ဗုဒ္ဓအဆင့်၏ ကောင်းကင်ဘုံအဆင့်နှစ်ဆယ်
Vol. 35 Ch. 481
ရှင်းအန်းက ထုံးစံအတိုင်း သေတ္တာကြီး သယ်လာသည်။ အဘွားစစ်၏ တောအုပ်ထဲတွင် တွေ့ခဲ့တုန်းကအတိုင်း ဝတ်ရုံဖြူနှင့်လူငယ်လေးပုံစံသာ ဖြစ်သည်။ သို့တိုင်အောင် ထိုလူငယ်နှင့် ဤလူငယ်မှာ မပတ်သက်သကဲ့သို့ လုံးလုံးလျားလျား ကွဲပြားနေ၏။
ချင်မူ ရင်ထဲတွင် ပြင်းပြင်းထန်ထန် တုန်လှုပ်သွားသည်။ ကမ္ဘာပေါ်တွင် ဧကရာဇ်အတိုင်ပင်ခံမှလွဲ၍ သူ ကြောက်သည့်လူ တစ်ယောက်တည်းသာ ရှိသည်။ ထိုလူက ရှင်းအန်း ဖြစ်၏။
ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက ပါရမီရှင်တစ်ဦးဖြစ်သည့်အပြင် စည်းနှင့်ကမ်းနှင့် ရှိသည်။ သူ့လမ်းကို ပိတ်သည့် မည်သူမဆို သုတ်သင်ရှင်းလင်းခံရသော်လည်း သူ့လမ်း၌ ပိတ်မနေသရွေ့ မိတ်ဆွေဖွဲ့ထားတတ်သည်။
ရှင်းအန်းကတော့ မတူပေ။
သူ၏တစ်ခုတည်းသော ပန်းတိုင်က စုဆောင်းရန်သာ ဖြစ်သည်။ နတ်ဘုရားအဆင့်သို့ ရောက်ရှိသွားသော ကောင်ကင်နတ်သိုင်းပညာရှင်များ၏ ခန္ဓာကိုယ်အစိတ်အပိုင်းများအား စုဆောင်းခြင်းကိုသာ သူ စိတ်ဝင်စား၏။
သူ၏ဝါသနာက နတ်ဘုရားအဆင့်သိုင်းသမားများ၏ အစိတ်အပိုင်းများကို စုဆောင်းရန် ဖြစ်သော်လည်း ဒုတိယအကြိမ် ထပ်ယူနိုင်ရန် အသေမသတ်တတ်ပေ။
သူသည် စိတ်ကူးမယဉ်ကြည့်နိုင်လောက်အောင် သန်မာအားကောင်း၏။
အဘွားစစ်၏ နေရာတွင် ရှင်းအန်းနှင့် တိုက်ခိုက်ခဲ့ရတုန်းက ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ သန်မာအားအကောင်းဆုံး သိုင်းပညာရှင် စုဝေးနေခဲ့သည်။ ကောင်းကင်တံတားအဆင့် ရေနဂါးအုပ်နှင့်အတူ မျက်ကန်း၊ ဆေးဆရာ၊ အဘွားစစ်၊ ဧကရာဇ်ယန်ဖုန်း၊ အမျိုးသမီးဂိုဏ်းချုပ်များအစရှိသည့် ထိပ်သီးသိုင်းပညာရှင်များစွာ ရှိနေခဲ့သည်။ သို့တိုင်အောင် ဤလူ့လက်ချက်ကြောင့် အားလုံး မရှုမလှ ရှုံးနိမ့်ခဲ့ကြ၏။ ချင်မူ၏ အားဆေးကြောင့်သာ အဆုံးသတ်တွင် အနိုင်ခဲ့ခြင်းဖြစ်သည်။
ကောင်းကင်နတ်ဆိုးဂိုဏ်း၏ ဂိုဏ်းသခင်ဟောင်း လီထျန်းရှင်လည်း တိုက်ပွဲကျသွားခဲ့သည်။ အသက်ရှင်ကျန်ခဲ့သော သိုင်းပညာရှင်များစွာမှာလည်း အိပ်ရာထဲတွင် ဆက်ရက်ကျော် လှဲနေခဲ့ကြရသည်။
ရှင်းအန်း၏ သိုင်းစွမ်းအားမျိုးကို ချင်မူ တစ်ခါမှ မမြင်ခဲ့ဖူးပေ။
ထို့အပြင် ရှင်းအန်းသည် မွေးကတည်းက ပါရမီထက်သန်သလို၊ လမ်းစဉ်မျိုးစုံ၊ ကျင့်စဉ်မျိုးစုံနှင့် ကောင်းကင်နတ်သိုင်းမျိုးစုံကိုလည်း တတ်မြောက်ထားကာ အလွန်မြင့်မားသောအဆင့်အထိ ကျင့်ကြံထား၏။ သူ၏ဖန်ဆင်းပညာမှာလည်း ပန်ကုန်းစုန် သင်ပေးထားခဲ့ခြင်းဖြစ်ပြီး ချင်မူပင် သူ့အဆင့်သို့ မရောက်သေးပေ။
ဤလူသည် ကြောက်စရာကောင်းလွန်း၏။
ချင်မူ ရွှေတောင်ထွတ်သို့ လှည့်ကြည့်လိုက်သည့်အခါ ဗုဒ္ဓရောင်ခြည်တော်များ ဖြာထွက်ပျံ့နှံ့နေသည်ကို မြင်လိုက်ရသည်။ တောင်ပေါ်တွင် မိစ္ဆာဘုန်းကြီးများက ထိုင်သူက ထိုင်သူ၊ ကိုယ်ကိုင်းထားသူက ကိုင်းထားလျက် ကိုယ်ဟန်အနေအထားမျိုးစုံဖြင့် ရှိကြပြီး ခြေတစ်ဖက်ဖြင့် ရပ်၍ တောင်ပံများဖြန့်ထားသည့် ဘုန်းကြီးများလည်း ရှိ၏။ အများစုက ကိုယ်ဟန်အနေအထားအမျိုးမျိုးနှင့် အမူအရာအမျိုးမျိုး ရှိနေကြသည်။ လောလောဆယ်တွင် သူတို့အားလုံးက ဗုဒ္ဓသိုင်းများ ထုတ်လွှတ်၍ တထဂတနှင့်အတူ မှော်ဆရာနတ်ဘုရားခွေ့အား ချေချွတ်နေကြ၏။
ရွှေတောင်ထွတ်အပေါ်ရှိ ကောင်းကင်ယံတွင် ဗုဒ္ဓရောင်ခြည်တော်များက ရုပ်သွင်ဖွဲ့တည်၍ ရွှေရောင်ရေလှိုင်းပမာ ကွန့်မြူးဖြာဆင်းလာပြီး ရွှေရောင်ကြာပလ္လင်တစ်ဆူအဖြစ် စုဝေးသွားသည်။ ကြာပလ္လင်အပေါ်၌ ကောင်းကင်ဘုံအဆင့်နှစ်ဆယ် ဖွဲ့တည်လာကာ ဗုဒ္ဓ၊ နတ်ဘုရားတို့၏ပုံရိပ်များ ပေါ်ထွန်းလာ၏။ သူတို့အားလုံးက ဣန္ဒြေသိက္ခာအပြည့်ဖြင့် တည်ကြည်လေးနက်နေကြသည်။ ဓမ္မတရားသံများ ပျံ့လွင့်လာပြီး ဗုဒ္ဓသံများ အဆက်မပြတ် တုန်ခါနေသည်။
“ဘယ်လောက်ပဲ ဩဇာကြီးမားတဲ့ ဓမ္မဖြစ်ပါစေ ရှင်းအန်း ရှေ့မှာတော့ အလကားပဲ’ ချင်မူ သူ့ဘာသာ တွေးလိုက်မိသည်။
မိုးခြိမ်းသံကျောင်းတော်ငယ်၏ ဘုန်းကြီးအားလုံးက မှော်ဆရာနတ်ဘုရားခွေ့ကို ဝိုင်း၍ ချေချွတ်နေကြသဖြင့် ရှင်းအန်းကို ဂရုစိုက်နေရန် အချိန်မရှိပေ။ အချိန်ရှိလျှင်ပင် သူ၏ပြိုင်ဘက် မဟုတ်နိုင်ပေ။
‘မိုးခြိမ်းသံကျောင်းတော်ငယ်မှာ ဂိုဏ်းသခင်အဆင့် မိစ္ဆာဘုန်းကြီးတွေ အများကြီး ရှိပေမယ့် ရှင်းအန်းလို ကြောက်စရာသတ္တဝါနဲ့ ရင်ဆိုင်ရရင် အချိန်ပဲ ဆွဲပေးနိုင်တယ်။ တထာဂတငယ်ရဲ့ အကျင့်စရိုက်အရဆိုရင် ငါ့ကို ကူညီမှာတောင် မဟုတ်ဘူး” ချင်မူ စိတ်အားတင်းလိုက်သည်။ ‘အခုအချိန်မှာ ငါ့ကိုယ်ငါပဲ အားကိုးနိုင်တယ်။ အဆိပ်၊ ဝိညာဉ်တစ်သောင်းသဘာဝကျင့်စဉ်က သူ့ကို ရင်ဆိုင်နိုင်မလားမသိဘူး...’
သူ ယုံကြည်ချက် သိပ်မရှိပေ။
ရှုရှန်းဟွာနှင့် မိစ္ဆာမျောက်ဝံလည်း ဖြစ်ပျက်နေသည်ကို သတိထားမိ၍ အလျင်အမြန် ပြေးလာကြသည်။
“သေတ္တာသယ်လာတဲ့ တစ်ယောက်က ဘယ်သူလဲ” ရှုရှန်းဟွာက တအံ့တဩဖြင့် ခပ်တိုးတိုး မေးလိုက်၏။ “သန်မာချက်ပဲ။ သူက နတ်ဘုရားလား”
ချင်မူ့အမူအရာ တည်ကြည်လေးနက်သွားသည်။ “သူက နတ်ဘုရားထက်တောင် ရင်ဆိုင်ရခက်သေးတယ်။ သူ့ရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတိုင်းက နတ်ဘုရားအဆင့်ပဲ။ သွေးရော၊ မူလဝိညာဉ်ရော၊ ချီစွမ်းအင်ရော ပါတယ်။ ဒါ့အပြင် သူ့ရဲ့ မူလကိုယ်ကို ငါ ရှာမတွေ့သေးဘူး...”
ရှုရှန်းဟွာ တအံ့တဩ ထခုန်လိုက်မိသည်။ “နတ်ဘုရားအစစ်လား”
“မဟုတ်ဘူး ဒါပေမဲ့ နီးစပ်တယ်” ချင်မူ အံတင်းတင်းကြိတ်လိုက်မိသည်။
ရှင်းအန်းက သေတ္တာကို သယ်လျက် တောင်ပေါ်သို့ အေးအေးလူလူ တက်လာသည်။ ပန်ကုန်းစုန်က ခြေထောက်ရှိ သွေးကြောများကို ပိတ်၍ လက်နှစ်ဖက်ဖြင့် သူ့နောက် အမှီလိုက်လာ၏။ သမင်ခြေထောက်နှစ်ချောင်းကိုမူ သွားမကောက်ပေ။
“နောင်ကြီးရှင်းအန်း၊ ကျွန်တော် မလိမ်မှန်း သိပြီမလား” ပန်ကုန်းစုန်က ပြုံးကာ ပြောလိုက်သည်။ “ဒီမှာ ကျွန်တော့်ဆရာရဲ့ မူလဝိညာဉ်ရှိနေတာ ခံစားနေရတာဆိုတော့ ခေါင်းတုံးမြည်းအိုတွေ ဖမ်းယူသွားတာပဲ ဖြစ်မယ်။ ဟိုက ဗုဒ္ဓရောင်ခြည်တော်တွေကို ကြည့်၊ အဲဒီဥပဒေမဲ့ ကတုံးတွေ ကျွန်တော့်ဆရာကို ချေချွတ်ဖို့ ကြိုးစားနေတာပဲ”
ရှင်းအန်းက ခေါင်းယမ်းလိုက်သည်။ “သူတို့အနေနဲ့ သူ့ကို မချေချွတ်နိုင်ဘူး။ တထာဂတငယ်က တာအိုရသေ့လင်းကျင့်နဲ့ တန်းတူအဆင့်ရှိတဲ့ ကောင်းကင်နတ်သိုင်းပညာရှင်တစ်ယောက်ပဲ။ ငါ တာအိုရသေ့လင်းကျင့်ရဲ့ သွေးကို ယူဖို့ လိုက်ဖမ်းတုန်းက တထာဂငယ်လည်း ချီစွမ်းအင်ကို နတ်ဘုရားအဆင့်အထိ ကျင့်ကြံထားပြီးတဲ့အကြောင်း ပြောပြခဲ့တယ်။ တထဂတငယ်ရဲ့ အစိတ်အပိုင်းတွေကလည်း ငါ သိမ်းထားဖို့ တန်မယ်ထင်တယ်။ ဒါပေမဲ့ ငါ့ကိုယ်ပေါ်မှာ ရောဂါလက္ခဏာတွေ ပြနေတော့ သူ့ကို ထိလို့မရသေးဘူး”
ပန်ကုန်းစုန်က လက်နှစ်ဖက်ဖြင့် သူ့နောက်မှ ပြေးလိုက်လာသည်။ ရှင်းအန်၏ ခြေလှမ်းများက နှေးသော်လည်း အမြန်နှုန်းက အလွန်မြန်သည်။ ပန်ကုန်းစုန် ပင်ပန်းလာ၏။
သူက အားတုံ့အားနာ ပြုံးပြလိုက်သည်။ “ဆရာ့ရဲ့ မူလဝိညာဉ်ကို ယူပြီး နတ်ဆေးသမားတော်ချင်ကို သတ်ပြီးရင် ကတိပေးထားတဲ့အတိုင်း တည်မှာမလား”
“မပူနဲ့ ကတိပေးထားတဲ့အတိုင်း ငါ မင်းကို ပေးမယ်” ရှင်းအန်းက မှင်သေသေ ပြောလိုက်ပြီး သူ့ဘာသာသူ တွေးလိုက်သည်။ ‘ခြေထောက်နှစ်ချောင်း ပြန်ဆက်ပေးပြီးရင် ထပ်ဖြတ်ပစ်လိုက်ရုံပေါ့။ ဒါဆို ကတိဖျက်ရာမကျတော့ဘူး။
ရွှေတောင်ထွတ်အပေါ်တွင် ဗုဒ္ဓရောင်ခြည်တော်များ ပိုမိုထွန်းလင်းလာပြီး ကြာပလ္လင်ကြီးမှာ အလွန်အားကောင်းသော ခွန်အားဖြင့် ပင့်မြှောက်ခံလိုက်ရသကဲ့သို့ မြောက်တက်သွားသည်။ ပလ္လင်အောက်ရှိ ဗုဒ္ဓရောင်ခြည်တော်များက ရေလှိုင်းသဖွယ် အရပ်လေးမျက်နှာသို့ ကွန့်မြူးဖြာထွက်နေပြီး လှိုင်းလုံးကြီးများ ကမ်းပါးကို ရိုက်ခတ်နေသကဲ့သို့ တဝုန်းဝုန်း မြည်ဟည်းနေသည်။
“ကတုံးမြည်းအိုကြီး၊ အဆင်မြင့်ကောင်းကင်နတ်သိုင်းပညာရှင်တစ်ဦး တောင်ခြေကနေ တက်လာတယ်။ ငါ မင်းတို့ကတုံးတွေနဲ့ မကစားတော့ဘူး”
မှော်ဆရာနတ်ဘုရားခွေ့၏ အသံက ဟိန်းထွက်လာပြီး သူ၏မိစ္ဆာချီစွမ်းအင်က လေပေါ် ထိုးတက်သွားသည်။ ပိတ်ပိတ်ပိန်းနက်မှောင်သော အနက်ရောင်ချီက ဗုဒ္ဓရောင်ခြည်တောာ်များကို ဖြိုခွဲလိုက်၍ ရွှေတောင်ထွတ်ကို လွှမ်းခြုံထားသော ကြာပွင့်မှာ တုန်ခါသွား၏။ ကြာပွင့်အပေါ်ရှိ ကောင်းကင်ဘုံအဆင့်နှစ်ဆင့်လည်း လှုပ်ယမ်းသွား၍ ကောင်းကင်ဘုံရှိ နတ်ဘုရားများ၊ ဗုဒ္ဓများမှာ အချိန်မရွေး ပျောက်ကွယ်သွားတော့မည့်အလား မှိတ်တုတ်မှိတ်တုတ် ဖြစ်သွားကြသည်။
“ဝင်္ကပါကို ငြိမ်အောင်လုပ်ကြ” တထာဂတငယ်က ကြာပွင့်အောက်မှ မိန့်လိုက်သည်။ မိုးခြိမ်းသံကျောင်းတော်ငယ်၏ မိစ္ဆာဘုန်းကြီးများက ကျမ်းစားများ ကျယ်လောင်စွာ ရွတ်ဖတ်လိုက်ပြီး ဗုဒ္ဓသံများ ပဲ့တင်ထပ်လာသည်။ ဗုဒ္ဓရောင်ခြည်တော်များ ပို၍သိပ်သည်းလာ၏။
ဗုဒ္ဓရောင်ခြည်များတော်က ကြိုးကွင်းများသဖွယ် ဖွဲ့တည်၍ ရွှေရောင်ကြာပွင့်ထံသို့ စီးဆင်းသွားကြသည်။ ဤဗုဒ္ဓရောင်ခြည်တော်များမှာ ကြာပွင့်၏အမြစ်များသဖွယ် ရွှေရောင်တောင်ထိပ်နှင့် ကျန်တောင်ထိပ်များအကြားတွင် ပျံ့လွင့်လှုပ်ရှားနေ၏။
မှော်ဆရာနတ်ဘုရားခွေ့ သည် ထူးဆန်းသော မိစ္ဆာသံဖြင့် ဒေါသတကြီး အော်ဟစ်နေ၏။ ချင်မူ မှင်သက်သွားမိသည်။ ‘ဒါက ငါ သင်ခဲ့ဖူးတဲ့ မိစ္ဆာဘာသာစကားမဟုတ်လား။ ဌာန်နေဌာန်ထားက ယိုတုဘာသာစကားနဲ့ ဆင်တယ်။ မှော်ဆရာနတ်ဘုရားခွေ့က တကယ် ယိုတုကလား’
ယိုတုဘာသာစကားအကြောင်း သူ သိပ်မသိပေ။ တုထျန်းမိစ္ဆာဘုရင်ဆီမှ စာကြောင်းတစ်ကြောင်းသာ သင်ခဲ့ဖူးသည်။ ထို့ကြောင့် မှော်ဆရာနတ်ဘုရားခွေ့၏ ပါးစပ်မှ ထွက်လာနေသောအသံက ယိုတုဘာသာစကား ဟုတ်ဟုတ်၊ မဟုတ်ဟုတ် သူ မရှင်းလင်းပေ။
မှော်ဆရာနတ်ဘုရားခွေ့၏ ပါးစပ်မှ မိစ္ဆာသံက ပို၍ကျယ်လောင်ပြီး ခက်ထန်လာသည်။ ရုတ်တရက် ကြာပလ္လင်ဘေး၌ တံခါးတစ်ချပ် ပေါ်လာ၏။ အနက်ရောင်အလင်းတန်းများ တံခါးထဲမှ ထွက်လာကာ ကောင်းကင်ဘုံအဆင့်နှစ်ဆယ်ကို တိုက်ခိုက်ကြသည်။
ဒုန်း
စူးရှကျယ်လောင်သော အသံများ ဟိန်းထွက်နေပြီး အပေါက်တစ်ပေါက် ပွင့်လာ၏။ ဗုဒ္ဓသံက တံခါးကို ဝင်တိုက်ကာ ပိတ်လိုက်သည်။
ဂျိန်း
မှော်ဆရာနတ်ဘုရားခွေ့၏ အသံက ရုတ်တရက် ကြီးမားလာကာ ရွှေသပိတ်ထဲမှ ထလာသည်။ သူက ကြာပလ္လင်ကို ပင့်မကာ ဒေါသတကြီး အော်ဟစ်၏။ “ငါ့တပည့် ငါ့ကို အကောက်ကြံပြီး ငါ့ရုပ်ခန္ဓာနဲ့ မူလဝိညာဉ်ကို ခွဲလိုက်လို့သာ မဟုတ်ရင် မင်းတို့လို ခေါင်းတုံးမြည်းအိုတွေက ငါ့ကို ဖိနှိပ်နိုင်မှာတဲ့လား”
နှစ်ဖက်လုံး ရှေ့မတိုးနောက်မဆုတ်သာ ဖြစ်နေကြသည်။ တထာဂတငယ် အော်ဟစ်လိုက်သည့်အခါ သူ၏မျက်ခုံးနှစ်ဖက်ကြားမှ သရီရဓာတ်တော်တစ်ခု ထွက်လာပြီး ကောင်းကင်ဘုံအဆင့်နှစ်ဆယ်ဆီသို့ ပြေးဝင်သွား၏။
ကောင်းကင်ဘုံအဆင့်နှစ်ဆယ်မှာ ပုံရိပ်သာ ဖြစ်သော်လည်း သရီရဓာတ်တော်မှာ အလွန်ရှည်လျားသော အကွာအဝေးတစ်ခုကို ဖြတ်သန်းနေရသည်နှင့် တူသည်။
ကောင်းကင်ဘုံအဆင့်နှစ်ဆယ်ထဲမှ ဗုဒ္ဓတစ်ပါးက ဓာတ်တော်ကို ဖမ်း၍ လက်ထဲတွင် ဆုပ်ထားလိုက်သည်။ ထို့နောက် လွှတ်ပေးလိုက်သည့်အခါ ဓာတ်တော်သည် လေထဲတွင် ပျံဝဲနေ၏။ ၎င်း၏အရောင်အဝါအောက်တွင် ကြာပလ္လင်နှင့် ကောင်းကင်ဘုံအဆင့်နှစ်ဆယ်မှာ ပုံရိပ်အဖြစ်မှ အကောင်အထည် ရှိလာသည်။
ကောင်းကင်ဘုံအဆင့်နှစ်ဆယ်မှ ဗုဒ္ဓသံက တမုဟုတ်ချင်း ကျယ်လောင်လာသဖြင့် မှော်ဆရာနတ်ဘုရားခွေ့မှာ ဒူးထောက်ကျသွားသည်။
ရှင်းအန်း၏မျက်လုံးများ တောက်ပလာပြီး အသက်ရှူမြန်လာသည်။ သူက ချီးကျူးလိုက်၏။ “မှော်ဆရာသခင်၊ မင့်ဆရာက တကယ် ထူးချွန်တာပဲ။ သူ့မူလဝိညာဉ်ရဲ့ အရည်အသွေးက အင်မတန် မြင့်မားတယ်။ ငါ သူ့ကို လိုချင်တယ်။ ဒီဘုန်းကြီးတွေလည်း မဆိုးဘူး။ တထာဂတငယ်ရဲ့ ချီစွမ်းအင်က တာအိုရသေ့လင်းကျင့် ပြောခဲ့သလို နတ်ဘုရားအဆင့် ရောက်နေတဲ့ပုံပဲ။ သူ့ဓမ္မကလည်း သိပ်နက်ရှိုင်းတော့ ကောင်းကင်ဘုံအဆင့်နှစ်ဆယ်ကိုတောင် ဖွင့်နိုင်တော့မယ်”
ပန်ကုန်းစုန် ရင်ထဲတွင် အနည်းငယ် တုန်လှုပ်သွားပြီး အော်လိုက်မိသည်။ “နောင်ကြီးရှင်းအန်း၊ တထာဂတငယ် ဗုဒ္ဓအဆင့်ကို ဖွင့်နိုင်တော့မယ်ဆိုတာ ဘာအဓိပ္ပါယ်လဲ”
“ငါ တစ်ခါတုန်းက ဗုဒ္ဓတစ်သောင်းစေတီထဲက နတ်ဘုရားအဆင့် တထာဂတရုပ်ခန္ဓာတွေကို ယူဖို့ မဟာမိုးခြိမ်းသံကျောင်းတော်ထဲ ဝင်ပြီး တထာဂတကို ဓားစာခံလုပ်ခဲ့ဖူးတယ်”
ရှင်းအန်းက ချင်မူ၊ ရှုရှန်းဟွာနှင့် မိစ္ဆာမျောက်ဝံကို အဖက်မလုပ်ဘဲ ရွှေတောင်ထွတ်သို့ တက်သွားသည်။ သူက ကြာပလ္လင်နှင့် မှော်ဆရာနတ်ဘုရားခွေ့အား ကြည့်ကာ အေးအေးဆေးဆေး ပြောလိုက်၏။ “တထာဂတက ငါ့ပြိုင်ဘက်မဟုတ်ခဲ့ပေမယ့် ဓမ္မအသိနဲ့ တထာဂတဟောင်းတွေရဲ့ ရုပ်ခန္ဓာတွေကို အသက်သွင်းပြီး ဗုဒ္ဓအဆင့် ကောင်းကင်ဘုံအဆင့်နှစ်ဆယ်ကို အတင်းအကြပ် ဖွင့်ခဲ့တယ်
“အဲဒီအဆင့်က တကယ် သန်မာတယ်။ ငါတောင် မနည်း ထွက်လာခဲ့ရတာ။ မဟာမိုးခြိမ်းသံကျောင်းတော်နဲ့ တာအိုဂိုဏ်းနှစ်ဂိုဏ်းလုံးက ထူးခြားသလို၊ အခြေလည်း ခိုင်မာတယ်။ သူတို့ထဲ ဝင်ဖို့ မလွယ်ဘူး။ တထာဂတငယ်ကတော့ ကျင့်စဉ်စွမ်းအင် မြင့်မားပေမယ့် ဗုဒ္ဓတစ်သောင်းစေတီ မရှိဘူးလေ။ မိစ္ဆာဘုန်းကြီးတွေ ပြည့်နေတဲ့ တောင်လေးတစ်လုံးတည်းနဲ့ သူ ဗုဒ္ဓအဆင့် ကောင်းကင်ဘုံအဆင့်နှစ်ဆယ်ကို မဖွင့်နိုင်ဘူး။ ဒါပေမဲ့ သူက သရရီဓာတ်တော်ကို ကောင်းကင်ဘုံအဆင့်နှစ်ဆယ်ထဲ ပို့လွှတ်ပြီး ဗုဒ္ဓအစစ်ရဲ့ စွမ်းအားကို ဆင့်ခေါ်လိုက်တယ်။ အဲဒီလိုလုပ်နိုင်ဖို့က မလွယ်ဘူး”
ချင်မူ ရှင်းအန်းကို နှုတ်ဆက်၍ တအံ့တဩ ပြောလိုက်မိသည်။ “မဟာမိုးခြိမ်းသံကျောင်းတော်မှာ အဲဒီလိုနည်းလမ်းတွေ ရှိသေးတာလား”
ရှင်းအန်းက ကြာပလ္လင်အောက်ရှိ ဗုဒ္ဓရောင်ခြည်တော်များအား အသာယာ ပွတ်သပ်ကာ ဖြတ်တောက်လိုက်သည်။ ကြာပွင့်မှာ တမုဟုတ်ချင်း ညှိုးနွမ်းသွား၍ ကောင်းကင်ဘုံအဆင့်နှစ်ဆယ်လည်း ဖြည်းဖြည်းချင်း မှေးမှိန်ပျောက်ကွယ်သွားသည်။
တထာဂတငယ်နှင့် ကျန်ဘုန်းကြီးများ အလန့်တကြား ထခုန်ပြီး ရှင်းအန်းကို လှည့်ကြည့်ကြသည်။ တထာဂတငယ်က ထလာပြီး ဘုန်းကြီးများကို မဆင်မခြင်မလှုပ်ရှားရန် လက်ဟန်ပြ၍ လျှောက်လာ၏။
ရှင်းအန်းက ချင်မူ့ကို လှည့်၍ နှုတ်ဆက်သည်။ “မဟာနတ်ဆေးသမားတော်ချင်”
သူသည် ချင်မူနှင့် ရန်ငြိုးရှိသော်လည်း ယဉ်ယဉ်ကျေးကျေး ဆက်ဆံပြီး ထုံးစံကို မမေ့ပေ။ ချင်မူ သူ့အား လေးစားမိ၏။
ပန်ကုန်းစုန်လည်း ရွှေတောင်ထွတ်သို့ ရောက်လာသည်။ သူက လက်နှစ်ဖက်ထောက်လျက် ခန္ဓာကိုယ်ကို အားပြုထားပြီး ပြုံးပြ၏။ “နောင်ကြီးချင်၊ နောက်ဆုံးတစ်ခေါက် တွေ့ပြီးကတည်းက ကျန်းမာနေမယ် ထင်ပါတယ်”
“မင်း ပို့သတဲ့ မေတ္တာကြောင့် သိပ်ကို ကျန်းမာပါတယ်” ချင်မူက ပြောလိုက်သည်။ “မှော်ဆရာကြီး၊ မင့်ဆရာ မှော်ဆရာနတ်ဘုရားခွေ့က ဒီမှာ ရှိနေတဲ့အပြင် သူ့ကိုယ်ထဲက ဝိညာဉ်ပိုးကောင်အများစုလည်း သေသွားပြီနော်။ ရန်သူကို မျက်နှာချင်းဆိုင်တွေ့ရင် မုန်းတီးစိတ်တွေ တောက်လောင်လာတတ်တယ်တဲ့။ မင့်ဆရာ မင်း သေသွားအောင် ဂါဝရပြုမှာ မကြောက်ဘူးလား”
ပန်ကုန်းစုန်က ခြေပြတ်နှစ်ချောင်းဖြင့် မြေကြီးပေါ်တွင် ရပ်၍ ပြန်နှုတ်ဆက်ကာ ပြုံးပြသည်။ “ဆရာက တပည့်ကို ဘယ့်နှယ်ဂါဝရပြုရမှာလဲ။ နော် ဆရာ”
မှော်ဆရာနတ်ဘုရားခွေ့၏ ပါးစပ်မှ သွားချင်းကြိတ်သံများ ထွက်လာသည်။
တထာဂတငယ် လျှောက်လာ၍ ရှင်းအန်းက သူ့ကို နှုတ်ဆက်၏။ “ရှင်းအန်း တထာဂတယွမ်တင့်ကို ဂါဝရပြုပါတယ်”
တထာဂတငယ်၏ အမူအရာ အနည်းငယ် ပြောင်းလဲသွားပြီး ပြန်နှုတ်ဆက်သည်။ “နောင်တော်ရှင်းအန်းက ကျုပ်အသက်ကို ယူဖို့ ဒီရောက်လာတာလား”
“မဟုတ်ပါဘူး။ နတ်ဆေးသမားတော်ချင်ရဲ့ အသက်၊ မှော်ဆရာနတ်ဘုရားခွေ့ရဲ့ မူလဝိညာဉ်နဲ့ တထာဂတယွမ်တင့်ရဲ့ ချီစွမ်းအင်ကို ယူဖို့ လာတာပါ။ ကျုပ်က လူသတ်ခဲပါတယ်။ သေမှဖြစ်မယ့် ဒီခွေးသူတောင်းစားလေးက လွဲလို့ ကျန်တဲ့သူတွေအနေနဲ့ ကလန်ကဆန် ပြန်မလုပ်သရွေ့ အသက်ရှင်နိုင်ပါတယ်” ရှင်းအန်းက ဝမ်းမြောက်ဝမ်းသာ ပြောသည်။
ချင်မူမှာ ဒေါသများကို မြိုသိပ်ကာ တိတ်ဆိတ်နေသည်။