ကမ္ဘာကြီးက ကျဉ်းကျဉ်းလေး
Vol. 35 Ch. 480
“ဂိုဏ်းသခင်ရဲ့ မူလဝိညာဉ်လမ်းညွှန်ကို ဖတ်ကြည့်လိုက်တာနဲ့ ငါ တော်တော်လေး အထင်ကြီးမိသွားတယ်။ မူလဝိညာဉ်လမ်းညွှန်က တိုင်းထွာမရအောင် ကြီးကျယ်ခမ်းနားတဲ့ ကျင့်စဉ်တစ်ခုပါပဲ။ အနာဂတ်မှာ လမ်းသစ်တွေ အများကြီးဖွင့်ပေးနိုင်မှာပါ”
ရှုရှန်းဟွာ၊ ကျန်းယန် ချင်မူနှင့် မိစ္ဆာမျောက်ဝံတို့သည် ရွှေတောင်ထွတ်ပေါ်ရှိ ကျောင်းဆောင်တစ်ဆောင်ထဲ၌ ထိုင်ကာ ချင်မူနှင့် လင်ယွိရှို့ ဖန်တီးခဲ့သော မူလဝိညာဉ်လမ်းညွှန်ကျင့်စဉ်အကြောင်း ပြောနေကြ၏။ အထက်ကောင်းကင်ဘုံမှ ဤဧည့်သည်မှာ ဝမ်းသာပီတိအပြည့်ဖြင့် ပြုံးရွှင်နေပြီး တလေးတစား လက်ခုပ်တီးလိုက်သည်။
“မူလဝိညာဉ်လမ်းညွှန်က ခုနစ်စဉ်ကြယ်အဆင့်မှာပဲ လုပ်နိုင်တဲ့အရာကို အရပ်ခြောက်မျက်နှာအဆင့်ဆီ တွန်းချခဲ့တယ်။ ဒါပေမဲ့ အရပ်ခြောက်မျက်နှာအဆင့်မှာ မူလဝိညာဉ် ဘယ်လိုဖွဲ့တည်ပြီး မူလဝိညာဉ်စွမ်းအားကို ဘယ်လိုအသုံးချရမယ်ဆိုတာ မရှင်းပြထားသေးဘူး။ တကယ့်တကယ် လုပ်လို့ရတာတွေက အများကြီး... ဥပမာ မူလဝိညာဉ်ကောင်းကင်နတ်သိုင်းတွေ တီထွင်တာမျိုးပေါ့။ အဲဒီကောင်းကင်နတ်သိုင်းတိုင်းက လမ်းစဉ်တွေ၊ ကျင့်စဉ်တွေကို တိုးတက်စေလိမ့်မယ်။ အဲဒီတိုးတက်မှုကလည်း ကောင်းကင်နတ်အသွင်အဆင့်၊ သေခြင်းရှင်ခြင်းအဆင့်နဲ့ ကောင်းကင်တံတားအဆင့်တွေအပေါ်ပါ သက်ရောက်မှုရှိလိမ့်မယ်။ ဒါ့ကြောင့် ဂိုဏ်းသခင်ကို ငါ အလေးစားဆုံး ဖြစ်မိပါတယ်”
ထိုသို့ပြောပြီးနောက် သူက တလေးတစားပင် လှမ်းကြည့်လိုက်သေးသည်။ “ဂိုဏ်းသခင်နဲ့ မင်းသမီးရှုရဲ့ မူလဝိညာဉ်လမ်းညွှန်ကျင့်စဉ်ကြောင့် တစ်လောကလုံးမှာ ဆရာသခင်တွေ ပြည့်လာနိုင်တယ်။ လူသားဧကရာဇ်ဆိုတဲ့အတိုင်းပါပဲ။ တကယ် လေးစားမိတယ်။ ဒါပေမဲ့ ကြောက်လည်း ကြောက်မိတယ်။ မင်းနဲ့ငါက လောကသခင်ခန္ဓာတွေဆိုပေမယ့် မင်းက အဲဒီလိုမျိုး လုပ်ပြနိုင်ခဲ့ပြီဆိုမှတော့ ငါ့အနေနဲ့ နောက်ကျကျန်ခဲ့လို့ ဘယ်ဖြစ်ပါ့မလဲ”
ရှုရှန်းဟွာက ပြုံး၍ ခပ်အေးအေး ပြောလိုက်သည်။ “မင်းရဲ့ မူလဝိညာဉ်လမ်းညွှန်က လမ်းစဉ်တွေ၊ ကျင့်စဉ်တွေ၊ ကောင်းကင်နတ်သိုင်းတွေအတွက် ဖြစ်နိုင်ခြေတွေ ဖွင့်ပေးခဲ့တော့ ငါလည်း ကိုယ့်ကိုယ်ကို စိန်ခေါ်ဖို့ ဆုံးဖြတ်လိုက်တယ်။ အဲဒါက ခုနစ်စဉ်ကြယ်အဆင့်နဲ့ အရပ်ခြောက်မျက်နှာအဆင့်ကို ပေါင်းစည်းဖို့ပဲ”
“အဆင့်နှစ်ဆင့်ကို ပေါင်းဖို့ကိစ္စက မလွယ်ဘူး။ အဆင့်တစ်ဆင့်လုံးကို ဖျက်စီးပစ်လိုက်တာနဲ့ အတူတူပဲ။ ဘယ်လိုလုပ်ခဲ့တာလဲ” ချင်မူ တည်ငြိမ်စွာ မေးလိုက်သည်။
“လူ့ခန္ဓာကိုယ်ထဲမှာ ဝိညာဉ်သန္ဓေသား၊ ဓာတ်ကြီးငါးပါး၊ အရပ်ခြောက်မျက်နှာ၊ ခုနစ်စဉ်ကြယ်၊ ကောင်းကင်နတ်အသွင်၊ သေခြင်းရှင်ခြင်းနဲ့ ကောင်းကင်တံတား ဆိုပြီးတော့ ရှိတယ် ကောင်းကင်ရတနာခုနစ်ပါး ရှိတယ်။ ကောင်းကင်ရတနာခုနစ်ပါးထဲမှာ ဝိညာဉ်သန္ဓေသားက ဝိညာဉ်ကို နှိုးပေးပြီး ကောင်းကင်နဲ့မြေကြီးကို ဖွင့်ပေးနိုင်တဲ့ အဓိကအရာပဲ”
“မဟာပလ္လင်လို့ခေါ်တဲ့ ဝိညာဉ်စင်မြင့်အပေါ်မှာ ဝိညာဉ်သန္ဓေသား ထရပ်လိုက်ရင် ဓာတ်ကြီးငါးပါး မွေးဖွားတယ်။ သတ္တု၊ သစ်သား၊ ရေ၊ မီး၊ မြေ၊ ဒီကြယ်တာရာငါးလုံးက ဝိညာဉ်စင်မြင့်ကို လှည့်ပတ်တယ်
“မြေပြင် ဖြစ်တည်လာတဲ့အခါ အရှေ့၊ နောက်၊ တောင်၊ မြောက်၊ အထက်နဲ့အောက် ဆိုတဲ့ အရပ်ခြောက်မျက်နှာ ရှိလာမယ်
“အရပ်ခြောက်မျက်နှာ ရှိလာတာနဲ့ နေနဲ့လ ဖွားမြင်လာပြီး ကြယ်ငါးလုံးကနေ ခုနစ်လုံး ဖြစ်သွားတယ်
“ကြယ်ခုနစ်လုံးနဲ့ ဝိညာဉ်သန္ဓေသား ပြည့်စုံသွားတဲ့အခါ ကောင်းကင်နတ်အသွင် ဖွဲ့တည်လာတယ်
“ကောင်းကင်နတ်အသွင် မူလဝိညာဉ်က သေခြင်းနဲ့ ရှင်ခြင်းကို ဆက်သွယ်ပေးနိုင်တဲ့အထိ သန်မာအားကောင်းတယ်။ သေခြင်းက ယိုတုပဲ။ မူလဝိညာဉ်ရဲ့ခြေထောက်အောက်၊ ဝိညာဉ်စင်မြင့်ရဲ့အောက်မှာ ရှိတယ်။ ယိုတု ဖြစ်ပေါ်လာတဲ့အခါ သေခြင်းနဲ့ ရှင်ခြင်း တည်ရှိလာတယ်
“ရှင်ခြင်းက ကောင်းကင်တံတားပဲ။ မူလဝိညာဉ်အပေါ်ကနေ ဆန့်ထွက်သွားပြီး ကောင်းကင်နတ်ဘုံဆီ ဦးတည်ပေးတယ်။ ကောင်းကင်နတ်ဘုံကို ဝင်ရောက်ရင် လူတစ်ယောက်ဟာ ယိုတုရဲ့ ထိန်းချုပ်မှုအောက်ကနေ လွတ်မြောက်သွားပြီး မသေနိုင်တော့ဘူး”
ရှုရှန်းဟွာ အဆင့်ခုနစ်ဆင့်၏ ဆန်းကြယ်သောသဘောတရားများအား ရှင်းပြနေစဉ် ချင်မူက ခေါင်းတညိတ်ညိတ်ဖြင့် နားထောင်နေသည်။ အဆင့်များအပေါ် သူ နားလည်ထားသည်ကလည်း ရှုရှန်းဟွာ ရှင်းပြခဲ့သည်နှင့် ဆင်တူ၏။ သို့သော် ခုနစ်စဉ်ကြယ်အဆင့်နှင့်ပတ်သက်ပြီး အနည်းငယ် ကွဲပြားသည်။
ချင်မူ၏ ကောင်းကင်ရတနာများထဲရှိ နေနှင့်လက ခုနစ်စဉ်ကြယ်အဆင့်မတိုင်ခင်ကတည်းက ဖွဲ့တည်နေခဲ့ခြင်းဖြစ်၏။ ဤအချက်က သာမန်သိုင်းအဆင့်နှင့် ကွဲပြားသယောင် ထင်ရသော်လည်း လောကသခင်ခန္ဓာ၏ ထူးခြားမှုဟု ယူဆကာ စိတ်ထဲမထည့်လိုက်ပေ။
“အဲဒါဆို အရပ်ခြောက်မျက်နှာနဲ့ ကြယ်ခုနစ်လုံးကို တစ်သားတည်း ဘယ်လိုပေါင်းစည်းခဲ့တာလဲ” သူက ရိုးရိုးသားသား မေးလိုက်သည်။
ရှုရှန်းဟွာက ပြုံးကာ ပြော၏။ “အပြန်အလှန် နုတ်ထုတ်လိုက်တာ”
ချင်မူ့ခန္ဓာကိုယ် တုန်လှုပ်သွားပြီး ယိုင်ယိုင်ယွဲ့ယွဲ့ သက်ပြင်းမှုတ်ထုတ်လိုက်သည်။ “တော်ချက်”
“ငါ ကောင်းကင်နတ်ဘုံရဲ့ တောင်ကောင်းကင်မုခ်ဝမှာ ရပ်ပြီး အဆင့်ခုနစ်ဆင့်ကို အပေါ်စီးကနေ ကြည့်နေသလို မြင်ယောင်လိုက်တယ်။ အဲဒီအမြင့်က ကြည့်ရင် အဆင့်ခုနစ်ဆင့်က တစ်ခုတည်းပဲ” ရှုရှန်းဟွာက အေးအေးလူလူ ပြောလိုက်၏။
“ကောင်းကင်ရတနာခုနစ်ခုက အပိုင်းခုနစ်ပိုင်း ကွဲနေတဲ့ ကောင်းကင်ရတနာတစ်ခုတည်းပဲ။ လူတစ်ယောက်က သန်မာသင့်သလောက် သန်မာရင် ကောင်းကင်ရတနာခုနစ်ခုကို တစ်ခုတည်းအဖြစ် ပေါင်းစည်းပြီး ကောင်းကင်နတ်ဘုံကို တိုက်ရိုက်ဝင်ရောက်နိုင်တယ်။ ဒါပေမဲ့ ဘယ်သူ့မှာမှ မွေးကတည်းက အဲဒီလောက်ကြောက်စရာစွမ်းအား ပါမလာနိုင်ဘူး။ ဒါပေမဲ့ ဂိုဏ်းသခင်ချင်နဲ့ မင်းသမီးရှု ဖန်တီးခဲ့တဲ့ မူလဝိညာဉ်လမ်းညွှန်ကတော့ ကြယ်ခုနစ်လုံးနဲ့ အရပ်ခြောက်မျက်နှာကို ကောင်းကင်ရတနာတစ်ခုတည်းဖြစ်အောင် ပေါင်းစည်းပေးနိုင်တယ်”
“အပြောလွယ်တယ် အလုပ်ခက်တယ်။ ကောင်းကင်ရတနာတွေကြားမှာ အဆင့်တစ်ဆင့်နဲ့ အတားအဆီးနံရံတစ်ခုစီ ရှိကြတယ်။ ကောင်းကင်ရတနာတွေကို ပေါင်းစည်းတယ်ဆိုတာ အဆင့်တွေကို ပေါင်းစည်းပြီး အတားအဆီးနံရံကို ချိုးဖျက်တာပဲ။ ကောင်းကင်ရတနာနှစ်ခုကြားက အတားအဆီးနံရံကို ဘယ်လိုချိုးဖျက်ပြီး တစ်ခုတည်းဖြစ်အောင် လုပ်ခဲ့တာလဲ” ချင်မူ မေးလိုက်သည်။
“မူလဝိညာဉ်ရဲ့ အင်အားနဲ့ ကောင်းကင်ရတနာနှစ်ခု တစ်ခုတည်းဖြစ်သွားအောင် အတင်းအကြပ် ပေါင်းစည်းပြီး အတားအဆီးနံရံ ချိုးဖျက်ပစ်လိုက်တာ။ ဒါက ဂိုဏ်းသခင်ရဲ့ မူလဝိညာဉ်လမ်းညွှန်ကျင့်စဉ်ကို အခြေခံပြီး တီထွင်ထားတဲ့ ခုနစ်စဉ်ကြယ်အရပ်ခြောက်မျက်နှာ မူလဝိညာဉ်ကျင့်စဉ်ပါ”
ရှုရှန်းဟွာက ပြောရင်းဆိုရင်း သူ၏မူလဝိညာဉ်ကျင့်စဉ်ကို ထုတ်ဖော်လိုက်သည်။ တမုဟုတ်ချင်း ပြင်းထန်သောအရှိန်အဝါတစ်ခုက ကောင်းကင်ယံသို့ ထိုးတက်သွားပြီး သူ၏ချီစွမ်းအင်က မြင်ကွင်းများအား ဖွဲ့တည်ပြသနေသည်။
ရှုရှန်းဟွာ၏ ခြေထောက်အောက်၌ ကြာပလ္လင်တစ်ဆူ ဖွဲ့တည်လာပြီး ကြာပလ္လင်ထဲ၌ ဝိညာဉ်သန္ဓေသား ပေါ်လာ၏။ ထိုမဟာပလ္လင်က ဝိညာဉ်စင်မြင့်ဖြစ်သည်။ ကြာပလ္လင်သည် ဝဲကဲ့သို့ လည်သွားပြီး ပွင့်ချပ်များ ပွင့်ကျလာကာ တခဏအတွင်း မြေပြင်ဖြစ်တည်သွား၏။
တစ်ချိန်တည်းမှာပင် ဓာတ်ကြီးငါးပါး ပျံထွက်လာပြီး ကြယ်တာငါးခုအဖြစ် ပြောင်းလဲ၍ မြေပြင်ကို လှည့်ပတ်နေသည်။ သီးခြားရုပ်သွင်နှင့် သီးခြားစွမ်းအင်ရှိသော နတ်ဘုရားငါးပါးက ကြယ်တာရာငါးခုအပေါ်၌ ရပ်နေကြသည်။
ယင်ချီနှင့် ယန်ချီက နေနှင့်လ အသွင်ပြောင်းကာ ကောင်းကင်ထက်သို့ မြောက်တက်သွားသည်။ ဓာတ်ငါးပါးကြယ်ငါးခုနှင့် ပေါင်းစည်းသွားသည့်အခါ ကောင်းကင်ယံတွင် ကြယ်ခုနစ်စင်း တည်ရှိလာ၏။
ဝိညာဉ်သန္ဓေသားက ကြီးသထက် ကြီးမားလာပြီး ကြာခင်းမြေပြင်ပေါ်၌ မတ်မတ်ရပ်သည်။ ရောင်စုံတောက်ပနေသည့် နေရောင်ခြည်များက ကြယ်ခုနစ်လုံးကို ခုနစ်စဉ်ကြယ်အသွင် ချိတ်ဆက်ပေးထား၏။
ရှုရှန်းဟွာ၏မူလဝိညာဉ် ကောင်းကင်နှင့်မြေပြင်အကြား၌ မားမားမတ်မတ် ရပ်နေသည်ကို ချင်မူ တမုဟုတ်ချင်း ခံစားလိုက်ရသည်။ ချီစွမ်းအင်က မူလဝိညာဉ်ကို ဗဟိုပြု၍ ထူးဆန်းသော လမ်းကြောင်းများအတိုင်း ရွေ့လျားနေ၏။ ကောင်းကင်ရတနာများအကြားရှိ အတားအဆီးနံရံအား မမြင်ရတော့ပေ။
ရှုရှန်းဟွာ ဖွင့်လှစ်ခဲ့သည်ကား ကောင်းကင်နှင့် မြေကြီးအကြားရှိ ဆက်သွယ်မှု ဖြစ်သည်။
ခုနစ်စဉ်ကြယ်နှင့် အရပ်ခြောက်မျက်နှာသည် သီးခြားကောင်းကင်ရတနာနှစ်မျိုး ဖြစ်သော်လည်း ခုနစ်စဉ်ကြယ်အရပ်ခြောက်မျက်နှာကျင့်စဉ်က ကောင်းကင်နှင့်မြေကြီးကို ဆက်သွယ်၍ ကောင်းကင်နှင့်မြေကြီးအကြားရှိ အတားအဆီးနံရံကို ဖယ်ရှားပေးခဲ့သည်။
ချင်မူက ထရပ်ပြီး ချီစွမ်းအင်ကို လှုံ့ဆော်ကာ အော်လိုက်သည်။ “နောင်တော်ရှု၊ အဆင့်နှစ်ဆင့်ကို ပေါင်းစည်းလိုက်တော့ မင်းရဲ့သိုင်းအဆင့်က ဘယ်အထိ တက်သွားလဲ ကြည့်ပါရစေ”
သူက မိုးကြိုးရှစ်ချက်လက်သီးသိုင်း၏ အထီးကျန်ပင်လယ်ပေါ်က နွေဦးမိုးကြိုးဖြင့် ထိုးချလိုက်သည်။ ဒေါသထွက်နေသော ပင်လယ်လှိုင်းလုံးကြီးများ တလိပ်လိပ် ထလာပြီး နွေဦးမိုးကြိုးများ ဂျိုးဂျိုးဂျိမ့်ဂျိမ့် မြည်ဟည်းကာ တောင်တန်းတစ်လျှောက် ပဲ့တင်ထပ်သွား၏။
ရှုရှန်းဟွာက သူ၏လက်သီးချက်ကို လက်ကာ၍ ဟန့်တားလိုက်သဖြင့် နှစ်ယောက်လုံး၏ခန္ဓာကိုယ်များ တုန်ခါသွားသည်။ ချင်မူ တအံ့တဩ နောက်ဆုတ်လိုက်မိသည်။
ရှုရှန်းဟွာ၏ ချီစွမ်းအင် သိပ်သည်းမှုက သူ့အောက် မျဉ်းတစ်ကြောင်းနိမ့်ကျခဲ့သော်လည်း အဆင့်နှစ်ဆင့်ကို ပေါင်းစည်းပြီးသည့်အခါ သူ့ထက် မျဉ်းတစ်ကြောင်း မြင့်သွားချေပြီ။
အဆင့်နှစ်ဆင့်၏ ပေါင်းစည်းမှုသည် အမှန်တကယ် အံ့ဩတုန်လှုပ်ဖွယ်ကောင်း၏။
ရှုရှန်းဟွာက မြင်ကွင်းများကို ရုပ်သိမ်းကာ သူ တည်ထောင်ခဲ့သည့် ကျင့်စဉ်အား ရှင်းပြသည်။
ချင်မူ၏အမူအရာ ပြောင်းလဲသွားသည်။ ရှုရှန်းဟွာ၏ ခုနစ်စဉ်ကြယ် အရပ်ခြောက်မျက်နှာ မူလဝိညာဉ်ကျင့်စဉ်က ဝိညာဉ်သန္ဓေသားအပေါ် အဓိကမူတည်၏။ ဝိညာဉ်သန္ဓေသားနှင့် ဝိညာဉ်ကို ပေါင်းစည်း၍ မူလဝိညာဉ်အား ဖွဲ့တည်ပေးလိုက်ခြင်း ဖြစ်သည်။
ရှုရှန်းဟွာ၏နည်းလမ်းအရ မူလဝိညာဉ်သည် ကောင်းကင်ရတနာလေးခု၏ အလယ်တွင် တည်ရှိပြီး ကြယ်ခုနစ်လုံးနှင့် အရပ်ခြောက်မျက်နှာ၏ ဗဟိုချက်ဖြစ်လာသည့်အခါ ကောင်းကင်ရတနာလေးခုထဲရှိ စွမ်းအင်အားလုံးကို စုဝေးလိုက်၏။ ထို့နောက် စွမ်းအင်အလုံးလိုက်အရင်းလိုက်ဖြင့် ကောင်းကင်နှင့် မြေကြီးအကြားရှိ အတားအဆီးနံရံကို တွန်းတိုက်ချိုးဖျက်ကာ အဆင့်နှစ်ဆင့်ကို တစ်ဆင့်တည်း ပေါင်းစည်းပစ်လိုက်သည်။
‘ဒါဆို ကောင်းကင်ရတနာတွေအကြားက အတားအဆီးတွေအားလုံး ချိုးဖျက်လို့ရတာပဲ။ ကောင်းကင်တံတားကောင်းကင်ရတနာကို ရောက်တဲ့အခါ ကောင်းကင်ရတနာခုနစ်ခုက တစ်ခုတည်း ဖြစ်သွားလိမ့်မယ်..’
ချင်မူ ငေးကြောင်သွားသည်။
သူ၏မူလဝိညာဉ်လမ်းညွှန်မှ အစပြု၍ ရှုရှန်းဟွာ၏ ခုနစ်စဉ်ကြယ် အရပ်ခြောက်မျက်နှာ မူလဝိညာဉ်ကျင့်စဉ်က ရှေ့သို့ ခြေနှစ်လှမ်း၊ သုံးလှမ်း ဆက်လှမ်းနိုင်ခဲ့သည်။ ယခုတွင် မရေမတွက်နိုင်သော ဖြစ်နိုင်ခြေများစွာ ရှိလာခဲ့ချေပြီ။ ခုနစ်စဉ်ကြယ်နှင့် အရပ်ခြောက်မျက်နှာကိုသာ ပေါင်းစည်းနိုင်ခြင်းမဟုတ်၊ ဝိညာဉ်သန္ဓေသားနှင့် ဓာတ်ကြီးငါးပါးကြားရှိ အတားအဆီးနံရံကိုပင် ဖယ်ရှားနိုင်သည်။
ကောင်းကင်နတ်အသွင်၊ သေခြင်းရှင်ခြင်း၊ ကောင်းကင်တံတား ... ဤအဆင့်များ၏ အတားအဆီးများကိုလည်း ဖယ်ရှား၍ရ၏။
လူတစ်ယောက် ကောင်းကင်တံတားအဆင့်အထိ ရောက်လျှင် ကောင်းကင်နတ်သွင်အဆင့်နှင့် သေခြင်းရှင်ခြင်းအဆင့် ပေါင်းစည်းသွားပြီး ကောင်းကင်ရတနာခုနစ်ခုလုံး တစ်ခုတည်း ဖြစ်သွားလိမ့်မည်။ အဆင့်များအကြား ကွဲပြားမှုရှိမည်မဟုတ်တော့ပေ။
ထိုသို့ဆိုလျှင် ကြီးမားသော ပြုပြင်ပြောင်းလဲမှုကြီးသို့ ဦးတည်သွားလိမ့်မည်။
ကမ္ဘာပေါ်ရှိ ကောင်းကင်နတ်သိုင်းပညာရှင်အားလုံး၏ အစွမ်းအစတို့ များစွာ မြင့်တက်သွားမည်။
ကောင်းကင်နတ်သိုင်းပညာရှင်များ၏ အစွမ်းအစတိုးတက်မှုမှ ခေါ်ဆောင်လာသော အပြောင်းအလဲက အံ့ဖွယ်ထူးကဲလိမ့်မည်မှာ မလွဲဧကန်ပင်။
“အတားအဆီးနံရံအကုန်လုံး ချိုးဖျက်ချင်ရင် နှစ်တစ်ရာလောက် ကြိုးကြိုးစားစား အားထုတ်ဖို့ လိုလောက်တယ်။ ဒါပေမဲ့ အခုတော့ ရောင်နီမြင်ရပါပြီ။ နောင်တော်ရှု၊ မင်း တကယ် ကောင်းမှုအကြီးကြီး လုပ်ခဲ့တာပဲ...” ချင်မူ ခပ်တိုးတိုး ရွတ်လိုက်မိသည်။
“ဂိုဏ်းသခင်ရဲ့ မူလဝိညာဉ်လမ်းညွှန်ကြောင့် မဟုတ်ရင် ဒီအဆင့်အထိ ရောက်မှာမဟုတ်ပါဘူး။ ဂိုဏ်းသခင်၊ ကောင်းမှုလုပ်ခဲ့တာက မင်းနဲ့ မင်းသမီးလေးရှုပါ” ရှုရှန်းဟွာက နှိမ့်ချပြောဆို၏။
ချင်မူ ကျယ်လောင်စွာ ရယ်လိုက်မိသည်။ သူ မူလဝိညာဉ်လမ်းညွှန်ကို ဖန်တီးနိုင်ခဲ့သည့်အကြောင်းရင်းမှာ သင်္ဘောပေါ်တွင် ဆုံတွေ့ခဲ့မှုကြောင့် ဖြစ်ကြောင်း ရှုရှန်းဟွာ မသိပေ။ သူတို့နှစ်ယောက် ပထမဆုံးတွေ့ခဲ့သည့်အချိန်တုန်းက တစ်ယောက်ကိုတစ်ယောက် စမ်းသပ်ရန် သိုင်းစွမ်းအားချင်း ထိတိုက်ခဲ့သည်။ ဆုံတွေ့မှုကြောင့် သူ စိတ်အားတရှိန်ရှိန် တက်ကြွလာခဲ့သဖြင့် လင်ယွိရှို့နှင့်အတူ မူလဝိညာဉ်ဖွဲ့တည်နိုင်ခဲ့ခြင်း ဖြစ်ချေသည်။
သို့ဖြစ်၍ မူလဝိညာဉ်လမ်းညွှန်ကျင့်စဉ် ဖန်တီးသူစာရင်းတွင် ရှုရှန်းဟွာ၏နာမည်ကိုလည်း ဂုဏ်ပြုမှတ်တမ်းတင်ရလိမ့်မည်။
ရုတ်တရက် သူတို့ဘေးမှ မိုးခြိမ်းသံများ ဂျိုးဂျိုးဂျိမ့်ဂျိမ့် ထွက်ပေါ်လာပြီး မိစ္ဆာမျောက်ဝံ၏ခန္ဓာကိုယ် ပြန့်ကားကြီးထွားလာသည်။ သူက ကိုယ်အစစ်ဖြစ်သော ခရမ်းနက်ရောင်မျောက်ဝံကြီးတစ်ကောင် အသွင်ပြောင်းလဲသွားကာ တောင်တစ်လုံးတမျှ ကြီးမားသွား၏။
ရှုရှန်းဟွာ ခုနစ်စဉ်ကြယ် အရပ်ခြောက်မျက်နှာ မူလဝိညာဉ်ကျင့်စဉ်ကို ရှင်းပြပြီးနောက် မိစ္ဆာမျောက်ဝံက ကျင့်စဉ်အတိုင်း လုပ်ဆောင်၍ မူလဝိညာဉ်ကို ဖွဲ့တည်လိုက်ချေပြီ။
အားလုံး တအံ့တဩ ထခုန်မိပြီး နောက်ဆုတ်လိုက်ကြကာ ဂျိုးဂျိုးဂျိမ့်ဂျိမ့် မြည်နေသော မိစ္ဆာမျောက်ဝံ၏ မူလဝိညာဉ်ကို ကြည့်လိုက်ကြသည်။ မိစ္ဆာမျောက်ဝံက ရှုရှန်းဟွာ၏ ကျင့်စဉ်ကို ချောမွတ်စွာ လှည့်ပတ်၍ အရပ်ခြောက်မျက်နှာနှင့် ခုနစ်စဉ်ကြယ်ကို ပေါင်းစည်းရန် ပြင်နေ၏။
ရှုရှန်းဟွာ ရင်ထဲတွင် လှုပ်ခတ်သွားပြီး ချင်မူ့အား လှမ်းကြည့်မိသည်။ “ဂိုဏ်းသခင်၊ နောင်တော်ကျန်းခုံးရဲ့ ဉာဏ်က မကောင်းလွန်းဘူးလား”
ချင်မူ အံ့ဩတုန်လှုပ်မှုများကို မြိုသိပ်၍ ကြောက်စရာကောင်းလောက်အောင် ကြီးမားလှသည့် မိစ္ဆာမျောက်ဝံ၏ ခန္ဓာကိုယ်ကြီးကို မော့ကြည့်လိုက်မိသည်။ “သူ့အတွေးတွေက သန့်ရှင်းစင်ကြယ်တယ်။ အရင်တုန်းက မဟာမိုးခြိမ်းသံကျောင်းတော်ရဲ့ မိုးကြိုးရှစ်ချက်လက်သီးသိုင်းကို တတ်သွားတာလည်း ငါ့ထက် ပိုမြန်တယ်။ သူ့အတွေးတွေက မပျံ့လွင့်ဘဲ စုစည်းနေတာကြောင့် ကျင့်စဉ်တိုးတက်မှုက အင်မတန် မြန်ပြီး ပြင်းထန်တယ်”
“သူလည်း လောကသခင်ခန္ဓာများ ဖြစ်နိုင်မလား” ရှုရှန်းဟွာက မယုံသင်္ကာ မေးလိုက်သည်။
မိစ္ဆာမျောက်ဝံ၏ရုပ်ခန္ဓာက သန်မာအားကောင်းသလို၊ ကျင့်စဉ်စွမ်းအင်ကလည်း သိပ်သည်းနက်ရှိုင်း၏။ မူလဝိညာဉ်ကို ဖွဲ့တည်လိုက်သည့်အခါ သူသည် များစွာသန်မာအားကောင်းလာသည့်အပြင် တုနှိုင်းမဲ့ပြိုင်ဘက်ကင်းလောက်အောင် အရှိန်အဝါကြီးမားလာသည်။
မိစ္ဆာမျောက်ဝံသည် တထာဂတ သင်ပေးခဲ့သည့် တထာဂတ၏မဟာယနသုတ္တန်ကို ရရှိခဲ့ပြီးနောက် တထာဂတငယ်၏နောက်သို့ လိုက်ကာ မိုးခြိမ်းသံကျောင်းတော်ငယ်၌ ဘုန်းကြီးဝတ်ခဲ့ခြင်းဖြစ်သည်။ ဗုဒ္ဓလမ်းစဉ်၏ အထွတ်အမြတ်ဆရာသခင်နှစ်ဦးဆီမှ သင်ယူခဲ့ရသောကြောင့် မိစ္ဆာမျောက်ဝံ၏ သိုင်းအခြေခံက အလွန်ခိုင်မာသည်။
သို့သော် သူ့အတွေးများက သန့်ရှင်းစင်ကြယ်သော်လည်း ချင်မူနှင့် ရှုရှန်းဟွာနှင့်ယှဉ်လျင် အသစ်တီထွင်ဖန်တီးနိုင်စွမ်း နိမ့်ကျသည်။ ချင်မူ၏အတွေးများကမူ ရှုပ်ထွေးသည်။ အသစ်သစ်များကို စဉ်းစားတတ်၍ သိုင်းကွက်အသစ်များအား ဖန်တီးတတ်၏။
ရှုရှန်းဟွာ၏အတွေးများကမူ ရိုးရှင်းသည်။ သို့သော် သူ လေ့လာထားသောကျင့်စဉ်များက အများနှင့်မတူပေ။ အနိုင်မခံအရှုံးမပေးတတ်သည့် သူ၏စိတ်ညဉ်က ချင်မူ့ကြောင့် နိုးထလာသဖြင့် ချင်မူ၏အခြေခံအုတ်မြစ်အပေါ် မူတည်ပြီး သူ၏ကိုယ်တိုင်မူလဝိညာဉ်လမ်းညွှန်ကို ဖန်တီးနိုင်ခဲ့ခြင်းဖြစ်သည်။
မိစ္ဆာမျောက်ဝံကမူ ထိုသို့မတွေးတတ်သော်လည်း အခြားသူများထက် လျင်မြန်စွာ သင်ယူနိုင်သည်။
သုံးယောက်လုံး၏ သိုင်းကျင့်ပုံသိုင်းကျင့်နည်းသည် နည်းလမ်းသုံးသွယ်အဖြစ် ကွဲနေ၏၊
မိစ္ဆာမျောက်ဝံက သင်ယူရုံသာ သင်ယူပြီး နားလည်အောင် မလုပ်ပေ။ ကျင့်ကြံ၍ရသရွေ့ ကျင့်ကြံသည်။ ရှုရှန်းဟွာက နားလည်အောင် လုပ်သည်။ နားလည်ထားသည့် အသိအမြင်အပေါ် အခြေခံ၍ ချဲ့ထွင်သည်။ အခြားတစ်ဖက်တွင် ချင်မူက လမ်းသစ်ဖောက်သူ ဖြစ်၏။ လမ်းမရှိလျှင် သူက လမ်းတစ်လမ်း ဖောက်လိမ့်မည်။
ချင်မူ့တွင်လည်း အားနည်းချက်များ ရှိသည်။ သူက လမ်းသစ်ဖောက်ပြီးလျှင် ထိုလမ်းသစ်ကို ဆက်လျှောက်မည့်အစား တခြားအရာများ သွားလုပ်တတ်၏။ ထို့ကြောင့် ခုနစ်စဉ်ကြယ် အရပ်ခြောက်မျက်နှာ မူလဝိညာဉ်ကျင့်စဉ်ကို တည်ထောင်ခဲ့သူက သူမဟုတ်ဘဲ ရှုရှန်းဟွာ ဖြစ်နေခြင်းပင်။
မိစ္ဆာမျောက်ဝံက ချင်မူနှင့် ရှုရှန်းဟွာ ဖန်တီးခဲ့သော ကျင့်စဉ်နှင့် ကောင်းကင်နတ်သိုင်းများကို အမြန်ဆုံးတတ်မြောက်သွားသည်။ ချင်မူ မူလဝိညာဉ်ကျင့်စဉ်ကို မကျင့်ကြံနိုင်ခင်မှာပင် ကျန်းခုံးကား အဆင့်နှစ်ဆင့်အကြားရှိ အတားအဆီးနံရံကို ချိုးဖျက်ပြီးသွားချေပြီ။
ချင်မူလည်း ကျန်အတွေးများကို ခေါင်းထဲမှ ထုတ်ပြီး မူလဝိညာဉ်ကျင့်စဉ်အပေါ်၌ အာရုံစိုက်၍ အရပ်ခြောက်မျက်နှာနှင့် ခုနစ်စဉ်ကြယ်အဆင့်အကြားရှိ အတားအဆီးနံရံဆီသို့ ချီစွမ်းအင်များ ပို့လွှတ်လိုက်သည်။
နှစ်ရက်ကြာသည့်အခါ သူ ချိုးဖျက်နိုင်သွား၍ မျက်လုံးများ ဖွင့်လိုက်သည်။ တောင်တန်းများအကြားတွင် ရှုရှန်းဟွာနှင့် မိစ္ဆာမျောက်ဝံ ပြင်းပြင်းထန်ထန် တိုက်ခိုက်နေသည်ကို သူ မြင်လိုက်ရ၏။ မိစ္ဆာဘုန်းကြီးများက သူတို့ကို ဝိုင်းအုံကြည့်ကာ အားပေးနေကြသည်။
ချင်မူ သွားကြည့်တော့မည့်အချိန် တောင်ခြေမှ လာနေသော ရင်းရင်းနှီးနှီးအသံကို ကြားလိုက်ရသည်။ “မိုးခြိမ်းသံကျောင်းတော်ငယ်၊ မင်းတို့က တယ်အတင့်ရဲပါလား။ ငါ့ဆရာရဲ့ မူလဝိညာဉ်ကို ခိုးရဲတဲ့အထိ သတ္တိကောင်းနေတယ်ပေါ့။ နားထောင်စမ်း၊ တောင်ပေါ်က ခေါင်းတုံးမြည်းအိုတွေ ငါ့ဆရာရဲ့ မူလဝိညာဉ်ကို ပေးရင်ပေး၊ မပေးရင်ကတော့ တစ်ဂိုဏ်းလုံး သုတ်သင်ပစ်မယ်”
ချင်မူ အောက်ငုံ့ကြည့်လိုက်သည့်အခါ ပန်ကုန်းစုန် တောင်ပေါ် တက်လာသည်ကို မြင်လိုက်ရ၏။ သူ့ခြေထောက်နှစ်ဖက်လုံးက ကွေးနေသည့်အတွက် ကုံးကုံးကွကွဖြစ်နေပြီး သူ လျှောက်နေသောပုံစံမှာလည်း ကို့ရိုးကားယား ဖြစ်နေသည်။
‘ခွေးသူတောင်းစားပါလား။ ငါ သူ့ခြေထောက်တစ်ဖက်ပဲ ဖြတ်ခဲ့တာမဟုတ်ဘူးလား။ ကျန်တဲ့တစ်ဖက်ကလည်း ဘယ်လိုလုပ်ပြောင်းသွားတာတုန်း’
ပန်ကုန်းစုန်ကို မြင်လိုက်ရသည့်အတွက် ချင်မူ ဝမ်းသာသွားပြီး သူ့ဓားအား ပစ်လွှတ်လိုက်၏။ ဓားက ဆယ်မိုင်ကျော်ကို ဝှစ်ခနဲ ဖြတ်သန်းကာ ပစ်မှတ်ဆီ တန်းတန်းမတ်မတ် ပြေးဝင်သွားသည်။
ပန်ကုန်းစုန်မှာ ယခုလေးတင် သမင်ခြေထောက်နှင့် ဆက်ထားသဖြင့် အချိန်မှီမတုံ့ပြန်နိုင်ပေ။ ဓားရောင်ကို မြင်လျှင် ရှောင်ချင်သော်လည်း နောက်ကျသွားသည်။ နှစ်လှမ်းပြေးပြီးနောက် ဓားရောင်က သူ့အနောက်မှ အရှေ့သို့ ရောက်လာခဲ့ကြောင်း မြင်လိုက်ရသည်။
သူ ကပျာကယာ နောက်လှည့်ကြည့်သည့်အခါ သမင်ခြေထောက်နှစ်ချောင်း အနောက်၌ ပြတ်ကျကျန်ခဲ့သည်ကို မြင်တွေ့လိုက်ရ၏။
“မေနိုး”
ပန်ကုန်းစုန်၏ခန္ဓာကိုယ်မှာ မြေကြီးပေါ် ဘုန်းခနဲ လဲကျသွား၏။ သူက ခေါင်းထောင်ကာ ဒေါသတကြီး အော်ဟစ်သည်။ “ခွေးသူတောင်းစာချင်၊ မင်းနဲ့ ငါ တစ်မိုးအောက်မှာ အတူမရှိနိုင်ဘူး”
“ကမ္ဘာကြီးက ကျဉ်းကျဉ်းလေးပါ” ချင်မူ သူ့ဓားကို ပြန်ခေါ်ကာ ရွှေတောင်ထွတ်အပေါ်တွင် ခါးထောက်နေသည်။ သူက ကျယ်လောင်စွာ ရယ်ကာ ပြောလိုက်၏။ “မှော်ဆရာကြီးက တကယ် ရက်ရောတာပဲ။ သမင်ခြေနှစ်ချောင်းတောင် ယူလာတယ်။ ညီလေးက ဘယ်လိုလုပ် ငြင်းရဲမှာလဲဗျာ။ လက်ခံပေးရမှာပေါ့”
ထိုအခိုက်အတန့်တွင် သေတ္တာထမ်းလာသည့် လူငယ်တစ်ဦးက တောင်ဂိတ်ဝမှ လမ်းလျှောက်ထွက်လာပြီး ရွှေရောင်တောင်ထွတ်ပေါ်ရှိ ချင်မူ့အား မော့ကြည့်သည်။ သူက ပြုံးနေ၏။
“နတ်ဆေးသမားတော်လေးချင် ကမ္ဘာကြီးက တကယ် ကျဉ်းကျဉ်းလေးပါပဲ။ ထပ်တွေ့ကြပြန်ပြီနော်”