← Chapters

မဟာချီဝိညာဉ် နှစ်ခု

Vol. 30 Ch. 407

မဟာချီဝိညာဉ် နှစ်ခု

Vol. 30 Ch. 407

အန်ရှင်းမိန်က အတွင်းစည်း သိုင်းတက္ကသိုလ်ရဲ့ ထွဋ်ခေါင် ပါရမီရှင် တစ်ယောက်လို့တောင် သတ်မှတ် ခံထားရသူ တစ်ယောက်ပါ။ သူက အသက်၃၄နှစ်သာ ရှိသေးတဲ့  ပြန်လည် ဝင်စားခြင်းနယ်ပယ် အဆင့်၄ ကျောင်းသူတစ်ယောက် ဖြစ်ပါတယ်။ ဒါပေမဲ့ လီဖူချန်းနဲ့ ယှဉ်ရင်တော့ ရှက်စရာပါပဲ။ အန်ရှင်းမိန် သိထားသလောက် ဆိုရင်တော့ လီဖူချန်းက အခုမှ အသက်၂၆နှစ်သာ ရှိနေသေးတာပါ။ အန်ရှင်းမိန်  ပြန်လည်ဝင်စားခြင်း နယ်ပယ်ကို ချိုးဖောက်ဝင်ရောက်နိုင်ခဲ့တုန်းကတော့ အသက်၂၉နှစ် ရှိနေခဲ့ပါပြီ။

အန်ရှင်းမိန်ဟာ  လီဖူချန်း အကြောင်း ကြားပြီးကတည်းက လီဖူချန်းနဲ့ မိတ်ဆွေ ဖြစ်ချင်နေခဲ့တာ ဆိုရင်လည်း မမှားပါဘူး။

အန်ရှင်းမိန်ရဲ့ အပြုအမူက   ပြန်လည်ဝင်စားခြင်း နယ်ပယ်အဆင့်၄ ကို  ရောက်နေပြီဖြစ်တဲ့  အခြား ကျောင်းသားတစ်ယောက်ကို မနာလို ဝန်တိုစိတ်တွေ ဖြစ်ပေါ်စေခဲ့ပါတယ်။

လျူခိုင် ... ။

လျူခိုင်ဆိုကတော့   တန်းခွဲ၉ရဲ့ အစွမ်းအထက်ဆုံး ကျောင်းသား နှစ်ယောက်ထဲက တစ်ယောက်ပါပဲ။

သူက အန်ရှင်းမိန်ကို ပိုးပန်းနေခဲ့တာ သုံးနှစ်သုံးမိုး တိုင်နေခဲ့ပါပြီ။ ဒါပေမဲ့ အန်ရှင်းမိန်ကတော့ သူ့အပေါ်မှာ မာနကြီးစွာ ပြုမူနေဆဲပါပဲ။ အန်ရှင်းမိန်က  သူ့တစ်ယောက်တည်း အပေါ်မှာသာ မာနကြီးတာတော့  မဟုတ်ပါဘူး။ အန်ရှင်းမိန်ဟာ အတွင်းစည်း တက္ကသိုလ် တစ်ခုလုံးက ကျောင်းသားထု တစ်ရပ်လုံးရဲ့ ကြားမှာတောင်မှ မာနခဲ  နတ်မိမယ်ဆိုပြီး နာမည်ကြီးနေသူပါ ။ စွမ်းအင် သတ်မှတ်ချက် ဇယားရဲ့ အဆင့်၅    ကျိုးဟန်တောင်မှ အန်ရှင်းမိန်ကို ပိုးပန်းလို့ မရတဲ့ အထိကို အန်ရှင်းမိန်ဟာ မာနကြီးပါတယ်။

ဒါပေမဲ့ အဲသည်လို မာနကြီးပါတယ် ဆိုတဲ့ အန်ရှင်းမိန်ဟာ အခုတော့  ကျောင်းသားသစ်ဖြစ်တဲ့ လီဖူချန်းကို စကားမရှိ စကားရှာပြီး အရောတဝင် လုပ်ဖို့ ကြိုးစားနေပါတယ်။ လျူခိုင်ဟာ သည်မြင်ကွင်းကြောင့် သွေးအန်တော့ မလိုတောင် ဖြစ်နေပါပြီ။

" ညီလေးဖူချန်း ... ။ မင်းက ကျောင်းအုပ်ကြီးရဲ့ သီးသန့် ကျောင်းသားဆိုတော့ မြေကမ္ဘာ အလယ်အလတ် အဆင့် အတွင်းအား ကျင့်စဉ်ကို ကျင့်ကြံထားမှာပေါ့။ ညီလေးက ဘယ်ကျင့်စဉ်ကို ရွေးထားတာလဲ။ ပြီးတော့  ညီလေးရဲ့ အတွင်းအားကျင့်စဉ်က ဘယ်အဆင့်အထိ ရောက်နေပြီလဲ "

လျူခိုင်က လီဖူချန်းရဲ့ အခြေခံအုတ်မြစ်ကို မသိမသာ မေးမြန်းတီးခေါက် လိုက်ပါတယ်။

" နေမင်းဇောအဟုန် နတ်ဘုရားကျင့်စဉ်။ အဆင့်၂၄  "

ကျောင်းအုပ်ကြီးရဲ့ သီးသန့်ကျောင်းသား ဖြစ်ပြီးမှတော့  လီဖူချန်းဟာ သိုသိုသိပ်သိပ် မနေလိုတော့ပါဘူး။ သူက ဘဝတစ်လျှောက်လုံးကို သိုသိုသိပ်သိပ် နေလာခဲ့ပြီးပါပြီ။ အဲသည်အတွက် အမှန်အတိုင်းသာ ပြန်ဖြေလိုက်ပါတယ်။

" အဆင့် ၂၄လား. ... "

အန်ရှင်းမိန်ရဲ့  မျက်လုံးအစုံကတော့ ဝိုင်းစက်ပြူးကျယ် သွားခဲ့ပါပြီ။

နေမင်းဇောအဟုန် နတ်ဘုရားကျင့်စဉ်ရဲ့ အဆင့်၂၄။ ဒါက အဆင့်နိမ့် အတွင်းအား ကျင့်စဉ်တွေရဲ့ အမြင့်ဆုံး အဆင့်ထက်တောင် တစ်ဆင့် ပိုသာနေပါသေးတယ်။

သည်လီဖူချန်းဆိုတဲ့ ကောင်လေးက ဘယ်လိုများ ကျင့်ကြံလိုက်ပါလိမ့်။ ဒါက လုံးဝ မယုံကြည်ချင် စရာပါပဲ။

" ဟား ... ဟား ... ဟား ... ။ မထင်ရဘူးဟေ့  ...  ညီလေးဖူချန်းက ဟာသဉာဏ် တကယ်ရွှင်တာပဲ။ ဟား ... ဟား ... ဟား ... "

လျူခိုင်ကတော့ လီဖူချန်းရဲ့ အဖြေကို မယုံကြည်တဲ့အတွက် အားရပါးရ ရယ်မောနေခဲ့ပါတယ်။

သူတောင်မှ သူ့ရဲ့ မြေကမ္ဘာအဆင့်နိမ့် အတွင်းအား ကျင့်စဉ်ကို ရှစ်နှစ်တိုင်တိုင် ကျင့်ကြံပြီးမှ အမြင့်ဆုံး အဆင့်အထိ ရောက်ခဲ့တာပါ။  လီဖူချန်းက တောင်ပိုင်းတောအုပ် သိုင်းတက္ကသိုလ်ကို ရောက်လာတာတောင် တစ်နှစ်မပြည့်သေးဘဲ နေမင်းဇောအဟုန် နတ်ဘုရားကျင့်စဉ် အဆင့်၂၄ကို ရောက်အောင် ကျင့်ကြံနိုင်ခဲ့တယ် ဟုတ်လား။ ဒါက လုံးဝ ဟာသပါပဲ။

" ငါက အမှန်ကိုပြောတာ  ... ။ ယုံတာ မယုံတာက မင်းအပိုင်းပဲ "

လီဖူချန်းက ရှည်ရှည်ဝေးဝေး ရှင်းပြမနေတော့ပါဘူး ။

သူ့ရဲ့စကားကို လျူခိုင် ယုံသည်ဖြစ်စေ၊ မယုံသည်ဖြစ်စေ ဘာမှ ထူးလာတာမှ မဟုတ်တာ။

"မောင်လေးဖူချန်း ...  မမ မင်းကို ယုံတယ် "

အန်ရှင်းမိန်ကတော့ လီဖူချန်းရဲ့ ပြောစကားကို ယုံကြည်ပါတယ်။ လီဖူချန်းက ကျောင်းအုပ်ကြီးရဲ့ သီးသန့် ကျောင်းသားပါ။ ကျောင်းအုပ်ကြီးက သာမန်ကျောင်းသား တစ်ယောက်ကိုတော့ သီးသန့် ကျောင်းသား အဖြစ် ရွေးချယ်စရာ အကြောင်းမရှိပါဘူး။

ဟောင်ချင်မူရဲ့ သင်ခန်းစာ ပြီးသွားတဲ့ အချိန်မှာတော့ ညနေခင်းကိုတောင်  ရောက်နေခဲ့ပါပြီ။

" မောင်လေးဖူချန်း ...  ညစာ အတူ သွားစားရအောင် "

အန်ရှင်းမိန်က  လီဖူချန်းကို ညစာ သွားစားဖို့အတွက် ကမ်းလှမ်း လိုက်ပါတယ်။

" ဟုတ် "

အန်ရှင်းမိန်ရဲ့ အပြုအမူက အရမ်းကို ချစ်စရာ ကောင်းလွန်းနေတဲ့ အတွက် လီဖူချန်းဟာ မငြင်းရက် နိုင်ခဲ့ပါဘူး ။ သည်လိုနဲ့ပဲ သူတို့နှစ်ယောက်ဟာ စားသောက်ခန်းမ ကို ထွက်လာခဲ့ကြပါပြီ။

အတွင်းစည်း တက္ကသိုလ်ရဲ့ စားသောက်ခန်းမကတော့ အထပ်၃ထပ်ရှိတဲ့ အဆောက်အဦ တစ်ခုဖြစ်ပြီး  အပေါ်တစ်ထပ်မှာ ရှိတဲ့ အစားအသောက်တိုင်းဟာ အောက်တစ်ထပ်ထက် ပိုပြီး ဈေးကြီးပါတယ်။

အန်ရှင်းမိန်က လီဖူချန်းကို အတော်လေး စေတနာရှိတဲ့ ပုံပါပဲ။ သူက လီဖူချန်းကို စားသောက်ခန်းမရဲ့ တတိယထပ်ကို ခေါ်သွားတဲ့အပြင်  စားကောင်းသောက်ဖွယ် ဟင်းလျာတွေကိုလည်း  စားပွဲတစ်ခုလုံး အပြည့် မှာကြား ထားပေးပါတယ်။

သည်ဟင်းလျာတွေ အတွက် အန်ရှင်းမိန်ဟာ  အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၁၀တုံး ပေးခဲ့ ရပေမယ့်လည်း မျက်နှာတစ်ချက်မှ ပျက်မသွားခဲ့ပါဘူး။ သူက လီဖူချန်းနဲ့ ခင်မင် ရင်းနှီးချင်တာ မဟုတ်ပါလား။

" ဟား ... ဟား ... ဟား ... ဟား ...  "

" ခစ် ... ခစ် "

လီဖူချန်းနဲ့ အန်ရှင်းမိန်တို့ဟာ ညစာ စားရင်းနဲ့  ပျော်ရွှင်ဖွယ်ကောင်းတဲ့ အချိန်လေးတစ်ခုကို ဖန်တီး နေကြပါတယ်။

" တောက် "

စားသောက်ခန်းမ တတိယထပ်ရဲ့ အခြားစားပွဲတစ်ခုမှာ ရှိနေတဲ့ လျူခိုင်ကတော့ အချစ်ငှက်စုံတွဲ တစ်တွဲလို ပြုမူနေကြတဲ့ လီဖူချန်းနဲ့ အန်ရှင်းမိန်ကို ကြည့်ပြီး  တောက်တခေါက်ခေါက် ဖြစ်နေခဲ့ပါပြီ။

ထပ် ... ထပ် ... ထပ် ...

အဲသည်အချိန်မှာပဲ  လှေကားဘက်ကနေ ခြေသံတွေ ကြားလိုက်ရပြီး  သိမ်းငှက်တစ်ကောင်လို စူးရှတဲ့ မျက်လုံးအစုံနဲ့  ခပ်ချောချော လူငယ်တစ်ယောက် ထွက်ပေါ်လာခဲ့ပါတယ်။

ရောက်ရောက်ချင်း အဲသည်လူငယ် ပထမဦးဆုံး လုပ်တာကတော့ တတိယထပ် တစ်ခုလုံးကို  လိုက်ကြည့်တာပါပဲ။

"အန်ရှင်းမိန် "

အန်ရှင်းမိန်ကို တွေ့တဲ့အခါမှာတော့ အဲသည်လူငယ်ရဲ့ မျက်လုံးတွေဟာ အရောင်တောက် သွားခဲ့ပါပြီ။ ဒါပေမဲ့ သိပ်မကြာခင်မှာပဲ  သူ့ရဲ့ မျက်နှာဟာ ပြိုတော့မယ့်မိုးလို မှောင်မှိုင်းသွားခဲ့ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အန်ရှင်းမိန်က လူငယ်လေး တစ်ယောက်နဲ့အတူ စားသောက်နေလို့ပါပဲ။

သူက အန်ရှင်းမိန်ကို ပိုးပန်းနေတာ အတော်လေး ကြာခဲ့ပါပြီ။ ဒါပေမဲ့ အန်ရှင်းမိန်နဲ့ တစ်ခါမှ  ညစာအတူစားဖို့ အခွင့်အရေး မရခဲ့ပါဘူး။

" ဟမ့် . ...  တွေ့ကြသေးတာပေါ့ကွာ "

လူငယ်က စိတ်ထဲကနေ ကြိမ်းဝါးလိုက်ပြီး သူ့ရဲ့ ခြေလှမ်းတွေကို အန်ရှင်းမိန်ရှိရာ ဆီသို့ ဦးတည်လိုက်ပါပြီ။

" ညီမလေးအန်း ... ။ သူက ဘယ်သူလဲ ... ။ အစ်ကိုလည်း တစ်ခါမှ မမြင်ဖူးပါလား။ အစ်ကို့ကိုလည်း မိတ်ဆက်ပေးပါဦး  "

အန်ရှင်းမိန်တို့ စားပွဲကို အရောက်မှာတော့ လူငယ်က အန်ရှင်းမိန်ကို ပြုံးပြပြီး ပြောလိုက်ပါတယ်။

အန်ရှင်းမိန်က အဲသည်လူငယ်ကို မျက်မှောင်ကြုတ်ပြီး စိုက်ကြည့် လိုက်ပါတယ်။ သူက အဲသည် လူငယ်ကို နှစ်မြို့ပုံ မရပါဘူး။

ဒါပေမဲ့လည်း သူက  လီဖူချန်းနဲ့ အဲသည်လူငယ်ကို မိတ်ဆက်ပေးလိုက်ပါတယ်။

" လီဖူချန်း ...  ဒါက ဝါစဉ်ကြီးအစ်ကို ရှောင်ခွန်းတဲ့။ အကိုရှောင်ခွန်း ... ဒါက ကျောင်းအုပ်ကြီးရဲ့ သီးသန့်ကျောင်းသား လီဖူချန်းလေ။ သူက အခုညီမတို့ရဲ့ တန်းခွဲ၉မှာ "

" အိုး ...  ဒါက လီဖူချန်းဆိုတာလား ... .။  မင်းနဲ့တွေ့ရတာ ဂုဏ်ယူပါတယ် "

ရှောင်ခွန်းက လီဖူချန်းဟာ ကျောင်းအုပ်ကြီးရဲ့ သီးသန့်ကျောင်းသား ဆိုတာကို သိပေမယ့်လည်း မျက်နှာအမူအရာ ပြောင်းမသွားခဲ့ပါဘူး။ သူက လီဖူချန်းကို ခင်မင်ရင်းနှီးစွာ ပြုံးပြလိုက်ပြီး လက်ဆွဲနှုတ်ဆက်ဖို့ အတွက် လက်ကမ်း လိုက်ပါတယ်။

" အကိုရှောင်ခွန်း ...  တွေ့ရတာ ဝမ်းသာပါတယ် "

တစ်ဖက်လူက ခင်မင်ရင်းနှီးစွာ ဆက်ဆံလာမှတော့ လီဖူချန်းကလည်း မရိုင်းပါဘူး။ သူက ညာဘက်လက်ကို ထုတ်ပြီး ရှောင်ခွန်းနဲ့ လက်ဆွဲ နှုတ်ဆက်လိုက်ပါတယ်။

ခရပ်ရှ်  ...

သူတို့နှစ်ယောက်ရဲ့ လက်နှစ်ဖက် ထိမိတဲ့ အချိန်မှာတော့ ရှောင်ခွန်းဟာ လီဖူချန်းရဲ့လက်ကို အားရပါးရ ညှစ်ထည့်လိုက်ပါပြီ။ ဒါပေမဲ့ သူ့ရဲ့ ခန္ဓာကိုယ်ကနေတော့ ချီစွမ်းအင် အငွေ့အသက်လေး တစ်ခုတောင် ထွက်မလာခဲ့ပါဘူး။

ရှောင်ခွန်းက ချီအတွင်းအား ကျင့်ကြံမှုကော ခန္ဓာကိုယ် အပြင်အား ကျင့်ကြံမှုကိုပါ တွဲပြီး ကျင့်ထားတဲ့ သူတစ်ယောက် ဖြစ်ပါတယ်။ သူ့ရဲ့ ချီအတွင်းအား ကျင့်ကြံမှုဟာ ပြန်လည်ဝင်စားခြင်းနယ်ပယ် အဆင့်၄မှာ ရောက်နေပြီ ဖြစ်သလို ခန္ဓာကိုယ် အပြင်အား ကျင့်ကြံမှုကလည်း ပြန်လည်ဝင်စားခြင်း  နယ်ပယ်ကို ရောက်နေခဲ့ပါပြီ။

ဒါပေမဲ့ ရှောင်ခွန်း မသိတာကတော့ လီဖူချန်းဟာလည်း သူ့လိုလူတစ်ယောက် ဆိုတာပါပဲ။ ပြီးတော့ လီဖူချန်းရဲ့ ခန္ဓာကိုယ်အပြင်အား ကျင့်ကြံမှုက ရှောင်ခွန်းထက် အများကြီး သာနေပါသေးတယ်။

တကယ်လို့ လီဖူချန်းနေရာမှာ တခြားတစ်ယောက်သာဆိုရင် မျက်နှာမဲ့သွားမှာ ဖြစ်ပေမယ့် လီဖူချန်းကတော့ အပြုံးကို မပျက်သေးပါဘူး။ ပြီးတော့ သူက ရှောင်ခွန်ရဲ့ လက်ကိုတောင် ပြန်ပြီး ညှစ်လာခဲ့ပါသေးတယ်။

" အိုး "

ရှောင်ခွန်းက အံ့သြသွားခဲ့ပါပြီ။ တစ်ဖက်လူက ချီအတွင်းအားကို အသုံးမပြုတာ အသိသာကြီးပါပဲ။

" ဟမ့် ... သည်ကောင်ကလည်း ခန္ဓာကိုယ် အပြင်အား ကျင့်စဉ်တွေကို လေ့ကျင့်ထားတာကိုး ... .။ ငါ့ရဲ့ အပြင်အား ၇၀ရာခိုင်နှုန်းကိုကော မင်းခံနိုင်ဦးမှာလား "

အစောပိုင်းတုန်းကတော့ ရှောင်ခွန်းဟာ သူ့ရဲ့ အပြင်အား ၅၀ရာခိုင်နှုန်းကိုသာ ထုတ်သုံးထားခဲ့တာပါ။ လီဖူချန်းကလည်း ခန္ဓာကိုယ်အပြင်အား ပညာကို ကျင့်ကြံထားတယ်ဆိုတာကို သိပြီးတဲ့နောက်မှာတော့ သူဟာ သူ့ရဲ့ အပြင်အားကို ၇၀ ရာခိုင်နှုန်းအထိ ထုတ်သုံးလိုက်ပါတယ်။

ခရပ်ရှ်  ...  ... ခရပ်ရှ်  ...  ... ခရပ်ရှ်  ...  ...

သတ္တုအချင်းချင်း ပွတ်တိုက်မိတဲ့ အသံတွေ ထွက်ပေါ်လာခဲ့ပါပြီ။ အဲသည်အသံတွေရဲ့ မူလဇာစ်မြစ်ကတော့ လီဖူချန်းနဲ့ ရှောင်ခွန်းတို့ရဲ့ လက်ကနေပဲ ဖြစ်ပါတယ်။

အစကတော့ အန်ရှင်းမိန်ဟာ ရှောင်ခွန်းကို တားဦးမလို့ပါပဲ။ ဒါပေမဲ့ လီဖူချန်းက အရေးနိမ့်နေပုံ မပေါက်တဲ့အတွက် သူဟာ အသာလေး ရပ်ကြည့်နေလိုက်ပါတယ်။

ဒါက လီဖူချန်းရဲ့ အစွမ်းအစကို လေ့လာဖို့အတွက် အခွင့်အရေး တစ်ခုပင် မဟုတ်ပါလား။

အပြင်အား ၇၀ ရာခိုင်နှုန်း ...

အပြင်အား ၈၀ ရာခိုင်နှုန်း ...

အပြင်အား ၉၀ ရာခိုင်နှုန်း ...

အပြင်အား ၁၀၀ ရာခိုင်နှုန်း ...  ...

ရှောင်ခွန်းကတော့ မျက်စိပျက် မျက်နှာပျက် ဖြစ်နေပါပြီ  ။ သူက သူ့ရဲ့ အပြင်အား ၁၀၀ ရာခိုင်နှုန်းကို သုံးထားပြီးတဲ့အပြင် သက်စောင့်အားတွေကိုတောင် သုံးထားခဲ့တာပါ။ ဒါပေမဲ့ တစ်ဖက်လူကတော့ ဖြုံပုံတောင် မရပါဘူး။

ရှောင်ခွန်းရဲ့ လက်ဟာ တဖြည်းဖြည်း ငွေရောင် ပြောင်းလာတာကိုတောင် လူတွေအားလုံး တွေ့မြင်နေရပါတယ်။

လီဖူချန်းကတော့ ပြုံးနေဆဲပါပဲ။ သူက ဆင်နဂါးစွမ်းအားတွေကို သူ့လက်ထဲ ပို့ဆောင်လိုက်ပြီး  သူ့ရဲ့ ညှစ်အားကို ထပ်တိုးနေပါတယ်။

ခရပ်ရှ်  ...  ... ခရပ်ရှ်  ...  ... ခရပ်ရှ်  ...  ...

ရဲှ ... ရှဲ ...

သူတို့နှစ်ယောက်စလုံးရဲ့ လက်ကနေပြီး မီးပွားလေးတွေတောင် ထွက်စပြုနေပါပြီ။ အန်ရှင်းမိန်ရဲ့   စိတ်ထဲမှာလည်း ညှော်နံ့တစ်ခု ရလာသလိုပါပဲ။

အန်ရှင်းမိန်က လက်ညှစ်အား ပြိုင်နေတဲ့ နှစ်ယောက်ကို သေသေချာချာ ကြည့်လိုက်တဲ့ အခါမှာတော့ ထိတ်လန့်သွားခဲ့ပါတယ်။

လီဖူချန်းရဲ့ မျက်နှာကတော့ နဂိုမူလအတိုင်း ခပ်ပြုံးပြုံး ရှိနေဆဲပါပဲ။ ဒါပေမဲ့ ...  ရှောင်ခွန်း။

ရှောင်ခွန်းကတော့ အခြေအနေ လုံးဝ မကောင်းတော့ပါဘူး။ သူ့ရဲ့မျက်နှာတစ်ခုလုံးဟာ တွန့်လိမ်ရှုံ့တွ နေသလို ချွေးသီးချွေးပေါက်တွေကလည်း တဒီးဒီး ကျနေပါတယ်။

" လခွီးပဲ ... ငါဘာဖြစ်လို့ သည်လို ရူးမိုက်တဲ့အလုပ်ကို သွားလုပ်မိပါလိမ့် "

ရှောင်ခွန်းကတော့ နောင်တတွေ ရနေခဲ့ပါပြီ။ ဒါပေမဲ့လည်း အခုအချိန်ကျမှ နောင်တရနေလို့လည်း မထူးတော့ပါဘူး။ သူက အံကျိတ်ပြီးသာ တောင့်ခံရတော့မှာပါ။

အဲသည်အချိန်မှာပဲ လီဖူချန်းက ရုတ်တရတ် ဆိုသလို သူ့ရဲ့ လက်ညှစ်အားကို ၃၀ရာခိုင်နှုန်း ထပ်တိုး လိုက်ပါတယ်။

ဖျောက် ...

ရှောင်ခွန်းရဲ့ လက်ကတော့ သွင်သွင် ကျိုးသွားခဲ့ပါပြီ။ သူ့ရဲ့ လက်ချောင်း အချို့ဆိုရင် ပြုတ်တူကြီး တစ်ချောင်းဖြင့် ညှစ်ခံလိုက်ရတဲ့အလား တွန့်လိမ်ကွေးကောက် ကုန်တာပါ။

အဲသည်အချိန်မှပဲ လီဖူချန်းက ကျေနပ်သွားဟန်ဖြင့် သူ့ရဲ့ လက်ကို ပြန်ရုတ်သိမ်း လိုက်ပါတယ်။ အဲသည်နောက်မှာတော့  သူက ရှောင်ခွန်းကို ထမင်းစားတူ တစ်စုံ လှမ်းပေးလိုက်ပြီး

" အစ်ကို ရှောင်ခွန်းက အရမ်း သဘောကောင်းတာပဲ။ လာပါ ...  ကျွန်တော်တို့နဲ့အတူ ညစာ စားသွားပါဦး "

" ရပြီညီလေး ...  အစ်ကို သွားစရာ ရှိသေးတယ်။ နောက်မှပဲ အေးအေးဆေးဆေး ထမင်းလက်ဆုံ စားကြတာပေါ့ "

ရှောင်ခွန်းက ကျိုးသွားတဲ့ သူ့ရဲ့လက်ကို အကျီ ၤလက်စဖြင့် ဖုံးလိုက်ပြီး ထွက်ခွာသွားခဲ့ပါပြီ။

" အစ်ကိုရှောင်တောင်မှ  ရှုံးသွားတာလား။ သည်ကျောင်းသားသစ် ညီလေးက မဆိုးဘူးဘဲ "

" ငါကြားတာတော့ အဲသည်ညီလေးက လီဖူချန်းတဲ့။ ကျောင်းအုပ်ကြီးရဲ့ သီးသန့်တပည့်လို့ ပြောတယ်ကွ "

" အိုး ...  ဒါကြောင့်ကိုး "

အစောက အဖြစ်အပျက်ကို မြင်လိုက်တဲ့ အတွင်းစည်း တက္ကသိုလ် ကျောင်းသားတွေကတော့  တိတ်တဆိတ် ဆွေးနွေးနေကြပါတယ်။

" သည်ကောင့်ရဲ့ ခန္ဓာကိုယ်အပြင်အားကတော့  တကယ်ကောင်းတယ်။ ဒါပေမဲ့ ရှောင်ခွန်းက ပြန်လည် ဝင်စားခြင်းနယ်ပယ် အဆင့်၄ကို ရောက်နေပြီ။ သူက သည်လို အရှက်ကွဲသွားမှတော့ သေချာပေါက် ကလဲ့စား ပြန်ချေမှာပဲ "

လျူခိုင်က စိတ်ထဲကနေပြီး တွေးနေမိပါတယ်။

" လီဖူချန်း ... အခုချိန်ကစပြီး နင်သတိထားမှ ရတော့မယ်။ ဝါစဉ်ကြီး အစ်ကိုရှောင်က  ကောင်းတဲ့ လူတစ်ယောက်တော့ မဟုတ်ဘူး။ ဒါပေမဲ့ သူက တကယ် အစွမ်းထက်တယ်။ သူက စွမ်းအင် သတ်မှတ်ချက် ဇယားက ကျောင်းသားတွေကိုပဲ မယှဉ်နိုင်တာ "

အန်ရှင်းမိန်က လီဖူချန်းကို သတိပေးလိုက်ပါတယ်။

" ရတယ် အစ်မအန်း ... ။ သည်ကောင်လောက်ကိုတော့ ကျွန်တော် မကြောက်ပါဘူး "

ရှောင်ခွန်းတစ်ယောက် ပြန်လည်ဝင်စားခြင်းနယ်ပယ် အဆင့်၅ကို မရောက်သေးသရွေ့တော့ လီဖူချန်းဟာ သူ့ကို ဂရုမစိုက်ပါဘူး။

လီဖူချန်းရဲ့ ယုံကြည်မှုအပြည့် ရှိနေတဲ့ မျက်နှာကို တွေ့ပြီးတဲ့နောက်မှာတော့  အန်ရှင်းမိန်ဟာ ဘာမှဆက်ပြီး မပြောတော့ဘဲ သက်ပြင်းတစ်ချက် ခိုးချလိုက်ပါတယ်။

****

နောက်ထပ်ရက်တွေမှာတော့ လီဖူချန်းဟာ အတန်းသွားမတက် တော့ပါဘူး။ သူက နေ့တိုင်းအတန်း သွားတက်တာဟာ အချိန်ဖြုန်းတာလို့ပဲ ယူဆထားပါတယ်။ သူ့အတွက်ကတော့  နေ့တိုင်း အတန်းသွားတက်ပြီး အချိန်ဖြုန်းနေမယ့် အစား ကိုယ့်ဘာသာ ကျင့်ကြံနေတာကမှ ပိုကောင်းပါဦးမယ်။

သည်လိုနဲ့ပဲ အချိန်တစ်လ ကုန်ဆုံးသွားခဲ့ပါပြီ။

ကျွီး ...  ...  ဝေါင်း ...  ...

အပြင်ဘက်ပိုင်း နယ်မြေ အပိုင်းအခြားရဲ့  ခြံဝင်းတစ်ခုထဲမှာတော့ ဆင်တစ်ကောင်ရဲ့ အော်မြည်သံနဲ့ ကျားတစ်ကောင်ရဲ့ ဟိန်းဟောက်သံတွေ ထွက်ပေါ်နေပါတယ်။

အဲသည်အသံတွေကို ဖြစ်ပေါ်စေတဲ့ လက်သည် တရားခံကတော့ လီဖူချန်းပါပဲ။ သူ့ရဲ့ ဦးခေါင်းထက်က ကောင်းကင်ယံ ထက်မှာတော့ ကြီးမမားလှတဲ့ ဆင်ဝိညာဉ်ကြီး တစ်ခုနဲ့ အနက်ရောင် ကျားဝိညာဉ်တစ်ခု တည်ရှိနေပါတယ်။

သည်မဟာဝိညာဉ်နှစ်ခုဟာ တစ်ခုနဲ့တစ်ခု ပေါင်းစပ်ခြင်းတော့ မရှိသေးပါဘူး။ ဒါပေမဲ့ သူတို့တွေဟာ တစ်ယောက်နဲ့တစ်ယောက် ကူညီအားဖြည့်ပေးပြီး အထူး စွမ်းအားတွေကို ထုတ်လွှတ်နေပါတယ်။

" အင်း ...  ငါ့ရဲ့ကျားဝိညာဉ်လက်သီးက အလုံးစုံတတ် သိနားလည်ခြင်း အဆင့်ကို ရောက်သွားပြီပဲ။ ပြီးတော့ ငါ့ရဲ့ ခန္ဓာကိုယ် အပြင်အားကလည်း ပြန်လည်ဝင်စားခြင်းနယ်ပယ် အဆင့်၈ကို ရောက်လုနီးပါး ဖြစ်နေပြီ "

ခန္ဓာကိုယ် အပြင်အား သိုင်းပညာတွေဟာ အင်မတန် ရှားပါးလွန်းလှပါတယ်။ ဒါပေမဲ့ အစွမ်းထက်တဲ့ ခန္ဓာကိုယ်အပြင်အား သိုင်းပညာတစ်ခုကို  အမြင့်ဆုံးအဆင့်အထိ လေ့ကျင့်ပြီးသွားရင်တော့ အဲသည် ပညာရှင်တွေဟာ  လက်မထောင်ပြီး နေနိုင်ပါပြီ။တကယ်လို့  သူတို့ထက် အစွမ်းအများကြီး ပိုထက်တဲ့ ပညာရှင်တွေနဲ့ တွေ့ရင်တောင်မှ အထူး မာကျောကြံ့ခိုင်တဲ့ သူတို့ရဲ့ ခန္ဓာကိုယ်ကြောင့်  သူတို့ဟာ ထိခိုက်အနာတရ မရှိဘဲ ထွက်ပြေးလွတ်မြောက် နိုင်ပါသေးတယ်။

ဒါပေမဲ့ ခန္ဓာကိုယ် အပြင်အားသိုင်းပညာရပ်တစ်ခုကို လေ့ကျင့်ရတာက မလွယ်ပါဘူး။ တကယ်လို့ လီဖူချန်းနေရာမှာသာ အခြားသော ပြန်လည် ဝင်စားခြင်းနယ်ပယ် ပညာရှင် တစ်ယောက်ဆိုရင်  ကျားဝိညာဉ် လက်သီးသိုင်းရဲ့ အလုံးစုံ တတ်သိနားလည်ခြင်း အဆင့်ကို ရောက်ဖို့အတွက် နှစ်ပေါင်းအနည်းငယ် အချိန်ပေးရမှာပါ။

ဒါပေမဲ့ လီဖူချန်းကတော့ သူ့ရဲ့ ထူးခြားထက်မြက်လှတဲ့ ထိုးထွင်းသိမြင်မှု၊ သူမတူအောင် အားကောင်းတဲ့ အသိစိတ်အာရုံနဲ့ သတ္တုရိုး လက်သီးသိုင်းကို တစ်ဖက်ကမ်းခတ် တတ်မြောက်ခြင်း အဆင့်အထိ လေ့ကျင်နိုင်ခဲ့တဲ့ အတွေ့အကြုံတွေကြောင့်  ကျားဝိညာဉ် လက်သီးသိုင်းကို လေ့ကျင့်ရမှာ အခက်အခဲ မတွေ့ခဲ့ပါဘူး။

ရှင်းရှင်းပြောရမယ်ဆိုရင်တော့ လီဖူချန်းအတွက် ကျားဝိညာဉ် လက်သီးသိုင်းကို လေ့ကျင့်ရတာဟာ သတ္တုရိုးလက်သီးသိုင်းကို လေ့ကျင့်ရတာထက်တောင် ပိုလွယ်ကူ နေပါသေးတယ်။

" သိုင်းပညာရပ်တွေရဲ့ အခက်ခဲဆုံးအဆင့်က  အလုံးစုံ တတ်သိနားလည်ခြင်း အဆင့်ကနေ  တစ်ဖက်ကမ်းခတ် တတ်မြောက်တဲ့ အဆင့်ကို ကူးရတာပဲ။ ငါက လအနည်းငယ်လောက် အချိန်မပေးဘဲနဲ့ တစ်ဖက်ကမ်းခတ် အဆင့်ကို ရောက်ဦးမှာ မဟုတ်ဘူး။ အဲသည်တော့ ငါ့ရဲ့ ခန္ဓာကိုယ်ကို သန့်စင်ဖို့ အချိန်ကျပြီ "

ထို့နောက်မှာတော့ လီဖူချန်းဟာ အဆင့်၄ ယူနီကွန်းမြင်းကိုစီးပြီး နန်လင်းမြို့ကို ဦးတည် သွားပါတော့တယ်။

- နန်လင်းမြို့  ထာဝရနုပျိုခြင်း ဆေးဆိုင် -

သည်ဆေးဆိုင်ကတော့ ဆရာသခင် မအိုသောကလေးငယ်ရဲ့ စီးပွားရေး လုပ်ငန်းတွေထဲက တစ်ခုပါပဲ။ ပြီးတော့ သည်ဆေးဆိုင်မှာက ဆေးအမျိုးအစား စုံလင်လှပါတယ်။

" ဆိုင်ရှင် မြေကမ္ဘာအလယ်အလတ်အဆင့် ခန္ဓာကိုယ် သန့်စင်ဆေးရည်တွေ ရှိလား "

ဆိုင်ထဲကို ရောက်တာနဲ့ လီဖူချန်းဟာ အချိန်ဆိုင်းမနေဘဲ သူလိုချင်တာကို တန်းမေးလိုက်ပါတယ်။

" ရှိပါတယ် သခင်လေး ... ။ ကျေးဇူးပြုပြီး သည်ဘက်ကို ကြွပါ "

ဆိုင်ပိုင်ရှင်ကတော့  အဘိုးအို တစ်ယောက်ပါပဲ။ သူက လီဖူချန်းကို အတောက်ပဆုံး ပြုံးပြပြီး ကြိုဆိုလိုက်ပါတယ်။

" မြေကမ္ဘာ အလယ်အလတ်အဆင့် ခန္ဓာကိုယ်သန့်စင်ခြင်း ဆေးရည်တွကို  ဝယ်နိုင်သူတွေက သိပ်မရှိပါဘူး။ ပြန်လည်ဝင်စားခြင်း နယ်ပယ်အဆင့် ခန္ဓာကိုယ် အပြင်အား ပညာရှင်တွေ တောင်မှပဲ မြေကမ္ဘာအဆင့်နိမ့်  ခန္ဓာကိုယ်သန့်စင်ခြင်း ဆေးရည်တွေကို ဝယ်ယူကြတာပါ။

စွမ်းဆောင်နိုင်မှု အပိုင်းမှာဆိုရင်တော့  မြေကမ္ဘာအဆင့်နိမ့် ခန္ဓာကိုယ် သန့်စင်ဆေးရည်နှစ်ပုလင်းဟာ   မြေကမ္ဘာအလယ် အလတ်အဆင့် ခန္ဓာကိုယ်သန့်စင်ခြင်း ဆေးရည် တစ်ပုလင်းနဲ့ ညီမျှပါတယ်။ ဒါပေမဲ့ တန်ဖိုးအပိုင်းမှာတော့  မြေကမ္ဘာအလယ်အလတ်အဆင့် ခန္ဓာကိုယ်သန့်စင်ခြင်း ဆေးရည် တစ်ပုလင်းဟာ  မြေကမ္ဘာအဆင့်နိမ့် ခန္ဓာကိုယ် သန့်စင်ခြင်း ဆေးရည် သုံးပုလင်းစာနဲ့ သွားပြီး ညီမျှနေပါတယ်။ ဒါကြောင့်လည်း လူတော်တော်များများက   မြေကမ္ဘာအလယ်အလတ်အဆင့် ခန္ဓာကိုယ်သန့်စင်ခြင်း ဆေးရည်တစ်ပုလင်းကို ဝယ်မယ့်အစား မြေကမ္ဘာအဆင့်နိမ့် ခန္ဓာကိုယ်သန့်စင်ခြင်း ဆေးရည်ကို ဝယ်ယူကြပုံပါပဲ။

မြေကမ္ဘာအလယ်အလတ်အဆင့် ခန္ဓာကိုယ်သန့်စင်ခြင်း ဆေးရည်က မသန့်စင်မှုတွေ ပိုနည်းပြီး စုပ်ယူဖို့ ပိုလွယ်ကူ ပေမယ့်လည်း လူတော်တော်များများဟာ အဲသည်အချက်ကို ဂရုမစိုက်ကြပါဘူူး။

အချိန်အနည်းငယ် အတွင်းမှာပဲ လီဖူချန်းတို့ နှစ်ယောက်ဟာ  မြေကမ္ဘာအဆင့် ခန္ဓာကိုယ်သန့်စင်ခြင်း ဆေးရည်တွေရှိတဲ့ စင်တစ်ခုဆီကို ရောက်လာခဲ့ကြပါပြီ။

မြေကမ္ဘာအဆင့် ခန္ဓာကိုယ်သန့်စင်ခြင်း ဆေးရည်တွေရဲ့ ဈေးကတော့ မသေးလှပါဘူး။

ဈေးအနည်းဆုံးဆိုတဲ့  မြေကမ္ဘာအဆင့်နိမ့် ခန္ဓာကိုယ်သန့်စင်ခြင်း ဆေးရည် တစ်ပုလင်းရဲ့ တန်ဖိုးတောင်မှ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၃၀၀ ပေးရပြီး ဈေးအများဆုံး မြေကမ္ဘာ အဆင့်နိမ့် ခန္ဓာကိုယ်သန့်စင်ခြင်း ဆေးရည်တစ်ပုလင်းရဲ့ တန်ဖိုးကတော့ အဆင့်နိမ့်ဝိညာဉ် ကျောက်တုံး ၅၀၀ ပါ။

မြေကမ္ဘာအလယ်အလတ်အဆင့် ခန္ဓာကိုယ်သန့်စင်ခြင်း ဆေးရည်ကတော့  အမျိုးအစား နှစ်မျိုးပဲ ရှိပါတယ်။ အဲသည် နှစ်မျိုးကတော့ ဗာဂျရာ ဆေးရည်နဲ့ ရွှေအဆင်းခန္ဓာကိုယ် ဆေးရည်ပါပဲ။

***

All Chapters