← Chapters

ရှောင်ခွန်းနဲ့ နောက်ထပ်တစ်ကြိမ်

Vol. 30 Ch. 408

ရှောင်ခွန်းနဲ့ နောက်ထပ်တစ်ကြိမ်

Vol. 30 Ch. 408

ဗာဂျရာ ဆေးရည်ကတော့ တစ်ပုလင်းကို အဆင့်နိမ် ဝိညာဉ်ကျောက်တုံး ၁၀၀၀ ကျသင့်ပြီး  ရွှေအဆင်း ခန္ဓာကိုယ် ဆေးရည်ကတော့ တစ်ပုလင်းကို အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၁၂၀၀ ကျသင့်ပါတယ်။

တကယ်လို့သာ အခြားသော ခန္ဓာကိုယ်အပြင်အား ပညာရှင်တွေ ဆိုရင်တော့ သည်ဆေးတွေကို ဝယ်နိုင်တော့မှာ မဟုတ်ပါဘူး။

ခန္ဓာကိုယ်အပြင်အား ပညာရှင်တွေ ဆိုတာက သူတို့ပိုင်ဆိုင်သမျှ အရာတွေအားလုံးနဲ့  လိုအပ်တဲ့ ရင်းမြစ်ပစ္စည်းတွေကို ဝယ်ယူ အသုံးပြုနေရတာပါ။သူ့တို့ ခန္ဓာကိုယ်ထဲမှာ ရှိနေတဲ့ ချီအပြင်အား စွမ်းအင် တစ်မျှင်လေးကတောင်မှ မခန့်မှန်းနိုင်လောက်အောင် တန်ဖိုး ကြီးမားပါတယ်။

ရောင်စဉ်ခုနစ်ဖြာ တိုက်ကြီးမှာတော့ ခန္ဓာကိုယ်သန့်စင်ခြင်း လမ်းစဉ်ကို လျှောက်လှမ်းတဲ့ ခန္ဓာကိုယ် အပြင်အား ပညာရှင်တွေဟာ အမွဲတေဆုံး သူတွေပါပဲ။

ဒါပေမဲ့  သည်နေရာမှာ နောက်ခံအင်အား ကြီးမားတဲ့ ထိပ်သီးအင်အားစုတွေက ခန္ဓာကိုယ်အပြင်အား ပညာရှင်တွေကိုတော့ သည်ထဲမှာ ထည့်တွက်လို့ မရပါဘူူး။ သူတို့ကတော့ ချွင်းချက်တွေ ဖြစ်ပါတယ်။

" ဆိုင်ရှင် ...  ကျွန်တော့်ကို ဗာဂျရာ ဆေးရည်တစ်ပုလင်းနဲ့ ရွှေအဆင်းခန္ဓာကိုယ် ဆေးရည်တစ်ပုလင်း ပေးပါ "

လီဖူချန်းက သည်ဆေးရည် နှစ်ပုလင်းနဲ့ဆိုရင် သူ့ရဲ့ ဆင်နဂါး စွမ်းအင်အမျှင်ကို အရေအတွက် ၃၀၀၀ကနေ ၆၀၀၀ အထိ တိုးတက် သွားစေမယ်လို့ ခန့်မှန်းလိုက်ပါတယ်။

ဆင်နဂါးစွမ်းအင်အမျှင် အရေအတွက်  ၆၀၀၀ ဖြစ်သွားလို့ကတော့ သူ့ရဲ့ ခန္ဓာကိုယ်အပြင်အား ကျင့်ကြံမှုဟာ  ပြန်လည် ဝင်စားခြင်းနယ်ပယ် အဆင့်၅ကို  ရောက်သွားတော့မှာပါ။

" ဟုတ်ကဲ့ပါ သခင်လေး "

အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၂၂၀၀ကို ပေးချေပြီး နောက်မှာတော့ လီဖူချန်းဟာ ထာဝရနုပျိုခြင်း ဆေးဆိုင်ကနေ ပြန်ထွက်လာခဲ့ပ်ပြီ။

လီဖူချန်းက အတွင်းစည်း တက္ကသိုလ်ကို ချက်ချင်းပြန်ဖို့ စိတ်ကူးမရှိပါဘူး။ အဲသည်အတွက် သူဟာ နန်လင်းမြို့ထဲက အထက်တန်းစား တည်းခိုခန်းတစ်ခုမှာ  အခန်းတစ်ခန်း ငှားရမ်းလိုက်ပါတယ်။

ဗာဂျရာ ဆေးရည်ကတော့  မိုးကြိုးသွားတွေနဲ့ ဖော်စပ်ထားတဲ့ ဆေးရည် တစ်မျိုးပါ။ အဲသည်အတွက် သည်ဆေးရည်ဟာ ရွှေအိုရောင် သမ်းပြီး တောက်ပနေပါတယ်။

တကယ်လို့ ခန္ဓာကိုယ်အပြင်အား ပညာရှင်တစ်ယောက်ဟာ  ပြန်လည်ဝင်စားခြင်း နယ်ပယ်အဆင့်ကို မရောက်သေးဘူး ဆိုရင်တော့ ဗာဂျရာဆေးရည်ကို သန့်စင်နိုင်စွမ်း ရှိမှာ မဟုတ်ပါဘူး။

" ဂလု "

လီဖူချန်းက ဗာဂျရာဆေးရည်ကို တစ်ကျိုက်တည်း မော့သောက် ပစ်လိုက်ပါတယ်။ ပြီးတဲ့ နောက်မှာတော့ သူရဲ့ ခန္ဓာကိုယ်အပြင်အားတွေနဲ့ ဆင်နဂါးစွမ်းအင်တွေကို အသက်သွင်းလိုက်ပြီး ဆေးရည်ကို သန့်စင်ဖို့ စတင် လုပ်ဆောင်လိုက်ပါပြီ။

ဆင်နဂါး စွမ်းအင်အမျှင် ၃၅၀၀ ...

ဆင်နဂါး စွမ်းအင်အမျှင် ၄၀၀၀ ...  ...  ...

ဆင်နဂါး စွမ်းအင်အမျှင်  ၄၈၀၀ ...  ...  ...  ...  ...  ...

အချိန်တစ်ရက်လုံးလုံး ကုန်ဆုံးပြီးတဲ့ နောက်မှာတော့ လီဖူချန်းဟာ  ဗာဂျရာ ဆေးရည်ကို အောင်မြင်စွာ သန့်စင် လိုက်နိုင်ပါတယ်။ သူ့ရဲ့ခန္ဓာကိုယ်ထဲက ဆင်နဂါး စွမ်းအင်အမျှင်တွေကလည်း အရေအတွက် ၄၈၀၀ အထိ တိုးပွားလာခဲ့ပါပြီ။

ဒါပေမဲ့ လီဖူချန်းက မကျေနပ်နိုင်သေးပါဘူး။

သူက သန့်စင်ခြင်းဖြစ်စဉ် အဆုံးမသတ်သေးခင်မှာပဲ ရွှေအဆင်း ခန္ဓာကိုယ်ဆေးရည်ကို ထပ်သောက် ပစ်လိုက်ပါတယ်။

ရွှေအဆင်းခန္ဓာကိုယ်ဆေးရည်ကို သောက်ရတာကတော့ တကယ့်ကို မနှစ်မြို့စရာပါပဲ။ ဒါက ဆေးရည်တစ်ခုကို သောက်ရတာနဲ့ မတူဘဲ ဆန်းကြယ်အဆင့် သတ္တုချောင်းကြီး တစ်ချောင်းကို မျိုချ လိုက်ရသလိုတောင် ခံစားစေရပါတယ်။

ဆင်နဂါး စွမ်းအင်အမျှင် ၅၀၀၀ ...

ဆင်နဂါး စွမ်းအင်အမျှင် ၅၅၀၀ ...  ...  ...

ဆင်နဂါး စွမ်းအင်အမျှင်  ၆၂၀၀ ...  ...  ...  ...  ...

ရွှေအဆင်းခန္ဓာကိုယ် ဆေးရည်က သောက်ရတာ မနှစ်မြို့စရာ ကောင်းပေမယ့်  ဗာဂျရာ ဆေးရည်ထက် ပိုအစွမ်းထက်တယ် ဆိုတာကိုတော့ လီဖူချန်းအနေနဲ့ ဝန်ခံရမှာပါပဲ။

ဒါပေမဲ့ ဆင်နဂါးစွမ်းအင်အမျှင် အရေအတွက် တိုးပွားလာမှု အပိုင်းမှာတော့ ဗာဂျရာ ဆေးရည်လောက် မတိုးပွားစေပါဘူူး။ ဒါကလည်း  အကြောင်းအရင်းတော့ ရှိပါတယ်။

ဆင်နဂါး စွမ်းအင်အမျှင် အရေအတွက် များလာတာနဲ့အမျှ ဆေးစွမ်းတွေဟာ သိပ်ပြီး မတိုးတော့ပါဘူး။ အဲသည်အတွက် ဆင်နဂါး  စွမ်းအင်အမျှင် အရေအတွက်ဟာ  တိုးပွားမှုနှုန်း လျော့ကျလာလေ့ ရှိပါတယ်။ အဲဒါကြောင့် ရွှေအဆင်း ခန္ဓာကိုယ်ဆေးရည်က ဆင်နဂါး အရေအတွက် ၁၄၀၀ကိုသာ တိုးပွားစေခဲ့တာပါ။

ရွှေအဆင်းခန္ဓာကိုယ် ဆေးရည်ကြောင့် ဆင်နဂါးစွမ်းအင် အမျှင် အရေအတွက် တစ်ခု တိုးပွားလာတိုင်းမှာ ကျန်တဲ့ ဆင်နဂါးစွမ်းအင် အမျှင်တွေရဲ့ အရည်အသွေးတွေ တိုးမြှင့်လာတာကိုလည်း သူခံစား နေရပါတယ်။ ဒါက သိပ်ပြီး ပြောပလောက်အောင် တိုးမြှင့်လာတာ မဟုတ်ပေမယ့်လည်း ဘာမှ မတိုးမြှင့် လာတာထက် စာရင်တော့ ပိုကောင်းပါသေးတယ်။

"  ဟူး "

နောက်ဆုံးမှာတော့ လီဖူချန်းဟာ သူ့ရဲ့ ခန္ဓာကိုယ်သန့်စင်ခြင်းကို ရပ်နားလိုက်ပြီး မျက်စိ ဖွင့်လိုက်ပါပြီ။ သူ့ရဲ့ မျက်လုံးအိမ်တွေကတော့ ရွှေဝါရောင် သမ်းနေပြီး  တောက်ပနေခဲ့ပါတယ်။

ဒါပေမဲ့ အဲဒါက အချိန် သိပ်မကြာခဲ့ပါဘူး။ အသက်၁၀ခါလောက် ရှူချိန်အပြီးမှာပဲ အဲသည် ရွှေဝါရောင် သူငယ်အိမ်တွေဟာ နဂိုပုံစံအတိုင်း ပြန်ဖြစ်သွားခဲ့ပြီ။

ထို့နောက်မှာတော့ လီဖူချန်းဟာ အသိစိတ်အာရုံကို အသုံးပြုပြီး သူ့ရဲ့ခန္ဓာကိုယ်ကို ပြန်ဆန်းစစ် လိုက်ပါတယ်။

" အိုး ...  ငါ့ရဲ့ ဆင်နဂါးစွမ်းအားတွေက ၂ဆ တိုးလာပေမယ့်  မသန့်စင်မှုတွေကလည်း ပိုများလာနေပါလား "

ပညာရှင်တွေ ဖော်စပ်ထားတဲ့ ဆေးတိုင်းမှာတော့ မသန့်စင်မှုတွေ ပါဝင်တာပါပဲ။ ဒါကိုတော့ ဘာမှ အပြစ်ပြောလို့  မရပါဘူး။ ဒါပေမဲ့ ခန္ဓာကိုယ်အတွင်းမှာ မသန့်စင်မှုတွေ များလာရင်တော့ ကျင့်ကြံမှုကို ထိခိုက် လာစေမှာပါ။

ခန္ဓာကိုယ်အတွင်းမှာ ရှိနေတဲ့ မသန့်စင်မှုတွေကို ဖြေရှင်းဖို့အတွက်ဆိုရင် လီဖူချန်း အတွက် ရွေးချယ်စရာ နည်းလမ်း၂မျိုး ရှိပါတယ်။

ပထမနည်းလမ်းကတော့ ဆင်နဂါးစွမ်းအင်တွေကို အသုံးပြုပြီး သူ့ရဲ့ ခန္ဓာကိုယ်ထဲက မသန့်စင်မှုတွေကို ဖြည်းဖြည်းချင်း သန့်စင်ဖို့ပါပဲ။

ဒုတိယ နည်းလမ်းကတော့ ခန္ဓာကိုယ်ထဲမှာ ရှိနေတဲ့ မသန့်စင်မှုတွေကို သန့်စင်ပေးတဲ့ အထူးဆေး တစ်မျိုးကို သောက်သုံးဖို့ ဖြစ်ပါတယ်။

ပထမနည်းလမ်းက အချိန်ကြာပေမယ့် စိတ်ချရပါတယ်။ အဲသည်နည်းလမ်းက  အခြေခံအုတ်မြစ်ကို  မထိခိုက်စေပါဘူး။

ဒုတိယနည်းလမ်းကတော့ မြန်ပါတယ်။ ဒါပေမဲ့လည်း မသန့်စင်မှုတွေကို သန့်စင်ပေးတဲ့ ဆေးတွေမှာလည်း မသန့်စင်မှုတွေ အနည်းနဲအများတော့ ပါတာပါပဲ။ ဒါက ရေရှည်မှာ ကျင့်ကြံသူရဲ့ အခြေခံအုတ်မြစ်ကို သေချာပေါက်  ထိခိုက်စေမှာပါ။

" ထားလိုက်ပါတော့ကွာ ... ။ ငါ့အနေနဲ့ လောနေစရာမှ မလိုသေးတာ။ ပြီးတော့ အထူးဆေး တစ်မျိုး ဝယ်ပြီးလည်း  ဝိညာဉ် ကျောက်တုံးတွေကို မဖြုန်းပစ်ချင်သေးဘူး "

အချိန်အတော်ကြာ စဉ်းစားပြီးတဲ့ နောက်မှာတေ့ာ လီဖူချန်းဟာ ပထမ နည်းလမ်းကို အသုံးပြုဖို့သာ ဆုံးဖြတ် လိုက်ပါတယ်။

တောင်ပိုင်းတောအုပ် သိုင်းတက္ကသိုလ်ကို ပြန်ရောက်ပြီးတဲ့ နောက်မှာလည်း လီဖူချန်းဟာ ဆက်လက်ပြီး တံခါးပိတ် ကျင့်ကြံနေဆဲပါပဲ။ သူက သူ့ရဲ့ ခြံဝင်းအပြင်ကို လုံးဝ မထွက်ပါဘူး။

သည်တစ်ခါ သူ့ရဲ့ ရည်မှန်းချက်ကတော့ နေဝန်းစိမ်းဓားဆန္ဒဓားသိုင်းနဲ့ နေမင်းဇောအဟုန် လက်ဝါးသိုင်းကို အလုံးစုံတတ်သိနားလည်ခြင်း အဆင့်အထိရောက်အောင် လေ့ကျင့်ဖို့ ဖြစ်ပါတယ်။

တောင်ပိုင်းတောအုပ်ကို ပြန်ရောက်ပြီး တစ်ပတ်အကြာမှာတော့ လီဖူချန်းဟာ နေမင်းဇောအဟုန် လက်ဝါးသိုင်းရဲ့ အလုံးစုံ တတ်သိနားလည်ခြင်း အဆင့်ကို ရောက်သွားခဲ့ပါပြီ။

နောက်ထပ် တစ်လအကြာမှာတော့ သူ့ရဲ့ နေဝန်းစိမ်းဓားဆန္ဒ ဓားသိုင်းဟာလည်း အလုံးစုံ တတ်သိနားလည်ခြင်း အဆင့်ကို ရောက်သွားခဲ့ပြန်ပါတယ်။

နေမင်းဇောဟုန် လက်ဝါးရဲ့ အစွမ်းကတော့ သိပ်ပြီး ကျေနပ်စရာ မကောင်းပါဘူး။ အလုံးစုံ တတ်သိ နားလည်ခြင်း အဆင့်ကို ရောက်သွားတဲ့ နေမင်းဇောအဟုန် လက်ဝါးဟာ တစ်ဖက်ကမ်းခတ် တတ်မြောက်ခြင်း အဆင့်မှာ ရောက်နေတဲ့  မြေကမ္ဘာအဆင့်နိမ့် သိုင်းပညာရပ် တစ်ခုထက် အနည်းငယ် သာတယ်ဆိုရုံလေးလောက်သာ   ရှိပါတယ်။

ဒါပေမဲ့ နေဝန်းစိမ်းဓားဆန္ဒ ဓားသိုင်းကတော့ တကယ်ကို ကြောက်စရာ ကောင်းသွားခဲ့ပါပြီ။ အလုံးစုံ တတ်သိနားလည်ခြင်း အဆင့်ကို ရောက်သွားတဲ့ နေဝန်းစိမ်းဓားဆန္ဒဟာ  နေမင်းဇောအဟုန် လက်ဝါးထက်ကို အများကြီး ကြောက်စရာ ကောင်းသွားပါတယ်။ ဓားချက်တစ်ချက် အထုတ်မှာတင်  ဓားအလင်းတန်းပေါင်း ထောင်ချီ  ထွက်ပေါ်လာမှာဖြစ်ပြီး တစ်ဖက်လူကို ဒုက္ခများသွား စေတော့မှာပါ။

တစ်နေ့မှာတော့ လီဖူချန်းဟာ ကျင့်ကြံနေရတာကို ပျင်းရိလာတဲ့အတွက် ခြံဝင်း အပြင်ဘက်ကို စိတ်ပြေလက်ပျောက် လမ်းလျှောက် ထွက်လာခဲ့ပါတယ်။

" အိုး ...  လောကကြီးက သာယာလိုက်တာပါလားကွာ "

အတွင်းစည်းတက္ကသိုလ်ကတော့ တကယ်ကို လှပတဲ့ နေရာတစ်ခုပါပဲ။ နေရာတိုင်းမှာလည်း လှပတဲ့ သစ်ပင်ပန်းမန်တွေကို စိုက်ပျိုးထားသလို အရိပ်ရစေတဲ့ အပင်ကြီးတွေကိုလည်း  အတွင်းစည်း တက္ကသိုလ်နယ်မြေရဲ့  လမ်းတိုင်းလမ်းတိုင်းမှာ စိုက်ပျိုးထားပါသေးတယ်။

လီဖူချန်းက အတွင်းစည်းတက္ကသိုလ်ရဲ့ သဘာဝ ပတ်ဝန်းကျင်ကို  ခံစားနေစဉ်မှာဘဲ ...  ...

" ညီလေးဖူချန်း ...  ... တွေ့တာနဲ့ အတော်ပဲဟေ့။ ဝါစဉ်ကြီးအစ်ကို ရှောင်ခွန်းက  မင်းကို မေးနေတယ်။ သူ့ဆီ လာလည်ပါဦးတဲ့  "

သူနဲ့မသိတဲ့ လူငယ်တစ်ယောက်ဟာ အော်ကြီးဟစ်ကျယ်နဲ့ သူ့ကို စကားတွေ လာပြောနေပါတယ်။

လီဖူချန်းရဲ့ မျက်နှာက အေးစက်စက် ဖြစ်သွားခဲ့ပါပြီ။

" ရှောင်ခွန်း  ဟုတ်လား ... ။ ငါ မအားသေးဘူး။ တွေ့ချင်ရင် ငါ့ဆီကို လာခဲ့လို့ ပြောလိုက် "

စကားဆုံးတာနဲ့ တစ်ပြိုင်နက် လီဖူချန်းဟာ လှည့်ထွက်သွားဖို့ ပြင်လိုက်ပါတယ်။ ဒါပေမဲ့ အဲသည် လူငယ်က သူ့ကို ပေးမသွားပါဘူး။

" ညီလေးဖူချန်း ...  အစ်ကိုရှောင်ခွန်းက မင်းကိုခင်လို့ သူ့ဆီ အလည်လာဖို့ ဖိတ်နေတာလေ။ မင်းက ဘာဖြစ်လို့ မသွားချင်ရတာလဲ "

အဲသည်လူငယ်က ရှောင်ခွန်းနဲ့ လီဖူချန်းတို့ ကြားထဲက ပြဿနာကို သိနေပုံပါပဲ။ သူက လီဖူချန်းကို ရှောင်ခွန်းနဲ့ မတွေ့ရဲလို့ ထွက်ပြေးဖို့ ကြိုးစားနေတယ်ထင်ပြီး လှောင်ပြောင် သရော်နေပါတယ်။

" သွားစမ်းပါကွာ ...  အလုပ် မဟုတ်တာတွေ "

လီဖူချန်းက အဲသည်လူငယ်ကို အဖက်မလုပ်ဘဲ လှည့်ထွက်သွားခဲ့ပါပြီ။

" မိုက်ရိုင်းလိုက်တဲ့ကောင်။ ငါက မင်းကို အကောင်းပြောပြနေတာကို မင်းက လှည့်ထွက်သွားရဲတယ် ဟုတ်လား ... ။ ငါဆိုတဲ့ ဖန်တောင်းက  မင်းကို အစ်ကို  ရှောင်ခွန်းအစား ဆုံးမပြမယ်ကွ "

ဖန်တောင်းက ပြန်လည်ဝင်စားခြင်းနယ်ပယ် အဆင့်၃မှာသာ ရှိပါသေးတယ်။ ဒါပေမဲ့ သူကလည်း ချီအတွင်းအား ကျင့်ကြံမှုနဲ့ ခန္ဓာကိုယ်အပြင်အား ကျင့်ကြံမှု နှစ်ခုစလုံးကို ကျင့်ကြံထားသူ တစ်ယောက်ပါပဲ။ အဲသည်အတွက် သူဟာ အတွင်းစည်းတက္ကသိုလ်ရဲ့ ပြန်လည်ဝင်စားခြင်းနယ်ပယ် အဆင့်၃ ကျောင်းသားတွေ အများကြီး ပိုအစွမ်း ထက်ပါတယ်။

ယား ...

ဖန်တောင်းက လေထဲကို ခုန်တက်ပြီး လီဖူချန်းကို သူ့ရဲ့ ဆေဘာနဲ့ ခုတ်ချလိုက်ပါပြီ။

သည်ဆေဘာ ခုတ်ချက်က အရမ်းကို ပညာသား ပါတဲ့အပြင် မြန်ဆန်မှု၊တိကျမှု နဲ့  ချီအတွင်းအား ပါဝင် ပတ်သက်မှုကလည်း ကွက်တ်ပါပဲ။

" သွားစမ်း ...  ငါ့ကို လာမရှုပ်နဲ့ "

လီဖူချန်းက အနောက်ကို လှည့်ပြီး လက်သီးတစ်ချက် ထိုးလိုက်ပါတယ်။

ဘန်း ...

သူ့ရဲ့ လက်သီးကနေ ထွက်ပေါ်လာတဲ့ ကျားဝိညာဉ် တစ်ခုက ဖန်တောင်းကို လွင့်ထွက်သွားစေခဲ့ပါပြီ။

ဘုတ် ...

သိပ်မကြာခင်မှာပဲ ဖန်တောင်းဟာ  မြေပြင်ပေါ်ကို ပုံရက်သားလေး ပြန်လည် ပြုတ်ကျ လာခဲ့ပါတယ်။  သူ့ရဲ့  အရိုးတော်တော် များများကတော့ ကျိုးသွားခဲ့ပုံပါပဲ။ သူက မြေပြင်ပေါ်ကနေ လုံးပြန်ပြီး မထလာတော့ပါဘူး။

" သည် ... သည်လက်သီးချက်က "

ရန်ပွဲကြည့်ဖို့ ဆိုပြီး အသည်းအသန် ပြေးလာခဲ့တဲ့ အတွင်းစည်း တက္ကသိုလ် ကျောင်းသားတွေကတော့ ပါးစပ် အဟောင်းသား ဖြစ်နေခဲ့ကြပါပြီ။ သည်လီဖူချန်းဆိုတဲ့ သကောင့်သားက အရင်တစ်ခါတုန်းက ထက်တောင်မှ ပိုပြီးအစွမ်းထက် လာတာ မဟုတ်ပါလား။

" ညီလေးဖူချန်း ...  အစ်ကိုက မင်းကို ဖိတ်ဖို့အတွက် ဖန်တောင်းကို ခိုင်းလိုက်တာလေ။ မင်းက အစ်ကို့မျက်နှာကိုတောင် မထောက်ဘဲ ဖန်တောင်းကို  အနိုင်ကျင့်နေတာလား ... "

စကားသံနဲ့အတူ လူရိပ်တစ်ရိပ်ဟာ ရန်ပွဲ ဖြစ်နေရာဆီကို  ရောက်လာ ခဲ့ပါတယ်။ အဲသည် လူရိပ်ကတော့ ရှောင်ခွန်းပါပဲ။

" ငါက ဘာလို့ မင်းမျက်နှာကို ထောက်ရမှာလဲ "

လီဖူချန်းက အေးစက်စက် ပြန်ပြောလိုက်ပါတယ်။

ရှောင်ခွန်းရဲ့ မျက်လုံးထဲမှာတော့ ဒေါသငွေ့တွေ ယှက်သိုင်း လာခဲ့ပါပြီ။

" ဟုတ်ပြီလေ  ...  မင်းက သည်လောက်အထိ  ရိုင်းနေမှတော့ ပညာပေး ရသေးတာပေါ့။ ပြီးတော့မှ ရှောင်ခွန်းက အားနည်းတဲ့လူကို အနိုင်ကျင့်ပါတယ်ဆိုပြီး ငိုမနေနဲ့ "

ရှောင်ခွန်းက ပြန်လည် ဝင်စားခြင်းနယ်ပယ် အဆင့်၄  ပညာရှင်တစ်ယောက်ပါ။ ပြီးတော့ သူက အတွင်းစည်း တက္ကသိုလ်ထဲမှာလည်း နာမည် အတော်အသင့် ကျော်ကြား ပါသေးတယ်။ သူ့လို လူတစ်ယောက်က လီဖူချန်းလို ကျောင်းသားသစ် တစ်ယောက်ကို တိုက်ရိုက်ကြီး စိမ်ခေါ်လိုက်မယ် ဆိုရင် အခြားကျောင်းသားတွေက ပြစ်တင်ရှုံ့ချပါလိမ့်မယ်။ ဒါပေမဲ့ အခုတော့ လီဖူချန်းက ဖန်တောင်းကို ဒဏ်ရာရစေခဲ့ပါပြီ။ ဒါက သူ့အတွက် အကြောင်းပြချက်ကောင်း တစ်ခုပါပဲ။

" ဟေ့ကောင် ...  ငါနဲ့ တိုက်ချင်ရင်လည်း မြန်မြန်လာတိုက် ။ အကြောင်းပြချက်တွေ ရှာမနေနဲ့ "

လီဖူချန်းကလည်း ရှောင်ခွန်းကို ကြောက်ရွံ့နေခြင်း မရှိပါဘူး။သူက ရှောင်ခွန်းကို ပြန်ပြီးတောင် လှောင်ပြောင် သရော် လိုက်ပါသေးတယ်။

" မင်းက သေချင်နေတာကိုး "

ရှောင်ခွန်းရဲ့ လက်နက်ကတော့ ကိုးပေရှိတဲ့ ငွေလှံရှည်ကြီး တစ်လက်ပါပဲ။

ရွှီး ...

မျက်တောင် တစ်ချက် အခတ်မှာပဲ ရှောင်ခွန်းက လီဖူချန်းရဲ့ အရှေ့ကို ရောက်လာပြီး  ငွေလှံနဲ့  ဆောင့်ထိုး လိုက်ပါတယ်။

လှံချက်နဲ့ အတူ စွမ်းအင်စက်ကွင်း နှစ်ခု ဖြစ်တည်လာခဲ့ပါပြီ။ ပြီးတော့ သည်လှံချက်ထဲမှာ ချီအပြင်အားနဲ့ ချီအတွင်းအား   နှစ်ခုစလုံး ခိုဝင်ကိန်းအောင်း နေပါသေးတယ်။

သည်လံှချက်ဟာ  ပြန်လည် ဝင်စားခြင်းနယ်ပယ် အဆင့်၅  အတွင်းစည်း တက္ကသိုလ် ကျောင်းသားတွေကိုတောင်မှ အခက်တွေ့သွားစေမယ်လို့ ရှောင်ခွန်းတစ်ယောက် ယုံကြည်ထားပါတယ်။

" သေချင်နေတာက မင်းကွ "

လီဖူချန်းက အနောက်ကို မဆုတ်သလို ရှောင်လည်း မပြေးပါဘူး။ သူက ရှောင်ခွန်းရဲ့ လှံချက်ကို လက်သီးနဲ့ ပြန်ထိုး ပစ်လိုက်ပါတယ်။

ရှောင်ခွန်းက  အစောပိုင်းမှာ အနည်းငယ် ကြောင်အမ်းအမ်း ဖြစ်သွားခဲ့ပါတယ်။ ဒါပေမဲ့ အနည်းငယ် အကြာမှာတော့ သူဟာ ကျိတ်ပြီး ရယ်လိုက်မိပါပြီ။

လီဖူချန်းက တကယ်ကြီး လက်သီးနဲ့ သူ့ရဲ့ လှံကို ထိပ်တိုက် ရင်ဆိုင်ချင်နေတာလား။

ဒါပေမဲ့လည်း နောက်ဆက်တွဲဖြစ်ရပ်တွေ ဖြစ်ပေါ်လာတဲ့ နောက်မှာတော့ ရှောင်ခွန်းဟာ  မရယ်နိုင်တော့ပါဘူး။

လီဖူချန်းရဲ့ လက်သီးက သူထင်ထားတာထက်ကို အဆပေါင်းများစွာ ပိုမာကျောနေတာ မဟုတ်ပါလား။

ဘန်း ...

လီဖူချန်းရဲ့ လက်သီးက လှံရဲ့ အရှိန်အဟုန်ကို ရပ်တန့်ပစ်လိုက်သလို  လှံတံကိုပါ ကွေးကောက် သွားစေခဲ့ပါပြီ။

တစ်ချိန်တည်းမှာပဲ ကြီးမားလှတဲ့ ဆင်ဝိညာဉ်တစ်ခုနဲ့ ရက်စက် ကြမ်းကြုတ်ဟန်ရှိတဲ့ ကျားဝိညာဉ် တစ်ခုဟာ လီဖူချန်းရဲ့ ခန္ဓာကိုယ် ထဲကနေ ထွက်ပေါ်လာပြီး ရှောင်ခွန်းရဲ့  စွမ်းအင်စက်ကွင်း နှစ်ခုကိုပါ ဆွဲဖြဲပစ်လိုက်ပါသေးတယ်။

ငွေလှံရှည်ကတော့ မြေကမ္ဘာအဆင့်နိမ့် လက်နက်တစ်ခု  ဖြစ်တဲ့အတွက် အချိန်အနည်းအကြာမှာပဲ နဂိုမူလအတိုင်း  ပြန်ဖြောင့်သွားခဲ့ပါပြီ။

" မယုံနိုင်စရာပဲဟေ့  ... ။ ဝါစဉ်ကြီးအစ်ကိုရှောင်က စွမ်းအင်သတ်မှတ်ချက် ဇယားထဲ မပါတဲ့ ကျောင်းသားတွေထဲမှာ အစွမ်းအထက်ဆုံး ကျောင်းသားတစ်ယောက်လေ။ဒါပေမဲ့ လီဖူချန်းက သူ့ရဲ့ လက်သီးတစ်ချက်နဲ့ အစ်ကိုရှောင်ရဲ့ တိုက်ခိုက်မှုကို ခုခံလိုက်နိုင်တယ်  "

" လီဖူချန်းရဲ့ ခန္ဓာကိုယ်အပြင်အား ကျင့်ကြံခြင်းက ဘယ်အဆင့် အထိတောင် ရောက်သွားပြီလဲဟ "

ပွဲကြည့်ပရိသတ် လုပ်နေတဲ့ ကျောင်းသားတွေကတော့ လီဖူချန်းကို ကြည့်ပြီး တုန်လှုပ် ချောက်ချား နေကြပါတယ်။ သူတို့က တစ်ခါမှာ သည်လို ကြောက်စရာကောင်းတဲ့ ကျောင်းသားသစ်ကို မမြင်ဖူးပါဘူး။

" အိုး ...  အစ်ကိုရှောင် နဲ့ မောင်လေး ဖူချန်းတို့ပါလား "

အန်ရှင်းမိန်ကလည်း တိုက်ပွဲဖြစ်ရာ နေရာကို ရောက်လာခဲ့ပါပြီ။

သည်နေ့က အတန်းမရှိတဲ့အတွက် သူဟာ လမ်းလျှောက် ထွက်နေခဲ့တာပါ။ သူက လမ်းလျှောက် နေရင်းနဲ့ ချီပေါက်ကွဲမှု တစ်ခုကို ကြားလိုက်ရတဲ့အတွက် တိုက်ပွဲတစ်ပွဲ ဖြစ်နေပြီဆိုပြီး သည်ဘက်ကို လာခဲ့တာ ဖြစ်ပါတယ်။

ရွှီး ...

လျူခိုင်ကလည်း ရောက်လာခဲ့ပြန်ပါပြီ။ သူက လီဖူချန်းနဲ့ ရှောင်ခွန်း မျက်နှာချင်းဆိုင် ရပ်နေတာကို တွေ့လိုက်တဲ့ အခါမှာတော့ လီဖူချန်းကို လှောင်ပြောင် လိုက်ပါတယ်။

" အိုး ...  ညီလေးလီက တကယ် အကြောက်အလန့် ကင်းတာပဲ။ သူက ရှောင်ခွန်းကိုတောင် ထိပ်တိုက် တွေ့နေလိုက်သေးတယ်။ ဟူး ...  သနားပါတယ်ကွာ။ ညီလေးလီက ရှောင်ခွန်းရဲ့ လက်ချက်ကြောင့် အိပ်ရာထဲမှာ လဲနေရတော့မှာပဲ "

လီဖူချန်းက ရှောင်ခွန်းကို ယှဉ်နိုင်လိမ့်မယ်လို့ သူ မယုံပါဘူး။

" အစ်ကိုလျူ ... အစောပိုင်းတုန်းက လီဖူချန်းနဲ့ အစ်ကိုရှောင်တို့ တစ်ကြိမ် တိုက်ခဲ့ပြီးပြီ။ သူတို့ နှစ်ယောက်က လက်ညီနေတယ် "

အနီးနားမှာ ရှိနေတဲ့ ကျောင်းသား တစ်ယောက်က လျူခိုင်ကို ပြောလိုက်ပါတယ်။

" ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ "

လျူခိုင်က မျက်ခုံး ပင့်လိုက်မိပါပြီ။

" ကြည့်ရတာ ရှောင်ခွန်းက တကယ် မတိုက်သေးဘူး ထင်တယ် "

လျူခိုင် စိတ်ထဲမှာ တွေးလိုက်မိပါတယ်။

" ကောင်းတယ် လီဖူချန်း။ ငါမင်းကို အထင်သေး သွားမိခဲ့တယ် "

ရှောင်ခွန်းရဲ့ မျက်နှာကတော့ လေးနက်တည်ကြည် နေခဲ့ပါပြီ။

" ရှောင်ခွန်း ... အပိုတွေ ပြောမနေနဲ့။ မင်းအစွမ်းရှိလောက် ထုတ်လိုက်စမ်းပါ "

လီဖူချန်းက  ရှောင်ခွန်းကို  ကြည့်တောင် မကြည့်ပါဘူး။ သူက သူ့ရဲ့လက်သီး ဒဏ်ရာ ရမရ ဆိုတာကိုပဲ အာရုံစိုက်နေခဲ့ပါတယ်။

" မြေခွဲဖြာ လှံချက် "

ရှောင်ခွန်းက သူ့ရဲ့ ရှိသမျှ ချီစွမ်းအင်တွေ အကုန်လုံးကို ငွေရောင်လှံထဲ ပို့ဆောင်လိုက်ပြီး လီဖူချန်း  ထိုးလိုက်ပါတယ်။ သည်တစ်ခါ လှံချက်ရဲ့ စွမ်းအားနဲ့ အမြန်နှုန်းကတော့ ပထမ တစ်ကြိမ်ကထက် ပိုကြောက်စရာ ကောင်းလာခဲ့ပါပြီ။

" လာစမ်းပါ "

လီဖူချန်းကလည်း ရှောင်ခွန်းရဲ့ လှံချက်ကို လက်သီးနဲ့ ပြန်ထိုး လိုက်ပြန်ပါတယ်။

ဘန်း ...

ရှောင်ခွန်းရဲ့ လှံက နောက်ထပ်တစ်ကြိမ် ကွေးကောက်သွားခဲ့သလို  ရှောင်ခွန်း ကိုယ်တိုင်ဟာလည်း နောက်ဆုတ် သွားခဲ့ရပါပြီ။

" ဘယ် ... ဘယ်လို ဖြစ်သွားတာလဲ။ ရှောင်ခွန်းက နောက်ဆုတ် လိုက်ရတာလား "

လျူခိုင်က  ရှောင်ခွန်းဟာ သည်လှံချက်ထဲမှာ သူ့ရဲ့အစွမ်း၉၉ရာခိုင်နှုန်း ထည့်ထားတယ်ဆိုတာကို သတိပြုမိပါတယ်။  ဒါကြောင့်လည်း သူဟာ အံ့သြနေရတာပါ။

" သည်အတိုင်းဆိုရင်တော့ လီဖူချန်းရဲ့ အစွမ်းက ငါ့ထက် သာနေပြီပဲ "

လျူခိုင်က စိတ်ပျက်လက်ပျက် ညည်းတွား လိုက်မိပါတယ်။

" အိုး ...  ဒါကြောင့်လည်း သူက ကျောင်းအုပ်ကြီးရဲ့ သီးသန့် ကျောင်းသား ဖြစ်နေတာကိုး  ... "

အန်ရှင်းမိန်ရဲ့ မျက်လုံးတွေကတော့ အရောင်တောက်နေ ခဲ့ပါပြီ။ပြီးတော့ သူ့ရဲ့ အဲသည်မျက်လုံးထဲမှာ ထူးဆန်းတဲ့ အရိပ်အယောင်တွေ ယှက်သိုင်းနေပါသေးတယ်။

" ရှောင်ခွန်း ...   ငါ့ရဲ့ လက်သီး တစ်ချက်ကိုလည်း မြည်းကြည့်ပါဦး "

လီဖူချန်းက သူ့ရဲ့  မဟာဆင်ဝိညာဉ်၊ မဟာကျားဝိညာဉ်နဲ့အတူ ကောင်းကင်ပေါ်ကို ခုန်တက် လိုက်ပါပြီ။ အဲသည်ဝိညာဉ် နှစ်ခုတော့ ပတ်ဝန်းကျင် တစ်ခုလုံးကို ဖိနှိပ်ပေးထားပါတယ်။

" အညှာအတာမဲ့ကျား ဆင်းသက်ခြင်း "

လီဖူချန်းရဲ့ လက်သီးရိပ်က ရှောင်ခွန်းကို လွှမ်းခြုံသွားခဲ့ပါပြီ။

ရှောင်ခွန်းက လက်သီးရဲ့ ဖိအားကို လုံးဝ တောင့်မခံနိုင်ခဲ့ပါဘူး။

ဝေါ့ ...

ရှောင်ခွန်း သွေးအန်နေရင်းနဲ့ အနောက်ကို တရစပ် ဆုတ်လိုက်ရပါတယ်။ သူက ခြံဝင်းတစ်ခုနား အထိ ဆုတ်သွားပြီးမှသာ ဟန်ချက်ကို ထိန်းလိုက်နိုင်ပါတယ်။ ဒါတောင်မှ ခြံဝင်းမှာ ခင်းကျင်းထားတဲ့ အကာအကွယ် အစီအရင်က လီဖူချန်းရဲ့ လက်သီးအားကို ပျယ်ပြက်စေလိုက်လို့ပါ။ မဟုတ်လို့ကတော့ ရှောင်ခွန်းအနေနဲ့ ဘယ်အထိ ဆုတ်သွားရမယ် မသိပါဘူး။

အမှန်အတိုင်း ပြောရမယ်ဆိုရင်တော့ လီဖူချန်းရဲ့ လက်သီးအားက ရှောင်ခွန်းအတွက်  အရမ်းကြီး အစွမ်းထက်နေတာ မဟုတ်ပါဘူး။ဒါပေမဲ့ လီဖူချန်းရဲ့  မဟာဝိညာဉ်နှစ်ခုက ရှောင်ခွန်းကို အစွမ်း ၈၀ရာခိုင်နှုန်းထက် ပိုသုံးလို့ မရအောင် ဖိနှိပ်ပေးထားတယ်။ အဲဒါကြောင့်သာ  ရှောင်ခွန်းဟာ အခုလို ရုပ်ပျက်ဆင်းပျက် ရှုံးသွားရတာပါ။

***

All Chapters