ခရမ်းရောင်ကြယ် တောင်တန်း
Vol. 31 Ch. 410
ခရမ်းရောင်ပန်း နိုင်ငံတော်ရဲ့ အဓိက တောင်တန်း သုံးခုထဲက တစ်ခုဖြစ်တဲ့အတွက် ခရမ်းရောင်ကြယ် တောင်တန်းဟာ မြို့ပေါင်း၁၀၀ကျော်နဲ့ ဆက်စပ်နေပါတယ်။
အဲသည် မြို့ပေါင်း ၁၀၀ကျော်ထဲမှာတော့ သစ်ခြောက်တောအုပ် မြို့ဟာ တောင်ပိုင်းတောအုပ် သိုင်းတက္ကသိုလ်နဲ့ အနီးဆုံး မြို့လို့ သတ်မှတ်ရမှာပါ။
တစ်နေ့မှာတော့ အဆင့်၄ ယူနီကွန်း မြင်းကိုယ်စီ စီးထားကြတဲ့ လူငယ်အုပ်စု တစ်စုဟာ သစ်ခြောက်တောအုပ် မြို့ကို ရောက်လာခဲ့ကြပါတယ်။ အဲသည်လူငယ် အုပ်စုကတော့ လီဖူချန်းတို့ အုပ်စုပါပဲ။
သူတို့အုပ်စုဟာ သစ်ခြောက် တောအုပ်မြို့ထဲမှာ အချိန်ကြာကြာ မနေခဲ့ကြပါဘူး။ သူတို့ဟာ နေရာထိုင်ခင်း အတွက် ငှားရမ်းခဲ့ပြီးတဲ့ နောက်မှာတော့ အချိန်ဆိုင်းမနေဘဲ သူတို့ရဲ့ ယူနီကွန်းမြင်းတွေကို တည်းခိုခန်းတစ်ခုမှာ ထားခဲ့ကာ ခရမ်းရောင်ကြယ် တောင်တန်းဆီကို ထွက်သွားကြပါတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ ရှေ့ဆက်ရမယ့် ခရီးမှာ ယူနီကွန်းမြင်းတွေကို မလိုအပ်တော့လို့ပါပဲ။
နောက်ထပ် မိုင်ပေါင်း၁၀၀၀ နီးပါးလောက် ခရီးဆက်ပြီးတဲ့ နောက်မှာတော့ သူတို့အုပ်စုဟာ ခရမ်းရောင် တောင်တန်းရဲ့ နယ်နိမိတ် အစပ်ကို ရောက်သွားခဲ့ကြပါပြီ။
ခရမ်းရောင်ကြယ် တောင်တန်းရဲ့ ထူးခြားလှတဲ့ သဘာဝ တရားကြီးကြောင့်လားတော့ မသိပါဘူး။ သည်တောင်တန်းမှာ ရှိနေတဲ့ သစ်ပင်တွေ၊ မြေဆီမြေနှစ်တွေနဲ့ အပင်တွေ အားလုံးဟာ ခရမ်းရောင် သန်းနေပါတယ်။ အဲဒါက လူတွေအားလုံးကို နားလည်ရ ခက်စေတာတော့ အမှန်ပါပဲ။
" ခရမ်းရောင်ကြယ် တောင်တန်းရဲ့ အပြင်စည်း နယ်နိမိတ်မှာက အဆင့်၆ မိစ္ဆာသားရဲတွေကို မြင်ရခဲတယ်။ ဒါပေမဲ့ သိပ်ပြီး မပေါ့ကြနဲ့ဦး "
အန်ရှင်းမိန်က လေးနက် တည်ကြည်စွာနဲ့ အားလုံးကို သတိပေးလိုက်ပါတယ်။
တုချင်းက ပြုံးလိုက်ပြီး
" အစ်ကိုကျိုး ရှိနေမှတော့ ဘာပူနေစရာ လိုသေးလို့လဲ။ တကယ်လို့ အဆင့်၅ သန္ဓေပြောင်းသားရဲတွေ ပေါ်လာရင်တောင်မှ ငါတို့က ပြန်တိုက်လို့ ရတာပဲ "
အဆင့်၅ သန္ဓေပြောင်း မိစ္ဆာသားရဲတွေဆိုတာက အဆင့်၅ မိစ္ဆာသားရဲတွေထက် အဆပေါင်းများစွာ ပိုကြောက်စရာ ကောင်းတဲ့ သားရဲတွေပါ။ သူတို့တွေက ပြန်လည် ဝင်စားခြင်းနယ်ပယ် အဆင့်၉ ပညာရှင်တွေကိုတောင်မှ တစ်ချက်တည်းနဲ့ ရိုက်သတ်ပစ်နိုင်ပါတယ်။ ဒါပေမဲ့ ကျိုးဟန်ကိုယ်တိုင် ပါနေမှတော့ အဆင့်၅ သန္ဓေပြောင်း သားရဲတွေကို သိပ်ပြီး စိုးရိမ်နေစရာ မလိုတော့ပါဘူး။
သည်လိုနဲ့ပဲ သူတို့၅ယောက်ဟာ ခရမ်းရောင်ကြယ်တောင်တန်း အပြင်စည်း နယ်နိမိတ်ရဲ့ အတွင်းဘက်ထဲကို ရောက်မှန်းမသိ ရောက်လာခဲ့ကြပါပြီ။
လမ်းတစ်လျှောက်မှာ အဆင့်၅ မိစ္ဆာသားရဲတွေက မကြာခဏဆိုသလို အလစ်ချောင်း တိုက်ခိုက် ခဲ့ကြပေမယ့်လည်း သူတို့အတွက် သိပ်ပြီး ဂရုစိုက်စရာ မလိုခဲ့ပါဘူး။
စိတ်မကောင်းစရာပါပဲ။
သူတို့၅ယောက်ထဲမှာ အားအနည်းဆုံးလို့ သတ်မှတ်နိုင်တဲ့ တုချင်းနဲ့ အန်ချင်းမိန်တောင်မှ အဆင့်မြင့် အဆင့်၅ သားရဲတွေကို ကောင်းကောင်းကြီး ယှဉ်တိုက်နိုင်သူတွေ မဟုတ်ပါလား။
အဲသည်အတွက် လီဖူချန်းတို့လူစုဟာ တော်ရုံတန်ရုံ အဆင့်၅မိစ္ဆာသားရဲတွေကို မှုမှာ မဟုတ်ပါဘူး။
ဝုန်း ...
သူတို့၅ယောက်ဟာ စိမ့်တောမြေတစ်ခုကို ကျော်ဖြတ်နေစဉ်မှာတော့ ပေါက်ကွဲသံကြီး တစ်ခုနဲ့အတူ မိစ္ဆာသားရဲကြီး တစ်ကောင် ပေါ်လာခဲ့ပါတယ်။ အဲဒါက ပေတစ်ထောင် နီးပါးရှိတဲ့ စပါးအုံး မြွေကြီးတစ်ကောင်ပါပဲ။ သူ့ဆီကနေ ထွက်ပေါ်နေတဲ့ အေးစက်စက် မိစ္ဆာချီတွေကလည်း ပတ်ဝန်းကျင် တစ်ခုလုံးကို ပျံ့နှံ့နေခဲ့ပါပြီ။ ဒါက ရေပန်းကြီး တစ်ခုကနေ ရေတွေ ပန်းထွက်လာတာနဲ့တောင် ဆင်တူ နေပါသေးတယ်။
" သတိထားကြ "
အန်ရှင်းမိန်းက မိစ္ဆာချီ စက်ကွင်းထဲ မရောက်အောင် နောက်ဆုတ် လိုက်ပါတယ်။ လီဖူချန်းနဲ့ ကျန်တဲ့သူတွေကလည်း တုံ့ဆိုင်းနေခြင်း အလျင်းမရှိပါဘူး။
ဘန်း ...
အဲသည်စပါးအုံးမြွေကြီးရဲ့ မိစ္ဆာချီတွေနဲ့ ထိတွေ့မိတဲ့ အရာတိုင်းကတော့ ပေါက်ကွဲ ထွက်ကုန်ပါတယ်။ မြေပြင်ပေါ်မှာ ဆိုရင်လည်း တွင်းငယ်လေးတွေ အများအပြား ဖြစ်တည်လာခဲ့ပါပြီ။
သည်မိစ္ဆာချီတွေနဲ့ ထိမိရင်တော့ ကျိုးဟန်ကိုယ်တိုင်တောင်မှ အခြေအနေ မကောင်းလောက်ပါဘူး။
အားလုံးရဲ့ အာရုံစူးစိုက်မှုကတော စပါးအုံးမြွေကြီး အပေါ်မှာ ကျရောက်နေခဲ့ပါပြီ။
တုချင်းက နှုတ်ခမ်းတစ်ချက် သပ်လိုက်ပြီး အသံ တုန်တုန်ယင်ယင်ဖြင့်
" အဲဒါက အဆင့်၅အထွတ်အထိပ် အဆိပ်နုန်းမြေ စပါးအုံးမြွေပဲ "
အမှန်အတိုင်း ပြောရမယ်ဆိုရင် အဆင့်၅ အထွတ်အထိပ် အဆင့် မိစ္ဆာသားရဲတွေဆိုတာက အဆင့်၅အဆင့်မှာပဲ ရှိနေသေးတဲ့ မိစ္ဆာသားရဲတွေပါပဲ။ ဒါပေမဲ့ သူတို့တွေက အဆင့်၅ မိစ္ဆာသားရဲအဆင့်မှာ ပြိုင်ဘက်ကင်းတဲ့ ဖြစ်တည်မှုတွေ ဖြစ်နေကြပါပြီ။ သူတို့ရဲ့ စွမ်းဆောင်ရည်က အဆင့်၆ မိစ္ဆာသားရဲတွေနဲ့တောင် သိပ်မကွာတော့ပါဘူး။ သူတို့တွေကလည်း အဆင့်၉ ပြန်လည်ဝင်စားခြင်း နယ်ပယ် ပညာရှင်တွေကို တစ်ချက်တည်းနဲ့ သတ်ပစ်နိုင်စွမ်း ရှိပါတယ်။
" မင်းတို့ ယုတ်ညံ့တဲ့ လူသားတွေက ငါ့ရဲ့အစာပဲ "
အဆိပ်နုန်းမြေ စပါးအုံမြွေကြီးကတော့ လူသား ဘာသာစကားနဲ့ ပြောဆိုလာခဲ့ပါပြီ။
ဒါက သည်ကျင့်ကြံခြင်း လောကကြီးရဲ့ အစာကွင်းဆက်လို့ ပြောရမှာလား ဒါမှမဟုတ် တောတွင်း ဥပဒေလို့ ပြောရမှာလားတော့ မသိပါဘူး။
သေချာတာ တစ်ခုကတော့ မိစ္ဆာသားရဲတွေဟာ လူသားတွေရဲ့ သားကောင် ဖြစ်သလို လူသားတွေဟာလည်း မိစ္ဆာသားရဲတွေရဲ့ အစာပါပဲ။
" မင်းလို ယုတ်ညံ့တဲ့ တိရစ္ဆာန်ကောင်က ငါတို့ကို ဖိနှိပ်နိုင်လိမ့်မယ် ထင်နေတာလား ...။ သေစမ်း "
လျံတိုင်ယုက နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး သူ့ရဲ့ ကြေးဝါတုတ်နဲ့ အဆိပ်နုန်းမြေ စပါးအုံးမြွေကြီးကို ရိုက်ထည့် ပစ်လိုက်ပါပြီ။
ထန် ...
သူ့ရဲ့ ရိုက်ချက်က အဆိပ်နုန်းမြေ စပါးအုံးမြွေကြီးရဲ့ ခေါင်းကို ထိထိမိမိ ရိုက်မိလိုက်ပါတယ်။ ဒါပေမဲ့လည်း သတ္တုအချင်းချင်း ထိခိုက်မိသံတစ်ခု ထွက်ပေါ်လာရုံကလွဲပြီး ဘာမှ ထူးထူးခြားခြား ဖြစ်ရပ် တစ်ခု ဖြစ်ပေါ်လာခြင်း မရှိပါဘူး။
ကြည့်ရတာတော့ လျံတိုင်ယုရဲ့ ကြေးဝါတုတ်ရိုက်ချက်က အဆိပ်နုန်းမြေ စပါးအုံးမြွေကြီးအပေါ် ထူးထူးခြားခြား သက်ရောက်နိုင်စွမ်း မရှိပုံပါပဲ။
အဆိပ်နုန်းမြေ စပါးအုံးမြွေကြီးက ခေါင်းကို အနည်းငယ် ခါယမ်းလိုက်ပြီး မထီမဲ့မြင်ဟန်ဖြင့် လျံတိုင်ယုကို ပြန်ပြောလာခဲ့ပါတယ်။
" လူသား ... ဒါမင်းတတ်နိုင်တာ အကုန်ပဲလား "
" နင့်မေကလွှားတဲ့မှပဲ "
လျံတိုင်ယုရဲ့ မျက်လုံးတွေကတော့ ပုစွန်မျက်လုံးအလား ပြူးကျယ် နေခဲ့ပါပြီ။
သူဟာ မနှစ်ကတည်းက လေအလျင်စွမ်းအားကို အသက်သွင်းထား နိုင်ခဲ့တာပါ။ အဲသည်အတွက် သူနဲ့ ရှောင်ခွန်းရဲ့ အစွမ်းဟာ သိပ်မကွာဘူးလို့တောင် မှတ်ယူနိုင်ပါတယ်။
ဒါပေမဲ့ ... ...
ဒါပေမဲ့ သည်အဆိပ်နုန်းမြေ စပါးအုံးမြွေကြီးကတော့ သူ့ရဲ့ရိုက်ချက်ကို ဖြုံကို မဖြုံခဲ့ပါဘူး။
" ငါ့ရဲ့ အားကုန်သုံးပြီး ရိုက်လိုက်တဲ့ ရိုက်ချက်က သည်မြွေကြီးရဲ့ အရေပြားကိုတောင်မှ မပေါက်ပြဲစေခဲ့ဘူး။ သည်မြွေကြီးရဲ့ ခံနိုင်ရည်က နည်းနည်း မလွန်လွန်းဘူးလား "
လျံတိုင်ယုက စိတ်ထဲကနေ တွေးနေမိပါတယ်။
ကျိုးဟန်က တည်ငြိမ်တဲ့ လေသံဖြင့်
" မိစ္ဆာသားရဲတွေက မွေးရာပါ ခံနိုင်ရည်အားကောင်းတဲ့ သတ္တဝါတွေပဲ။ စွမ်းရည်ချင်း အတူတူ နီးပါးမှာတော့ သည်ကောင်တွေကို ထိခိုင်အောင် လုပ်နိုင်မှာ မဟုတ်ဘူး။ ပြီးတော့ မင်းရဲ့လက်နက်က တုတ်ဆိုတော့ ထက်ရှတဲ့ လက်နက်ထဲမှာ မပါဘူး။ အဲသည်အတွက် မင်းအနေနဲ့ သည်အဆိပ်နုန်းမြေ စပါးအုံးမြွေကို ဒဏ်ရာရအောင် မလုပ်နိုင်တာက သာမန်ပဲ "
လီဖူချန်းကလည်း ကျိုးဟန်ပြောတာကို လက်ခံပါတယ်။ သည်မြွေကြီးကို ဒဏ်ရာရအောင် လုပ်ချင်ရင်တော့ အနည်းဆုံး သူ့ထက် အစွမ်းတစ်ဆင့်မြင့်မှ စွမ်းဆောင်နိုင်ပါလိမ့်မယ်။
" အဆင့်၅ အထွတ်အထိပ် မိစ္ဆာသားရဲတစ်ကောင်နဲ့ တိုက်ရဖို့ဆိုတာက မင်းတို့ အားလုံးအတွက် အင်မတန် ခဲယဉ်းတဲ့ အခွင့်အရေး တစ်ခုပဲ။ ဒါကို လေ့ကျင့်မှုတစ်ခုလို့ မှတ်ယူပြီး တိုက်ကြ။ ငါကတော့ သည်တိုက်ပွဲမှာ ဝင်မပါတော့ဘူး "
စကားသံနဲ့အတူ ကျိုးယီဟာ တိုက်ပွဲစက်ကွင်းထဲကနေ ဆုတ်ခွာ သွားခဲ့ပါပြီ။
ကျန်တဲ့သူတွေကလည်း ကျိုးယီရဲ့ စကားကို မပယ်ရှားပါဘူး။ ဒါက ရှားမှရှားတဲ့ အခွင့်အရေး တစ်ခုပင် မဟုတ်ပါလား။
" တိုက်ဟေ့ ...။ ငါတို့အားလုံး ပေါင်းတိုက်ရင်တော့ သည်ကောင်ကြီးက ပြဿနာ မဟုတ်တော့ဘူး "
အန်ရှင်းမိန်ရဲ့ လက်နက်ကတော့ သေးသွယ်တဲ့ ဆေဘာတစ်လက် ဖြစ်ပြီး တုချင်းရဲ့ လက်နက် ကတော့ နှစ်ဖက်သွားဓား တစ်လက်ဖြစ်ပါတယ်။
ရွှမ်း ... ရွှမ်း ... ရွှမ်း ...
ရွှပ် ...
ဓားနဲ့ဆေဘာတို့ရဲ့ အပေးအယူမျှတဲ့ တိုက်ခိုက်မှုကြောင့် အဆိပ်နုန်းမြေ စပါးအုံးမြွေကြီးရဲ့ ခန္ဓာကိုယ်ပေါ်မှာ ဓားဒဏ်ရာ အချို့ ဖြစ်တည်လာခဲ့ပါပြီ။
" မင်းက မတိုက်ဘူးလား "
ကျိုးဟန်က လီဖူချန်းကို ကြည့်ပြီး မေးလိုက်ပါတယ်။
လီဖူချန်းက ပုခုံးတစ်ချက် တွန့်လိုက်ပြီး ပျင်းရိလေးတွဲသော လေသံဖြင့်
" ဟင့်အင်း ...။ တကယ်လို့ ငါဝင်တိုက်ရင် ဒါက လေ့ကျင့်မှု မဟုတ်တော့ဘူးလေ "
" ဟမ့် ... အဲလိုလား "
ကျိူးဟန်က နှာခေါင်းတစ်ချက် ရှုံ့လိုက်ရုံကလွဲပြီး ဘာမှ ဆက်မပြောတော့ပါဘူး။ သည်လီဖူချန်း ဆိုတဲ့ကောင်က တကယ်ကို ဘဝင်မြင့်လွန်းလှပါတယ်။
" တောက် ... လူသားတွေ။ မင်းတို့က ငါ့ကို နာကျင်စေတယ်ပေါ့လေ။ သေဖို့သာ ပြင်ထားကြ "
အဆိပ်နုန်းမြေ စပါးအုံးမြွေကြီးကတော့ ဒေါသတကြီးနဲ့ ကြုံးဝါးလာခဲ့ပါပြီ။ သူ့ရဲ့ ခန္ဓာကိုယ်က အတော်လေး ကြီးမားနေတဲ့အတွက် သည်လူသား သုံးယောက်ရဲ့ တိုက်ခိုက်မှုကို လွတ်လွတ်ကင်းကင်း ရှောင်တိမ်းနိုင်ခြင်း မရှိခဲ့ပါဘူး။
ရှူး ...
စပါးအုံးမြွေကြီးက နှာတစ်ချက် မှုတ်လိုက်ပြီး မိစ္ဆာချီတွေကို မှုတ်ထုတ် ပစ်လိုက်ပါတယ်။ သူ့ရဲ့ ပစ်မှတ်ကတော့ လျံတိုင်ယုပါပဲ။
လျံတိုင်ယုက မိစ္ဆာချီတွေကို ရှောင်တိမ်းခြင်းမရှိဘဲ ထိပ်တိုက် ရင်ဆိုင်လိုက်ပါတယ်။ သူ့အနေနဲ့ အဆိပ်နုန်းမြေ စပါးအုံးမြွေကြီးကို ဒဏ်ရရအောင် လုပ်နိုင်စွမ်း မရှိပေမယ့်လည်း သည်မိစ္ဆာချီတွေကို ခုခံရာမှာတော့ အခက်အခဲ မရှိလောက်ပါဘူး။
" သွားစမ်း "
လျံတိုင်ယုက ကြေးဝါတုတ်ကို လက်နှစ်ဖက်ဖြင့် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လိုက်ပြီး အေးစက်စက် မိစ္ဆာချီတွေကို ရိုက်ထုတ် ပစ်လိုက်ပါတယ်။
ဝုန်း ...
လျံတိုင်ယုကတော့ အနောက်ကို လွင့်ထွက် သွားခဲ့ပါပြီ။
ရှဲ ... ရှဲ ... ရှဲ ...
အဆိပ်နုန်းမြေ စပါးအုံးမြွေရဲ့ မိစ္ဆာချီတွေက သူ့ရဲ့ ချီအကာအကွယ် တွေကိုပါ တိုက်စားပြီး အနက်ရောင် အခိုးအငွေ့တွေ ထလာစေခဲ့ပါတယ်။
" ရွှေရောင်မိုးပြေး "
" မူလပကတိ ဓားချက် "
အဆိပ်နုန်းမြေ စပါးအုံးမြွေကြီးရဲ့ အာရုံက လျံတိုင်ယုအပေါ်မှာ ကျရောက်နေတာကို သိတဲ့ အန်ရှင်းမိန်ကတော့ သည်အခွင့်အရေးကို လုံးဝ လက်လွှတ် မခံပါဘူး။ အန်ရှင်းမိန်က စပါးအုံးမြွေကြီးရဲ့ ခေါင်းအနောက်ကို ခုန်ဝင်သွားပြီး သူ့ရဲ့ ဆေဘာနဲ့ ခုတ်ပစ်လိုက်ပါတယ်။
ရွှပ် ...
စပါးအုံးမြွေကြီးရဲ့ ခေါင်းအနောက်မှာတော့ တစ်ပေသာသာမျှ နက်တဲ့ ဓားဒဏ်ရာတစ်ချက် ဖြစ်ပေါ်လာခဲ့ပါပြီ။
တုချင်းရဲ့ တိုက်ခိုက်မှုကလည်း နှေးကွေးနေခြင်း မရှိပါဘူး။ ပြီးတော့ သူ့ရဲ့ တိုက်ခိုက်မှုက အန်ရှင်းမိန်ထက်တောင်မှာ ပိုထိရောက်နေပါသေးတယ်။ သူ့ရဲ့ ဓားချက်တွေက စပါးအုံးမြွေကြီးရဲ့ ခန္ဓာကိုယ် တစ်နေရာတည်းကိုပဲ ကျရောက်နေခဲ့တာပါ။ သူ့ဓားချက်ရဲ့ ပစ်မှတ်ကတော့ အန်ရှန်းမိန်ရဲ့ ဓားချက်ကြောင့် ဖြစ်ပေါ်နေတဲ့ ဒဏ်ရာပါပဲ။
ရွှမ်း ... ရွှမ်း ... ရွှမ်း ...
တုချင်းရဲ့ ဓားချက်တွေက စပါးအုံးမြွေကြီးရဲ့ အသားလွှာတွေကို လှီးဖြတ် ထုတ်လိုက်ပြီး ၁၀ပေ နီးပါးနက်တဲ့ ဓားဒဏ်ရာ တစ်ခုကို ဖြစ်စေခဲ့ပါတယ်။
ဓားနဲ့ဆေဘာတို့ရဲ့ အပေးအယူ မျှတမှုကတော့ လုံးဝ အပြစ်ဆိုဖွယ်ရာ မရှိပါဘူး။ သည်တိုက်ခိုက်မှုက အဆိပ်နုန်းမြေ စပါးအုံးမြွေကြီးကို ဒဏ်ရာအကြီးကျယ် ရစေခဲ့ပါတယ်။
" အား ... .။ မင်းတို့က ငါ့ကို တကယ် နာကျင်စေတယ်ပေါ့လေ "
ဝုန်း ... ဝုန်း ... ဝုန်း ...
အဆိပ်နုန်းမြေ စပါးအုံးမြွေကြီးကတော့ သူ့ရဲ့ အမြီးကို ကျာပွတ်သဖွယ် အသုံးပြုပြီး သွေးရူးသွေးတန်းနဲ့ တိုက်ခိုက်လာခဲ့ပါပြီ။ ပြီးတော့ သူ့ရဲ့ မိစ္ဆာ ချီအရှိန်အဝါတွေကလည်း ပိုလို့တောင် တိုးမြှင့် လာခဲ့ပါသေးတယ်။
ဟူး ... ဟူး ... ဟူး ...
အန်ရှင်းမိန်နဲ့ တုချင်းတို့ကတော့ အခြေအနေ မကောင်းတော့ပါဘူး။ သူတို့နှစ်ယောက်စလုံးကို မိစ္ဆာချီတွေက မြူခိုးမြူငွေ့တွေသဖွယ် လှောင်ပိတ် ပစ်လိုက်ပါပြီ။
" ဟေ့ကောင် ... မင်းက သည်အတိုင်း ရပ် ကြည့်နေတော့မှာလား "
လျံတိုင်ယုက လီဖူချန်းကို မကျေမနပ် ပြောလိုက်ပြီး အန်ရှင်းမိန်တို့ဆီကို ပြေးထွက်သွားပါတယ်။
သူ့ရဲ့ ရည်ရွယ်ချက်ကတော့ အန်ရှင်းမိန်တို့ကို ပိတ်လှောင်ထားတဲ့ မိစ္ဆာချီတွေကို အပြင်ဘက်ကနေ ဖြိုခွဲပစ်ဖို့ပါပဲ။
ဘန်း ... ဘန်း ... ဘန်း ... ...
ဒါပေမဲ့လည်း မိစ္ဆာချီတွေဟာ ထူထပ်လွန်းတဲ့ အတွက် လျံတိုင်ယုအနေနဲ့ ဘာမှ မတတ်နိုင်ခဲ့ပါဘူး။ သူက အပေါ်ယံ မိစ္ဆာချီ မြူခိုးအလွှာကိုပဲ ပျက်ပြယ် စေနိုင်ခဲ့ပါတယ်။
" အင်း ... ငါဝင်ပါမှ ရတော့မှာပဲ "
လီဖူချန်းက ခေါင်းတစ်ခါခါနဲ့ တိုက်ပွဲစက်ကွင်းထဲကို ဝင်လာခဲ့ပါပြီ။ သူက ဝင်မပါချင်ပေမယ့်လည်း ဝင်ပါရပါတော့မယ်။
" ယား "
လီဖူချန်းက ကောင်းကင်ပေါ်ကို ခုန်တက်လိုက်ပြီး လက်သီးချက်တစ်ချက် ထုတ်လိုက်ပါတယ်။
ဟူး ...
သည်လက်သီးချက်ကနေ ထွက်လာတဲ့ ပြင်းအားက လေမုန်တိုင်းငယ်လေး တစ်ခုလိုပါပဲ။
ကျွီး ... ... ဝေါင်း ...
သည်လက်သီးချက်မှာက မဟာဆင်ဝိညာဉ်နဲ့ မဟာကျားဝိညာဉ်ရဲ့ အရှိန်အဝါတွေလည်း ခိုဝင်ကိန်းအောင်း နေပါသေးတယ်။ ဒါက ဆင်နဂါးစွမ်းအင်နဲ့ ကျားဝိညာဉ် လက်သီးကို ပေါင်းစပ်ထားတဲ့ လက်သီးချက်ပင် မဟုတ်ပါလား။
ဘန်း ...
လီဖူချန်းရဲ့ လက်သီးချက်က အဆိပ်နုန်းမြေ စပါးအုံးမြွေကြီးကို လွင့်ထွက် သွားစေခဲ့ပါပြီ။ တစ်ချိန်တည်း လိုလိုမှာပဲ မိစ္ဆာချီ မြူခိုးမြူငွေ့ တွေကလည်း ပျက်ပြယ် သွားခဲ့ပါတယ်။
" မင်းတို့အားလုံး သေကြစမ်း "
အဆိပ်နုန်းမြေ စပါးအုန်းမြွေကြီးက သူ့ရဲ့ မိစ္ဆာချီတွေကို ပေါက်ကွဲစေပြီး နောက်ထပ် တစ်ခုအထိ မြှင့်တင် လိုက်ပါတယ်။ သည်တစ်ခါ မိစ္ဆာချီတွေထဲမှာတော့ အဆိပ်တွေပါ ရောနှောလာခဲ့ပါပြီ။
သည်မိစ္ဆာချီတွေနဲ့ အတွေ့မှာတော့ လီဖူချန်းတို့ရဲ့ ချီအကာအကွယ်တွေဟာ တဖြည်းဖြည်း ပါးလျ လာခဲ့ပါတယ်။ ဒါက သည်မိစ္ဆာချီတွေဟာ သူတို့ရဲ့ ချီအကာအကွယ်တွေကို တိုက်စားနေပြီဆိုတဲ့ သဘောပါပဲ။
ရွှီး ... ရွှီး ... ရွှီး ...
တစ်ချိန်တည်းမှာပဲ စပါးအုံးမြွေကြီးဟာ အဆိပ်ခိုး အဆိပ်ငွေ့တွေကိုလည်း မှုတ်ထုတ်ပစ်လိုက် ပါသေးတယ်။
" အားလုံး ဘေးဖယ်ကြ "
လီဖူချန်းက အချိန် မဆွဲချင်တော့ပါဘူး။ သူက ရှေးဟောင်း သွေးနီဓားကို ဆွဲထုတ်လိုက်ပြီး စပါးအုံးမြွေကြီးရဲ့ အရှေ့ကို ခုန်ဝင်သွားပါတော့တယ်။
ရွှမ်း ...
ပူပြင်းပြီးတောက်ပလှတဲ့ အစိမ်းရောင် ဓားအလင်းတန်းတစ်ခု ထွက်ပေါ်လာပြီးတဲ့ နောက်မှာတော့ အရာဝတ္ထု တစ်ခုဟာ မြေပြင်ပေါ်ကို ဘုတ်ခနဲ ပြုတ်ကျလာခဲ့ပါပြီ။ အဲဒါကတော့ အဆိပ်နုန်းမြေ စပါးအုံးမြွေကြီးရဲ့ ဦးခေါင်းပါပဲ။
လီဖူချန်းရဲ့ ဓားသိုင်းနဲ့ဆိုရင် သူဟာ ပြန်လည် ဝင်စားခြင်းနယ်ပယ် အဆင့်၉က သူတွေကိုတောင် ယှဉ်နိုင်စွမ်း ရှိနေပါပြီ။ ပြီးတော့ မီးလျှံစွမ်းအား တွေကလည်း အလကား မဟုတ်ပါဘူး။ ဒါက အနီးကပ် တိုက်ခိုက်တာ ဖြစ်တဲ့အတွက် သူ့ရဲ့ ဆင်နဂါးစွမ်းအားတွေကိုလည်း ထပ်ပေါင်း နိုင်ပါသေးတယ်။ အဲသည်အတွက် လီဖူချန်းအနေနဲ့ အဆိပ်နုန်းမြေ စပါးအုံးမြေရဲ့ ဦးခေါင်းကို ဖြတ်နိုင်တာ သိပ်ပြီး မထူးဆန်းလှပါဘူး။
" ဓားချက် တစ်ချက်တည်းနဲ့ သတ်ပစ်လိုက်တာလား "
တုချင်းက ခပ်တိုးတိုး ရေရွတ်လိုက်ပါတယ်။ ရုတ်တရက် ဆိုသလို သူ့အတွက် အသက်ရှူရတာဟာ မွန်းကျပ် လာသလိုပါပဲ။
လျံတိုင်ယုရဲ့ မျက်နှာကလည်း မကောင်းတော့ပါဘူူး။ သူက လီဖူချန်းကို အထင်သေးစွာ ဆက်ဆံခဲ့မိတာ မဟုတ်ပါလား။
အန်ရှင်းမိန်ကတော့ နဂို အမူအရာ အတိုင်းပါပဲ။ သူ့အတွက်ကတော့ သည်ကိစ္စနဲ့ ပက်သက်ပြီး ဘာမှ အံ့သြစရာ မရှိပါဘူး။ လီဖူချန်းက ဓားသမားတစ်ယောက်ပါ။ ဒါပေမဲ့ သူက ရှောင်ခွန်းကိုတောင် လက်သီးနဲ့ အနိုင်ယူပြခဲ့ပြီးပါပြီ။ ဓားသမား တစ်ယောက်ပါလို့ ဝန်ခံထားတဲ့ လီဖူချန်းရဲ့ ဓားသိုင်းဟာ လက်သီးသိုင်း ထက်တော့ အများကြီး အစွမ်းထက်မှာ အသေအချာပါပဲ။
" သည်ကောင်က ဒါကြောင့်မို့ မောက်မာလွန်းနေတာကိုး "
ကျိုးဟန်ရဲ့ မျက်လုံးအစုံကတော့ ကျဉ်းမြောင်းသွားခဲ့ပါပြီ။
သူ့အနေနဲ့ ဓားတစ်ချက်တည်းနဲ့ သည်လိုရလဒ်မျိုး ထွက်ပေါ်အောင် လုပ်ဆောင်နိုင်ပါတယ်။ ဒါပေမဲ့ လီဖူချန်းလို အနီးကပ် တ်ုက်ခိုက်ပြီးတော့ မဟုတ်ပါဘူး။ ကျိုးဟန်က သူ့ရဲ့ ဓားချီတွေနဲ့ အဝေးကနေပဲ တိုက်ခိုက်မှသာ သည်လိုရလဒ်မျိုးကို ဆောင်ကြဉ်း နိုင်မှာပါ။
အဆိပ်နုန်းမြေ မြွေကြီးရဲ့ ဦးခေါင်းဟာ ဖြတ်ခံလိုက်ရတာတောင်မှ သူ့ရဲ့ ခန္ဓာကိုယ်နဲ့ အမြီးဟာ အချိန်အတော်ကြာ တွန့်လိမ်နေဆဲပါပဲ။
သူ့ရဲ့ အသိစိတ်အာရုံကို ထုတ်ပြီး လေ့လာဆန်းစစ်လိုက်တဲ့ အခါမှာတော့ လီဖူချန်းဟာ တစ်စုံတစ်ခုကို သတိပြုမိ သွားခဲ့ပါပြီ။
" မိစ္ဆာအမြုတေ "
ရွှမ်း ...
လီဖူချန်းက သူ့ရဲ့ ဓားနဲ့ စပါးအုံးမြွေကြီးရဲ့ ခန္ဓာကိုယ် တစ်နေရာကို လှီးဖြတ်လိုက်ပြီး အထဲကနေ လက်သီးဆုပ်လောက် ရှိတဲ့ မိစ္ဆာအမြုတေကို ဆွဲထုတ် ယူလိုက်ပါတယ်။
သည်အမြုတေမှာတော့ သွေးတွေ စွန်းထွက်နေခြင်း မရှိပါဘူး။ ဒါက ကျောက်သလင်းတုံး တစ်ခုအလား သန့်စင်နေပါတယ်။
အဆင့်၅ အထွတ်အထိပ် အဆင့် မိစ္ဆာအမြုတေ ...
ဒါကြီးက အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၇၀၀ ၊ ၈၀၀ နီးပါး တန်တဲ့ အရာတစ်ခုပါ။ ဒါပေမဲ့ လီဖူချန်းက သည်အမြုတေကို မောင်ပိုင် မစီးခဲ့ပါဘူး။
သူက အဆိပ်နုန်းမြေ စပါးအုံးမြွေကြီးကို သတ်ခဲ့သူ ဖြစ်ပေမယ့်လည်း အန်ရှင်းမိန်၊ လျံတိုင်ယုနဲ့ တုချင်းတို့ကလည်း အတတ်နိုင်ဆုံး ကြိုးစားခဲ့တာပါပဲ။ လီဖူချန်းအနေနဲ့ သည်အမြုတေကို အပိုင်စီး လိုက်မယ်ဆိုရင် တခြားလူတွေအတွက် မတရားရာ ကျသွားပါလိမ့်မယ်။ အဲသည်အတွက် သူက သည်အမြုတေရဲ့ တန်ဖိုးတစ်ဝက်ကိုသာ ယူဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အန်ရှင်းမိန်တို့ကလည်း သည်ဆုံးဖြတ်ချက်ကို မငြိုငြင်ကြပါဘူး။
ဘယ်လိုပဲ ဖြစ်ဖြစ်ပါလေ။ ဒါက လီဖူချန်းသတ်ခဲ့တဲ့ မိစ္ဆာသားရဲကြီးပင် မဟုတ်ပါလား။
" အဆင့်၅ အထွတ်အထိပ် အဆင့် အမြုတေ။ ငါတို့ကတော့ တကယ် ကံကောင်းတာပဲ "
အန်ရှင်းမိန်က ချစ်စဖွယ် ပြုံးပြီး ပြောလိုက်ပါတယ်။
သည်ခရီးတစ်လျှောက်မှာ သူတို့အနေနဲ့ မိစ္ဆာအမြုတေ တော်တော်များများ ရခဲ့ပေမယ့်လည်း အဆင့်၅ အထွတ်အထိပ် အဆင့် မိစ္ဆာအမြုတေကို မရခဲ့ပါဘူး။ အဆင့်၅ အထွတ်အထိပ်အဆင့် မိစ္ဆာအမြုတေကို အသာထားပါဦး။ သူတို့က အဆင့်၅ အဆင့်မြင့် မိစ္ဆာအမြုတေကိုတောင် မရခဲ့ပါဘူး။
ထို့နောက်မှာတော့ လီဖူချန်းက အဆိပ်နုန်းမြေ စပါးအုံးမြွေကြီးရဲ့ သွေးအဆီအနှစ်ကို ထုတ်ယူဖို့ ပြင်ဆင် လိုက်ပါတယ်။
သည်ခရီးမှာဆိုရင် သူဟာ အဆင့်၅ မိစ္ဆာသားရဲ သွေးအဆီအနှစ် ၂၀၀နီးပါးကိုတောင် ထုတ်ယူ ပြီးခဲ့ပါပြီ။
*****
နောက်ထပ် ရက်တွေမှာတော့ သူတို့ဟာ မိစ္ဆာသားရဲတွေနဲ့ မကြုံရတော့ပါဘူး။ ဒါပေမဲ့ သူတို့ ၅ယောက်ဟာ လူအရိုးစုတွေ အများကြီး ရှိနေတဲ့ နေရာတွေနဲ့ မကြာခဏ ကြုံခဲ့ရပါတယ်။ အချို့ အရိုးစုတွေကတော့ မိစ္ဆာသားရဲတွေရဲ့ သတ်ဖြတ်မှုကို ခံထားရတာ ဖြစ်ပြီး အချို့အရိုးစုတွေကတော့ လူအချင်းချင်း သတ်ဖြတ်မှုကို ခံထားရတာ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တချို့အရိုးစုတွေရဲ့ ခန္ဓာကိုယ်ပေါ်မှာ ဓားဒဏ်ရာတွေ ၊ လံှချက်တွေနဲ့ ပုဆိန်ရာတွေ ရှိနေလို့ပါပဲ။
" သတိထားကြ ... ငါတို့ကို အလစ် လုပ်ကြံမဲ့သူတွေ ရှိတယ် ".
တောင်ကြားဒေသ တစ်ခုကို ဖြတ်နေစဉ်မှာတော့ လီဖူချန်းဟာ အန္တရာယ်ရနံ့ကို ခံစားလိုက်ရတဲ့ အတွက် ကျန်တဲ့ လေးယောက်ကို သတိပေးလိုက်ပါတယ်။
ရွှီး ... ရွှီး ... ရွှီး ...
လီဖူချန်းရဲ့ သတိပေးမှုက အချိန်မီလေးပါပဲ။
သူ့ရဲ့ စကားသံ ဆံုံးသွားပြီး မရှေးမနှောင်းမှာပဲ လှံရှည်ကြီးတွေဟာ လျှပ်ပြက်သလို အလျင်ဖြင့် သူတို့ဆီကို တိုးဝင်လာခဲ့ပါပြီ။
ထန် ... ထန် ... ထန် ...
လီဖူချန်းက လှံရှည်ငါးစင်းကို ရိုက်ထုတ်လိုက်နိုင်သလို အန်ရှင်းမိန်းကလည်း လှံရှည်သုံးစင်းကို ပိုင်းဖြတ် ပစ်လိုက် နိုင်ပါတယ်။
သူတို့ထဲမှာ အစွမ်းအထက်ဆုံးကတော့ ကျိုးဟန်ပါပဲ။ သူက လက်ဝါးရိုက်ချက် တစ်ချက်တည်းနဲ့တင် လှံရှည် ခုနစ်စင်းကို အေးခဲ စေလိုက်ပါတယ်။
လှံတံတွေ ထွက်ပေါ်လာရာကတော့ တောင်ကြားလမ်းရဲ့ အပေါ်ဘက် ဘေးတစ်ဖက် တစ်ချက်ကပါပဲ။ အပေါ်ကို မော့ကြည့်လိုက်တဲ့ အခါမှာတော့ လူ၂၀ကျော် ရှိနေတာကို သူတို့ငါးယောက် တွေ့လိုက်ရပါတယ်။ သူတို့ထဲက တစ်ယောက်ကမှ မိတ်ဖွဲ့လိုတဲ့ပုံ မရှိပါဘူး။
" ငါတို့တွေတော့ အမှောင်မုဆိုးအုပ်စုနဲ့ တွေ့ပြီ ထင်တာပဲ "
အန်ရှန်းမိန်က အသံတုန်တုန်ယင်ယင်ဖြင့် ပြောလိုက်ပါတယ်။
အမှောင်မုဆိုးအုပ်စု ... ...
အမှောင်မုဆိုးအုပ်စုဆိုတာက မိစ္ဆာသားရဲတွေကော လူတွေကိုပါ အမဲလိုက်တဲ့ လူတွေပါ။ ယေဘုယျအားဖြင့်တော့ သူတို့တွေဟာ တောင်တန်းတွေပေါ်မှာပဲ ကျင်လည် ကျက်စားလေ့ ရှိကြပါတယ်။
ခရမ်းရောင်ကြယ် တောင်တန်းဟာ ခရမ်းရောင်ပန်း နိုင်ငံတော်ရဲ့ အဓိက တောင်တန်းကြီး သုံးခုထဲက တစ်ခုဖြစ်တဲ့အတွက် သည်နေရာမှာ အမှောင်မုဆိုးတွေကို တွေ့ရတာ သိပ်မထူးဆန်းလှပါဘူး။
ရွှီး ... ရွှီး ... ရွှီး ... ရွှီး ... ရွှီး ... ရွှီး ...
လှံရှည်တွေက တောင်ကြားလမ်း အပေါ်ကနေ နောက်ထပ်တစ်ကြိမ် ကျဆင်း လာပြန်ပါပြီ။ သည်တစ်ကြိမ် လှံရှည် အရေအတွက်ကတော့ ပထမ တစ်ကြမ်ကထက်ကို နှစ်ဆကျော် ပိုများပါတယ်။ ဒါက လူတစ်ယောက်ကို လှံရှည် နှစ်ချောင်းစီကိုင်ပြီး ပစ်လွှတ်လိုက်သလိုပါပဲ။
ယား ... ...
လီဖူချန်းက လေထဲကို ခုန်တက်လိုက်ပြီး ထောင်နဲ့ချီတဲ့ ဓားအလင်းတန်းတွေကို ထုတ်ဖော် လိုက်ပါတယ်။
ထန် ... ထန် ... ထန် ...
ဝုန်း ...
တောင်ကြားလမ်း တစ်ခုလုံးကတော့ သိမ့်သိမ့်တုန်ခါ သွားခဲ့ပါပြီ။
အား ... အား ... အား ...
လီဖူချန်းရဲ့ ဓားအလင်းတန်းတွေက လှံရှည် အရေအတွက် တစ်ဝက်လောက်ကို ဖျက်ဆီး ပစ်လိုက်ရုံမက အမှောင်မုဆိုး သုံးယောက်ကိုပါ သတ်ပစ် လိုက်ပါသေးတယ်။
***