← Chapters

တာအိုဂြိုဟ်၏ ကြီးစိုးမှု

Vol. 71 Ch. 980

တာအိုဂြိုဟ်၏ ကြီးစိုးမှု

Vol. 71 Ch. 980

ဝမ်ပေါင်လဲ့မှာ ထိုသို့ဆိုလိုက်ပြီးနောက် သူ၏ ညာဘက်လက်ကို မြှောက်ကာ ကျစ်ကျစ်ပါအောင် ဆုပ်လိုက်၏။

ထိုအခါ စစ်မြေပြင်ပေါ်ရှိ သိန်းပေါင်းများစွာသော ကျင့်ကြံသူများဆီမှ သေမင်း အငွေ့အသက်များကို စုပ်ယူထားသည့် ဧရာမဝဲကြီးထဲတွင် ထစ်ချုန်းသံကြီးတစ်သံ ထွက်ပေါ်လာသည်။ ထို့နောက် ထို ဝဲကြီးမှာ ဧရာမ လက်ဖဝါးကြီးတစ်ခုအသွင် ပြောင်းလဲသွား၏။ ဝမ်ပေါင်လဲ့ သူ၏ ညာဘက်အား လက်သီးဆုပ်လိုက်ချိန်တွင် ထို လက်ဖဝါးကြီးမှာလည်း လက်သီးဆုပ်လိုက်၏။

မိုးကောင်းကင်ဝိညာဉ်ဂိုဏ်း ဂိုဏ်းချုပ်ကြီးနှင့် အခြားသူများမှာ အမျက်ချောင်းချောင်းထွက်နေကြ၏။ သို့သော် သူတို့မှာ ထို နတ်ဘုရားစွမ်းရည်အား မြင်လိုက်ရသောအခါ အမူအရာများ ပြောင်းလဲသွားကြပြီး အလျင်အမြန် လူစုခွဲသွားလိုက်ရသည်သာ ဖြစ်သည်။ ထိုအချိန်တွင် ထို လက်ဖဝါးကြီးမှာ အသံအကျယ်ကြီးမြည်အောင် ညှစ်လိုက်တော့သည်။

ထိုအခါ ထို လက်ဖဝါးကြီးထဲမှ ဂြိုဟ်တစ်လုံး ပေါက်ကွဲသွားသည့် အသံများ ထွက်ပေါ်လာသည်။ သို့သော် ဝမ်ပေါင်လဲ့၏ ပြိုင်ဘက်များမှာ ဂြိုဟ်အဆင့် ကျင့်ကြံသူများ ဖြစ်နေသည်မဟုတ်ပါလော။ သူတို့မှာ အရည်အသွေးမြင့်မားသည့် ဂြိုဟ်များ ပိုင်ဆိုင်ထားခြင်းမရှိပါသော်လည်း လူအင်အား အသာစီးရနေဆဲပင်။ ထို့အပြင် မိုးကောင်းကင်ဝိညာဉ်ဂိုဏ်း၏ ဂိုဏ်းချုပ်ကြီးမှာ နှောင်းပိုင်း ဂြိုဟ်အဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်နေသည်မဟုတ်ပါလော။

ထို့ကြောင့် ဂြိုဟ်တစ်လုံး ပေါက်ကွဲသွားသည့်အသံများထွက်ပေါ်လာသည်နှင့် ဓားအလင်းတန်းတစ်ခုမှာ လက်ဖဝါးကြီးထဲမှ ထိုးထွက်လာပြီး လက်ဖဝါးကြီးပေါ်၌ အက်ကွဲကြောင်းတစ်ခု ဖန်တီးပေးလိုက်၏။

ထို အက်ကွဲကြောင်း ပေါ်ပေါက်လာသည်နှင့် ထိုအက်ကွဲကြောင်းထဲမှ အလင်းတန်းများ တစ်ခုပြီးတစ်ခု ထပ်၍ ထိုးထွက်လာကြသည်။

ယခင်တုန်းက ဂြိုဟ်အဆင့်ကျင့်ကြံသူ ရှစ်ယောက် ရှိနေခဲ့ပါသော်လည်း ယခုတွင်မူ ခုနစ်ယောက်သာ ကျန်တော့သည်။ သေဆုံးသွားခဲ့သည့် ကျင့်ကြံသူမှာ ခရမ်းရောင်ရွှေတာအိုသစ်ဂိုဏ်း ခေါင်းဆောင်ကြီး ဖြစ်ပေသည်။

မိုးကောင်းကင်ဝိညာဉ်ဂိုဏ်း၏ ဂိုဏ်းချုပ်ကြီးနှင့် အလယ်အလတ် ဂြိုဟ်အဆင့် ကျင့်ကြံသူနှစ်ယောက်မှ လွဲ၍ အခြား ကျင့်ကြံသူများမှာ အစောပိုင်း ဂြိုဟ်အဆင့်ကျင့်ကြံသူများသာ ဖြစ်ကြပေသည်။ သူတို့အားလုံးမှာလည်း ဒဏ်ရာရထားကြ၏။ ထို ကျင့်ကြံသူခုနစ်ယောက်မှာ အပြင်ဘက်သို့ ပြေးထွက်လာကြပြီးနောက် အလျင်အမြန် လူစုခွဲသွားလိုက်ကြ၏။ သူတို့ထဲမှ လေးယောက်မှာ အရပ်မျက်နှာလေးဘက်သို့ ထွက်ပြေးဆုတ်ခွာသွားကြသည်။

အခြား သုံးယောက်မှာမူ ဝမ်ပေါင်လဲ့ဆီသို့ တန်းတန်းမတ်မတ် ဦးတည်လာကြ၏။

ထို သုံးယောက်၏ ခေါင်းဆောင်မှာ မိုးကောင်းကင်ဝိညာဉ်ဂိုဏ်း၏ ဂိုဏ်းချုပ်ကြီးဖြစ်သည်။ သူ၏နောက်တွင် ပါလာသည့် ကျင့်ကြံသူနှစ်ယောက်မှာလည်း ခရမ်းရောင် ရွှေလူမှုအဖွဲ့အစည်းမှ ဖြစ်ပေသည်။ သူတို့မှာ မိုးကောင်းကင်ဝိညာဉ်ဂိုဏ်း၏ ဂိုဏ်းချုပ်ကြီးလောက် ကျင့်ကြံခြင်းအဆင့် မြင့်မားခြင်း မရှိပါသော်လည်း အလယ်အလတ် ဂြိုဟ်အဆင့်ကျင့်ကြံသူများ ဖြစ်နေကြဆဲပင်။ ထို့အပြင် သူတို့မှာ ရုပ်ပျက်ဆင်းပျက် ဖြစ်နေကြသည့်တိုင်အောင် သူတို့၏ ခန္ဓာကိုယ်များထဲမှ ထွက်ပေါ်နေသည့် ရူးသွပ်မှု အငွေ့အသက်များနှင့် သတ်ဖြတ်လိုစိတ်များမှာ အလွန်အင်မတန်မှ အားကောင်းနေ၏။

" လူစုခွဲဖို့ ကြိုးစားနေတယ်ပေါ့ " ဝမ်ပေါင်လဲ့မှာ မျက်လုံးများ မှေးသွားပြီး မပွင့်တပွင့်ပြုံးလိုက်၏။ မိုးကောင်းကင်ဝိညာဉ်ဂိုဏ်း၏ ဂိုဏ်းချုပ်ကြီးနှင့် အခြား ကျင့်ကြံသူနှစ်ယောက် ရောက်ရှိလာသောအခါ သူသည် သူ၏ ခန္ဓာကိုယ်အား လှစ်ခနဲ လှုပ်ရှားလိုက်သည်။ ထို့နောက် သူ၏နောက်တွင် အပြာရောင် ဂြိုဟ်တစ်လုံး ပေါ်ပေါက်လာပြီး လေတာအို စည်းမျဉ်းဥပဒေသများ အသက်ဝင်လာတော့သည်။ ထိုအခါ သူ၏ အမြန်နှုန်းမှာ ချက်ချင်းဆိုသလိုပင် ထိုးတက်သွားသဖြင့် သူနှင့် ပုံစံတူ ပုံရိပ်ယောင်တစ်ခု ပေါ်ပေါက်လာ၏။ ထို့နောက် သူသည် ခြေတစ်လှမ်း လှမ်းကာ စကြဝဠာကြီးအား ကျော်ဖြတ်သွားလိုက်ပြီး လူစုခွဲကာ ထွက်ပြေးသွားခဲ့သည့် ဂြိုဟ်အဆင့် ကျင့်ကြံသူလေးယောက်ထဲမှ တစ်ယောက်၏ ရှေ့တွင် ပေါ်ပေါက်လာတော့သည်။

ထို ကျင့်ကြံသူမှာ သက်လတ်ပိုင်း လူကြီးတစ်ယောက်ဖြစ်၏။ သူသည် ရုပ်ပျက်ဆင်းပျက် ဖြစ်နေသည့်တိုင်အောင် ဝမ်ပေါင်လဲ့အား မြင်လိုက်ရသောအခါ မျက်ဝန်းများထဲ၌ ရက်စက်ကြမ်းကြုတ်မှု အရိပ်အယောင်များ ပေါ်ပေါက်လာဆဲပင်။ ထို့နောက် သူသည် အသံကုန်အော်ဟစ်လိုက်၏။

" မင်း လှည့်စားခံလိုက်ရပြီကွ။ ချုပ်နှောင်စေ " သူသည် ထိုသို့အော်ဟစ်လိုက်ပြီးနောက် တွေဝေတုံ့ဆိုင်းမနေဘဲ သူ့ကိုယ်သူ ဖောက်ခွဲပစ်လိုက်တော့သည်။

ထိုအခါ ဖျက်ဆီးအားကောင်းသည့် တုန်ခါမှုလှိုင်းများ ပေါက်ကွဲထွက်ပေါ်လာပြီး သူ၏ ခန္ဓာကိုယ်ထဲမှ အလင်းတန်းပေါင်းမြောက်မြားစွာ ထိုးထွက်လာ၏။ ထို အခိုက်အတန့်တွင် သူ၏ ဂြိုဟ်မှာလည်း တစ်စစီ ကြေမွပျက်စီးသွားသဖြင့် စကြဝဠာကြီးထဲ၌ ပေါက်ကွဲသံကြီးတစ်သံ ပဲ့တင်ထပ်သွားတော့သည်။ သူ၏ ခန္ဓာကိုယ်၊ ဝိညာဉ်နှင့် ဂြိုဟ်များအားလုံးမှာ ပေါက်ကွဲသွားပြီဖြစ်ပြီး ထိုပေါက်ကွဲမှု၏ ပြင်းအားများမှာ အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားပြီ ဖြစ်သည်။

တစ်ချိန်ထဲမှာပင် အခြား အရပ်မျက်နှာများဆီသို့ ပြေးထွက်သွားခဲ့ကြသည့် အစောပိုင်း ဂြိုဟ်အဆင့်ကျင့်ကြံသူ သုံးယောက်မှာလည်း နာကြည်းစွာ ပြုံးလိုက်ကြပြီးနောက် မျက်ဝန်းများထဲ၌ ရူးသွပ်မှု အရိပ်အယောင်များ ပေါ်ပေါက်လာကြ၏။ ထို သက်လတ်ပိုင်းလူကြီး ပေါက်ကွဲသွားသည်နှင့် သူတို့မှာလည်း တွေဝေတုံ့ဆိုင်းမနေတော့ပဲ သူတို့ကိုယ်သူတို့ ဖောက်ခွဲပစ်လိုက်ကြတော့သည်။

" ချုပ်နှောင်စေ "

" ချုပ်နှောင်စေ "

" ချုပ်နှောင်စေ "

ဂြိုဟ်အဆင့် ကျင့်ကြံသူတစ်ယောက် ပေါက်ကွဲသွားရာမှ ထွက်ပေါ်လာမည့် စွမ်းအားမှာ အလွန်အင်မတန်မှ အားကောင်းနေမည် ဖြစ်သည်။ ယခုတွင် အစောပိုင်း ဂြိုဟ်အဆင့် ကျင့်ကြံသူလေးယောက် အတူတကွ ပေါက်ကွဲသွားခဲ့သည်ဖြစ်ရာ ထို ပေါက်ကွဲမှုများမှာ ထွက်ပေါ်လာသည့် တုန်ခါမှုလှိုင်းများ၏ ပြင်းအားမှာ စိတ်ကူးနှင့်ပင် မမှန်းဆနိုင်ပေ။

သူတို့လေးယောက်မှာ တစ်ယောက်တစ်နေရာစီ ထွက်ပြေးသွားသည့်ပုံ ပေါ်ပါသော်လည်း သေသေချာချာ ကြည့်လိုက်မည်ဆိုပါက သူတို့၏ လေးယောက်ကြား၌ တစ်ခုနှင့်တစ်ခု ချိတ်ဆက်နေသကဲ့သို့ ဖြစ်နေသည့် အကိုင်းအခတ်များ ရှိနေသည်ကို မြင်နိုင်ပေမည်။

ခရမ်းရောင် ရွှေလူမှုအဖွဲ့အစည်းမှ ဂြိုဟ်အဆင့် ကျင့်ကြံသူလေးယောက်၏ ခန္ဓာကိုယ်များ ပေါက်ကွဲသွားခြင်းမှာ အချုပ်အနှောင်ပညာရပ်တစ်ခု ဖြစ်သည်။ ထိုပညာရပ်ထဲ၌ စည်းမျဉ်းဥပဒေသများ ကိန်းအောင်းနေသောကြောင့် ခရမ်းရောင် ရွှေလူမှုအဖွဲ့အစည်းထဲ၌ ၎င်းအား သဘာဝလွန် စွမ်းရည်တစ်မျိုးအဖြစ် သတ်မှတ်ထား၏။ ၎င်းမှာ အပင် စည်းမျဉ်းဥပဒေသတစ်မျိုး ဖြစ်သည်။

ထို့ကြောင့်လည်း ၎င်းမှာ အလွန်အင်မတန်မှ အစွမ်းထက်နေခြင်းဖြစ်၏။ ယခုတွင် သူတို့လေးယောက်မှာ ပေါက်ကွဲမှုစွမ်းအားများကို အသုံးပြုထားသည်ဖြစ်ရာ ထိုပညာရပ်မှာလည်း ပို၍ အစွမ်းထက်နေတော့သည်။

ထို ကျင့်ကြံသူလေးယောက် ပေါက်ကွဲသွားသည်နှင့် ပျက်စီးသွားသော သူတို့၏ ခန္ဓာကိုယ်များနှင့် ဂြိုဟ်များထဲမှ အမျှင်အတန်းတစ်ခုစီ ထွက်ပေါ်လာ၏။ ထိုအမျှင်အတန်းမှာ အပင်အမျှင်အတန်းများနှင့် တူပြီး ဝမ်ပေါင်လဲ့ဆီသို့ ချက်ချင်းဦးတည်လာသည်။ သူသည် ၎င်းတို့၏ ရစ်ပတ်ခြင်းကို ခံလိုက်ရသည်နှင့် ထွက်ပြေးလွတ်မြောက်နိုင်တော့မည် မဟုတ်ပေ။ ထို အမျှင်အတန်းလေးခုမှာ စကားလုံးများနှင့် ဖော်ပြ၍မရနိုင်သည့် အမြန်နှုန်းမျိုးဖြင့် ရွေ့လျားလာကြသောကြောင့် ဝမ်ပေါင်လဲ့၏ လေတာအိုထက်ပင် ပို၍မြန်ဆန်နေ၏။ ထို့နောက် ၎င်းတို့မှာ သူ၏ ခန္ဓာကိုယ် ပတ်ပတ်လည်တွင် အားပါပါ ရစ်ပတ်သွားကြသဖြင့် ဝမ်ပေါင်လဲ့မှာ စကြဝဠာကြီးထဲ၌ ချုပ်နှောင်ခံလိုက်ရတော့သည်။

ထိုမျှလောက်နှင့် ပြီးမသွားသေးပေ။ အစောပိုင်း ဂြိုဟ်အဆင့် ကျင့်ကြံသူလေးယောက် ပေါက်ကွဲသွားသည်နှင့် ဝမ်ပေါင်လဲ့ဆီသို့ အရှိန်အဟုန်ဖြင့် ဦးတည်လာနေသည့် မိုးကောင်းကင်ဝိညာဉ်ဂိုဏ်း၏ ဂိုဏ်းချုပ်ကြီးနှင့် အခြား ကျင့်ကြံသူနှစ်ယောက်မှာ ရုတ်တရက်ဆိုသလို ပို၍ မြန်ဆန်လာကြ၏။ သူတို့မှာ သူတို့၏ အသက်စွမ်းအားများကို စတေးကာ အရှိန်မြင့်တင်လိုက်ကြပြီးနောက် မန္တန်လက်ကွက်များဖော်၍ အသံကုန်အော်ဟစ်လိုက်တော့သည်။

" မိုးကောင်းကင်ဝိညာဉ် အမှတ်အသား "

သူတို့ ထိုသို့အော်ဟစ်လိုက်သောအခါ မိုးကောင်းကင်ဝိညာဉ်ဂိုဏ်း၏ ဂိုဏ်းချုပ်ကြီး၏ ခန္ဓာကိုယ်ထဲမှ အားကောင်းသော အလင်းတန်းတစ်ခု ထိုးထွက်လာ၏။ ထို အလင်းတန်းမှာ သူ၏ ခန္ဓာကိုယ် ပတ်ပတ်လည်တွင် ဧရာမ အမှတ်အသားကြီးတစ်ခုအဖြစ် ချက်ချင်း ပြောင်းလဲသွားသည်။ သူ၏ နောက်တွင်ရှိနေသည့် အလယ်အလတ် ဂြိုဟ်အဆင့် ကျင့်ကြံသူ နှစ်ယောက်မှာလည်း သူတို့၏ ကျင့်ကြံခြင်းစွမ်းအားများကို စတေးကာ အားဖြည့်ပေးထားသည်ဖြစ်ရာ ထို အမှတ်အသားကြီးမှာ ချက်ချင်းဆိုသလိုပင် မျက်စိကျိန်းစရာကောင်းလောက်အောင် တောက်ပလာ၏။ ထို့နောက် ၎င်းမှာ ဝမ်ပေါင်လဲ့ဆီသို့ ဦးတည်သွားတော့သည်။

အမျှင်အတန်း အချုပ်အနှောင်ကြီးမှာ အစောပိုင်း ဂြိုဟ်အဆင့် ကျင့်ကြံသူလေးယောက်၏ ပေါက်ကွဲမှုဖြင့် ဖန်တီးထားသည့် အချုပ်အနှောင်တစ်ခု ဖြစ်ကာ အလင်းရောင် အမှတ်အသားကြီးမှာ နှောင်းပိုင်းဂြိုဟ်အဆင့် ကျင့်ကြံသူတစ်ယောက်နှင့် အလယ်အလတ် ဂြိုဟ်အဆင့် ကျင့်ကြံသူနှစ်ယောက်၏ အသက်စွမ်းအားများဖြင့် ဖန်တီးထားသည့် စွမ်းရည်တစ်မျိုး ဖြစ်သည်။ မိုးကောင်းကင်ဝိညာဉ်ဂိုဏ်း၏ ဂိုဏ်းချုပ်ကြီးမှာ အချိန်တိုလေးအတွင်း ဤ တန်ပြန်တိုက်ကွက်အား စီစဉ်နိုင်ခဲ့သည်ဖြစ်ရာ ဉာဏ်များကာ ရက်စက်ကြမ်းကြုတ်သူတစ်ယောက်ဖြစ်ကြောင်း သိနိုင်ပေသည်။

မိုးကောင်းကင်ဝိညာဉ်ဂိုဏ်း၏ ဂိုဏ်းချုပ်ကြီးမှာ အင်မော်တယ်ဂြိုဟ်ဖြင့် ဂြိုဟ်အဆင့်သို့ တက်လှမ်းနိုင်ခဲ့ခြင်းဖြစ်ပြီး စည်းမျဉ်းဥပဒေသများကို ပိုင်ဆိုင်ထားခြင်း မရှိပါသော်လည်း သူ၏ ကျင့်ကြံခြင်းစွမ်းအားများနှင့် အလယ်အလတ်အဆင့် ဂြိုဟ်အဆင့်ကျင့်ကြံသူနှစ်ယောက်၏ အသက်စွမ်းအားများကို စတေးကာ မိုးကောင်းကင်ဝိညာဉ်ဂိုဏ်း၏ လျှို့ဝှက်ပညာရပ်ဖြစ်သော မိုးကောင်းကင်ဝိညာဉ် အမှတ်အသားကို အသုံးပြုခဲ့၏။ ထို့ကြောင့်လည်း ထို လျှို့ဝှက်ပညာရပ်ထဲတွင် ကိန်းအောင်းနေသည့် အလင်းရောင် စည်းမျဉ်းဥပဒေသများမှာ ဤကမ္ဘာကြီးထဲ၌ ပေါ်ပေါက်လာရတော့သည်။

အကယ်၍ သူ၏ ပြိုင်ဘက်မှာ အခြားတစ်ယောက်ယောက်သာ ဖြစ်နေမည်ဆိုပါက ဂြိုဟ်အဆင့်ထိပ်ဆုံးတွင် ရှိနေလျှင်တောင် သူတို့၏ ပူးပေါင်းတိုက်ကွက်အား ရင်ဆိုင်နိုင်မည်မဟုတ်ပေ။ သို့သော် ဂြိုဟ်များ၏ အဆင့်အတန်း ခြားနားမှုများကြောင့် တစ်ခါတစ်ရံတွင် အဆင့်နိမ့်ဂြိုဟ်များနှင့် ပေါင်းစည်းခဲ့ရသည့် ကျင့်ကြံသူများအတွက် လောကကြီးမှာ တရားမျှတမှုမရှိပေ။

သူတို့အားလုံးမှာ ဂြိုဟ်အဆင့် ကျင့်ကြံသူများ ဖြစ်နေလျှင်တောင် သာမန်ဂြိုဟ်များနှင့်သာ ပေါင်းစည်းနိုင်ခဲ့သည့် ကျင့်ကြံသူများမှာ ဝိညာဉ်ဂြိုဟ်များနှင့် ပေါင်းစည်းထားသည့် ကျင့်ကြံသူများ၏ တိုက်ကွက်တစ်ကွက်ကိုပင် တောင့်ခံနိုင်စွမ်း ရှိမည်မဟုတ်ပေ။

ဝိညာဉ်ဂြိုဟ်ပိုင်ရှင်များ အင်မော်တယ်ဂြိုဟ်ပိုင်ရှင်များနှင့် ရင်ဆိုင်ရသည့် အခါများတွင်ဆိုလျှင် ပို၍ပင် ဆိုးပေသည်။ စည်းမျဉ်းဥပဒေသများ ပိုင်ဆိုင်ထားသည့် အထူးဂြိုဟ်များနှင့် ယှဉ်လိုက်လျှင်မူ အင်မော်တယ်ဂြိုဟ်များပင်လျှင် သာမန်ဂြိုဟ်များနှင့် ကွဲပြားခြားနားမှု ရှိတော့မည် မဟုတ်ပေ။

ဝမ်ပေါင်လဲ့မှာ ရှေးဟောင်းဂြိုဟ်ကိုးလုံး အတူတကွ စုစည်းသွားရာမှ ပေါ်ပေါက်လာသည့် တာအိုဂြိုဟ်နှင့် ပေါင်းစည်းထားသည် မဟုတ်ပါလော။

သို့ဖြစ်ရာ သူသည် အစောပိုင်းဂြိုဟ်အဆင့် ကျင့်ကြံသူတစ်ယောက်သာ ဖြစ်နေသည့်တိုင်အောင် သူ လေ့လာတတ်မြောက်ထားသည့် စည်းမျဉ်းဥပဒေသများနှင့် သူ ပိုင်ဆိုင်ထားသည့် ဂြိုဟ်၏ အဆင့်အတန်းတို့ကြောင့် သူ၏ပြိုင်ဘက်မှာ ဂြိုဟ်အဆင့်၏ ထိပ်ဆုံးတွင် ရှိနေလျှင်တောင် အထူးဂြိုဟ်တစ်လုံးအား ပိုင်ဆိုင်ထားခြင်းမရှိပါက သူ့အား ခေါင်းပင် မော်ကြည့်ရဲမည် မဟုတ်ပေ။

လေပူဖောင်းတစ်လုံးမှာ မည်မျှပင် အရွယ်အစားကြီးမားနေစေကာမူ လေပူဖောင်းတစ်လုံးသာ ဖြစ်နေဦးမည်ဖြစ်ပြီး အပ်ချောင်းတစ်ချောင်းမှာလည်း မည်မျှပင် သေးငယ်နေစေကာမူ အပ်ချောင်းတစ်ချောင်း ဖြစ်နေဦးမည် ဖြစ်သည်။

" လူအင်အားရှိရုံနဲ့ အရည်အသွေးနိမ့်ကျတဲ့ ပြဿနာကို ဖြေရှင်းလို့ရမယ်ဆိုရင် ဘာလုပ်ဖို့ ကျင့်ကြံခြင်းအဆင့်တွေ အများကြီး ခွဲထားဦးမှာလဲ။ ဂြိုဟ်တွေကိုရော ဘာလို့ အဆင့်တွေ ခွဲထားဦးမှာလဲ။ မင်းတို့တွေ နားမလည်သေးပါလား "

အမျှင်အတန်းလေးခု၏ ချုပ်နှောင်ခြင်းကို ခံထားရသည့် ဝမ်ပေါင်လဲ့မှာ အထူးဂြိုဟ်များထဲမှ စည်းမျဉ်းဥပဒေသများ၏ စွမ်းအားများကို ကောင်းကောင်းကြီး နားလည်သွားသည်။ စည်းမျဉ်းဥပဒေသများအား ပိုင်ဆိုင်ထားခြင်းမရှိသည့် ဂြိုဟ်အဆင့် ကျင့်ကြံသူများအတွက် ထိုခံစားချက်ကြီးမှာ ကြောက်စရာကောင်းနေမည်သာ ဖြစ်သည်။

တစ်ချိန်ထဲမှာပင် သူသည် သူ၏ ရှေးဟောင်းဂြိုဟ်ကိုးလုံး တာအိုဂြိုဟ်အဖြစ် အဆင့်တက်လှမ်းသွားခဲ့ခြင်းမှာ အလွန်အင်မတန်မှ အရေးပါကြောင်း နားလည်သွား၏။

ထိုသို့ဖြင့် မိုးကောင်းကင်ဝိညာဉ်ဂိုဏ်း၏ ဂိုဏ်းချုပ်ကြီး ဖန်တီးထားသည့် အလင်းရောင် အမှတ်အသားကြီး ဝင်းလက်တောက်ပကာ သူ့ဆီသို့ ဦးတည်လာနေစဉ် ဝမ်ပေါင်လဲ့မှာ တည်ကြည်စွာဆိုလိုက်တော့သည်။

" အစိမ်းရောင် အပင်တာအို "

သူ ထိုသို့ဆိုလိုက်သည်နှင့် သူ၏ ခန္ဓာကိုယ်အား ရစ်ပတ်ထားသည့် အမျှင်အတန်းများမှာ အပြင်းအထန်တုန်ရီသွား၏။ ၎င်းတို့မှာ အစောပိုင်းဂြိုဟ်အဆင့် ကျင့်ကြံသူလေးယောက်၏ ပေါက်ကွဲမှုများကြောင့် ပေါ်ပေါက်လာရသည့်တိုင်အောင် ထိုကဲ့သို့ တုန်ရီသွားပြီးနောက် အားလျော့သွားရဆဲပင်။ ထို့နောက် ၎င်းတို့မှာ ဖိနှိပ်ချုပ်တည်းခံလိုက်ရသဖြင့် ဝမ်ပေါင်လဲ့၏ ဘေးပတ်ပတ်လည်တွင် မျောလွင့်နေကြတော့သည်။

ထိုမြင်ကွင်းကြောင့် မိုးကောင်းကင်ဝိညာဉ်ဂိုဏ်း၏ ဂိုဏ်းချုပ်ကြီးမှာ မျက်နှာအမူအရာများ ပြောင်းလဲသွားရ၏။ သို့သော် သူ မတုံ့ပြန်နိုင်ခင်မှာပင် ဝမ်ပေါင်လဲ့မှာ သူ၏ ညာဘက်လက်ကို မြှောက်ကာ မျက်ဝန်းများ အေးစက်စွာ တောက်ပသွားပြီး သူ့ဆီသို့ ဦးတည်လာနေသည့် အလင်းရောင် အမှတ်အသားကြီးအား လက်ညှိုးထိုး၍ ရေရွတ်လိုက်တော့သည်။

" အဖြူရောင် အလင်းတာအို "

ထိုအခါ မျက်စိတစ်မှိတ်အတွင်းတွင် ထို ဧရာမ အလင်းရောင် အမှတ်အသားကြီးမှာ သိသိသာသာ မှေးမှိန်သွား၏။ ထို့နောက် အလင်းရောင် အစက်အပြောက်လေးများမှာ ထို အလင်းရောင် အမှတ်အသားကြီးထဲမှ ခွဲထွက်လာကြပြီး ဝမ်ပေါင်လဲ့ လက်ညှိုးထိပ်၌ စုဝေးလာကြတော့သည်။ သို့ဖြစ်ရာ သူ၏ လက်ညှိုးမှာ အလင်းရောင်အားလုံး၏ မူလဇစ်မြစ် ဖြစ်နေသကဲ့သို့ပင်။ တစ်အောင်ခန့်အကြာတွင် ဤ စကြဝဠာကြီးထဲ၌ အလင်းရောင် အစက်အပြောက်များ အားလုံးကို စုပ်ယူလိုက်သည့် သူ၏ လက်ညှိုးတစ်ချောင်းသာလျှင် ကျန်ရစ်ခဲ့တော့သည်။

မိုးကောင်းကင်ဝိညာဉ်ဂိုဏ်း၏ ဂိုဏ်းချုပ်ကြီးနှင့် သူ၏ နောက်တွင်ရှိနေသည့် အလယ်အလတ် ဂြိုဟ်အဆင့် ကျင့်ကြံသူနှစ်ယောက် မယုံကြည်နိုင်လောက်အောင်ဖြစ်ကာ အံ့ဩတုန်လှုပ်နေကြစဉ် ဝမ်ပေါင်လဲ့ လက်ညှိုးမှာ သူတို့၏ရှေ့သို့ ရောက်ရှိလာတော့သည်။

All Chapters