမှ အကြီးအကဲမှာ စကားလုံးဖြင့် ဖော်ပြမရအောင် ဒေါသများတလိမ့်လိမ့်တက်လာသည်။
ထိုအချိန် အိမ်ရှင်ဖြစ်သော တာအိုဆရာတုန်းချွမ်က ပြုံးလျှက် စကားဆိုလာသည်။
“ဒီလိုအရေးကြီးတဲ့အချိန်မှာ အခုလိုမျိုး လာရောက်ပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်”
သူက ဆက်ပြောသည်။
“ဒီနေ့ မဟာမိတ်ပြုရတဲ့အကြောင်းရင်းကတော့ အရှေ့တောင်ပိုင်းက သိုင်းသမားတစ်ယောက်ကြောင့်ပါ ၊ အဲဒီလူက ရန်ကျောက်ကဲဖြစ်တယ်ဆိုတာ လူတိုင်းသိကြမယ် ထင်ပါတယ် ၊ သူက အခုဆိုရင် တောင်ပိုင်း မီးတောက်ကောင်းကင်ပြည်နယ် အရှေ့ဘက်ခြမ်းကို ဝင်ရောက်လာပါတယ်”
“ဒီလိုအချိန်မှာ တောင်ပိုင်း မီးတောက်ကောင်းကင်ပြည်နယ်ကို ဝင်လာတာဟာ ကိုယ့်သေတွင်းကိုယ်တူးတာပါပဲ ၊ တောင်ပိုင်းက သိုင်းသမားတွေအားလုံး သူ့ကိုနှိမ်နင်းဖို့ ပြင်းပြင်းထန်ထန် အားထုတ်သင့်တယ်၊ ဒါမှ ကောင်းကင်ဘုံမှာရှိတဲ့ သေဆုံးသွားတဲ့ဝိညာည်တွေလည်း ငြိမ်းချမ်းမှု ရရှိနိုင်မယ်”
တာအိုဆရာ တုန်းချွမ်က ပတ်ဝန်းကျင်ကို တစ်ချက်အကဲခတ်လိုက်ရင်း...
“ဒီနေ့ ဒီနေရာကို အားလုံးဖိတ်ခေါ်တဲ့အထဲမှာ ငြိမ်းချမ်းရေးတောင်တန်းက သိုင်းကျင့်ကြံသူတွေအပြင် ၊ ဇာမဏီရိုးရာတောင် ဝူထုန်တောင်စောင်းက ဆရာယွမ်နဲ့ ပင်လယ်ချိတ်ဆက်ဒေသ ခရမ်းရောင်ဓားဂိုဏ်းက ဂိုဏ်းချုပ်’ကျောက်’ တို့လည်း ပါဝင်ပါတယ်”
ဘေးဘက် ရှေ့ဆုံခုံတွင် မျက်နှာထားတင်းတင်းဖြင့် တာအိုဆရာဆစ်ယောက် ထိုင်နေသည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးတွင် မီးတောက်မီးလျှံများနှင့်ဆင်တူသော သွေးနီရောင်ဝိညာဉ်စွမ်းအားများ စီးဆင်းလျှက် ရှိ၏။
အဘိုးအိုတစ်ယောက်ဖြစ်သည့်တိုင် သူ၏မျက်ဝန်းများက မှိုင်းဝေနေခြင်းမရှိဘဲ အလွန်တရာတောက်ပလျှက် မျက်ဝန်းထဲမှ ဇာမဏီငှက်တစ်ကောင် ခုန်ထွက်လာတော့မည့်အလား ထင်မှတ်ရသည်။
သူက မီးတောက်ဘုရင် ‘ဖန်ဟယ်’ ထက်အသက်ကြီးသောလည်း ဝါစဉ်ငယ်သည်။
သူ့ကို ‘ဇာမဏီမျက်လုံး’ ဟု ခေါ်ဆိုကြပြီး တောင်ပိုင်းထိပ်တန်းအရှင်သခင် ကျွမ်းရှန်၏ တပည့်တစ်ယောက်ဖြစ်သော ‘ယွမ်ရှန်းချန်’ ပင် ဖြစ်သည်။
တောင်ပိုင်းနှင့် အရှေ့တောင်ပိုင်းကြား ဆက်ဆံရေးမယိုယွင်းခင်ကပင် သူတို့ကြားတွင် မမြင်နိုင်သော ပဋိပက္ခများစွာ ရှိခဲ့သည်။
အထူးသဖြင့် တစ်ချိန်က ‘လင်’ မျိုးနွယ်ဟန်ဆောင်ထားသည့် ‘လင်ဟန့်ဟွာ’ ၊ ယခု ‘လုန်ဟန့်ဟွာ’ နှင့် ယွမ်ရှန်းချန်တို့ကြား ဆက်ဆံရေး အတော်လေးဆိုးဝါးခဲ့ဖူးသည်။
ယွမ်ရှန်းချန်၏ဘေးနားမှာတော့ ခရမ်းရောင်ဝတ်ဆင်ထားသည့် လူရွယ်တစ်ယောက်ထိုင်နေသည်။
ထိုလူရွယ်က ငြိမ်းချမ်းရေးတောင်တန်းမှ သိုင်းသမားမဟုတ်ပေ။ ငြိမ်းချမ်းရေးတောင်တန်းဒေသ၏ တောင်ဘက်တွင်ရှိသော ပင်လယ်ချိတ်ဆက်ဒေသမှ ထိပ်တန်းအင်အားစုဖြစ်သော ခရမ်းရောင်ဓားဂိုဏ်း၏ ဂိုဏ်းချုပ် ‘ကျောက်ကျန်’ ဖြစ်သည်။
ရန်ကျောက်ကဲက တောင်ပိုင်း မီးတောက်ကောင်းကင်ပြည်နယ်မှ အရှေ့ဘက်ကိုဖြတ်ကျော်ပြီး အရှေ့တောင်ပိုင်းသို့ ပြန်ရန် ကြိုးစားသည့်အခါ သေချာပေါက် စက်ဝန်းတောင်ကို ဖြတ်ကျော်ရပေမည်။
စက်ဝန်းတောင်သို့ရောက်လိုလျှင် ငြိမ်းချမ်းရေးတောင်တန်းကို သေချာပေါက် ဖြတ်ကျော်ရပေမည်။
ကျောက်ကျန်က ယွမ်ရှန်းချန်နှင့် ခင်မင်သူဖြစ်လေရာ ရန်ကျောက်ကဲကိုဟန့်တားရန် မဟာမိတ်ဖွဲ့စည်းရန်အတွက် ယွမ်ရှန်းချန် ထွက်ခွာလာသည့်အခါ သူလည်း လိုက်ပါလာခြင်း ဖြစ်၏။
သူက ရောက်ကတည်းက စကားတစ်ခွန်းမှမဆိုပေ။ တာအိုဆရာတုန်းချွမ်နှင့် မိတ်ဆက်ပေးစဉ်ကပင် ပြုံးပြခေါင်းညိတ်ပြီးသာ အသိအမှတ်ပြုခဲ့သည်။
သူက သိုသိုသိပ်သိပ်နေထိုင်သော်လည်း တာအိုဆရာတုန်းချွမ်အပါအဝင် ရောက်ရှိနေကြေသော ငြိမ်းချမ်းရေးတောင်တန်းမှ သိုင်းသမားများအားလုံး သူ့ကို လျှော့တွက်ဝံ့ခြင်း မရှိကြပေ။
သူ၏အုပ်ချုပ်မှုအောက်တွင် ခရမ်းရောင်ဓားဂိုဏ်းက ပင်လယ်ချိတ်ဆက်ဒေသတစ်ခုလုံးတွင် အရေးပါသော စွမ်းအားစုတစ်ခုအဖြစ် လွှမ်းမိုးထားနိုင်သည် မဟုတ်လား။
တာအိုဆရာတုန်ချွမ်က...
“ဆရာယွမ်နဲ့ ဂိုဏ်းချုပ်ကျောက်အပါအဝင် ကြွရောက်လာကြသူတိုင်း... ဒီ ‘ရန်’မျိုးနွယ်ကောင်စုတ်လေးကို ထောင်ချောက်ဆင်ဖမ်းဆီးနိုင်မယ်ဆိုရင် သေချာပေါက် အရှုံးပေးလာမှာပါပဲ”
သူက ဆက်ပြောသည်။
“ဒါပေမဲ့ ငြိမ်းချမ်းရေးတောင်တန်းရဲ့ မြေပြင်အနေအထားက ရှုတ်ထွေးတဲ့အတွက် ပုန်းအောင်းရလွယ်ကူတယ်ဆိုတာ လူတိုင်းသိပါတယ် ၊ ဒီလိုနေရာမှာ လူတစ်ယောက်ကိုရှာရတာဟာ ကောက်ရိုးပုံထဲ အပ်ပျောက်ရှာရသလိုပါပဲ”
“ဒီနေရာမှာ ဘိုးစဉ်ဘောင်ဆက် နေထိုင်ခဲ့ကြတဲ့ သိုင်းသမားတွေက မြေပြင်အနေအထားကို ရင်းနှီးကြပါတယ် ၊ ဒါတောင်မှ ရန်ကျောက်ကဲကိုရှာဖွေဖို့ အတူပူးပေါင်းပြီး ကြိုးစားဆောင်ရွက်ဖို့ လိုအပ်ပါတယ်”
တာအိုဆရာ တုန်းချွမ်က...
“ဆိုတော့... ခေါင်းဆောင်မရှိရင် အဖွဲ့အစည်းဆိုတာ မဖြစ်နိုင်ပါဘူး ၊ ကံကောင်းစွာနဲ့ ဝူထုန်တောင်စောင်းက ဆရာယွမ်က စက်ဝန်းတောင်ကနေ ဒီနေရာကို ကြွရောက်လာတဲ့အတွက် အားလုံး သူ့ရဲ့ခေါင်းဆောင်မှုအောက်မှာ စည်းလုံးစွာ လုပ်ဆောင်နိုင်ပါတယ်”
သူ့စကားကြားတော့ ငြိမ်းချမ်းရေးတောင်တန်းမှ အခြားသောသိုင်းသမားများ စိတ်ထဲမှ မကျေမနပ်ဖြင့် နှာခေါင်းရှုံ့လိုက်ကြသည်။
ယွမ်ရှန်းချန်ကို ခေါင်းဆောင်တင်သည်ဆိုသော်လည်း သူက ငြိမ်းချမ်းရေးတောင်တန်းဒေသ၏ မြေပြင်အနေအထားကို သိရှိသူ မဟုတ်ပေ။
တကယ်လက်တွေ့အကောင်အထည်ဖော်ရာတွင် နယ်ခံသိုင်းသမားတစ်ယောက်ကသာ ဦးဆောင်ရမည် ဖြစ်သည်။
ဆိုလိုသည်က ဦးဆောင်သူက တာအိုဆရာတုန်းချွမ်သာလျှင် ဖြစ်လာပေမည်။
သို့သော် ယွမ်ရှန်းချန်က တာအိုဆရာတုန်းချွမ်ကို တိတ်တဆိတ် အခွင့်အာဏာပေးထားပြီးဖြစ်ရာ မဟူရာညဂိုဏ်းနှင့် အခြားသောစွမ်းအားစုများမှာ အံကြိတ်သည်းခံရုံသာ တတ်နိုင်ကြသည်။
မည်သို့ပင်ဖြစ်စေ မကျေနပ်မှုများကို စိတ်ထဲတွင်သာ မျိုသိပ်ထားနိုင်ကြသည်။
တာအိုဆရာတုန်းချွမ်ကတော့ စိတ်ထဲတွင်အောင်ပွဲခံနေသည့်တိုင် မျက်နှာတွင်တော့ အမူအရာမဖော်ပြရဲပေ။
သူသာ တစ်စုံတစ်ခုမှားယွင်းသွားပါက ယွမ်ရှန်းချန်ကို စော်ကားသလိုဖြစ်သွားကာ ပြဿနာရှိလာနိုင်ပေသည်။
ထို့ကြောင့် တာအိုဆရာတုန်းချွမ်က မဟူရာညဂိုဏ်းမှ အကြီးအကဲကိုပင် လွှမ်းမိုးအနိုင်ယူလိုဟန် မပြခဲ့ပေ။
အမှန်တော့ ဝူထုန်တောင်စောင်းမှ ယွမ်ရှန်းချန်က အပြီးသတ်ဆုံးဖြတ်ချက်မချမချင်း တာအိုဆရာတုန်းချွမ်အနေဖြင့် သူလုပ်ချင်တိုင်း လုပ်၍မရနိုင်ပေ။
မည်သို့ပင်ဖြစ်စေ ငြိမ်းချမ်းရေးတောင်တန်းမှ သိုင်းသမားအများစုကို မဟာမိတ်ဖွဲ့ရန်အတွက် ဤနေရာတွင် စုရုံးနိုင်ခြင်းက သူတို့ဟောက်လင်တောင်အတွက် အတော်လေး အကျိုးအမြတ် ရရှိနေပေပြီ။
တာအိုဆရာတုန်းချွမ်က...
“ဒီတော့... ဒီတာအိုဆရာက အိမ်ရှင်အဖြစ် ကမကထပြုပြီး ရန်ကျောက်ကဲကို ဘယ်လိုထောင်ချောက်ဆင်မလဲဆိုတာ ဆွေးနွေးဖို့ အားလုံးကို ဒီနေရာကို ဖိတ်ကြားခဲ့တာပါ”
အစပိုင်းတွင် အရာအားလုံးက ချောချောမောမောဖြစ်နေသော်လည်း...
ယခု ယွမ်ရှန်းချန်က ထိုင်ခုံတွင်ထိုင်ရင်း သူ၏အဖြူရောင်မျက်ခုံးများကို တွန့်ချိုးလိုက်သည်။
ဒါကိုမြင်တော့ သူများ စကားမှားသွားလေသလားဟုတွေးတောမိပြီး တာအိုဆရာတုန်းချွမ် မှင်တက်သွားသည်။
သူ ဘယ်လိုဆက်လုပ်ရမလဲ စဉ်းစားနေချိန်မျာပင် ဟောက်လင်တောင် ပင်မအစီအရင်ကြီး၏ ဆက်နွယ်မှုမှတစ်ဆင့် ဖိတ်ကြားထားခြင်းမရှိသော ဧည့်သည်အချို့ ဟောက်လင်တောင်တန်းဆီသို့ ချဉ်းကပ်လာနေကြောင်း သိလိုက်ရသည်။
ထိုအချိန်မှာပင် ပဲ့တင်ထပ်ထွက်ပေါ်လာသော အသံတစ်သံကို ကြားလိုက်ရလေသည်။
“ဝါဒတောင်က ရန်ကျောက်ကဲ လာရောက်လည်ပတ်တာပါ ၊ ဒီနေရာကအိမ်ရှင်များ ရှိပါသလား”
ချက်ချင်းပင် လူတိုင်း စကားမပြောနိုင်ဖြစ်သွားပြီး စိတ်ထဲမှအတွေးများလည်းရပ်တန့်သွားကာ လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည်။
လူတိုင်းက နားကြားများမှားသလားဟုတွေးကာ တစ်ယောက်မျက်နှာတစ်ယောက် ကြည့်မိကြ၏။
“အပြင်ကလူက သူ့ကိုယ်သူ ရန်ကျောက်ကဲလို့ ပြောနေပါလား”
“ဝါဒတောင်က ရန်ကျောက်ကဲဆိုပါလား”
“သူက ဟောက်လင်တောင်ကို သူ့ဟာသူ ရောက်လာတာလား”
အားလုံး၏မျက်ဝန်းများက မယုံနိုင်မှုများဖြင့် ပြည့်နက်နေသည်။
တာအိုဆရာတုန်းချွမ်သည်ပင် အာမေဋိတ်သံပြုရင်း နေရာမှ မတ်တတ်ထရပ်လိုက်လေ၏။