စွမ်းအင် ရပ်တည်မှုဇယား အဆင့်၅ ကျိုးဟန်
Vol. 30 Ch. 409
လူတွေ အားလုံးကတော့ အံ့သြ ထိတ်လန့် ကုန်ကြပါပြီ။ ဒါက ဒဏ္ဍာရီပြဇတ် တစ်ပုဒ် ကပြနေတာကို ကြည့်လိုက် ရသလိုပါပဲ။
လီဖူချန်းက လွန်ခဲ့တဲ့ လအနည်းငယ်ကမှ အတွင်းစည်း တက္ကသိုလ်ကျောင်းသား ဖြစ်လာခဲ့တာပါ။ ဒါပေမဲ့လည်း အခု သူဟာ ရှောင်ခွန်းကို လက်သီးတစ်ချက်တည်းနဲ့ ဒဏ်ရာရအောင် လုပ်နိုင်ခဲ့ပါတယ်။ ဒါကြီးက တော်တော်ကြီးကို လွန်နေပါပြီ။
စွမ်းအင်ရပ်တည်မှု ဇယား ထိပ်ပိုင်းက လူတွေတောင်မှ အတွင်းစည်း တက္ကသိုလ်ထဲကို ရောက်ရောက်ချင်းမှာ သည်လို လုပ်မပြနိုင်ခဲ့ပါဘူူး။
" လခွီးပဲ ... သည်ကောင်က ဘယ်လိုလုပ်ပြီး သည်လောက်အထိ စွမ်းနေရတာလဲ "
လျူခိုင်က သူ့မျက်လုံးကိုတောင် သူ မယုံတော့သလိုပါပဲ။
သူက လီဖူချန်းနဲ့ ပြိုင်ပြီး အန်ရှင်းမိန်ကို လုဖို့တောင် ယုံကြည်ချက် မရှိတော့ပါဘူး။
" လူတွေ ပြောပြောနေကျ ကောင်းကင်ဘုံက ကောင်းချီးပေးထားတဲ့ ထွဋ်ခေါင် ပါရမီရှင်တွေဆိုတာ သည်လိုမျိုးလူကို ပြောတာပဲ ဖြစ်ရမယ် "
အန်ရှင်းမိန်က စိတ်ထဲကနေ တွေးနေမိပါတယ်။
" ခွေးမသား ... မျိုးမစစ်ကောင် "
ရှောင်ခွန်းရဲ့ ခန္ဓာကိုယ်ကနေတော့ သိပ်သည်းတဲ့ ဝါညစ်ညစ် စွမ်းအင်လှိုင်းကြီးတွေ ထွက်ပေါ်နေပါပြီ။ အဲသည်စွမ်းအင်လှိုင်းတွေရဲ့ ထောက်ပံ့မှုကြောင့် ရှောင်ခွန်းရဲ့ ချီအရှိန်အဝါတွေဟာ တဖြည်းဖြည်း ကြီးထွားလာပြီး ပတ်ဝန်းကျင် တစ်ခုလုံးကို ဖိနှိပ်ပစ်လိုက်ပါတယ်။
လူတိုင်းဟာ တောင်ကြီးတစ်လုံး သူတို့အပေါ်ကနေ ဖိထားသလိုကို ခံစားနေရပါပြီ။
" မြေထု စွမ်းအား "
လီဖူချန်းက တစ်ဖက်လူ ထုတ်သုံးလိုက်တဲ့ စွမ်းအားကို ရိပ်မိလိုက်ပါတယ်။ ရှောင်ခွန်းက မြေထု အရိုး တည်ဆောက်ပုံကို ပိုင်ဆိုင်ထားတယ်ဆိုတာ အသိသာကြီးပါပဲ။
ဒါပေမဲ့လည်း ရှောင်ခွန်းက မြေထုစွမ်းအားကို ပမာဏ အများကြီးတော့ ပိုင်ဆိုင်ထားဟန် မတူပါဘူး။ မဟုတ်လို့ကတော့ သူဟာ အခုချိန်အထိ စောင့်နေမှာ မဟုတ်ဘဲ အစောကြီးကတည်းက ထုတ်သုံး ပြီးလောက်ပါပြီ။
" မင်းက ငါ့ရဲ့ မြေထုစွမ်းအားကို ထုတ်သုံးဖို့အတွက် ပထမဦးဆုံး ဖိအား ပေးနိုင်တဲ့သူပဲ။ အဲသည်တော့ မင်းကို သည်စွမ်းအားအကြောင်း ကောင်းကောင်းကြီး ပြရသေးတာပေါ့ "
ရှောင်ခွန်းက လွန်ခဲ့တဲ့ လအနည်းငယ်ကမှ မြေထုစွမ်းအားကို အသက် သွင်းနိုင်ခဲ့တာပါ။ နဂို မူလတုန်းကတော့ သူဟာ မြေထုစွမ်းအားကို ထုတ်ပြဖို့အတွက် စိတ်ကူးမရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူ့ရဲ့ မြေထုစွမ်းအားဟာ လုံလောက်မှု မရှိသေးလို့ပါပဲ။ သည်စွမ်းအားက အခြေခိုင်ဖို့ အတွက် အများကြီး လိုအပ်နေပါသေးတယ်။
တကယ်လို့ သူသာ တိုက်ပွဲတစ်ခုထဲမှာ မြေထုစွမ်းအားတွေကို ကုန်စင်အောင် အသုံးပြုလိုက်မိမယ် ဆိုရင် မြေစွမ်းအားတွေ ပြန်လည်ဖြစ်တည်လာဖို့အတွက် အချိန်အကြာကြီး စောင့်နေရတော့မှာပါ ။
ဒါပေမဲ့ ရှောင်ခွန်းဟာ အခြားရွေးစရာ မရှိတော့ပါဘူး။ လီဖူချန်းကို အနိုင်ယူဖို့ အတွက်ဆိုရင် သူ့အနေနဲ့ သည်စွမ်းအားကို ထုတ်သုံးမှကို ဖြစ်ပါတော့မယ်။
" အစ်ကိုရှောင်က တကယ်ကြီး မြေထုစွမ်းအားကို အသက်သွင်းထား နိုင်တာလား။ ဒါဆိုရင်တော့ အခြေအနေက ပြောင်းပြန် ဖြစ်သွားတော့မှာ အသေအချာပဲ "
" မြေထု အရိုးတည်ဆောက်ပုံက သာမန် အထူးအရိုး တည်ဆောက်ပုံ တစ်ခုပဲ။ ယျေဘူယျအားဖြင့်ဆိုရင် အရိုးတည်ဆောက်ပုံရဲ့ အထူးစွမ်းအားတွေကို ပြန်လည် ဝင်စားခြင်းနယ်ပယ် အဆင့်မြင့်ပိုင်း ရောက်မှ အသက်သွင်းနိုင်လေ့ ရှိကြတယ်။ ပြီးတော့ စွမ်းအင်ရပ်တည်မှု ဇယားထဲက ဝါစဉ်ကြီး အစ်ကိုတွေပဲ မြေကမ္ဘာအလယ်အလတ်အဆင့်မှာ အထူးစွမ်းအားတွေကို အသက်သွင်းပြီး အပြည့်အဝ အသုံးပြုနိုင်ကြတာ။ ကြည့်ရတာတော့ ရှောင်ခွန်းက မြေထုစွမ်းအားကို အပြည့်အဝ အသုံးချနိုင်မယ့်ပုံ မပေါ်သေးဘူး "
" အပြည့်အဝ အသုံးမချနိုင်တော့လည်း ဘာဖြစ်လဲ။ မြေထုစွမ်းအားကို အသက်သွင်း ထားနိုင်မှတော့ အစ်ကိုရှောင်ရဲ့ အစွမ်းက အများကြီး တိုးလာမှာပဲ။ ငါကတော့ သူ့ကို လီဖူချန်း ဘယ်လို ယှဉ်ဆိုင်မလဲ ဆိုတာကို အရမ်းသိချင်နေပြီ "
အခြေအနေတွေက နောက်ထပ်တစ်မျိုး ပြောင်းသွားပြီ ဖြစ်တဲ့အတွက် ပွဲကြည့်ပရိသတ် လုပ်နေတဲ့ ကျောင်းသားတွေဟာ ရင်ခုန် စိတ်လှုပ်ရှား နေကြပါတယ်။
" ရှောင်ခွန်းက မြေထုစွမ်းအားကို အသက်သွင်းထား နိုင်တာလား။ ကောင်းတယ် ... အရမ်း ကောင်းတယ်။ ကျေးဇူးပြုပြီး လီဖူချန်းကို ငါ့အစား ကောင်းကောင်းကြီး ဆုံးမပေးစမ်းပါကွာ "
လျူခိုင်က လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ပြီး ဆုတောင်းနေပါတယ်။
" လီဖူချန်း ... အရှုံးပေးစမ်း "
မြေထုစွမ်းအားတွေရဲ့ ထောက်ပံ့ ပေးထားမှုကြောင့် အစွမ်း တိုးမြှင့်လာတဲ့ ရှောင်ခွန်းဟာ လီဖူချန်းကို နောက်ထပ် တစ်ကြိမ် တိုက်ခိုက်လိုက်ပါပြီ။
သည်တစ်ခါ တိုက်ခိုက်လိုက်တဲ့ သူ့ရဲ့ လှံချက်ထဲမှာ ချီအတွင်းအား၊ ချီအပြင်အား၊ မြေထုစွမ်းအားတို့ ခိုဝင်ကိန်းအောင်းနေတဲ့ အတွက် အရင်အကြိမ်တွေထက် အဆပေါင်းများစွာ ပိုကြောက်စရာ ကောင်းသွားတာတော့ အမှန်ပါပဲ။
" ရှောင်ခွန်း ... ငါမင်းကို ငါ့ရဲ့ အစစ်အမှန် စွမ်းအားကို ပြပေးမယ် "
လီဖူချန်းက ကျားဝိညာဉ်လက်သီးကို ဆက်ပြီး အသုံးမပြုတော့ပါဘူး။ သူက သူ့ရဲ့ လက်ကို ဖြန့်လိုက်ပြီး နေမင်းဇောအဟုန် ချီအတွင်းအားတွေကို စုစည်း စေလိုက်ပါတယ်။
" နေမင်းဇောအဟုန် နတ်ဘုရားလက်ဝါး "
ထို့နောက်မှာတော့ လီဖူချန်းဟာ ရှောင်ခွန်းကို လက်ဝါးဖြင့် ရိုက်ထည့် ပစ်လိုက်ပါပြီ။
သည်လက်ဝါးထဲမှာတော့ စွမ်းအားနှစ်မျိုးပဲ ပါပါတယ်။ အဲဒါတွေကတော့ နေမင်းဇောအဟုန် ချီအတွင်းအားနဲ့ ဆင်နဂါး စွမ်းအင်တို့ပါပဲ။
မီးလျှံစွမ်းအားကိုတော့ လီဖူချန်းဟာ ထည့်မသုံးထားပါဘူး။
ဘာဖြစ်လု့ိလဲဆိုတော့ ကြက်သတ်တဲ့ နေရာမှာ နွားသတ်တဲ့ဓားကို အသုံးပြုဖို့ မလိုအပ်ဘူးလို့ သူ ယူဆထားလို့ပါပဲ။
ဟူး ... ဟူး ... ဟူး ...
လီဖူချန်းရဲ့ လက်ဝါးနဲ့ ငွေလှံတို့ ထိပ်တိုက်တွေ့ဆုံမှုကြောင့် ပတ်ဝန်းကျင် လေထုတစ်ခုလုံးဟာ အဆက်မပြတ် တုန်ခါသွားခဲ့ပါတယ်။
ရှောင်ခွန်းရဲ့ အားကုန်သုံးထားတဲ့ လှံချက်ဟာ လီဖူချန်းရဲ့ လက်ဝါး ရိုက်ချက်ကြောင့် အရှိန်အဟုန် ရပ်တန့် သွားခဲ့ရပါပြီ။
ဘန်း ...
ထို့နောက်မှာတော့ လူရိပ်တစ်ရိပ်ဟာ အနောက်ကို လွင့်ထွက် သွားပါတော့တယ်။ အဲသည် လူရိပ်ကတော့ ရှောင်ခွန်းပါပဲ။ သူ့ရဲ့ လှံတံကလည်း နှစ်ပိုင်း ဘယ်ရောက်လို့ ရောက်သွားမှန်းတောင် မသိတော့ပါဘူး။
" မင်း ... မင်း ... "
ဝေါ့ ...
ရှောင်ခွန်းက စကားကိုတောင် ဆုံးအောင် မပြောနိုင်တော့ပါဘူး။ သည်တစ်ခါ လီဖူချန်းရဲ့ လက်ဝါး ရိုက်ချက်က ရှောင်ခွန်းကို သွေးတွေအများကြီး အန်ထုတ် လိုက်ရ စေပါတယ်။
" ဘာ ... ဘာဖြစ်သွားတာလဲဟ။ မြေထုစွမ်းအား ထုတ်သုံးထားတာတောင်မှ အစ်ကိုရှောင်က လီဖူချန်းကို မယှဉ်နိုင်ဘူးလား "
" သည်လီဖူချန်းက စွမ်းအင်ရပ်တည်မှု ဇယားထဲက ဝါစဉ်ကြီး အစ်ကိုတွေနဲ့တောင်မှ ယှဉ်လို့ ရနေပြီဟ "
" အမှန်ပဲ။ လီဖူချန်းက ချီအတွင်းအား ကျင့်ကြံမှုကော ခန္ဓာကိုယ် အပြင်အား ကျင့်ကြံမှုမှာပါ အစွမ်းထက် လွန်းတယ်။ အစ်ကိုရှောင်က လီဖူချန်းရဲ့ ပြိုင်ဘက်ဖြစ်ဖို့ အဆင့်မမီသေးဘူး "
ပွဲကြည့်ပရိသတ်တွေကတော့ လီဖူချန်းရဲ့ စွမ်းရည်ကို ဝေဖန် သုံးသပ်နေကြပါပြီ။
" လခွီးပဲ ... ။ ရှောင်ခွန်းက လုံးဝ အသုံးမကျဘူး "
လျူခိုင်ကတော့ လှည့်ထွက်သွားခဲ့ပါပြီ။
" ဂုဏ်ယူပါတယ် ... မောင်လေးလီ "
အန်ရှင်းမိန်က လီဖူချန်းဆီကို လျှောက်လာပြီး ဂုဏ်ယူစကား ဆိုလိုက်ပါတယ်။
လီဖူချန်းက လက်ကာပြလိုက်ပြီး
" ဒါက ဘာမှ မဟုတ်တဲ့ ကိစ္စလေးပါဗျာ။ ဂုဏ်ပြုရလောက်အောင် သိပ်ပြီး အားထုတ်လိုက်ရတာ မဟုတ်ပါဘူး "
ရှောင်ခွန်းက အစွမ်းထက်ရင်တော့ ထက်ပါလိမ့်မယ်။ ဒါပေမဲ့ သူ့ကို အနိုင်ယူဖို့အတွက် လီဖူချန်းဟာ သိပ်ပြီး အားမထုတ်လိုက်ရပါဘူး။
လီဖူချန်းရဲ့ စကားကြောင့် အန်ရှင်းမိန်ရဲ့ စိတ်ထဲမှာ မေးခွန်းတွေ ဖြစ်တည်လာခဲ့ပါတယ်။
လီဖူချန်းက သူ့ရဲ့ အစွမ်းတွေကို အကုန် ထုတ်မပြ ရသေးဘူးလား။ သူက အဲလောက်အထိ ကြောက်စရာ ကောင်းတာလား ... ... ။
" ရှောင်ခွန်း ... မင်းရဲ့ ခြံဝင်းသော့ ပေးစမ်း "
ရှောင်ခွန်းကို အနိုင်ယူပြီးတဲ့ နောက်မှာတော့ လီဖူချန်းဟာ ထွက်မသွားသေးပါဘူး။ သူက ထွက်သွားရမယ့် အစား ရှောင်ခွန်းဆီကနေ ခြံဝင်းသော့ကို တောင်းလိုက်ပါသေးတယ်။
" ရော့ "
ရှောင်ခွန်းက စိတ်ပျက်လက်ပျက်နဲ့ သူ့ရဲ့သော့ကို လီဖူချန်းထံ ပစ်ပေးလိုက်ပါတယ်။
" ကျေးဇူးပဲ။ ရော့ ... မင်းမှာ နေစရာ မရှိရင် ငါ့ရဲ့ ခြံဝင်းထဲမှာ သွားနေလိုက် "
ရှောင်ခွန်းဆီက သော့ကို ရအပြီးမှာတော့ လီဖူချန်းဟာ လှည့်ထွက် သွားခဲ့ပါပြီ။ လီဖူချန်းက သူ့ရဲ့ ခြံဝင်းသော့ကို ရှောင်ခွန်းကို ပြန်ပေးဖို့ကိုလည်း မမေ့လျော့ သွားခဲ့ပါဘူး။
ရှောင်ခွန်းရဲ့ ခြံဝင်းကတော့ အတွင်းဘက် နယ်မြေအပိုင်းအခြားထဲမှာ တည်ရှိပြီး အလယ်ဗဟိုနဲ့ အတော်လေး နီးပါတယ်။ ခြံဝင်းထဲမှာ ရှိနေတဲ့ ကောင်းကင်နဲ့ မြေကြီးရဲ့ ချီစွမ်းအင်တွေကလည်း လီဖူချန်းရဲ့ ခြံဝင်းထက် အနည်းဆုံး ၂၀ရာခိုင်နှုန်း ပိုသိပ်သည်းပါတယ်။
" ကောင်းလိုက်တာ ... သည်နေရာမှာဆိုရင် ငါ့ရဲ့ကျင့်ကြံမှုနှုန်းက ပိုပြီး မြန်လာမှာပဲ "
လီဖူချန်းက ရှောင်ခွန်းရဲ့ ခြံထဲမှာ ရှိနေတဲ့ ချီစွမ်းအင်တွေကို အားရပါးရ ရှုရှိုက်နေရင်းနဲ့ တွေးလိုက်မိပါတယ်။
ကောင်းကင်နဲ့မြေကြီးရဲ့ ချီစွမ်းအင်တွေဟာ ဝိညာဉ်ကျောက်တုံးထဲမှာရှိတဲ့ ဝိညာဉ်ချီတွေကိုတော့ မယှဉ်နိုင်တာ အမှန်ပါပဲ။
တိတိကျကျ ပြောရမယ်ဆိုရင်တော့ ကောင်းကင်နဲ့ မြေကြီးရဲ့ ချီစွမ်းအားက ဘယ်လောက်အထိ သိပ်သည်းတယ်ပဲ ပြောပြော ဝိညာဉ် ကျောက်တုံးထဲမှာရှိတဲ့ ဝိညာဉ်ချီတွေ လောက်တော့ မသိပ်သည်းပါဘူး။ သန့်စင်မှု အပိုင်းမှာလည်း ဝိညာဉ်ချီတွေလောက် မသန့်စင်ပါဘူး။
ဒါပေမဲ့ ဝိညာဉ်ချီတွေက ဝိညာဉ်ကျောက်တုံးတွေကို စုပ်ယူတဲ့ အချိန်မှာပဲ ရတာပါ။ ကောင်းကင်နဲ့မြေကြီးရဲ့ ချီစွမ်းအင်တွေကိုတော့ အချိန်တိုင်း ရယူနိုင်ပါတယ်။
နောက်ထပ်နေ့တွေမှာတော့ လီဖူချန်းရဲ့ သတင်းတွေဟာ အတွင်းစည်း တက္ကသိုလ် တစ်ခုလုံးကို ပျံ့နှံ့သွားခဲ့ပါပြီ။ အတွင်းစည်း တက္ကသိုလ်ရဲ့ ထိပ်ပိုင်းက အကြီးအကဲတွေတောင်မှ လီဖူချန်းကို သတိပြုမိ လာကြပါတယ်။
" သည်ကလေးက တကယ် အလားအလာ ကောင်းတယ် ။ကြည့်ရတာတော့ နောက်လာမယ့် အဆင့်သတ်မှတ်ချက် ပြိုင်ပွဲကျရင် ငါတို့တောင်ပိုင်းတောအုပ် သိုင်းတက္ကသိုလ်ရဲ့ အဆင့်က ပိုကောင်းလာတော့မယ့် ပုံပဲ "
လီဖူချန်းရဲ့ သတင်းကို ကြားမိလိုက်တဲ့ အခါမှာတော့ ကျောင်းအုပ်ကြီးဟာ မပြုံးဘဲ မနေနိုင်တော့ပါဘူး။
သိုင်းတက္ကသိုလ် ၂၄ခုရဲ့ အဆင့်သတ်မှတ်ချက် ပြိုင်ပွဲဟာ နောက်ထပ် တစ်နှစ်ခွဲကြာရင် ကျင်းပတော့မှာပါ။ တကယ်လို့သာ လီဖူချန်းအနေနဲ့ သည်အချိန်အတွင်းမှာ သူ့ရဲ့ ချီအတွင်းအား ကျင့်ကြံမှုကို အဆင့်တစ်ဆင့် တက်လာအောင် ကျင့်ကြံနိုင်ခဲ့မယ် ဆိုရင်တော့ စွမ်းအင်ရပ်တည်မှု ဇယားရဲ့ အစွမ်းထက် ပုဂ္ဂိုတစ်ဦး ဖြစ်လာမှာ အသေအချာပါပဲ။
သတင်းတွေ ဆိုတာက အချိန်အတိုင်းအတာ တစ်ခုအထိ ကြာလာရင် ပျောက်ကွယ် သွားတတ်တာ သဘာဝပါပဲ။ လဝက်အကြာမှာတော့ လီဖူချန်း ရှောင်ခွန်းကို အနိုင်ယူခဲ့တဲ့ အဖြစ်အပျက် အကြောင်းကို ဘယ်သူမှ အရေးတယူ မပြောကြတော့ပါဘူး။
တစ်နေ့မှာတော့ အန်ရှင်းမိန်ဟာ လီဖူချန်းဆီကို ဆိုင်းမဆင့်ဗုံမဆင့် ရောက်ချလာပါတယ်။
" မောင်လေးဖူချန်း ... မမက ခရမ်းရောင်ကြယ် တောင်တန်းတွေဘက် သွားပြီး စူးစမ်းရှာဖွေဖို့ အဖွဲ့တစ်ဖွဲ့ ဖွဲ့ထားတယ်။ မောင်လေးကော လိုက်မလားလို့ လာမေးတာ "
အန်ရှင်းမိန်က စကားပလ္လင် ခံမနေတော့ပါဘူး။ သူက လိုရင်းကိုပဲ ပြောလိုက်ပါတယ်။
" ခရမ်းရောင်ကြယ် တောင်တန်းဘက်လား "
လီဖူချန်းရဲ့ မျက်လုံးတွေက အရောင်တစ်ချက် တောက်သွားခဲ့ပါပြီ။
ခရမ်းရောင်ကြယ် တောင်တန်းဆိုတာက ခရမ်းရောင်ပန်း နိုင်ငံတော်ရဲ့ အဓိက တောင်တန်း သုံးခုထဲက တစ်ခုပါ။ အဲသည်တောင်တန်းက မိုင်ပေါင်း၂၀၀၀၀၀ ကျော် ရှည်လျားတဲ့ တောင်တန်းတစ်ခု ဆိုရင်လည်း မမှားပါဘူး။
အဲသည်တောင်တန်းတွေပေါ်မှာဆိုရင် များပြားလှတဲ့ အဆင့်၅ မိစ္ဆာသားရဲတွေအပြင် အဆင့်၆ မိစ္ဆာသားရဲ အချို့လည်း နေထိုင် ကျက်စားကြပါတယ်။
အဲသည်တောင်တန်းက အလွန်အမင်း အန္တရာယ်များတယ် ဆိုပေမယ့်လည်း ပြန်လည်ဝင်စားခြင်း နယ်ပယ် ပညာရှင်တွေ အတွက်ကတော့ သိပ်ပြီး ပြဿနာ မရှိပါဘုူး။
မိစ္ဆာသားရဲ တစ်ကောင်ဟာ အဆင့်၅ မိစ္ဆာသားရဲအဖြစ် အဆင့်တက်သွားရင် သူတို့ရဲ ခန္ဓာကိုယ်ထဲမှာ မိစ္ဆာအမြုတေ ဖြစ်တည်နှုန်း ၁၀ဆ ပိုများလာပါတယ်။ ပညာရှင်တစ်ယောက်ရဲ့ သုတေသန အရဆိုရင်တော့ ယေဘူယျအားဖြင့် အဆင့်၅ မိစ္ဆာသားရဲ ငါးကောင်ထဲမှာ တစ်ကောင်ဟာ သေချာပေါက် မိစ္ဆာအမြုတေ ဖြစ်တည်လေ့ ရှိပါတယ်တဲ့။
အဆင့်၅ မိစ္ဆာအမြုတေတွေရဲ့ တန်ဖိုးဟာ မသေးလှပါဘုူး။
အဆင့်၅ အဆင့်နိမ့် မိစ္ဆာအမြုတေ တစ်ခုရဲ့ တန်ဖိုးဟာ အနည်းဆုံး အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး၁၀၀ ပါပဲ။
အဆင့်၅ အလယ်အလတ်အဆင့် မိစ္ဆာအမြုတေ တစ်ခုဆိုရင်တော့ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၂၀၀ တန်ပြီး အဆင့်၅ အဆင့်မြင့် မိစ္ဆာအမြုတေ တစ်ခုဆိုရင်တော့ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၄၀၀ တန်ပါတယ်။
တကယ်လို့ ကံကောင်းပြီး အဆင့်၅ သန္ဓေပြောင်း မိစ္ဆာသားရဲတွေနဲ့ တွေ့ခဲ့မယ်ဆိုရင် အကျိုးအမြတ်က ပိုတောင် များသွားဦးမှာပါ။
အဆင့်၅ သန္ဓေပြောင်း မိစ္ဆာသားရဲတွေရဲ့ မိစ္ဆာအမြုတေ တန်ဖိုးက သာမန် အဆင့်၅ မိစ္ဆာ အမြုတွေထက် အဆများစွာ ပိုပါတယ်။
တကယ်လို့ ပညာရှင်တစ်ယောက်ဟာ လုံလောက်တဲ့ အဆင့်တစ်ခုအထိ အစွမ်းထက်ပြီး ကံကောင်းခဲ့မယ် ဆိုရင် ခရမ်းရောင်ကြယ် တောင်တန်းတွေဘက်ကို တစ်ခါလောက် သွားလိုက်ရုံနဲ့ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ထောင်ချီပြီး ရနိုင်ပါတယ်။
ပြီးတော့ ခရမ်းရောင်ကြယ် တောင်တန်းဟာ လူသူ အရောက်နည်းတဲ့ နေရာ တစ်ခု ဆိုရင်လည်း မမှားပါဘူး။ အဲသည်အတွက် မရေမတွက်နိုင်တဲ့ ဆေးပင်တွေနဲ့ သဘာဝအလျောက် ဖြစ်တည်နေတဲ့ ရတနာတွေလည်း ရှိနေပါသေးတယ်။
" အဖွဲ့ဝင်တွေက ဘယ်နှယောက်လဲ "
လီဖူချန်းက ခရမ်းရောင်ကြယ် တောင်တန်းတွေဘက်ကို သွားဖို့အတွက် စိတ်ဝင်စားသွား ခဲ့ပါပြီ။
အန်ရှင်းမိန်က ပြုံးလိုက်ပြီး
" ၄ ယောက်။ နင်ကော ပါမယ်ဆိုရင်တော့ ၅ယောက်ပေါ့။ ငါတို့အဖွဲ့ရဲ့ အစွမ်းအထက်ဆုံး လူကတော့ ဝါစဉ်ကြီးအစ်ကို ကျိုးဟန်ပဲ။သူက စွမ်းအင်ရပ်တည်မှုဇယားရဲ့ အဆင့်၅လည်း ဟုတ်တယ် "
" စွမ်းအင်ရပ်တည်မှုဇယားရဲ့ နံပါတ်၅ ကျိုးဟန်လား "
ကျိုးဟန် ဆိုတာကတော့ ပြန်လည် ဝင်စားခြင်းနယ်ပယ် အဆင့်၅ကို ရောက်နေပြီ ဖြစ်တဲ့ အေးစိမ့်ရေခဲ အရိုးတည်ဆောက်ပုံ ပိုင်ရှင် ဖြစ်ပါတယ်။ ပြီးတော့ သူက အေးစိမ့်ရေခဲ စွမ်းအားကို အသက်သွင်းထား ပြီးပါပြီ။ ကျိုးဟန်နဲ့ယှဉ်ရင်တော့ ရှောင်ခွန်းဟာ ကလေးသာသာပါပဲ။
" ဟုတ်ပြီ ... ကျွန်တော်လည်း ပါမယ် "
အနည်းငယ် စဉ်းစားပြီးတဲ့ နောက်မှာတော့ လီဖူချန်းဟာ အန်ရှင်းမိန်ရဲ့ အဖွဲ့ထဲပါဖို့ ခေါင်းညိတ် လိုက်ပါပြီ။
သူက လက်ရှိမှာ အဆင်နိမ့်ဝိညာဉ်ကျောက်တုံး ခြောက်သောင်းကျော်ကို ပိုင်ဆိုင်ထားပါတယ်။ ဒါပေမဲ့ သူ့အနေနဲ့ အရှေ့ယူနီကွန်းတိုက်ကို ပြန်မယ်ဆိုရင် အနည်းဆုံး အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၂သိန်းရှိမှ ပြန်လို့ ရမှာပါ။ အဲသည်အတွက် လီဖူချန်းဟာ အဆင်နိမ့် ဝိညာဉ် ကျောက်တုံးတွေကို ရနိုင်သလောက် ရအောင် ရှာထားမှ တော်ကာ ကျပါမယ်။
" ကောင်းလိုက်တာ ... ။ ဒါဆို မမ သွားတော့မယ်။ မမက နောက်ထပ် ကျောင်းသား တစ်ယောက်၊ နှစ်ယောက်လောက် ထပ်ရှာချင်သေးလို့ "
အန်ရှင်းမိန်က လီဖူချန်းခေါင်းညိတ်လိုက်မှ သက်ပြင်း ချနိုင်ပါတော့တယ်။ လီဖူချန်းပါလာတာက သူတို့ အဖွဲ့အတွက် တစ်တပ်တစ်အားပါပဲ။ လီဖူချန်းရဲ့ အစွမ်းက စွမ်းအင်ရပ်တည်မှု ဇယားထဲက ကျောင်းသားတွေနဲ့ တောင်မှ ယှဉ်လို့ ရနေပြီ မဟုတ်ပါလား။
" ဒါနဲ့ ဘယ်အချိန်၊ ဘယ်နေရာမှာ ဆုံကြမှာလဲ "
လီဖူချန်းက မေးလိုက်ပါတယ်။
" နောက်သုံးရက်ကြာရင် သိုင်းတက္ကသိုလ် အဝင်ဝကို လာခဲ့ "
အန်ရှင်းမိန်က လူရှာဖို့ လောနေပုံပါပဲ။ သူက ဖြေပြီးတာနဲ့ လီဖူချန်းရဲ့ ခြံဝင်းထဲကနေ ထွက်သွားခဲ့ပါဘူး။
အချိန်သုံးရက်က လျင်မြန်စွာ ကုန်ဆုံး သွားခဲ့ပါပြီ။
" အင်း ... အစ်မအန် ပြောထားတာ သည်နေ့ပဲ "
အန်ရှင်းမိန် ချိန်းဆိုထားတဲ့ နေ့ကို ရောက်လာပြီ ဖြစ်တဲ့အတွက် လီဖူချန်းဟာ တောင်ပိုင်းတောအုပ် သိုင်းတက္ကသိုလ်ရဲ့ အဝင်ဝကို သွားလိုက်ပါတယ်။
သိုင်းတက္ကသိုလ်ရဲ့ အဝင်ဝကို သူရောက်သွားတဲ့ အချိန်မှာတော့ အန်းရှင်းမိန်က ရောက်နှင့်နေခဲ့ပါပြီ။ သူနဲ့အတူ အခြားကျောင်းသား နှစ်ယောက်လည်း ရှိနေပါသေးတယ်။ အဲသည်ကျောင်းသားနှစ်ယောက်ရဲ့ ကျင့်ကြံမှု အဆင့်ကတော အန်ရှင်းမိန်နဲ့ အတူတူပါပဲ။ ကျိုးဟန်ကတော့ ရောက်လာသေးပုံ မရပါဘူး။
အန်ရှင်းမိန်က လီဖူချန်းတို့ကို မိတ်ဆက်ပေးလိုက်ပါတယ်။
"မောင်လေးဖူချန်း ... သူက တန်းခွဲ၅က လံျတိုင်ယု၊သူကတော့ တန်းခွဲ၇က တုချင်း။ လျံတိုင်ယု၊ တုချင်း သူကတော့ လီဖူချန်းတဲ့ "
" အိုး ... နောက်ဆုံးတော့ မင်းကို တွေ့ရပြီပေါ့ "
လျံတိုင်ယုက ခေါင်းတစ်ချက် ညိတ်ပြလိုက်ပါတယ်။ သူက လီဖူချန်းကို အထင်ကြီးပုံ မရပါဘူး။
တုချင်းကလည်း လီဖူချန်းကို ပြုံးပြလာခဲ့ပါတယ်။ သူ့ရဲ့ မျက်လုံးထဲမှာတော့ စပ်စုချင်တဲ့ အရိပ်အယောင်တွေ အပြည့်ပါပဲ။
ပြန်လည်ဝင်စားခြင်းနယ်ပယ် အဆင့်၁ နဲ့ ရှောင်ခွန်းကို အနိုင်ယူခဲ့တဲ့သူ။ သည်လိုလူကိုတော့ ဘယ်သူမဆို စပ်စုချင်မှာပါပဲ။
လီဖူချန်း ရောက်ပြီးလို့ နောက်ထပ် ၁၅ မိနစ်အကြာမှာတော့ ကျိုးဟန်လည်း ရောက်လာခဲ့ပါပြီ။
သူ့ရဲ့ ခန္ဓာကိုယ်ကနေ ထွက်နေတဲ့ အေးစက်စက် အငွေ့အသက်တွေက သူနဲ့ ရင်းနှီးခင်မင်ချင်တဲ့ လူတွေကို တွန့်ဆုတ်သွားစေမှာ အမှန်ပါပဲ။ ဒါပေမဲ့ အဲသည် အငွေ့အသက်တွေကပဲ ကျိုးဟန်ဟာ အရမ်းကြည့်ကောင်းစေတဲ့ လူတစ်ယောက် ဖြစ်နေစေတာပါ။
" အစ်ကိုကျိုး "
လီဖူချန်းက လွဲပြီး ကျန်တဲ့ လူသုံးယောက်က ကျိုးဟန်ကို အရိုအသေ ပေးလိုက်ပါတယ်။
သူက လူတစ်ယောက်ကို ဖားယားဖို့ စိတ်မဝင်စားပါဘူး။
တကယ်လို့ ကျိုးဟန်က သူ့ကို အရင်စပြီး နှုတ်ဆက်ခဲ့ရင်တော့ သူက ကျိုးဟန်ကို ဝါစဉ်ကြီး အစ်ကို တစ်ယောက်အဖြစ် အရိုအသေ ုပြန်ပေးမှာပါ။
ဒါပေမဲ့ ကျိုးဟန်ကလည်း သူ့ကို ဖုတ်လေတဲ့ ငါးပိ ရှိတယ်လို့တောင် ထင်ပုံ မရပါဘူး။
ကျိုးဟန်က အန်ရှင်းမိန်ကိုသာ အဖက်လုပ်ပြီး စကားပြန်ပြောနေပါတယ်။
" ညီမအန်း ... လူစုံရင် သွားကြစို့ "
" ဟုတ်"
သည်လိုနဲ့ပဲ သူတို့၅ယောက်ဟာ အပြင်စည်း တက္ကသိုလ်ရဲ့ မြင်းမွေးမြူရေး စခန်းက အဆင့်၄ ယူနီကွန်းမြင်းတွေကို တောင်းယူပြီး ခရမ်းရောင်ကြယ် တောင်တန်းဘက်ကို ထွက်လာခဲ့ကြပါပြီ။
***