← Chapters

အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း

Vol. 71 Ch. 979

အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း

Vol. 71 Ch. 979

ဝမ်ပေါင်လဲ့ အပြင်သို့ ထွက်လာသည်နှင့် သူ၏နောက်တွင် လိမ္မော်ရောင်ဂြိုဟ်တစ်လုံး မသဲမကွဲ ပေါ်ပေါက်လာ၏။ ထိုဂြိုဟ် ပေါ်ပေါက်လာသောအခါ ဝမ်ပေါင်လဲ့၏ စကားသံမှာ အရပ်မျက်နှာအနှံ့တွင် ပဲ့တင်ထပ်သွားပြီး နတ်မျက်လုံး လူမှုအဖွဲ့အစည်းတစ်ခုလုံးထဲ၌ ပြည့်နှက်သွားသည်။

မိုးကောင်းကင်ဝိညာဉ်ဂိုဏ်း၏ ဂိုဏ်းချုပ်ကြီးနှင့် ထွက်ပြေးရန် ကြိုးစားနေသည့် နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း ခေါင်းဆောင်ကြီး အပါအဝင် အခြား ဂြိုဟ်အဆင့်ကျင့်ကြံသူများအားလုံးမှာလည်း အပြင်းအထန် တုန်ရီသွားရသည်သာ ဖြစ်သည်။

ထိုသို့ ဖြစ်နေရခြင်းမှာ ဝမ်ပေါင်လဲ့၏ စကားသံများ သူတို့၏ နားထဲ၌ ပေါ်ပေါက်လာသည်နှင့် ၎င်းတို့မှာ စည်းမျဉ်းဥပဒေသများ ကိန်းအောင်းနေသည့် ထူးဆန်းသော စွမ်းအားတစ်မျိုးအား ဖန်တီပေးလိုက်သကဲ့သို့ ဖြစ်သွားသောကြောင့်ပင်။ သူ၏ စကားသံများမှာ သူတို့၏ နတ်ဘုရား အာရုံခံနိုင်စွမ်းများထဲ၌ မိုးခြိမ်းသံများကဲ့သို့ ပေါက်ကွဲထွက်ပေါ်လာကြ၏။

ထို ဂြိုဟ်အဆင့် ကျင့်ကြံသူများသာလျှင် ထိုကဲ့သို့ ခံစားလိုက်ရသည်မဟုတ်ပေ။ သူတို့၏ ပတ်ပတ်လည်တွင် ရှိနေကြသည့် သိန်းပေါင်းများစွာသော ခရမ်းရောင် ရွှေလူမှုအဖွဲ့အစည်း ကျင့်ကြံသူများမှာလည်း ကယောင်ချောက်ချား ဖြစ်သွားကြရသည်သာ ဖြစ်သည်။ သို့ဖြစ်ရာ ဝမ်ပေါင်လဲ့၏ စကားသံများမှာ အသွားထက်ဓားများအဖြစ် ပြောင်းလဲသွားကာ သူတို့၏ ခန္ဓာကိုယ်များကို ထိုးခွင်း၍ သူတို့၏ ဝိညာဉ်များထဲအထိ စိုက်ဝင်သွားသကဲ့သို့ပင်။

၎င်းမှာ... လိမ္မော်ရောင် ပျော်ရွှင်မှုတာအို ဖြစ်ပေသည်။

ထို စည်းမျဉ်းဥပဒေသအား မိမိ၏ စကားသံထဲသို့ ထည့်သွင်းလိုက်မည်ဆိုပါက မိမိ၏ နှုတ်မှ ထွက်လာသည့် စကားလုံးများမှာ စကြဝဠာကြီး၏ စည်းမျဉ်းဥပဒေသများအဖြစ် ပြောင်းလဲသွားမည်ဖြစ်သည်။ ထိုစကားလုံးများမှာ ရန်သူများအား သတ်ဖြတ်ပစ်နိုင်လောက်သည့်အထိ အစွမ်းမထက်ပါသော်လည်း လိမ္မော်ရောင် ပျော်ရွှင်မှုတာအိုအား အသုံးပြုကာ ရန်သူများအား အသိစိတ်များ ဝေဝါးသွားအောင် လုပ်နိုင်ပေသည်။

သိန်းပေါင်းများစွာသော ခရမ်းရောင် ရွှေလူမှုအဖွဲ့အစည်း ကျင့်ကြံသူများထဲမှ အားနည်းသည့် ကျင့်ကြံသူများနှင့် အတွင်းကြေဒဏ်ရာများ ရထားကြသည့် ကျင့်ကြံသူများမှာဆိုလျှင် ထိုအခိုက်အတန့်တွင် သူတို့၏ အသိစိတ်များထဲ၌ ထစ်ချုန်းသံများ ထွက်ပေါ်လာပြီး သူတို့၏ ဝိညာဉ်များမှာလည်း စတင်နာကျင်လာတော့သည်။ ထို့နောက် သူတို့မှာ ခန္ဓာကိုယ်များတုန်ရီသွားကြပြီး ပါးစပ်ထဲမှ သွေးများပန်းထွက်လာကြ၏။ သူတို့၏ မျက်ဝန်းများမှာလည်း ချက်ချင်းဆိုသလိုပင် အရောင်မှိန်ကျသွားသလို သူတို့၏ ဝိညာဉ်များမှာလည်း ပျက်စီးသွားကြသဖြင့် နောက်ဆုံးတွင် ရုပ်အလောင်းများအဖြစ်သာ ကျန်ရစ်ခဲ့တော့သည်။

ဂြိုဟ်အဆင့် ကျင့်ကြံသူများသာလျှင် သူတို့၏ စွမ်းအားများကို အသုံးပြုကာ ထို ပျော်ရွှင်မှုတာအို၏ ဘေးအန္တရာယ်မှ လွတ်မြောက်လာခဲ့၏။ သူတို့၏ မျက်ဝန်းများထဲတွင် ရူးသွပ်မှု အရိပ်အယောင်များဖြင့် ပြည့်နှက်နေပြီဖြစ်သည်။ သူတို့မှာ ချောင်ပိတ်နေသည့် သားရဲများကဲ့သို့ ခံစားနေကြရပြီး နှလုံးသားထဲ၌ ဒွိဟများဖြင့် ပြည့်နှက်နေကြ၏။

" ဘယ်လိုပဲဖြစ်ဖြစ် ငါတို့တွေက တိုက်ပွဲထဲမှာ သေရတော့မှာပဲ။ အဲဒီလို ဆိုမှတော့... အခုမှ ဖောက်ထွက်နိုင်ခဲ့တဲ့ အစောပိုင်း ဂြိုဟ်အဆင့် ကျင့်ကြံသူတစ်ယောက်ကို ရင်မဆိုင်နိုင်စရာ ဘာအကြောင်းရှိလဲကွာ "

" ငါတို့တွေထဲက အများစုက အင်မော်တယ်ဂြိုဟ်တွေကို သုံးပြီး ဖောက်ထွက်ခဲ့တာ မှန်ပေမဲ့ သူက တာအိုဂြိုဟ်နဲ့ ဖောက်ထွက်ခဲ့တော့ရော ဘာဖြစ်လဲ "

" သူ့ကို အနိုင်တိုက်နိုင်ဖို့ပဲ လိုတာ။ တကယ်လို့ ငါတို့တွေ ရှုံးသွားမယ်ဆိုရင်တောင် အဆိုးဆုံးအနေနဲ့ အသက်စွန့်လိုက်ရုံပဲ။ တိုက်ကြဟေ့ " ခရမ်းရောင် ရွှေလူမှုအဖွဲ့အစည်းမှ ဂြိုဟ်အဆင့် ကျင့်ကြံသူများမှာ အသက်စွန့်၍ တိုက်ခိုက်ရာ၌ နတ်မျက်လုံးလူမှုအဖွဲ့အစည်းထဲမှ ဂြိုဟ်အဆင့် ကျင့်ကြံသူများထက် ပို၍ စိတ်ဓာတ်ပြတ်သားကြသည့်ပုံပင်။ ထို့ကြောင့်လည်း နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း ခေါင်းဆောင်ကြီး ထွက်ပြေးသွားပြီး ခရမ်းရောင် ရွှေတာအိုသစ်ဂိုဏ်း ခေါင်းဆောင်ကြီး ချီတုံချတုံ ဖြစ်နေသည့်တိုင်အောင် အခြား ဂြိုဟ်အဆင့် ကျင့်ကြံသူကြီးများမှာ မျက်ဝန်းများ နီမြန်းသွားကြ၏။ ထို့နောက် မိုးကောင်းကင်ဝိညာဉ်ဂိုဏ်းမှ ဂိုဏ်းချုပ်ကြီး အော်ဟစ်လိုက်သောအခါ သူတို့၏ ကျင့်ကြံခြင်းစွမ်းအားများမှာ ပေါက်ကွဲထွက်ပေါ်လာကြသည်။ ထိုသို့ဖြင့် ဂြိုဟ်အဆင့် ကျင့်ကြံသူကြီးများမှာ ဝမ်ပေါင်လဲ့ဆီသို့ အရှိန်အဟုန်ဖြင့် ဦးတည်သွားနေကြပြီ ဖြစ်သည်။

ဂြိုဟ်အဆင့် ကျင့်ကြံသူကြီးများ၏ ဦးဆောင်မှုကြောင့် ဘေးပတ်ပတ်လည်တွင် ရှိနေကြသည့် သိန်းပေါင်းများစွာသော ခရမ်းရောင် ရွှေလူမှုအဖွဲ့အစည်း ကျင့်ကြံသူများမှာလည်း စိတ်ဓာတ်များ တက်ကြွသွားကြပြီး နောက်ထပ်တစ်ကြိမ်ထပ်၍ တိုက်ခိုက်ရန် ပြင်လိုက်ပြန်သည်။

ဝမ်ပေါင်လဲ့မှာမူ ထို အခြင်းအရာများကို စောင့်ကြည့်နေရင်း မျက်ဝန်းများ ထူးဆန်းစွာတောက်ပသွား၏။

သူသည် သူ၏ရန်သူများ ယခုလို ပြုမူမည့်အချိန်ကို စောင့်ဆိုင်းနေခြင်း ဖြစ်သည်။ သူ သူ၏ ဆရာဖြစ်သူ မီးတောက်ခေါင်းဆောင်ကြီးဆီမှ အကူအညီ ထပ်မတောင်းခဲ့ရသည့် အကြောင်းရင်းမှာ သူ၏ နှလုံးသားထဲမှ ဒေါသစိတ်များကို ဖြေဖျောက်လိုသောကြောင့် ဖြစ်ပေသည်။ ယခုအကြိမ်တွင် သူ၏ရန်သူများမှာ သူ့အား မကောင်းကြံကာ ခြိမ်းခြောက်နိုင်ရန် ကြိုးစားခဲ့သည် မဟုတ်ပါလော။ အကယ်၍ မီးတောက်ခေါင်းဆောင်ကြီးကြောင့်သာ မဟုတ်ပါက နေအဖွဲ့အစည်းပင်လျှင် ပျက်စီးသွားလောက်ပြီဖြစ်သည်။ ထို့ကြောင့် သူသည် သူ၏ ရန်သူများကို သနားညှာတာနေမည် မဟုတ်ပေ။

သူသည် ထိုရန်သူများအား အစုလိုက်အပြုံလိုက် သတ်ဖြတ်နိုင်ပါမှ ကျေနပ်နိုင်မည်ဖြစ်သည်။

အခြားတစ်ဖက်တွင်လည်း သူသည် ဤ အခွင့်အရေးအား အသုံးချကာ သူ၏ စည်းမျဉ်းဥပဒေသကိုးခုအား ကျွမ်းကျင်တတ်မြောက်လာအောင် လေ့ကျင့်ရန် ကြံရွယ်ထားသေးသည်။

ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ လိမ္မော်ရောင် ပျော်ရွှင်မှုတာအိုအား အသုံးပြုလိုက်ပြီးနောက် တည်ကြည်မှုအပြည့်ဖြင့် ရှေ့သို့ နောက်ထပ် ခြေလှမ်းတစ်လှမ်း ထပ်လှမ်းလိုက်၏။ ထို့နောက် သူသည် သူ၏ ညာဘက်လက်ကို မြှောက်ကာ အရပ်မျက်နှာအနှံ့သို့ အသာအယာ ဝှေ့ယမ်းလိုက်သည်။

" သွေး "

သူ ထိုသို့ရေရွတ်လိုက်သည်နှင့် ဂြိုဟ်အဆင့် ကျင့်ကြံသူများ၏ ဦးဆောင်မှုအောက်၌ သွေးရူးသွေးတန်းနှင့် ရှေ့သို့ ချီတက်လာနေကြသည့် သိန်းပေါင်းများစွာသော ခရမ်းရောင် ရွှေလူမှုအဖွဲ့အစည်း ကျင့်ကြံသူများ၏ နှုတ်မှ စူးရှကျယ်လောင်သော အော်ဟစ်မြည်တမ်းသံများ အဆက်မပြတ် ထွက်ပေါ်လာသည်။ ထို့နောက် ထို သိန်းပေါင်းများစွာသော ကျင့်ကြံသူများ အားလုံးနီးပါး၏ မျက်လုံး၊ နား၊ နှာခေါင်းနှင့် ပါးစပ်ပေါက်များထဲမှ သွေးများ စီးကျလာတော့သည်။

ထို သွေးများမှာ ခန္ဓာကိုယ်ပြင်ပမှ စွမ်းအားများကြောင့် ထိုသို့ စီးကျလာခြင်းမဟုတ်ဘဲ သူတို့၏ ခန္ဓာကိုယ်များထဲတွင် ရှိနေသည့် သွေးများ သူတို့၏ ကိုယ်ထဲ၌ ဆက်မရှိချင်ကြတော့သည့်အလား သူတို့အား ဆန့်ကျင်နေကြသောကြောင့် ထိုကဲ့သို့ စီးကျလာခြင်း ဖြစ်သည်။ သို့ဖြစ်ရာ ၎င်းတို့မှာ ခန္ဓာကိုယ်ပြင်ပ၌ အားကောင်းသော ဆွဲငင်အားတစ်မျိုး ပေါ်ပေါက်လာသည်ကို အာရုံခံမိလိုက်သဖြင့် အပြင်ဘက်သို့ ထိုးထွက်ချင်နေကြသည်ပုံပင်။

ထို အခိုက်အတန့်တွင် ကျင့်ကြံသူပေါင်း ထောင်သောင်းများစွာမှာ သူတို့၏ အော်ဟစ်မြည်တမ်းသံများအား ထိန်းချုပ်နိုင်စွမ်း မရှိတော့ပေ။ သူတို့၏ ခန္ဓာကိုယ်များမှာလည်း အသံအကျယ်ကြီးမြည်ကာ ပေါက်ကွဲပျက်စီးသွားကြ၏။ သူတို့၏ ဝိညာဉ်များမှာလည်း လွင့်ပါးပျောက်ကွယ်သွားကြပြီ ဖြစ်သည်။ သူတို့၏ သွေးများသာလျှင် ဝမ်ပေါင်လဲ့၏ ပတ်ပတ်လည်၌ စုဝေးလာကြပြီး မျက်စိတစ်မှိတ်အတွင်း သွေးပင်လယ်ကြီးတစ်စင်းအဖြစ် ပြောင်းလဲသွား၏။

အံကြိတ်ကာ ဝမ်ပေါင်လဲ့၏ စည်းမျဉ်းဥပဒေသများအား တောင့်ခံနေကြသည့် ကျင့်ကြံသူများမှာလည်း သွေးပျက်လုမတတ် တုန်လှုပ်ချောက်ချားနေကြရပြီ ဖြစ်သည်။ သူတို့၏ နှလုံးသားများထဲ၌ ပေါ်ပေါက်လာခဲ့သည့် တိုက်ခိုက်လိုစိတ်များမှာလည်း ချက်ချင်း ပြန်လည်ပျောက်ကွယ်သွား၏။ ထို့နောက် သူတို့မှာ ကြောက်လန့်တကြားနှင့် ထွက်ပြေးဆုတ်ခွာသွားကြတော့သည်။ သူတို့မှာ ထွက်ပြေးလွတ်မြောက်နိုင်ရန် ကြိုးစားလျှင်တောင် ဤ အချုပ်အနှောင်ကြီးထဲမှ လွတ်မြောက်နိုင်လိမ့်မည်မဟုတ်ကြောင်း မေ့သွားကြသည့်ပုံပင်။

မိုးကောင်းကင်ဝိညာဉ်ဂိုဏ်းမှ ဂိုဏ်းချုပ်ကြီးနှင့် အခြားသူများမှာမူ သူတို့၏ ကျင့်ကြံစွမ်းအားများဖြင့် ဝမ်ပေါင်လဲ့၏ သွေးတာအို စည်းမျဉ်းဥပဒေသအား ခုခံတွန်းလှန်ကာ သူ့ဆီသို့ အရှိန်အဟုန်ဖြင့် ဦးတည်သွားနေကြဆဲပင်။ သို့သော် ဝမ်ပေါင်လဲ့တစ်ယောက် ထို သွေးတာအို စည်းမျဉ်းဥပဒေသဖြင့် စုစည်းထားခဲ့သည့် သွေးပင်လယ်ကြီးမှာ သူတို့အား စောင့်ဆိုင်းနေသည်။

ထို သွေးပင်လယ်ကြီးမှာ အသိစိတ်များ ပိုင်ဆိုင်ထားသည့်ပုံပင်။ ၎င်းမှာ သူတို့ဆီသို့ ဦးတည်လာရင်း ပါးစပ်ပေါက်ကြီးတစ်ပေါက်အသွင် ပြောင်းလဲသွားပြီး မိုးကောင်းကင်ဝိညာဉ်ဂိုဏ်း၏ ဂိုဏ်းချုပ်ကြီးနှင့် အခြား ဂြိုဟ်အဆင့်ကျင့်ကြံသူများအား ဝါးမျိုးပစ်လိုက်တော့သည်။

ထိုအခါ အုန်းခနဲ အသံကျယ်ကြီးတစ်သံထွက်ပေါ်လာပြီး ထို ဂြိုဟ်အဆင့် ကျင့်ကြံသူများမှာ တားဆီးခံလိုက်ရ၏။ ထိုအချိန်တွင် ဝမ်ပေါင်လဲ့မှာ တတိယမြောက် စည်းမျဉ်းဥပဒေသအား တည်ကြည်စွာ အသုံးပြုလိုက်သည်။

" တိမ်တာအို "

ဝမ်ပေါင်လဲ့၏ နှုတ်မှ ထိုစကားသံထွက်ပေါ်လာသည်နှင့် သူ၏ နောက်တွင် မိုးပြာရောင် ဂြိုဟ်တစ်လုံး ပေါ်ပေါက်လာ၏။ ထိုဂြိုဟ်ကြီး လည်ပတ်သွားသည်နှင့် ထိုနေရာတစ်ဝိုက်တွင် ရှိနေသည့် စည်းမျဉ်းဥပဒေသများမှာလည်း ချက်ချင်း ပြောင်းလဲသွားသည်။ ထို့နောက် ထူးဆန်းသော မြင်ကွင်းတစ်ခု ပေါ်ပေါက်လာတော့သည်။

တိုက်ခိုက်လိုစိတ်များ ပျောက်ဆုံးသွားကြသဖြင့် အရပ်မျက်နှာအနှံ့သို့ ပြေးထွက်သွားနေခဲ့ကြသည့် သိန်းပေါင်းများစွာသော ကျင့်ကြံသူများထဲမှ တစ်ဝက်ကျော်မှာ ရုတ်တရက်ဆိုသလို တုန်ရီသွား၏။ ထို့နောက် သူတို့မှာ မျက်ဝန်းများ နီမြန်းသွားကာ နောက်သို့ လှည့်လာကြပြီး သူတို့၏ ဘေးနားတစ်ဝိုက်ရှိ သူတို့၏ မိတ်ဆွေများအား အစွမ်းကုန် တိုက်ခိုက်လိုက်ကြတော့သည်။

ကျင့်ကြံသူ တစ်ယောက်နှစ်ယောက်သာ ထိုကဲ့သို့ ပြုမူနေကြသည်မဟုတ်ပေ။ ကျင့်ကြံသူအားလုံးထဲမှ တစ်ဝက်ကျော်မှာ စိတ်ချောက်ချားနေသည့်ပုံ ပေါက်နေကြပြီဖြစ်သည်။ သူတို့မှာ သူတို့၏ ဘေးပတ်ပတ်လည်ရှိ လူများအား သတ်ဖြတ်နိုင်ပါမှ အသက်ရှင်နိုင်လိမ့်မည်ဟု ခံစားနေကြရ၏။

ထို လှည့်စားမှု ပညာရပ်ကြောင့် သွေးပျက်ချောက်ချားဖွယ်ရာ အော်သံကြီးများမှာ ပို၍ပင် ကျယ်လောင်လာရတော့သည်။ စစ်မြေပြင်ကြီး တစ်ခုလုံးမှာလည်း ပရမ်းပတာ ဖြစ်နေရ၏။ ကျင့်ကြံသူ သိန်းပေါင်းများစွာမှာ တစ်ယောက်နှင့်တစ်ယောက် သွေးရူးသွေးတန်း တိုက်ခိုက်နေကြပြီ မဟုတ်ပါလော။ ထို့အပြင် သွေးတာအိုကြောင့်လည်း ထိုနေရာတစ်ဝိုက်တွင် ပေါ်ပေါက်လာသည့် သွေးများမှာ ပို၍ များလာ၏။ ဝမ်ပေါင်လဲ့မှာမူ စစ်မြေပြင်ကြီး၏ အလယ်တွင် တည်ကြည်မှု အပြည့်ရှိသော အမူအရာဖြင့် ရပ်နေဆဲပင်။

" ဝမ်ပေါင်လဲ့ " မိုးကောင်းကင်ဝိညာဉ်ဂိုဏ်း၏ ဂိုဏ်းချုပ်ကြီးမှာ ထိုမြင်ကွင်းများကို မြင်လိုက်ရသောအခါ စူးရှကျယ်လောင်စွာ အော်ဟစ်လိုက်၏။ သူသည် ဆံပင်များ ရှုပ်ပွနေပြီဖြစ်သည်။ သူသည် စည်းမျဉ်းဥပဒေသများ၏ ဖိနှိပ်ခြင်းကို ခံထားရသည့်တိုင်အောင် အဆင့်မြင့် ကျင့်ကြံခြင်းအဆင့်တစ်ခုအား ပိုင်ဆိုင်ထားသောကြောင့် စိတ်ကြည်လင်ပြတ်သားမှုရှိနေဆဲပင်။ သို့သော်လည်း သူ၏ ဘေးပတ်ပတ်လည်တွင် မြင်နေရသည့်အရာများကြောင့် သူ၏ နှလုံးသားတစ်ခုလုံး တဆစ်ဆစ် နာကျင်ကိုက်ခဲနေရပြီဖြစ်သည်။

ထို သိန်းပေါင်းများစွာသော ကျင့်ကြံသူ အားလုံးနီးပါးမှာ မိုးကောင်းကင်ဝိညာဉ်ဂိုဏ်းသားများ ဖြစ်နေသည်မဟုတ်ပါလော။

" မင်းက မိစ္ဆာတစ်ကောင်ပဲကွ "

" သူတို့တွေ အကုန်လုံးက ဘာမှ အစွမ်းမထက်တဲ့ သာမန် ကျင့်ကြံသူတွေပါ။ မင်းရဲ့ နှလုံးသားထဲမှာ ကရုဏာစိတ်လေး နည်းနည်းပါးပါးတောင် မရှိဘူးလား "

ဝမ်ပေါင်လဲ့မှာ မိုးကောင်းကင်ဝိညာဉ်ဂိုဏ်းမှ ဂိုဏ်းချုပ်ကြီး၏ မေးခွန်းကိုကြားလိုက်ရသောအခါ သွေးများကြောင့် တားဆီးပိတ်ဆို့ခံထားရသည့် ဂြိုဟ်အဆင့် ကျင့်ကြံသူများအား လှမ်းကြည့်လိုက်၏။ ထို့နောက် သူသည် ထိုဂိုဏ်းချုပ်ကြီးအား စိုက်ကြည့်နေရင်း မျက်ဝန်းများ အေးစက်စွာ တောက်ပသွားသည်။

" ကရုဏာစိတ် ဟုတ်လား။ ခဗျားတို့ရဲ့ ခရမ်းရောင် ရွှေလူမှုအဖွဲ့အစည်း နတ်မျက်လုံး လူမှုအဖွဲ့အစည်းတစ်ခုလုံးကို ဆန္ဒရှိသလို သတ်ဖြတ်ခဲ့တုန်းက ခဗျားတို့တွေ ကရုဏာသက်ခဲ့လား "

" ခဗျားရဲ့ ခရမ်းရောင် ရွှေလူမှုအဖွဲ့အစည်း ကျုပ်ကို တာအိုဂြိုဟ် ထုတ်ပေးဖို့ အတင်းအကျပ် ဖိအားပေးခဲ့တုန်းကရော ခဗျားတို့တွေ ကရုဏာသက်ခဲ့လား "

" ခဗျားရဲ့ ခရမ်းရောင် ရွှေလူမှုအဖွဲ့အစည်း ကျုပ်ရဲ့ မွေးရပ်မြေ နေအဖွဲ့အစည်းကို အသုံးအချပြီး ကျုပ်ကို ခြိမ်းခြောက်ခဲ့တုန်းကရော ခဗျားတို့တွေ ကရုဏာသက်ခဲ့လား "

" ဒီနေ့ ကျုပ်က အခြေအနေတွေကို ပြောင်းလဲနိုင်ခဲ့လို့သာ အခုလို အနေအထားအထိ ရောက်လာရတာ။ တကယ်လို့ ကျုပ်သာ ဘာမှမလုပ်နိုင်ခဲ့ဘူးဆိုရင် အခု လောလောဆယ် သတ်ဖြတ်ခံနေရတဲ့လူတွေက ကျုပ်ရဲ့ မွေးရပ်မြေကလူတွေ ဖြစ်နေမှာလေ။ အဲဒီအချိန်ကျရင်ရော မိုးကောင်းကင်ဝိညာဉ်ဂိုဏ်းချုပ်ကြီး ကရုဏာသက်နိုင်ဦးမလားဆိုတာ ကျုပ် သိချင်မိတယ် "

" ထားပါတော့လေ။ ဒီတစ်ခေါက်တော့ ကျုပ် သက်ညှာပေးလိုက်ပါ့မယ် "

ဝမ်ပေါင်လဲ့မှာ ထိုသို့ဆိုလိုက်ပြီးနောက် သူ၏ ညာဘက်လက်ကို မြှောက်ကာ နောက်ထပ် မန္တန်လက်ကွက်တစ်ခု ဖော်လိုက်ပြန်သည်။ ထိုအခါ သူ၏နောက်တွင် အနက်ရောင်ဂြိုဟ်တစ်လုံး ပေါ်ပေါက်လာ၏။ ထို့နောက် သေဆုံးခြင်းအား ကိုယ်စားပြုသည့် အငွေ့အသက်တစ်မျိုးမှာလည်း ချက်ချင်းဆိုသလိုပင် ထွက်ပေါ်လာသည်။

" မရဏတာအို "

သူ ထိုသို့ဆိုလိုက်သည်နှင့် အနက်ရောင်ဂြိုဟ်ကြီးထဲမှ သေမင်းအငွေ့အသက်များ ထိုးထွက်လာပြီး အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားသည်။ ထို အငွေ့အသက်များ ဖြတ်သန်းသွားသည့်နေရာတိုင်းတွင် စကြဝဠာကြီးမှာ တစ်စစီ ကြေမွပျက်စီးသွားသကဲ့သို့ပင်။ အပြန်အလှန် တိုက်ခိုက်နေကြသည့် ခရမ်းရောင် ရွှေလူမှုအဖွဲ့အစည်းမှ ကျင့်ကြံသူများမှာလည်း ခန္ဓာကိုယ်များ တုန်ရီသွားကြပြီး ပိန်ချုံးသွားကြသည်သာ ဖြစ်သည်။ သူတို့၏ အသက်စွမ်းအားများမှာလည်း သေမင်းအငွေ့အသက်များအဖြစ်သို့ ပြောင်းလဲသွားကြ၏။ နောက်ဆုံးတွင် စစ်မြေပြင်ကြီး တစ်ခုလုံးမှာ ဧရာမဝဲကြီးတစ်ခုအဖြစ် ပြောင်းလဲသွား၏။

ထိုဝဲကြီးမှာ အဆက်မပြတ် လည်ပတ်နေရင်း ကျင့်ကြံသူများ၏ ခန္ဓာကိုယ်များထဲမှ ထွက်ပေါ်လာနေသော သေမင်းအငွေ့အသက်များကို စုပ်ယူနေသည်။ စစ်မြေပြင်ကြီးပေါ်ရှိ သိန်းပေါင်းများစွာသော ကျင့်ကြံသူများ၏ မျက်နှာအမူအရာများမှာမူ လေးလံထိုင်းမှိုင်းနေကြပြီ ဖြစ်သည်။ ထိုသို့ဖြင့် မိုးကောင်းကင်ဝိညာဉ်ဂိုဏ်းမှ ဂိုဏ်းချုပ်ကြီး သွေးရူးသွေးတန်း အော်ဟစ်နေစဉ်မှာပင် ထို ကျင့်ကြံသူများအားလုံးမှာ ပြာကျသွားကြပြီး စကြဝဠာကြီးထဲသို့ လွင့်ပါးပျောက်ကွယ်သွားတော့သည်။

စစ်မြေပြင်ကြီး တစ်ခုလုံးမှာလည်း ပြောင်းသလင်းခါသွား၏။

" အခု ခဗျားအလှည့်ပဲ " ဝမ်ပေါင်လဲ့မှာမူ သူ၏နောက်တွင် ဂြိုဟ်လေးလုံး ပေါ်ပေါက်လာသည်နှင့် မိုးကောင်းကင်ဝိညာဉ်ဂိုဏ်း၏ ဂိုဏ်းချုပ်ကြီးအား စိုက်ကြည့်ကာ သူ၏ ညာဘက်လက်ကို မြှောက်၍ တည်ကြည်စွာဆိုလိုက်သည်။

" ဒီနေရာမှာ ရှိတဲ့လူမှန်သမျှ ထွက်ပြေးလွတ်မြောက်နိုင်မှာ မဟုတ်ဘူး “

All Chapters